အင်အားကြီးရန်သူနှင့် ရင်ဆိုင်ရခြင်း
Vol. 176 Ch. 2515
ရီဖူရှင်းက ချင်လောကို သတ်ပြီးသွားသောအခါ အနောက်ပင်လယ်ကုန်းမြေရှိ ကုန်းမြေသခင်အိမ်တော်၏ အခြားခံတပ်များကို သွားခဲ့သည်။ သူသည် ထိုနေရာများတွင် ကုန်းမြေသခင်အိမ်တော်နှင့်သက်ဆိုင်သော တန်ခိုးရှင်အမြောက်အမြားကို သတ်ခဲ့သည့်အပြင် သူသတ်ခဲ့သော တန်ခိုးရှင်များမှာ ကုန်းမြေသခင်ရှီဟိုင်၏ မျိုးနွယ်မှ ဖြစ်ကြ၏။
ရီဖူရှင်းက ထိုလူများကိုလုပ်ကြံသတ်ဖြတ်ရန် ဗုဒ္ဓရောင်ဝါခြေလှမ်းကိုသုံး၍ တစ်နေရာမှတစ်နေရာသို့ အချိန်တစ်ခဏအတွင်း သွားရောက်နိုင်၏။ ထို့ကြောင့် ကုန်းမြေသခင်အိမ်တော်သည် စည်းစနစ်တကျပြန်တုံ့ပြန်နိုင်ရန် အချိန်လုံလုံလောက်လောက် မရခဲ့ချေ။
ယင်ကျိုးမြို့ရှိ အနောက်ပင်လယ်ကုန်းမြေသခင်အိမ်တော်ထဲမှ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုသည် အဆုံးမဲ့အာကာပြင်တွင် ပျံ့နှံ့သွား၏။ ထိတ်လန့်ဖွယ် နတ်အာရုံတစ်ခုသည် ယင်ကျိုးတစ်မြို့လုံးကို ဖုံးလွှမ်းသွား၏။ ကုန်းမြေသခင်အိမ်တော်တွင် ကုန်းမြေသခင်ရှီဟိုင်သည် ကောင်းကင်ထက်သို့ ပျံတက်သွား၏။ သူ့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါသည် ကြောက်စရာကောင်းသည်ထက် ပိုပေသည်။
သူသည် ယင်ကျိုးမြို့ထဲတွင် ဖြစ်သော်လည်း သူ၏နတ်အာရုံသည် မြို့အတွင်း၌ဖြစ်ပျက်နေသော ကိစ္စအားလုံးကို မမြင်နိုင်ပေ။ သူက အခန်းအောင်းကျင့်ကြံနေခြင်းဖြစ်ပြီး ကုန်းမြေသခင်အိမ်တော်မှ လူများက လာပြောသောအခါတွင်မှ ရီဖူရှင်း၏လက်စားချေခြင်းများအား ကြားသိရသည်။
ရီဖူရှင်းက မူလဘုံမှနေ၍ အနောက်ပင်လယ်ကုန်းမြေကိုလာကာ သူနေထိုင်ရာ ယင်ကျိုးမြို့သို့ပင် ရောက်လာခဲ့သည်။ ထိုလုပ်ရပ်သည် အဆင်အခြင်ကင်းမဲ့၍ မထင်မှတ်ထားသောလုပ်ရပ်ဖြစ်သည်။
ကုန်းမြေသခင်အိမ်တော်တွင် တန်ခိုးရှင်အများအပြား ပေါ်လာသည်။ သူတို့အားလုံးသည် ကောင်းကင်ထက်သို့ ပျံတက်လိုက်ကြသည်။ ရီဖူရှင်းက သူတို့အတွက် ရောက်ရှိလာပြီဖြစ်ပြီး ကုန်းမြေသခင်အိမ်တော်မှ သူတို့၏ရဲဘော်ရဲဘက်များစွာကို သတ်လိုက်ပြီဖြစ်ကြောင်း သူတို့သတင်းရထားပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် ထိုကြောက်မက်ဖွယ်အရှိန်အဝါ ပေါ်ထွက်လာသောအခါ ရီဖူရှင်းက အနောက်ပင်လယ် ရေမျက်နှာပြင်ပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူ ခေါင်းမော့ကာ အဝေးတစ်နေရာသို့ လှမ်းကြည့်သည်။ သူက အနောက်ပင်လယ်ကုန်းမြေသခင်အိမ်တော် ရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး ကုန်းမြေသခင်ရှီဟိုင်၏နတ်အာရုံကို အာရုံခံမိလိုက်၏။ သူတို့နှစ်ယောက်၏နတ်အာရုံများသည် အဆုံးမဲ့ဟင်းလင်းပြင်ကို ဖြတ်ကာ တစ်ယောက်ကို တစ်ယောက် ကြည့်ရှုနေကြသည်။
အားကောင်းသောအရှိန်အဝါတစ်ခု ဖြတ်သန်းသွားပြီး အနောက်ပင်လယ်တစ်ခုလုံးကို လှိုင်းတံပိုးထန်သွားစေ၏။
ဝုန်း...
