- အလဲအလှယ်တစ်ခု
Vol. 176 Ch. 2522
ရီဖူရှင်းက ကျိုးရိနတ်တောင်ပေါ်တွင် ပျံသန်းကာ ၎င်း၏နက်ရှိုင်းသောအပိုင်းဆီသို့ ဦးတည်သွားနေသည်။
သူ့ဘေးရှိ တန်ခိုးရှင်များသည် အနောက်ပင်လယ်ကုန်းမြေ၏ အပိုင်းအသီးသီးမှနှင့် အပြင်လောကများမှလာခဲ့သူများဖြစ်သည်။ သူတို့အားလုံးသည် နတ်မြေပုံကြောင့် ဤနေသို့ရောက်လာခြင်းဖြစ်သည်။
ထိုအခိုက်တွင် အမျိုးသားတစ်ဦးသည် ရီဖူရှင်းထံသို့ ပျံသန်းလာနေ၏။ ထို့ကြောင့် ရီဖူရှင်းမျက်မှောင်ကြုတ်သွား၏။ သို့သော် သူက ထိုလူကို မတားဆီးလိုက်ပေ။ ထိုလူသည် ရန်ဟောင်အဆင့်တန်ခိုးရှင်တစ်ဦးဖြစ်သော်လည်း သူ့အတွက် အန္တရာယ်ဖြစ်လောက်အောင် သန်မာမှုမရှိပေ။ သို့သော် ထိုလူသာ ယီတီးယားတားလုပ်ခဲ့ပါက ရီဖူရှင်းက ထိုလူကို မသက်ညှာဘဲ သတ်ပစ်နိုင်၏။
ထိုရန်ဟောင်အဆင့်တန်ခိုးရှင်သည် မကြာမီမှာပင် ရီဖူရှင်းကို ချဉ်းကပ်လာ၏။ သူက ဆက်၍ပျံသန်းသွားသောရီဖူရှင်းကို ဦးညွှတ်လိုက်ပြီး အသံပို့လွှတ်၍ ပြောသည်။
“ရန်ဟောင်ရီ... ကျုပ်က အနောက်အင်ပါယာနန်းတော်က တန်ခိုးရှင်တစ်ယောက်ပါ”
ရီဖူရှင်း ချက်ချင်းရပ်တန့်လိုက်ကာ ထိုလူကို ပြန်လှည့်ကြည့်သည်။ အနောက်အင်ပါယာနန်းတော်သည် အနောက်ပင်လယ်ကုန်းမြေတွင် အရှိန်အဝါကြီးသော အင်အားစုတစ်စုဖြစ်၍ သူတို့သည် ကျိုးရိနတ်တောင်တစ်ဝိုက်တွင်လည်း သူတို့၏လူများကို နေရာချထား၏။ ထို့ကြောင့် သူတို့က ရီဖူရှင်းရောက်လာပြီးမကြာခင်မှာပင် သူ့ကို ရှာတွေ့သွားခြင်းပင်။
ရီဖူရှင်းကလည်း သူမည်သူမည်ဝါဖြစ်ကြောင်းနှင့် သူ၏ခြေရာလက်ရာကို ဖုံးကွယ်ရန် ကြိုးစားမနေပေ။ အထူးသဖြင့် အနောက်အင်ပါယာနန်းတော်က သူ့ကိုစောင့်နေရန် လူတစ်ယောက်ကို ခိုင်းစေထားသဖြင့် သူ့ကိုရှာတွေ့သွားခြင်းသည် သာမန်သာဖြစ်သည်။
“ကောင်းပြီ”
