← Chapters

ခြေရာခံနိုင်ပြီ

Vol. 176 Ch. 2516

ခြေရာခံနိုင်ပြီ

Vol. 176 Ch. 2516

အပေါ်ယံတွင် ယင်ကျိုးမြို့ရှိ အရာအားလုံးသည် ပုံမှန်အတိုင်း လည်ပတ်နေပုံပေါ်၏။ သို့သော် ထိုအပေါ်ယံ၏အောက်တွင် ဖြစ်ပေါ်နေသော လှုပ်ခတ်မှုတစ်ခုရှိ၏။ ဤအကြိမ်တွင် ထိုကိစ္စသည် ကုန်းမြေသခင်အိမ်‌တော်နှင့် သက်ဆိုင်ပေသည်။ တစ်စုံတစ်ယောက်သည် ကုန်းမြေသခင်အိမ်တော်မှ မျိုးဆက်သစ်များကို လိုက်လံသတ်ဖြတ်နေရာ ထိုကိစ္စသည် ထင်ရှားသောကိစ္စတစ်ခုဟု ဆိုနိုင်၏။

နှစ်ရာပေါင်းများစွာအတွင်းတွင် မည်သူမှ ထိုသို့မလုပ်ဝံ့ခဲ့ပေ။ ထိုသို့သောကိစ္စဖြစ်လာသည်မှာ ယခုသည် ပထမဆုံးအကြိမ်ဖြစ်၏။

ယင်ကျိုးကမ်းရိုးတန်းသည် တည်ငြိမ်နေသည်ဟု ထင်ရ၏။ သို့သော် ထိုဖြစ်စဉ်အတွင်း၌ ကမ်းရိုးတန်းနှင့်အနီးစပ်ဆုံး ပင်လယ်ပြင်တွင် တန်ခိုးရှင်များ ပို၍များပြားလာနေသည်။ သူတို့ထဲမှ အများစုသည် ယင်ကျိုးမြို့တွင် နေထိုင်သူများပင် မဟုတ်ကြပေ။ သူတို့သည် ထိုပဋိပက္ခမည်သို့ ဖြစ်နေသည်ကို သိလိုရုံသပ်သပ်ဖြင့် အပြင်လောကမှ လာခဲ့ကြသူများဖြစ်သည်။

အနောက်ပင်လယ်ကုန်းမြေ၏ ကုန်းမြေသခင်အိမ်တော်သည် ရီဖူရှင်းကို ရင်ဆိုင်နိုင်မည်လော။

ကမ်းရိုးတန်းအနီးရှိ ပင်လယ်ပြင်ထဲတွင် ကြီးမားသောသင်္ဘောကြီးတစ်စင်းသည် တိတ်တဆိတ် မျောနေ၏။ ထိုသင်္ဘောသည် တစ်နေရာကို ဦးတည်၍သွားနေခြင်းမဟုတ်ပေ။ ထိုသင်္ဘောကြီး၏ ကုန်းပတ်ပေါ်တွင် လှပသောမိန်းမပျိုလေးတစ်ားသည် တိတ်တဆိတ်ရပ်နေကာ ခပ်လှမ်းလှမ်းရှိ ကမ်းရိုးတန်းရှုခင်းကို ကြည့်နေ၏။

ထိုမိန်းမပျိုလေးသည် ထန်ဟွမ်ကျွန်းမှနေ၍ ထိုနေရာသို့လာခဲ့သော အနောင်အင်ပါယာနန်းတော်၏ နတ်မိမယ် ရှီးချီယောင်ပင်။ သူမ၏လှပသောမျက်လုံးလေးသည် နေရာအနှံ့ကို လိုက်ကြည့်နေပြီး သင်္ဘောအများအပြားသည် ကမ်းသို့ချဉ်းကပ်သွားနေကြောင်းကို တွေ့လိုက်ရသည်။ စွမ်းအားမြင့်တန်ခိုးရှင်အချို့သည် သူမကိုပင်ကြည့်ကာ သူမ,မည်သူဖြစ်သည်ကို သိရှိရန် ကြိုးစားနေပုံပေါ်၏။