ကုန်းမြေသခင်ရှီဟိုင် လှုပ်ရှားလိုက်သည်။ သူက ကုန်းမြေသခင်အိမ်တော်မှ ပျောက်ကွယ်သွား၏။ ထိုအခိုက်တွင် အဆုံးမရှိကျယ်ပြောသော ယင်ကျိုးမြို့နယ်ဒေသသည် ကုန်းမြေသခင်ရှီဟိုင်၏အမျက်ဒေါသကို ခံစားလိုက်ရ၏။ လူငယ်တစ်ဦးသည် မူလဘုံမှနေ၍ သူ၏အိမ်တော်ရှိရာမြို့အထိ ရောက်လာကာ သူ၏ကုန်းမြေသခင်အိမ်တော်မှ တန်ခိုးရှင်များကို လိုက်လံသတ်ဖြတ်ခဲ့သည်။
သူလှုပ်ရှားလိုက်သည့်အခိုက်တွင် ရီဖူရှင်းကလည်း သူရှိနေရာမှ ပျောက်ကွယ်သွား၏။ ထို့နောက်တွင် ကုန်းမြေသခင်ရှီဟိုင်သည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။ ယခုတွင် ပင်လယ်ရေပြင်သည် မိုင်ထောင်ချီအဝန်းအဝိုင်းအတွင်း၌ အေးခဲသွားပြီဖြစ်သည်။ အဆုံးမဲ့ပင်လယ်ကြီးသည် သန့်စင်သောရေခဲအဖြစ် ပြောင်းလဲသွားလေပြီ။ ပင်လယ်ပေါ်ရှိ တန်ခိုးရှင်အများအပြားသည်လည်း ရေခဲထဲတွင် ပိတ်မိသွားကြ၏။ သို့သော် ရီဖူရှင်းက ထိုအေးခဲနေသောနေရာတွင် မရှိတော့ပေ။
ဝှီး...
ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု တိုက်ခတ်လာပြီး ရေခဲပြင်ကို ခွဲသွား၏။ တန်ခိုးရှင်အားလုံး ရင်တုန်ပန်းတုန်ဖြစ်သွား၏။ သူတို့ ခေါင်းလှည့်ကာ အဝေးသို့ကြည့်လိုက်သောအခါ အနောက်ပင်လယ်သည် ဆက်၍အေးခဲနေပြီး ရေခဲပြင်သည်ဆက်၍ပြန့်ကားလာသည်ကို တွေ့လိုက်ရသည်။
အချို့လူများသည် မည်သည့်အရာဖြစ်နေကြောင်း မသိသော်လည်း အချို့မှာမူ ကုန်းမြေသခင်ရှီဟိုင်က ရီဖူရှင်းကို လိုက်ဖမ်းနေကာ ရီဖူရှင်းကို လှုပ်ရှားများကို ထိန်းချုပ်လို၍ ထိုသို့လုပ်နေကြောင်း သိ၏။
ယင်ကျိုးမြို့အနီးမှ ဖြတ်သွားကြသော တန်ခိုးရှင်များသည်လည်း အရိုးစိမ့်အောင် ကြောက်ရွံ့သွားကြ၏။
ဤအကြိမ်တွင် ကုန်းမြေသခင်ရှီဟိုင်သည် ရီဖူရှင်းကို ဖမ်းမိနိုင်မည်လော။
