ယင်ကျိုးမြို့ကို တုန်လှုပ်သွားစေခြင်း
Vol. 176 Ch. 2518
ရီဖူရှင်း၏စကားသည် ကျုံးမြောင်ကို မှင်တက်သွားစေသည်။ သူသည် ရီဖူရှင်း၏ ယုံကြည်မှုရှိကာ ဝင့်ဝါသောအကြည့်ကို မြင်၏။ ဤလောကသည် သူ့လောကဟု ဆိုလေသလော။
ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုသည် ကျယ်ပြောသောအာကာပြင်ကို ဖြတ်သန်း၍ ပျံ့နှံ့လာ၏။ ကျုံးမြောင်မော့ကြည့်လိုက်ရာ ဧရာမဗုဒ္ဓပုံရိပ်တစ်ခုသည် သူဖန်တီးထားသော ရေခဲလောကအပြင်ဘက်တွင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ဗုဒ္ဓမျက်နှာတော်သည် လောကတစ်ခုလုံးကို လွှမ်းခြုံထား၏။
၎င်းသည် သူဖန်တီးထားသည့် မဟာလမ်းစဉ်စက်ကွင်းကို တိုက်ရိုက်လွှမ်းခြုံထားသော အခြားလောကတစ်ခုဖြစ်သည်။
သူ၏ကျင့်ကြံခြင်းအဆင့်တွင် သူဖန်တီးထားသော မဟာလမ်းစဉ်စက်ကွင်းသည် အမှီအခိုကင်းသောလောကတစ်ခုဖြစ်သည်။ သူသိရှိနားလည်ထားသော စည်းမျဉ်းသည် ထိုလောကအတွင်း၌ တည်ရှိ၏။ ထိုစည်းမျဉ်းသည် မဟာလမ်းစဉ်၏သာမန်စွမ်းအားများထက် သာလွန်နေပြီဖြစ်ပြီး သူ၏မဟာလမ်းစဉ်အပေါ် သိရှိနားလည်မှုအပေါ်အခြေခံထား၏။
ကျုံးမြောင်ဖန်တီးထားသော ရေခဲလောကအတွင်း၌ သူ့စည်းမျဉ်းသည် အရာအားလုံးကို အုပ်စိုးသည်။ ထိုလောကအတွင်းရှိ အရာအားလုံးသည် အေးခဲရပ်တန့်နေကြသည်။ အချိန်နှင့်နေရာသည်လည်း သူ၏ထိန်းချုပ်မှုအောက်တွင်သာ ရှိ၏။ ထိုလောကအတွင်း၌ မဟာလမ်းစဉ်၏အခြားစွမ်းအားများသည် အလုပ်မလုပ်ကြတော့ပေ။
သူ့ထက်ကျင့်ကြံခြင်းအဆင့်နိမ့်သောသူသည် သူ၏ဤလောကအတွင်း၌ ရှင်သန်နိုင်ရန် အခွင့်အရေးမရှိပေ။ သူတို့သည် သေချာပေါက် သေကြေပျက်သုဉ်းရမည်ဖြစ်သည်။ ထိုအရာကို သံသယဖြစ်စရာမလို။
ထို့ကြောင့် ရန်ဟောင်များသည် စွမ်းအားကြီးသော်လည်း နတ်ဘုရားကဒ်ဘေးကို ကျော်လွှားခဲ့ပြီးသူများ၏ရှေ့တွင် သူတို့သည် လက်ဖျောက်တစ်ချက်ဖြင့်ပင် သေဆုံးသွားနိုင်သည်ဟု ကျင့်ကြံခြင်းလောက,က အသိအမှတ်ပြုကြခြင်းပင်။
