← Chapters

မည်သူ့လောကနည်း...

Vol. 176 Ch. 2517

မည်သူ့လောကနည်း...

Vol. 176 Ch. 2517

“ကျုံးမြောင်...”

ယင်ကျိုး၏ ကမ်းခြေတွင် မျက်လုံးများစွာသည် အပြာရောင်ဝတ်ရုံဝတ်ဆင်ထားသည့် အဘိုးအိုကို ကြည့်နေကြသည်။ ထိုတန်ခိုးရှင်သည် ရှေးကတည်းက အနောက်ပင်လယ်ကုန်းမြေတွင် ကျော်ကြားခဲ့သူတစ်ဦးဖြစ်သည်။ ယခုတွင် သူသည် အနောက်ပင်လယ်ကုန်းမြေ၏ ကုန်းမြေသခင်အိမ်တော်တွင် နံပါတ်နှစ် အာဏာရှိသူ ဖြစ်လာပေပြီ။ သူသည် နတ်ဘုရားကဒ်ဘေး ပထမအဆင့်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် ရင်ဆိုင်ခဲ့ပြီးဖြစ်သည်။ သူကျော်လွှားခဲ့သည်မှာ ပထမကပ်ဘေးသာဖြစ်သော်လည်း သူသည် ထိုအဆင့်တွင် ကျင့်ကြံခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သည်။

အနောက်ပင်လယ်ကုန်းမြေတစ်ခွင်လုံးတွင် သူ့ထက်သာသည့်သူ အနည်းငယ်သာရှိ၏။ အချို့ကုန်းမြေများတွင် သူသည် ကုန်းမြေသခင်အိမ်တော်ကို အုပ်ချုပ်နိုင်လောက်သည်အထိ အဆင့်မီပေသည်။

ကျုံးမြောင် ကျင့်ကြံသောလမ်းစဉ်သည် တမူထူးခြားသော ကိုယ်ပိုင်စွမ်းရည်များ ရှိ၏။ အစောကပေါ်ထွက်လာသော ဖျော့တော့သည့်မြူခိုးသည် သူ၏ကိုယ်ပိုင်လျှို့ဝှက်စည်းမျဉ်းများရှိ၏။ ထို့ကြောင့် ရီဖူရှင်းကို ခြေရာခံအမှတ်အသားပြုနိုင်ခဲ့ခြင်းပင်။

ဤအကြိမ်တွင် ရီဖူရှင်းက ပြဿနာတက်ပေပြီ။ ယင်ကျိုးကမ်းခြေပေါ်ရှိ တန်ခိုးရှင်များသည် တိတ်တဆိတ်မှတ်ချက်ပြုလိုက်ကြသည်။ သူတို့သည် ကျုံးမြောင် ပျောက်ကွယ်သွားပြီး ရီဖူရှင်းရှိရာဘက်သို့ ဦးတည်ထွက်သွားသည်ကို မြင်လိုက်ရသည်။

သူ၏ခန္ဓာကိုယ်သည် အနောက်ပင်လယ်နှင့် ပေါင်းစည်းသွားသကဲ့သို့ ထင်ရပြီး ပင်လယ်ထဲတွင် မျက်စိတစ်မှိတ်အတွင်း မိုင်ထောင်ချီသွားလာခဲ့သည်ကို သူတို့မြင်လိုက်ရသည်။

“ငါတောင် ကျုံးမြောင်ရဲ့အမြန်နှုန်းကို လိုက်မကြည့်နိုင်ဘူး”

ရှီးချီယောင်ရပ်နေသော သင်္ဘောပေါ်တွင် သူမနောက်မှ အဘိုးအိုကပြောသည်။

“ဘာဖြစ်သွားမလဲဆိုတာ ကျွန်မတို့ မြင်နိုင်မယ့်ပုံမပေါ်ဘူး”

ရှီးချီယောင်သည် အနည်းငယ် စိတ်ပျက်နေသည်။ ရီဖူရှင်းက ကျုံးမြောင်ကို ယှဉ်နိုင်၊ မယှဉ်နိုင်ကို သူမ မသေမချာဖြစ်နေသည်။