သူတို့အတွက် ထိုအဖြေကိုသိရရန် ကြာရှည်မစောင့်လိုက်ရပေ။ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုသည် ပင်လယ်မှနေ၍ ကုန်းမြေသခင်အိမ်တော်သို့ ရောက်ရှိသွား၏။ လူအားလုံးသည် လွန်စွာကြောက်မက်ဖွယ်ကောင်း၍ ခက်ထန်သော သတ်ဖြတ်လိုသည့်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရ၏။ ကုန်းမြေသခင်ရှီဟိုင်သည် ရီဖူရှင်းကို မဖမ်းမိလိုက်ကြောင်း ထင်ရှားပေသည်။
ကုန်းမြေသခင်ရှီဟိုင်သည် ကုန်းမြေသခင်အိမ်တော်အတွင်း၌ ထိုင်နေသော်လည်း သူက ရီဖူရှင်းကို မဖမ်းမိလိုက်ပေ။
ထိုအခြင်းအရာသည် မည်သည့်အဓိပ္ပာယ်နည်း။
ဆိုလိုသည်မှာ ရီဖူရှင်းက အနောက်ပင်လယ်ကုန်းမြေသခင်အိမ်တော်မှ တန်ခိုးရှင်များကို သူသတ်လိုသည့်အချိန်တွင် သတ်ပစ်နိုင်ပြီး ကုန်းမြေသခင်အိမ်တော်သည် ရီဖူရှင်းကို မည်သို့မှ မခုခံနိုင်ဟု ဆိုလိုခြင်းပင်။
အကယ်၍ ဤကဲ့သို့ဖြစ်လာမည်ဟု ကုန်းမြေသခင်ရှီဟိုင်သာ သိခဲ့ပါက သူသည် မဆင်မခြင်ဖြင့် ရီဖူရှင်း၏နတ်ဆိုးသားရဲကို ရက်ရက်စက်စက် သတ်ဦးမည်လော။
ယင်ကျိုးကျွန်းပေါ်တွင် ဖြစ်ပျက်ခဲ့သည်များသည် ကျွန်းတစ်ခွင်လုံးတွင် လျင်မြန်စွာ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်မှ ကျွန်းများသို့ပါ ရောက်သွား၏။ ထို့နောက်တွင် အနောက်ပင်လယ်ကုန်းမြေ၏ အခြားအပိုင်းများဆီသို့ပါ ပျံ့နှံ့သွား၏။
အနောက်ပင်လယ်ကုန်းမြေသခင်သည် လူမှား၍ရန်စခဲ့မိပေပြီ။ ယခုတွင် သူရန်စခဲ့မိသောသူသည် ယင်ကျိုးမြို့ထဲတွင် အဆက်မပြတ်သတ်ဖြတ်နေ၏။
***
ထန်ဟွမ်ရှိ အနောက်အင်ပါယာနန်းတော်သည် တစ်ချိန်က ကျော်ကြားကာ ကြီးကျယ်ခမ်းနားခဲ့သော အင်ပါယာနန်းတော်တစ်ခုဖြစ်ပြီး ရှေးကျကာ ထည်ဝါ၍ ရှေးဟောင်းအင်ပါယာမြို့တစ်မြို့ကဲ့သို့ ကုန်းမြင့်ပေါ်တွင် တည်ရှိနေ၏။
လှေကားထိပ်တွင် လူတစ်စုသည် လှေကားပေါ်မှ ဆင်းလာသည်။ သူတို့ထဲတွင် ထူးကဲသောဟန်ပန်ရှိကာ လှပသည့် မိန်းမပျိုတစ်ဦးပါ၏။ အကယ်၍ ရီဖူရှင်းသာ ထိုနေရာတွင်ရှိပါက သူသည် ထိုမိန်းမပျိုကို သေချာပေါက် မှတ်မိမည်ဖြစ်သည်။ သူမသည် အခြားသူမဟုတ်ဘဲ အနောက်အင်ပါယာနန်းတော်မှ အနောက်အင်ပါယာ၏ စွမ်းအားအကြီးဆုံးဆက်ခံသူ နတ်မိမယ်ရှီးချီယောင်ဖြစ်၏။
