အကူအညီရှာခြင်း
Vol. 176 Ch. 2519
ကုန်းမြေသခင်ရှီဟိုင်သည် နောင်တရလိမ့်မည်မဟုတ်ပေ။ သူသည် ဒေါသထွက်နေခြင်းသာဖြစ်ပြီး သူ့ထံတွင် ပြင်းထန်သောသတ်ဖြတ်လိုသည့်အငွေ့အသက်တစ်ခု ရှိနေ၏။
ယခုတွင် ယင်ကျိုးမြို့မှ လူများသည် တူညီသောမေးခွန်းကို တွေးတောနေကြသည်။ ရီဖူရှင်းက ကျုံးမြောင်ကို အဘယ်သို့သတ်လိုက်ခြင်းနည်း။ သူသည် သူ့အစွမ်းအစကိုသာ မှီခိုခဲ့သလော သို့မဟုတ် အခြားသူများနှင့် အင်အားပူးပေါင်း၍ ကျုံးမြောင်ကို သတ်ခဲ့ခြင်းလော။
ကျုံးမြောင်သည် သူသေဆုံးမသွားခင်အထိ ရီဖူရှင်းမှာ နတ်ဘုရားကဒ်ဘေးကို ကျော်လွှားခဲ့ပြီးဖြစ်သည်ဟု မယုံကြည်ခဲ့ပေ။ ထိုအစား ရီဖူရှင်းက အထူးအတတ်ပညာတစ်ခုကို ကျင့်ကြံခဲ့သည်ဟုသာ သူယုံကြည်နေခဲ့၏။ အပြင်လောကရှိ မည်သူမှ ရီဖူရှင်းနှင့် မတိုက်ခိုက်ခဲ့ဖူးရာ သူတို့သည် ရီဖူရှင်းအကြောင်းကို သိပ်မသိကြချေ။ သို့သော် လူအားလုံးသည် တစ်ချက်ကိုတော့ သိပေသည်။ မူလဘုံတွင် ပဋိပက္ခများဖြစ်ခဲ့စဉ်က ရီဖူရှင်းက ရန်ဟောင်အဆင့်ရှစ်တန်ခိုးရှင်တစ်ဦးသာဖြစ်သည်ဟူသော အချက်ပင်။
ပြီးခဲ့သောနှစ်များအတွင်း၌ ရီဖူရှင်းက မည်မျှစွမ်းအားကြီးသည်ဆိုစေကာမူ ရန်ဟောင်အဆင့်ကိုးသို့သာ ရောက်နိုင်၏။
ထိုအချက်သည် ကျင့်ကြံခြင်းလောက၏ သံမဏိစည်းမျဉ်းပင်။ အဆင့်ကိုးတန်ခိုးရှင်တစ်ဦးသည် ကပ်ဘေးအဆင့်တန်ခိုးရှင်တစ်ဦးကို မနိုင်,နိုင်ပေ။ မည်သည့်ခြွင်းချက်မှ မရှိပေ။ ကောင်းကင်ကိုပင်ဆန့်ကျင်နိုင်သော ပါရမီရှိသူများပင် ထိုသို့မလုပ်နိုင်ပေ။ ထိုစည်းသည် မဖြတ်ကျော်နိုင်သော သဘာဝပိုင်းခြားမှုပင်ဖြစ်သည်။
ကပ်ဘေးအဆင့်တန်ခိုးရှင်များသည် ရန်ဟောင်အဆင့်တန်ခိုးရှင်များကို မဟာလမ်းစဉ်စက်ကွင်းနှင့် စည်းမျဉ်းများတွင် အသာရထားပေသည်။
သို့ဖြစ်ရာ ရီဖူရှင်းက ကျုံးမြောင်ကို အဘယ်သို့ သတ်နိုင်ခဲ့သနည်း။
ကျုံးမြောင်တစ်ယောက် ရီဖူရှင်းကို လိုက်ဖမ်းစဉ်တွင် ရီဖူရှင်းက စီဝေ့ကြယ်ကောင်းကင်မှ ထိပ်သီးတန်ခိုးရှင်များနှင့် အင်အားပူးပေါင်း၍ အနောက်ပင်လယ်အတွင်း၌ ထောင်ချောက်ဆင်ကာ ကျုံးမြောင်ကို သတ်ခဲ့ခြင်းပေလော။
စီဝေ့ကြယ်ကောင်းကင်တွင် ကပ်ဘေးအဆင့်တန်ခိုးရှင်နှစ်ဦးသာ ရှိ၏။ အကယ်၍ သူတို့ အင်အားပူးပေါင်းခဲ့လျှင်လည်း ကျုံးမြောင်သည် ထွက်မပြေးနိုင်တော့လေသလော။
ရီဖူရှင်းက အခြားသူများနှင့် အင်အားပူးပေါင်းခြင်းမဟုတ်ဘဲ နတ်လက်နက်တစ်ခုကို အသုံးပြုခဲ့ခြင်းဖြစ်ရပေမည်။ ရီဖူရှင်းက ယခင်က မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာ၏ တိုက်ခိုက်ရေးစွမ်းရည်ကို မှီခိုခဲ့ကြောင်း အားလုံးမှတ်မိပေသည်။ ရီဖူရှင်းက မဟာအင်ပါယာများစွာ၏ သင်ကြားမှုများကို အမွေဆက်ခံခဲ့ကြောင်းကိုလည်း သူတို့သိ၏။