အနောက်ပင်လယ်ကုန်းမြေတွင် သူမ၏ အနောက်အင်ပါယာနန်းတော်မှ နတ်မိမယ်ဟူသော ဂုဏ်ပုဒ်သည် အသေးစိတ်ထပ်ရှင်းပြနေရန်ပင်မလိုပေ။ သူမသည် အမှန်ပင် ကုန်းမြေ၏အဖိုးတန်သမီးတော်တစ်ပါးဖြစ်ပြီး သူမ၏နာမည်ကို လူတိုင်းသိကြ၏။ သို့သော် သူမကို မြင်ဖူးသူ သိပ်မရှိပေ။ သို့ဖြစ်ရာ လူများသည် ခန့်မှန်း၍သာနေကြပြီး သူမအနီးသို့ အမှန်တကယ် ကပ်မလာကြပေ။

“ဒီကိုလာခဲ့တာ ကျွန်မတို့ပဲ မဟုတ်တဲ့ပုံပဲ။ ဒီတန်ခိုးရှင်တွေကလည်း ထိုင်စောင့်မနေနိုင်ဘဲ စိတ်ဝင်တစား လာကြည့်ကြတဲ့သူတွေပဲ”

ရှီးချီယောင်က ပြုံးလျှက် ပြောသည်။

“သူတို့ ဒီကို ဘာလို့ရောက်လာတာလဲဆိုတဲ့ အပေါ်လည်းမူတည်သေးတာပဲ။ စွမ်းအားကြီးပါရမီရှင်တစ်‌ယောက်က မူလဘုံကနေပြီး အနောက်ပင်လယ်ကုန်းမြေက ကုန်းမြေသခင်အိမ်တော်ကို လက်စားချေဖို့ရောက်လာတယ်... ဘယ်သူက စိတ်မဝင်စားဘဲ နေပါ့မလဲ”

သူမနောက်မှ အဘိုးအိုတစ်ဦးက ပြုံးလျှက် ပြောသည်။

“သူတို့အများစုက ရီဖူရှင်းရဲ့အင်အားအကြောင်းကို ခန့်မှန်းနေကြတာပဲ... ဒီအကြောင်းကို ငါတောင်စိတ်ဝင်စားတယ်။ ရီဖူရှင်းက ဘယ်လောက်သန်မာလဲ...”

“သူ့ကို ရန်ဟောင်အဆင့်တန်ခိုးရှင်တွေ မယှဉ်နိုင်တာတော့ သေချာလောက်တယ်...”

ရှီးချီယောင်က ပြုံးလျှက် ပြောလိုက်၏။ သူမသည် ယခင်က ရီဖူရှင်းနှင့် တိုက်ခိုက်ဖူး၏။ ယခုနှစ်ပေါင်းများစွာကြာပြီးနောက်တွင် သူမနှင့် ယှဉ်နိုင်မည့်အဆင့်ရှိသူ သိပ်မကျန်တော့ဟု သူမတွေးမိနေသည်။

ရီဖူရှင်းက သူမထက် အနည်းငယ်ပို၍ သန်မာပေလိမ့်မည်။

“အင်း... ချင်လော နာမည်စကြီးတော့ သူ့ကို ယင်ကျိုးစစ်နတ်ဘုရားဆိုပြီး ယင်ကျိုးမြို့က သတ်မှတ်ခဲ့ကြတယ်။ အဲဒါက နည်းနည်းပိုတယ်ဆိုပေမယ့် အဲအချိန်တုန်းက ချင်လောရဲ့စွမ်းဆောင်ချက်တွေက ဘယ်လောက်ကြီးမားခဲ့လည်းဆိုတာ မျက်မြင်ပဲလေ။ သူ့ရဲ့အရည်အချင်းက ရှားတယ်... ပြီးတော့ သူ့ရဲ့ တိုက်ရည်ခိုက်ရည်ကလည်း ထူးခြားတယ်။ ဒါပေမဲ့ အဲလိုလူကိုတောင် ရီဖူရှင်းက လက်ချောင်းတစ်ချောင်းတည်းနဲ့ သတ်ပစ်နိုင်ခဲ့တယ်”

အဘိုးအိုသည် အနည်းငယ် အံ့အားသင့်ဟန်ဖြင့် ပြောသည်။

“နတ်ဘုရားကဒ်ဘေးကို မကျော်လွှားရသေးတဲ့ တန်ခိုးရှင်တွေက သူ့ကို အနိုင်ယူနိုင်ဖို့ လွယ်မှာမဟုတ်ဘူး”