ရှီးချီယောင်ဘေးမှလူများမှာ အနောက်အင်ပါယာနန်းတော်မှ ဩဇာကြီးသူများဖြစ်သည်။ သူတို့ထဲတွင် ကပ်ဘေးအဆင့် တန်ခိုးရှင်များပင်ပါ၏။ သူတို့သည် ရှေးဟောင်းနတ်ဘုရားကလန်၏ အဓိကကျသော သူများဖြစ်၏။
ရှီးချီယောင်သည် အနောက်အင်ပါယာ၏ စွမ်းအားအကြီးဆုံးဆက်ခံသူဖြစ်ပြီး ရှေးဟောင်းအင်ပါယာ၏အမွေအနှစ်ကို ရရှိခဲ့သည်။ ထို့ကြောင့် အနောက်အင်ပါယာတွင် သူမ၏အဆင့်သည် မြင့်မားပြီး လေးစားရိုကျိုးမှုကို ခံရ၏။ သူမ မူလဘုံသို့ သွားခဲ့သောအခါတွင်လည်း သူမသည် ကိုယ်စားလှယ်အဖွဲ့၏ခေါင်းဆောင်ဖြစ်သည်။
ယခုတွင် ရှီးချီယောင်ထံမှ ငွေဆည်းလည်းသံကဲ့သို့ ရယ်မောသံလေးများ ထွက်ပေါ်နေသည်။ သူမ၏လှပသောမျက်ဝန်းများထဲတွင် တောက်ပသောအကြည့်တစ်ချက် လက်သွားပြီး အဝေးသို့ကြည့်ကာ တီးတိုးပြောသည်။
“ရီဖူရှင်းနဲ့ ငါနဲ့သာ ဆက်ပြီး ယှဉ်ပြိုင်တိုက်ခိုက်ဖြစ်ရင် အဆုံးသတ်မှာ ရှုံးမယ့်လူက ငါဖြစ်နေမှာပဲ။ ဒီလူက မဟာအင်ပါယာအများကြီးရဲ့ အမွေအနှစ်တွေကို ရထားတော့ သူ့ရဲ့ကျော်ကြားမှုက ဘယ်လိုလုပ် အလကားဖြစ်မလဲ။ သူ အနောက်ဗုဒ္ဓလောကကိုသွားပြီး လိပ်ပြာတောင်ကုန်းမှာ ဗုဒ္ဓတန်ခိုးတော်ခြောက်မျိုးထဲက ဗုဒ္ဓရောင်ဝါခြေလှမ်းကို ကျင့်ကြံလိမ့်မယ်လို့ မထင်ခဲ့ဘူး။ သူက အင်ပါယာရီချင်ရဲ့ ဆက်ခံသူဖြစ်နေတာ စိတ်မကောင်းစရာပဲ... မဟုတ်ရင် အရင်ကတည်းက သူနဲ့ရင်းနှီးအောင် နေဖြစ်မှာပဲ”
အင်ပါယာရီချင်နှင့် အရှင်ဒွန်ဟောင်တို့အကြားရှိ ဆက်ဆံရေးကြောင့် အင်ပါယာနန်းတော်ကို အပြစ်မပြုမိစေရန် မည်သူမှ ရီဖူရှင်းနှင့် ရင်းရင်းနှီးနှီးမနေဝံ့ပေ။ အရှင်ဒွန်ဟောင်သည် ကောင်းကင်ဒေသ၏ အရှင်သခင်မဟုတ်ပါလော။ မည်သူက ဂရုမထားဘဲ နေနိုင်မည်နည်း။
“ရန်ဟောင်အဆင့်ရှစ် တန်ခိုးရှင်တစ်ယောက်က ဆယ်နှစ်၊ နှစ်နှစ်ဆယ်အတွင်းမှ ဒီလောက်ထိ တိုးတက်လာလိမ့်မယ်လို့ ကုန်းမြေသခင်ရှီဟိုင် တစ်ခါမှ တွေးခဲ့ဖူးမှာမဟုတ်ဘူး။ အခု ရီဖူရှင်းကို သူတောင် မနိုင်တော့ဘူး”
