ချင်းဆွေထျန်းကောင်းကင်ဘုံမှာပျံ့လွင့်လာသည့်ငါးကင်ရနံ့
Vol. 9 Ch. 824
ဆန်းလျန်သည် နေ့မနားညမနား အာလာယဝိညာဏအကြောင်းကို အပြန်ပြန်အလှန်လှန် လေ့လာသုံးသပ်နေခဲ့လေသည်။
ငါးမျှားကြိုးသည် ရေကန်ထဲတွင် လွင့်မျောနေသည်။
ငါးမျှားတံတွင် ငါးမျှားကြိုးသာရှိပြီး ငါးမျှားချိတ်မရှိပေ။ ထို့အတူ ရေကန်ထဲတွင်လည်း ဆန်းလျန်ဖန်ဆင်းထားသည့်ငါးများ မရှိတော့ဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
လီချင်းဆွေက ရေကန်နံဘေးတွင် ထိုင်နေလေသည်။
ရေကန်ထဲတွင် လီချင်းဆွေ၏ အရိပ်က ထင်ဟပ်နေလေသည်။ သို့သော်… ယခုတော့ ဆန်းလျန်၏ မှိန်ဖျော့သည့် အရိပ်သည်လည်း ရေကန်ထဲတွင် ထင်ဟပ်လာပြီ ဖြစ်လေသည်။ သို့ရာတွင်… ဆန်းလျန်၏အရိပ်က လီချင်းဆွေ၏ အရိပ်လောက် ကြည်လင်ပြတ်သားခြင်း မရှိပေ။
သို့သော်… ထိုအချက်ကို ကြည့်ပြီး ဆန်းလျန်၏ တာအိုစွမ်းအား မည်မျှနက်ရှိုင်းသည်ကို လီချင်းဆွေ သိလိုက်လေသည်။ သိပ်မကြာမီတွင် သူမကို မီလာတော့မည် ဖြစ်လေသည်။
ဆန်းလျန်၏ ဒဏ်ရာသည် လုံးလုံးလျားလျား ပျောက်ကင်းသွားခြင်း မရှိသေးပေ။ သူ၏ နတ်ဘုရားခန္ဓာသည်လည်း ဖြူဖျော့ပါးလျားလျှက် ရှိနေသေးသည်။
သို့သော်… ဆန်းလျန်ကတော့ လက်ရှိအချိန်တွင် သူ၏ ဒဏ်ရာကို အာရုံမစိုက်ပေ။ သူက အာလာယဝိညာဏကိုသာ အာရုံစိုက်လေ့လာနေလေသည်။
အာလာယဝိညာဏထဲတွင် ဓမ္မအားလုံး၏ မျိုးစေ့များကို သိုဝှက်ထားပြီး အရင်က မသိရှိခဲ့သည့်အတွက်ပင် နောင်တရနေမိသည်။
လောကတစ်ခုလုံးတွင် ဆန်းလျန်ထက်ဓမ္မကိုနားလည်နိုင်သူဆို၍ အနည်းငယ်သာ ရှိပေလိမ့်မည်။ ဆန်းလျန်သည် ဓမ္မကို အလုံးစုံနီးပါး နားလည်ရုံသာမက ကျင့်ကြံခြင်းအဆင့်လည်း နက်ရှိုင်းလှလေသည်။
ယခု… အာလာယဝိညာဏကို နားလည်လိုက်သည့်အခါတွင်တော့ သူသိထားသည့် ဓမ္မသည် ပြီးပြည့်စုံခြင်း မရှိသေးသည်ကို နားလည်သဘောပေါက်သွားလေသည်။ လိုအပ်ချက်များရှိနေဆဲ ဖြစ်လေသည်။
