အာလာယဝိညာဏ
Vol. 9 Ch. 823
ကွေလိက ဇာမဏီနီနတ်ဘုရားနန်းတော်တည်ရှိရာ မီးတောင်ဗဟိုချက်သို့ ဆန်းရော့ရှီကို ခေါ်ဆောင်လာခဲ့လေသည်။
ထိုနေရာတွင်… ယင်စွမ်းအားမီးတောက်ကန်များနှင့် ယန်စွမ်းအားမီးတောက်ကန်များ ပြည့်နေလေသည်။
ကွေလိက...
"အခု မင်းတွေ့ပြီ မဟုတ်လား ၊ ဒီနေရာမှာ ယင်စွမ်းအားမီးတောက်နဲ့ ယန်စွမ်းအားမီးတောက်တွေရှိပေမယ့် မင်းလိုချင်တဲ့ နိဗ္ဗာနမီးတောက်မရှိဘူး...."
ဆန်းရော့ရှီက အချိန်အတန်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေပြီးမှ...
"ရှိတယ်..."
ဟု ပြောလိုက်လေသည်။
ဆန်းရော့ရှီ၏စကားကြောင့် ကွေလိ စိတ်လှုပ်ရှားသွားပြီး သံသယများစွာဖြင့် မေးခွန်းထုတ်လိုက်သည်။
"ဘယ်နေရာမှာလဲ....."
ဆန်းရော့ရှီက ခေါင်းကိုမော့လိုက်ပြီး ကွေလိကို စူးစိုက်ကြည့်နေလိုက်သည်။
"ငါ အတိတ်မှာတုန်းက ဘိုးဘေးဇာမဏီငှက်နဲ့ ဆုံခဲ့ဖူးတယ်... သူက မင်းနဲ့ သိပ်တူတာပဲ...."
ကွေလိကပြုံးလိုက်ရင်း....
"လူအတော်များများက အဲဒီလိုပြောကြတယ်...၊ ပြီးတော့ သူတို့က ငါ့ကို ဘိုးဘေးဇာမဏီငှက် ပြန်ဝင်စားတယ်လို့ ထင်နေကြတာ...."
ဆန်းရော့ရှီက....
"မင်းက ဘိုးဘေးဇာမဏီငှက်နဲ့ ရုပ်ချင်းတူရုံတင်မဟုတ်ဘူး... ၊ တန်ခိုးစွမ်းအားတွေပါတူနေတာ..."
ကွေလိက....
"ဒါဆိုရင် ငါက တကယ်ပဲ ဘိုးဘေးဇာမဏီငှက် ပြန်ဝင်စားတာများလား.... ၊ နေပါဦး... မင်း ဒီအကြောင်းတွေ ဘာလို့ပြောနေရတာလဲ...."
ဆန်းရော့ရှီက...
"နိဗ္ဗာနမီးတောက်ဆိုတာ စစ်မှန်တဲ့ မီးတောက်ပဲ ၊ ဘိုးဘေးဇာမဏီငှက်က မီးကန်ထဲကို ခုန်ချလိုက်မှ နိဗ္ဗာနမီးတောက်က ထွက်ပေါ်လာမှာ...."
ကွေလိ၏မျက်ဝန်းများ ဒေါသကြောင့် တစ်လက်လက်တောက်ပသွားရသည်။
"မင်းက ငါ့ကို သေစေချင်နေတာလား…"
ဆန်းရော့ရှီက ခပ်တိုးတိုးလေသံဖြင့်...
"ဘိုးဘေးဇာမဏီငှက်ဆိုရင် မသေနိုင်ဘူးလေ...."
ကွေလိက သက်ပြင်းတစ်ချက်ချလိုက်ရင်း...
"ဘိုးဘေးဇာမဏီငှက်က မသေပေမယ့် ငါကျတော့ သေမှာလေဟာ...."
ဆန်းရော့ရှီက ကွေလိကိုသေသေချာချာစိုက်ကြည့်လိုက်ပြီး လေးနက်သည့်လေသံဖြင့်...
"နိဗ္ဗာနမီးတောက်ကပဲ ငါ့ဦးလေးရဲ့အသက်ကို ကယ်တင်နိုင်မှာ..."
ကွေလိက...
"ဆန်းလျန်သာဆိုရင်... သူ့အတွက်နဲ့ ငါ့ဘဝကိုစတေးခိုင်းမှာ မဟုတ်ဘူး... မင်း ပြန်ပါတော့..."
