← Chapters

- အစီအစဉ်

Vol. 176 Ch. 2523

- အစီအစဉ်

Vol. 176 Ch. 2523

ထိုအခြင်းအရာကြောင့် ရီဖူရှင်း၏မျက်နှာပေါ်တွင် ထူးဆန်းသည့်အရိပ်အယောင်တစ်ခု ‌ပေါ်လာ၏။ ထိုမြေပုံသည်... နတ်မြေပုံ ဖြစ်နေသည်လော။

လေညင်းအိမ်တော်သခင်သည် နတ်မြေပုံကိုရှာရန် ကျိုးရိမြို့ကို ချိပ်ပိတ်ထားခဲ့သည်။ ယခုတွင် ဤအဘိုးအိုသည် သူတို့လဲလှယ်သည့်ကိစ္စတွင် မြေပုံတစ်ခုကို အကြောင်းမရှိဘဲ လျှို့ဝှက်ထည့်‌ပေးခဲ့သည်။ ရီဖူရှင်းအနေဖြင့် ထိုကိစ္စနှစ်ခုကို ဆက်စပ်မကြည့်ဘဲ မနေနိုင်ပေ။

ထို့အပြင် သူ၏နောက်ဆုံးစကားများသည်လည်း မသင်္ကာဖွယ်ရာများနှင့် ပြည့်နေသည်။

“မိတ်ဆွေလေးကို လူတွေအများကြီး စောင့်ကြည့်နေကြတယ်။ အထဲကပစ္စည်းတွေကို ပေါ့ပေါ့တန်တန် မထုတ်ပါနဲ့”

သူပြောသောအရာမှာ အဂ္ဂရိတ်ပညာရပ်လော သို့မဟုတ် ထိုမြေပုံလော။

ထိုအဘိုးအိုသည် ဆက်၍လဲလှယ်ရန် နောက်ထပ်ရတနာတစ်ခု ထပ်ထုတ်လိုက်သည်ကို ရီဖူရှင်းတွေ့လိုက်ရသည်။ သူu အဘိုးအိုကို ဆက်၍အရေးမစိုက်နေတော့ပေ။ သို့ဖြင့် ရီဖူရှင်းက နောက်လှည့်ကာ တိတ်တဆိတ်ထွက်လာလေတော့သည်။ သူဆက်၍ အာရုံစိုက်မခံချင်တော့ပေ။ သို့သော် လူအများအပြားသည် သူ့ကိုငေးကြည့်နေဆဲဖြစ်သည်။ ထိုသို့ငေးကြည့်နေခြင်းမှာ မြေပုံကြောင့်မဟုတ်ဘဲ အဂ္ဂရိတ်ပညာရပ်ကြောင့်ဖြစ်သည်။

အဂ္ဂရိတ်ပညာရပ်သည် ထူးခြားသောရတနာတစ်ခုဖြစ်သည်။ ထို့ကြောင့် ၎င်းကို အခြားသူများ လိုချင်တပ်မက်ခြင်းကို နားလည်ပေးနိုင်၏။ ထို့အပြင် သူသည် ရတနာကိုအသုံးပြု၍ အဘိုးအိုးကို အထင်ကြီးသွားအောင်လုပ်ခဲ့ရာ သူသည် အတော်လေးကြွယ်ဝသူတစ်ဦးဟု အခြားသူများကို ထင်သွားစေသည်။ ထို့ကြောင့် လူများက သူ့ကိုအာရုံစိုက်နေကြခြင်းမှာ သဘာဝကျ၏။

သို့သော် ရီဖူရှင်းက ထိုကိစ္စကို များစွာဂရုစိုက်မနေပေ။ ယခုတွင် သူ့ကိုထိခိုက်အောင်လုပ်နိုင်သူ သိပ်မရှိတော့ပေ။ ချိပ်ပိတ်ထားသော ဓားစက်ကွင်းအတွင်း၌ပင် သူသာတားဆီးမခံလိုလျှင် သူ့ကိုမည်သူမှ တားဆီးနိုင်မည်မဟုတ်ပေ။

သို့သော် ရီဖူရှင်းက ထိုနေရာမှ ထွက်မသွားလိုက်ပေ။ သူသည် တောင်လမ်းလေးအတိုင်း ဆက်လျှောက်သွားလိုက်သည်။ သူသည် အခြားရတနာများကို တွေ့ရဦးမည်လောဟု အာရုံစိုက်နေသည်။ သူသည် ဆေးလုံးဖော်စပ်ရန်အတွင် ဆေးဖက်ဝင်ပစ္စည်းများစွာကို တွေ့ခဲ့ပြီး သင့်လျော်သလို လဲလှယ်မှုများ ပြုလုပ်ခဲ့သည်။ ‌နောင်တွင် သူ ဆေးလုံးများဖော်စပ်လိုပါက ဆေးဖက်ဝင်ပစ္စည်းများစွာလိုပေလိမ့်မည်။ ထို့ကြောင့် ယခုကတည်းက စတင်ပြင်ဆင်ထားရန် လိုအပ်၏။