ရီဖူရှင်းက အနောက်ပင်လယ်အတွင်း၌ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် အရှေ့သို့ ဆက်သွားနေသည်။ သို့သော် သူ့နောက်တွင် တစ်စုံတစ်ယောက် ကပ်လိုက်လာကြောင်းကို သူခံစားနေရ၏။ ကျုံးမြောင်သည် ရီဖူရှင်းကို လှမ်းမြင်နိုင်သည့် အကွာအဝေးမှ ကပ်လိုက်လာသည်။ ရီဖူရှင်းကိုယ်ပေါ်မှ အအေးဓာတ်သည် ပျံ့နှံ့လာပြီး သူ့စိတ်ဝိညာဉ်အတွင်းသို့ပင် ဝင်ရောက်လုနီးပါးဖြစ်နေကာ သူ့ကို အလွန်အမင်းအေးစက်နေစေ၏။

ကျုံးမြောင်သည် အမှန်ပင် နတ်ဘုရားကဒ်ဘေးကို ကျော်လွှားနိုင်ခဲ့သူဖြစ်သည်။ သူလုပ်ခဲ့သော လုပ်ရပ်သည် သာမန်မဟုတ်ပေ။

သို့သော် ရီဖူရှင်းက ထွက်ပြေးနေရသော်လည်း မျက်နှာထားမပြောင်းသွားသေးပေ။ သူ့ကိုယ်တွင်းမှ အအေးဓာတ်သည် ထကြွသောင်းကျန်းနေပြီး သူ့ကိုယ်တွင်းရှိ မဟာလမ်းစဉ်စွမ်းအားကို တိုက်စားနေပြီး သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်ကိုလည်း တိုက်စားနေသည်။ ထိုအခြင်းအရာသည် သူ့အမြန်နှုန်းအပေါ်သို့ များစွာသက်ရောက်မှု ရှိ၏။ သူက ထိုအအေးဓာတ်ကို မဟာလမ်းစဉ်စွမ်းအားကိုသုံး၍ တောင်ခံကာ ဖျက်ဆီးပစ်လိုနေသော်လည်း အသုံးမဝင်ချေ။

တဖြည်းဖြည်းဖြင့် ရီဖူရှင်းက နှေးကွေးလာလေတော့သည်။

အဝေးရှိ အနောက်ပယ်လယ်အလယ်တွင် မျက်နှာတစ်ခု ရောင်ပြန်ဟပ်နေပုံပေါ်၏။ ထိုမျက်နှာသည် ကျုံးမြောင်၏မျက်နှာပင်။ သူသည် ပင်လယ်ပေါ်တွင် အံ့အားသင့်ဖွယ် အမြန်နှုန်းဖြင့် သွားနေပြီး ထိုမျက်နှာသည်လည်း ရေခဲတမျှအေးစက်သော အပြုံးတစ်ချက်ကို လှစ်ဟပြလိုက်သည်။ ဤအကြိမ်တွင် သူသည် ရီဖူရှင်းကို မျှားခေါ်ရန် လူတစ်စုကို စတေးခဲ့ရသည်။ ယခုတွင် ဤနေရာသို့ ရီဖူရှင်းရောက်ပြီဖြစ်ရာ သူက ရီဖူရှင်းကို အဘယ်သို့ လွတ်မြောက်ခွင့်ပေးနိုင်မည်နည်း။

ရီဖူရှင်းက သူ့ကိုယ်သူ အလွန်စိတ်ကြီးဝင်နေသည်။ သူသည် ထောင်ချောက်တစ်ခုဖြစ်ကြောင်း သိသော်လည်း တွေဝေခြင်းမရှိဘဲ ယင်ကျိုးကမ်းခြေတွင် ပေါ်လာခဲ့၏။ မိမိကိုယ်ကို အထင်ကြီးခြင်းက သူ့ကျဆုံးခြင်း ဖြစ်လာ၏။

သူတို့နှစ်ဦးသည် အတော်ဝေးဝေးသို့ ပြေးခဲ့ကြသည်။ ယခုတွင် သူတို့သည် ယင်ကျိုးကျွန်းနှင့် လွန်စွာကွာဝေးသောနေရာသို့ ရောက်နေပြီဖြစ်ပြီး အနောက်ပင်လယ်အတွင်းသို့ နက်နက်ရှိုင်းရှိုင်းဝင်လာခဲ့ပြီဖြစ်သည်။ သူတို့ပတ်ဝန်းကျင်တွင် အဆုံးမဲ့ရေထုကြီးမှလွဲ၍ အခြားမည်သည့်အရာမှ မရှိပေ။