“အနောက်အင်ပါယာနန်းတော်က အကြီးအကဲနဲ့ အင်ပါယာနန်းတော်ရဲ့ နတ်မိမယ်ကို နှုတ်ခွန်းဆက်ပါတယ်”

ထိုအချိန်တွင် သင်္ဘောတစ်စီးမှာ သူမတို့သင်္ဘောအနီးသို့ ချဉ်းကပ်လာသည်။ တစ်စုံတစ်ယောက်သည် ရှီးချီယောင်ကို လှမ်း၍ နှုတ်ဆက်လိုက်သည်။ ထိုသူက သူမကိုမှတ်မိပေသည်။

“အင်း...”

အဘိုးအိုက စိတ်မပါ့တပါ ခေါင်းညိတ်ပြလိုက်ပြီး အနည်းငယ်အေးစက်စက် ပြုမူ၏။ ရှီးချီယောင်လည်း သူ့ကို တစ်ချက်သာကြည့်လိုက်ပြီး ပေါ်တင်ပင် လျစ်လျူရှုလိုက်သည်။ ထိုလူသည် သူမတို့မှာ သူနှင့်စကားစမြည်မပြောလိုကြောင်းကို သဘောပေါက်သွားပြီး အလျင်အမြန်ထွက်ခွာသွားလေတော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်သော အခြားသူများသည် သူမတို့အနီးသို့သွားမည့် သူတို့၏အတွေးများကို အလျင်အမြန် ခေါင်းထဲမှထုတ်လိုက်ပြီး အရာအားလုံးကို အဝေးမှကြည့်နေရရုံဖြင့်ပင် ကျေနပ်နေလိုက်ရလေတော့သည်။

အနောက်အင်ပါယာနန်းတော်၏ နတ်မိမယ် ရှီးချီယောင်သည် သူတို့လက်လှမ်းမီသော အဆင့်မဟုတ်ချေ။ သူမသည် အနောက်ပင်လယ်ကုန်းမြေတွင် အမှန်ပင် ဩဇာအာဏာရှိသူတစ်ဦးဖြစ်ပြီး ရှေးဟောင်နတ်ဘုရားကလန်၏ ဆက်ဆံသူဖြစ်၏။ အနောက်ပင်လယ်ကုန်းမြေအတွင်းရှိ စွမ်းအားကြီးပါရမီရှင်များနှင့် ရန်ဟောင်အထွတ်အထိပ်အဆင့်တန်ခိုးရှင်များပင် သူမကို မချဉ်းကပ်နိုင်ပေ။ အမှန်တကယ် ထူးချွန်ပြောင်မြောက်သည့် ရန်ဟောင်အဆင့်တန်ခိုးရှင်များသာ ရှီးချီယောင်နှင့် စကားပြောနိုင်ရန် အခွင့်အရေးရှိပုံပေါ်၏။

ကမ်းခြေတွင် လူတစ်စု ရပ်နေပြီး ခပ်လှမ်းလှမ်းရှိ ပင်လယ်ပြင်တွင် မျောနေသော သင်္ဘောကြီးကို ကြည့်ရှုနေသည်။ ထိုလူများသည် ကုန်းမြေသခင်အိမ်တော်မှ တန်ခိုးရှင်များဖြစ်သည်။ ထိပ်ဆုံးမှ လူက အော်ပြောလိုက်၏။

“အနောက်အင်ပါယာနန်းတော်ရဲ့ နတ်မိမယ်ရောက်ရှိလာတာပဲ... ဘာလို့ ကျွန်တော်တို့ ကုန်းမြေသခင်အိမ်တော်ကိုလာပြီး အနားမယူတာပါလဲ”

ထိုအသံသည် ထိုနေရာတစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားပြီး လူအများအပြား၏အာရုံကို ဆွဲဆောင်လိုက်သည်။ ထိုကမ်းရိုးတန်းဒေသမှ လူများသည် ထိုလူသည် ကုန်းမြေသခင်အိမ်တော်မှ တန်ခိုးရှင်တစ်ဦးဖြစ်သည်ဟူသောအချက်ကို သတိမထားမိခဲ့ကြသည့်ပုံပင်။

