← Chapters

နှောင်ကြိုးများနဲ့ပျော်

Vol. 9 Ch. 822

နှောင်ကြိုးများနဲ့ပျော်

Vol. 9 Ch. 822

ဆန်းလျန်က လီချင်းဆွေပြောသည့်စကားကို နားထောင်ရန်အတွက် အနည်းငယ် ရိုရိုသေသေလေးလေးစားစားဖြစ်အောင် အနည်းငယ်ပုံစံပြောင်းကာ ထိုင်လိုက်လေသည်။

တာအိုဆရာလီချင်းဆွေက ဆန်းလျန်ကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီး စကားစတင် ပြောဆိုလေသည်။

"တန်ခိုးစွမ်းအားများကင်းလွတ်ရာ ကမ္ဘာမြေမှာ ဗုဒ္ဓအကြောင်း ၊ စန်းချင်တာအိုဆရာသခင်ကြီး (၃)ပါး အကြောင်းရေးထားတဲ့ စာအုပ်တွေရှိတယ် ၊ တစ်အုပ်က 'အနောက်သို့ ခရီးသွားမှတ်တမ်း' စာအုပ် ၊ နောက်တစ်အုပ်ကတော့ 'နတ်ဘုရားတို့ရဲ့ကမ္ဘာ' စာအုပ်ပဲ… ၊ အဲဒီစာအုပ် (၂)အုပ်လုံးမှာ ရေးသားထားတာတွေက အကုန်အမှန်တွေချည်းပဲ ၊ ဒါပေမဲ့ ကွဲလွဲချက်တွေ နည်းနည်းရှိတယ် ၊ "

"အဲဒီစာအုပ် (၂)အုပ်မှာ ဗုဒ္ဓနဲ့ တာအိုဆရာသခင်ထိုက်ယီရဲ့ ယှဉ်ပြိုင်မှုကို တွေ့မြင်နိုင်တယ် ၊ ဗုဒ္ဓရော တာအိုဆရာသခင်ထိုက်ယီရော သံသရာကို မကျော်လွန်ကြခင်တုန်းက သူတို့ (၂)ယောက်မှာ အကြောင်းအကျိုး ပတ်သက်ဆက်နွယ်မှုတွေ ရှိခဲ့ကြတယ် ၊ ဒါပေမဲ့ သူတို့ (၂)ယောက် ဘယ်လိုယှဉ်ပြိုင်ခဲ့ကြသလဲဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး… ၊ ကြည့်ရတာ ယှဉ်ပြိုင်မှုမှာ ဘယ်သူမှ အနိုင်မရခဲ့ကြဘူး ထင်ပါတယ်လေ… ၊ ဒါပေမဲ့ သူတို့ သံသရာကို ကျော်လွန်သွားကြတဲ့အခါ သူတို့ရဲ့ ယှဉ်ပြိုင်မှုအကြောင်းကို လူတစ်ယောက်ကို သိခွင့်ပြုခဲ့ကြတယ် ၊ ပြီးတော့ သူတို့ နောက်ဆုံး ယှဉ်ပြိုင်ခဲ့ပြီးတဲ့နောက်မှာ တာအိုဆရာသခင်ထိုက်ယီဟာ တန်ခိုးစွမ်းအားများကင်းလွတ်ရာ ကမ္ဘာမြေမှာ စာအုပ်တစ်အုပ်ထားခဲ့တယ် ၊ သူတရားအလင်းမရခင် သူ့ဘဝအကြောင်းကို ရေးသားထားတဲ့ စာအုပ်ပေါ့ ၊ အခု အဲဒီစာအုပ်က ပျောက်ကွယ်သွားခဲ့ပြီ ၊ ဒါပေမဲ့ မင်း အရင်ကတော့ ဖတ်ဖူးမယ် ထင်ပါတယ်…"

ဆန်းလျန်က…

"ကျွန်တော်က တန်ခိုးစွမ်းအားများကင်းလွတ်ရာကမ္ဘာမြေမှာ မွေးဖွားခဲ့တဲ့ လူတစ်ယောက်ပါ ၊ ဒါပေမဲ့ ကျွန်တော့်အတိတ်က ဖြတ်တောက်ခံထားရတယ် ၊ အဲဒီစာအုပ်ကို ကျွန်တော် ဖတ်ဖူးသလား ၊ မဖတ်ဖူးဘူးလား မမှတ်မိတော့ဘူး ၊ အဲဒီမှာ ကျွန်တော်နေထိုင်ခဲ့တယ်ဆိုတဲ့ သဲလွန်စတောင် အခု ပျောက်ဆုံးသွားခဲ့ပြီ…"