ထိုလမ်းတစ်လျှောက်တွင် ရီဖူရှင်းက သူလိုအပ်သည်များကို တော်တော်များများရရှိခဲ့သည်။ နောက်ဆုံးတွင် သူသည်တောင်ထိပ်ရှိ လေညင်းအိမ်တော်သို့ ရောက်လာလေတော့သည်။

ကျိုးရိမြို့သည် တောင်တစ်လုံးပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။ ကျိုးရိမြို့အောက်ဘက်တွင် တောင်စောက်များစွာရှိပြီး ထိုတောင်စောက်များတွင် တန်ခိုးရှင်အများအပြား ကျင့်ကြံနေကြသည်။ ထိုကွေ့ကောက်သောတောင်တန်းတစ်လျှောက်တွင်ပင် အဆောက်အဦးများနှင့် လိုဏ်ဂူများရှိ၏။

ရီဖူရှင်းက လူမရှိသော လိုဏ်ဂူတစ်ခုကို တွေ့ရှိခဲ့သည်။ သူက လိုဏ်ဂူကိုစစ်ဆေးလိုက်ပြီး ဂူအပြင်ဘက်တွင် စွမ်းအားအလွှာအကာအရံတစ်ခု ဆင်လိုက်သည်။ ထိုအပြုအမူသည် တန်ခိုးရှင်များအကြားတွင် လုပ်လေ့လုပ်ထရှိသော အပြုအမူဖြစ်၏။

လိုဏ်ဂူထဲတွင် ရီဖူရှင်းက မြေပုံကိုထုတ်လိုက်သည်။ ထိုရှေးဟောင်းမြေပုံသည် ညစ်နွမ်းသောသွင်ပြင်ရှိသည်။ ရီဖူရှင်း၏နတ်အာရုံသည် မြေပုံကိုထွင်းဖောက်သွား၏။ ထို့နောက်တွင် ၎င်းမှနေ၍ ‌တောက်ပသောအလင်းတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။ ယခုတွင် တည်နေရာပြပုံတစ်ခုနှင့်တူသည့် ရှင်းလင်းပြတ်သားသော ပုံရိပ်တစ်ခု ထွက်လာ၏။

မြေပုံသည် ရေပြင်ကိုရေးဆွဲပြထားပြီး ထိုရေပြင်ထဲတွင် ကျွန်းများစွာ၏ပုံကိုလည်း ရေးဆွဲထားသည်။ ၎င်းသည် လွန်စွာရိုးရှင်းရာ နောက်ကွယ်ရှိအဓိပ္ပာယ်ကို ဖော်ရန် ခက်ခဲ၏။

ရီဖူရှင်းက ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်လိုက်ပြီး သူ၏နတ်အာရုံကိုသုံး၍ ဖောက်ဝင်လိုက်သည်။ ရုတ်တရက် ကြီးမားသောမြေပုံကြီးတစ်ခု ပေါ်ပေါက်လာသည်။ ထိုမြေပုံသည် ရှီးချီယောင်က သူ့ကိုပေးထားသော အနောက်ပင်လယ်ကုန်းမြေ၏မြေပုံဖြစ်သည်။ သူသည် ထိုမြေပုံကြီးပေါ်တွင် မြေပုံအသေးလေးပေါ်မှ နေရာများနှင့် ဆင်တူသည့်နေရာများကို ရှာလိုနေခြင်းပင်။ အကယ်၍ ထိုမြေပုံအသေးလေးမှ ကျွန်းအချို့သည် အနောက်ပင်လယ်ကုန်းမြေမှဖြစ်ပါက သူသည် ထိုနေရာများကို မြေပုံအကြီးပေါ်တွင်လည်း ရှာတွေ့နိုင်မည်ဖြစ်ပြီး မြေပုံအသေးလေးပေါ်မှတည်နေရာများကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။

ရီဖူရှင်း၏နတ်အာရုံသည် မြေပုံအကြီးကို ဆက်၍ရှာဖွေနေပြီး တူညီသောတည်နေရာများစွာကို တွေ့လိုက်ရသည်။ သို့သော် ဂရုတစိုက် နှိုင်းယှဉ်လေ့လာပြီးသောအခါ ကွဲပြားမှုအနည်းငယ်ရှိသေးကြောင်း သူသိလိုက်သည်။ ကွဲပြားမှအနည်းငယ်ရှိနေသ၍ အပြည့်အဝ အံဝင်ခွင်ကျဖြစ်မည် မဟုတ်ပေ။ သို့ဆိုလျှင် ထိုနေရာသည် သူရှာဖွေနေသောနေရာမဟုတ်နိုင်သည့် ဖြစ်နိုင်ချေလည်းရှိသည်။

အနောက်ပင်လယ်ကုန်းမြေသည် ကျွန်းပေါင်းများစွာ မရေမတွက်နိုင်အောင်ရှိသည့် ကြီးမားသောနေရာတစ်ခုဖြစ်သည်။ ထို့ကြောင့် ဆင်တူသောကျွန်းများစွာ ရှိနေခြင်းမှာ အံ့ဩဖွယ်မရှိပေ။