ရီဖူရှင်းကလည်း အသံပို့လွှတ်၍ ပြန်ပြောသည်။ အနောက်အင်ပါယာနန်းတော်က သူ့ကိုဆက်သွယ်မှုကို အခြားသူများ သတိပြုမိနိုင်လိမ့်မည်မဟုတ်ဟု ရှီးချီယောင်က သူ့ကိုပြောခဲ့သည်။ ထိုလူသည် သူ့ကိုအသံပို့လွှတ်၍ပြောနေရာ သူသည် ပြန်၍အသံပို့လွှတ်ကာ ပြောလိုက်ခြင်းပင်။
ထိုရန်ဟောင်အဆင့်တန်ခိုးရှင်သည် ရှေ့သို့ဆက်၍ ပျံသန်းသွား၏။ ထို့ကြောင့် ရီဖူရှင်းကလည်းဆက်၍ ပျံသန်းလိုက်သည်။ သူတို့နှစ်ဦးသည် မသက်ဆိုင်သော သူစိမ်းများကဲ့သို့ ရှေ့ဆင့်နောက်ဆင့် ပျံသန်းနေသည်။
“အနောက်အင်ပါယာနန်းတော်က ရရှိထားတဲ့ သတင်းတွေကို ရန်ဟောင်ရီဆီ တင်ပြဖို့ နတ်မိမယ်က မှာကြားထားပါတယ်”
ထိုလူက ပြောသည်။
“ကျိုးရိနတ်တောင်ပေါ်မှာ အချိန်အတော်ကြာအခြေချထားတဲ့ အင်အားစုတစ်ခုရဲ့ ဌာနချုပ်တစ်ခုရှိတယ်။ ရတနာကုန်သွယ်မှုရဲ့ နှစ်ဆယ်ရာခိုင်နှုန်းလောက်က သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ။ အဲဒီအင်အားစုက လေညင်းအိမ်တော်လို့ခေါ်တယ်... အိမ်တော်သခင်နာမည်က လီချင်းဖုန်း... အနောက်ပင်လယ်ကုန်းမြေထဲက အတော်ဆုံး အဂ္ဂရိတ်ဆရာတွေထဲက တစ်ယောက်ပဲ။ လေညင်းအိမ်တော်က နတ်မြေပုံသတင်းကို ပထမဆုံးစလွှင့်တာပဲ။ သတင်းလွှင့်တဲ့အကြောင်းအရင်းက မြေပုံ အခိုးခံလိုက်ရလို့ပဲ။ ဒါပေမဲ့ လှည့်ကွက်တစ်ခုလည်း ဖြစ်နိုင်တယ်။ ခိုးသွားတဲ့သူခိုးက အနောက်ပင်လယ်ကုန်းမြေက နောက်ထပ် စွမ်းအားကြီးလူတစ်ယောက်ပဲ... တာအိုဘုန်းကြီးမူလို့ခေါ်တယ်.. ဒါမှမဟုတ် သူခိုးမူပေါ့။ သူက ရုပ်ဖျက်ပညာကျွမ်းကျင်တယ်။ သူဟာ ပုံပန်းသွင်ပြင်ကို ပြောင်းပစ်နိုင်ပြီးတော့ သူ့ရဲ့အရှိန်အဝါကို ဖုံးကွယ်တာ၊ ပြောင်းလဲတာတွေလည်း လုပ်နိုင်တယ်။ အနောက်ပင်လယ်ကုန်းမြေထဲက တကယ့်မှော်ဆရာပဲ။ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို ဘယ်သူမှမသိကြဘူး... ဒါပေမဲ့ သူ့ရဲ့အမြန်နှုန်းက ပိုပြီးတောင် အထင်ကြီးစရာကောင်းသေးတယ်...”