ထိုနေရာရှိ ကမ်းရိုးတန်းတစ်လျှောက်တွင် လူအုပ်စု အများအပြားရှိနေ၏။ သူတို့အားလုံးကို ကုန်းမြေသခင်အိမ်‌တော်က စေလွှတ်လိုက်ခြင်းဖြစ်သည်။ သူတို့သည် ရီဖူရှင်းကို ရှာဖွေဖမ်းဆီးရန် ဤနေရာသို့ ရောက်နေခြင်းဖြစ်သည်။ အမှန်တွင် ရီဖူရှင်းကို ဖမ်းရန်ကိစ္စသည် ထိုမျှ ရိုးရှင်းလိမ့်မည်ဟု မည်သူမှမထင်ပေ။ သူတို့ကို စေလွှတ်လိုက်ခြင်းတွင် အခြားရည်ရွယ်ချက်များ ရှိနိုင်၏။

ရီဖူရှင်းက ကုန်းမြေသခင်အိမ်တော်မှ တန်ခိုးရှင်များကို လိုက်လံသတ်ဖြတ်နေသည်။ အနောက်ပင်လယ်ကုန်းမြေသခင်အိမ်တော်သည် အိမ်တော်မှလူများကို ရီဖူရှင်းလာသတ်စေနိုင်ရန် ထိုသို့စေလွှတ်လောက်သည်အထိ မည်သို့တုံးအမည်နည်း။ တစ်ခုတည်းသောဖြစ်နိုင်ချေမှ ထိုအရာအားလုံးသည် ထောင်ချောက်ဆင်ထားခြင်းသာ ဖြစ်ရပေမည်။

ရီဖူရှင်းကလည်း ထိုအကြောင်းကို သိရပေမည်။ ထို့ကြောင့်သာ သူထွက်ပေါ်မလာခဲ့ခြင်းပင်။

ရီဖူရှင်းက ကုန်းမြေသခင်အိမ်တော်ကို တစ်ခေါက်အလစ်ဝင်တိုက်ခဲ့ပြီးဖြစ်ပြီး ယခုတွင် ကုန်းမြေသခင်အိမ်တော်သည် သူ့အတွက် ပြင်ဆင်ထားမည်ကို သိပေရာ ထိုကဲ့သို့ ထပ်၍စွန့်စားတော့မည်မဟုတ်ဟု လူများက ခန့်မှန်းတွေးတောနေကြသည်။

“ကျုပ်တို့ ခဏလောက် လှည့်ပတ်ကြည့်လိုက်ပါဦးမယ်... အဲဒါကြောင့် ကျုပ်တို့ ကုန်းမြေသခင်အိမ်တော်ကို အနှောင့်အယှက်မပေးတော့ပါဘူး”

သင်္ဘောပေါ်မှ အဘိုးအိုက ပြန်ပြောသည်။  ကုန်းမြေသခင်အိမ်တော်မှ လူများသည် ခေါင်းညိတ်လိုက်ကြပြီး ဆက်၍မပြောလိုက်ကြတော့ပေ။ သူတို့သည် လောကဝတ်အရသာ ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။ အနောက်အင်ပါယာနန်းတော်မှ တန်ခိုးရှင်များသည် ဤနေရာသို့ ပွဲကြည့်ရန် လာခြင်းဖြစ်ကြောင်း သူတို့သိပေသည်။

သူတို့စကားပြောနေစဉ်မှာပင် လူတစ်ဦးသည် ကမ်းခြေတွင် ရုတ်တရက်ပေါ်လာသည်။ သူသည် လေထဲတွင် တိတ်တဆိတ်ရပ်နေပြီး မည်သည့်အရှိန်အဝါမှ မထုတ်လွှတ်နေချေ။ ထိုလူသည် မည်သည့်နေရာမှ မည်သို့ရောက်လာသည်ကို မည်သူမှ မသိပေ။

လူများသည် အခြားသူများ၏မျက်ဝန်းများအတွင်းမှ တုံ့ပြန်မှုကို မြင်သည်အထိ ထိုလူရောက်ရှိလာသည်ကို မသိခဲ့ကြပေ။ သူတို့သည် နောက်လှည့်ကာ ထိုလူရှိနေသောဘက်သို့ကြည့်လိုက်ကြသည်။ သူတို့၏မျက်လုံးများသည် ထိုနေရာမှ မခွာကြပေ။