ကျောက်စိမ်းရတနာအလား နူးညံ့လှပသော ဆန်းရော့ရှီ၏ မျက်နှာက တည်ကြည်လေးနက်နေပြီး ကွေလိကိုသာ မျက်တောင်မခတ်စိုက်ကြည့်နေလေသည်။ သူမပုံစံက ထွက်ခွာသွားမည့်ဟန် လုံးဝ မရှိပေ။
ကွေလိက တည်ငြိမ်သည့်လေသံဖြင့်...
"ဇာမဏီနတ်ဘုရားနန်းတော်က ငါ့ပိုင်နက်နော် ၊ ဒီနေရာမှာ မင်းက ငါ့ကို အတင်းဖိအားပေးလို့ရမယ်များ ထင်နေသလား…"
ဆန်းရော့ရှီက....
"မင်းကို ဖိအားပေးလို့ရပါတယ်…"
ကွေလိက....
"မင်း ငါ့ကိုဖိအားပေးလို့ရတယ်ဆိုရင်တောင်မှ မင်း ဒီနေရာက အသက်ရှင်လျက်ထွက်သွားလို့ရမယ် မထင်နဲ့ ၊ ပြီးတော့ ဆန်းလျန် ဘယ်လိုလူစားမျိုးလဲဆိုတာ မင်းအသိဆုံးပါ ၊ ငါသေမှ သူအသက်ရှင်သန်ရမယ်ဆိုရင် သူက အဲဒီလိုအလုပ်မျိုး ဘယ်တော့မှလုပ်မှာမဟုတ်ဘူး ၊ သူက အဲဒီလို လူစားမျိုးမဟုတ်ဘူး…."
ဆန်းရော့ရှီက....
"မင်းသေသွားမှတော့ ဒီအကြောင်းတွေကို ငါ့ဦးလေးသိစရာ မလိုတော့ပါဘူး…"
ကွေလိကရယ်မောလိုက်ရင်း...
"သိပ်အပြောကောင်းတယ်... ၊ မင်း မမှားပါဘူး.... ၊ ဒါပေမဲ့ ငါလည်း မမှားဘူး ၊ အချိန် ဆယ်စက္ကန့်အတွင်း မင်းငါ့ကို မီးကန်ထဲ ပစ်ချနိုင်မယ်ဆိုရင် လုပ်လိုက်လေ ၊ ငါ့လူတွေရောက်လာရင် မင်းဘာမှ တတ်နိုင်မှာ မဟုတ်တော့ဘူး...."
ဆန်းရော့ရှီ စကားမပြောတော့ပေ။
အချိန်ကအဖိုးတန်လေသည်။ သူမအတွက် အချိန်မရှိတော့ပေ။
ရုတ်တရက်ပင်....
ဆန်းရော့ရှီ၏ ခန္ဓာကိုယ်မှ စူးရှတောက်ပသည့် အလင်းတန်းများ ဖြာလင်းလာလေသည်။
ထိုအလင်းတန်းများသည် ကြယ်စင်နှင့် လမင်း၏အလင်းရောင်များကိုပင် ဖိနှိပ်ထားနိုင်ပြီး စကြာဝဠာတစ်ခုလုံးတွင် အတောက်ပဆုံးအလင်းတန်းများ ဖြစ်လေသည်။
ကွေလိပင်လျှင် အံ့သြထိတ်လန့်သွားရသည်။ သူမ၏စိတ်ထဲတွင် "ထျန်းယွမ်" ဆိုသည့် စာလုံး (၂)လုံးကို သတိရလိုက်မိသည်။
ထျန်းယွမ်ဆိုသည်မှာ မြောက်ပိုင်းမှ ကြယ်စင်တစ်စင်းကို ကိုယ်စားပြုသည့် အခေါ်အဝေါ်ဖြစ်သည်။ထိုကြယ်စင်က ထူးဆန်းပြီး အရာအားလုံး၏ မူလဇာစ်မြစ်ကို သိမြင်နိုင်စွမ်းရှိသည်။
ဆန်းရော့ရှီ၏ တိုက်ခိုက်မှုသည် ထျန်းယွမ်လမ်းစဉ်တန်ခိုးစွမ်းအားကိုအခြေခံသည့် တိုက်ကွက်တစ်ခုဖြစ်သည်။ သူမ၏တန်ခိုးစွမ်းအားများအားလုံးကို စုစည်းပြီး ဆန်းရော့ရှီက တိုက်ခိုက်လိုက်ခြင်း ဖြစ်လေသည်။
ကွေလိ စဉ်းစားနေမိဆဲ အချိန်ခဏလေးမှာပင်….