မြေပုံနှစ်ခုကို အချိန်ကြာမြင့်စွာ နှိုင်းယှဉ်ပြီးနောက် ရီဖူရှင်းက ထိုနေရာကို အတည်မပြုနိုင်သေးပေ။

အကယ်၍ ထိုမြေပုံသည် နတ်မြေပုံဖြစ်ပါက ရှည်လျားသောသမိုင်းကြောင်း ရှိပေလိမ့်မည်။ ထိုမြေပုံသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက ဆွဲထားသည့် မြေပုံဖြစ်ရာ အနောက်ပင်လယ်ကုန်းမြေအတွင်းရှိ အချို့ကျွန်းများသည် ထိုနှစ်များအတွင်း ပြောင်းလဲမှုအနည်းငယ် ရှိနိုင်၏။ အချို့ကျွန်းများသည် အကြောင်းအမျိုးမျိုးကြောင့် ပျောက်ကွယ်သွားနိုင်ပေပြီ။ ထိုသို့သာဖြစ်ပါက ထိုမြေပုံပေါ်မှနေရာများကို လက်ရှိမြေပုံပေါ်တွင် တွေ့နိုင်မည်မဟုတ်ကြောင်း ရီဖူရှင်းတွေးမိလိုက်သည်။ သို့ဆိုလျှင် မြေပုံပေါ်ရှိတည်နေရာကို အတိအကျအတည်ပြုနိုင်ရန် ခက်ခဲပေလိမ့်မည်။

ပို၍အရေးကြီးသည်မှာ အဘိုးအိုသည် သူ့ကို အဘယ်ကြောင့် နတ်မြေပုံကို ပေးလိုက်ရသနည်း။

ဤနေရာတွင် နတ်မြေပုံကိုရရန် လွန်စွာခက်ခဲလိမ့်မည်ဟု တွေးထားခဲ့သည်။ သို့သော် ယခု သူပိုင်ဆိုင်ထားသောအရာမှာ အမှန်ပင်နတ်မြေပုံဖြစ်ပါက လွယ်လွန်းနေပေသည်။

ရီဖူရှင်းက နတ်မြေပုံကို ပြန်သိမ်းလိုက်စဉ်တွင် ထူးဆန်းမှုတစ်ခုကို သတိပြုမိသွား၏။ သူသည် အကြည့်လွှဲ၍ တစ်ခဏမျှ တွေးတောလိုက်သည်။ သူအရာအားလုံးကို သဘောပေါက်သွား၏။

“ဒါကြောင့်ကိုး...”

ရီဖူရှင်းက မည်သို့ဖြစ်ပျက်နေသည်ကို သဘောပေါက်သွားသောအခါ အေးစက်စက်ပြုံးလိုက်သည်။ မကြာခင်တွင် ကျိုးရိမြို့သည် ရှောင်လွှဲ၍မရနိုင်သော တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရ‌တော့မည့်ပုံပင်။

ရီဖူရှင်းက အဂ္ဂရိတ်ပညာရပ်ကို ထုတ်ယူလိုက်ပြီး လိုဏ်ဂူထဲမှာပင် ဆက်နေ၍ မျက်လုံးမှိတ်ကာ စတင်ကျင့်ကြံလိုက်သည်။ သူသည် ရှေးဦးစွာ အဂ္ဂရိတ်ပညာရပ်ကို ကျင့်ကြံရန် စီစဉ်ထားသည်။ ထို့နောက်တွင် သူသည် ‌ဆေးလုံးအနည်းငယ် စမ်းဖော်ကြည့်မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုအခိုက်တွင် သူ့တွင်အခြားလုပ်စရာလည်း မရှိချေ။

ထို့အပြင် ယခုတွင် သူသည် မူမမှန်သည်ကို သတိပြုမိသွားပြီဖြစ်သဖြင့် ထိုမြေပုံသည် နတ်မြေပုံဖြစ်ရန် သေချာသလောက်ရှိနေပေသည်။ ထိုကိစ္စတွင် ပရိယာယ်အချို့ပါ၏။ သူသည် လောလောဆယ်တွင် ထွက်မသွားလို‌သေးဘဲ ကျိုးရိမြို့တွင် ဆက်နေကာ စောင့်ကြည့်ဦးမည်ဖြစ်သည်။

ရီဖူရှင်း ကျင့်ကြံနေစဉ်တွင် ကျိုးရိမြို့သို့ တန်ခိုးရှင်များ ပို၍များစွာ ရောက်ရှိလာသည်။ အနောက်ပင်လယ်ကုန်းမြေမှ တန်ခိုးရှင်များအပြင် အခြားကုန်းမြေများမှ ထိပ်သီးများသည်လည်း အဆုံးမဲ့အာကာပြင်ကိုဖြတ်၍ အနောက်ပင်လယ်ကုန်းမြေရှိ ကျိုးရိနတ်တောင်သို့ ရောက်လာကြသည်။