အနောက်ပင်လယ်သည် မည်မျှ ကျယ်ပြောသနည်း။ ယင်ကျိုးကျွန်းသည် တိုက်ကြီးတစ်တိုက်၏အရွယ်အစားနှင့်ပင် ယှဉ်နိုင်သော ကျွန်းကြီးတစ်ကျွန်းဖြစ်သည်။ သို့သော် ထိုကျွန်းသည် အနောက်ပင်လယ်အတွင်းရှိ ကျွန်းများထဲမှ တစ်ကျွန်းသာဖြစ်ပြီး အနောက်ပင်လယ်နှင့်ယှဉ်လျှင် လွန်စွာသေးငယ်ပေသေးသည်။ အနောက်ပင်လယ်သည် မည်မျှ ကျယ်ပြောသည်ကို တွေးကြည့်လျှက်ပင် မရနိုင်ပေ။ မည်သူမှ အနောက်ပင်လယ်အတွင်းရှိ နေရာအနှံ့သို့ မရောက်ဖူးဟု ဆိုကြသည်။

ရီဖူရှင်း၏ခန္ဓာကိုယ်ကို ဆီးနှင်းအလွှာတစ်ခုက လွှမ်းခြုံထားသည်ဟု ထင်ရသည်။ ထိုဆီးနှင်းအလွှာသည် သူ့ကို သိသိသာသာ နှေးကွေးလာစေသည်။ သူ့အနောက်မှနေ၍ သူ့ကိုခြေရာခံနေသော အရှိန်အဝါသည် ပို၍ နီးကပ်လာ၏။ သူ့နောက်မှ သူသည် လျင်မြန်စွာ နီးကပ်လာပြီး သူ့ကိုမီလာလုနီးပါဖြစ်လာသည်။

နောက်ဆုံးတွင် ရီဖူရှင်းက ပြေးနေခြင်းကို ရပ်လိုက်သည်။ သူနောက်သို့လှည့်လိုက်ပြီး လေထဲတွင်ရပ်ကာ သူနောက်ရှိ ဧရာမလှိုင်းလုံးကြီးများကို ကြည့်လိုက်၏။

ဝေါ...

ဧရာမလှိုင်းလုံးကြီးများသည် ကောင်းကင်ထက်သို့ မြင့်တက်သွားပြီး လှိုင်းလုံးအနောက်တွင် လူတစ်ယောက်ထွက်ပေါ်လာ၏။ သူသည် ကျုံးမြောင်ပင်။ သူသည် ရေခဲ၊ ဆီးနှင်းများဖုံးလွှမ်းနေသော ရီဖူရှင်းကို စိုက်ကြည့်သည်။ သူ၏မျက်နှာထားသည် အေးစက်နေသည်။ ထိုလူငယ်သည် သန်မာပြီး သူ၏ဗုဒ္ဓရောင်ဝါခြေလှမ်းကိုသုံး၍ ကုန်းမြေသခင်အိမ်တော်ကို ရှုပ်ထွေးသွားစေကာ အားလုံး၏မျက်စိအောက်မှ လွတ်မြောက်သွားခဲ့၏။ သို့သော် သူသည် ကျုံးမြောင်၏မျက်စိအောက်မှ မလွတ်မြောက်ခဲ့ပေ။

“ခုခံနေတာကိုရပ်ပြီး ငါ့နောက်လိုက်ခဲ့တော့။ ဒီလိုဆို ငါမင်းကို အသက်ရှင်ခွင့်ပေးမယ်”

ကျုံးမြောင်က ရီဖူရှင်းကိုကြည့်လျှက် ပြောသည်။

ရီဖူရှင်း၏မျက်နှာထားသည် တည်ငြိမ်အေးဆေးနေပြီး မယုံနိုင်လောက်အောင် ငြိမ်းချမ်းနေသည်။ သူသည် ကျုံးမြောင်ကို ကြည့်ကာ ပြောသည်။

“ခင်ဗျားက ကျုပ်ကို ခေါ်သွားနိုင်မယ်လို့ ယုံကြည်မှုရှိလို့လား”