သူမဘေးမှ အဘိုးအိုတစ်ဦးက ရယ်မောလိုက်သည်။
“ကုန်းမြေသခင်ရှီက စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ အကျင့်ရှိတယ်။ သူကြိုက်သလိုလုပ်တတ်တာ သူ့အကျင့်ပဲ... သူက ရီဖူရှင်းကို ချက်ချင်းဖမ်းချင်လို့ နောက်ဆက်တွဲကိစ္စတွေကို မစဉ်းစားဘဲ ပြင်းပြင်းထန်ထန်လုပ်လိုက်တာပဲ။ အခုတော့ သူက နေရာတိုင်းမှာ လူရယ်စရာဖြစ်သွားပြီပေါ့။ အဲကိစ္စကို သူတော်တော် ဒေါသထွက်နေလိမ့်မယ်လို့ ငါထင်တယ်”
အားလုံး ရယ်လိုက်ကြ၏။ ရီဖူရှင်း၏ သန်မာသောအင်အားကို အံ့အားသင့်ရသည့်အပြင် ထိုအဖြစ်အပျက်သည် အတော်လေးဟာသဆန်ပေသည်။ ထိုအဖြစ်အပျက်တွင် ကုန်းမြေသခင်ရှီဟိုင်သည် လူရယ်စရာဖြစ်မလာရန် ခက်ခဲပေသည်။ သို့သော် ထိုကိစ္စသည် သူကိုယ်တိုင်လုပ်ခဲ့သော ကိစ္စသာဖြစ်သည်။ ယခုတွင် သူသည် ထိုကိစ္စကို မဖြေရှင်းနိုင်တော့ချေ။
ရီဖူရှင်း၏စိတ်နေစိတ်ထားအရဆိုလျှင် သူသည် ထိုကိစ္စကို အလွယ်တကူ လက်လွှတ်မည်မဟုတ်ချေ။ ထို့အပြင် သူသည် အနောက်ပင်လယ်ကုန်းမြေ၏ ကုန်းမြေသခင်အိမ်တော်ကို ဆက်၍စောင့်ကြည့်နေမည်ဖြစ်သည်။
သို့သော် ကုန်းမြေသခင်ရှီဟိုင်သည် သူ့ကို မည်သို့မှ မလုပ်နိုင်ပေ။ ရီဖူရှင်း၏အခြေချရာနေရာဖြစ်သော စီဝေ့ကြယ်ကောင်းကင်သို့သွားကာ ပြန်လက်စားချေရန်မှာလည်း... သူထိုသို့ လုပ်ဝံ့မည်လော။
ထိုနေရာသည် အမှန်ပင် ရီဖူရှင်း၏နယ်မြေဖြစ်သည်။ သူသည် မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားကိုသုံး၍ ကောင်းကင်ရှိ ကြယ်တာရာများကို ရွေ့လျားနိုင်၏။
အကယ်၍ သူသာ ထိုနေရာသို့သွားခဲ့ပါက ပြန်လာနိုင်မည်မဟုတ်ပေ။
“ရီဖူရှင်းရဲ့အကျင့်စရိုက်နဲ့ဆိုရင် သူ ဒီကိစ္စကို ဘယ်လိုလုပ် လက်လွှတ်နိုင်မှာလဲ။ ဒီတစ်ခါတော့ ကုန်းမြေသခင်ရှီဟိုင်တစ်ယောက် သူ့စိတ်ကြိုက်အဆုံးသတ်နိုင်မှာ မဟုတ်တော့ဘူး”
ရှီးချီယောင်သည် ရယ်မော၍ ပြောလိုက်၏။ သူမသည် ရလဒ်ကို ကြိုသိနေပုံပေါ်၏။
“သွားစို့... ယင်ကျိုးကိုသွားပြီး ကြည့်ကြမယ်”
“ဒါက...”