သူတို့အားလုံးသည် နတ်မြေပုံရှာရန် ဤနေရာသို့လာခဲ့ကြခြင်းဖြစ်သည်။

ထိုအရာသည် မဟာအင်ပါယာတစ်ပါး၏ အမွေအနှစ်တစ်ခုသာဖြစ်ပါက မူလဘုံတွင် ထိုကဲ့သို့အမွေအနှစ်အနည်းငယ် ရှိနေပြီးဖြစ်ရာ ထိုတန်ခိုးရှင်များကို ထိုမျှဆွဲ‌ဆောင်နိုင်မည်မဟုတ်ပေ။ သို့သော် ဤရှေးဟောင်းမဟာအင်ပါယာသည် အဂ္ဂရိတ်ပညာရပ်တွင် ကျွမ်းကျင်သော မဟာအင်ပါယာတစ်ပါးဖြစ်နိုင်၏။ ယနေ့ခေတ် ကောင်းကင်ဒေသသည် အဂ္ဂရိတ်ပညာရပ်များကို လိုအပ်နေပေရာ အဂ္ဂရိတ်ပညာရပ် ကျွမ်းကျင်သော မဟာအင်ပါယာတစ်ပါး၏အမွေအနှစ်သည် တန်ဖိုးမဖြတ်နိုင်ပေ။ ထိုအခွင့်အရေးကို လက်လွတ်ခံလိုသူ မည်သူမှမရှိပေ။

ထို့ကြောင့် အနောက်ပင်လယ်ကုန်းမြေရှိ ကျွန်းများမှ လူများအပြင် အခြားကုန်းမြေများမှ လူများသည်လည်း ရောက်ရှိလာကြခြင်းပင်။

ထိုနေ့တွင် ရီဖူရှင်းက သူ၏လိုဏ်ဂူထဲတွင် ကျင့်ကြံနေဆဲဖြစ်သည်။ ရုတ်တရက် သူ၏လိုဏ်ဂူသည် အပြင်းအထန်တုန်ခါသွား၏။ လိုဏ်ဂူသည် ကျယ်လောင်သောအသံကြီးများနှင့်အတူ ဆက်၍တုန်ခါနေသည်။ ကြောက်မက်ဖွယ်မြေငလျှင်တစ်ခု ဖြစ်ပေါ်လာသကဲ့သို့ပင်။

ရီဖူရှင်းက မျက်လုံးဖွင့်ကြည့်လိုက်၏။ သူ့ရှေ့ရှိ နတ်မီးတောက်သည် ငြိမ်းသွား၏။ သူမော့ကြည့်လိုက်ရာ လိုဏ်ဂူသည် ပြိုကျတော့မည်ကို တွေ့လိုက်ရသည်။ အပြင်တွင် စစ်ပွဲတစ်ခုဖြစ်ပေါ်နေပြီဖြစ်ကြောင်း သူချက်ချင်းသိလိုက်သည်။ သို့သော် ထိုသို့ဖြစ်လာမည်ကို သူမျှော်လင့်ထားပြီးဖြစ်သည်။

ဝုန်း...

ကြောက်မက်ဖွယ်အသံကြီးတစ်ခုကို ကြားလိုက်ရ၏။ ထို့နောက်တွင် လိုဏ်ဂူသည် စတင်ပြိုကျလာ၏။ ရီဖူရှင်း၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် နတ်အလင်းတစ်ခု စီးဆင်းလာပြီး သူ့ကိုကာကွယ်ရန် အလင်းအကာအရံတစ်ခု ဖြစ်လာ၏။ သူခန္ဓာကိုယ်သည် လက်ခနဲဖြစ်သွားပြီး ထိုလိုဏ်ဂူရှိသည့် တောင်အရှေ့တွင် ပြန်ပေါ်လာသည်။ ထိုလိုဏ်ဂူသည် ပြိုကျပျက်စီးသွားပြီဖြစ်သည်။

ထိုအခိုက်တွင် အပြင်၌ ကြောက်မက်ဖွယ်ဓားဝိညာဉ်စွမ်းအားတစ်ခု ရှိနေ၏။ ကောင်းကင်ထက်တွင် တောက်ပသောဓားတစ်စင်း ပျံသန်းနေပြီး တစ်နေရာသို့ ကြောက်မက်ဖွယ် ပျံဆင်းသွား၏။ ထိုဓားဦးတည်နေသော အောက်ဘက်တွင်လည်း အံ့အားသင့်ဖွယ် အရှိန်အဝါတစ်ခုရှိ၏။ ထိပ်သီး တန်ခိုးရှင်နှစ်ဦး တိုက်ခိုက်နေပုံပင်။

ဓားမျက်နှာပြင်အောက်ရှိ လေထဲတွင် လူတစ်ယောက် ရပ်နေ၏။ သူ့ပတ်ပတ်လည်သို့ အထက်ရှိ ဓားစက်ကွင်းမှ တောက်ပသောဓားအလင်းများ ကျဆင်းနေသည်။ ထိုသူကား လေညင်းအိမ်တော်၏ အိမ်တော်သခင် လီချင်းဖုန်းပင်။