ရီဖူရှင်းထံတွင် အဆင့်ကွာခြားသော်လည်း ကျုံးမြောင်ကို အနိုင်ယူသတ်ဖြတ်ပစ်နိုင်စွမ်းရှိသည့် စွမ်းအားကြီးဝှက်ဖဲများ ရှိနေနိုင်၏။ ထိုကဲ့သို့သာဖြစ်နိုင်ချေသည် ကြီးမားပေသည်။
အနောက်အင်ပါယာနန်းတော်မှသင်္ဘောပေါ်ရှိ တန်ခိုးရှင်များသည် ယင်ကျိုးပင်လယ်ကမ်းခြေပေါ်မှ လူအုပ်၏ ဆွေးနွေးနေမှုများကို ကြားနိုင်၏။ ရှီးချီယောင်ပြောလိုက်၏။
“ဘယ်လိုမျိုးက ပိုဖြစ်နိုင်မယ်လို့ အကြီးအကဲတို့ထင်လဲ”
“ရီဖူရှင်းက အထူးအတတ်တစ်ခုကို အသုံးချသွားတာပဲဖြစ်ရမယ်။ ဒီကောင်လေးက အမွေအနှစ်အများကြီးကို ရထားတာ... ပြီးတော့ ဆန်းကြယ်ပြီး ခန့်မှန်းရခက်တယ်။ သူ့မှာ ဝှက်ဖဲတစ်ခုရှိနေတာ သာမန်ပါပဲ။ အဲလိုသာဆိုရင် သူက ကျုံးမြောင် သူ့နောက်လိုက်လာအောင် တမင်မျှားခေါ်သွားတာပဲဖြစ်ရမယ်။ ပြီးတော့မှ သူ ကျုံးမြောင်ကို သတ်ပစ်လိုက်တာပဲ”
ဘေးမှအကြီးအကဲတစ်ဦးက ပြောသည်။ ထိုအဖြေသည် လူအများစု ယုံကြည်သောအဖြေဖြစ်သည်။
“သူ့အစွမ်းအစနဲ့သူ သတ်ခဲ့တာရော မဖြစ်နိုင်ဘူးလား”
ရှီးချီယောင်ပြောသည်။ သို့သော် သူမသည် စကားတစ်ဝက်ဖြင့်ပင် ရပ်လိုက်သည်။ ထိုကိစ္စသည် ဖြစ်နိုင်ချေနှင့် ဝေးပေသည်။ သူမသည် ရီဖူရှင်း၏ပါရမီနှင့် စွမ်းဆောင်ရည်ကို အသိအမှတ်ပြုသော်လည်း ထိုသို့ဖြစ်နိုင်ချေမှာ လွန်စွာနည်းပါးပေသည်။
မျှော်လင့်ထားသကဲ့သို့ပင် သူမဘေးမှ လူအားလုံးသည် ခေါင်းခါလိုက်ကြသည်။ အကြီးအကဲက ဆက်ပြော၏။
“အဲဒါက တော်တော်လေး မဖြစ်နိုင်တဲ့ကိစ္စပဲ”
ရှီးချီယောင်သည် ခေါင်းညိတ်လိုက်ပြီး ဆက်၍မပြောတော့ပေ။ တိုက်ပွဲအတွင်း၌ မည်သို့ဖြစ်သွားသည်ကို သူမစိတ်ဝင်စားနေ၏။
ကံဆိုးစွာပင် သူမသည် ထိုတိုက်ပွဲကို ကိုယ်တိုင်မမြင်ခဲ့ရပေ။
“ကုန်းမြေသခင်အိမ်တော်ကလူတွေတော့ အကုန်ပြန်ဆုတ်ခွာသွားကြပြီ။ အချိန်အတော်ကြာတဲ့အထိ သူတို့ပြန်ပြီး လူလုံးပြရဲမှာ မဟုတ်လောက်ဘူး”
အကြီးအကဲတစ်ယောက်က တင်ပြလိုက်သည်။ ထိုစကားကိုကြားလိုက်သောအခါ ရှီးချီယောင်ပြုံးသွား၏။ အနောက်ပင်လယ်ကုန်းမြေ၏အရှင်သခင်နှင့် အနောက်ပင်လယ်ကုန်းမြေသခင်အိမ်တော်မှ တန်ခိုးရှင်များသည် သူတို့၏အိမ်တော်ထဲတွင် ပုန်းအောင်းနေရပြီး အပြင်သို့ထွက်မလာဝံ့ကြပေ။
မည်မျှ ထင်မှတ်မထားသည့် ကိစ္စနည်း။
အစပိုင်းတွင် ကုန်းမြေသခင်ရှီဟိုင်၏ ခက်ထန်သောစိတ်နေစိတ်ထားသည် သူ့ကိုယ်သူယုံကြည်မှုလွန်ကဲကာ မောက်မာပေသည်။ သို့သော် ယခုတွင် သူသည် အခြာသူများအတွက် ရယ်စရာဟာသတစ်ခုဖြစ်လာပေပြီ။
“ဟိုဘက်ကို ကြည့်လိုက်ကြ...”