ကပ်ဘေးအဆင့်တန်ခိုးရှင်များသည် ကောင်းကင်လမ်းစဉ်၏သန့်စင်ခြင်းကို ခံထားပြီးသူများဖြစ်သည်။ သူတို့သည် ရန်ဟောင်များနှင့်ယှဉ်လျှင် ပို၍မြင့်သောအဆင့်တွင် ရှိကြ၏။ ထိုအရာသည် ကျော်လွှား၍မရနိုင်သော ကွာခြားမှုဖြစ်သည်။ ထို့ကြောင့် သူသည် သူ့စွမ်းရည်ကို အပြည့်အဝယုံကြည်မှုရှိခြင်းဖြစ်သည်။
သို့သော် ယခုဖြစ်ပျက်နေသော အရာအားလုံးသည် သူနားလည်ထားသော ကျင့်ကြံခြင်းနှင့် သွေဖီနေပေသည်။
ရန်ဟောင်အဆင့်ကိုး တန်ခိုးရှင် ရီဖူရှင်းက အဘယ်သို့ သူ့လောကအပြင်တွင် အခြားမဟာလမ်းစဉ်စက်ကွင်းတစ်ခုကို ဖန်တီးနိုင်သနည်း။ ရီဖူရှင်း၏စက်ကွင်းသည် သူ့လောကကိုပင် လွှမ်းခြုံထားသေးသည်။ သို့ဖြစ်ရာ ဤနေရာသည် ကျုံးမြောင်၏ထိန်းချုပ်မှုအောက်တွင်မရှိဟု ဆိုလိုပေသည်။
ကျုံးမြောင်သည် သူ့စွမ်းအားထက် အားမနည်းသော စွမ်းအားတစ်ခု ပေါင်းစည်းနေကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း အာရုံခံနိုင်၏။ ရီဖူရှင်းက လက်အုပ်ချီကာ တည်ငြိမ်ထည်ဝါသော ရှေးဟောင်းဗုဒ္ဓတစ်ပါးဖြစ်လာပေသည်။ သူ့ကိုယ်မှနေ၍ ပူပြင်းသော အဆုံးမဲ့ရောင်ခြည်များ ထွက်နေ၏။
တစ်ချိန်တည်းမှာပင် ဗုဒ္ဓလောကအတွင်း၌ ဗုဒ္ဓများ အများအပြားပေါ်ပေါက်လာသည်။ ဗုဒ္ဓအားလုံးသည် မဟာဝေရောစနဖြစ်လာပြီး မဟာဝေရောစနရောင်ခြည်တော်ကို ထုတ်လွှတ်နေကြသည်။ ထိုရောင်ခြည်တော်သည် နေမင်းရောင်ခြည်ဖြစ်သည်။ ထိုရောင်ခြည်အလင်းထိသွားသည့်နေရာတိုင်းတွင် ရေခဲလောကသည် အရည်ပျော်သွား၏။ ကျုံးမြောင်၏စည်းမျဉ်းသည် ချိုးဖျက်ခံနေရပေပြီ။
“ဒါက မဟာဝေရောစနပဲ”
ကျုံးမြောင် ရေရွတ်လိုက်သည်။
ကျုံးမြောင်၏အဆင့်တွင် သူသည် ဗုဒ္ဓလောကသို့မရောက်ဖူးသော်လည်း မဟာဝေရောစနကို မည်သို့မသိဘဲနေမည်နည်း။
“ဒါမဖြစ်နိုင်ဘူး။ မင်း ဗုဒ္ဓလောကကို အချိန်ခဏလေးပဲသွားတာပါ။ မင်းဘယ်လိုလုပ် ဗုဒ္ဓလမ်းစဉ်စက်ကွင်းကို ဖန်တီးနိုင်ရတာလဲ”
ကျုံးမြောင်က အထက်ကောင်းကင်ကို မော့ကြည့်လျှက် မေးလိုက်သည်။ ရီဖူရှင်းက အခြားဗုဒ္ဓတန်ခိုးတော်များကိုလည်း ကျင့်ကြံခဲ့သည့် ဖြစ်နိုင်ချေလည်း ရှိပေသေးသည်။
“မင်းက ရန်ဟောင်အဆင့်ကိုး တန်ခိုးရှင်လေးပဲ... မင်းဘယ်လိုလုပ် ဒီဟာတွေကို လုပ်နိုင်ရတာလဲ”