အောက်ရှိ တန်ခိုးရှင်မှာ ယခင်က ရီဖူရှင်းနှင့်ပစ္စည်းဖလှယ်ခဲ့သော မုတ်ဆိတ်ဖြူနှင့် ဆံပင်ဖြူများရှိသည့် အဘိုးအိုဖြစ်၏။

ရီဖူရှင်းက ထိုသို့ဖြစ်မည်ကို ကြိုမှန်းထားပြီးဖြစ်ရာ အနည်းငယ်ပင် အံ့အားသင့်မသွားခဲ့ပေ။

တာအိုဘုန်းတော်ကြီးမူသည် ရုပ်ဖျက်ပညာတော်သည်ဟု သူ့ကို အနောင်အင်ပါယာနန်းတော်မှလူက ပြောထားပြီးဖြစ်သည်။ သူ၏ရုပ်ဖျက်ပညာသည် နံပါတ်တစ်ဖြစ်သည်။ ထို့ကြောင့် သူသည် နတ်မြေပုံကို မခိုးခင်ကပင် ကျိုးရိမြို့အတွင်းသို့ ရောက်ရှိနေခြင်းဖြစ်ရပေမည်။ သူသည် ကျိုးရိမြို့တွင် ပစ္စည်းဖလှယ်ခြင်းများလုပ်ကာ ကုန်သည်တစ်ဦးအနေဖြင့် လေညင်းအိမ်တော်နှင့် ရင်းနှီးမှုရအောင်လုပ်ခဲ့ခြင်းပင်။ ထို့ကြောင့် လီချင်းဖုန်းပင် သူ့ကိုသိနေခဲ့၏။

နောက်ပိုင်းတွင် သူသည် နတ်မြေပုံကိုခိုးယူခဲ့ပြီး ရုပ်ဖျပ်ထားသည့်အတိုင်းပင် ကျိုးရိမြို့ထဲမှ ထုံးစံအတိုင်း ပစ္စည်းဖလှယ်ခြင်းကို ဆက်လက်လုပ်ကိုင်ခဲ့သည်။ သူသုံးသွားသော နည်းလမ်းသည် အလွန်ပြောင်မြောက်ပေရာ သူ့ကိုသံသယဝင်ရန် ခက်ခဲပေသည်။ သူ၏ရုပ်ဖျက်ပညာသည်လည်း လွန်စွာဟာကွက်ကင်းလေရာ လီချင်းဖုန်းကိုပင် အရူးလုပ်နိုင်ခဲ့၏။

“တာအိုဘုန်းတော်ကြီးမူရဲ့ ကျင့်ကြံခြင်းအဆင့်က လီချင်းဖုန်းနဲ့ အတူတူလောက်ပဲ ဖြစ်မယ်”

ရီဖူရှင်းက ခေါင်းမော့ကာ ခပ်လှမ်းလှမ်းရှိ တိုက်ပွဲကို ကြည့်သည်။ ထိုတိုက်ပွဲသည် လွန်စွာကြောက်မက်ဖွယ်ကောင်းပြီး နေရာအနှံ့မှဓားအလင်းများသည် ကျိုးရိမြို့ကို မြေပေါ်တွင်ပြားပြားဝပ်သွားအောင် ဖျက်ဆီးပစ်တော့မတတ် ခြိမ်းခြောက်နေ၏။

“မင်းက သာယာနေတဲ့ပုံပဲ”

အသံတစ်ခုထွက်ပေါ်လာသည်။ ရီဖူရှင်းက သူ့ဘေးသို့ရောက်လာသည့် တန်ခိုးရှင်သုံးဦးကို လှည့်ကြည့်သည်။ သူတို့သုံးဦးလုံးသည် အားကောင်းသောအရှိန်အဝါရှိ၏။ ရီဖူရှင်းက ထိုသူများကို ချက်ချင်းမှိတ်မိသွား၏။ ထိုသူများသည် လွန်ခဲ့သောရက်အနည်းငယ်က သူ တာအိုဘုန်းတော်ကြီးမူနှင့် ပစ္စည်းဖလှယ်ခဲ့စဉ်က သူ့ကိုစောင့်ကြည့်နေခဲ့သောသူများဖြစ်သည်။ သို့သော် ထိုလူများသည် မလှုပ်ရှားခဲ့ဘဲ ယခုအချိန်အထိ စောင့်ဆိုင်းနေခဲ့ကြသည်။

သို့သော် ထိုအခိုက်တွင် စစ်ပွဲကြီးတစ်ခု ဖြစ်ပေါ်နေပြီး တာအိုဘုန်းတော်ကြီးမူမှာ မည်သူဖြစ်ကြောင်း ပေါ်သွားကာ ကျိုးရိမြို့တစ်မြို့လုံးသည် ပရမ်းပတာဖြစ်နေပေသည်။ နောက်ဆုံးတွင် သူတို့သည် လှုပ်ရှားရန် ဆုံးဖြတ်ခဲ့ကြ၏။