သူမဘေးမှ လူများသည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။ ထို့နောက် သူတို့သည် ပြုံးကာ ပြန်ပြောလိုက်၏။
“သွားကြည့်ရုံနဲ့ ဘာမှမဖြစ်နိုင်ပါဘူး”
ကုန်းမြေသခင်ရှီဟိုင်သည် လွန်စွာမာနကြီး၍ မောက်မာသူတစ်ဦးဖြစ်သည်။ သူသည် အနောက်ပင်လယ်ကုန်းမြေ၏ ကုန်းမြေသခင်ဖြစ်လာပြီး ကုန်းမြေသခင်အိမ်တော်၏ သခင်တစ်ဦးအနေဖြင့် အပြင်ပန်းတွင် အနောက်အင်ပါယာနန်းတော်ကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံခဲ့သည်။ သို့သော် ကုန်းမြေသခင်ရှီဟိုင်သည် အနောက်ပင်လယ်ကုန်းမြေတွင် အနောင်အင်ပါယာနန်းတော်ကို ကုန်းမြေသခင်အိမ်တော်နှင့် အစားထိုးလိုနေကြောင်းကို လူတိုင်းသိ၏။
ဤအကြိမ်တွင် ရှီးချီယောင်က စိတ်ဝင်စားနေရာ သူတို့အနေဖြင့် တစ်ချက်မျှ သွားကြည့်လျှင်လည်း ကိစ္စမရှိနိုင်ပေ။
“ဒါဆိုလည်း တန်းသွားကြတာပေါ့”
ရှီးချီယောင်သည် လျင်မြန်စွာလှုပ်ရှားလိုက်သည်။ သူမက လေပေါ်သို့ ပျံတက်သွားပြီး အနောက်အင်ပါယာနန်းတော်အပြင်သို့ ဦးတည်သွားလိုက်သည်။ သူမဘေးမှလူများသည် သူမနောက်မှ လိုက်လာကြ၏။
“ရီဖူရှင်းအကြောင်းကို အကြီးအကဲတို့ဘယ်လိုထင်လဲ”
ရှီးချီယောင်က မေးလိုက်သည်။
“တော်တော်လေးအရည်အချင်းရှိတယ်... ကောင်းကင်ဒေသတစ်ခွင်လုံးမှာ သူ့ကိုယှဉ်နိုင်မယ့်သူ မရှိတဲ့ပုံပဲ။ ဒါပေမဲ့ စိတ်မကောင်းစရာက...”
အဘိုးအိုတစ်ဦးက ပြောလိုက်ပြီး စကားမဆုံးခင်မှာပင် ရပ်တန့်သွား၏။
“ဘာက စိတ်မကောင်းစရာလဲ”
ရှီးချီယောင် မေးလိုက်သည်။
“သူက အင်ပါယာရီချင်ရဲ့ ဆက်ခံသူဖြစ်နေတာက စိတ်မကောင်းစရာပဲ။ အဲဒါကြောင့် သူက သူ့ရဲ့ကျင့်ကြံခြင်းအလားအလာကို အပြည့်အဝရအောင်မလုပ်နိုင်ဖို့ ကံကြမ္မာပါလာတာပဲ။ မဟုတ်ရင် သူ့ရဲ့အရည်အချင်းနဲ့ဆို ဒွန်ဟောင်အင်ပါယာနန်းတော်မှာ ကျင့်ကြံနေရလောက်ပြီ။ မဟာအင်ပါယာကိုယ်တိုင်တောင် သူ့ကို တပည့်အဖြစ်လက်ခံလိမ့်မယ်။ တစ်ချိန်တည်းမှာ မင်းသမီးဒွန်ဟောင်က သူ့ကိုသဘောကျခဲ့တယ်လို့လည်း ငါ ကြားဖူးတယ်”
သူမဘေးမှ အဘိုးအိုက ပြောသည်။
“အဲလို တွေးမယ်ဆိုရင်တော့ အတော်လေးစိတ်မကောင်းစရာပေါ့”
ရှီးချီယောင်က ပြုံး၍ ဆက်ပြောသည်။
“အဲလို အရည်အချင်းရှိတဲ့တန်ခိုးရှင်တစ်ယောက်က တကယ်ကို လောကကြီးထဲမှာ ရှားပါးပါတယ်။ ပြီးတော့ သူက ရုပ်ရည်လည်း ခံ့ညားသေးတယ်... မိန်းကလေးတိုင်းအတွက် လိုချင်စရာ လမ်းစဉ်လက်တွဲဖော်ပဲ...”