ကျုံးမြောင်က ရီဖူရှင်းကို ကြည့်လိုက်၏။ ရုတ်ခြည်းအတွင်းမှာပင် ပင်လယ်အထက်ရှိ ကျယ်ပြောသောကောင်းကင်တွင် ဖျော့တော့သောမြူခိုးများ ပြည့်နှက်လာသည်။ မြူခိုးများထဲတွင် သိပ်သည်းသောရေစက်၊ ရေပေါက်များ ရှိနေသကဲ့သို့ပင်။ ရေစက်၊ ရေပေါက်တိုင်းသည် ကြောက်မက်ဖွယ် ဆီးနှင်းအမှန်တရားပါဝင်ပြီး ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေနိုင်သော အေးစက်မှုလည်း ပါဝင်၏။

“မင်း ခံစားပြီးလောက်ပြီ။ နတ်ဘုရားကဒ်ဘေးကို ရင်ဆိုင်ခဲ့ပြီးတဲ့သူတွေက မဟာလမ်းစဉ်ကို ဆက်ကျင့်ကြံနိုင်ပေမယ့် သူတို့ရဲ့သိနားလည်မှုက တမူထူးခြားအရာတစ်ခုအဖြစ် ပြောင်းလဲသွားတယ်။ အဲဒါက သူတို့ ရန်ဟောင်အဆင့်မှာ ကြုံခဲ့ရတာနဲ့ ယှဉ်လို့မရဘူး။ အဲဒါကြောင့် ရန်ဟောင်အဆင့်တွေက ကျင့်ကြံခြင်းလောကမှာ ထိပ်သီးတွေဆိုပေမယ့် နတ်ဘုရားကဒ်ဘေးကို ကျော်လွှားနိုင်ခဲ့သူတွေကတော့ ရန်ဟောင်အဆင့်တန်ခိုးရှင်တွေကို လက်ဖျောက်တစ်ချက်နဲ့ ဖျက်ဆီးပစ်နိုင်တယ်”

ကျုံးမြောင်က ရီဖူရှင်းကို ကြည့်လျှက် ပြောလိုက်၏။ သူ၏အသံသည် အေးစက်မောက်မာနေ၏။

ရီဖူရှင်းက ကပ်ဘေးအဆင့်တန်ခိုးရှင်တစ်ဦးနှင့် ရန်ဟောင်အဆင့်တန်ခိုးရှင်တစ်ဦးတို့အကြားရှိ ကွဲပြားမှုကို ရှင်းရှင်းလင်းလင်းနားလည်၏။ သို့သော် သူသည် သာမန်ရန်ဟောင်တစ်ဦးလော။

“လက်ဖျောက်တစ်ချက်နဲ့ ဖျက်ဆီးနိုင်တယ် ဟုတ်လား”

ရီဖူရှင်းက ရုတ်တရက်ပြုံးလျှက် ပြောလိုက်၏။

“ခင်ဗျား သေချာရဲ့လား”

သူထိုသို့ပြောလိုက်ပြီးနောက်တွင် သူ့အပေါ်သို့ ရောင်ဝါနေမင်းနတ်အလင်း ကျဆင်းလာသည်။ သူတစ်ကိုယ်လုံးသည် နေလုံးကြီးသဖွယ် တလက်လက်တောက်ပေနေသည်။ ကြောက်မက်ဖွယ် နေမင်းနတ်မီးတောက်သည် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွား၏။ အစောက သိပ်သည်းသောအေးစက်မှုဖြင့် လွှမ်းခြုံနေသော ထိုနေရာသည် ရုတ်ခြည်း အပူချိန်မြင့်တက်လာလေတော့သည်။

ထိုအခိုက်တွင် ရီဖူရှင်း၏ခန္ဓာကိုယ်အတွင်းရှိ ဆီးနှင်းအမှန်တရားသည် အရည်ပျော်ကျသွားပြီး ဝေ့ဝဲနေသည့် မြူခိုးများအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။

“ဘာတုန်းဟ...”

