← Chapters

သွေးကြွေးပြန်တောင်းခြင်း

Vol. 176 Ch. 2514

သွေးကြွေးပြန်တောင်းခြင်း

Vol. 176 Ch. 2514

အနောက်ပင်လယ်နန်းတော်တွင် ဖြစ်ပွားခဲ့သော သွေးချောင်းစီးမှု သတင်းသည် မူလဘုံတွင် လျင်မြန်စွာ ပျံ့နှံ့သွား၏။ ကောင်းကင်ဒေသ၏ ကုန်းမြေသခင်အိမ်တော် ဆယ့်ရှစ်အိမ်က ထိုသတင်းကို ရှေးဦးစွာ သိရသည်။ ထို့နောက် ထိုသတင်းသည် အခြားအဓိကအင်အားစုကြီးများသို့ ပျံ့နှံ့သွား၏။ ယခုတွင် သူတို့အားလုံးသည် ရီဖူရှင်းက ဗုဒ္ဓလောကသို့သွား၍ ဗုဒ္ဓရောင်ဝါခြေလှမ်းတန်ခိုးကို ကျင့်ကြံခဲ့ကြောင်းနှင့် အနောက်ပင်လယ်နန်းတော်ကို သွေးချောင်းစီးစေခဲ့ကြောင်း သိရှိသွားကြပြီဖြစ်သည်။

တစ်ခဏအတွင်းမှာပင် နှစ်နှစ်ဆယ်ကြာ ပျောက်သွားသည့် ရီဖူရှင်းက မူလဘုံတစ်ခုလုံးတွင် ပြန်ကျော်ကြားလာသည်။

ထို့အပြင် သူပြန်ပေါ်လာမှုသည် မူလဘုံကို လှုပ်ခတ်သွား၏။

မူလဘုံရှိ အနောက်ပင်လယ်ကုန်းမြေမှ ကုန်းမြေသခင်အိမ်‌တော်သည် သွေးချောင်းစီးသွားသည်။ ကုန်းမြေသခင်အိမ်တော်အတွင်းရှိ တန်ခိုးရှင်အများအပြားမှာလည်း မရှုမလှ သေဆုံးသွားကြ၏။

နင်ယွမ်မှာ ထိုသတင်းကို ပထမဆုံး ရခဲ့သော သူဖြစ်သည်။ သူက ထိုသတင်းကိုကြားလိုက်သောအခါ တုန်လှုပ်ရ၏။ ရီဖူရှင်းက ထိုမျှ ကြောက်မက်ဖွယ်ကောင်းနေပြီလော။

အကယ်၍ ယခင်ကသာ ရီဖူရှင်းတွင် ပူပန်စရာတချို့ မရှိခဲ့လျှင် သူသည် တုန်းဟွာနန်းတော်ကို သေချာပေါက် သွေးချောင်းစီအောင် လုပ်ပြီးလောက်ပြီ။ ကုန်းမြေသခင်ရှီဟိုင်ပင် သူ့ကို အနိုင်မယူနိုင်ရာ နင်ယွင်က မည်သို့ တားနိုင်မည်နည်း။

သူသည် ကူကယ်ရာမဲ့သော ခံစားချက်ကို ရ၏။ သူ့တွင် လက်စားချေရန် မျှော်လင့်ချက်ပင် မရှိတော့သည့် အခြေအနေ ဖြစ်သည်။

သူသာ ရီဖူရှင်း၏လူတစ်ယောက်ကို ထိမိလျှင် တုန်းဟွာနန်းတော်တစ်ခုလုံး ပျက်စီးသွားနိုင်၏။

ထိုသက်ရောက်မှုသည် ရီဖူရှင်းလိုချင်ခဲ့သော သက်ရောက်မှုပင် ဖြစ်သည်။ တုန်းဟွာနန်းတော်တွင် ဖြစ်ခဲ့သည့်ကိစ္စကြောင့် ထိပ်သီးများသည် အားနည်းသူများ၏ သေခြင်း၊ ရှင်ခြင်းကို ဂရုမစိုက်ကြောင်း ရီဖူရှင်း သဘောပေါက်ခဲ့သည်။ နောင်တွင် စီဝေ့ကြယ်ကောင်းကင်မှ လူများ အပြင်လောကသို့ လွတ်လွတ်လပ်လပ်သွားလာနိုင်စေရန် အနောက်ပင်လယ်ကုန်းမြေ၏ ကုန်းမြေသခင်အိမ်တော်ကို အားလုံးအတွက် ဥပမာအနေဖြင့် ဖျက်ဆီးပြရမည်ဖြစ်သည်။