ကျုံးမြောင် မေးခွန်းထုတ်လိုက်သည်။
ကျုံးမြောင်သည် ရီဖူရှင်းကို ငေးကြည့်နေသည်။ အရာအားလုံးသည် သူနားလည်သောကျင့်ကြံခြင်းကို သွေဖီနေပေသည်။ ယင်းထိုးနှက်ချက်သည် သူ့အတွက် ပြင်းထန်၏။
“ကျီးကန်းတစ်ကောင်က ဂဠုန်တစ်ကောင် ကောင်းကင်ထက်မှာ ဘယ်လိုပျံသန်းနိုင်တယ်ဆိုတာ ဘယ်လိုလုပ်သိနိုင်မလဲ။ ခင်ဗျား နားမလည်တာ သဘာဝကျပါတယ်။ ခင်ဗျားနားလည်ဖို့လည်း မလိုပါဘူး”
ရီဖူရှင်းက ကျုံးမြောင်ကို စိုက်ကြည့်လျှက် ပြန်ပြောသည်။
“ခင်ဗျားသေသွားရင် ကုန်းမြေသခင်ရှီဟိုင်က သူ့လုပ်ခဲ့တာတွေအတွက် နောင်တရမလားမသိဘူး။ သူနောင်တမရလည်း ကိစ္စမရှိဘူး။ သူလည်း မကြာခင် ခင်ဗျားလို အဆုံးသတ်ရတော့မှာ”
ကျုံးမြောင်၏အကြည့်သည် လွန်စွာအကျဉ်းတန်နေ၏။ ရီဖူရှင်းက သူ့ကိုကျီးကန်းတစ်ကောင်နှင့် နှိုင်းယှဉ်သည်။
ကျုံးမြောင်သည် အနောက်ပင်လယ်ကုန်းမြေကို နှစ်ပေါင်းများစွာ ကြီးစိုးနိုင်ခဲ့ပြီး ကုန်းမြေသခင်တစ်ယောက်အနေဖြင့်ပါ ထမ်းဆောင်နိုင်စွမ်းရှိ၏။ အနောက်ပင်လယ်ကုန်းမြေတစ်ခွင်လုံးတွင် သူ့ထက်စွမ်းအားကြီးသူမှာ လက်တစ်ဆုပ်စာပင် မရှိချေ။
သို့သော် ရီဖူရှင်း၏မျက်စိထဲတွင် ကျုံးမြောင်သည် ထည့်ပြောရန်ပင်မတန်သည့် သာမန်လူတစ်ယောက်ဖြစ်နေသည်။ ရီဖူရှင်း၏လေသံသည် နှိမ်သည့်လေသံဖြစ်သည်။
ရီဖူရှင်းက သူ့ကိုတိုက်ခိုက်ရန် ဤနေရာထိ မျှားခေါ်လာခဲ့ခြင်းပင်။ ထိုမတိုင်ခင်က ရီဖူရှင်းက သူ၏တိုက်ခိုက်ရေးစွမ်းရည်အစစ်အမှန်ကို အင်အားစုများ သိရှိသွားမည်ကို ကာကွယ်ရန် သူ၏စွမ်းရည်အစစ်အမှန်ကို ထုတ်မပြခဲ့ခြင်းဖြစ်သည်။
အထက်ကောင်းကင်တွင် ရေခဲမှန်မှနေ၍ အေးစက်သောအလင်းတန်းတစ်ခု ပျံထွက်လာသည်။ လောကကြီးသည် အေးခဲသွားပြီး လှုပ်ရှားမှုကင်းမဲ့သောအခြေအနေသို့ ရောက်ရှိသွား၏။ သို့သော် ရီဖူရှင်း၏မဟာဝေရောစနသည် ရောင်ခြည်တော်များကို ထုတ်လွှတ်နေဆဲဖြစ်သည်။ တစ်ချိန်တည်းမှာပင် နေမင်းရောင်ခြည်သည် ပို၍မြင့်သောကောင်းကင်ထက်မှ တိုက်ရိုက်ကျဆင်းလာပြီး ဆီးနှင်းများ၏သက်ရောက်မှုကို လျစ်လျူရှုလိုက်သည်။ ၎င်းတို့၏စည်းမျဉ်းများသည် တစ်ခုနှင့်တစ်ခု အားပြိုင်နေ၏။