ကျုံးမြောင်က ထိုအဖြစ်အပျက်ကို ရုတ်ခြည်းအာရုံရလိုက်သည်။ သူမျက်မှောင်ကြုတ်လိုက်ပြီး မျက်နှာထားလည်း အနည်းငယ်ပြောင်းလဲသွား၏။ သူက ရီဖူရှင်းကို စိုက်ကြည့်ကာ ပြောလိုက်၏။

“မင်းက အဲဒီအမှန်တရားအရိပ်အယောင်ကို ဖျက်ဆီးပစ်နိုင်တယ်ပေါ့”

ရီဖူရှင်းက ၎င်းကို ဖျက်ဆီးနိုင်ကြောင်း ထင်ရှား၏။ ကျုံးမြောင်သည် ရီဖူရှင်းကို ဆက်၍ခြေရာခံနိုင်တော့မည် မဟုတ်ပေ။

သို့သော် ၎င်းမတိုင်ခင်က ရီဖူရှင်းသည် ဟန်ဆောင်နေခဲ့ခြင်းဖြစ်၏။ သူထွက်ပြေးရန် မြေမရှိတော့ဟု  ကျုံးမြောင်ထင်လိုက်ချိန်တွင် သူရပ်တန့်ခဲ့ခြင်းဖြစ်သည်။ ထိုအခါမှသာ ရီဖူရှင်းမှာ မူလကတည်းက ထိုအအေးဓာတ်ကို ဖျက်ဆီးနိုင်ကြောင်းကို ကျုံးမြောင် နားလည်လိုက်ရ၏။

သို့ဆိုလျှင် ရီဖူရှင်းက အဘယ်ကြောင့် ဟန်ဆောင်ခဲ့သနည်း။

ရီဖူရှင်းက သူ့ကို တမင်ဤနေရာသို့ မျှားခေါ်လာသည်ဟု အဓိပ္ပာယ်ရနေပေသည်။

ရီဖူရှင်းက မည်သည့်ရည်ရွယ်ချက်ကြောင့် ထိုသို့လုပ်ရသနည်း။

ရီဖူရှင်းက သူ့ကိုအနိုင်ယူနိုင်မည်ဟု ထင်နေခြင်းလော။

ရန်ဟောင်အဆင့်ကိုးသာရှိသူက သူ့ကိုအနိုင်ယူနိုင်မည်ဟု ထင်နေသလော။

“နေမင်းစွမ်းအား...”

ကျုံးမြောင်သည် ရီဖူရှင်း၏ တလက်လက်တောက်ပနေသော ဆီးနှင်းအမှန်တရားကို ဖျက်ဆီးပစ်နိုင်သည့် နေမင်းနတ်ခန္ဓာကို ကြည့်ကာ ရေရွတ်လိုက်သည်။ ထို့ကြောင့် ရီဖူရှင်းက ယုံကြည်မှုရှိနေခြင်း ဖြစ်နိုင်၏။

ကျုံးမြောင်သည် မည်သည့်စကားမှ မဆိုတော့ချေ။ သို့သော် သူ၏လက်နှစ်ဖက်သည် ချိပ်စည်းတစ်ခုကို ဖန်တီးလိုက်သည်။ ရုတ်ခြည်းအတွင်းမှာပင် ပင်လယ်ရေမျက်နှာပြင်သည် လှုပ်ခတ်လာပြီး ဧရာမလှိုင်းလုံးကြီးများ ကောင်းကင်ထက်သို့ ထိုးတက်လာသည်။ ထိုကြောက်မက်ဖွယ် ဧရာမလှိုင်းလုံးကြီးများသည် ထိုကောင်းကင်ထောင့်စွန်းကို ချိပ်ပိတ်လိုက်ပြီး စနေဂြိုလ်အကျဉ်းထောင်တစ်ခုအဖြစ် ပြောင်းလဲလိုက်၏။ ယင်း ထိတ်လန့်တုန်လှုပ်ဖွယ် လှိုင်းလုံးကြီးများသည် ကျယ်လောင်သောမြည်ဟည်းသံကြီးများနှင့်အတူ ရီဖူရှင်းထံသို့ တလိပ်လိပ်ရွေ့လျားသွား၏။