ထိုအရာသည် စီဝေ့ကြယ်ကောင်းကင်မှ လူများကို မထိရန် အခြားသူများကို သတိပေးလိုက်ခြင်းဖြစ်သည်။

ကြီးမားသောအင်အားသည်သာ အကောင်းဆုံးနှင့် တစ်ခုတည်းသော အဟန့်အတားဖြစ်သည်။

ရီဖူရှင်းက မော့ယွင်ကျီး၏မျက်ဝန်းများထဲမှ တိုးလျှိုးသည့်အကြည့်များကို ပြန်တွေးမိသွား၏။ သူ့ရင်ထဲတွင် စူးကနဲ နာကျင်သွား၏။ အကယ်၍ သူသာ ထိုအချိန်တွင် အနည်းငယ်နှေးကွေးစွာ လှုပ်ရှားခဲ့ပါက သေဆုံးသွားသူမှာ မော့ယွင်ကျီးသာ ဖြစ်မည်မဟုတ်ပေ။ လီချန်ရှန်းနှင့် အခြားသူများလည်း သေဆုံးသွားမည်ဖြစ်သည်။ ထိုအချိန်က ကုန်းမြေသခင်ရှီဟိုင်သည် သူတို့၏အသတ်များကို အလေးမထားကြောင်း သူသိ၏။ ထိုဧရာမလက်ဖဝါးကြီးသာ အခြားသူများကို ဖမ်းဆုပ်မိသွားလျှင် သူတို့သည်လည်း ဖျစ်ညှစ်သတ်ခြင်းကို ခံလိုက်ရမည်ဖြစ်သည်။

ထို့ကြောင့် သူသည် ထိုကဲ့သို့ကိစ္စမျိုး ထပ်ဖြစ်လာရန် ခွင့်ပြု၍မရပေ။ ထို့အပြင် ထိုသွေးကြွေးကို သူကျေနပ်သည်အထိ ပြန်မတောင်းရသေးပေ။ သူက ကုန်းမြေသခင်ရှီဟိုင်ကို ပြောခဲ့သလိုပင် အရာအားလုံးက အစသာ ရှိသေးသည်။

သို့သော် လောလောဆယ်တွင် စီဝေ့ကြယ်ကောင်းကင်ကိုမူ အချိန်အတိုင်းအတာတစ်ခုအထိ ချိပ်ပြန်ဖွင့်၍မရသေးပေ။

***

ကောင်းကင်ဒေသ၏ အနောက်ဘက်တွင် အနောက်ပင်လယ်ဟု ခေါ်တွင်သည့် အဆုံးမဲ့ပင်လယ်တစ်စင်းရှိ၏။

အနောက်ပင်လယ်ထဲတွင် အရွယ်အစားစုံသော ကျွန်းများ မရေမတွက်နိုင်အောင် ရှိ၏။ အချို့ကျွန်းများသည် တောင်ကုန်းတစ်ခုကဲ့သို့သေးငယ်ပြီး ကြီးမားသောကျွန်းကြီးများသည်လည်း တိုက်ကြီးတစ်တိုက်နီးပါး ကြီးမား၏။

ထိုပင်လယ်နှင့် ၎င်း၏အဆုံးမဲ့သော ကျွန်းများမှာ ကောင်းကင်ဒေသ၏ကုန်းမြေဆယ့်ရှစ်ခုထဲမှ အနောက်ပင်လယ်ကုန်းမြေဖြစ်သည်။

အနောက်ပင်လယ်ကုန်းမြေမှ အကြီးဆုံးကျွန်းကြီးနှစ်ကျွန်းသည် ကျွန်းဟုခေါ်သော်လည်း ပင်လယ်အတွင်းရှိ ကျယ်ပြောကာ အကန့်အသတ်မဲ့သော တိုက်ကြီးများဖြစ်၏။

ထိုကျွန်းကြီးနှစ်ကျွန်းကို ထန်ဟွမ်နှင့် ယင်ကျိုးဟု ခေါ်ကြသည်။

ထန်ဟွမ်ကျွန်းသည် အနောက်အင်ပါယာနန်းတော်၏ ကျင့်ကြံခြင်းနေရာဖြစ်ပြီး ရှည်လျားသောသမိုင်းကြောင်း ရှိ၏။ ထန်ဟွမ်ကျွန်းပတ်ပတ်လည်တွင် အရွယ်အစားစုံသော ကျွန်းစွယ်‌ပေါင်းများစွာ ရှိ၏။ ထိုကျွန်းကြီးသည် ယ‌နေ့ခေတ်အထိ မယုံနိုင်လောက်အောင် စည်ပင်ဝပြောနေဆဲဖြစ်သည်။ ထန်ဟွမ်ကျွန်းနှင့် နီးလာလေလေ ပို၍ စည်ပင်ဝပြောလာလေလေပင်။