“နတ်မြေပုံအခိုးခံလိုက်ရပြီးတော့ လေညင်းအိမ်တော်သခင် လီချင်းဖုန်းက ကျိုးရိမြို့ကို ချိပ်ပိတ်လိုက်တယ်။ ကျိုးရိမြို့က အချက်အချာကျတဲ့ဒေသပဲ ပြီးတော့ ကျိုးရိနတ်တောင်ရဲ့ အဓိကကုန်သွယ်နေရာပဲ။ လူတွေက မြို့ထဲကိုဝင်လို့တော့ရတယ်... ပြန်ထွက်လို့တော့မရဘူး။ ပြန်ထွက်ချင်တဲ့လူတိုင်း ခန္ဓာကိုယ်ကို ပိုက်စိပ်တိုက်အရှာခံရမယ်။ ဂုဏ်သိက္ခာရှိတဲ့ ဘယ်တန်ခိုးရှင်ကမှ အဲလိုမျိုး အလုပ်ခံမှာမဟုတ်ဘူး။ ဒါပေမဲ့ လီချင်းဖုန်းရဲ့ အဲလိုတင်းကြပ်တဲ့စည်းမျဉ်းတွေကြောင့်သာ နတ်မြေပုံက ကျိုးရိမြို့ထဲမှာ ရှိနေသေးတာပဲ”
ရီဖူရှင်း ခေါင်းညိတ်ပြလိုက်သည်။ သတင်းပျံ့သွားခြင်းမှာ အံ့ဩစရာမရှိတော့ပေ။ ပုံမှန်ဆိုလျှင် နတ်မြေပုံရထားသူသည် ထိုကဲ့သို့သော လျှို့ဝှက်ချက်ကို ပေါက်ကြားခံမည်မဟုတ်ချေ။ သူတို့သည် သူတို့ဘာသာ မြေပုံကို မောင်ပိုင်စီးထားပြီး လျှို့ဝှက်လေ့လာမည်ဖြစ်သည်။
ရီဖူရှင်းက မြေပုံအခိုးခံလိုက်ရခြင်းကို အံ့အားသင့်နေသည်။ ထို့ကြောင့် သတင်းသည် အမှန်ဖြစ်ပေလိမ့်မည်။ သူရရှိထားသော သတင်းအချက်အလက်များသည် ကိုက်ညီမှုရှိ၏။
“လီချင်းဖုန်းက သူ့ရဲ့မဟာလမ်းစဉ်စက်ကွင်းကိုသုံးပြီး ကျိုးရိမြို့ကို ချိပ်ပိတ်ခဲ့တာလား”
ရီဖူရှင်းက သိလိုသဖြင့် မေးလိုက်သည်။
“ဟုတ်တယ်...”
ထိုလူက အသံပို့လွှတ်၍ ပြန်ဖြေလိုက်၏။
“အခု လီချင်းဖုန်း စိုးရိမ်နေပြီ။ ကျိုးရိနတ်တောင်ပေါ်က တန်ခိုးရှင်တွေရဲ့ သီးခြားဆန်တဲ့အချက်ကြောင့် မြို့ကို ချိပ်ပိတ်တာက သူလုပ်နိုင်တဲ့ အတင်းကြပ်ဆုံးအရာပဲ။ လူတိုင်းရဲ့ခန္ဓာကိုယ်တွေကို လိုက်ရှာဖို့ မဖြစ်နိုင်ဘူးလေ။ အဲဒါက လူအများကြီးကို အပြစ်ပြုမိသလို ဖြစ်သွားနိုင်ပြီးတော့ သူ့ရည်ရွယ်ချက်ကို ထိခိုက်စေလိမ့်မယ်။ ဒါပေမဲ့ အခုထိ သူနတ်မြေပုံကို ရှာမတွေ့သေးဘူး။ ပြီးတော့ မဟာလမ်းစဉ်စက်ကွင်းကိုသုံးပြီး မြို့ကိုချိပ်ပိတ်ထားရတာကလည်း သူ့ကို တော်တော်လေး အားကုန်စေတယ်။ ပြီးတော့ အပြင်က စွမ်းအားကြီးတန်ခိုးရှင်တွေကလည်း ပိုပြီးတော့ ရောက်လာနေတယ်။ လီချင်းဖုန်း ကယောက်ကယက်ဖြစ်နေပြီ။ အခြေအနေက သူ့ထိန်းချုပ်နိုင်တာထက် ကြီးထွားလာပြီ။ အဲဒီထိပ်သီးအင်အားစုတွေက စွမ်းအားကြီးသူတွေသာ ဝင်ပါလာရင် သူအခြေအနေကို ဆက်ထိန်းထားနိုင်မှာ မဟုတ်တော့ဘူး”
အနောင်အင်ပါယာနန်းတော်ကဲ့သို့ အင်အားစုများဝင်ပါလာလျှင် လီချင်းဖုန်းသည် အခြေအနေကို ထိန်းချုပ်နိုင်တော့မည်မဟုတ်ကြောင်းကို ရီဖူရှင်း နားလည်ပေသည်။
သို့သော် အနောက်အင်ပါယာနန်းတော် ရောက်ရှိနေပြီဖြစ်သော်လည်း အခြေအနေသည် မပြောင်းလဲသွားသေးပေ။ ထိုအစား သူတို့သည် လီချင်းဖုန်း မြို့ကိုချိပ်ပိတ်ထားခြင်းကို စိတ်မရှိခဲ့ပေ။ သူတို့သည် နတ်မြေပုံ မြို့ပြင်သို့ ရောက်သွားမည်ကို မလိုလားပါ။
“တာအိုဘုန်းတော်ကြီးမူ မြို့ထဲက ထွက်သွားပြီးတာရော မဖြစ်နိုင်ဘူးလား... ငါဆိုလိုတာက လီချင်းဖုန်း မြို့ကို ချိပ်မပိတ်သေးခင်ကတည်းကလေ...”