ယင်ကျိုးပင်လယ်ကမ်းခြေတွင် ရပ်နေသော လူတစ်ယောက်က အော်ပြောလိုက်၏။ လူအားလုံးသည် သူညွှန်ပြရာဘက်သို့ လှမ်းကြည့်လိုက်ရာ ပင်လယ်ပြင်ပေါ်ရှိ ငွေဖြူရောင်ဆံပင်နှင့်ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ သူသည် သူတို့ရှိရာသို့ ပျံသန်းလာသည်။ သူသည် ချေငံပုံပေါ်ပြီး ထူးကဲသောဟန်ပန်ရှိ၏။ သူကား ရီဖူရှင်းပင်။
သူထပ်၍ ရောက်လာခဲ့ပြီဖြစ်သည်။
လူအားလုံးသည် သူ့မျက်နှာကိုမြင်လိုက်ရသောအခါ ရင်တုန်ထိတ်လန့်သွားကြ၏။ ရီဖူရှင်းက ကျုံးမြောင်ကို သတ်လိုက်ပြီးနောက်တွင် ယင်ကျိုးပင်လယ်ကမ်းခြေသို့ ထပ်မံရောက်ရှိလာ၏။ ကြည့်ရသည်မှာ သူသည် ကုန်းမြေသခင်အိမ်တော်မှ တန်ခိုးရှင်များကို ချမ်းသာပေးမည်ပုံမပေါ်ပေ။
ကုန်းမြေသခင်အိမ်တော်မှ တန်ခိုးရှင်များသည် လူငယ်တစ်ဦး၏ ချောင်ပိတ်ဖိအားပေးမှုကို ခံနေရသည်ဖြစ်ရာ သေချာပေါက် မကျေနပ်ခံစားနေရနေလောက်သည်။ ယခင်က ထိုကဲ့သို့အခြေအနေမျိုး မဖြစ်ခဲ့ဖူးပေ။
“ရန်ဟောင်ရီ...”
ထိုအခိုက်တွင် ခပ်ဆတ်ဆတ်ခေါ်လိုက်သံတစ်သံ ထွက်ပေါ်လာသည်။ ရေပေါ်တွင် ရပ်နေသောရီဖူရှင်းက ခေါင်းလှည့်၍ ကြည့်လိုက်ရာ ကုန်းပတ်ပေါ်တွင် ရပ်နေသော မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်ရသည်။
သူမကား ရှီးချီယောင်ပင်။ ထိုမတိုင်ခင်ကပင် ရီဖူရှင်းက သူမရှိနေသည်ကို သတိပြုမိခဲ့သည်။ သို့သော် သူတို့သည် မရင်းနှီးပေ။ ထို့အပြင် သူသည် အင်ပါယာနန်းတော်၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီးနောက် ကောင်းကင်ဒေသမှ လူအားလုံးအတွက် ဘုံရန်သူတစ်ယောက် ဖြစ်ခဲ့သည်။ ရီဖူရှင်း၏အမြင်တွင် ကောင်းကင်ဒေသမှ အင်အားစုအားလုံးသည် ထိုအကြောင်းကြောင့် သူနှင့်ခပ်ခွာခွာနေလိမ့်မည်ဟု သေချာနေခဲ့သည်။ ထို့ကြောင့် သူ့ကို ရှီးချီယောင်က လှမ်းနှုတ်ဆက်လိုက်သည်ကို ကြားလိုက်သောအခါ အနည်းငယ်အံ့အားသင့်သွားခြင်းဖြစ်သည်။
“နတ်မိမယ်ချီယောင်...”