ဆန်းရော့ရှီ၏ ခန္ဓာကိုယ်မှ ဖြာလင်းနေသည့်အလင်းတန်းများက သိပ်သည်းသွားပြီး အလင်းဆုံချက်တစ်ခုအဖြစ် ပေါင်းစုံသွားလေသည်။
ထိုအလင်းဆုံချက်ကို တွေ့မြင်လိုက်ရသည်နှင့် ကွေလိ၏နှလုံးသားထဲတွင် ကြီးမားသည့် ကြောက်ရွံ့ခြင်းကို ခံစားလိုက်ရလေသည်။
ချက်ချင်းပင် ကွေလိက အလွှာ (၁၈) လွှာပါသည့် မီးလိုက်ကာတစ်ခုကိုဖန်ဆင်းကာ အလင်းဆုံချက်ကို ကာကွယ်ထားလိုက်လေသည်။
မီးလိုက်ကာထဲတွင် ယင်စွမ်းအားနှင့် ယန်စွမ်းအားများစီးဆင်းနေပြီး တန်ခိုးစွမ်းအားက အံ့မခန်းဖြစ်လေသည်။
သို့သော် ဆန်းရော့ရှီ၏ အလင်းဆုံချက်သည် အလွှာ (၁၈) လွှာ မီးလိုက်ကာကို လွယ်လွယ်ကူကူပင် ထိုးဖောက်ကာ ကွေလိ၏ မျက်ခုံး (၂)ခုကြား တည့်တည့်သို့ ဝင်ရောက်လာလေတော့သည်။
ကွေလိအတွက် ရှောင်တိမ်းရန်ပင် အချိန်မရှိတော့ပေ။ သူမသည် မယုံနိုင်လောက်အောင် လျှင်မြန်လွန်းသည့်အရှိန်ဖြင့် အလင်းဆုံချက်က မီးလိုက်ကာကို ထိုးဖောက်ဖြတ်သန်းလာသည်ကို ကြည့်နေမိလေသည်။
နောက်ဆုံး အလင်းဆုံချက်သည် သူမ၏ မျက်ခုံး (၂)ခုကြားသို့ ဝင်ရောက်လာလေသည်။
ထိုအချိန်မှာပင်…
ရောင်စဉ် (၅)မျိုး အလင်းတန်းများ ဖြာလင်းလာပြီး ကွေလိထံသို့ ဝင်ရောက်လာသည့် ဆန်းရော့ရှီ၏ အလင်းဆုံချက်ကို ဝါးမြိုပစ်လိုက်လေသည်။
ထို့နောက် ကွေလိ၏ နံဘေးတွင် အလွန်တရာ မာနကြီးဟန်ရှိသည့် ချောမောလှပသည့် လူငယ်တစ်ယောက် ပေါ်လာလေသည်။
ထိုလူငယ်မှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ကျောက်စိမ်းဝိညာဉ်နန်းတော်ကို တစ်ယောက်တည်း သွားရောက်တိုက်ခိုက်ကာ အဖမ်းခံခဲ့ရသည့် ဒေါင်းစိမ်းမင်းကြီးမဟာမာရူယိဟု လူသိများသည့် ခုံရွှမ်းပင် ဖြစ်လေတော့သည်။
ခုံရွှမ်းက ဆန်းရော့ရှီကို အေးစက်သည့်အကြည့်များဖြင့် စိုက်ကြည့်နေလေ၏။
ထို့နောက် ကြိုးတစ်ချောင်းကို ထုတ်ယူကာ ပစ်လွှတ်လိုက်ပြီး ဆန်းရော့ရှီကို တုတ်နှောင်ထားလိုက်လေတော့သည်။
ချောမောသည့်လူငယ်က အေးစက်သည့်လေသံဖြင့်….