“ကျုပ် ခင်ဗျားကို ပြောသားပဲ။ ဒါက ကျုပ်လောက ဖြစ်တယ်။ ခင်ဗျားလောကရဲ့စည်းမျဉ်းတွေက ဒီနေရာမှာ အလကားပဲ”
ရီဖူရှင်းက ကျုံးမြောင်ကို စိုက်ကြည့်လျှက် ပြောသည်။
“မင်းက နတ်ဘုရားကဒ်ဘေးကို ခံပြီးသွားပြီလား”
ကျုံးမြောင်က ရီဖူရှင်းကို မျက်တောင်မခတ်တန်းကြည့်လျှက် မေးလိုက်သည်။
ရီဖူရှင်း မဖြေလိုက်ပေ။ အထက်ကောင်းကင်တွင် မဟာဝေရောစနတိုက်ပွဲဝင်ပုံစံများသည် ၎င်းတို့၏လက်ဖဝါးများကို မြှောက်လိုက်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏လက်ဖဝါးကြီးများကို အောက်သို့ရိုက်ချလိုက်ရာ ကြောက်မက်ဖွယ် ထစ်ချုန်းသံကြီးများကို ကြားလိုက်ရ၏။ ထိုတိုက်ခိုက်မှုသည် နေရာတစ်ခုလုံးကို ရုတ်ခြည်းဖုံးလွှမ်းသွား၏။
မဟာဝေရောစနလက်ဖဝါးများသည် အရာအားလုံးကို ဖျက်ဆီးသွား၏။ ရေခဲလောကပျောက်ကွယ်သွားပြီး ကောင်းကင်ထက်ရှိ မှန်သည်လည်း ကွဲအက်ပျက်စီးသွား၏။ ကျုံးမြောင်တစ်ကိုယ်လုံး ဆီးနှင်းများနှင့် ဖုံးလွှမ်းနေသည်။ သူသည် သူ့ကိုသူအေးခဲလိုက်ခြင်းမဟုတ်ပေ။ သူသည် ရေခဲလမ်းစဉ်ခန္ဓာဖြစ်သွားခြင်းပင်။
သူသည် သူ့ထံကျဆင်းလာသော မဟာဝေရောစနလက်ဖဝါးများကို ကြည့်သည်။ သူက လက်မြှောက်လိုက်ပြီး ထိုလက်ဖဝါးများကို ပြန်ရိုက်ထုတ်လိုက်၏။ ထိုအခိုက်တွင် သူ့ခန္ဓာကိုယ်သည် ကြီးထွားလာပြီး ရေခဲစစ်နတ်ဘုရားဖြစ်လာသည်။ သူ့ကိုယ်ပေါ်တွင် လက်များစွာပေါ်ပေါက်လာပြီး အဘက်ဘက်သို့ ဆန့်တန်းသွားပြီး မဟာဝေရောစနလက်ဖဝါးများကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ဝုန်း..ဝုန်း...ဝုန်း...
ကြောက်မက်ဖွယ်အသံကြီးများကို ကြားလိုက်ရ၏။ ကျုံးမြောင်၏ခန္ဓာကိုယ်သည် တုန်ခါသွားပြီး သူ၏အမှန်တရားရေခဲဝိညာဉ်စွမ်းအားသည် သူ့နံရိုးများထဲသို့ စီးဆင်းသွား၏။ သူ့ထံသို့ ကျဆင်းလာသည့် မဟာဝေရောစနလက်ဖဝါးများကို ဆီးနှင်းများနှင့်ဖုံးလွှမ်းသွားပြီး အေးခဲသွား၏။
ဒုန်း...
