အဖွဲ့အသီးသီး၏သဘောထား
Vol. 176 Ch. 2520
ရီဖူရှင်းက ယင်ကျိုးမြို့မှ ထွက်ခွာသွားမည့် ရည်ရွယ်ချက် မရှိသည့်ပုံပင်။ နောက်ရက်ပိုင်းအတွင်းတွင် မြို့ထဲတွင်နေထိုင်သော တန်ခိုးရှင်များသည် ရီဖူရှင်းတစ်ယောက် ယင်ကျိုးပင်လယ်ကမ်းခြေအနီးတွင် ပေါ်လာသည်ကို မကြာခဏမြင်ခဲ့ရသည်။ သူသည် ကမ်းပေါ်သို့ မတက်လာဘဲ ရေပြင်ပေါ်တွင်သာ ရပ်နေလေ့ရှိသည်။
ကုန်းမြေသခင်ရှီဟိုင်သည် ရီဖူရှင်းနောက်သို့ မလိုက်ခဲ့ပေ။ ကုန်းမြေသခင်အနေနှင့် ထိုသို့လုပ်လျှင် ဉာဏ်နည်းရာကျပေလိမ့်မည်။ သူသည် ကုန်းမြေသခင်အိမ်တော်၏ ထိပ်သီးတစ်ဦးဖြစ်သည်။ သူ၏လက်အောက်ငယ်သားများသည် ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသော်လည်း သူသည် လက်စားချေရန် မည်သို့မှ မလုပ်နိုင်ခဲ့ပေ။ အကယ်၍ ကုန်းမြေသခင်ရှီဟိုင်သည် ရီဖူရှင်းပေါ်လာတိုင်း သူ့နောက်သို့လိုက်ခဲ့ပြီး ထပ်ခါထပ်ခါ ရှုံးနိမ့်ခဲ့လျှင် အလွန်အရှက်ရမည့်အတွေ့အကြုံဖြစ်ပေလိမ့်မည်။
ကုန်းမြေသခင်ရှီဟိုင်သည် ရီဖူရှင်းကို နိုင်မည်ဟုမသေချာလျှင် ထပ်၍တိုက်ခိုက်မည်မဟုတ်ချေ။
သို့သော် ကုန်းမြေသခင်ရှီဟိုင်သည် သူ၏ဆုံးဖြတ်ချက်အတွက် တန်ကြေးပေးရမည် ဖြစ်သည်။ အနောင်ပင်လယ်ကုန်းမြေသခင်အိမ်တော်မှ တန်ခိုးရှင်အားလုံးသည် အိမ်တော်တစ်ဝိုက်သို့ ပြန်ဆုတ်လာရပြီဖြစ်သည်။ သူတို့သည် ထိုနေရာတွင်သာ လှုပ်ရှားဝံ့ပြီး ခပ်ဝေးဝေးသို့ မသွားဝံ့ကြပေ။
အဘယ်ကြောင့်ဆိုသော် ရီဖူရှင်းက အချိန်မရွှေးထွက်ပေါ်လာကာ သူတို့ကိုသတ်သွားနိုင်သောကြောင့်ပင်။
သို့ဖြင့် အနောက်ပင်လယ်ကုန်းမြေတွင် ကိုးရိုးကားရားအခြေအနေတစ်ခု ဖြစ်ပေါ်နေခဲ့၏။ ရီဖူရှင်းတစ်ဦးတည်းဖြင့်ပင် အနောက်ပင်လယ်ကုန်းမြေသခင်အိမ်တော်ကို ပိတ်ဆို့ထားနိုင်သည်။ မည်မျှ မထင်မှတ်ထားသည့် ဖြစ်ရပ်ပေနည်း။