ရီဖူရှင်းက အနည်းငယ်ခေါင်းဆတ်ပြ၍ ရှီးချီယောင်ကို ပြန်နှုတ်ဆက်လိုက်သည်။
“ကျွန်မတို့ မတွေ့တာတောင် အတော်ကြာပြီ။ စကားလေးဘာလေးပြောရအောင် သင်္ဘောပေါ်တက်ခဲ့ပါလား”
ရှီးချီယောင်က ဖိတ်ခေါ်လိုက်သည်။ ယင်ကျိုးပင်လယ်ကမ်းခြေရှိ တန်ခိုးရှင်အားလုံးသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားကြ၏။ ရီဖူရှင်းက အင်ပါယာချီ၏ဆက်ဆံသူဖြစ်ကြောင်း လူတိုင်းသိပေသည်။
ထိုအချက်ကို ထည့်မတွက်လျှင်ပင် ယခုတွင် ရီဖူရှင်းက ကုန်းမြေသခင်အိမ်တော်၏ ရန်သူတော်ကြီးဖြစ်နေပေသည်။ ထို့အပြင် သူမသည် အနောက်အင်ပါယာနန်းတော်ကို ကိုယ်စားပြုသူဟုဆိုနိုင်၏။ သူမသည် ရီဖူရှင်းကို စကားစမြည်ပြောရန် သင်္ဘောပေါ်သို့ ဖိတ်ခေါ်လိုက်ခြင်းသည် ကုန်းမြေသခင်အိမ်တော်ကို ပါးရိုက်လိုက်သကဲ့သို့ပင်ဖြစ်၏။
အနောင်အင်ပါယာနန်းတော်နှင့် ကုန်းမြေသခင်အိမ်တော်တို့အကြားတွင် ပြိုင်ဆိုင်မှုအနည်းငယ်ရှိကြောင်း အနောက်ပင်လယ်ကုန်းမြေမှ လူအားလုံးသိပေသည်။ သို့သော် ယခုတွင် အခြေအနေသည် အနည်းငယ်ကွဲပြားနေသည် မဟုတ်ပေလော။ ရီဖူရှင်းက ကုန်းမြေသခင်အိမ်တော်၏ ဒုတိယအဆင့်ရှိသူကို သတ်ခဲ့၏။
ရီဖူရှင်းလည်း ကြောင်သွား၏။ သို့သော် သူမဘက်က ဖိတ်ခေါ်နေသည်ဖြစ်ရာ သူသည် မည်သို့ငြင်းနိုင်မည်နည်း။ သူသည် လျှပ်တစ်ပြက်အတွင်းမှာပင် ရှီးချီယောင်တို့ သင်္ဘောပေါ်သို့ ရောက်သွား၏။
ရှီးချီယောင်၏မျက်နှာသည် ပျော်ရွှင်ဝင်းပသွား၏။ သူမ၏အပြုံးသည် မှင်တက်ဖွယ်ဖြစ်သည်။
“အနောက်အင်ပါယာနန်းတော်က ရှင့်ကို အန္တရာယ်ပြုမှာ ရှင်မစိုးရိမ်ဘူးလား”
ရှီးချီယောင်က စနောက်လိုက်သည်။ သူမ၏သင်္ဘောပေါ်တွင် ကပ်ဘေးအဆင့်တန်ခိုးရှင်များပါ၏။ သူတို့ကာ အလစ်ဝင်တိုက်ပြီး ရီဖူရှင်းကို သူတို့၏မဟာလမ်းစဉ်စက်ကွင်းများဖြင့် ဝန်းရံလိုက်ပါက သူသည် ထိုအခြင်းအရာကို မည်သို့ရင်ဆိုင်ရန် ကြံထားသနည်း။
ရီဖူရှင်းက သူ၏စွမ်းရည်ကို အလွန်ယုံကြည်မှုရှိကာ သူတို့အားလုံးကို မကြောက်သဖြင့် ထိုသို့ ရဲရဲတင်းတင်းပြုမူလိုက်ခြင်းပေလော။ သို့မဟုတ် သူသည် သူမကို မျက်စိမှိတ်ယုံကြည်နေခြင်းလော။
“နတ်မိမယ်ချီယောင်က အနောက်အင်ပါယာနန်းတော်ကို ဒုတိယကုန်းမြေသခင်အိမ်တော်ဖြစ်လာစေမယ့် ကိစ္စကို မလုပ်လောက်ဘူးလို့ ကျုပ် ယုံတယ်”