သူမ၏ကောက်ချက်ချမှုကို ဘေးမှ လူများအားလုံး အံ့အားသင့်သွားကြ၏။ နတ်မိမယ်၏တွေးခေါ်ပုံသည် အမှန်ပင် သာမန်လူများနှင့် ကွဲပြားပေသည်။
သို့သော် လမ်းစဉ်လက်တွဲဖော်ရှာသည့်အမြင်မှကြည့်မည်ဆိုလျှင် အနောက်ပင်လယ်တွင် ရှီးချီယောင်နှင့် ထိုက်တန်သူ တစ်ဦးမှမရှိချေ။ ထိုအတွက် ရီဖူရှင်းက သင့်တော်သောသူတစ်ယောက်ဖြစ်၏။ သူတို့၏ကျင့်ကြံခြင်းအဆင့်သို့ ရောက်သွားလျှင် လမ်းစဉ်လက်တွဲဖော်ရှာခြင်းသည် အချစ်နှင့် အခြားခံစားချက်များမပါတော့ပေ။
အထူးသဖြင့် ရှေးဟောင်းနတ်ဘုရားကလန်၏ ဆက်ခံသူအနေဖြင့် လမ်းစဉ်လက်တွဲဖော်ရှာရာတွင် သန်မာမှုနှင့် စွမ်းအားသည် အလေးအနက်ထည့်တွက်ရမည့်အရာဖြစ်သည်။ ထိုမှသာ ပို၍ပင်ထူးချွန်သည့် ပါရမီရှင်လေးများကို မွေးထုတ်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် ထိုအမြင်မှကြည့်မည်ဆိုလျှင် ရှီးချီယောင်၏အတွေးသည် နားလည်လက်ခံနိုင်သည့်အတွေးဖြစ်ပြီး သဘာဝကျ၏။
ယင်ကျိုးကျွန်းသို့ သွားနေသူများမှာ အနောင်အင်ပါယာနန်းတော်မှ လူများသာမဟုတ်ပေ။ အနောင်ပင်လယ်ကုန်းမြေအတွင်းရှိ အခြားကျွန်းများမှ တန်ခိုးရှင်များသည်လည်း ယင်ကျိုးကျွန်းသို့ သွားနေကြသည်။ သူတို့သည် ထိုစိတ်လှုပ်ရှားဖွယ်အဖြစ်အပျက်ကို မြင်လိုနေပြီး ထိုအဖြစ်အပျက် မည်သို့ အဆုံးသတ်သွားမည်ကို သိလိုနေကြသည်။
******
ယင်ကျိုးကျွန်း၏ ကမ်းရိုးတန်းဒေသတွင် တန်ခိုးရှင်များ တဖြည်းဖြည်းများပြားလာသည်။ သူတို့အားလုံးသည် အခြားကျွန်းများမှဖြစ်ပြီး သူတို့ထဲတွင် လွန်စွာစွမ်းအားကြီးသောသူများလည်း ပါဝင်ပေသည်။
တစ်ရက် ကုန်သွားပြီးနောက် ကုန်းမြေသခင်ရှီဟိုင်သည် ရီဖူရှင်းနောက်လိုက်လျှင်လည်း အချည်းနှီးသာဖြစ်မည်ကို သဘောပေါက်သွား၍ သူ့နောက်သို့ ဆက်မလိုက်တော့ပေ။
သူပြန်ရောက်လာသောအခါ ကုန်းမြေသခင်အိမ်တော်မှ တန်ခိုးရှင်များကို ယင်ကျိုးမြို့မှ သဘောရှိမထွက်ရန် အမိန့်ပေးခဲ့သည်။ ထို့အပြင် သူတို့ကို သတိကြီးကြီးထားရန်လည်း မှာကြားလိုက်၏။ သူသည် ဆက်၍အခန်းအောင်းကျင့်ကြံမနေတော့ဘဲ ယင်ကျိုးမြို့တစ်ခွင်ကို စေ့စေ့စပ်စပ် စောင့်ကြည့်နေ၏။ သူသည် အခွင့်အရေးတစ်ခုကို စောင့်နေရန် လိုအပ်ပေသည်။ ထိုအခွင့်အရေးမှာ ရီဖူရှင်း ခြေချော်လက်ချော်ဖြစ်သွားမည့် အချိန်ပင်။