လီချင်းဆွေက…

"အဲဒီအကြောင်းတွေ ငါသိပါတယ် ၊ အဲဒါတွေက ဟွင့်ယွမ်ဝူကျီအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီးတဲ့နောက်မှာ မင်းကိုယ်တိုင် လုပ်ခဲ့တဲ့အလုပ်တွေပဲ ၊ ဒါကြောင့်လည်း မင်းက သူတို့ရဲ့အမြင်မှာ မျက်စိစပါးမွှေးဆူးစရာ ဖြစ်လာတာပေါ့ ၊ ဘာလို့လဲဆိုတော့ မင်းက အတိတ်ကို ပြုပြင်ပြောင်းလဲပစ်နိုင်တဲ့ တန်ခိုးစွမ်းအားတွေကို ပိုင်ဆိုင်ထားတယ် ၊ အဲဒါက တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်လာမယ့် လက္ခဏာတွေပဲ ၊ ပွင့်ပွင့်လင်းလင်းပြောရရင် မင်းက အားလုံးထက် ရှေ့တန်းကို ရောက်နေတယ်လေ ၊ ဒါပေမဲ့ ကံဆိုးတာက မင်းမွေးလာတာ နည်းနည်းနောက်ကျသွားတယ် ၊ မဟုတ်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်ကတည်းက မင်းက တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်နေလောက်ပြီ ၊ အဲဒီလိုသာဆိုရင် မင်းဟာ 'အတိတ်ကနေ အခု အနာဂတ် လက်ရှိလောကကို' ရောက်လာစရာအကြောင်းတောင် မရှိဘူး…"

တာအိုဆရာလီချင်းဆွေ၏ စကားများကြောင့် ဆန်းလျန် စိတ်ရှုတ်သွားသည်။ သူက အတိတ်ကနေ လက်ရှိလောကဖြစ်သည့် အနာဂတ်ကို ရောက်ရှိလာခဲ့သူလား…။

ဆန်းလျန်က…

"ကျွန်တော် နားမလည်ဘူး…"

လီချင်းဆွေက အေးစက်စွာ တစ်ချက်ပြုံးလိုက်ရင်း…

"ရွှမ်တုနဲ့ ငါက အရည်အချင်းရှိတဲ့သူတွေပဲ ၊ တန်ခိုးစွမ်းအားအရာမှာလည်း သူမသာ ကိုယ်မသာပါပဲ ၊ ဒါပေမဲ့ ငါတို့ (၂)ယောက်လုံးမှာ တာအိုဆရာသခင်ကြီးဖြစ်လာဖို့ ပါရမီ ပါမလာဘူး ၊ ဒါနဲ့… ဟွင့်ယွမ်ဝူကျီအဆင့်ဟာ တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လာဖို့အတွက် တံခါးတစ်ခုဖြစ်တယ်လို့ မင်းထင်သလား…"

ဆန်းလျန်သည် လီချင်းဆွေ၏ စကားများကို နားထောင်ရင်း လျှို့ဝှက်ချက်ကြီးတစ်ခုကို အလေးအနက် စဉ်းစားနေဟန် ရှိလေသည်။

ဆန်းလျန်က…

"ဘယ်လိုတံခါးလဲ…"

လီချင်းဆွေက ခပ်ပါးပါးတစ်ချက်ပြုံးလိုက်ရင်း…

"မင်းကို လောလောဆယ်တော့ ပြောမပြနိုင်သေးဘူး…"

လီချင်းဆွေ၏ စကားကြောင့် ဆန်းလျန် စိတ်ဓာတ်ကျသွားလေသည်။ သို့သော်… လီချင်းဆွေက လုံးဝပြောမပြသည့်အတွက် သူလည်း မည်သို့မှ မတတ်နိုင်ခဲ့ပေ။

လီချင်းဆွေက စကားဆက်ပြောလေသည်။

"အဲဒီစာအုပ်ကို မင်း ဖတ်ခဲ့တာပဲဖြစ်ဖြစ် ၊ မဖတ်ခဲ့ဘူးပဲဖြစ်ဖြစ် အရေးမကြီးပါဘူး ၊ အဲဒီစာအုပ်ထဲမှာ တာအိုဆရာသခင်ထိုက်ယီ အကြောင်းတွေ ရေးထားတာကလွဲရင် ဘာမှ ထူးခြားတာမရှိဘူး ၊ ဒါပေမဲ့ အဲဒီစာအုပ်ကို ဖတ်ခဲ့ဖူးရင် တာအိုဆရာသခင်ထိုက်ယီဆိုတာ ဘယ်လောက်အကြင်နာကင်းမဲ့သလဲဆိုတာ မင်းသိရလိမ့်မယ် ၊ လောကမှာ သူ့ကို တားဆီးနိုင်တဲ့သူ ဘယ်သူမှ မရှိဘူး ၊ မင်းလည်း သူနဲ့သိပ်တူတယ် ၊ ဒါပေမဲ့ မတူတာလေးတွေလည်း ရှိတာပေါ့လေ…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ကျွန်တော်က တာအိုဆရာသခင်ထိုက်ယီနဲ့ တူလို့ တာအိုဆရာချင်းဆွေက ကျွန်တော့်ကို လက်ခံတွေ့ဆုံခဲ့တာ မဟုတ်လား…"