"ကွေလိ… သူ့ကိုအပြစ်ပေးဖို့ မင်းလက်ပဲ အပ်လိုက်မယ်…"
ကွေလိက အလွန်အံ့အားသင့်သွားဟန်ဖြင့်…
"မင်းဘယ်တုန်းက ကျောက်စိမ်းဝိညာဉ်နန်းတော်က လွတ်လာတာလဲ…"
ခုံရွှမ်းက ခေါင်းတစ်ချက် ခါယမ်းလိုက်လေသည်။
ထို့နောက်… လေထဲတွင် အစအနပင် မကျန်အောင် ပျောက်ကွယ်သွားလေတော့သည်။ ထိုလူငယ်မှာ ခုံရွှမ်း၏ ကိုယ်ခွဲတစ်ခုမျှသာ ဖြစ်လေသည်။
ကွေလိမှာ အံ့သြမင်သက်နေမိလေသည်။
ခုံရွှမ်းသည် ယနေ့အချိန်တွင် သူမကို ကာကွယ်ပေးရန်အတွက် ကိုယ်ခွဲတစ်ခု ဖန်ဆင်းထားခဲ့လိမ့်မည်ဟု ကွေလိ တွေးထင်မထားခဲ့ပေ။
သူသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် ကွေလိရင်ဆိုင်ရမည့် အခက်အခဲများကို ကြိုတင်တွက်ဆကာ ကွေလိကို စောင့်ရှောက်ရန် ကိုယ်ခွဲတစ်ခု ဖန်ဆင်းထားခဲ့ခြင်း ဖြစ်ဟန်တူသည်။
ခုံရွှမ်းအကြောင်းစဉ်းစားလိုက်မိပြီး ကွေလိ စိတ်မကောင်းဖြစ်သွားမိသည်။
ခုံရွှမ်းသည် နှစ်ပေါင်းသောင်းနှင့်ချီပြီး ကြာအောင် ကျောက်စိမ်းဝိညာဉ်နန်းတော်တွင် အချုပ်အနှောင်ခံနေရလေသည်။ သူ မည်မျှ နာကျင်ခံစားနေရာသည်လဲ ကွေလိ မသိနိုင်ပေ။
သို့သော်… သူမသည် ခုံရွှမ်းကို ကယ်တင်ရန် တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။
ယခု… ခုံရွှမ်းကတော့ သူမကို ကယ်တင်ရန်အတွက် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်ကပင် ကြိုတင်စီစဉ်ထားခဲ့လေသည်။
တွေးရင်းဖြင့် ကွေလိ နောင်တရသလို ခံစားလာရလေသည်။ သူမ ဘာလုပ်သင့်ပါသနည်း။
ဆန်းရော့ရှီက အနည်းငယ် နောင်တရသွားဟန်ဖြင့်…
"မင်း ငါ့ကို သတ်လိုက်ပါ ၊ ဒါပေမဲ့ ရွှမ်နွီနန်းတော်မှာ မိုးကောင်းကင်ကျမ်းစာဆိုတဲ့ စာအုပ်တစ်အုပ်ရှိတယ် ၊ အဲဒီကျမ်းစာထဲမှာ မိုးနတ်မင်းကျင့်ကြံခဲ့တဲ့ ကျင့်စဉ်တွေကို အကြမ်းဖျင်းဖော်ပြထားတယ် ၊ အဲဒါက မင်းကို ကူညီနိုင်ပါလိမ့်မယ်…"
မိုးကောင်းကင်ကျမ်းစာမှာ မူလက ဗုဒ္ဓပိုင်ဆိုင်သည့် စာအုပ်ဖြစ်လေသည်။
ဗုဒ္ဓ၏လက်ထဲတွင်ရှိစဉ်ကတော့ ထိုကျမ်းစာကို အနန္တကျမ်းစာဟု ခေါ်လေ၏။ နောက်ပိုင်းတွင် စွမ်းအားကြီးမားသည့် နတ်ဘုရားများက ထိုကျမ်းစာကို ရရှိရန် တစ်ယောက်နှင့်တစ်ယောက် သတ်ဖြတ်ပြီး အလုအယက် ယူငင်ကြလေရာ ကျမ်းစာအချို့ ပျက်စီးသွားခဲ့လေသည်။
အကောင်းအတိုင်းကျန်ရစ်နေသည့် ကျမ်းစာများကိုသာ စုစည်းထားပြီး မိုးကောင်းကင်ကျမ်းစာဟု ခေါ်ဝေါ်ခဲ့ကြသည်။