ကြောက်မက်ဖွယ်အသံတစ်ခုကို ကြားလိုက်ရ၏။ သူ့ခြေထောက်အောက်ရှိ ရေခဲပြင်သည် ကွဲအက်သွား၏။ ဧရာမ မဟာဝေရောစနလက်ဖဝါးများသည် ကြောက်မက်ဖွယ် ရောင်ခြည်များကို ထုတ်လွှတ်နေ၏။ နေမင်းမီးတောက်သည် ၎င်းတို့ကို လှည့်ပတ်နေသည်။ ၎င်းတို့သည် ကျုံးမြောင်ကို ဖိနှိပ်၊ သတ်ဖြတ်ရန် ကြိုးပမ်းနေသော်လည်း တားဆီးခံလိုက်ရသည်။ ရေခဲစစ်နတ်ဘုရားဖြစ်သွားသော ကျုံးမြောင်သည် ထိုကြောက်မက်ဖွယ်တိုက်ခိုက်မှုကို အတင်းတားဆီးလိုက်သည်။ သူမည်မျှ စွမ်းအားကြီးကြောင်း ထင်ရှားပေသည်။
“မင်းက နတ်ဘုရားကဒ်ဘေးကို ကျော်လွှားပြီးသွားပြီဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါက ထူးဆန်းတဲ့အတတ်တစ်ခုပဲ ဖြစ်မှာပါ”
ကျုံးမြောင်ပြောလိုက်၏။ သူ့မျက်လုံးများထဲမှ လွန်စွာအေးစက်သော နတ်အလင်းတစ်ခု ထွက်လာသည်။ သူသည် ဧရာမရေခဲစစ်နတ်ဘုရားဖြစ်လာသော်လည်း ကပ်ဘေးအဆင့်တန်ခိုးရှင်တစ်ဦး၏ ခံ့ညားထည်ဝါသောအမူအရာရှိပေသေးသည်။ သူပြောလိုက်၏။
“မင်းက ငါ့ကိုသတ်ချင်ပေမယ့်... တကယ်သတ်နိုင်လို့လား”
ယခုတွင် သူ့ခန္ဓာကိုယ်သည် လမ်းစဉ်ခန္ဓာတစ်ခု ဖြစ်လာပြီဖြစ်သည်။ မဟာလမ်းစဉ်စည်းမျဉ်းသည် သူ့ကိုလှည့်ပတ်နေ၏။ ထိုစည်းမျဉ်းသည် သူ၏စည်းမျဉ်းပင်။ မဟာဝေရောစနလက်ဖဝါးအားလုံးသည် တားဆီးခံလိုက်ရပြီး သူ့ကိုမသတ်ဖြတ်နိုင်ခဲ့ပေ။
“မဖြစ်နိုင်ဘူးဟုတ်လား...”
ရီဖူရှင်းက ကျုံးမြောင်ကိုကြည့်လျှက် မေးလိုက်သည်။
ရီဖူရှင်းကိုယ်ပေါ်ရှိ နတ်အလင်းသည် ပို၍တောက်ပလာသည်။ ထိုနတ်အလင်းသည် နေအလင်းထက်ပင် ပို၍မျက်စိစူးစေ၏။
“ခင်ဗျားက ဘာမှမသိဘူးပဲ”
ရီဖူရှင်း ပြောသည်။ ထို့နောက်တွင် သူ့ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားပြီး နတ်အလင်းတန်းတစ်ခုဖြစ်သွားကာ အာကာပြင်ကို ဖောက်ထွင်းပျံသန်းသွား၏။
ကျုံးမြောင်သည် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံပေါ်၏။ သူသည် သူ့ခန္ဓာကိုယ်ပေါ်တွင် အမှန်တရားရေခဲဝိညာဉ်စွမ်းအားကို အဆုံးအစွန်အထိ မြှင့်တင်လိုက်သည်။ သူ့ရေခဲစစ်နတ်ဘုရားခန္ဓာကို ဗဟိုပြု၍ သူ့ပတ်ဝန်းကျင်ရှိအရာအားလုံး လှုပ်ရှားမှုရပ်တန့်သွား၏။
သို့သော် ထို့နောက်တွင် သူ့မျက်မှောင်ကြုတ်သွားပြီး သူ့ခန္ဓာကိုယ်သည် တုန်ခါလာ၏။
သူအနည်းငယ်ခေါင်းငုံ့ကာ ကြည့်သည်။ သူ့စစ်နတ်ဘုရားခန္ဓာ၏ အလယ်သည် ဟောင်းလောင်းဖြစ်နေသည်။ ထိုနေရာတွင် အပေါက်တစ်ခု ရှိနေသည်။ ထိုအပေါက်၏အခြားတစ်ဘက်တွင် ရီဖူရှင်းပေါ်ထွက်လာသည်။