“လီချင်းဖုန်းက ဒီအကြောင်းကို တခြားသူတွေထက် ပိုသိမှာပေါ့။ သူက မြို့ကို ဆက်ပိတ်ထားတုန်းဆိုတော့ သူဘာလုပ်နေတယ်ဆိုတာ သူသိလောက်မယ်လို့ ကျုပ် ထင်ပါတယ်”
ထိုလူက ပြန်ဖြေလိုက်သည်။
“ငါသိပြီ...”
ရီဖူရှင်း ခေါင်းညိတ်၍ ပြန်ဖြေလိုက်ပြီး ရှေ့သို့ဆက်ပျံနေလိုက်သည်။ နတ်မြေပုံကို ရယူရန် မလွယ်ကူလောက်ပေ။ ချိပ်ပိတ်ထားခြင်း ပျက်သွားလျှင် နတ်မြေပုံသည် အချိန်မရွေး ကျိုးရိနတ်တောင်အပြင်ဘက်သို့ ရောက်သွားနိုင်သည်။ ထိုသို့ဆိုလျှင် ၎င်းကိုရှာရန် ပို၍ပင်ခက်ခဲသွားပေလိမ့်မည်။
“ရန်ဟောင်ရီ... ခင်ဗျား ကျိုးရိမြို့ထဲဝင်သွားပြီးရင် အနောက်အင်ပါယာနန်းတော်က လူတွေက ခင်ဗျားကို ကူညီဖို့ အချိန်မရွေးဆက်သွယ်ပါလိမ့်မယ်”
ထိုလူက ပြောလိုက်၏။
“ကောင်းပြီ...”
ရီဖူရှင်း ပြန်ပြောသည်။
“နောက်မှ တွေ့ကြတာပေါ့...”
ထိုလူက လက်နှစ်ဖက်ဆုပ်၍ ပြောလိုက်၏။ ထို့နောက် သူသည် လျှပ်တစ်ပြက်အတွင်း ထွက်ခွာသွား၏။ ရီဖူရှင်းက ပို၍မြန်သောအရှိန်ဖြင့် ဆက်ပျံသန်းသွားလိုက်သည်။ သူသွားနေသောနေရာကို သူသေချာသိပေသည်။
မကြာခင်တွင် သူသည် ကျိုးရိနတ်တောင်ထိပ်သို့ ရောက်သွား၏။ ထိုတောင်ထိပ်တွင် မြို့တစ်မြို့ရှိ၏။ သို့သော် ထိုမြို့အပြင်တွင် ကြောက်မက်ဖွယ်ဓားစက်ကွင်းတစ်ခုရှိနေသည်။
ဓားစက်ကွင်းသည် ကျယ်ပြန့်စွာနေရာယူထားပြီး စက်ကွင်းထဲတွင် အနန္တဓားဝိညာဉ်စွမ်းအားစီးဆင်းနေ၏။ ထိုအတွင်းရှိ သတ်ဖြတ်လိုသည့်အငွေ့အသက်သည် ပြိုင်ဘက်ကင်းပေသည်။ ဓားစက်ကွင်းစွမ်းအားအနည်းငယ်ကိုပင် အာရုံခံမိလိုက်ရုံဖြင့် ရန်ဟောင်အဆင့်တန်ခိုးရှင်များကို ရင်ခုန်မြန်သွားစေနိုင်၏။
ဓားစက်ကွင်းတစ်ခုသည် ကျိုးရိမြို့ကို ချိပ်ပိတ်ထား၏။
မြို့တွင်းသို့ ဝင်၍သာရပြီး မြို့တွင်းမှပြန်ထွက်၍ မရပေ။
သို့သော် မြို့တွင်းသို့ဝင်နိုင်ရန် စွမ်းအားအနည်းငယ်လိုအပ်၏။ ဓားစက်ကွင်းသည် လူအများစုကို မြို့နှင့်အဝေးသို့ မောင်းထုတ်ထားနိုင်သည်။