တစ်ချိန်တည်းမှာပင် ထိုအဖြစ်အပျက်သတင်းသည် ကျယ်ပြန့်စွာ ပျံ့နှံ့သွားပြီး ကောင်းကင်ဒေသ၏ ကုန်းမြေဆယ့်ရှစ်ခုလုံးကို အံ့အားသင့်သွားစေ၏။
တုန်းဟွာကုန်းမြေသည်လည်း ထိုသတင်းကို ရရှိ၏။
နင်ယွမ်သည် တုန်းဟွာကုန်းမြေသခင်အိမ်တော်သို့ ပြန်ရောက်နေပြီဖြစ်သည်။ သူက ရီဖူရှင်း၏လှုပ်ရှားမှုများကို မျက်ခြေမပြတ်စောင့်ကြည့်နေ၏။ သူသည် အနောက်ပင်လယ်ကုန်းမြေတွင် ဖြစ်ပျက်ခဲ့သည်များကို သိရှိသွားသောအခါ ထိုသတင်းသည် အမှန်ဟု ယုံကြည်ရန် ခက်ခဲရသည်။
ရီဖူရှင်းက အနောက်ပင်လယ်ကုန်းမြေသခင်အိမ်တော်၏ ဒုတိယအာဏာအရှိဆုံးဖြစ်သော ကျုံးမြောင်ကို သတ်ဖြတ်ခဲ့သည်။ ကျုံးမြောင်သည် နင်ယွမ်နှင့်အဆင့်တူသော တန်ခိုးရှင်ဖြစ်သည်။
ထိုအချက်က မည်သည့်အရာကို ဆိုလိုသနည်း။
ရီဖူရှင်းက သူ့ကိုလည်းသတ်ပစ်နိုင်စွမ်းရှိသည်ဟု ဆိုလိုခြင်းပင်။
ရီဖူရှင်းက အခြားသူများထံမှ အကူအညီရခဲ့ခြင်းဖြစ်နိုင်သလို သူ့စွမ်းရည်ကိုမြှင့်တင်ရန် နတ်လက်နက်တစ်ခုကို သုံးခဲ့ခြင်းလည်းဖြစ်နိုင်၏။ သို့သော် ရီဖူရှင်းမည်သို့ လုပ်ခဲ့သည်ဖြစ်စေကာမူ သူသည် ကျုံးမြောင်ကို အောင်မြင်စွာ သတ်ဖြတ်နိုင်သည်။ ထိုကိစ္စကို အခြားအမြင်မှကြည့်လျှင် နင်ယွမ်သာ ရီဖူရှင်းကို ဆက်၍ပစ်မှတ်ထားနေပါက ရီဖူရှင်းက တုန်းဟွာကုန်းမြေသခင်အိမ်တော်၏ အရှင်သခင်သူ့ကိုလည်း သတ်ပစ်လိုက်မည်ဖြစ်သည်။
သို့သော် ထိုမတိုင်ခင် ရီဖူရှင်းက နင်ဟွာကိုသာသတ်ခဲ့ပြီး သူ့ကိုတိုက်ခိုက်ရန်ပင် ရည်ရွယ်ချက်မရှိခဲ့ပေ။ ရီဖူရှင်းက တုန်းဟွာအင်ပါယာနန်းတော်၏မျက်နှာကို ထောက်၍ သူ့ကိုချမ်းသာပေးခဲ့ခြင်းဖြစ်ကြောင်းကို ယခုမှ နင်ယွမ်တစ်ယောက် နားလည်သွား၏။
မဟုတ်လျှင် ရီဖူရှင်းက ယခင်ကတည်းက သူ့ကိုနည်းလမ်းရှာ၍ သတ်ပစ်ခဲ့ပေပြီ။
ဂျွတ်...