ရီဖူရှင်း၏ခန္ဓာကိုယ်သည် အသွေးအသားနှင့်တည်ဆောက်ထားသော သာမန်ခန္ဓာကိုယ်မဟုတ်တော့ပေ။ သူ့ခန္ဓာကိုယ်သည် မဟာလမ်းစဉ်၏ အစစ်အမှန်နတ်ခန္ဓာတစ်ခု ဖြစ်လာပေပြီ။ ၎င်းသည် လမ်းစဉ်ခန္ဓာကိုယ်ဖြစ်လာပြီးပြီဖြစ်သည်။
ရီဖူရှင်း၏ခန္ဓာကိုယ် ရင်ဆိုင်ခဲ့ရသော နတ်ဘုရားကဒ်ဘေးသည် မဟာလမ်းစဉ်ပထမနတ်ဘုရားကဒ်ဘေးကို ခံခဲ့ရသော အခြားတန်ခိုးရှင်များနှင့် နှိုင်းယှဉ်၍မရပေ။ အခြားသူများသည် ကပ်ဘေးတစ်ခုကိုသာ ဖြတ်ကျော်ခဲ့ရသည်။ ရီဖူရှင်းမှာမူ နတ်ဘုရားကဒ်ဘေးခံရသည့် အချိန်အပိုင်းအခြားအတွင်း၌ နေ့စဉ်နီးပါး ကပ်ဘေးခံခဲ့ရသည်။
ထို့အပြင် သူ့ခန္ဓာကိုယ်သည် သူနတ်ဘုရားကဒ်ဘေးမခံရသေးခင်ကပင် လွန်စွာစွမ်းအားကြီးသည်အထိ လေ့ကျင့်ခြင်းခံထားရပြီးဖြစ်သည်။ ရီဖူရှင်း၏ကျင့်ကြံခြင်းအဆင့်သည် ရန်ဟောင်အဆင့်ကိုးသာဖြစ်သော်လည်း သူ၏နတ်ခန္ဓာနှင့်သာဆိုလျှင် သူသည် မဟာလမ်းစဉ်ပထမနတ်ဘုရားကဒ်ဘေးကို ဖြတ်ကျော်ထားပြီးသူအများစုကို သူ့ခန္ဓာကိုယ်၏အင်အားကိုသာသုံး၍ပင် ချက်ချင်းသတ်ပစ်နိုင်မည်ဟု သူယုံကြည်မှုရှိ၏။
“နတ်ခန္ဓာ...”
ကျုံးမြောင်သည် ယိမ်းထိုးနေရင်း ရေရွတ်လိုက်သည်။ ထို့နောက် သူ၏ဧရာမရေခဲစစ်နတ်ဘုရားခန္ဓာသည် တစ်ဖြည်းဖြည်း ကွဲအက်ပျက်စီးလာ၏။ သူ့မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုများ၊ မယုံနိုင်မှုများ ပေါ်လာသည်။
သူ့ကဲ့သို့ ကပ်ဘေးအဆင့်တန်ခိုးရှင်တစ်ဦးသည် ရန်ဟောင်အဆင့်တန်ခိုးရှင်တစ်ဦး၏သတ်ဖြတ်မှုကို ခံခဲ့ရပေပြီ။
သူ ကျုံးမြောင်သည် ဤနေရာတွင် အမှန်ပင် သေဆုံးတော့ပေမည်။
“ကုန်းမြေသခင်ရှီဟိုင်က တစ်နေ့ကျရင် ခင်ဗျားကိုလာအဖော်ပြုပေးမှာပါ”
ရီဖူရှင်း ပြောသည်။ သူ ထိုသို့ပြောလိုက်ပြီးနောက်တွင် ကျုံးမြောင်၏ခန္ဓာကိုယ်သည် ကွဲအက်ပျက်စီးသွားလေတော့သည်။ သူသည် အနောက်ပင်လယ်ထဲတွင် မျောပါသွားပေပြီ။
အထက်ကောင်းကင်တွင် အရားအားလုံးပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်သည်လည်း ပုံမှန်အခြေအနေသို့ ပြန်ရောက်ရှိသွား၏။ အေးခဲနေသော ပင်လယ်ရေမျက်နှာပြင်သည်လည်း ပုံမှန်အတိုင်း စီဆင်းနေပေပြီ။ အဝေးမှနေ၍ လှိုင်းလုံးများရွေ့လျားလာပြီး ပင်လယ်လေညင်းတစ်ချက်လည်း တဝေါဝေါဖြင့် တိုက်ခတ်သွား၏။