ရီဖူရှင်းက အရှိန်တင်လိုက်ပြီး ဓားစက်ကွင်းကိုဖောက်ကာ မြို့တွင်းသို့ အလွယ်တကူဝင်သွားလိုက်သည်။ လီချင်းဖုန်းသည် ရီဖူရှင်းကို မြို့တွင်းသို့ဝင်ခွင့်ပေးလိုက်သည်ကို ကျေးဇူးတင်ရပေမည်။ မဟုတ်လျှင် ပြင်ပတန်ခိုးရှင်များသည် မြို့တွင်းသို့ဝင်နိုင်မည်မဟုတ်ပေ။ ရီဖူရှင်းက ဓားစက်ကွင်းကို ဖြတ်သန်းနေစဉ်က သူ့ပေါ်သို့ကျရောက်နေသည့် နတ်အာရုံတစ်ခုကို ထင်ထင်ရှားရှားအာရုံခံနိုင်သည်။
ထိုနတ်အာရုံသည် လီချင်းဖုန်း၏နတ်အာရုံဖြစ်သည်။ သူသည် ကျိုးရိမြို့ကို ဝင်သူ၊ ထွက်သူတိုင်းကို စောင့်ကြည့်နေခြင်းပင်။
ထိုနည်းဖြင့် သူသည် တစ်ခုခုဖြစ်လာလျှင် တန်းသိမည်ဖြစ်သည်။
ထိုနတ်အာရုံသည် ရီဖူရှင်းကို စက္ကန့်ပိုင်းမျှသာ ကြည့်ရှုသွား၏။ အခြားမူမမှန်သည်မရှိသဖြင့် ထိုနတ်အာရုံသည် ချက်ချင်းပင် ပြန်ဆုတ်ခွာသွား၏။
ရီဖူရှင်းက ကျိုးရိမြို့အတွင်းသို့ ဝင်သွားပြီးနောက် တစ်နေရာသို့ ဦးတည်ပျံသန်းသွားလိုက်သည်။ ထိုနေရာသည် မြို့၏အမြင့်ဆုံးနေရာဖြစ်ပြီး လေညင်းအိမ်တော်တည်ရှိသောနေရာပင်။
ရီဖူရှင်းက ရောက်ရောက်ချင်း နတ်မြေပုံကို တန်းမရှာခဲ့ပေ။ သူသည် ဤမြို့တွင် လူသစ်ဖြစ်သည်။ သူ့အနေဖြင့် တာအိုဘုန်းတော်ကြီးမူကို မည်သို့မှ ရှာနိုင်မည်မဟုတ်ပေ။ ထို့အပြင် သူ့တွင် မည်သည့်သဲလွန်စမှလည်း မရှိပေ။ အကယ်၍ တာအိုဘုန်းတော်ကြီးမူကို ရှာနိုင်သူတစ်ဦးရှိလျှင် ထိုတစ်ဦးသည် လီချင်းဖုန်းဖြစ်ပေလိမ့်မည်။
သူသည် လူရှုပ်ရှုပ်လမ်းတစ်လျှောက်တွင် ခပ်ဖြည်းဖြည်းလျှောက်လှမ်းနေသည်။ သူ၏ လမ်းတစ်ဖက်တစ်ချက်စီတွင် ဈေးဆိုင်အများအပြားကို တွေ့လိုက်ရသည်။ ထိုဆိုင်အားလုံးသည် ကျိုးရိမြို့တွင် စီးပွားရေးလုပ်နေသော တန်ခိုးရှင်များ၏ဆိုင်များဖြစ်သည်။
ကျိုးရိမြို့သည် ချိပ်ပိတ်ခံထားရသော်လည်း လူများသည် ပျားပန်းခတ်သကဲ့သို့ စည်ကားနေဆဲဖြစ်သည်။ မြို့အတွင်း၌ ပိတ်မိနေသောလူများသည် ပုံမှန်အတိုင်း ဆက်လက်နေထိုင်နေကြသည်။ ရတနာကုန်သွယ်မှုသည်လည်း မရပ်တန့်ခဲ့ပေ။
ထိုလမ်းသည် တောင်ထိပ်ရှိ လေညင်းမြို့သို့ဦးတည်၏။ လမ်းမှာ လူများဖြင့် ပြည့်နှက်နေသည့် စည်ကားသောလမ်းတစ်လမ်းဖြစ်ပြီး ရီဖူရှင်းက ကြည့်ရာနေရာတိုင်းတွင် လူများကိုသာ တွေ့နေရ၏။ ဈေးဆိုင်များတွင် ထူးကဲကောင်းမွန်သောကုန်ပစ္စည်းများရှိ၏။