နင်ယွမ်က လက်သီးနှစ်ဖက် တင်းနေအောင်ဆုပ်လိုက်သည်။ သူသည် ထိုမတိုင်ခင်က ရီဖူရှင်းကို သွားရောက်တိုက်ခိုက်ခဲ့ခြင်းသည် ဟာသတစ်ခုကဲ့သို့ဖြစ်နေသည်။
ရီဖူရှင်းက သူ့ကိုလုံးဝမကြောက်ပေ။
ရီဖူရှင်းက သူ့ကိုမတိုက်ခိုက်ခဲ့ခြင်းမှာ တုန်းဟွာအင်ပါယာနန်းတော်ကို အပြစ်ပြုမိမည်စိုး၍သာဖြစ်သည်။ အကယ်၍ ရီဖူရှင်းစိတ်ထဲတွင်သာ ထိုစိုးရိမ်မှုမရှိပါက ထိုနေ့တွင် သေဆုံးခဲ့သူမှာ နင်ဟွာတစ်ဦးတည်း ဖြစ်နေမည် မဟုတ်ပေ။
“မင်း သေရမယ်”
နင်ယွမ်၏မျက်လုံးများထဲတွင် ပြင်းထန်သောသတ်ဖြတ်လိုသည့် အငွေ့အသက်များ ပြည့်နှက်နေသည်။ ရီဖူရှင်းအသတ်မခံရသရွေ့ သူရင်အေးနိုင်မည်မဟုတ်ချေ။
ရီဖူရှင်းက လောလောဆယ် သူ့ကိုချမ်းသာပေးထားခြင်းမှာ တုန်းဟွာအင်ပါယာနန်းတော်ကို စိုးရိမ်နေ၍ဖြစ်သည်။ သို့သော် ရီဖူရှင်းက သူ့ကိုတိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိဟု မဆိုနိုင်ပေ။ အကယ်၍ ရီဖူရှင်းသာ အခွင့်အရေးရခဲ့လျှင် နင်ယွမ်ကို သေချာပေါက် သတ်ပစ်မည်ဖြစ်သည်။
ရီဖူရှင်း အသက်ရှင်နေခြင်းသည် နင်ယွမ်အတွင် ကြီးမားသောခြိမ်းခြောက်မှုဖြစ်သည်။
***
ရှန်းချင်ကုန်းမြေသခင်အိမ်တော်သည်လည်း အနောက်ပင်လယ်ကုန်းမြေတွင် ဖြစ်ပျက်ခဲ့သောကိစ္စများ၏သတင်းကို ရရှိခဲ့သည်။ အိမ်တော်အတွင်းရှိလူအားလုံးသည် ထိုသတင်းကိုကြားလိုက်သောအခါ အံ့အားသင့်သွားကြ၏။
အထူးသဖြင့် ရှန်းချင်ကုန်းမြေသခင်အိမ်တော်၏ အရှင်သခင်နှင့် သူ၏သားကျောက်မုဟွမ်တို့သည် ထိုသတင်းကြောင့် အတော်လေးအံ့အားသင့်နေသည်။
ကုန်းမြေသခင်က ကျောက်မုဟွမ်ကို သတိပေးလိုက်၏။
“မုဟွမ်... အခုကစပြီး ရီဖူရှင်းကို ရန်သွားမစနဲ့။ မင်း သူ့ကိုမသတ်နိုင်ဘူးဆိုရင် သူနဲ့ဝေးဝေးနေပြီး သူဒေါသထွက်အောင် မလုပ်တာမကောင်းဆုံးပဲ”
“နားလည်ပါပြီ”