ထိုကျမ်းစာကို လေ့လာခွင့်ရလျှင် အတိတ်တစ်ချိန်က မိုးနတ်မင်း၏ ကောင်းကင်ဘုံနန်းတော်သည် အဘယ့်ကြောင့် ကျင့်ကြံခြင်းလောကတွင် အခိုင်မာဆုံး ကောင်းကင်ဘုံနန်းတော်တစ်ခု ဖြစ်ခဲ့ရသည်ကို သိရှိကြရမည် ဖြစ်လေသည်။
ကွေလိက…
"မင်းကို ခွင့်မလွှတ်နိုင်ပေမယ့် သတ်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး ၊ အခု မင်း မီးကန်ထဲမှာ နည်းနည်းလောက် ဒုက္ခခံလိုက်ပေတော့…"
ကွေလိစကားဆုံးသွားသည်နှင့် ဆန်းရော့ရှီသည် ယင်စွမ်းအားမီးကန်နှင့် ယန်စွမ်းအားမီးကန်များ ရှိရာသို့ လွင့်စင်ကျသွားလေတော့သည်။
ဆန်းရော့ရှီမှာ ကျင့်ကြံခြင်းအဆင့် မြင့်မားသူတစ်ယောက်ဖြစ်သည့်တိုင် ယင်စွမ်းအားနှင့် ယန်စွမ်းအားမီးတောက်များ ဒဏ်ကိုမခံနိုင်ဘဲ နာကျင်စွာဖြင့် ညည်းညူလိုက်မိလေသည်။
မီးတောက်များမှာ ပြင်းထန်လွန်းလှပြီး ထိုက်ယီထျန်းရှန်းအဆင့်ရှိသည့် ဆန်းရော့ရှီသည်ပင်လျှင် မခံမရပ်နိုင် ဖြစ်နေရလေသည်။
ဆန်းရော့ရှီက ဆန်းလျန်ကို ကယ်တင်ချင်သည့်အတွက် သူမကို ဖိအားပေးခဲ့သည်ကို ကွေလိနားလည်ပါသည်။ သို့သော်… သူမ ရှုံးနိမ့်ခဲ့သည့်အတွက် အပြစ်ဒဏ်ကိုတော့ ခံရမည် ဖြစ်သည်။
ထို့ပြင်… ဆန်းရော့ရှီနာကျင်ခံစားရခြင်းများသည် ဆန်းလျန်အတွက်သာ ဖြစ်လေသည်။
ဆန်းလျန်ကို ကယ်တင်ရန်အတွက် သူမက ကွေလိကို စတေးခံစေခဲ့သည်။ သို့သော်… ယခုတော့ သူမကိုယ်တိုင် စတေးခံရပေလိမ့်မည်။ သူမသာလျှင် ဆန်းလျန်အတွက် စတေးခံရန်လိုအပ်သည်။
…………..
ဆန်းလျန်သည် ချင်းဆွေထျန်းကောင်းကင်ဘုံတွင် ရှိနေလေသည်။
ဇာမဏီနတ်ဘုရားနန်းတော်တွင် ဖြစ်ပျက်နေသည့် အဖြစ်အပျက်များကို ဆန်းလျန် သိမြင်နိုင်ခြင်း မရှိပေ။
တာအိုဆရာလီချင်းဆွေက ဆန်းလျန်၏ဒဏ်ရာကို ကုသပေးရန် မတတ်နိုင်သည့်တိုင် ဆန်းလျန်ကို ချင်းဆွေထျန်းကောင်းကင်ဘုံမှ နှင်မထုတ်ခဲ့ပေ။
ဆန်းလျန်က ရေကန်ထဲမှ ရေများကို ငေးကြည့်နေရင်း…
"ရေကန်ထဲမှာ ငါးမွေးထားမှ ပျော်စရာကောင်းမှာပေါ့…"
လီချင်းဆွေက…
"ငါမှ ငါးတွေကိုသဘောမကျတာ…"
ဆန်းလျန်က ရယ်မောလိုက်ရင်း…
"ငါးတွေကို သဘောမကျလည်း စမ်းပြီး မွေးကြည့်ပေါ့ ၊ ငါးတွေမွေးထားတော့ စားချင်ရင်လည်း ဖမ်းပြီးစားလို့ရတယ် ၊ ပြီးတော့ ကျွန်တော့်ရဲ့ ဟင်းချက်လက်ရာကလည်း မဆိုးလှပါဘူး ၊ အနည်းဆုံးတော့ ငါးကင်စားလို့ရတာပေါ့…"
ပြောပြီးသည်နှင့် ဆန်းလျန်က လက်နှစ်ချောင်းဖြင့် ရေကန်ရှိရာသို့ ထိုးညွှန်လိုက်သည်။
မှိန်ဖျော့ဖျော့အလင်းတန်းတစ်ခု ရေကန်အတွင်းသို့ ကျရောက်သွားပြီး ရေကန်ထဲတွင် ငါးကောင်ရေ (၁၂)ကောင်ခန့် ကူးခတ်လှည့်လည်နေကြလေတော့သည်။