ရီဖူရှင်းက ပင်လယ်မျက်နှာပြင်ပေါ်တွင် ရပ်ကာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ ရီဖူရှင်းက ထိပ်သီးတန်ခိုးရှင်များစွာကို သတ်ခဲ့ဖူးသော်လည်း ကျုံးမြောင်သည့် သူ့ကိုယ်ပိုင်စွမ်းအားဖြင့်သတ်ခဲ့ဖူးသော ပထမဆုံးကပ်ဘေးအဆင့်တန်ခိုးရှင်ဟု ဆိုနိုင်၏။ ထိုအချက်သည် အတော်လေး အရေးပါပေသည်။
ယခုတွင် ရီဖူရှင်းက စွမ်းအားကြီးသော ကပ်ဘေးအဆင့်တန်ခိုးရှင်များကို သူ့ကိုယ်ပိုင်အစွမ်းအစနှင့် သတ်နိုင်ပြီဖြစ်သည်။ သူသည် မဟာလမ်းစဉ်ဒုတိယနတ်ဘုရားကဒ်ဘေးကို ကျော်ဖြတ်ပြီးသူများထံမှပင် သူ့ကိုယ်သူ ကာကွယ်နိုင်ပြီဖြစ်သည်။
ရီဖူရှင်းက ယင်ကျိုးကျွန်းရှိရာဘက်သို့ ကြည့်သည်။ ထို့နောက် သူသည် လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွား၏။
******
ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုသည် အနောက်ပင်လယ် ကုန်းမြေသခင်အိမ်တော်တစ်ခုလုံးကို လွှမ်းခြုံသွား၏။ ပတ်ဝန်းကျင်သည် ထိုင်းမှိုင်းနေပေသည်။
မကြာမီတွင် ကုန်းမြေသခင်အိမ်တော်၌ သတင်းတစ်ခု ပျံ့နှံ့သွား၏။ ကျုံးမြောင် ကျရှုံးသွားပေပြီ။
ထိုသတင်းသည် လွန်စွာလျင်မြန်သောနှုန်းဖြင့် ပျံ့နှံ့သွား၏။
လူများစွာသည် ယင်ကျိုးပင်လယ်ကမ်းခြေတွင် နောက်ဆုံးသတင်းကို စောင့်ဆိုင်းနေကြသည်။ သူတို့သည် ကျုံးမြောင်တစ်ယောက် ရီဖူရှင်းကို ဖမ်းကာ ယင်ကျိုးမြို့သို့ အောင်အောင်မြင်မြင် ပြန်လာပြီဆိုသော သတင်းအစား ကျုံးမြောင်သေဆုံးသွားပြီဟူသော သတင်းကိုသာ ကြားလိုက်ရသည်။ ထိုသတင်းကြောင့် ကုန်းမြေသခင်အိမ်တော်မှ လူအားလုံးသည် အလွန်အမင်းတုန်လှုပ်သွား၏။ ယင်ကျိုးမြို့မှ တန်ခိုးရှင်များသည်လည်း အံ့အားသင့်သွားကြ၏။ လူအားလုံးသည် မယုံနိုင်ဖြစ်နေပြီး ရင်တုန်နေကြသည်။
ကျုံးမြောင်သည် ကုန်းမြေသခင်အိမ်တော်တွင် ဒုတိယအဆင့်အမြင့်ဆုံး တန်ခိုးရှင်တစ်ဦးဖြစ်ကာ သူ့အထက်တွင် ကုန်းမြေသခင်ရှီဟိုင်သာ ရှိတော့သည့် စွမ်းအားကြီးသူတစ်ယောက်ဖြစ်သည်။ မကြာသေးခင်က သူသည် ရီဖူရှင်းနောက်သို့ လိုက်သွားခဲ့သည်။ သူသည် ရီဖူရှင်းကို ဖမ်းနိုင်လိမ့်မည်ဟု လူအားလုံး ယုံကြည်ကြသည်။ ရီဖူရှင်းလွတ်သွားလျှင်လည်း နားလည်ပေးနိုင်၏။
သို့သော် နောက်ဆုံးတွင် ကျုံးမြောင်သည် ရီဖူရှင်း၏သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
ထိုကိစ္စသည် အမှန်ပင်လော။
အဘယ်ကြောင့် ထိုကိစ္စသည် အိပ်မက်တစ်ခုဟု ခံစားနေရသနည်း။