ရီဖူရှင်းက တည်ငြိမ်စွာပင် ပြန်ပြောသည်။ သူ၏လေသံသည် ယုံကြည်မှုအပြည့်ဖြင့်ဖြစ်သည်။ အကယ်၍ အနောက်အင်ပါယာနန်းတော်သာ သူ့ကိုအမှန်တကယ် တိုက်ခိုက်ခဲ့ပါက သူတို့သည် ကုန်းမြေသခင်အိမ်တော်နှင့်တူညီသော ကံကြမ္မာကို ရင်ဆိုင်ရမည်ဟု ဆိုလိုပုံပင်။
အနောက်အင်ပါယာနန်းတော်မှ တန်ခိုးရှင်များသည် ထိုစကားကိုကြားလိုက်သောအခါ မကျေမနပ်ဖြစ်သွား၏။ သို့သော် သူတို့သည် မည်သို့မှ မတုံ့ပြန်လိုက်ပေ။ ရီဖူရှင်းက ကုန်းမြေသခင်အိမ်တော်ကို ရက်ရက်စက်စက်ပြုမူနေသည်မှာ အခြားအကြောင်းတစ်ခုကြောင့်ဖြစ်ကြောင်း သူတို့သဘောပေါက်၏။ သူသည် ထိုအဖြစ်အပျက်ကို အသုံးချ၍ ကောင်းကင်ဒေသမှ အင်အားစုများကို သတိပေးလိုခြင်းဖြစ်သည်။ သူတို့အားလုံးသည် သတိတကြီးပြုမူကာ သူ့ကို မဆင်မခြင်မတိုက်ခိုက်သင့်ပေ။ မဟုတ်လျင် သူတို့သည်လည်း အနောက်ပင်လယ်ကုန်းမြေသခင်အိမ်တော်ကဲ့သို့ အဆုံးသတ်သွားပေမည်။
ရှီးချီယောင်သည် ရီဖူရှင်း၏စကားများကို စိတ်ထဲမထားခဲ့ပေ။ သူမက ပြုံးလျှက် ပြောလိုက်၏။
“ရှင်ကဒီလိုပြောတယ်ဆိုမှာတော့ ရှင့်ရဲ့အစွမ်းက ကပ်ဘေးအဆင့်တန်ခိုးရှင်တွေကို ယှဉ်တိုက်နိုင်မယ်လို့ ယုံကြည်မှုရှိနေတယ်ပေါ့လေ”
ရီဖူရှင်းက ထိုမေးခွန်းကို ပြန်မဖြေလိုက်ချေ။ သူသည် ကျုံးမြောင်ကို မသတ်မီတွင် မြို့နှင့်ဝေးရာသို့ မျှားခေါ်သွားခဲ့သည်။ သူထိုသို့လုပ်ခဲ့ခြင်းမှာ အပြင်လောကမှလူများကို သူ့စွမ်းရည်အကြောင်းကို များစွာမသိစေလို၍ဖြစ်သည်။ လူအုပ်သည် အမျိုးမျိုးခန့်မှန်းကြမည်ဖြစ်သော်လည်း သူတို့သည် အမှန်တရားကို မည်သည့်အခါမှ သိရမည်မဟုတ်ပေ။ သူသည် သူတို့ကို ဆက်၍ခန့်မှန်းနေစေမည်ဖြစ်သည်။ ရလဒ်သည် သူ၏စွမ်းရည်ကို သက်သေပြရန် လုံလောက်သည်ထက်ပိုပေသည်။
ရှီးချီယောင်၏အကြည့်များသည် ရီဖူရှင်း၏မျက်ဝန်းများအပေါ် ရောက်နေ၏။ သူမသည် သူ၏မျက်ဝန်းများထဲမှ သူမလိုချင်သောအဖြေကို မရခဲ့ပေ။
“ရန်ဟောင်ရီက အနောက်ဘက်ကောင်းကင်က လိပ်ပြာတောင်ကုန်းကိုသွားကျင့်ကြံပြီး ဗုဒ္ဓရောင်ဝါခြေလှမ်းကို ကျွမ်းကျင်ခဲ့တယ်လို့ ကောလာဟလတွေကဆိုကြတယ်”
ရှီးချီယောင်က ဆက်၍ စကားဆွယ်သည်။
“ရှင် လိပ်ပြာတောင်ကုန်းမှာရှိနေတုန်းက ထူးခြားတဲ့ပညာရပ်တွေ ရရှိခဲ့တယ်မလား...”
သူမ၏လေသံသည် စိတ်ဝင်စားမှုများနှင့် ပြည့်နှက်နေသည်။
“နတ်မိမယ်ချီယောင်က ကျုပ်ကို တော်တော်စိတ်ဝင်စားနေတာပဲ...”