တုန်လှုပ်ဖွယ်လှိုင်းလုံးကြီးများသည် ကမ်းရိုးတန်းကို ဖျက်ဆီးပစ်နိုင်သော လှိုင်းအားဖြင့် ကမ်းရိုးတန်းကို ရိုက်ခတ်နေသည်။ ထိုအခိုက်တွင် ရီဖူရှင်းက ပင်လယ်ပြင်မှ လာနေသော လေးလံသည့်အားကို ပြတ်ပြတ်သားသား ခံစားနိုင်နေသည်။ တိုက်ပွဲဝင်ပုံစံတစ်ခု စုဝေးဖြစ်ပေါ်လာသည်။ ထိုတိုက်ပွဲဝင်ပုံစံသည် အစလနာထ(အတုမဲ့တောင်ကုန်း -တိုက်ပွဲဝင်ပုံစံ၊ မလှုပ်မရှား မယိမ်းယိုသော တိုက်ပွဲဝင်ပုံစံ)ပင်။ ယင်းတိုင်ပွဲဝင်ပုံစံသည် ထည်ဝါကာ ကြီးမားပြီး ပင်လက်ထက်တွင် ရပ်နေ၏။ ကြောက်မက်ဖွယ်လှိုင်းလုံးကြီးများသည် ထိုတိုက်ပွဲဝင်ပုံစံကို ရိုက်ခတ်သွားကြ၏။ သို့သော် တိုက်ပွဲဝင်ပုံစံသည် မလှုပ်မယှက်ရှိနေပြီး အနည်းငယ်မျှပင် ယိမ်းယိုင်မှုမရှိဘဲ ဧရာမလှိုင်းလုံးကြီးများကို ၎င်းအားရိုက်ခတ်ခွင့်ပေးနေ၏။

ရီဖူရှင်းက ရန်ဆောင်အဆင့်ကိုးတန်ခိုးရှင်ဖြစ်သော်လည်း နတ်ဘုရားကဒ်ဘေးနှင့် ထိတွေ့ပြီးပြီဖြစ်သည်။ ထိုနတ်ဘုရားကဒ်ဘေးမှာလည်း ကြောက်မက်ဖွယ် နတ်ဘုရားကဒ်ဘေးပင်။ ရလဒ်အနေဖြင့် သူ၏ပြင်ပခန္ဓာကိုယ်သည် အလွန်အမင်းသန်မာလာ၏။ ထို့အပြင် သူ့ထံ၌ အစလနာထတိုက်ပွဲဝင်ပုံစံလည်း ရှိပေသေးသည်။

ပင်လယ်မုန်တိုင်းသည် အစလနာထတိုက်ပွဲဝင်ပုံစံကို ပင်လယ်ထဲသို့ နှစ်မြှုပ်လိုက်သည်။ ထို့နောက် ပင်လယ်ရေသည် အေးခဲသွားရာ အစလနာထတိုက်ပွဲဝင်ပုံစံနှင့် ရီဖူရှင်း၏ခန္ဓာကိုယ်သည် ပင်လယ်နှင့်အတူအေးခဲသွား၏။

လွန်စွာအေးစက်သောလေသည် အေးခဲနေသောရေခဲထုအတွင်း စိမ့်ဝင်ပျံ့နှံ့နေပြီး အပူချိန်သည် သုညအထိကျဆင်းသွားရာ အချိန်နှင့်နေရာပင် ရပ်တန့်သွားကဲ့သို့ ထင်ရပေသည်။

ကောင်းကင်ထက်တွင် ဧရာမဓားကြီးတစ်ချောင်းပေါ်လာ၏။ ကျုံးမြောင်သည် ရေခဲနေသောနေရာကို ညွှန်ပြလိုက်ရာ ဧရာမဓားကြီးသည် ကြောက်မက်ဖွယ်အသံလှိုင်းများနှင့်အတူ ပြင်းထန်သောအသံကြီးတစ်ခုကို ပြုလုပ်ကာ အောက်သို့ကျဆင်းလာ၏။

“ခွဲထွက်...”

ကျုံးမြောင် အော်ပြောလိုက်ရာ ရေခဲပြင်ကြီးသည် ကွဲအက်သွားပြီး အတွင်းမှ အရာအားလုံးသည် အစိတ်စိတ်အမွှာမွှာ ကွဲသွားတော့မတတ် ဖြစ်သွား၏။

သို့သော် အရာအားလုံး ကွဲအက်ပျက်စီးသွားသော်ငြား အစလနာထတိုက်ပွဲဝင်ပုံစံသည် မလှုပ်မယှက်၊ မပျက်မစီးရှိနေဆဲပင်။

ထို့ကြောင့် ကျုံးမြောင်သည် စိတ်ရှုပ်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ ထိုတိုက်ပွဲဝင်ပုံစံ၏ ခုခံနိုင်စွမ်းသည် ထိုမျှသန်မာလေသလော။