မည်မျှ ကြောက်မက်ဖွယ်ကောင်းသော အာကာသအတတ်ပညာတစ်ခုပေနည်း။ သူထွက်ပေါ်လာခြင်းကို မြင်လည်းမမြင်နိုင်သလို ခြေရာကောက်၍လည်းမရပေ။ သူသည် လေထဲတွင် ရုတ်ခြည်းပေါ်လာခြင်းပင်။ ထိုကဲ့သို့သော တန်ခိုးသည် လိုက်လံသတ်ဖြတ်ရာတွင် အမှန်ပင်သင့်တော်ပေသည်။

ရှီးချီယောင်သည်လည်း အဝေးတွင် ထွက်ပေါ်လာသော ငွေဖြူရောင်ဆံပင်နှင့်လူကို ကြည့်ကာ အံ့အားသင့်နေသည်။ သူမ၏လှပသောမျက်ဝန်းများထဲတွင် ပြုံးရိပ်၊ ပြုံးယောင်သဲ့သဲ့ ထွက်ပေါ်လာသည်။ ဗုဒ္ဓရောင်ဝါခြေလှမ်းသည် ဗုဒ္ဓတန်ခိုးတော်ခြောက်မျိုးထဲမှ တစ်မျိုးဖြစ်နေသည်မှာ အံ့အားသင့်ဖွယ် မရှိချေ။ ထိုတန်ခိုးသည် အမှန်ပင် ဆန်းကြယ်၏။

အံ့အားအသင့်သွားဆုံးလူများမှာ ကုန်းမြေသခင်အိမ်တော်မှ တန်ခိုးရှင်များဖြစ်သည်။ သူတို့ ရင်တုန်သွား၏။ သူတို့သည် ရုတ်တရက် ပြိုင်ဘက်ကင်းရန်သူတစ်ယောက်ကို တွေ့လိုက်ရခြင်းပင်။ ရီဖူရှင်းက ယခုထိ မလှုပ်ရှားသေးပေ။ သို့သော် သူရောက်လာရုံဖြင့်ပင် ထိုတန်ခိုးရှင်များ၏ခန္ဓာကိုယ်မှနေ၍ မဟာလမ်းစဉ်အရှိန်အဝါများ ထွက်လာပြီး သူတို့ပတ်ဝန်းကျင်ကို အသည်းအသန် လွှမ်းခြုံလိုက်၏။ သူတို့သည် အလင်းအရံအတားမျက်နှာပြင်တစ်ခုကို ဖန်တီးလိုက်ကာ တိုက်ခိုက်ရန်မပြင်ဆင်နေဘဲ သူတို့၏အသက်နှင့်ကိုယ် အိုးစားမကွဲရေးကိုသာ အာရုံစိုက်နေကြ၏။

“ရီဖူရှင်း...”

အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။ ကုန်းမြေသခင်အိမ်တော်မှ တန်ခိုးရှင်များသည် သူ ထွက်ပေါ်လာဝံ့မည်ဟု မထင်ထားခဲ့ကြပေ။ သူသည် ထိုနေရာတွင် ပမာမခန့်ဖြင့် ခံ့ခံ့ညားညားရပ်နေ၏။ ထိုသူများသည် သူ့အတွက်စောင့်ဆိုင်းနေသည့် ထောင်ချောက်တစ်ခုဖြစ်နိုင်သည်ဟု သူ,မတွေးခဲ့လေသလော။

မဟုတ်လျှင် အဘယ်ကြောင့် ထိုတန်ခိုးရှင်များသည် သူ့ကိုရှာရန် ထိုနေရာသို့ ရောက်လာမည်နည်း။

သူတို့၏အသံများ လွင့်ပါးသွားသောအခါ ရီဖူရှင်းက လွန်စွာလျင်မြန်သည့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။

ရွှီး...