ရီဖူရှင်းက ထိုနေရာတွင် သူရတနာရှာတွေ့လိမ့်မည်လောဟု တွေးတောနေသည်။
သူသည် လမ်းပေါ်တွင် အေးအေးဆေးဆေးလျှောက်ရင်း ဆေးလုံးများနှင့် သက်ဆိုင်သည့် ကုန်ပစ္စည်းကောင်းများစွာကို တွေ့ရှိခဲ့သည်။ ၎င်းတို့မှာ ဆေးလုံးများ၊ ဆေးလုံးဖော်စပ်ရန် ကုန်ကြမ်းများနှင့် ဆေးညွှန်းများဖြစ်၏။ ထို့အပြင် ထိုနေရာရှိ စီးပွားရေးသမားများတွင် သူတို့အလိုရှိသည့် ကုန်ပစ္စည်းများ၏အသေးစိတ်လိုအပ်ချက်များ ရှိပေသည်။ သူတို့အများစုသည် သူတို့လဲလှယ်လိုသည့် ပစ္စည်းများကို အသေးစိတ်ပြောမည်ဖြစ်သည်။
အဖိုးတန်ရတနာများကို ထိုကဲ့သို့ကုန်သွယ်နေကြ၏။ သူတို့က သူတို့လိုအပ်နေသည့် ပစ္စည်းများကို ပြန်လိုချင်ကြပေသည်။
သို့သော် ရီဖူရှင်းက ရတနာအချို့ကို မျက်စိကျနေသည်။
သူသည် တန်ခိုးရှင်အများအပြားရှိနေသည့် ဈေးဆိုင်တစ်ခုသို့ သွားလိုက်၏။ ထို့နောက် သူသည် ဆိုင်ကိုလျှောက်ပတ်ကြည့်နေလိုက်သည်။
ထိုဆိုင်သည် သူတော်စင်တစ်ဦးနှင့်တူသော အဘိုးကြီးတစ်ဦး၏ဆိုင်ဖြစ်သည်။ ထိုအဘိုးကြီးသည် မုတ်ဆိတ်ဖြူ၊ ဆံပင်ဖြူ၊ နီမြန်းသောပါးနှင့် တောက်ပသောမျက်လုံးများရှိပြီး ဖော်ရွေပုံပေါ်၏။ သူသည် ရန်ဟောင်အဆင့်ကိုးရှိသည့် စွမ်းအားမြင့်တန်ခိုးရှင်တစ်ဦးဖြစ်သည်။
ထိုအဘိုးကြီးသည် ကျိုးရိမြို့သို့ရောက်နေသည်မှာ လအတော်ကြာပြီဖြစ်သည်။ လူအများစုသည် သူ့ကိုသိကြပြီး သူ့ထံတွင် ပစ္စည်းကောင်းများစွာရှိ၏။ ဤနေရာသို့ သူကုန်လဲလှယ်ရန်ရောက်လာတိုင်း လူအများအပြား၏စိတ်ဝင်စားမှုကို ခံရပေသည်။ သူသည် မကြာမကြာဆိုသလို လေညင်းအိမ်တော်သို့သွား၍ ကုန်ပစ္စည်းလဲလှယ်ပေသည်။ လီချင်းဖုန်းပင် သူ့ကိုသိ၏။
ထို့ကြောင့် သူကုန်လဲလှယ်ရန်ရောက်လာတိုင်း သူ့ဆိုင်သည် စွမ်းအားကြီးလူများစွာ၏ စိတ်ဝင်စားမှုကို ရရှိခြင်းပင်။
ထိုအခိုက်တွင် သူ့ဆိုင်တွင် ခေါက်ထားသောသိုးရေတစ်ချပ်ရှိ၏။ ထိုနေရာမှလူများသည် အသည်းအသန်ဆွေးနွေးနေကြသည်။
“ထိပ်တန်းအဂ္ဂရိတ်ပညာရပ်ဟုတ်လား...”