ထိုအခိုက်တွင် ဗုဒ္ဓတရားသံသည် ဟင်းလင်းပြင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်လာသည်။ ရုတ်တရက် ပင်လယ်မျက်နှာပြင်ပေါ် နေရာအနှံ့တွင် ဧရာမဗုဒ္ဓပုံရိပ်ကြီးများပေါ်ပေါက်လာသည်။ ၎င်းတို့သည် မိုးထိမြင့်မားနေပြီး ကောင်းကင်ထဲရှိ အရာအားလုံးကိုကာရံလိုက်ကာ ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။

ထို့အပြင် ဗုဒ္ဓတရားသံ မပြတ်ထွက်ပေါ်နေရာ ဗုဒ္ဓပုံရိပ်များ ပို၍ပို၍  ပေါ်ပေါက်လာသည်။ ဗုဒ္ဓအားလုံးကို ကောင်းကင်ပေါ်သို့ ဆင့်ခေါ်လိုက်သကဲ့သိုပင်။

ကျုံးမြောင် မျက်မှောင်ကြုတ်သွား၏။ သူသည် ဟင်းလင်းပြင်အတွင်းသို့ ပျံတက်ကာ လက်နှစ်ဖက်စလုံး ဆန့်တန်းလိုက်သည်။ ရုတ်တရက် လွန်စွာအေးစက်သော လေသည် ကောင်းကင်နှင့် မြေကြီးကို ဖြတ်သန်းတိုက်ခတ်သွား၏။ ပင်လယ်သည် ရုတ်ခြည်းအေးခဲသွားပြီး ထိုအခိုက်တွင် အဆုံးမဲ့ရေပြင်သည် ရပ်တန့်သွား၏။ ထိုနေရာတစ်ခွင်လုံးသည် အေးခဲနေသောလောကတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ကောင်းကင်ထက်ရှိ ဗုဒ္ဓပုံရိပ်အားလုံးသည်လည်း ရေခဲထဲတွင် တောင့်ခဲသွားကြ၏။ လွန်စွာအေးစက်သော အအေးဓာတ်အောက်တွင် မဟာလမ်းစဉ်သည်ပင် ရပ်တန့်လုနီးပါးဖြစ်သွားပြီး အဆက်မပြတ်ထွက်ပေါ်နေသော ဗုဒ္ဓတရားသံသည်လည်း တဖြည်းဖြည်းရပ်တန့်သွား၏။

ကျုံးမြောင်၏ခန္ဓာကိုယ်သည် ကောင်းကင်ထက်သို့ ဆက်ပျံတက်နေဆဲဖြစ်သည်။ ကောင်းကင်ထက်တွင် မှန်တစ်ချပ်ထွက်ပေါ်လာပြီး ၎င်းထံမှနေ၍ ဆီးနှင်းနတ်ဓားများ ပျံထွက်လာသည်။ ထိုဆီးနှင်းနတ်ဓားများထဲတွင် အဖျက်စွမ်းအင်မဟာလမ်းစဉ်မှ အမှန်တရားအလွှာများပါဝင်၏။ ၎င်းတို့မှာ အပြင်သို့ စိမ့်ထွက်ပျံ့နှံ့နေ၏။

“သွား...”

သူက ခေါင်းငုံ့ကာ မြေပြင်သို့ ကြည့်သည်။ ချက်ချင်းပင် ဆီးနှင်းနတ်ဓားများသည် အေးခဲနေသောနေရာအတွင်းသို့ ပျံဝင်သွားကြပြီး ဗုဒ္ဓပုံရိပ်ကြီးများကို ခုတ်ဖြတ်ပစ်လိုက်သည်။

ဝုန်း...ဝုန်း...ဝုန်း...

နတ်ဓားများလက်ချက်ဖြင့် ဗုဒ္ဓပုံရိပ်ကြီးများ ပျက်စီးသွား၏။ ၎င်းတို့ပျက်စီးသွားပုံမှာ ယခင်က ‌ရေခဲများကျိုးပဲ့ပျက်စီးသွားသကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့သည် အစိတ်စိတ်အမွှာမွှာဖြစ်သွားပြီး အလွန်အထိမခံသည့်ဟန်ပေါ်နေ၏။