လီချင်းဆွေက…

"အမှန်ပဲ ၊ ငါမင်းကို သဘောမကျပေမယ့် မုန်းနေတာမျိုးတော့ မရှိပါဘူး ၊ ပြီးတော့ ကျိလင်နတ်သမီးက ငါ့အချစ်ဆုံး တပည့်လေ ၊ မင်းကို ဘယ်တော့မှ အခက်တွေ့အောင်မလုပ်ဘူးလို့ ငါ သူ့ကို ကတိပေးခဲ့တယ်…"

"ကျိလင်နတ်သမီး" ဆိုသည့်အမည်ကို ဆန်းလျန် ကျောက်ရှောင်ယွီထံမှလည်း ကြားခဲ့ဖူးလေသည်။

သို့သော်… ယခု တာအိုဆရာလီချင်းဆွေထံမှ "ကျိလင်နတ်သမီး" ဆိုသည့်အမည်ကို ထပ်မံကြားသိလိုက်ရသည့်အခါ ဆန်းလျန်၏ စိတ်ထဲတွင် ထူးဆန်းသည့်ခံစားချက်တစ်မျိုးကို ခံစားလိုက်ရသည်။

"ကျိလင်နတ်သမီး" ဆိုသည့်အမည်က သူ့ကို စိတ်လှုပ်ရှားစေရုံသာမက ဝမ်းနည်းနာကျင်ခြင်းများကိုလည်း ခံစားရစေလေသည်။

ပြန်လည်သိမြင်နိုင်ခြင်း မရှိသည့်တိုင်… သူ၏ ဖြတ်တောက်ခံထားရသည့်အတိတ်သည် နာကျင်ဝမ်းနည်းစရာမျာဖြင့် ပြည့်နက်နေခဲ့သည့် အတိတ်လေလားဟု ဆန်းလျန် တွေးလိုက်မိသည်။

ဆန်းလျန်၏ မျက်နှာအမူအရာပြောင်းလဲသွားသည်ကို ကြည့်လိုက်ရင်း လီချင်းဆွေက အေးဆေးသည့် လေသံဖြင့် စကားဆက်ပြောလိုက်သည်။

"မင်း ဝမ်းနည်းကြေကွဲနေတယ် မဟုတ်လား ၊ ဟုတ်တယ် ၊ မင်း ဝမ်းနည်းကြေကွဲရမှာပေါ့ ၊ မင်းကြောင့်သာမဟုတ်ရင်… ယင်နဲ့ယန် ဘေးအန္တရယ်ဆိုးကြီးကျရောက်နဲ့အချိန်မှာ ကျိလင်နတ်သမီး သေဆုံးခဲ့ရမှာ မဟုတ်ဘူး ၊ သူသာ အသက်ရှင်နေသေးရင် ခုချိန်ဆို ငါ့ရဲ့ ချင်းဆွေထျန်း ကောင်းကင်ဘုံကို ဆက်ခံမယ့် နတ်သမီးတစ်ပါး ဖြစ်နေလောက်ပြီ…"

ဆန်းလျန်က…

"ကျိလင်နတ်သမီးက ကျွန်တော့်ရဲ့ ဆရာဘွားဘွားဆိုတာ ကျွန်တော်သိပါတယ် ၊ ဒါပေမဲ့ တာအိုဆရာချင်းဆွေပြောနေတာတွေကို ကျွန်တော် နားမလည်ဘူး…"

လီချင်းဆွေက…

"မင်း သိတော့ရော ဘာအကျိုးရှိမှာလဲ ၊ မင်းသာ တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်မလာတော့ဘူးဆိုရင် မင်းကြောင့် အသက်စွန့်ခဲ့ရသူတွေ ဘယ်တော့မှ အသက်ပြန်ရှင်လာကြမှာ မဟုတ်တော့ဘူး…"

ဆန်းလျန်က…

"တာအိုဆရာချင်းဆွေက ကျွန်တော့်ကို တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်လာမယ်လို့ ထင်နေတာလား…"

လီချင်းဆွေက…

"ဘယ်သိနိုင်မလဲ ၊ ဒီလောကမှာ တာအိုဆရာသခင်ကြီးတစ်ပါးပဲ ထပ်ပွင့်ဖို့ ရှိတော့တယ် ၊ အဲဒီလူက မင်းဟုတ်ချင်လည်းဟုတ်မယ် ၊ မဟုတ်ချင်လည်း မဟုတ်ဘူး…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"မျှော်လင့်ချက်ဆိုတာ အမြဲရှိပါတယ် ၊ မျှော်လင့်ချက်ရှိနေသရွေ့ ကျွန်တော် ကြိုးစားနိုင်ပါတယ်…"