လောကတွင် တာအိုဆရာလီချင်းဆွေကို ငါးကင်စားရန် ပြောဝံ့သူဆို၍ ဆန်းလျန်တစ်ယောက်သာ ရှိပေလိမ့်မည်။
လီချင်းဆွေက မျက်မှောင်တစ်ချက် ကြုတ်လိုက်ရင်း…
"သောက်ရူးကောင်ရယ်… ရူးများနေပြီလားဟင်… ၊ မူလဝိညာဉ်ခန္ဓာမှာ စွမ်းအားအပိုင်းအစလေး နည်းနည်းလေးပဲ ကျန်တော့တာတောင် ငါ့ရေကန်ထဲလာပြီး ငါးဖန်ဆင်းပြနေသေးတယ်…"
ဆန်းလျန်က…
"မူလဝိညာဉ်ခန္ဓာအပိုင်းအစလေး နည်းနည်းပဲကျန်နေသေးလို့တော်သေးတာပေါ့ ၊ နည်းနည်းလေးရှိတာက မရှိတာထက်ဆာရင် တော်ပါသေးတယ်ဗျာ ၊ ဘာပဲဖြစ်ဖြစ် လောကမှာ ပျော်ရွှင်ရဖို့က အဓိကပဲ…"
လီချင်းဆွေက ဆန်းလျန်ကို တစ်ချက်စိုက်ကြည့်လိုက်ရင်း မျက်မှောင်တစ်ချက် ကြုတ်လိုက်ပြန်သည်။
"အေး… မင်းက စိတ်ဝင်စားစရာတော့ ကောင်းသားပဲ ၊ မင်း တကယ်ပဲ သေမှာ မကြောက်ဘူးလားဟင် ၊ ပွင့်ပွင့်လင်းလင်းပြောရရင် သေမှာမကြောက်တဲ့ နတ်ဘုရား နည်းနည်းလောက်ပဲ ငါတွေ့ဖူးသေးတယ် ၊ ဒါပေမဲ့ အဲဒီ သေမှာမကြောက်တဲ့ နတ်ဘုရားတွေ ဘာဖြစ်သွားကြလဲ သိလား… ၊ သေသွားကြတယ်လေ…"
ဆန်းလျန်က…
"ဒါပေမဲ့ ကျွန်တော်က မသေသေးဘူးလေ…"
လီချင်းဆွေက နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း…
"အခုမသေသေးပေမယ့် နောက်ကျသေမှာ စိုးရိမ်မိပါရဲ့…"
ဆန်းလျန်က တစ်ချက်ပြုံးလိုက်ရင်း…
"တာအိုဆရာချင်းဆွေရဲ့ ငါးမျှားတံလေး ခဏလောက်ငှားပါလားဗျာ…"
လီချင်းဆွေက ခဏမျှ စဉ်းစားနေပြီး ငါးမျှားတံကို ဆန်းလျန်ကို ပေးလိုက်လေသည်။
ငါးမျှားတံက အလွန်ကောင်းသည့် ပစ္စည်းတစ်ခုဖြစ်လေသည်။ လေးလံခြင်းလုံးဝမရှိဘဲ ငှက်မွှေးလေးအလား ပေါ့ပါးလျှက်ရှိသည်။
ဆန်းလျန်က…
"ဒီငါးမျှားတံကို ဘာသားနဲ့လုပ်ထားတာလဲ…"
လီချင်းဆွေက…
"မရှိမှုဝါးနဲ့ လုပ်ထားတာ…"
ဆန်းလျန်က…
"မရှိမှုဝါး ဟုတ်လား ၊ အဲဒီဝါးပင်က မရှိမှုကျေးရွာမှာ ပေါက်တာလား ၊ မရှိမှုကျေးရွာဆိုမှတော့ ဘာမှမရှိဘူး မဟုတ်ဘူးလား ၊ ဝါးပင်က ဘယ်လိုလုပ်ပေါက်လာရတာလဲ…"
လီချင်းဆွေက…
"မရှိမှုကျေးရွာမှာ နတ်ဘုရားနယ်မြေတွေ ရှိတယ်လေ ၊ ငါတို့ ချင်းဆွေထျန်းကောင်းကင်ဘုံလိုမျိုးပေါ့ ၊ ဒါပေမဲ့ အဲဒီနတ်ဘုရားနယ်မြေတွေ ပိုင်ရှင်မရှိတော့လို့ ပျက်စီးသွားကြရတဲ့အခါ မရှိမှုကျေးရွာမှာ မြေကြီးတွေ ဖြစ်ပေါ်လာတယ် ၊ အဲဒီမြေပြင်တွေပေါ်မှာ သစ်ပင်ဝါးပင်တွေ ပေါက်လေ့ရှိတယ် ၊ မင်း မသေသေးရင်တော့ အဲဒါမျိုးလေးတွေ လေ့လာသွားဦးပေါ့ကွာ…"
ဆန်းလျန် သက်ပြင်းတစ်ချက်ချလိုက်မိလေသည်။