ကျောက်မုဟွမ်ကလည်း နားလည်ကြောင်း ခေါင်းညိတ်ပြ၏။ ယခုတွင် သူသည် သူနှင့်ရီဖူရှင်းကြားရှိ ရန်ငြိုးကို မျိုသိပ်ထားရန်သာရှိ၏။ ရှန်းချင်ကုန်းမြေသခင်အိမ်တော်သည် အခြားအိမ်တော်များနှင့် နှိုင်းစာလျှင် အားနည်းပေသည်။ သူတို့သည် ရီဖူရှင်းကဲ့သို့လူမျိုးကို ရန်ငြိုးထားရန် အစွမ်းမရှိချေ။ အနောက်ပင်လယ်ကုန်းမြေသခင်အိမ်တော်သည် သူတို့အိမ်တော်ထက် များစွာစွမ်းအားကြီး၏။ သို့တိုင်အောင် ထိုအိမ်တော်ပင် ယင်းကဲ့သို့ မရှုမလှအခြေအနေနှင့် အဆုံးသတ်ခဲ့ရသည်။ ကုန်းမြေသခင်အိမ်တော်မှ တန်ခိုးရှင်များသည် အိမ်တော်အတွင်းမှပင် မထွက်ဝံ့ကြပေ။ အကယ်၍ ကျောက်မုဟွမ်သာ ဆက်၍ခေါင်းမာနေပါက သူသည် မရှုမလှသေဆုံးရမည်ဖြစ်သည်။
နန်ဟိုင်မိသားစုသည် ရှန်းချင်ကုန်းမြေ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သူတို့၏မိသားစုခေါင်းဆောင်သည် ကိစ္စများကိုဆွေးနွေးရန်အတွက် ကလန်မှ တန်ခိုးရှင်များကို စုဝေးထားသည်။
မကြာသေးခင်က နန်ဟိုင်မိသားစုသည် အနောက်ပင်လယ်ကုန်းမြေမှသတင်းကို ရရှိခဲ့သည်။ ထိုသတင်းသည် မိသားစုခေါင်းဆောင်ကို အံ့အားသင့်သွားစေ၏။
ရီဖူရှင်းက အနောက်ပင်လယ်ကုန်းမြေသခင်အိမ်တော်မှ တန်ခိုးရှင်များကို သတ်ပစ်ခဲ့သည်။ ကပ်ဘေးအဆင့်တန်ခိုးရှင်တစ်ဦးသည် ရီဖူရှင်းကိုလိုက်ဖမ်းခဲ့သော်လည်း သူသာအသတ်ခံလိုက်ရပြီး သေဆုံးသွား၏။ ထို့အပြင် ထိပ်သီးရန်ဟောင်အများအပြားသည် ရီဖူရှင်း၏လက်ထဲတွင် သေဆုံးခဲ့သည်။
ထိုသတင်းသည် နန်ဟိုင်မိသားစုကို လှုပ်ခတ်သွားစေသည်။ ရီဖူရှင်းနှင့် နန်ဟိုင်မိသားစုသည် ရန်ငြိုးရန်စများ နက်နက်ရှိုင်းရှိုင်းရှိကြသည်။ ထိုရန်ငြိုးတွင် လေးမျက်နှာကျေးရွာမှ မုယွင်ကလန်လည်း ပါဝင်၏။
အကယ်၍ ရီဖူရှင်းသာ သူတို့ဆီရောက်လာပြီး စာရင်းရှင်းခဲ့ပါက မည်သို့ အဆုံးသတ်မည်နည်း။
နန်ဟိုင်မိသားစုတစ်စုလုံး ပေါင်းလျှင်ပင် ရီဖူရှင်းကို မယှဉ်နိုင်ပေ။
နန်ဟိုင်မိသားစု မိသားစုခေါင်းဆောင်က တိုက်ရိုက်အမိန့်ပေးလိုက်၏။
“ဒီနေ့ကစပြီး နန်ဟိုင်မိသားစုက တန်ခိုးရှင်တွေအားလုံး ရီဖူရှင်းဖြစ်ဖြစ်၊ စီဝေ့ကြယ်ကောင်းကင်က တန်ခိုးရှင်တွေနဲ့ဖြစ်ဖြစ် ပြဿနာတက်လို့မရဘူး”
“ဟုတ်ကဲ့ပါ ဆရာ...”