လီချင်းဆွေက…

"ဒါဖြင့် ငါ မင်းကို ကိစ္စတစ်ခုမေးမယ်…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"တာအိုဆရာလီချင်းဆွေမေးမယ့်မေးခွန်းကို ကျွန်တော်သိပါတယ် ၊ တကယ်လို့ တာအိုဆရာချင်းဆွေက ကျွန်တော်သွားမယ့်လမ်းမှာ အတားအဆီးဖြစ်လာခဲ့ရင် ကျွန်တော်က တာအိုဆရာချင်းဆွေကို သတ်ပစ်မှာလား ၊ မသတ်ပစ်ဘူးလားဆိုတဲ့ မေးခွန်း မဟုတ်လား…"

ဆန်းလျန်၏စကားဆုံးသည်နှင့် လီချင်းဆွေက ခေါင်းညိတ်ပြလိုက်သည်။

ဆန်းလျန်သည် ပထမဆုံးအကြိမ်ဖြစ် လီချင်းဆွေ၏ စိတ်ကို နားလည်သွားမိလေသည်။

သူ့ရှေ့မှ လီချင်းဆွေဆိုသူကို အဆင့်မြင့်တာအိုဆရာသခင်တစ်ပါးဟု မမြင်မိတော့ဘဲ ခင်မင်ရသည့် မိတ်ဆွေတစ်ယောက်ဟု ထင်မြင်လာမိလေသည်။

ထို့ပြင်… ကျောက်ရှောင်ယွီပြောပြသည့် အတိတ်အကြောင်းများအရဆိုလျှင် တာအိုဆရာလီချင်းဆွေဆိုသည်မှာ သူ၏ ဘိုးဘေးဆရာသခင်တစ်ယောက်လည်း ဖြစ်သည်မဟုတ်ပါလား။

ဆန်းလျန်က…

"ကျွန်တော် တာအိုဆရာချင်းဆွေကို မသတ်ပါဘူး…"

လီချင်းဆွေက…

"ဘာဖြစ်လို့လဲ…"

ဆန်းလျန်က…

"ဘာဖြစ်လို့လဲဆိုတော့ ဟိုအစကနေ အဆုံးထိ အချိန်တစ်လျှောက်လုံး တာအိုဆရာချင်းဆွေက ကျွန်တော့်ကို သတ်ပစ်ဖို့ တစ်ခါမှ မစဉ်းစားခဲ့ဘူး မဟုတ်လား ၊ အဲဒီတော့ ကျွန်တော်ကလည်း တာအိုဆရာချင်းဆွေကို ဘာလို့ သတ်ရမှာလဲ ၊ ပြီးတော့ အတိတ်ကိုမမှတ်မိတော့ပေမယ့် တာအိုဆရာချင်းဆွေက ကျွန်တော့်ရဲ့ ဘိုးဘေးဆရာသခင်တစ်ယောက်ပဲ မဟုတ်ဘူးလား…"

လီချင်းဆွေက သန့်စင်ကြည်လင်သည့် မျက်ဝန်းများဖြင့် ဆန်းလျန်ကို ကြည့်လိုက်ရင်း သက်ပြင်းတစ်ချက် ချလိုက်လေသည်။

"မင်းဟာ ယောကျ်ားလေးတစ်ယောက်ဖြစ်နေပြီး ငါတီထွင်ခဲ့တဲ့ ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်ကို ကျင့်ကြံခဲ့တဲ့အတွက် ငါ အမြဲတမ်း ဒေါသထွက်နေခဲ့တယ် ၊ မင်းကိုလည်း ကြည့်မရခဲ့ဘူး ၊ အခု မင်းဆီက ဒီလိုစကားကြားရတော့ ငါ မင်းကို ဒေါသမထွက်တော့ပါဘူး ၊ ငါ စိတ်ဖြေလိုက်နိုင်ပါပြီ ၊ ဒါပေမဲ့… နှစ်ပေါင်း တစ်သောင်းကျော်တောင် နောက်ကျသွားခဲ့ပြီကွာ…"

သူတို့ စကားပြောနေကြသည့်အချိန်မှာပင်…

လီချင်းဆွေ၏ဘေးတွင် ဓား (၂)လက် ပေါ်လာလေသည်။

ဓားတစ်လက်က အဖြူရောင်ဖြစ်ပြီး နောက်ဓားတစ်လက်က သွေးနီရောင်ဖြစ်လေသည်။ ဓားပုံစံများက ရိုးရှင်းပြီး ဓားရိုးတွင် မီးခိုးရောင်ကြိုးတစ်ချောင်းစီ ချည်နှောင်ထားလေသည်။

ထို ဓား (၂)လက်ကို တွေ့မြင်လိုက်ရသည်နှင့် ဆန်းလျန်၏ စိတ်ထဲတွင် ဖော်မပြနိုင်သည့် ခံစားချက်များကို ခံစားလိုက်ရလေသည်။

သူနားထဲတွင် ရေစီးဆင်းသံများ ကြားယောင်လာပြီး သူ့မျက်ဝန်းထဲတွင် လှိုင်းများထန်နေသည့် သွေးနီရောင်ပင်လယ်ကို တွေ့မြင်လိုက်ရလေသည်။