ထိုမြို့တွင် သတ်ဖြတ်ခြင်းများနှင့် လုယက်ခြင်းများသည် ဖြစ်လေ့ဖြစ်ထရှိသောအရာများဖြစ်သည်။ ထိုကိစ္စများသည် ကျင့်ကြံခြင်းလောကအတွင်းရှိ နေရာတိုင်းတွင် နေ့စဉ်ဖြစ်ပျက်နေသော ကိစ္စများသာဖြစ်သည်။

သို့သော် ရီဖူရှင်းက ထိုလူများကို လုံးလုံးဂရုမစိုက်ပေ။ သူသည် ထိုသူများကို တစ်ချက်ကြည့်လိုက်ပြီး သူတို့ကိုလျစ်လျူရှု၍ တိုက်ပွဲကိုသာ ဆက်၍အာရုံစိုက်လိုက်သည်။

“အခုထွက်သွားကြ... ငါ ဒါကို စိန်ခေါ်မှုလို့တောင် မမြင်ဘူး”

သူက ပြောသည်။

ထိုသုံးဦးသည် မျက်မှောင်ကြုတ်လိုက်ပြီး သူတို့ရှေ့ရှိ ငွေဖြူရောင်ဆံပင်နှင့်လူငယ်ကို စိုက်ကြည့်လိုက်ကြသည်။ ထိုလူငယ်သည် သူတို့ကို လုံးဝလျစ်လျူရှုကာ လက်နောက်ပစ်၍ အဝေးရှိ တိုက်ပွဲကိုကြည့်နေသည်ကို သူတို့မြင်လိုက်ရသည်။

သူတို့သုံးဦးထဲမှ အကြီးဆုံးတစ်ယောက်သည် အနည်းငယ်မျက်မှောင်ကြုတ်သွား၏။ သူတို့ရှေ့မှ လူငယ်သည် ငွေဖြူရောင်ဆံပင်ရှိပြီး အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည်။ သူသည် မဖော်ပြနိုင်လောက်အောင် ခံ့ညားပေသည်။

ထိုလူသည် မကြာသေးခင်က သူကျိုးရိနတ်တောင်ပေါ်တွင် သိခဲ့ရသည့် သတင်းတစ်ခုကို ရုတ်တရက်အမှတ်ရသွားပြီး ချက်ချင်း တုန်လှုပ်သွား၏။ သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ ထွက်ခွာသွားရန် နောက်လှည့်ကာ ပြောသည်။

“ငါ ဒီမရေရာတဲ့ကိစ္စထဲကို ဝင်ပါမှာမဟုတ်ဘူး။ မင်းတို့နှစ်ယောက် တိုက်ခိုက်ချင်ရင် မင်းတို့ဘာသာ တိုက်ခိုက်ကြ”

သူသည် ထိုသို့ပြောပြီးနောက်တွင် ထိုနေရာမှ ခပ်သုတ်သုတ်ထွက်သွားပြီး ဝေးရာသို့ ပြေးလေတော့သည်။ သူသည် အတော်အတန်လှမ်းသော တောင်ထွတ်တစ်ခုသို့ရောက်သွားသောအခါ နောက်လှည့်၍ ရီဖူရှင်းရှိနေရာသို့ လှမ်းကြည့်သည်။ သူသည် ကံကောင်းထောက်မသည်ဟု ခံစားနေရ၏။ ထိုလူငယ်သည် လူတိုင်းပြောနေသည့် လူငယ်မဟုတ်ရန် သူမျှော်လင့်ခဲ့သည်။

ကျန်တန်ခိုးရှင်နှစ်ဦးသည် မျက်မှောင်ကြုတ်သွား၏။ ထိုလူက အဘယ်ကြောင့် ရုတ်တရက် အရှုံးပေးသွားကြောင်းကို သူတို့မသိပေ။

သူသည် သူတို့ရှေ့ရှိလူငယ်၏ဟန်ပန်ကြောင့် အံ့အားသင့်တုန်လှုပ်သွားခြင်းလော။

ထိုလူငယ်၏ဟန်ပန်အရှိန်အဝါသည် အမှန်ပင် ထူးကဲပေသည်။

ရီဖူရှင်းက လေပေါ်သို့ပျံတက်သွားပြီး အဝေးရှိ တိုက်ပွဲနေရာသို့ ပျံသန်းသွားလိုက်သည်။ ထိုကျန်ရစ်ခဲ့‌သောနှစ်ဦးထဲမှ တစ်ဦးသည် ဆက်၍မစောင့်နိုင်တော့ဘဲ လှုပ်ရှားလိုက်သည်။

ကြောက်မက်ဖွယ် မဟာလမ်းစဉ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး လေထဲတွင် မဟာလမ်းစဉ်၏နတ်ဘီးလုံးပေါ်လာသည်။ ၎င်းသည် ရွှေပြားတစ်ပြားကဲ့သို့ပင်။ ထိုနတ်ဘီးဘုံးပတ်ပတ်လည်တွင် အဆုံးမဲ့ရောင်ခြည်တော်များ လှည့်ပတ်နေပြီး ကြောက်မက်ဖွယ် ရွှေလှံများကို ဖန်တီးနေသကဲ့သို့ပင်။

ရွှီး...