သူက လီချင်းဆွေကို ထပ်ပြီး မေးခွန်းမထုတ်တော့ဘဲ ငါးမျှားတံကို ရေထဲသို့ ချလိုက်သည်။
ဆန်းလျန်သည် တိတ်ဆိတ်စွာထိုင်ကာ ငါးမျှားနေရင်း သူ၏ စိတ်က လွတ်လပ်ပေါ့ပါးလျှက် ရှိလေသည်။ ထိုအခါ… ပါးလျားဖျော့တော့နေသည့် သူ၏နတ်ဘုရားခန္ဓာသည် အနည်းငယ် ကျစ်လျစ်သိပ်သည်းကာ ရုပ်လုံးပေါ်လာလေသည်။
လီချင်းဆွေပင်လျှင် အနည်းငယ် အံ့သြသွားလေသည်။
ဆန်းလျန်၏ ဒဏ်ရာသည် ကုသမရနိုင်သည့် ဒဏ်ရာဖြစ်လေသည်။ သို့သော်… ကုသနိုင်မည့်နည်းလမ်း အနည်းငယ်တော့ရှိလေသည်။
ပထမတစ်ခုမှာ ထိုက်စန့်လောင်ကျွင်း၏ စကြာဝဠာသုံးမြှောင့်ဆေးအိုး ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော်… ထိုပစ္စည်းသည် အလွန်ရှေးကျသည့် စကြာဝဠာမှော်ဝင်ပစ္စည်းတစ်ခု ဖြစ်သောကြောင့်ပင်။
စကြာဝဠာသုံးမြှောင့်ဆေးအိုး၏ ကောင်းမြတ်ခြင်းများသည် ပျက်စီးသွားသည့် မိုးမြေကိုပင် ပြုပြင်ပေးနိုင်လေရာ မူလဝိညာဉ်ခန္ဓာတစ်ခုကိုတော့ ပြောစရာပင်မလိုတော့ပေ။
ဒုတိယတစ်ခုမှာ ဘိုးဘေးဇာမဏီငှက် ချန်ထားခဲ့သည့် နိဗ္ဗာနမီးတောက် ဖြစ်လေသည်။ ထိုမီးတောက်က အရာအားလုံးကို အသစ်တစ်ဖန် ပြန်လည်ဖြစ်တည်စေနိုင်လေသည်။ သေခြင်းရှင်ခြင်း၏ လျှို့ဝှက်ဆန်းကျယ်မှုများနှင့် ပြည့်နက်နေသည့်အတွက် ဆန်းလျန်ကို ကောင်းကောင်း ကုသပေးနိုင်မည် ဖြစ်လေသည်။
စကြာဝဠာသုံးမြှောင့်ဆေးအိုးကတော့ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို မသိရတော့ပေ။
သို့သော်… နိဗ္ဗာနမီးတောက်ကတော့ ရှာဖွေတွေ့နိုင်ဦးမည် ဖြစ်လေသည်။
သို့ပေမဲ့… နိဗ္ဗာနမီးတောက်ကိုဆော့ ဆန်းလျန်အသုံးပြုမည်မဟုတ်သည်ကို လီချင်းဆွေသိနေလေသည်။ ဆန်းလျန်သာ ထိုမီးတောက်ကို အသုံးပြုမည်ဆိုလျှင် လူမဆန်ရာကျပေလိမ့်မည်။
ထို့ကြောင့် လီချင်းဆွေက အနှေးနှင့်အမြန် ဆန်းလျန်သေရတော့မည်ဟု ထင်နေခြင်း ဖြစ်လေသည်။
သို့သော်… ယခုတော့ ဆန်းလျန်က သူ၏ မူလဝိညာဉ်ခန္ဓာ ပျက်စီးနေခြင်းကို ရပ်တန့်လိုက်နိုင်လေသည်။ ထိုအချက်မှာ လီချင်းဆွေမျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေသည်။
ဆန်းလျန်၏ ဒဏ်ရာသည် လုံး၀ ပျောက်ကင်းသွားခြင်းမရှိသေးသည့်တိုင် သေတော့ မသေနိုင်တော့ပေ။
ဆန်းလျန် သူ့ဒဏ်ရာကို မည်သို့ ကုသနေသည်ကို တာအိုဆရာလီချင်းဆွေ အရမ်းသိချင်နေမိသည်။
ဆန်းလျန်တွင် တန်ခိုးစွမ်းအားများစွာရှိသည်ကို သူမသိထားလေသည်။ သို့သော်… မည်သည့်နည်းလမ်းဖြင့် ဒဏ်ရာကို ကုသနေသည်ကို သူမ စဉ်းစား၍ မရနိုင်ပေ။