ရီဖူရှင်း စနောက်လိုက်သည်။
“အခု အနောက်ပင်လယ်ကုန်းမြေကလူတိုင်း ရှင့်ကိုစိတ်ဝင်စားနေတာပဲ”
ရှီးချီယောင် ပြန်ပြောသည်။
“ကျုပ် လိပ်ပြာတောင်ကုန်းမှ ရှိခဲ့တုန်းက ဗုဒ္ဓအားလုံးအရှင်ကို တွေ့ခဲ့ရတယ်”
ရီဖူရှင်း ထုတ်ပြောသည်။
“ဗုဒ္ဓအားလုံးအရှင်က ကျုပ်ကို လိပ်ပြာတောင်ကုန်းမှာ ကျင့်ကြံနိုင်ဖို့ ခွင့်ပြုပေးခဲ့တာ။ အဲဒါကြောင့် ကျုပ်ဟာ ဆယ်စုနှစ်စုလောက် ဗုဒ္ဓကျမ်းစာတွေကို အလွတ်ရတဲ့အထိ မှတ်သားခဲ့တယ်။ ကျုပ်က ဉာဏ်အလင်းမပွင့်ခဲ့ပေမယ့် ကျင့်ကြံခြင်းကိုတော့ အများကြီး အထောက်အကူဖြစ်ခဲ့တယ်”
ရှီးချီယောင်၏မျက်ဝန်းထဲတွင် အံ့အားသင့်မှုအရိပ်အယောင်တစ်ချက် လက်သွား၏။ ရီဖူရှင်းက သူမကို ထိုအကြောင်းများ ပြောပြလိမ့်မည်ဟု သူမ မထင်ခဲ့ပေ။
“ရန်ဟောင်ရီက တကယ့်ကို ကံကောင်းခြင်းတွေနဲ့ တွေ့ကြုံခဲ့ရတာပဲ”
ရှီးချီယောင်က ပြုံးလျှက်ပြောသည်။
“ရှင်က ကျွန်မသိချင်တာကို ဘယ်တော့မှ ပြောပြမှာမဟုတ်ဘူးလို့ ထင်နေတာ”
“ကျုပ် နတ်မိမယ်ချီယောင်ဆီက အကူအညီတောင်းစရာတစ်ခု ရှိပါတယ်”
ရီဖူရှင်းပြောသည်။ ရှီးချီယောင်၏မျက်လုံးများ လင်းလက်သွား၏။ ရီဖူရှင်းက သူမကိုအဘယ်ကြောင့် အမှန်အတိုင်းပြောခဲ့ခြင်းဖြစ်ကြောင်း ယခု သူမသိရှိခဲ့ပေပြီ။ သူသည် သူမထံမှ အကူအညီတောင်းစရာတစ်ခု ရှိနေသောကြောင့်ပင်။
“ဘာအကူညီများလဲ ရန်ဟောင်ရီ...”
ရီဖူရှင်း ပြောလိုက်၏။
“အနောက်ပင်လယ်က ကျယ်ပြောပါတယ်။ အနောက်ပင်လယ်ကုန်းမြေထဲမှာ နတ်တောင်တွေ အများကြီးရှိတယ်လို့ ကျုပ်ကြားတယ်။ ကျုပ် ထိပ်တန်း ဆေးညွှန်းတွေနဲ့ ဆေးပင်တွေကို ဘယ်မှာရှာလို့ရမလဲဆိုတာ ပြောပြလို့ရမလား”
အမှန်တွင် သူအနောက်ပင်လယ်ကုန်းမြေသို့ လာခဲ့ခြင်းမှာ ရည်ရွယ်ချက်နှစ်ခုအတွက်ဖြစ်သည်။ ပထမရည်ရွယ်ချက်မှာ ကုန်းမြေသခင်အိမ်တော်ကို ပညာပေးရန်ဖြစ်သည်။ ဒုတိယရည်ရွယ်ချက်မှာ သူ၏အဂ္ဂရိတ်ပညာကို တိုးတက်အောင်လုပ်နိုင်မည့် နည်းလမ်းရှာရန်ဖြစ်သည်။
အဂ္ဂရိတ်အပိုင်းတွင် အနောက်ပင်လယ်ကုန်းမြေသည် ကောင်းကင်ဒေသရှိ ကုန်းမြေဆယ့်ရှစ်ခုထဲတွင် ပထမဖြစ်သည်။
ရှီးချီယောင်သည် ရီဖူရှင်း၏တောင်းဆိုမှုကို ကြားလိုက်သောအခါ အံ့အားသင့်သွား၏။ သူသည် အမှန်ပင် ဆေးဖော်စပ်ရန် ဆေးညွှန်းကို ရှာနေခြင်းလော။
သူ မည်သို့လုပ်ရန် ကြံရွယ်ထားသနည်း။
“ဘယ်သူက ဆေးလုံးဖော်ချင်လို့လဲ”