ရီဖူရှင်းကို သွားရောက်ခုတ်ဖြတ်သော နတ်ဓားများလည်း ရှိ၏။ ချက်ချင်းပင် အေးခဲနေသော အစလနာထတိုက်ပွဲဝင်ပုံစံသည် စတင်လှုပ်ရှားလာသည်။ ထိုနတ်ဓားများ စတင်ကျဆင်းလာသောအခါ အစလနာထတိုက်ပွဲဝင်ပုံစံပေါ်တွင် အက်ကြောင်းများပေါ်လာပြီး မကြာခင်မှာပင် ၎င်းသည် တဖြည်းဖြည်းကျိုးပဲ့ပျက်စီးသွား၏။

နတ်ဓားများသည် ရီဖူရှင်းထံသို့ ဆက်ပျံသန်းသွားသော်လည်း ရီဖူရှင်းက သူရှိနေခဲ့သောနေရာမှ ပျောက်ကွယ်သွားပြီဖြစ်ကြောင်းကိုသာ တွေ့လိုက်ရသည်။ နတ်ဓားများကျဆင်းလာသော်လည်း သူတို့၏ပစ်မှတ်သည် ပျောက်ကွယ်သွားပေပြီ။

သို့သော် ကျုံးမြောင်သည် အရေးမစိုက်ပေ။ သူသည် နောက်တစ်နေရာတွင် ပြန်ပေါ်လာသည့် ရီဖူရှင်းကို စိုက်ကြည့်လိုက်ပြီး ပြောသည်။

“မင်းကိုယ်ပေါ်မှာ ငါထားလိုက်တဲ့ အမှတ်အသားကို မင်းဖျက်ပစ်နိုင်တယ်... ပြီးတော့ မင်းက ဗုဒ္ဓရောင်ဝါခြေလှမ်းကို ကျွမ်းကျင်သူတစ်ယောက်လည်း ဖြစ်နေနိုင်တယ်။ ငါတို့သာ အပြင်လောကမှာဆိုရင် ငါမင်းကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ မင်းရဲ့စိတ်ကြီးဝင်မှုက မင်းရဲ့ပျက်စီးကြောင်းပဲ။ အခု မင်းက ငါ့လောကထဲမှာရောက်နေပြီ”

ကောင်းကင်ထက်ရှိ မှန်သည် လွန်စွာအေးစက်လာပြီး လောကတစ်ခွင်လုံး တိတ်ဆိတ်သွား၏။ လောကတစ်ခုသည် လုံးဝရပ်တန့်သွားသကဲ့သို့ပင်။ ထိုလောကသည် သူ၏စက်ကွင်း... သူ၏လောကပင်။ ရီဖူရှင်းက ဗုဒ္ဓရောင်ဝါခြေလှမ်းကို ကျွမ်းကျင်သူဆရာတစ်ဆူဖြစ်နေစေကာမူ သူသည် ဤလောကအတွင်းမှ ထွက်နိုင်မည်မဟုတ်ဘဲ ဤနေရာတွင် သေချာပေါက် သေဆုံးသွားရမည်ဖြစ်သည်။

စိတ်ကြီးဝင်နေသော ထိုငွေဖြူရောင်ဆံပင်နှင့်လူငယ်သည် သူ့ကိုဤနေရာသို့ မျှားခေါ်လာကာ မည်သို့လုပ်ရန်ကြံနေသည်ကို ကျုံးမြောင်သိလိုပေသည်။

ရီဖူရှင်းက သူ၏စိတ်ကြီးဝင်မှုနှင့် မောက်မာမှုကြောင့် သေရပေတော့မည်။

“အဲလိုလား...”

ရီဖူရှင်းက ကျုံးမြောင်ကို ကြည့်လျှက် ပြောသည်။

“ဒါက ခင်ဗျား ဒုတိယအကြိမ် အမှားလုပ်မိတာပဲ”

ကျုံးမြောင် မျက်မှောင်ကြုတ်သွားပြီး နားမလည်နိုင်ဟန်ဖြင့် ရီဖူရှင်းကို ကြည့်သည်။ သူသည် ရီဖူရှင်း၏မျက်ဝန်းများထဲတွင် သွေးနားထင်ရောက်နေသော ကိုယ့်ကိုယ်ကိုယုံကြည်မှုကိုသာ တွေ့လိုက်ရသည်။ ထို့နောက် သူက ရီဖူရှင်း ပြောလိုက်သည်ကို ကြားလိုက်ရ၏။

“သေချာကြည့်ပါဦး... ဒါက ခင်ဗျားရဲ့လောကမဟုတ်ဘူး။ ကျုပ်ရဲ့လောကပဲ”

All Chapters