ထိုအလင်းတန်းသည် လျှပ်တစ်ပြက်အတွင်း ရောက်ရှိလာကာ ထိုတန်ခိုးရှင်များ ရှိနေသောနေရာကို တိုက်ရိုက်ပိုင်းခြားလိုက်၏။ ကာရံအလင်းမျက်နှာပြင်သည် ထိုအလင်းတန်းဖောက်ဝင်သွားသောအခါ ပျက်စီးသွားပြီး ထိုတန်ခိုးရှင်များ၏ မျက်ဝန်းများထဲတွင် ကြောက်ရွှံ့မှုများ ပေါ်လာ၏။ ထို့နောက်တွင် သူတို့၏ခန္ဓာကိုယ်များသည် အမှုန်များအဖြစ်ပြောင်းလဲသွားပြီး ရုတ်ခြည်းပျောက်ကွယ်သွား၏။

ရီဖူရှင်းမှာမူ အဝေးရှိတစ်နေရာသို့ ပြန်ရောက်သွားပြီဖြစ်သည်။ သူက မည်သည့်အရာကိုမှ မပြုလုပ်လိုက်သကဲ့သို့ပင်။ သူသည် ထိုနေရာ၌ ရပ်နေရုံဖြင့်ပင် လူများစွာကို ရင်တုန်ပန်းတုန်ဖြစ်ကာ ကြောက်ရွှံ့နေစေ၏။ လျှပ်တစ်ပြက်အတွင်းမှာပင် ထိုတန်ခိုးရှင်များမှာ သေဆုံးကာ အမှုန်အ‌ခိုးများအဖြစ် ပြောင်းလဲသွားကြ၏။

လူအများစုသည် ရီဖူရှင်းလှုပ်ရှားလိုက်သည်ကို ရှင်းရှင်းလင်းလင်းပင် မမြင်လိုက်နိုင်ဘဲ ထိုအခိုက်တွင် မည်သည့်အရာဖြစ်ပျက်သွားကြောင်းကိုပင် မသိလိုက်ကြပေ။

ရှီးချီယောင်နှင့် သူမဘေးရှိ အဘိုးအိုတို့ကဲ့သို့ ထိပ်သီးအနည်းငယ်သာ အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်လိုက်နိုင်၏။ ရီဖူရှင်း၏ခန္ဓာကိုယ်သည် မဟာလမ်းစဉ်အဖြစ်ပြောင်းလဲသွားကာ ယင်းမဟာလမ်းစဉ်ခန္ဓာသည် လေထုကို လျှပ်တစ်ပြက်အတွင်းဖြတ်သန်းသွားခြင်းပင်။ ထိုမဟာလမ်းစဉ်ခန္ဓာသည် ကြောက်မက်ဖွယ်ဓားဝိညာဉ်စွမ်းအားကို သယ်ဆောင်လာသည့် ဖျက်ဆီး၍မရနိုင်သော ဓားတစ်ချောင်းကဲ့သို့ လေထုကိုဖြတ်သန်းကာ ကုန်းမြေသခင်အိမ်တော်မှ တန်ခိုးရှင်များရှိနေသောနေရာကို ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်သည်။ ထိုဖျက်ဆီးမှုအဟုန်အတွင်းရှိ လူအားလုံးသည် ချွင်းချက်မရှိ အသတ်ခံလိုက်ရခြင်းပင်။

သို့သော် ရီဖူရှင်း၏မျက်နှာထားသည် အရေးမစိုက်သည့်ဟန်ပင်။ သူတို့သည် သူတို့ကိုယ်သူတို့ ငါးစာအဖြစ်အသုံးချ၍ သူ့ကိုမျှားခေါ်ခဲ့ခြင်းဖြစ်ရာ သူသည် သူတို့၏ရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးရမည်ဖြစ်သည်။

“ဟာ...”

ထိုအခိုက်တွင် ထိုနေရာရှိတန်ခိုးရှင်များ တုန်လှုပ်သွား၏။ ရှီးချီယောင်နှင့် အနောက်အင်ပါယာနန်းတော်မှ အခြားတန်ခိုးရှင်များသည် ထိုနေရာကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်ကြသည်။

ထိုနေရာတစ်ခွင်လုံးသည် လွန်စွာအေးစက်လာပြီး ပင်လယ်ပေါ်ရှိ တန်ခိုးရှင်များသည် ရေခဲတမျှအေးစက်မှုကို ခံစားလိုက်ရသည်။ ထိုအအေးဓာတ်သည် သူတို့၏ဝိညာဉ်များအတွင်းသို့ တိုက်ရိုက်‌ဖောက်ဝင်သွား၏။