လူအားလုံးက မကျေနပ်မှုကို မျိုသိပ်၍ ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ ထိုနေ့မှစ၍ ရီဖူရှင်းက ပြဿနာရှာခွင့်ရှိသူ ဖြစ်သည်။
နန်ဟိုင်မိသားစု၏ မိသားစုခေါင်းဆောင်က ဆက်ပြောသည်။
“မုယွင်လုံ... မင်းနဲ့ မင်းရဲ့ကလန်က လေးမျက်နှာကျေးရွာကို ပြန်ပြီး ဆရာသခင်ရဲ့ ခွင့်လွှတ်မှုကို တောင်းခံသင့်တယ်။ တကယ်လို့ အခွင့်အရေးရှိရင် ဆရာသခင်ရဲ့ လမ်းညွှန်မှုအောက်မှ ဆက်ကျင့်ကြံပါ”
မုယွင်လုံမှာ အမိန့်ကိုကြားလိုက်သောအခါ မျက်နှာသည် စက္ကူတစ်ရွက်သဖွယ် ဖြူဖပ်ဖြူရော်ဖြစ်သွား၏။ သူက လေးမျက်နှာကျေးရွာသို့ပြန်၍ ဆရာသခင်ထံမှ ခွင့်လွှတ်မှုကို တောင်းခံရမည်လော။
သူသည် ဆရာသခင်က သူ့ကိုပြန်လက်ခံမည်ကို သေချာပေါက်အလိုရှိ၏။ ယခင်က ဆရာသခင်၏ခွင့်လွှတ်မှုကို တောင်းခံရန် သူ ကြိုးစားခဲ့ဖူးသည်။ သို့သော် သူ၏ကြိုးစားမှုသည် အချည်းနှီးသာဖြစ်ရသည်။ ယခုတွင် နန်ဟိုင်မိသားစု၏ မိသားစုခေါင်းဆောင်က ထိုကိစ္စကို ထပ်မံအစဆွဲထုတ်လာပေပြီ။ မုယွင်လုံသည် မိသားစုခေါင်းဆောင်၏သဘောကို နားလည်၏။ မိသားစုခေါင်းဆောင်သည် သူတို့ကို စွန့်ပစ်လိုက်ခြင်းဖြစ်သည်။ အနာဂတ်တွင် ရီဖူရှင်းလာ၍ ကလဲ့စားချေပါက မုယွင်ကလန်သည် ပထမဆုံး စွန့်ပစ်ခံရမည့်အုပ်စုဖြစ်သည်။
“မုယွင်လန်... မင်းက ဆရာသခင်လက်အောက်မှာ ကျင့်ကြံခဲ့ဖူးတယ်။ မင်းနဲ့ မုယွင်ရှုတို့လည်း ရွာကို ပြန်သွားသင့်တယ်”
နန်ဟိုင်မိသားစုခေါင်းဆောင်က မုယွင်ကလန်ကို ရွာသို့ပြန်ကာ ဆရာသခင်နှင့် အဆက်အဆံပြန်လုပ်ရန် ဆက်၍အကြံပေးလိုက်သည်။
နောင်တွင်မည်သို့ဖြစ်လာမည်ကို သူတို့မသိနိုင်ပေ။ သူတို့အနေဖြင့် မီးစဉ်ကြည့်ကရုံသာရှိ၏။
“ကျွန်တော် ရွာကထွက်လာတုန်းက ရွာကို ဘယ်တော့မှ မပြန်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်”
မုယွင်လန်က တည်ငြိမ်စွာ ပြောသည်။
“တကယ်လို့ နန်ဟိုင်မိသားစုက ကျွန်တော်တို့ကြောင့် ပြဿနာတက်နိုင်တယ်လို့ ထင်ရင် အခုချက်ချင်းထွက်သွားနိုင်ပါတယ်”
မုယွင်လန်သည်လည်း ကောင်းကင်မာနသားတော်ဖြစ်၏။ သူ့တွင် သူ၏အတ္တမာနရှိပေသည်။ ရီဖူရှင်း၏ အနောက်ပင်လယ်ကုန်းမြေတွင် အောင်မြင်ခဲ့မှုသည် နန်ဟိုင်မိသားစု၏ မိသားစုခေါင်းဆောင်ကို အမှန်ပင် တုန်လှုပ်သွားစေ၏။