ဆန်းလျန်က အာလာယဝိညာဏကို ပိုပြီးနားလည်လာလေလေ သူ၏ မူလဝိညာဉ်သည် ပိုပြီး အေးချမ်းလာလေလေ ဖြစ်လေသည်။ သူ၏စိတ်များကလည်း တည်ငြိမ်သည်ထက် တည်ငြိမ်လာပြီး အရာအားလုံး၏ အနှစ်သာရများကို ပို၍ပို၍ ရှင်းလင်းစွာ သိမြင်လာသည်။
သူ၏စိတ်အစဉ်သည် ပြီးပြည့်စုံပြီး စင်ကြယ်နေလေသည်။
ဆန်းလျန်သည် ဗုဒ္ဓနှင့် တာအိုဆရာသခင်ကြီးများ ပိုင်ဆိုင်သည့် စိတ်အခြေအနေကို တဖြည်းဖြည်း သဘောပေါက်လာလေသည်။
သူသည် လောကီမှ ကင်းလွတ်နေလေသည်။ သူ့တွင် အတွေးမရှိ ၊ ထင်ယောင်ထင်မှားမရှိ ၊ လှုပ်ရှားမှုမရှိ ၊ အမည်နာမမရှိ ….။
သူ၏ လောကကို ရှုမြင်သုံးသပ်ပုံမှာ ပိုပြီး အံ့သြစရာကောင်းလာလေသည်။
တဖြည်းဖြည်း သူ၏ အသက်ရှူသံများ ပြောင်းလဲသွားလေသည်။ သူ၏ အသက်ရှူသံသည် တာအိုကာရံညီလျှက်ရှိပြီး ကျင့်စဉ်စွမ်းအားများ အားလုံး ပါဝင်လျှက်ရှိလေသည်။
ဆန်းလျန်၏ အသက်ရှူသံသည် တာအိုကာရံညီနေရုံသာမက ကောင်းကင် ၊ မြေကြီး ၊ တောင် ၊ ရေ ၊ မီး ၊ လေ ၊ ရွှံ့နွံနှင့် မိုးကြိုးဆိုသည့် ဒြပ်စင်စွမ်းအား (၈)မျိုးကိုပါ ဖော်ကျူးပြနေသကဲ့သို့ ရှိလေသည်။
ထိုသို့ဖြစ်နေရခြင်းမှာ ဆန်းလျန်၏ တန်ခိုးစွမ်းအား မြင့်မားမှုကြောင့်မဟုတ်ဘဲ အာလာယဝိညာဏ၏ နက်နဲမှုကြောင့်သာ ဖြစ်လေသည်။
ချင်းဆွေထျန်းကောင်းကင်ဘုံမှ နတ်ဘုရားများသည် နက်နဲသည့် ကျင့်စဉ်စွမ်းအားများကို ခံစားလိုက်မိကြလေသည်။ သူတို့သည် မည်သည့်ကျင့်စဉ်က ထိုမျှနက်ရှိုင်းသည်ကို နားမလည်ကြသည့်တိုင် ကျင့်စဉ်၏ စင်ကြယ်မှုကို ခံစားလိုက်မိကြလေသည်။
ထို့ကြောင့် သူတို့အားလုံးသည် ကျောက်သားဂေဟာတည်ရှိရာ ရေကန်နံဘေးသို့ စုရုံးရောက်ရှိလာကြလေတော့သည်။
နက်ရှိုင်းသည့် ကျင့်စဉ်၏ စင်ကြယ်မှုသည် သူတို့ကို ချည်နှောင်ထားသည့် နှောင်ကြိုးများကိုပင် ဖြတ်တောက်ပစ်လိုက်သည့်အလား ခံစားလိုက်ရပြီး သူတို့အားလုံး၏ စိတ်အစဉ်သည် လွတ်လပ်ကြည်လင်လျှက် ရှိလေသည်။