ရုတ်ခြည်းအတွင်းမှာပင် လောကတစ်ခွင်လုံးတွင် ဖျော့တော့သောမြူခိုးများ ထွက်ပေါ်လာသည်။ အဘိုးအိုတစ်ဦးသည် ကမ်းခြေနှင့်အနီးဆုံး ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် တိတ်တဆိတ်ရပ်နေ၏။ သူ၏မျက်လုံးများသည် လွန်စွာအေးစက်နေပြီး သတ်ဖြတ်လိုသောအငွေ့အသက်တစ်ခုက သူ့ကိုဝန်းရံထားသည်။ ဖျော့တော့သောမြူခိုးများသည် ပင်လယ်ရေမှ ဖြစ်ပေါ်လာသည်ဟု ထင်ရပြီး သူ့ခန္ဓာကိုယ်ကို ထွင်းဖောက်နေ၏။

“ရီဖူရှင်း...”

ပင်လယ်ပေါ်တွင် ရပ်နေသည့် ထိုအဘိုးအိုက ရီဖူရှင်းကို လက်ညှိုးညွှန်ကာ ပြောသည်။  ရုတ်တရက် မြူခိုးများအကြားတွင် ရေစက်၊ ရေပေါက် အများအပြားထွက်ပေါ်လာပြီး ရီဖူရှင်းထံသို့ ပျံဝင်သွားကြ၏။

ထိုအခိုက်တွင် ရီဖူရှင်းက ကြည့်သည်ဆိုရုံသာ လှမ်းကြည့်လိုက်ပြီး ထို့နောက်တွင်မူ သူသည် နေရာမှ ရုတ်ခြည်းပျောက်ကွယ်သွား၏။ သူသည် ထိုနေရာတွင် ဘယ်တုန်းကမှ မရှိနေသကဲ့သို့ပင်။

“မင်းအခု ထွက်ပြေးလို့မရတော့ဘူး”

အဘိုးအိုက ခေါင်းမော့ကာ ကောင်းကင်ပေါ်တွင် ရှာဖွေလိုက်သည်။ သူထိုသို့ပြောလိုက်ပြီးပြီးချင်းမှာပင် ကျယ်ပြောသော ကမ်းရိုးတန်းတစ်ခွင်လုံးသည် ရေခဲတစ်မျှ အေးစက်သော အအေးဓာတ်တစ်ခုဖြင့် ပြည့်နှက်သွား၏။

“အေးလိုက်တာ...”

လူများစွာ ခိုက်ခိုက်တုန်သွားကြ၏။ ရှီးချီယောင်သည် မျက်မှောင်ကြုတ်ကာ မြူခိုးများကို ကြည့်နေ၏။

“မြူခိုးထဲမှာ အရှိန်အဝါတစ်ခုရှိပုံပဲ”

သူမက ပြောသည်။

“အင်း...”

သူမဘေးမှ အဘိုးအိုက ခေါင်းညိတ်လိုက်သည်။

“သူက ဒီကိစ္စကို စခဲ့တဲ့သူပဲ။ ငါတို့ ဒီလိုဖြစ်လာမယ်ဆိုတာ အရင်ကတည်းက မျှော်လင့်ထားခဲ့ရမှာ။ ရီဖူရှင်းတော့ ပြဿာနာတချို့နဲ့ ရင်ဆိုင်ရတော့မယ်လို့ ငါထင်တယ်”

“ဆက်ကြည့်ကြတာပေါ့”

ရှီးချီယောင်က ပေါ့ပေါ့ပါးပါး ပြောသည်။  အဝေးရှိ ကုန်းမြေသခင်အိမ်တော်ရှိရာဘက်တွင် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကျဆင်းလာပြီး အသံတစ်သံလည်းထွက်ပေါ်လာသည်။

“ဘယ်လိုလဲ...”

“ကုန်းမြေသခင်... ကျွန်တော် သူ့ပေါ်မှ အမှတ်အသားတစ်ခု ကပ်လိုက်ပါပြီ။ သူအခု ထွက်မပြေးနိုင်တော့ပါဘူး...”