ထိုဓား (၂)လက်မှ အဖြူဓားဝိညာဉ်တစ်ခုနှင့် သွေးနီရောင်ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာပြီး ဓားများက ဆန်းလျန်၏ နောက်ကျောဘက်သို့ ပျံသန်းထွက်ခွာသွားကာ ဆန်းလျန်၏နောက်ကျောဘက်တွင် ကြက်ခြေခတ်ပုံသဏ္ဍန် တည်ရှိနေကြလေသည်။

မီးခိုးရောင်ကြိုးစများက လေထဲတွင် လွင့်ပျံလျှက်ရှိသည်။

ဆန်းလျန်သည် တိတ်ဆိတ်ငြိမ်သက်နေလေသည်။ အားနည်းနေသည့် သူ၏နတ်ဘုရားခန္ဓာဆီမှ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်လာလေသည်။

လီချင်းဆွေက…

"အဖြူရောင်ဓားက ယွမ်တုဓားလို့ခေါ်တယ် ၊ သွေးနီရောင်ဓားကတော့ ငရဲလမ်းဓားပဲ ၊ ဒီဓားတွေကို ပိုင်ဆိုင်ခဲ့တဲ့ အရင်ပိုင်ရှင်ကတော့ အသူရာချောက်ရဲ့အရှင်သခင်ပဲ…"

ဆန်းလျန်က…

"ကျေးဇူးတင်ပါတယ် တာအိုဆရာချင်းဆွေ ၊ ဒီဓားတွေကို ကျွန်တော် တန်ဖိုးထားပါ့မယ်…"

ယွမ်တုဓားနှင့် ငရဲလမ်းဓား…။

ထိုဓား (၂)လက်စလုံးမှာ မရဏဓားများဖြစ်ကြလေသည်။

သူရင်ဆိုင်ခဲ့ရသည့် မရဏဓား (၄)လက်ထက် တန်ခိုးစွမ်းအား လျော့နည်းခြင်း မရှိပေ။ ထို့ပြင် ဆန်းလျန်နှင့်လည်း လိုက်လျောညီထွေရှိလှလေသည်။

အစောကတည်းကသာ ဤဓား (၂)လက်သာ ပိုင်ဆိုင်ထားလျှင် ရွှမ်တုတောက်ကျွင်းကို ထိုမျှ ရုပ်ပျက်ဆင်းပျက်ဖြင့် ရှုံးနိမ့်လာစရာ အကြောင်းမရှိပေ။

သို့သော်… ရွှမ်တုတောက်ကျွင်းတွင် ထိုက်စန့်လောင်ကျွင်း၏ ကျင်းကန်းရွှေကွင်းရှိနေလျှင်တော့ သူ့အခြေအနေက ထူးမခြားနားပင် ဖြစ်ပေလိမ့်မည်။

လီချင်းဆွေက…

"ငါ့ကို ကျေးဇူးမတင်နဲ့ ၊ ဒီဓားတွေကကို အစကတည်းက မင်းနောက်ကို လိုက်ချင်နေကြတာပါ ၊ ဒါပေမဲ့ ဒီဓား (၂)လက်ရှိရုံနဲ့ ရွှမ်တုလိုလူမျိုးကို ရင်ဆိုင်နိုင်မှာ မဟုတ်သေးဘူး ၊ မင်းအနေနဲ့ တာအိုဆရာသခင်ထိုက်ယီချန်ထားခဲ့တဲ့ ထိုက်ယီနတ်ဓားကို ရဖို့လိုသေးတယ် ၊ ဒါမှသာ ရွှမ်တုတောက်ကျွင်းပဲဖြစ်ဖြစ် ၊ ရွှမ်တုတောက်ကျွင်းလို တန်ခိုးစွမ်းအားမြင့်မားတဲ့ တခြားရန်သူတွကိုပဲဖြစ်ဖြစ် မင်း ရင်ဆိုင်နိုင်လိမ့်မယ်…"

ဆန်းလျန်က…

"ထိုက်ယီအလင်းဓားကို ကျွန်တော် ကြားဖူးတယ် ၊ အဲဒီဓားက ထိုက်ယီနတ်ဓားနဲ့ ဆက်စပ်နေတာလား…"