အချို့နတ်ဘုရားများဆိုလျှင် ကျင့်ကြံခြင်းအဆင့်များပင် တက်ရောက်နိုင်သွားကြလေသည်။
မည်သူမှ လက်လွှတ်မခံသင့်သည့် အခွင့်အရေးတစ်ခုပင် ဖြစ်လေသည်။
အရေးကြီးဆုံးအချက်မှာ…
ဆန်းလျန်မှ ပြသထားသည့် ကောင်းကင် ၊ မြေကြီး ၊ တောင် ၊ ရေ ၊ မီး ၊ လေ ၊ ရွှံ့နွံနှင့် မိုးကြိုးဆိုသည့် ဒြပ်စင်စွမ်းအား (၈)မျိုးဖြစ်လေသည်။
ထိုအချက်က သူတို့ကို ထိုက်ယီထျန်းရှန်းအဆင့်သို့ တက်ရောက်နိုင်ရန် များစွာ အထောက်အကူပြုလျှက် ရှိလေသည်။
လောကတွင် နတ်ဘုရားများစွာရှိသည့်တိုင် ထိုက်ယီထျန်းရှန်းအဆင့်သို့ တက်ရောက်နိုင်သည့် နတ်ဘုရားကတော့ တစ်သိန်းမှာတစ်ယောက်ပင် မရှိပေ။ ရှာမှ ရှားလှလေသည်။
ယခုတော့…
စကြာဝဠာစတင်ဖွင့်လှစ်သည့်အချိန်မှစတင်ပြီး ယခုကဲ့သို့ ထိုက်ယီထျန်းရှန်းအဆင့်သို့ နတ်ဘုရားများ အစုလိုက် အပြုံလိုက်အဆင့်တက်ရောက်သွားခြင်းမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။
ဓမ္မကိုသိမြင်နားလည်မှု ၊ အခွင့်အရေး ၊ အချိန်အခါအလိုက် အောင်မြင်မှု ရရှိသွားကြခြင်းသာ ဖြစ်လေသည်။
ဆန်းလျန်သည် မထင်မှတ်စွာပင် ချင်းဆွေထျန်းကောင်းကင်ဘုံတစ်ခုလုံးမှ နတ်ဘုရားများကို တရားအလင်းရရှိရန် သင်ကြားပေးလိုက်သကဲ့သို့ ရှိလေတော့သည်။
နတ်ဘုရားများ၏ ရင်ထဲမှ ပဟေဠိများ ၊ ကံတရားနှင့်ပတ်သက်သည့်အခက်အခဲများအားလုံးကို ဖြေရှင်းပေးလိုက်နိုင်လေသည်။
လွယ်ကူသည်ဟု ထင်ရသည့်တိုင် အာလာယဝိညာဏကို နားလည်သဘောပေါက်နိုင်သူ လောကတွင် အလွန်မှ နည်းပါးလွန်းသည်။
ရွှမ်တုတောက်ကျွင်းနှင့် တာအိုဆရာလီချင်းဆွေပင် သိမြင်နိုင်ရန် မဖြစ်နိုင်ပေ။ သူတို့သည် ဆန်းလျန်နှင့်မတူကြပေ။ အနည်းငယ်အဆီဝေ့နေကြပြီး အလင်းပျောက်ဆုံးနေခဲ့ကြလေသည်။
လီချင်းဆွေသည် ဆန်းလျန်ကို ကြည့်ပြီး စကားတစ်ခွန်း ပြောလိုက်မိသည်။
"ပင်လယ်ရေခမ်းတော့ ပုလဲပေါ်လာတယ် ၊ တိမ်ကင်းစင်တော့ လမင်းထွန်းလင်းလာတယ် ၊ နောက်ဆုံးတော့ မင်းအတွက် အခွင့်အရေးရသွားခဲ့ပြီပေါ့…."