ဆန်းလျန်ကိုယ်တိုင်သာလျှင် အသိဆုံးဖြစ်ပေလိမ့်မည်။
ဝူခုံး၏သံတုတ်နှင့် ကျန့်ယွမ်ကျီ၏ ဝိဇ္ဇာအင်္ကျီလက်ကြီးက ဆန်းလျန်၏ မူလဝိညာဉ်ခန္ဓာကို အမှန်တကယ်ပင် ပျက်စီးစေခဲ့ပါသည်။ သို့သော်… ယခုတော့ သူက စိတ်အေးလက်အေး ရှိနေလေသည်။ အဘယ်ကြောင့်ဆိုသော်… လျှို့ဝှက်ဆန်းကျယ်မှုတစ်ခုကို ဆန်းလျန် သဘောပေါက်လိုက်သောကြောင့် ဖြစ်လေသည်။
သူ၏ မပျက်စီးနိုင်သည့်မူလဝိညာဉ်ခန္ဓာ ပျက်စီးသွားသည့်အချိန်တွင် သူမည်သူဖြစ်သည်ကို ပိုပြီး သိရှိခွင့်ရလိုက်သည်။
တိတိကျကျပြောရလျှင် သူ့ဘဝ၏ အရင်းအမြစ်ကို သူနားလည်လိုက်ခြင်း ဖြစ်လေသည်။
ဗုဒ္ဓဘာသာအဆိုအရဆိုလျှင်… ထိုအချက်ကို 'အာလာယဝိညာဏ' ဟု ခေါ်ဆိုလေသည်။
ဗုဒ္ဓကျမ်းစာတစ်ခုဖြစ်သည့် ကျန်ယွင်ကျမ်းစာထဲတွင်…
"သတ္တဝါတိုင်းတွင် အာလာယဝိညာဏ ရှိကြသည်။ ပြည့်ဝစုံလင်ပြီး စင်ကြယ်လေသည်" ဟု ပါရှိလေသည်။
ကျမ်းစာအရဆိုလျှင် အာလာယဝိညာဏတရားသည် ပြည့်ဝစုံလင်ပြီး စင်ကြယ်လေသည်။ ကိလေသာအညစ်အကြေးများမှ ကင်းစင်နေသည်ဟု ယူဆနိုင်သည်။
ထို့ကြောင့်… အာလာယဝိညာဏအကြောင်းကိုသာ ပြည့်ပြည့်၀၀နားလည်နိုင်လျှင် နိဗ္ဗာန်ကိုပင် မြင်နိုင်မည်ဟု ယူဆနိုင်လေသည်။
ထို့ပြင် အာလာယဝိညာဏသည် မပျက်စီးနိုင်သည့် သွင်ပြင်လက္ခဏာရှိသည့်အတွက် အရာအားလုံး၏ အခြေခံလည်း ဖြစ်လေသည်။
အာလာယဝိညာဏသည် စစ်မှန်သည့် သဘာဝတရားနှင့်ဆင်တူသလို ဝိညာဏအားလုံး၏ အရင်းအမြစ်လည်း ဖြစ်လေသည်။ အစစ်အမှန်လည်းဖြစ်သလို ယုံမှားခြင်းလည်း ဖြစ်နိုင်လေသည်။ အမှန်တရားလည်းဖြစ်သလို မှားယွင်းမှုလည်း ဖြစ်နိုင်သည်။
အမှားနှင့်အမှန် တစ်သားတည်းကျနေသည်လည်း ဖြစ်နိုင်လေသည်။
ဆန်းလျန်၏ မူလဝိညာဉ်ခန္ဓာသာ ပျက်စီးခဲ့ခြင်းမရှိလျှင် 'အာလာယဝိညာဏ' ၏ နက်နဲသည့် အဓိပ္ပါယ်ကို ဆန်းလျန် နားလည်မည်ပင် မဟုတ်ပေ။
ထို့ပြင် ချင်းဆွေထျန်းကောင်းကင်ဘုံကဲ့သို့ အန္တရယ်ကင်းသည့် နေရာတစ်ခုတွင် နေခွင့်မရပါကလည်း ထိုသို့ တရားအလင်းပွင့်သွားလိမ့်မည် မဟုတ်ပေ။
အရာအားလုံး ကျိုးကြောင်းညီညွတ်သွားသောကြောင့်သာ ဆန်းလျန်အတွက် ယခုကဲ့သို့ အကျိုးကျေးဇူးရရှိခြင်း ဖြစ်လေသည်။
ဆန်းလျန်ယခုကဲ့သို့ ကျင့်စဉ်လမ်းအဆင့်တက်သွားခြင်းမှာ သူ၏ ကံကောင်းခြင်းနှင့်လည်း သက်ဆိုင်လေသည်။ သူသည် ငါးမျှားနေရင်းမှာပင် အာလာယဝိညာဏကို နားလည်သဘောပေါက်ကာ အရာရာကို ရှင်းရှင်းလင်းလင်း သိမြင်လာခဲ့ခြင်း ဖြစ်လေတော့သည်။
***