နတ်အလင်းလွှာများ လည်ပတ်လာပြီး ရွှေဘီလုံးကြီးသည် အောက်သို့အလင်းများဖြန့်ကျက်လိုက်ကာ နတ်ဘီးလုံးအတွင်းရှိ လှံရှည်များသည်လည်း ပျံထွက်သွား၍ ထိုနေရာရှိ ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံသွား၏။ ၎င်းတို့သည် ရီဖူရှင်းကို အပြင်းအထန်တိုက်ခိုက်လိုက်သည်။

ကျန်တစ်ယောက်သည် မည်သို့မှ မပြုလုပ်လိုက်ပေ။ သူသည် ဘေးမှနေ၍ အခြေအနေကိုစောင့်ကြည့်နေသကဲ့သို့ပင်။

ရီဖူရှင်းက လက်မြှောက်၍ ကောင်းကင်သို့ ညွှန်ပြလိုက်သည်။ ထိုလက်ဟန်တစ်ချက်ဖြင့်ပင် ကြောက်မက်ဖွယ်ဓားဝိညာဉ်စွမ်းအားသည် ကောင်းကင်ကို တိုက်ရိုက်ဖောက်ထွင်းသွားပြီး ရွှေရောင်နတ်ဘီးလုံးကြီးကို ဖျက်ဆီးပစ်လိုက်သည်။

ဝုန်း...ဝုန်း...ဝုန်း...

နတ်ဘီးလုံး ထွင်းဖောက်ဖျက်ဆီးခံလိုက်ရသောအခါ ပေါက်ကွဲမှုများဖြစ်ပေါ်လာသည်။ ၎င်းသည် အစိတ်စိတ်အမွှာမွှာကွဲ၍ ပျက်စီးသွား၏။

ထိုတိုက်ခိုက်လိုက်သောတန်ခိုးရှင်သည် သူ၏နတ်ဘီးလုံး ပျက်စီးသွားသောအခါ ခပ်အုပ်အုပ်ညီးတွားလိုက်သည်။ သူ၏မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သူ သွေးအန်လိုက်သည်။ ယခုတွင် သူသည် နောက်သို့ဒယိမ်းဒယိုင်ဖြင့်ဆုတ်ရင်း ရီဖူရှင်းကို ကြောက်ရွံ့စွာလှမ်းကြည့်လိုက်ပြီး ထွက်သွားနိုင်ရန် ကြိုးပမ်းလိုက်သည်။

ရီဖူရှင်းက သူ့ကို လက်ညှိုးညွှန်လိုက်ရာ ဓားအလင်းတစ်ချက်လက်သွားပြီး သူ၏ခန္ဓာကိုယ်ကို ဖောက်ထွင်းသွား၏။

ရီဖူရှင်း၏လက်ရှိကျင့်ကြံခြင်းအဆင့်တွင် မည်သည့် ရန်ဟောင်အဆင့်ကိုတန်ခိုးရှင်မှ သူ၏တိုက်ခိုက်မှုကို မခုခံနိုင်ပေ။ ထိုလူသည် ထိုသို့ပင် သေဆုံးသွား၏။

ကျန်တစ်ယောက်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရုတ်ခြည်း မျက်နှာထားပြောင်းလဲသွားပြီး နောက်သို့ဆုတ်ကာ တိုက်ပွဲနေရာမှ ချင်ချင်းထွက်သွားရန် ကြိုးစားလိုက်သည်။

“သိပ်နောက်ကျသွားပြီ...”

ရီဖူရှင်းက ထိုလူကို မျက်နှာချင်းဆိုင်၍ သူ့လက်ညှိုးဖြင့် ထပ်မံညွှန်လိုက်၏။ ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ်အလင်းတစ်ခုပေါ်လာပြီး လေထုကိုဖြတ်သန်းကာ ထိုလူ၏ခန္ဓာကိုယ်ကို ဖောက်ထွင်းသွား၏။ ထိုနှစ်ဦးသည် တမဟုတ်ချင်း သေဆုံးသွားပေပြီ။

အဝေးသို့ ပြေးသွားခဲ့သော လူသည် တစ်ကိုယ်လုံးချွေးစေးများပြန်၍ အလွန်အမင်းကြောက်ရွံ့နေပေသည်။ ထိုလူငယ်သည် ထိုတစ်ယောက်ဖြစ်ကြောင်း သေချာပေသည်။ ကျိုးရိမြို့တွင်းမှ ကသောင်းကနင်းအခြေအနေများကြောင့် မြို့သည် ချိပ်ပိတ်ခံထားရပြီး အပြင်မှသတင်းများသည် မြို့တွင်းသို့ ရောက်မလာနိုင်ပေ။ သူသည်ကံအားလျော်စွာ မြို့ချိပ်ပိတ်မခံရခင်က ထိုသတင်းတစ်စကို ယင်ကျိုးမြို့မှ ရရှိခဲ့ပေသည်။ ထို့ကြောင့် သူက ဝင်မပါရန် ဉာဏ်ရှိရှိ ဆုံးဖြတ်ချက်ချခဲ့ခြင်းပင်။ မဟုတ်လျှင် သုံးယောက်တစ်ယောက် အခြေအနေတွင်လည်း သူသည် တစ်ချက်ပင် လှုပ်ရှားနိုင်လိုက်မည်မဟုတ်ပေ။