အခွင့်အရေးတစ်ခုရဖို့ဆိုသည်က ရှားပါးကိစ္စဖြစ်လေသည်။
ထို့ကြောင့် လီချင်းဆွေက အခြားသူများ ဆန်းလျန်ကို အနှောက်အယှက်ဖြစ်စေမည်ကို စိတ်ပူသွားမိသည်။
ထို့ကြောင့် သူမက ကျောက်သားဂေဟာအပြင်ဘက်ရှိ ရေကန်နံဘေးတွင် စုရုံးနေကြသည့် နတ်ဘုရားများရှိရာသို့ ထွက်ခွာလာခဲ့လေသည်။
နတ်ဘုရားများသည် ဆူညံစွာဖြင့် အော်ဟစ်စကားပြောနေကြလေ၏။
လီချင်းဆွေက စြင်္ကံလမ်းအနီးအနားမှ နတ်ဘုရားတစ်ပါးကို ခပ်တိုးတိုးလှမ်းပြောလိုက်သည်။
"တိတ်တိတ်နေကြ ၊ သိပ်မအော်ကြနဲ့…"
ဆန်းလျန် အနှောက်အယှက်ဖြစ်မည်ကို စိတ်ပူသည့်အတွက် လီချင်းဆွေက နတ်ဘုရားများကို တားဆီးလိုက်ခြင်း ဖြစ်သော်လည်း အာလာယဝိညာဏအဆင့်ဖြင့် ဈာန်ဝင်စားနေသူတစ်ယောက်ကို မည်သည့်ဆူညံသံကမှ နှောက်ယှက်နိုင်ခြင်းမရှိသည်ကို လီချင်းဆွေ သိရှိခဲ့ခြင်း မရှိပေ။
ဆန်းလျန်၏ နတ်ဘုရားခန္ဓာသည် ယခင်ကအတိုင်း လူသားတစ်ယောက်အသွင် ပြန်လည် ရုပ်လုံးပေါ်လာခဲ့ပြီ ဖြစ်လေသည်။ အရာအားလုံးသည် ဆန်းလျန်အဖြစ် ပြန်လည်ဖြစ်တည်လာခဲ့လေသည်။
………..
အချိန်ခဏလေးအတွင်းမှာပင်…
(၁) လ ဆိုသည့်အချိန်က ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဆန်းလျန်၏ အဝတ်အစားများသည် အစွန်းအထင်းတစ်စက်ကလေးပင် မရှိဘဲ သန့်ရှင်းလျှက်ရှိသည်။ ဆန်းလျန်၏ ခန္ဓာကိုယ်မှ နတ်ဘုရားအလင်းတန်းများဖြာလင်းနေပြီး စကြာဝဠာကိုပင်ထိုးဖောက်ကာ သံသရာတစ်ဖက်ကမ်းသို့ ကျော်လွန်သွားတော့မည့်အလား ထင်မှတ်ရသည်။
ဆန်းလျန်က မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်လိုက်လေသည်။
ဆန်းလျန်၏ ညာဘက်မျက်လုံးတွင် မှောင်မိုက်သည့် စကြာဝဠာကြီးကို တွေ့မြင်နိုင်ပြီး ဘယ်ဘက်မျက်လုံးတွင်တော့ သက်ရှိများစတင်ဖြစ်တည်လာသည်ကို တွေ့မြင်ရမည် ဖြစ်လေသည်။
ထို့နောက်တွင်တော့… စကြာဝဠာကြီးရော သက်ရှိများပါ ပျောက်ကွယ်သွားပြီး ဆန်းလျန်၏မျက်ဝန်းများက ရေစင်အလား ကြည်လင်ရှင်းသန့်သွားလေသည်။
ဆန်းလျန်၏ နတ်ဘုရားခန္ဓာမှာ အတော်လေး ကျစ်လျစ်သိပ်သည်းနေပြီဖြစ်သော်လည်း တန်ခိုးစွမ်းအားများကတော့ အားနည်းနေဆဲ ဖြစ်လေသည်။