ရှီးချီယောင်ရှိနေသော သင်္ဘောပေါ်တွင် အနောက်အင်ပါယာနန်းတော်မှ တန်ခိုးရှင်တစ်စုသည် ထိုသတင်းကိုကြားလိုက်ရသောအခါ တစ်ခဏမျှ မယုံနိုင်ဖြစ်နေသည်။ ရှီးချီယောင်သည်လည်း အံ့အားသင့်သွား၏။ သူမ မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး ပြုံးသည်။ ထိုကိစ္စသည် အမှန်ပင် အံ့အားသင့်ဖွယ်ပင်။
သေဆုံးသွားခဲ့သောသူမှာ ကျုံးမြောင်ဖြစ်နေပေသည်။
“ဒီတစ်ကြိမ်တော့ ကုန်းမြေသခင်အိမ်တော်က ကြီးကြီးမားမားဆုံးရှုံးလိုက်ရပြီပေါ့”
ဘေးမှအကြီးအကဲတစ်ဦးက ပြောသည်။ ကျုံးမြောင်သည် ကုန်းမြေသခင်အိမ်တော်တွင် ဒုတိယအဆင့်ရှိသူဖြစ်သည်။ ထိုမတိုင်ခင်က အသတ်ခံခဲ့ရသူအားလုံးကို ပေါင်းလျှင်ပင် သူ့ကိုမယှဉ်နိုင်ပေ။ သူ၏သေဆုံးမှုသည် ကုန်းမြေသခင်အိမ်တော်၏ အင်အားကို လျော့ကျသွားစေသည်။
ထိုအဖြစ်အပျက်၏ အရေးပါမှုသည် ပို၍ပင် ထူးခြားပေသည်။
ကုန်းမြေသခင်အိမ်တော်ရင်ဆိုင်နေရသည့် ဘေးဒုက္ခသည် အဆုံးမသတ်သေးပေ။ အဆုံးသတ်ရန် အဝေးကြီးလိုပေသေးသည်။
ထိုကဲ့သို့သော ရလဒ်မျိုးထွက်လာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ချေ။ အကယ်၍ ကုန်းမြေသခင်ရှီဟိုင်သာ ထိုသို့အဆုံးသတ်မည်ကို သိခဲ့ပါက ရီဖူရှင်းကို ထိခဲ့မည်မဟုတ်ပေ။
“အခု ကျွန်မတို့ရဲ့ အနောက်ပင်လယ်ကုန်းမြေသခင်က နာကျင်မှုကို ခံစားနေရမှာပဲ”
ရှီးချီယောင်က တွက်ဆလိုက်သည်။ သူမဘေးမှ လူများသည် ထောက်ခံကြောင်း ခေါင်းညိတ်လိုက်ကြ၏။ ဤအကြိမ်တွင် ကုန်းမြေသခင်အိမ်တော်သည် ရီဖူရှင်း၏အန္တရာယ်ကို မည်သို့ရင်ဆိုင်မည်နည်း။
ထိုအချိန်တွင် ယင်ကျိုးပင်လယ်ကမ်းခြေရှိ ကုန်းမြေသခင်အိမ်တော်မှ တန်ခိုးရှင်အားလုံးသည် ပြန်ဆုတ်ခွာနေပေပြီ။ ထို့ကြောင့် သတင်းကိုသံသယဖြစ်နေသေးသူများသည် ထိုသတင်းမှာ အမှန်ဖြစ်ကြောင်း သိသွားကြလေတော့သည်။ ကျုံးမြောင် ကျရှုံးခဲ့ပေပြီ။ သူသည် ရီဖူရှင်းကိုဖမ်းရန် လိုက်သွားသော်လည်း သူသာအသတ်ခံလိုက်ရ၏။
ယင်ကျိုးကျွန်းအတွက် ထိုသတင်းသည် ကျွန်းတစ်ခုလုံးကိုတုန်လှုပ်သွားစေသော သတင်းဖြစ်သည်။
ကုန်းမြေသခင်အိမ်တော်ထဲတွင် ကုန်းမြေသခင်ရှီဟိုင်ထိုင်နေ၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်း၏။ သူ့ရှေ့တွင် ကုန်းမြေသခင်အိမ်တော်မှ အိမ်တောင်သားများစွာ စုဝေးနေ၏။ မည်သူမှ အသံမထွက်ဝံ့ပေ။
ထိုအခိုက်တွင် ကုန်းမြေသခင်ရှီဟိုင်သည် သူ ရီဖူရှင်းကို မည်သို့ဆက်ခံခဲ့သည်ကို ပြန်တွေးမိနေသည်။ သူထိုသို့ဆက်ဆံခဲ့မိသည်ကို နောင်တရလေသလော။