သူ အသက်နှင့်ကိုယ်မြဲကာ လွတ်မြောက်ခဲ့ခြင်းသည် ကံကောင်းခြင်းပင်။

ထိုအခိုက်တွင် ရီဖူရှင်းက အဝေးမှနေ၍ သူ့ကိုလှမ်းကြည့်နေသည်။ သူသည် ရင်ထဲတွင် အကြောက်တရားကိုသာ ခံစားရနေပြီး သူ့နှလုံးသားသည် သူ့ရင်ဘက်ထဲမှ ထွက်သွားတော့မတတ် တဒိန်းဒိန်းခုန်နေ၏။ သူနောက်လှည့်ကာ ချက်ချင်းပင် ထွက်ပြေးလိုက်သည်။ သူဆက်၍ အချိန်မဖြုံးဝံ့တော့ပေ။ သူသည် မည်သို့ဖြစ်သွားမည်ကို ဆက်၍ စောင့်ကြည့်မနေလိုတော့ပေ။

အကယ်၍ ရီဖူရှင်းသာ သူ့ကိုသတ်လိုပါက သူသည် သေချာပေါက်ထွက်ပြေးနိုင်မည်မဟုတ်ဘဲ အသက်ဆုံးရှုံးရမည်ဖြစ်သည်။

သို့သော် ရီဖူရှင်းက သူ့ကိုမသတ်ခဲ့ပေ။ ရီဖူရှင်းက နောက်လှည့်၍ တိုက်ပွဲနေရာကို ထပ်မံလှမ်းကြည့်သည်။

လျှပ်တစ်ပြက်အတွင်းမှာပင် ရီဖူရှင်းက သူ ထိုအဓိကတိုက်ပွဲကိုကြည့်နေခဲ့သည့် တောင်ထွတ်ပေါ်တွင် ရပ်လျက်သားဖြစ်သွားပေသည်။ ထိုတိုက်ပွဲ၏ပေါက်ကွဲမှုများကြောင့် သူ၏တိုက်ပွဲကို မည်သူမှ အာရုံမစိုက်ခဲ့ချေ။ ကျိုးရိတစ်မြို့လုံးသည် လီချင်းဖုန်းနှင့် တာအိုဘုန်းတော်ကြီးမူတို့ကိုသာ အာရုံစိုက်နေကြသည်။

တိုက်ပွဲအခြေအနေအရ လီချင်းဖုန်းသည် တာအိုဘုန်းတော်ကြီးမူကို အသာစီးရထားပုံပင်။ မည်သို့ရလဒ်ထွက်မည်ကို သိနိုင်နေပြီဖြစ်သည်။ သို့သော် ယခုတွင် ကျိုးရိမြို့သည် အနောက်ပင်လယ်ကုန်းမြေရှိ အင်အားစုအားလုံး၏ အနီးကပ်စောင့်ကြည့်မှုကို ခံနေရပြီး ကုန်းမြေအပြင်မှလူများပင် ကျိုးရိမြို့သို့ ရောက်ရှိနေပေသည်။

ယေဘုယျကျကျပြောရမည်ဆိုလျှင် ထိုတိုက်ပွဲသည် သိပ်၍အရေးမပါပေ။ အကယ်၍ လီချင်းဖုန်းသည် တာအိုဘုန်းတော်ကြီးမူထံမှ နတ်မြေပုံကို ပြန်ရခဲ့လျှင်လည်း သူသည် ထိုမြေပုံကို သိမ်းထားနိုင်မည်မဟုတ်ပေ။ သူသည် ကပ်ဘေးအဆင့်တန်ခိုးရှင်တစ်ဦးဖြစ်လျှင်လည်း ထိုသို့လုပ်နိုင်မည်မဟုတ်ချေ။

ထို့ကြောင့် ၎င်းနှင့်နှိုင်းစာလျှင် တာအိုဘုန်းတော်ကြီးမူ၏ အစီအစဉ်က ပို၍ထက်မြက်သည်ဟု ဆိုနိုင်၏။ သို့သော် ထိုအစီအစဉ်သည်လည်း သူ လီချင်းဖုန်းလက်ထဲတွင် အရင်မသေသွားမှ အလုပ်ဖြစ်ပေမည်။

တာအိုဘုန်းတော်ကြီးမူသည် ရီဖူရှင်းနှင့်တွေ့ပြီးကတည်းက ကံဆိုးနေခဲ့ပေသည်။ ထို့ကြောင့် သူသည်လည်း ရှုံးနိမ့်သွားမည်သာဖြစ်၏။

All Chapters