အပြည့်အ၀ ဒဏ်ရာသက်သာသွားခြင်းတော့ မဟုတ်သေးပေ။
ဆန်းလျန်သည် မွေးကင်းစကလေးငယ်တစ်ယောက်နှင့်တူနေလေသည်။ ကျန်းမာသော်လည်း စွမ်းအားများ သိပ်မရှိသေးပေ။
သို့သော်… ပြန်လည်မွေးဖွားလာခြင်းမဟုတ်သည်ကို ဆန်းလျန်ကိုယ်တိုင်သာ သိရှိလေသည်။ သူသည် ဒဏ်ရာအနည်းငယ် သက်သာလာရုံမျှသာ ရှိသေးသည်။
ဆန်းလျန်သည် တာ့လော်အဆင့်သို့ တက်ရောက်သွားပြီလားဆိုသည်ကို သူကိုယ်တိုင်မခန့်မှန်းနိုင်သော်လည်း အလွန်နေလို့ထိုင်လို့ ကောင်းနေသည်ကိုတော့ ခံစားမိလေသည်။ သို့သော်… တန်ခိုးစွမ်းအားများကိုတော့ သိပ်ပြီး အသုံးပြုနိုင်ခြင်း မရှိသေးပေ။
ဆန်းလျန်က ကျောကိုဆန့်ကာ ခပ်မတ်မတ်ထိုင်လိုက်ပြီး လီချင်းဆွေကို လှမ်းကြည့်လိုက်သည်။
"ကျေးဇူးတင်ပါတယ် တာအိုဆရာချင်းဆွေ…."
လီချင်းဆွေက…
"မင်း ငါ့ကို ချင်းဆွေလို့ပဲ ခေါ်လို့ရပါတယ်…"
ဆန်းလျန်က ပြုံးလိုက်ရင်း….
"မဟုတ်တာ… တာအိုဆရာချင်းဆွေက ကျွန်တော့်ရဲ့ ဘိုးဘေးဆရာသခင်ပဲ မဟုတ်ဘူးလား ၊ ဆန်းလျန် မလေးမစား မလုပ်ဝံ့ပါဘူး…"
လီချင်းဆွေက…
"အဲဒါတွေကို မေ့ထားလိုက်တော့ …"
ဆန်းလျန်က…
"ဒါဖြင့်လည်း ကျေးဇူးတင်ပါတယ်ဗျာ … ချင်းဆွေ…"
လီချင်းဆွေသည် ဆန်းလျန်ကို မိတ်ဆွေတစ်ယောက်အဖြစ် အသိအမှတ်ပြုလိုက်သည့်အတွက် သူမ၏ နာမည်ကို ခေါ်ခွင့်ပြုလိုက်ခြင်း ဖြစ်လေသည်။
သူမ၏မျက်လုံးထဲတွင် ဆန်းလျန်ကို မြေးတပည့်တစ်ယောက်အဖြစ် သတ်မှတ်ထားဆဲ ဖြစ်သည့်တိုင် ဘာမဟုတ်သည့် အခေါ်အဝေါ်များကို အရေးစိုက်မနေချင်တော့ပေ။
ဆန်းလျန်က…
"ချင်းဆွေကို ကျွန်တော် ကျေးဇူးတင်ပါတယ် ၊ ချင်းဆွေထျန်းကောင်းကင်ဘုံလို အန္တရယ်ကင်းတဲ့ နေရာမှာသာ နေခွင့်မရခဲ့ရင် ကျွန်တော် အခုလို ကျင့်ကြံနိုင်ခဲ့မှာ မဟုတ်ဘူး… ၊ အဲဒါဆိုရင် ဒဏ်ရာလည်း သက်သာလာမှာ မဟုတ်ဘူးလေ…"
လီချင်းဆွေက…
"ငါကလည်းမင်းကို ကျေးဇူးတင်ပါတယ် ၊ မင်းဆီက သိလိုက်ရတဲ့ တရားအလင်းတွေကြောင့် ငါ့ဒဏ်ရာ ပျောက်ကင်းမသွားပေမယ့် ဒဏ်ရာ ပိုပြီးဆိုးမလာအောင် တားဆီးထားလိုက်နိုင်ပြီ…"