ထိုကျွန်း၏ အခြားတစ်ဖက်တွင် ယင်ကျိုးကျွန်း ရှိ၏။ ထိုကျွန်းသည် အနောက်ပင်လယ်ကုန်းမြေ၏ ကုန်းမြေသခင်အိမ်တော်တည်ရှိသော ကျွန်းဖြစ်သည်။ ၎င်းပတ်ပတ်လည်တွင်လည်း ကျွန်းစွယ်ပေါင်းများစွာ ရှိပေသည်။ ထိုကျွန်းသည် အနောက်ပင်လယ်ကုန်းမြေတွင် ဒုတိယအကြီးဆုံးကျွန်းဖြစ်ပြီး ရှည်လျားသောသမိုင်းကြောင်းရှိသည်။

ထို့အပြင် အဆုံးမဲ့သော အနောက်ပင်လယ်ကုန်းမြေတွင် နတ်ကျွန်းများကဲ့သို့ မှော်ဆန်သောနေရာများစွာ ရှိ၏။ ထိုကျွန်းများကို အသွားအလာနည်းပြီး ကျွန်းပေါ်တွင် နေထိုင်သူလည်း မရှိရာ ၎င်းတို့၏ဆန်းကြယ်မှုကို ပို၍ နက်နဲစေ၏။

ယင်ကျိုးကျွန်းသည် ကျွန်းဟုဆိုသော်လည်း အမှန်တွင် အကန့်အသတ်မဲ့ ကျယ်ပြောသော ပင်လယ်အတွင်းမှ တိုက်ကြီးတစ်တိုက်ဖြစ်သည်။

အနောက်ပင်လယ်ကုန်းမြေ၏ ကုန်းမြေသခင်အိမ်တော်သည် ယင်ကျိုးကျွန်း အလယ်တွင် တည်ရှိသည်မဟုတ်ပေ။ အနောက်ပင်လယ်ကုန်းမြေ၏ ကုန်းမြေသခင်အိမ်‌တော်သည် ယင်ကျိုးမြို့တွင် တည်ရှိခြင်းဖြစ်ပြီး ယင်ကျိုးမြို့သည် ပင်လယ်ကမ်းစပ်အနီးတွင် တည်ရှိသော ရှေးကျကာ ခမ်းနားထည်ဝါသည့် မြို့ကြီးဖြစ်၏။

ယင်ကျိုးမြို့အနီးရှိ ကမ်းရိုးတန်းဒေသတွင် သင်္ဘောများစွာ ဝင်ထွက်သွားလာကြသည်။ ထိုသင်္ဘောအားလုံးသည် ထူးကဲပြီး ကရိယာတန်ဆာများ စုံလင်၏။ ၎င်းတို့သည် ကြောက်မက်ဖွယ်အရှိန်ဖြင့် မောင်းနှင်နေကြပြီး ပင်လယ်ပြင်ကို ဖြတ်သန်းနေကြသည်။ ကောင်းကင်ပေါ်တွင် သွားလာနေသော တန်ခိုးရှင်များလည်း ရှိပေသည်။ ပင်လယ်အနီး၌ ယင်ကျိုးမြို့ထဲမှ မော့ကြည့်လိုက်လျှင် ကောင်းကင်ထက်တွင် သွားလာနေသော အဆုံးမရှိသည့် တန်ခိုးရှင်တန်းကြီးကို အမြဲမြင်နိုင်၏။

ထိုအချိန်တွင် အဝေးရှိ ပင်လယ်ပြင်တွင် လှေကလေးတစ်စင်း ရှိနေ၏။ ထိုအထီးကျန်လှေကလေးသည် လွန်စွာရိုးရှင်းပြီး လှေ‌‌‌ပေါ်တွင် လူငယ်တစ်ဦး ရပ်နေ၏။ ထိုလူငယ်သည် လွန်စွာခံ့ညားပြီး အပေါ်အောက် အဖြူဝတ်စုံကို ဝတ်ဆင်ထားသည်။ သူသည် ကောင်းကင်ထက်မှ ကျဆင်းလာသော နှင်းပွင့်အလား သန့်စင်၏။ သူ၏ ရှည်လျားသော ငွေဖြူရောင်ဆံပင်များသည် သူ့ပခုံးထက်တွင် လျော့တိလျော့ရဲ ကျနေ၏။ သူ့ထံတွင် ဖော်ပြ၍မရနိုင်သော ဆွဲဆောင်မှုရှိ၏။ အနီးမှဖြတ်သွားသည့် အမျိုးသမီးတန်ခိုးရှင်များပင် သူ့ကို ကွက်ကြည့်၊ ကွက်ကြည့်လုပ်သွားကြ၏။