ရှီးချီယောင်သည် သူ၏တောင်းဆိုမှုကို ချက်ချင်းအဖြေမပေးလိုက်ဘဲ ဆက်၍စစ်မေးလိုက်သည်။ ရီဖူရှင်းက အဂ္ဂရိတ်ပညာရပ်များကို အမွေဆက်ခံထားသော်လည်း သူသည် ထိုပညာရပ်များကို လူမြင်ကွင်းတွင် ထုတ်ပြခဲ၏။ သူ၏ထိုစွမ်းရည်ကို လူအနည်းငယ်သာ သိပေသည်။ သူ့အဂ္ဂရိတ်စွမ်းရည်သည် သူ၏ပါရမီနှင့် တိုက်ခိုက်ရေးစွမ်းရည်တို့၏လောင်းရိပ်မိနေ၏။
“ကျုပ် ဆေးလုံးဖော်ချင်တာ”
ရီဖူရှင်း ပြန်ပြောသည်။
ရှီးချီယောင်သည် ရီဖူရှင်းကို စေ့စေ့စပ်စပ်ကြည့်လိုက်ပြီး ပြောသည်။
“ရန်ဟောင်ရီက တကယ့်ကို အထင်ကြီးစရာကောင်းတာပဲ”
“အခုလက်ရှိ ကောင်းကင်ဒေသမှာ ထိပ်သီးအဂ္ဂရိတ်ပညာရှင် တစ်ယောက်မှမရှိတော့ဘူး။ ထျန်းယန်မြို့က သူတို့ရဲ့ စစ်လက်နက်ထုတ်လုပ်စွမ်းရည်ကြောင့် နာမည်ကြီးတယ်... အဂ္ဂရိတ်ပညာကြောင့် နာမည်ကြီးတဲ့နေရာတော့ တစ်နေရာမှမရှိဘူး”
ရှီးချီယောင်ပြောသည်။
“ရန်ဟောင်ရီက လိပ်ပြာတောင်ကုန်းကို ရောက်ခဲ့တာပဲ။ အနောက်ဘက်ကောင်းကင်မှာ ထိပ်သီး အဂ္ဂရိတ်ပညာရှင် မဟာဗုဒ္ဓတစ်ပါးရှိတယ်လေ။ သူ့နာမည်က ဆေးဗုဒ္ဓအရှင်တဲ့။ ဘာလို့များ ရန်ဟောင်ရီက သူ့ဆီက သင်ကြားနိုင်မယ့်အခွင့်အရေးကို လွဲချော်ခဲ့ရတာလဲ”
ရီဖူရှင်း ရှင်းပြလိုက်၏။
“ကျုပ် လိပ်ပြာတောင်ကုန်းမှာ ကျင့်ကြံနိုင်ခဲ့တာက ဗုဒ္ဓဂိုဏ်းတွေက ကျုပ်ကို အခွင့်အရေးပေးခဲ့လို့ပါ။ ပြီးတော့ ဆေးဗုဒ္ဓအရှင်က ကျုပ်နေခဲ့တဲ့နေရာကို တစ်ခါမှ ရောက်မလာခဲ့ဘူး။ ဒါကြောင့် အခွင့်အရေး မရှိခဲ့ဘူးလို့ ဆိုရမှာပဲပေါ့”
ရှီးချီယောင်သည် သဘောပေါက်သွားဟန် ခေါင်းညိတ်လိုက်သည်။ ဆေးဗုဒ္ဓအရှင်သည် အနောက်ဘက်ကောင်းကင်တွင် အဆင့်အတန်းမြင့်မားသူဖြစ်သည်။ သူသည် အခြားသူများကို အလွယ်တကူ သင်ကြားပြသပေးတတ်သူမဟုတ်ပေ။
“တခြားကုန်းမြေတွေနဲ့ ယှဉ်ရင်တော့ အနောက်ပင်လယ်ကုန်းမြေက အဂ္ဂရိတ်ပညာရပ်မှာ နည်းနည်းလောက် ပိုကျော်ကြားပါတယ်။ ဒီကုန်းမြေအတွင်းမှာရှိတဲ့ နတ်ကျွန်းစုတွေက စွမ်းအားကြီး အဂ္ဂရိတ်ပညာရှင်တွေအများကြီး မွေးထုတ်ပေးခဲ့တာပဲ”
ရှီးချီယောင်က ရီဖူရှင်းကို ပြောသည်။
“ကုန်းမြေထဲက အဂ္ဂရိတ်ပညာရပ်မှာ အကျော်ကြားဆုံးတစ်နေရာကို ရွေးရမယ်ဆိုရင်တော့ ကျိုးရိတောင်ကို ရွေးရမှာပဲ။ အဲဒါက ကျွန်းတစ်ကျွန်းလည်းဖြစ်သလို နတ်တောင်တစ်တောင်လည်းဖြစ်တယ်။ ဘာပဲဖြစ်ဖြစ်ပါ ရှင်က ဘယ်လို ဆေးညွှန်းမျိုးနဲ့ ဘယ်လိုဆေးပင်မျိုးကို ရှာနေတာလဲ”