လီချင်းဆွေ၏ ခန္ဓာကိုယ်မှ အလင်းတန်းများဖြာလင်းလာလေသည်။
ထို့နောက် သူမ၏ မျက်ဝန်းအိမ်များမှာ နှင်းပွင့်ကဲ့သို့ ဖြူစင်သည့် အဖြူရောင်အဖြစ် ပြောင်းလဲသွားလေသည်။
ဆန်းလျန်က…
"အော်မီတော်ဖူဘုရားရဲ့ အလင်းတန်းလက်သီးက မယုံနိုင်စရာပဲ ၊ တာအိုဆရာချင်းဆွေရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့တောင် ဒဏ်ရာကို ပျောက်အောင် မကုသနိုင်ဘူး…"
လွန်ခဲ့သည့် (၁)လကထက်ဆာလျှင် ဆန်းလျန်၏ တန်ခိုးစွမ်းအားများ အနည်းငယ် အားကောင်းလာပြီ ဖြစ်သည့်အတွက် လီချင်းဆွေ၏ တန်ခိုးစွမ်းအားနက်ရှိုင်းမှုနှင့် ဒဏ်ရာအခြေအနေကို ဆန်းလျန် ခန့်မှန်းနိုင်လိုက်ပြီ ဖြစ်လေသည်။
လီချင်းဆွေက…
"ဗုဒ္ဓနဲ့ တာအိုဆရာသခင်ထိုက်ယီ သံသရာကို ကျော်လွန်မသွားခင်အချိန်တုန်းက တာအိုဆရာသခင်ကြီး(၆)ပါး လောကမှာ ရှိခဲ့သေးတယ် ၊ အဲဒီအထဲမှာ ထိုက်စန့်လောင်ကျွင်းနဲ့ အော်မီတော်ဖူဘုရားက စွမ်းအား အမြင့်မားဆုံးပဲ ၊ ကျန်တဲ့သူတွေကတော့ ဒီလောက်မဟုတ်ပါဘူး ၊ ပြင်ပရတနာပစ္စည်းတွေအကူအညီနဲ့ တာအိုဆရာသခင်ကြီးတွေ ဖြစ်ခဲ့ကြတာ ၊ အော်မီတော်ဖူဘုရားနဲ့ ထိုက်စန့်လောင်ကျွင်းကတော့ လုံး၀ လွတ်လပ်ကြတဲ့ သူတွေပဲ…"
လီချင်းဆွေက ပြုံးလိုက်ပြီး စကားဆက်ပြောလိုက်သည်။
"ဒါပေမဲ့ သံသရာကို ကျော်လွန်ပြီဆိုမှတော့ အဆင့် အနိမ့်အမြင့်တွေက ဘာမှ အရေးမပါတော့ပါဘူး… ၊ မင်းလည်း တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်သွားရင် သံသရာကို ကျော်လွန်သွားနိုင်မှာပါ…"
ဆန်းလျန်က…
"ဟုတ်ပါတယ် ၊ မြစ်ကိုဖြတ်ကူးတဲ့အခါ လှေနဲ့ပဲကူးကူး ၊ တံတားနဲ့ပဲ ကူးကူး ၊ ရေပဲကူးသွားသွား ၊ သံသရာတစ်ဖက်ကမ်းကို ရောက်သွားတာတော့ အတူတူပါပဲ ၊ မတူတာကတော့ သံသရာတစ်ဖက်ကမ်းကို မကျော်လွန်နိုင်သေးဘဲ သံသရာလည်နေဆဲ လူတွေပါပဲ…"
လီချင်းဆွေက ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…