***
ကောင်းကင်ဒေသ၏ ကုန်းမြေဆယ့်ရှစ်ခုမှ တန်ခိုးရှင်များသည် အနောက်ပင်လယ်ကုန်းမြေတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စများ၏သတင်းကို ကြားလိုက်ရသောအခါ ကွဲပြားသောသဘောထားများ ရှိလာကြသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့အားလုံးသည် ရီဖူရှင်း၏တိုးတက်မှုကို သိကြသည်။ ရီဖူရှင်းက ထွန်းသစ်စကြယ်တစ်ပွင့်နှယ် တောက်ပစွာလင်းလက်နေသည်။
အဖွဲ့အသီးသီးသည် သူတို့သာ ရီဖူရှင်းကို တိုက်ခိုက်လိုလျှင် တတ်နိုင်သမျှ မြန်မြန်လုပ်ရမည်ဖြစ်ကြောင်း သိရှိသွားကြ၏။ သူတို့ ကြာကြာစောင့်လေလေ၊ ရီဖူရှင်းကို သတ်ရန် ပိုခက်လာလေလေသာ ဖြစ်ပေလိမ့်မည်။ သို့သော် လက်ရှိရီဖူရှင်းကလည်း သူတို့စိတ်ကြိုက်သတ်ပစ်နိုင်သော လူတစ်ယောက်မဟုတ်ပေ။
ယင်ကျိုးပင်လယ်ကမ်းခြေအနီးတွင် သင်္ဘောတစ်စင်းသည် လှိုင်းများကိုဖြတ်၍ ရီဖူရှင်းရှိနေသောနေရာသို့ ရောက်လာ၏။ သင်္ဘောကုန်းပတ်ပေါ်မှ ရှီးချီယောင်က လှမ်းအော်လိုက်သည်။
“ရန်ဟောင်ရီ...”
“နတ်မိမယ်ချီယောင်...”
ရီဖူရှင်းက ခေါင်းဆတ်ပြ၍ ပြန်နှုတ်ဆက်လိုက်သည်။
“ရန်ဟောင်ရီက တကယ့်ကို ကောင်းချီးပေးခံရတဲ့သူပဲ။ ကျွန်မဆီမှာ ရှင့်အတွက် သတင်းကောင်းရှိတယ်”
ရှီးချီယောင်က ပြုံးလျှက် ပြောသည်။ ရီဖူရှင်း ခေတ္တမျှ တုံ့ဆိုင်းသွား၏။ သတင်းကောင်း လား...။
မကြာသေးခင်က သူသည် ရှီးချီယောင်ကို ကိစ္စတစ်ခုသာ အကူအညီတောင်းခဲ့သည်။
ထိုအကူအညီသည် ဆေးလုံးအတွက်ဖြစ်သည်။
“နတ်မိမယ်... ဘာသတင်းများလဲ”
ရီဖူရှင်း ယဉ်ကျေးစွာ ပြောလိုက်၏။
“ကျိုးရိတောင်ကို ညွှန်ပြနေတဲ့ သဲလွန်စတစ်ခုရှိတယ်။ ရန်ဟောင်ရီကတော့ အဲမှာ လိုတဲ့ဟာတွေကို ရှာတွေ့နိုင်မှာပါ...”
“အဲဒီမှာ ကျုပ်က ဆေးညွှန်းတွေနဲ့ ဆေးပင်တွေကို ရှာတွေ့နိုင်မှာလား”
ရီဖူရှင်းက မေးလိုက်၏။
“အတိအကျမဟုတ်ပေမယ့် သဲလွန်စတစ်ခုထက်တော့ ပိုတယ်”
ရှီးချီယောင်က ရီဖူရှင်းကိုကြည့်လျှက် ပြောသည်။
“ဒါပေမဲ့ ကောလာဟလတွေအရတော့ ဒီသဲလွန်စက ရှေးဟောင်းဆေးညွှန်းတွေပါတဲ့ ကျမ်းစာတစ်ခုနဲ့ ဆက်စပ်နေတယ်တဲ့။ အဲဒီကျမ်းစာက ရှေးခေတ်က ထူးချွန်တဲ့ အဂ္ဂရိတ်ပညာရှင်တစ်ယောက် ချန်ထားခဲ့တာတဲ့။ အဲဒီထဲမှာ ရှင်ရှာနေတဲ့အရာတွေအားလုံး ပါနိုင်တယ်။