ထိုလှေကလေးပေါ်မှ လူငယ်သည် ရီဖူရှင်းပင်ဖြစ်သည်။ သူသည် မူလဘုံမှနေ၍ အနောက်ပင်လယ်ကုန်းမြေရှိ ကုန်းမြေသခင်ရှီဟိုင်၏ နေရပ်ဖြစ်သော ယင်ကျိုးမြို့ကို လာခဲ့ခြင်းပင်။

လှေကလေးသည် ကမ်းစပ်သို့ နိမ့်တုံမြင့်တုံဖြင့် သွားနေသည်။ လှေကလေးသည် အသာအယာသွားနေသည်ဟု ထင်ရသော်လည်း မကြာခင်မှာပင် ကမ်းသို့ရောက်သွား၏။ လူအချို့သည် ရီဖူရှင်းကို ကြည့်နေကြ၏။ ရီဖူရှင်းက ကမ်းပေါ်သို့ ခြေချလိုက်သည်နှင့် အရှိန်အဝါတစ်ခုပင် မကျန်ခဲ့ပဲ ထိုနေရာမှ ပျောက်ကွယ်သွား၏။

သူသည် ထိုကဲ့သို့ ထူးကဲသောဟန်ပန်ရှိသည်မှာ အံ့ဩဖွယ်မဟုတ်တော့ပေ။ သူ၏အင်အားသည် ပြိုင်ဘက်ကင်းပုံပေါ်၏။ တစ်စုံတစ်ယောက်သည် ထိုအကြောင်းကို များစွာတွေးမနေတော့ဘဲ အထက်ပါအတိုင်း ချီးမွမ်းလိုက်သည်။ သူတို့က လုပ်လက်စ အလုပ်များကို ဆက်လုပ်လိုက်ကြသည်။

ရီဖူရှင်းက ယင်ကျိုးမြို့အတွင်းသို့ ဝင်ပြီးနောက်တွင် အခြားကိစ္စများကို ဂရုမထားဘဲ သတင်းအချက်အလက်များ စတင်စုဆောင်းလိုက်သည်။ ရန်သူနှင့် ရင်ဆိုင်နိုင်ရန် သူသည် ရှေးဦးစွာ ရန်သူအကြောင်းကို နားလည်ထားရန် လိုပေသည်။

ဤနေရာသည် မူလဘုံမှ အနောက်ပင်လယ်နန်းတော်မဟုတ်ပေ။ ထို့အပြင် အနောက်ပင်လယ်ကုန်းမြေ၏ ကုန်းမြေသခင်အိမ်တော်သည် ဖောက်ဝင်ရန်လွယ်သော နေရာတစ်ခုလည်း မဟုတ်ချေ။ မူလဘုံမှ ကုန်းမြေသခင်ရှီဟိုင်သည် ပြင်ပကိုယ်ပွားတစ်ခုသာဖြစ်ကြောင်း သူသိ၏။ ထို့ကြောင့် သူသည် ကုန်းမြေသခင်ရှီဟိုင်ကို အလွယ်တကူ နောက်ကောက်ချနိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဤယင်ကျိုးမြို့ထဲတွင်မူ သူတွေ့ကြုံရမည့် ကုန်းမြေသခင်ရှီဟိုင်သည် ပို၍စွမ်းအားကြီးပေလိမ့်မည်။

ကုန်းမြေသခင်ရှီဟိုင်ကိုယ်တိုင်ပင် ဖြစ်စေကာမူ ရီဖူရှင်းက ထိုကိစ္စကို များစွာဂရုမစိုက်ပေ။ သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်နှင့် ဗုဒ္ဓရောင်ဝါခြေလှမ်းကို ပေါင်းစပ်လိုက်လျှင် သူတော်စင်ကျန်းချန်သည်ပင် သူ့နောက်သို့ မီအောင်မလိုက်နိုင်ခဲ့ပေ။ ကုန်းမြေသခင်ရှီဟိုင်သည် စွမ်းအားကြီးနိုင်သော်လည်း သူ၏ကျင့်ကြံခြင်းအဆင့်သည် သူတော်စင်ကျန်းချန်လောက် မမြင့်နိုင်ပေ။