"ထိုက်စန့်လောင်ကျွင်းကတော့ တံတားဆောက်ခဲ့တဲ့သူပဲ ၊ သူက တာအိုတေချင်ကျမ်းကို ထားခဲ့တယ်လေ ၊ အခုအချိန်ထိ ဘယ်သူမဆို အဲဒီကျမ်းစာကိုအသုံးပြုပြီး သံသရာတစ်ဖက်ကမ်းကို ကူးနိုင်နေဆဲပဲ ၊ အော်မီတော်ဖူဘုရားကတော့ လှေနဲ့သွားခဲ့တဲ့ သဘောမျိုးပဲ ၊ ဒါကြောင့် မဟာယာနဗုဒ္ဓဘာသာဆိုတာ ပေါ်ထွက်လာခဲ့တာပေါ့ ၊ မင်းလည်း ဒီနေ့ ဒီလိုမျိုး ကျင့်ကြံနိုင်တာဟာ သူတို့ လက်ဆင့်ကမ်း အမွေထားခဲ့တဲ့ ကျမ်းစာတွေကြောင့်ပဲ မဟုတ်လား…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"တာအိုဆရာချင်းဆွေကရော… တံတားဆောက်ပြီး မြစ်ကိုကူးမှာလား ၊ ရေကူးပြီး မြစ်ကိုဖြတ်ကူးမှာလား…"
လီချင်းဆွေက နောက်ပြောင်လိုသည့်ဟန်ဖြင့် ပြုံးရယ်လိုက်ရင်း…
"မင်း မြစ်ကိုဖြတ်ကူးရင်သာ ငါ့ကို ကုန်းပိုးပြီး ခေါ်သွားလေ…"
ဆန်းလျန်က ရယ်မောနေလိုက်ပြီး မည်သည့်စကားမှ မပြောတော့ပေ။
ဆန်းလျန်က ငါးမျှားကြိုးကို ရေထဲမှ ဆွဲတင်လိုက်သည့်အခါ ထူးဆန်းစွာပင် ငါးတစ်ကောင်ပါလာသည်ကို တွေ့လိုက်ရလေသည်။
ဆန်းလျန်က ငါးကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ကိုင်တွယ်လိုက်ပြီး ကန်ဘောင်ပေါ်တွင် မီးဖိုတစ်ခုဖန်ဆင်းကာ ငါးကင်လိုက်လေသည်။
အပြင်ဘက်တွင်ရှိနေသည့် နတ်ဘုရားများမှာ မီးခိုးနံထွက်ပေါ်လာသည်နှင့် ချက်ချင်းသိလိုက်ကြလေသည်။
"တာအိုဆရာချင်းဆွေရဲ့ ကျောက်သားဂေဟာထဲမှာ မီးလောင်တဲ့အနံ့ရတယ်…"
"အေး… ဘာဖြစ်လို့လဲ မသိဘူး…"
နောက်ထပ်နတ်ဘုရားတစ်ပါးက…
"အဲဒါ ငါးကင်နံ့မဟုတ်ဘူးလား…"
နတ်ဘုရားများသည် အစားအသောက်စားရန် မလိုအပ်ကြသော်လည်း တစ်ခါတစ်ရံတွင်တော့ အရသာခံသည့်အနေဖြင့် အစားအသောက်လည်းစားကြသလို သေရည်လည်းသောက်လေ့ရှိကြလေသည်။
ယခု တာအိုဆရာလီချင်းဆွေ၏ ကျောက်သားဂေဟာအတွင်းမှာ ငါးကင်ရနံ့များ လှိုင်လှိုင်ထွက်နေသည့်အတွက် စားချင်စိတ်များ ဖြစ်လာကြသည့်တိုင် မည်သူမှ တာအိုဆရာလီချင်းဆွေ၏ ကျောက်သားဂေဟာအတွင်းသို့ မဝင်ရဲကြပေ။
အပြင်ဘက်မှ ဆူဆူညံညံအသံများကြောင့် လီချင်းဆွေက အပြင်သို့ တစ်ချက်လှမ်းကြည့်လိုက်လေသည်။
"ဒီနေရာမှာ မီးမွှေးတာ ငါ သဘောမကျဘူးနော် ၊ ဒီတစ်ကြိမ်တော့ရှိပါစေ ၊ နောက်တော့ ဘယ်တော့မှ မလုပ်နဲ့…"