လီချင်းဆွေက…

"ထိုက်ယီအလင်းဓားဆိုတာက ထိုက်ယီနတ်ဓားရဲ့ မူလအခြေခံပဲ ၊ ထိုက်ယီနတ်ဓားရဲ့ လေးနက်တဲ့အချက်ကတော့ 'နတ်' ဆိုတဲ့ စာလုံးပဲ ၊ ဟိုးရှေးအချိန်တုန်းက တာအိုကျင့်ကြံခြင်းကနေ နတ်ဘုရားဖြစ်လာတဲ့သူတွေနဲ့ မူလနတ်ဘုရားတွေ အတူတကွ ယှဉ်တွဲနေထိုင်ကြတဲ့ ခေတ်တစ်ခေတ် ရှိခဲ့ဖူးတယ် ၊ ထိုက်ယီနတ်ဓားမှာ မူလနတ်ဘုရားတွေရဲ့တန်ခိုးစွမ်းအားတွေရော တာအိုတန်ခိုးစွမ်းအားတွေရော ကိန်းအောင်းနေတယ် ၊ ဒါကြောင့် တန်ခိုးစွမ်းအား မြင့်မားလွန်းတယ် ၊ မရဏဓား (၄)လက်ကိုရော ၊ လျန်ယိမြူခိုးတန်ခိုးစွမ်းအားကိုရော ကောင်းကောင်း ယှဉ်ပြိုင်နိုင်တယ် ၊ အတိအကျတော့ ငါ မပြောနိုင်ဘူး ၊ ဒါပေမဲ့ မင်း ကောင်းကောင်း လေ့ကျင့်မယ်ဆိုရင် တစ်ချက်တည်းနဲ့ လျန်ယိမြူခိုးအရံအတားကို ထိုးဖောက်ထွက်နိုင်လိမ့်မယ် ၊ အဲဒီလိုသာဆိုရင် တာအိုဆရာသခင်ထိုက်ယီလည်း အတော်လေး စိတ်ကျေနပ်လိမ့်မယ် ထင်တာပဲ ၊ ထိုက်ယီနတ်ဓားကို သူ ပြုလုပ်ခဲ့တဲ့ အဓိက ရည်ရွယ်ချက်က မရဏဓား (၄)လက်နဲ့ လျန်ယိမြူခိုးတန်ခိုးစွမ်းအားကို ယှဉ်ပြိုင်နိုင်ဖို့ပဲ…"

လီချင်းဆွေ၏ စကားများကို နားထောင်ပြီး ဆန်းလျန် ပြုံးလိုက်မိသည်။

ထိုက်ယီနတ်ဓားသာရလျှင် ကျောက်ရှောင်ယွီ၏ လျန်ယိမြူခိုးသံလိုက်တန်ခိုးစွမ်းအားကို ချိုးဖျက်ရန် အရင်ဆုံး စမ်းသပ်ကြည့်ရမည်ဟု တွေးမိလိုက်သောကြောင့် ဖြစ်လေသည်။

တာအိုဆရာလီချင်းဆွေက စကားအရသာ တာအိုဆရာသခင်ထိုက်ယီကို မနှစ်သက်သလို ပြောဆိုနေသည့်တိုင် တကယ်တမ်းတွင် သူမသည် တာအိုဆရာသခင်ထိုက်ယီကို ကြောက်ရွံ့ရိုသေသလို သံယောဇဉ်လည်း ရှိပုံရလေသည်။

ထို့ကြောင့်… သူတို့ (၂)ယောက် မည်သို့ပတ်သက်သည်ကို ဆန်းလျန် သိချင်လာမိလေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

"တာအိုဆရာသခင်ထိုက်ယီနဲ့ တာအိုဆရာချင်းဆွေရဲ့ ဆက်ဆံရေးကဘယ်လိုမျိုးလဲ ၊ ကျွန်တော့်ကို ပြောပြပါဦး…"

ဆန်းလျန် ပွင့်ပွင့်လင်းလင်းမေးလိုက်သည့် မေးခွန်းကြောင့် တာအိုဆရာချင်းဆွေက ဒေါသထွက်သွားခြင်း မရှိပေ။

သူမက နူးညံ့သိမ်မွေ့သည့်လေသံဖြင့်…

"တာအိုက (၁)ခုကို မွေးဖွားတယ်လို့ အဆိုရှိတယ် ၊ တာအိုဆရာသခင် ထိုက်ယီက တာအိုဆိုရင် တာအိုကမွေးဖွားတဲ့ (၁)ခုဆိုတာဟာ ချင်းဆွေပါပဲ ၊ သူပြောခဲ့ဖူးတယ် ၊ 'မိုးနှင့်မြေ ၊ အတိတ်နှင့်အနာဂတ် ၊ လောကတစ်ခုလုံးက လူသားတွေအားလုံးအလယ်မှာ 'ချင်းဆွေ' ဆိုတာ တစ်ယောက်တည်းရှိတယ်' တဲ့ ၊ ဒါပေမဲ့ တာအိုက (၁)ခုကို မွေးဖွားနိုင်ပေမယ့် (၁)ခုဆိုတဲ့အရာကတာ့ တာအိုကို ပြန်ပြီး မွေးဖွားပေးနိုင်မှာမဟုတ်ဘူး ၊ ဒါကြောင့် လောကမှာ ချင်းဆွေမရှိလည်းဘာမှမဖြစ်ပါဘူး ၊ တာအိုဆရာသခင်ထိုက်ယီကတော့ အမြဲတမ်း တည်ရှိနေလိမ့်မယ်…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ဒါဖြင့် တာအိုဆရာသခင်ထိုက်ယီနဲ့ တာအိုဆရာချင်းဆွေက သားအဖတွေလို့ ပြောနေကြတဲ့ ကောလဟလတွေက တကယ်အမှန်တွေပဲပေါ့…"