ယင်ကျိုးသေရည်ဆိုင်သည် ယင်ကျိုးမြို့ထဲရှိ အကြီးဆုံးသေရည်ဆိုင်ဖြစ်သည်။ ထိုဆိုင်သည် ကုန်းမြေသခင်အိမ်တော်က ပိုင်ဆိုင်သော ဆိုင်ဖြစ်ပြီး ထိုဆိုင်ကို ကုန်းမြေသခင်အိမ်တော်မှ မျိုးဆက်တစ်ဦးက ကြီးကြပ်စီမံ၏။

ယင်ကျိုးသေရည်ဆိုင်သည် ကုန်းမြေသခင်အိမ်တော်၏ဆိုင်ဖြစ်သဖြင့် အနောက်ပင်လယ်ကုန်းမြေမှ ဩဇာအာဏာရှိသော သူများသည် ထိုနေရာတွင် စုဝေးလေ့ရှိကြသည်။

ထိုအချိန်တွင် ယင်ကျိုးသေရည်ဆိုင်အပေါ်ရှိ အခန်းလွတ်တွင်  တန်ခိုးရှင်တစ်စုသည် ကျင့်ကြံခြင်းအကြောင်း ဆွေးနွေးနေကြသည်။ သူတို့သည် အဝေးမှ တန်ခိုးရှင်များကိုလည်း ထိုနေရာတွင် စုဝေးရန် ဆွဲဆောင်နိုင်၏။ မော့ကြည့်လိုက်လျှင် ထိုဆွေးနွေးပွဲကို ဦးဆောင်နေသူမှာ ထူးခြားသူတစ်ဦးဖြစ်ကြောင်း သိနိုင်၏။

စားပွဲထိပ်တွင် ထိုင်နေသူမှာ ချင်လောဟု ခေါ်သူဖြစ်သည်။ သူသည် ကုန်းမြေသခင်အိမ်တော်၏ အဓိကမျိုးနွယ်မှဖြစ်သည်။ ကုန်းမြေသခင်ရှီဟိုင်သည် ချင်ကလန်မှဖြစ်ပြီး အနောက်ပင်လယ်ကုန်းမြေတွင် ခြေကုပ်ယူကာ သူ၏မျိုးနွယ်ကို အင်အားကြီးအောင် နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့သည်။

ချင်လော၏ကျင့်ကြံခြင်းပါရမီသည် လွန်စွာအားကောင်း၏။ ထို့ကြောင့်ပင် သူသည် ကုန်းမြေသခင်ရှီဟိုင်က များစွာတန်ဖိုးထားသော မျိုးဆက်သစ်တစ်ဦးလည်းဖြစ်သည်။ သူ ကျင့်ကြံနေသည်မှာ နှစ်တစ်ရာကျော်ကြာပြီဖြစ်ပြီး ယခုတွင် ရန်ဟောင်အဆင့်ကိုးသို့ ရောက်ရှိနေပြီဖြစ်သည်။ သူ့တိုက်ခိုက်ရေးစွမ်းရည်သည် ထူးကဲပြီး သူသည် ယင်ကျိုးမြို့ထဲတွင် လွန်စွာကျော်ကြားသူတစ်ဦးဖြစ်သည်။

သူသည် ငယ်ရွယ်စဉ်ကပင် “ယင်ကျိုး၏စစ်နတ်ဘုရား” ဟု ကျော်ကြားခဲ့သည်။ ယခုတွင် သူသည် ကပ်ဘေးအဆင့်သို့ ရောက်လုနီးပြီဖြစ်သည်။ ယနေ့ ဤနေရာသို့လာခဲ့သူများသည်လည်း နာမည်ရှိသူများဖြစ်ကြသဖြင့် ချင်လောသည် ထိုသူများကို သူကိုယ်တိုင် ဦးဆောင်ဆွေးနွေးနေခြင်းဖြစ်သည်။

“မင်းတို့ မူလဘုံကသတင်းတွေကို ကြားပြီးပြီလား”