ပြန်ပြောလိုက်သူသည် ပင်လယ်ပေါ်တွင် ရပ်နေသူဖြစ်ပြီး သူ့မျက်လုံးထဲတွင် အားကောင်းသော ယုံကြည်မှု ရှိနေ၏။ ရီဖူရှင်းသာ နတ်ဘုရားကဒ်ဘေးကို ကျော်လွှားထားပြီးသူ မဟုတ်ပေါ်က သူ့ကိုယ်ပေါ်တွင်ကပ်ခံလိုက်ရသော အမှတ်အသားကို သူဖျက်ဆီးပစ်နိုင်မည်မဟုတ်ပေ။

ထိုအမှတ်အသားသည် သူမည်သည့်နေရာတွင် ရှိနေသည်ကို သိရှိစေနိုင်၏။

“သူ့ကို သွားပြန်ခေါ်ခဲ့။ အရှင်ခေါ်ခဲ့နိုင်ရင် ပိုကောင်းတယ်။ ဒါပေမဲ့ သူ့အ‌လောင်းကိုပဲ ပြန်ခေါ်လာနိုင်ခဲ့လည်း အဆင်ပြေတယ်”

ကုန်းမြေသခင်ရှီဟိုင်က အေးစက်စွာ ပြောလိုက်၏။

“စိတ်မပူပါနဲ့ ကုန်းမြေသခင်...”

ထိုလူက ယုံကြည်မှုရှိရှိ ပြန်ပြောသည်။  သူသည် ထိုသို့ပြောလိုက်ပြီးနောက် အဝေးရှိ ဦးတည်ရှိတစ်ခုသို့ ကြည့်သည်။ ထိုအခိုက်တွင် ရီဖူရှင်းက ထိုဦးတည်ရာဘက်တွင် ရှိပေသည်။

ကုန်းမြေသခင်သည် ရီဖူရှင်းကို ယခင်က ခြေရာမခံနိုင်ခဲ့ခြင်းသည် ဗုဒ္ဓရောင်ဝါခြေလှမ်းကြောင့် ဖြစ်သည်။ ဗုဒ္ဓရောင်ဝါခြေလှမ်းသည် အသုံးပြုသူကို ခြေရာလက်ရာမကျန်ခဲ့စေဘဲ သွားလာနိုင်စေ၏။ ထို့အပြင် မည်သည့်စည်းမျဉ်းမှလည်း မရှိပေ။ ထို့ကြောင့် ဗုဒ္ဓရောင်ဝါခြေလှမ်းအသုံးပြုသူကို ခြေရာခံနိုင်ရန် နည်းလမ်းမရှိချေ။ သို့သော် ထိုအခိုက်တွင် ကွဲပြားခဲ့ပေပြီ။ သူသည် ရီဖူရှင်းကို အောင်အောင်မြင်မြင် ခြေရာခံနိုင်ခဲ့ပေပြီ။ ယခုတွင် ရီဖူရှင်း မည်သည့်နေရာသို့ သွားစေကာမူ ရီဖူရှင်းက သူ့လက်မှ မလွတ်နိုင်တော့ပေ။

အဝေးရှိ ကမ်းရိုးတန်းအထက်မှ ကောင်းကင်ပေါ်တွင် ရီဖူရှင်း‌ ပေါ်လာ၏။ သူသည် သူ့ကိုယ်တွင်း၌ မဟာလမ်းစဉ်စွမ်းအားမှ ဖြစ်ပေါ်လာသည့် အ‌အေးဓာတ်ကဲ့သို့ အအေးဓာတ်များကို ရုတ်တရက်ခံစားလိုက်ရသည်။ ထိုအအေးဓာတ်သည် သူ့ကိုယ်တွင်းသို့ တစ်နည်းနည်းဖြင့် ဝင်လာ၍ သူ့ကို ထင်ရှားသော‌အေးစက်မှုကို ခံစားနေရစေ၏။

နတ်ဘုရားကဒ်ဘေးကို ကျော်လွှားနိုင်ခဲ့သူများသည် ထူးခြားသော ကိုယ်ပိုင်စွမ်းရည်များ ပိုင်ဆိုင်ကြသည်။ ထိုအကြောင်းကို ရီဖူရှင်း သိထားပြီးဖြစ်သည်။

သို့သော် ထိုစွမ်းရည်ကိုသုံး၍ သူ့ကို လိုက်ဖမ်းမည်ကိုမူ... သူမထင်မှတ်ထားခဲ့ပေ။

All Chapters