လီချင်းဆွေက…

"တာအိုက တစ်ခုကို မွေးဖွားတယ် ၊ တစ်ခုကနေနှစ်ခု ၊ နှစ်ခုကနေသုံးခု…. မွေးဖွားဖြစ်တည်လာတယ် ၊ တကယ်တော့ အရာအားလုံးက တာအိုဆရာသခင်ထိုက်ယီနဲ့ ဆက်စပ်နေတာပါပဲ ၊ ဒါပေမဲ့ တာအိုဆရာသခင်ထိုက်ယီနဲ့ မတွေ့ရမချင်းတော့ မင်း သူ့အကြောင်းကို ကောင်းကောင်းသိမှာမဟုတ်ဘူး ၊ သူက လုံး၀ လွတ်လပ်တဲ့ လူတစ်ယောက်ပဲ ၊ ဘယ်အရာကမှ သူ့ကို ထိန်းချုပ်မထားနိုင်ဘူး ၊ မင်းတို့ ငါတို့တွေကတော့ ရစ်ပတ်ထားတဲ့ နှောင်ကြိုးတွေအထပ်ထပ်နဲ့ပဲ မဟုတ်ဘူးလား…"

ဆန်းလျန်က ခပ်ဖြည်းဖြည်းပြောလိုက်သည်။

"နှောင်ကြိုးတွေနဲ့ပဲ ပျော်နေကြတာ မဟုတ်ဘူးလားဗျာ…"

လီချင်းဆွေက ခေါင်းကို တစ်ချက်မော့လိုက်ပြီး…

"မှန်တယ်… နှောင်ကြိုးတွေနဲ့ပဲ ပျော်နေကြတာ…"

ဆန်းလျန်က…

"တာအိုဆရာချင်းဆွေလည်း ဒဏ်ရာရနေတယ်ဆိုတော့ ကျွန်တော် ကူညီပေးနိုင်တာ ဘာများရှိမလဲ…"

လီချင်းဆွေက တည်ကြည်သည့်မျက်နှာထားဖြင့်…

"ဟွန်း… နေစကြာတထာဂတဿက ငါ့ကို အငိုက်ဖမ်းပြီး တိုက်ခိုက်တာ ၊ ဒါပေမဲ့ သူ့လက်သီးချက်က အော်မီတော်ဖူဘုရားရဲ့ လက်သီးချက်အတိုင်းပဲ ၊ ပြင်းထန်လွန်းတယ် ၊ တာအိုဆရာသခင်ကြီးတွေထားခဲ့တဲ့ ကျင့်စဉ်တွေကို ကျင့်ကြံမှပဲ ပျောက်ကင်းနိုင်မယ် ၊ မင်း မကူညီနိုင်ပါဘူး…"

ဆန်းလျန်က စိတ်မကောင်းသည့်လေသံဖြင့်…

"ဒါဖြင့် ကျွန်တော် ကူညီနိုင်တာရှိရင်သာ ပြောပါ…"

လီချင်းဆွေက…

"မင်း အသက်ရှင်ဦးမယ်ဆိုရင် ဘုရင်ရှစ်ပါးနန်းတော်က မီးအိမ်ကို သွားယူပေးပါ ၊ အဲဒါ ငါ့အတွက် အကောင်းဆုံးပဲ…"

ခဏစဉ်းစားနေပြီးမှ ဆန်းလျန်က ခေါင်းညိတ်သဘောတူလိုက်သည်။

ထိုအလုပ်က အပြောလွယ်သလောက် အလုပ်ခက်လေသည်။ များပြားလှစွာသည့် အခက်အခဲများကို ရင်ဆိုင်ရမည် ဖြစ်သည်။ ထို့ပြင်… ဘုရင်ရှစ်ပါးနန်းတော်တွင် ရွှမ်တုတောက်ကျွင်းရှိနေခြင်းက အကြီးမားဆုံး အတားအဆီးပင် ဖြစ်ပေတော့သည်။

ရွှမ်တုတောက်ကျွင်း မည်မျှ တန်ခိုးစွမ်းအားမြင့်မားသည်ကို ဆန်းလျန် လက်တွေ့ကြုံခဲ့ပြီးပြီ ဖြစ်သည်။

ထို့ကြောင် လီချင်းဆွေတောင်းသည့် အကူအညီမှာ အမှန်တကယ်ပင် ခက်ခဲလွန်းသည်။

သို့သော်… သူက လီချင်းဆွေကို ကူညီရန် သဘောတူလိုက်ရသည့် အကြောင်းမှာ လီချင်းဆွေသည် ဆန်းလျန်တွေးထင်ထားသလောက် အေးစက်တင်းမာသူတစ်ယောက် မဟုတ်ဘဲ စိတ်သဘောထားကောင်းမွန်သူတစ်ယောက်ဖြစ်သည်ကို သိရှိလိုက်ရသောကြောင့်ပင်။

…………..