ရီဖူရှင်းက သူတို့တီးတိုးပြောနေသည်ကို ကြားလိုက်ရသည်။
“အမှန်ပဲ... အကောင်းတကာ့အကောင်းဆုံးပဲ။ ကျုပ် ဒီဟာကိုရဖို့ တော်တော်လေးအားစိုက်ထုတ်လိုက်ရတယ်။ မိတ်ဆွေလေးက စိတ်ဝင်စားလို့လား”
အဘိုးအိုသည် ရီဖူရှင်း၏ရေရွတ်သံကိုကြားလိုက်သောအခါ ပြုံးလျှက်ပြောသည်။ သူသည် လူအုပ်အစွန်တွင်ရပ်နေသော ရီဖူရှင်းကိုကြည့်လိုက်ပြီးနောက် အကြည့်လွှဲကာ တိတ်တဆိတ်စောင့်နေ၏။
ရီဖူရှင်းက မဟာနတ်ဘုရားတုန်းလိုင်၏ အဂ္ဂရိတ်ပညာရပ်ကို အမွေဆက်ခံရရှိခဲ့သည်။ သို့သော် သူ့အတွက်မှီငြမ်းရန် အခြားထိပ်တန်းအဂ္ဂရိတ်ပညာရပ်များရှိလျှင် ပို၍ကောင်းပေလိမ့်မည်။
“ဆရာကြီး... ခင်ဗျား အဲဒါကို ဘာနဲ့လဲလှယ်ချင်တာလဲ”
ရီဖူရှင်းမေးလိုက်သည်။
“အဂ္ဂရိတ်ပညာဆိုတာလည်း ပညာတစ်ခုပဲ။ ကျုပ် အကောင်းဆုံး မှော်ပညာ ဒါမှမဟုတ် တန်ခိုးအတတ်ပညာတစ်ခုကို လိုချင်တယ်။ သာမန်ပညာလေးတွေနဲ့တော့ အလုပ်ဖြစ်မှာမဟုတ်ဘူး”
လူတော်တော်များများ စိတ်ပျက်သွားကြ၏။ လူများစွာသည် သူတို့၏တန်ခိုးအတတ်ပညာများနှင့် လဲလှယ်ရန်ကြိုးစားခဲ့ကြသည်။ သို့သော် အဘိုအိုသည် သူတို့အားလုံးကို ငြင်းလိုက်သည်။
“အဲဒါက အဂ္ဂရိတ်ပညာရပ်တစ်ခုလုံးလား”
ရီဖူရှင်းမေးလိုက်သည်။
“ဘယ်ဟုတ်မလဲ...”
အဘိုးအိုက ပြန်ပြောသည်။
“ဒါက တစ်စိတ်တစ်ပိုင်းပဲ။ မင်းကြည့်လိုက်ရင် ဒါဘယ်လောက်အဖိုးတန်လည်းဆိုတာ မင်းသိသွားမှာပါ”
ရီဖူရှင်း ခေါင်းညိတ်လိုက်ပြီး အဘိုးအိုထံလျှောက်သွားလိုက်သည်။ အဘိုးအိုက စောင့်ကြောင့်ထိုင်လျှက် သိုးရေကို ဖြန့်ပြလိုက်သည်။ ရီဖူရှင်းက ၎င်းကိုကြည့်ပြီးသွားသောအခါ အနည်းငယ်စိတ်လှုပ်ရှားသွား၏။ ၎င်းသည် အဂ္ဂရိတ်ပညာရပ်၏ တစ်စိတ်တစ်ပိုင်းသာဖြစ်သော်လည်း သူ မဟာနတ်ဘုရားတုန်းလိုင်ဆီမှ ဆက်ခံရရှိခဲ့သော အဂ္ဂရိတ်ပညာရပ်ထက် ပို၍စွမ်းအားကြီးကြောင်း သူသိလိုက်သည်။ မည်သူမှ ဤပညာကို မရသေးသည်မှာ ထူးဆန်းသည်ဟု သူမထင်တော့ပေ။
“ဆရာကြီး... ဒီ အဂ္ဂရိတ်ပညာရပ်က ပြည့်စုံတယ်ဆိုတာ သေချာရဲ့လား”
ရီဖူရှင်းက မေးလိုက်သည်။
“ဒါပေါ့...”