အဘိုးအိုတစ်ဦးကပြောသည်။  လူအားလုံးက ခေါင်းညိတ်ပြလိုက်ကြသည်။

“ရီဖူရှင်းက ဗုဒ္ဓတန်ခိုးတော်ကို ကျင့်ကြံခဲ့တယ်လို့ ကျုပ်ကြားတယ်... ကုန်းမြေသခင်ရဲ့ ပြင်ပကိုယ်ပွားကတောင် သူ့ကို ခြေရာခံဖို့ ခက်ခဲတယ်လို့ ပြောတယ်။ မူလဘုံက ကုန်းမြေသခင်အိမ်တော် ပျက်စီးသွားတာ ရီဖူရှင်းရဲ့ အလစ်ဝင်တိုက်မှုကြောင့်ပဲ”

တန်ခိုးရှင်တစ်ယောက်က ပြောသည်။

“အလစ်ဝင်တိုက်တာလား”

တစ်ယောက်က လှောင်လိုက်ပြီး ပြောသည်။

“ဒီရီဖူရှင်းက အဆင့်ကိုးကို ရောက်နေပြီလို့ပြောတယ်။ အခု သူက ပြိုင်ဘက်ကင်းရန်ဟောင်တစ်ယောက် ဖြစ်နေပြီလို့ တချို့ကပြောကြတယ်။ နင်ဟွာက သူ့ပြိုင်ဘက်မဟုတ်ဘူး”

“ပြိုင်ဘက်ကင်းရန်ဟောင် ဟုတ်လား... တော်တော်ဝင့်ဝါတာပဲ”

သုံးမြှောင့်ကွက် ရှစ်ကွက်ပါသည့် ဝတ်ရုံကိုဝတ်ဆင်ထားသည့် အသက်လတ်ပိုင်းအမျိုးသားတစ်ဦးက ရွဲ့တဲ့တဲ့ပြောသည်။

“ဒီကျယ်ပြောတဲ့ လောကကြီးထဲမှာ ကျော်ကြားတဲ့သူတွေ ဘယ်နှစ်ယောက်တောင် ရှိလိုက်သလဲ။ အနောက်ပင်လယ်ကုန်းမြေမှာတင် တိုက်ရည်ခိုက်ရည်ကောင်းတဲ့ ဉာဏ်ကောင်းတဲ့ ပါရမီရှင်တွေ အများကြီးရှိတယ်။ တခြားသူတွေကို ထည့်မတွက်သေးနဲ့ဦး... ချင်လောကိုပဲကြည့်... သူက ပြိုင်ဘက်အားလုံးကို အနိုင်ယူခဲ့ပြီးတော့ နှစ်ပေါင်းများစွာကျင့်ကြံခဲ့တာ အခု ရန်ဟောင်အထွတ်အထိပ်အဆင့်ကို ရောက်နေပြီ။ သူသာ ရီဖူရှင်းနဲ့ တွေ့ခဲ့ရင် အဲကောင် ဒီလောက် မောက်မာနိုင်မှာလား”

“ဟုတ်တယ်... ရီဖူရှင်းသာ ကျုပ်တို့ ယင်ကျိုးစစ်နတ်ဘုရားနဲ့ တွေ့တဲ့အချိန်မှာ ထွက်မပြေးဘူးဆိုရင် သူသေချာပေါက် အဖမ်းခံရမှာပဲ”

အခြားတစ်ယောက်က မျက်နှာလိုမျက်နှာရလုပ်ရန် ပြောသည်။  တုန်းဟွာကုန်းမြေ၏ လက်ထောက်သခင် နင်ဟွာနှင့် ရှန်းချင်ကုန်းမြေ၏ လက်ထောက်သခင် ကျောက်မုဟွမ်တို့ထဲတွင် မည်သူက အားနည်းသနည်း။

“ဒီရီဖူရှင်းက ကျောက်မုဟွမ်ကို အလွယ်တကူအနိုင်ယူလိုက်ပြီးတော့ တခြား ရန်ဟောင်အဆင့်ကိုးတန်ခိုးရှင်တွေကို သတ်ပစ်ခဲ့တာ။ သူ့ရဲ့ အင်အားက တော်တော်လေးအံ့ဩစရာကောင်းမှာပဲ။ ဒါပေမဲ့ သူက ရက်စက်တဲ့စရိုက်ရှိပြီး သွေးဆာနေတဲ့သူပဲ... ပြီးတော့ သူက ကျုပ်တို့ ကုန်းမြေသခင်အိမ်တော်က လူတွေအများကြီးကို သတ်ပစ်ခဲ့တယ်။ ကျုပ်သာ သူ့ကိုတွေ့ရင် သူ ဘယ်‌လောက်ပဲအင်အားကြီးပါစေ နှိမ်နှင်းရမှာပဲ”