လီချင်းဆွေက ဆန်းလျန်ကိုပြောလိုက်သည်။
ပြောသာပြောလိုက်ရသည် ဆန်းလျန်ကင်နေသည့် ငါးကင်ကို သူမ အနည်းငယ် စိတ်ဝင်စားနေမိလေသည်။
ကျင့်စဉ်လမ်းတစ်လျှောက် သူမ အစားအသောက်မစားခဲ့သည်မှာ ကြာပြီဖြစ်သလို သူမအတွက် တကူးတက အစားအသောက် ပြုလုပ်ပေးသူဆို၍ မည်သူမှ မရှိခဲ့ပေ။
ဆန်းလျန်က ငါးကင်ကို ဖွယ်ဖွယ်ရာရာပြင်ဆင်ပြီး လီချင်းဆွေရှေ့သို့ ချပေးလိုက်သည်။
ထို့နောက် သူကိုယ်တိုင်က ငါးကင်မစားဘဲ လီချင်းဆွေ ငါးကင်စားသည်ကိုသာ ကြည့်နေခဲ့လေသည်။
ကျင့်စဉ်လမ်းကိုလျှောက်လှမ်းခဲ့သည့်အတွက်သာ ခံစားချက်များကို ဖြတ်တောက်ခဲ့သော်လည်း တကယ်တမ်းတွင် လီချင်းဆွေ၏ နှလုံးသားသည် အေးစက်မာကျောခြင်း မရှိခဲ့ပေ။
ဆန်းလျန်ကင်ပေးသည့် ငါးကင်ကို စားပြီးသည့်နောက် လီချင်းဆွေမှာ ယခင်ကထက်ပိုပြီး နူးညံ့လာလေသည်။ ဆောင်းရာသီကဲ့သို့ အေးစက်သည့် သူမ၏နှလုံးသားသည် နွေဦးရာသီအလား နွေးထွေးလာလေသည်။
သူမက ငါးကင်ကို ကုန်အောင် စားလိုက်ပြီးသည်နှင့်…
"ဆန်းလျန်… မင်း ငါး နောက်တစ်ကောင် ကင်ချင်တယ်ဆိုလည်း ဒီနေ့တော့ ထပ်ကင်လိုက်လေ…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"တာအိုဆရာချင်းဆွေက ထပ်ပြီးတော့ ငါးကင် စားချင်သေးလို့လား…"
လီချင်းဆွေက…
"ဟွန်း… မင်းရဲ့ ငါးကင်က သိပ်လည်း အရသာမရှိပါဘူး ၊ ပြီးတော့ နောက်ဆိုရင် ဒီနေရာမှာ ဘယ်တော့မှ ငါးလာမကင်နဲ့ ၊ အခုက မင်းစားဖို့ တစ်ကောင်လောက် ထပ်ကင်ခိုင်းတာ…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"မကင်တော့ပါဘူး…"
လီချင်းဆွေက..
"ဘာဖြစ်လို့လဲ…"
ဆန်းလျန်က…
"ကျွန်တော်က ငါးစားရတာမှ မကြိုက်တာ ၊ တကယ်ပြောတာ…"
လီချင်းဆွေက မနေနိုင်တော့ဘဲ ရယ်မောလိုက်လေတော့သည်။
"မင်းက တကယ်ရယ်ရတာပဲ…"
ဆန်းလျန်က…
"တာအိုဆရာချင်းဆွေက ထင်သလောက်လည်း အေးစက်တဲ့လူတစ်ယောက် မဟုတ်ပါဘူး…"
လီချင်းဆွေက….
"ငါအခု သဘောပေါက်သွားပြီ ၊ အကြင်နာကင်းမဲ့တဲ့ တာအိုဆရာသခင် ထိုက်ယီတောင် ဘာလို့ မိတ်ဆွေအပေါင်းအသင်းတွေထားသလဲဆိုတဲ့ အချက်ကိုပေါ့…"
***