အဘိုးအိုက ခေါင်းညိတ်ပြလိုက်သည်။
“ကျုပ် ဒီမှာစီးပွားရေးလုပ်နေတာကြာပြီ။ ကျုပ် မင်းကို မလိမ်ပါဘူး”
“ကောင်းပြီ...”
ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။
သူသည် အဘိုးအိုကို အသံပို့လွှတ်၍ တစ်စုံတစ်ခု ပြောသည်။ ထို့နောက် သူမေးလိုက်၏။
“ဆရာကြီး ဘယ်လိုထင်လဲ”
အဘိုးအို၏မျက်ဝန်းများထဲတွင် အံ့အားသင့်မှုအရိပ်အယောင်တစ်ခု ဖြတ်သန်းသွား၏။ သူဖြေလိုက်၏။
“အဆင်ပြေတယ်လို့ ကျုပ်ထင်တယ်”
“အဲဒါကို ဆရာကြီးဆီ ကျုပ်ရဲ့နတ်အာရုံကတဆင့် ပို့လိုက်မယ်”
ရီဖူရှင်း ပြောပြီးသည်နှင့် နတ်အလင်းတစ်ခုသည် အဘိုးအို၏မျက်ခုံးနှစ်ခုအကြားသို့ ပျံဝင်သွား၏။ အဘိုးအိုသည် မငြင်းဆန်ခဲ့ပေ။ သူက တိတ်တဆိတ်လက်ခံလိုက်သည်။
မကြာမီတွင် ရီဖူရှင်းက အလင်းကိုပြန်ရုတ်သိမ်းလိုက်၏။ အဘိုးအိုကလည်း သူ့ကို သိုလှောင်လက်စွပ်တစ်ကွင်းပေးလိုက်သည်။
“ဒီထဲမှာ မင်းလိုတဲ့ဟာရှိတယ်”
“ကျေးဇူးတင်ပါတယ် ဆရာကြီး...”
ရီဖူရှင်းက သိုလှောင်လက်စွပ်ကို ယူလိုက်သည်။
အဘိုးအိုက ပြုံးလိုက်၏။ ထို့နောက် သူသည် ရီဖူရှင်းကို အသံပို့လွှတ်၍ ပြောလိုက်၏။
“မိတ်ဆွေလေး... ဂရုစိုက်ပါ။ လူတွေအများကြီး ကြည့်နေတယ်။ လက်စွပ်ထဲက ပစ္စည်းကို အလျင်စလိုမထုတ်ပါနဲ့”
“အခုလိုသတိပေးတာ ကျေးဇူးတင်ပါတယ်။ ကျုပ် နားလည်ပါတယ်”
ရီဖူရှင်း ပြန်ပြောသည်။ သူက သိုလှောင်လက်စွပ်ကို သူ၏နတ်အာရုံနှင့် စစ်ဆေးလိုက်ပြီး ပြီးပြည့်စုံသောအဂ္ဂရိတ်ပညာရပ်ကို မြင်လိုက်ရသည်။
လက်စွပ်ထဲတွင် အခြားတစ်ခုလည်း ရှိပေသေးသည်။ ထိုအရာသည် ရစ်လုံးဟောင်းကြီးတစ်လုံးကဲ့သို့ပင်။ သူသည် ၎င်းကို သူ၏နတ်အာရုံနှင့် စစ်ဆေးလိုက်ရာ ၎င်းပေါ်တွင် ပုံများရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုပုံများသည် မြေပုံတစ်ခုကဲ့သို့ ထင်ရပေသည်။
“မြေပုံတစ်ခုလား”
ရီဖူရှင်း၏ သူငယ်အိမ်များ အနည်းငယ်ကျုံ့သွား၏။ ထိုမြေပုံသည် လက်ဆောင်တစ်ခုပေလော။