ရီဖူရှင်း အမှားတစ်ခုလုပ်လိုက်သည်နှင့် သူသည် သူ၏စက်ကွင်းကို ထုတ်သုံး၍ ရီဖူရှင်းကို ဖမ်းဆီးနိုင်၏။ ထိုအခါ ရီဖူရှင်းက အသက်ရှင်လျှက် ထွက်သွားနိုင်မည်မဟုတ်တော့ပေ။
ယခင်က သူ ရီဖူရှင်းကို လိုက်ဖမ်း၍ မသတ်နိုင်ခဲ့ခြင်းမှာ ရီဖူရှင်း၏အမြန်နှုန်းသည် သူ၏မဟာလမ်းစဉ်စက်ကွင်းထက် ပိုမြန်၍ဖြစ်သည်။ သူ့အတွက် တုံ့ပြန်ရန်ပင် အချိန်မရခဲ့ချေ။ ထို့ကြောင့် သူသည် ရီဖူရှင်းကို မဖမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
သူလိုအပ်ခဲ့သည်မှာ အခွင့်အရေးတစ်ခုသာဖြစ်သည်။ ရီဖူရှင်း သတိလက်လွတ်ဖြစ်သွားမည့် အချိန်တစ်ခုသာဖြစ်သည်။ တစ်ကြိမ်ဆိုလျှင်ပင် လုံလောက်ပေပြီ။
ယင်ကျိုးကျွန်း၏ ကမ်းရိုးတန်းဒေသတွင် တန်ခိုးရှင်တစ်စုသည် ပေါ့ပေါ့ပါးပါး လမ်းလျှောက်နေသည်။ သူတို့ထဲမှ တစ်ဦးသည် သူ၏အရှိန်အဝါကို ထိန်းချုပ်ထားသော်လည်း သူ၏ပင်ကိုစရိုက်သည် ထူးကဲကြောင်းကိုမူ သတိပြုမိနိုင်သေးသည်။ သူသည် ကုန်းမြေသခင်အိမ်တော်မှ ထိပ်သီးတန်ခိုးရှင်တစ်ဦးဖြစ်သည်။ သူ့ကို ကုန်းမြေသခင်အိမ်တော်သို့ ဝင်ရန် ကုန်းမြေသခင်ကိုယ်တိုင် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ သူသည် နတ်ဘုရားကဒ်ဘေးကို ကျော်လွှားနိုင်ခဲ့သည့် တန်ခိုးရှင်တစ်ဦးဖြစ်ပြီး ကုန်းမြေသခင်အိမ်တော်အတွက် သစ္စာရှိရှိ တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
သို့သော် ထိုအခိုက်တွင် သူသည် ယင်ကျိုးကျွန်း၏ ကမ်းရိုးတန်းဒေသတွင် သာမန်လူတစ်ဦးကဲ့သို့ လမ်းလျှောက်နေ၏။ သူ့ဘေးတွင် ကုန်းမြေသခင်အိမ်တော်မှ အခြားတန်ခိုးရှင်အများအပြားလည်း ပါပေသည်။ သူတို့သည် သူတို့မည်သူမည်ဝါဖြစ်သည်ကို မဖုံးကွယ်ထားကြဘဲ ရီဖူရှင်း၏သဲလွန်စများကို ပေါ်ပေါ်ထင်ထင်ရှာဖွေနေကြ၏။
သူတို့သည် ရီဖူရှင်း သူ့ဘာသာထွက်လာရန် မျှားထားသော ငါးစာများဖြစ်သည်။
အနောက်ပင်လယ်ကုန်းမြေသခင်အိမ်တော်သည် ရီဖူရှင်းဟူသော ဆူးတစ်ချောင်းဖြင့် ရင်ဆိုင်ရန် အလေးအနက်ထား၍ ယင်ကျိုးမြို့ထဲတွင် ကြီးမားသောပိုက်ကွန်တစ်ခုကိုဆင်ထားကာ ပိုက်ကွန်အတွင်းသို့ ရီဖူရှင်းဝင်လာမည့်အချိန်ကို စောင့်ဆိုင်းနေ၏။ သူတို့၏သားကောင်သည် မည်သည့်အချိန်မှ ပိုက်ကွန်အတွင်းသို့ ဝင်လာမည်ကို သူတို့မသိပေ။
ရီဖူရှင်း အသက်ရှင်နေသေးသ၍ အနောက်ပင်လယ်ကုန်းမြေသခင်အိမ်တော်သည် စိတ်အေးလက်အေးနေနိုင်မည်မဟုတ်ပေ။