ဇာမဏီနတ်ဘုရားနန်းတော်သည် စကြာဝဠာတွင် ပထမဆုံးဖြစ်တည်လာသည့် နန်းတော်တစ်ခုဟု အဆိုရှိလေသည်။

နန်းတော်ပတ်ဝန်းကျင်တစ်ခုလုံးတွင် အရံအတားများဖြင့် ပြည့်နက်နေသည်။

ကွေလိသာ ဆန်းရော့ရှီကို လမ်းပြခေါ်ဆောင်မလာပါက နန်းတော်အဝင် ပထမတံတိုင်းတွင်ပင် ဆန်းရော့ရှီသည် လမ်းပျောက်ကာ မျက်စိလည်နေမည် ဖြစ်သည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် အတိတ်တစ်ချိန်က ဘိုးဘေးဇာမဏီငှက်သည် မည်မျှ တန်ခိုးစွမ်းအား မြင့်မားခဲ့ကြောင်း သိရှိနိုင်လေသည်။

ကွေလိက ဆန်းရော့ရှီကို ဇာမဏီနတ်ဘုရားနန်းတော်တည်ရှိရာ မီးတောင်၏ ဗဟိုချက်ကို ခေါ်ဆောင်သွားမည်ဟု ကတိပေးခဲ့လေသည်။

ထို့ကြောင့် သူမကတိအတိုင်း ဆန်းရော့ရှီကို ဇာမဏီ နတ်ဘုရားနန်းတော်သို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

ဇာမဏီနတ်ဘုရားနန်းတော်၏ အုတ်မြစ်သည် ဇာမဏီနတ်ဘုရားနန်းတော်တည်ရှိရာ မီးတောင်၏ ဗဟိုချက်မှ မီးတောက်များပင် ဖြစ်လေသည်။

မီးတောင်ဗဟိုချက်တွင် မီးတောက်ကန်များ များစွာရှိပြီး ယင်စွမ်းအားမီးတောက်နှင့် ယန်စွမ်းအားမီးတောက်ဟူ၍ ခွဲခြားထားလေသည်။

ယင်စွမ်းအားမီးတောက်မှာ အရာအားလုံးကို အေးခဲသွားစေနိုင်ပြီး ယန်စွမ်းအားမီးတောက်ကတော့ အရာအားလုံးကို လောင်ကျွမ်းပြာကျသွားစေနိုင်လေသည်။

ယင်စွမ်းအားမီးတောက်နှင့် ယန်စွမ်းအားမီးတောက်များကို တစ်ဝက်စီပိုင်းခြားထားလေသည်။

ယင်စွမ်းအားမီးတောက်နှင့် ယန်စွမ်းအားမီးတောက်များ၏ ဆုံချက်နေရာတွင် ကြီးမားသည့် စွမ်းအားထုကြီးတစ်ခု ထွက်ပေါ်လျှက်ရှိသည်။ ထိုစွမ်းအားထုကြီးက ဇာမဏီနတ်ဘုရားနန်းတော်တစ်ခုလုံး၏ တန်ခိုးစွမ်းအား အရင်းအမြစ်ပင် ဖြစ်လေသည်။

ထို့ပြင် ဇာမဏီနတ်ဘုရားနန်းတော်တည်ရှိရာ မီးတောင်သည် တစ်နေရာတည်းတွင် တည်ရှိခြင်းမဟုတ်ဘဲ နဂါးငွေ့တန်းတစ်လျှောက်လှည့်လည်ကာ စကြာဝဠာအနှံ့ရွှေ့ပြောင်းသွားလာနေသည့် မီးတောင်တစ်တောင် ဖြစ်လေသည်။

နေရာ အပြောင်းအလဲမြန်ဆန်လွန်းသည့်အတွက် ဇာမဏီနတ်ဘုရားနန်းတော်ကို ရှာဖွေတွေ့ရှိရန်မှာ တော်ရုံ မလွယ်ကူလှပေ။

ဇာမဏီနတ်ဘုရားနန်းတော်တွင် ဇာမဏီမျိုးနွယ် ငှက်ပေါင်း (၃၀၀)ကျော်နေထိုင်ကြပြီး သူတို့ထဲတွင် ဆန်းရော့ရှီကို ယှဉ်နိုင်သည့်သူမှာ (၁၀)ယောက်ခန့် ရှိလေသည်။

သို့သော်… ဇာမဏီနတ်ဘုရားနန်းတော်သည် အင်အား နည်းပါးသည့် နန်းတော်တစ်ခုမဟုတ်သည်ကို သိရှိနိုင်လေသည်။

***

All Chapters