ချင်လောသည် ထိုကိစ္စမှာ လုပ်ရန် လွယ်သည့်ကိစ္စတစ်ခုအလား ပေါ့ပေါ့ပါးပါးပြောသည်။

“သူက ထွက်ပြေးတဲ့ပညာမှာ ပြိုင်ဘက်ကင်းဆိုတော့ သေချာပေါက် ထွက်ပြေးမှာပဲ။ ကုန်းမြေသခင်တောင် သူ့ကိုဖမ်းဖို့ ခက်ခဲတယ်”

အခြားတစ်ဦးက ပြောလိုက်၏။

“အင်း... ဒါပေမဲ့ အဲဒါက ကုန်းမြေသခင်ရဲ့ ပြင်ပကိုယ်ပွားမို့ပါ။ သူသာ ယင်ကျိုးကို လာရဲရင် သူသေချာပေါက် သေရမှာပဲ”

ချင်လောက တည်ငြိမ်စွာ ပြောသည်။  သူ့ဘေးမှ လူအားလုံးသည် လက်ခံကြောင်း ခေါင်းညိတ်လိုက်ကြသည်။

သူတို့ပြောနေစဉ်မှာပင် သေရည်ဆိုင်ထဲတွင် ရုတ်တရက် လူတစ်ယောက်‌ ပေါ်လာသည်။ ထိုလူသည် တစ်ကိုယ်လုံး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ငွေဖြူရောင်ဆံပင်ရှိကာ ချောမောခံ့ညားပေသည်။ သူ၏ရုတ်တရက်ပေါ်လာမှုသည် လူအများအပြားကို မှင်တက်သွားစေသည်။

ထိုလူသည် အရှိန်အဝါလှုပ်ခတ်မှု အနည်းငယ်မျှ မဖြစ်စေဘဲ ပေါ်လာခြင်းဖြစ်သည်။ သူသည် လေထဲတွင် ဖြတ်ကနဲ ပေါ်လာသကဲ့သို့ပင်။

သူ၏ဟန်ပန်အရ သူသည် လွန်စွာထူးကဲ၍ ကျင့်ကြံခြင်းအဆင့်မြင့်ရမည်ဟု ခန့်မှန်းနိုင်၏။ မဟုတ်လျှင် သူရောက်ရှိလာသည်ကို သူတို့သိရှိခဲ့မည်ဖြစ်သည်။

မည်သူမှ သူ့ကို လျှော့မတွက်ဝံ့ပေ။ ယခုတွင် ချင်လောသည်လည်း သူ့ကို ကြည့်နေ၏။ သူက သူ၏သေရည်ခွက်ကို ချ၍ မေးလိုက်သည်။

“ကျုပ်က ဒီယင်ကျိုးသေရည်ဆိုင်ရဲ့ကြီးကြပ်သူ ချင်လောပါ။ ခင်ဗျားက ဘယ်သူလဲဆိုတာ မေးလို့ရမလားခင်ဗျာ”

ရီဖူရှင်းက တည်ငြိမ်နက်ရှိုင်းသော မျက်ဝန်းများဖြင့် ချင်လောကို ကြည့်သည်။ သူ ပြန်ဖြေလိုက်၏။

“ကျုပ်လား… ခုနကပဲ ခင်ဗျားသတ်ဖို့ ခြိမ်းခြောက်နေတဲ့သူပဲလေ။ အခု မင်းရှေ့ကို ရောက်နေပြီ။ ကျုပ် သေချာပေါက် ထွက်ပြေးမှာ မဟုတ်ဘူး”

သူ၏အသံလွင့်ပါးသွား၏။ သေရည်ဆိုင်အတွင်းရှိ လူများအားလုံးသည် ရင်ခုန်မြန်သွားကြ၏။

ရီဖူရှင်း...

သူတို့သည် သူ့အကြောင်းကို ပြောနေခဲ့ကြပြီး ချင်လောသည် ရီဖူရှင်းသာ ပေါ်လာပါက အကောင်းဆုံးကြိုးစားကာ သူ့ကိုသတ်ပစ်မည်ဟု ကြေညာခဲ့သည်။ ရီဖူရှင်းသာ ယင်ကျိုးသို့ရောက်လာပါက သူသည် သေလူတစ်ဦးဖြစ်လိမ့်မည်ဟု ကြုံးဝါးခဲ့သည်။

ထို့နောက်တွင် ရီဖူရှင်းက သူတို့ရှေ့တွင် ကိုယ်တိုင်ပေါ်လာကာ တည်တည်ငြိမ်ငြိမ်ရပ်နေ၏။