“ရန်ဟောင်အထွတ်အထိပ်အဆင့် တန်ခိုးရှင်တွေအတွက် သင့်တော်မယ့် ဆေးညွှန်းနဲ့ဆေးပင်မျိုးပေါ့။ ဒါမှမဟုတ် ပိုပြီး စွမ်းအားကြီးတဲ့ဟာမျိုးပေါ့”
ရီဖူရှင်း ပြန်ပြောသည်။
“ရန်ဟောင်အထွတ်အထိပ်အဆင့် တန်ခိုးရှင်တွေအတွက် သင့်တော်မယ့် ဆေးညွှန်းနဲ့ဆေးပင်တွေက ရဖို့လွယ်ပါတယ်။ ဒါပေမဲ့ အဲထက်အစွမ်းကြီးတာမျိုးကတော့ ရဖို့မလွယ်လောက်ဘူး။ အဲလိုဆေးလုံးမျိုးတွေကို ဖော်စပ်နိုင်တဲ့ အဂ္ဂရိတ်ပညာရှင်က ပိုတောင်ရှားသေးတယ်”
ရှီးချီယောင်ပြောသည်။
“ဒါပေမယ့် ကျွန်မရဲ့လူတွေကို အဲကိစ္စနဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို အာရုံစိုက်ရှာဖို့ ကျွန်မပြောထားလိုက်ပါမယ်။ ကျွန်မတို့ တစ်ခုခုသိရတာနဲ့ ရှင့်ကို အကြောင်းကြားပါမယ်”
“ကောင်းပါပြီ...”
ရီဖူရှင်း ခေါင်းညိတ်၍ပြောလိုက်၏။
“နတ်မိမယ်ချီယောင် နတ်မိမယ်ရဲ့အကူအညီအတွက် ကြိုပြီးတော့ ကျေးဇူးတင်ပါတယ်”
“မူလဘုံက တိုက်ပွဲအတွင်းမှာ ကျွန်မ ရှင်နဲ့အတူလိုက်ပြီး ကျင့်ကြံမယ်လို့ သဘောတူခဲ့ဖူးတယ်။ အခု ရှင်စိတ်မရှိဘူးဆိုရင် ရှင်အနောက်ပင်လယ်ကုန်းမြေကို လှည့်လည်သွားလာနေတုန်း ကျွန်မ ရှင့်ကို အဖော်ပြုပေးပါမယ်။ ကျွန်မက ရှင့်ကို လမ်းပြပေးလို့လည်းရတာပေါ့”
ရှီးချီယောင် ကမ်းလှမ်းလိုက်သည်။ သို့သော် ရီဖူရှင်းက ခေါင်းခါ၍ သူမကိုငြင်းကာ ပြောသည်။
“နတ်မိမယ်ရဲ့ ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ နတ်မိမယ်က ကျုပ်ရဲ့ လက်ရှိအခြေအနေကို သိမယ်လို့ထင်ပါတယ်။ ကျုပ် တစ်ယောက်တည်းသွားတာက ပိုကောင်းပါတယ်။ နတ်မိမယ် သတင်းတချို့ရရင် ကျုပ်ကို အချိန်မရွေးရှာနိုင်ပါတယ်”
ရီဖူရှင်း ရှီးချီယောင်ကို အကူအညီတောင်းခဲ့ခြင်းမှာ သူမသည် အနောက်အင်ပါယာနန်းတော်၏ နတ်မိမယ်ဖြစ်နေသောကြောင့်ပင်။ သူမသည် အနောက်ပင်လယ်ကုန်းမြေထဲတွင် ဖြစ်ပျက်နေသမျှကို သိနိုင်၏။ ယခုတွင် ရီဖူရှင်းက ဆေးလုံးများကို ပို၍ဖော်စပ်ရန် အသည်းအသန်လိုအပ်နေပေသည်။
သူ၏ဆရာ ချီရွှမ်ကန်း ပြောခဲ့သလိုပင် ရီဖူရှင်းတစ်ယောက်တည်းဖြင့် စီဝေ့ကြယ်ကောင်းကင်၏လုံခြုံမှုကို အာမခံနိုင်မည်မဟုတ်ပေ။ သူသည် စီဝေ့ကြယ်ကောင်းကင်ရှိ လူတိုင်းကို သန်မာလာအောင် တတ်နိုင်သမျှမြန်မြန် လုပ်ပေးရမည်ဖြစ်သည်။