ချင်လောသည် ချက်ချင်းပင် မျက်နှာထားပြောင်းလဲသွား၏။ သူသည် ရုတ်တရက် သူ့ဘဝ၏အကြီးမားဆုံး ရန်သူတော်ကြီးနှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ပင်။ အစောက သူ၏စကားလုံးများသည် ပေါ့ပေါ့တန်တန်ဖြစ်သော်လည်း ရီဖူရှင်းက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူရင်ထဲကသိပေသည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် မဟာလမ်းစဉ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ထိုနေရာတစ်ခုလုံးကို ကြောက်မက်ဖွယ် မဟာလမ်းစဉ်ရေခဲချိပ်စည်းက ချိပ်ပတ်လိုက်ပြီး စက္ကန့်ပိုင်းအတွင်းမှာပင် သေရည်ဆိုင်ကို ရေခဲအဖြစ်ပြောင်းလဲလိုက်သည်။ ရီဖူရှင်း၏ခန္ဓာကိုယ်သည်လည်း ထိုရေခဲတုံးအတွင်း၌ အေးခဲသွားသကဲ့သို့ပင်။

သို့သော် ရေခဲအတွင်း၌ ရီဖူရှင်းက အနည်းငယ်လှည့်လိုက်ပြီး လက်မြှောက်လိုက်သည်။ သူလျင်မြန်စွာ မလှုပ်ရှားခဲ့ပေ။ သို့သော် သူ၏လှုပ်ရှားမှုသည် လွန်စွာကျင်လည်ချောမွေ့၏။ သူသည် ကောင်းကင်နှင့် မြေကြီးတို့နှင့် တစ်သားတည်းဖြစ်နေသကဲ့သို့ပင်။

သူက လက်ညှိုးထောင်လိုက်ပြီး ချင်လောရှိရာဘက်သို့ ညွှန်ပြလိုက်သည်။

ရေခဲထဲတွင် အလင်းတစ်ခု ပေါ်ထွက်လာပြီး ထိုအလင်းသည် ချင်လော၏မျက်ခုံးနှစ်ခုကြားကို ဖောက်ထွင်းသွား၏။ ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံကို ကြားလိုက်ရသည်။ ချင်လော၏ခန္ဓာကိုယ်သည် ချက်ချင်းပင် အမှုန်အမွှားများဖြစ်သွား၏။

ရေခဲအတွင်း၌ တန်ခိုးရှင်အားလုံးသည် ထိုမြင်ကွင်းကိုကြည့်လျှက် ကြောက်ရွံ့တုန်လှုပ်နေကြသည်။ သူတို့၏မျက်နှာထားများသည် အံ့အားသင့်တုန်လှုပ်သည့် မျက်နှာထားများအဖြစ် ပြောင်းလဲသွား၏။ သူတို့၏နှလုံးသားသည် ရပ်တန့်သွားတော့မတတ် ခံစားနေရသည်။

ရီဖူရှင်းက အမှန်ပင် ထိုမျှ ကြောက်မက်ဖွယ်ကောင်းလေသလော။

ဝုန်း...

ရီဖူရှင်းက သူ၏ခြေထောက်ကို အနည်းငယ်လှည့်လိုက်ရာ ခမ်းနားသော ယင်ကျိုးသေရည်ဆိုင်သည် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွား၏။ တစ်ချိန်တည်းမှာပင် ‌ရေခဲများလည်း ပျောက်ကွယ်သွား၏။

အဝေးမှ လူများသည် ထိုနေရာသို့ လှမ်းကြည့်နေကြ၏။ ရီဖူရှင်းက ထူးကဲထင်ရှားသော တင့်တယ်မှုနှင့် လေထဲတွင် ရပ်နေသည်ကို သူတို့တွေ့လိုက်ရသည်။

သူက နောက်သို့လှည့်လိုက်၏။ သူ့မျက်လုံးများသည် အ‌ဝေးရှိ ကုန်းမြေသခင်အိမ်တော်တည်ရှိရာဘက်သို့ ကြည့်နေသည်။

“ကုန်းမြေသခင်ရှီဟိုင်ကို ပြောလိုက်... ငါ သွေးကြွေးလာ‌တောင်းတာလို့”

ရီဖူရှင်းက ထိုရိုးရှင်းသောသတင်းစကားကို ထားခဲ့ကာ ပျောက်ကွယ်သွား၏။ သူသည် မည်သည့်အခါကမှ ထိုနေရာတွင် မရှိခဲ့သလိုပင်။

သူသည် သွေးကြွေးတောင်းရန် ရောက်လာပေပြီ။

All Chapters