ဇာတ်လမ်းအဆုံးတွင် ဆန်းလျန်သာလျှင်အတော်ဆုံး
Vol. 9 Ch. 825
လီချင်းဆွေက စိတ်ဝင်စားစရာကောင်းသည်ဟု ဆန်းလျန်တွေးလိုက်မိသည်။
သူမက တာအိုဆရာသခင်ထိုက်ယီကို မထီမဲ့မြင်ပြုနေသော်လည်း ရင်ထဲကတာ့ လေးစားချစ်ခင်နေခဲ့လေသည်။
လီချင်းဆွေ အဘယ့်ကြောင့် ဟွင့်ယွမ်ဝူကျီအဆင့်ကို တက်ရောက်နိုင်ခြင်းမရှိသည်ကို ဆန်းလျန် သဘောပေါက်သွားရသည်။
အဘယ်ကြောင့်ဆိုသော်… သူမ၏ရင်ထဲတွင် အနှောင်အဖွဲ့တစ်ခုက ရစ်နွယ်နေသေးသောကြောင့် ဖြစ်လေသည်။ ထိုအနှောင်အဖွဲ့သည် တာအိုဆရာသခင် ထိုက်ယီနှင့် ပတ်သက်နေသည်။
ထိုအနှောင်အဖွဲ့ကို လီချင်းဆွေနှင့် တာအိုဆရာသခင်ထိုက်ယီကိုယ်တိုင်သာလျှင် ဖယ်ရှားနိုင်ပေလိမ့်မည်။ မည်သူမှ ပါဝင်ပတ်သက်ခွင့်ရှိမည် မဟုတ်ပေ။
ဆန်းလျန်က တိုးလျသည့်လေသံဖြင့်…
"ဘယ်သူမဆို မိတ်ဆွေအပေါင်းအသင်း ရှိသင့်တာပေါ့ ၊ မဟုတ်ရင် ပျင်းစရာကောင်းနေမှာ…"
လီချင်းဆွေက…
"အခု မင်းနဲ့ငါ မိတ်ဆွေတွေ ဖြစ်သွားပြီလေ…"
လီချင်းဆွေက "ငါ့မှာ မိတ်ဆွေသူငယ်ချင်းမရှိဘူး" ဟု ပြောလိမ့်မည်ဟု ဆန်းလျန်က တွေးထင်ထားခဲ့လေရာ အထင်နှင့်အမြင် မှားသွားခဲ့လေသည်။
ယခုတော့ သူမက ပွင့်လင်းရိုးသားစွာပင် ဆန်းလျန်က သူ၏မိတ်ဆွေဖြစ်သည်ကို ဝန်ခံလိုက်ပြီ။
ထိုသို့ စိတ်ရင်းမှန်သည့်အတွက် သူမသည် ကျင့်စဉ်လမ်းတွင် အောင်မြင်ခဲ့ခြင်း ဖြစ်လေသည်။
ဆန်းလျန်က ထိုအကြောင်းဆက်မပြောတော့ဘဲ စကားလမ်းကြောင်းပြောင်းလိုက်သည်။
"ကျွန်တော် ချင်းဆွေအတွက် ဘုရင်ရှစ်ပါးနန်းတော်က မီးအိမ်ကို သွားယူပေးပါ့မယ် ၊ ဒါပေမဲ့ မီးအိမ်ကို သွားမယူခင် ဗောဓိပင်ကို အရှင်ရှာရဦးမယ် ၊ ဗောဓိပင်ကို ဘယ်လိုရှာရမလဲဆိုတာ ချင်းဆွေများ သိနိုင်မလား…"
အဘယ့်ကြောင့် ဗောဓိပင်ကို ဆန်းလျန် ရှာဖွေချင်ရသည်ကို လီချင်းဆွေ သိလိုက်သည်။
ဆန်းလျန်သည် အာလာယဝိညာဏကို အပြည့်အ၀ နားလည်သဘောပေါက်ခြင်း မရှိသေးပေ။ ထို့ကြောင့် ဗုဒ္ဓကိုယ်တော်တိုင် တရားအလင်းရခဲ့လေသည့် ဗောဓိပင်ကို ရှာဖွေကာ အာလာယဝိညာဏကို အပြည့်အဝနားလည်ရန် ကြိုးစားချင်သောကြောင့် ဖြစ်လေသည်။
ရွှမ်တုတောက်ကျွင်းသည် အလွန်တရာတန်ခိုးစွမ်းအားမြင့်မားနေသည်မှာ ဆန်းလျန် ကိုယ်တွေ့ပင် ဖြစ်သည်။ ဆန်းလျန်၏ တန်ခိုးစွမ်းအားများအားလုံးပြန်လည်ပြည့်ဝနေပြီး လီချင်းဆွေသည်လည်း ဒဏ်ရာရနေခြင်း မရှိသည့်အချိန်တွင် သူတို့ (၂)ယောက်ပူးပေါင်းကာ ရွှမ်တုတောက်ကျွင်းကို သွားရောက်တိုက်ခိုက်မည်ဆိုလျှင်တောင် ရွှမ်တုကို အနိုင်ရရန် ရာနှုန်းအလွန်နည်းသည်။
ဟွင့်ယွမ်ဝူကျီအဆင့်သည့် အံ့သြစရာဖြစ်လေသည်။ ရွှမ်တုတောက်ကျွင်းသည် လက်ရှိအချိန်တွင် အတော်ဆုံးဟု ဆိုနိုင်လေသည်။
အားလော်ဟယ် ဒဏ်ရာရထားခြင်း မရှိလျှင်တော့ အခြေအနေများက တစ်မျိုးပြောင်းသွားနိုင်လေ၏။
နောက်တစ်ချက်မှာ…. ဘုရင်ရှစ်ပါးနန်းတော်နှင့် ကျောက်စိမ်းဝိညာဉ်နန်းတော်တို့က အစကတည်းက မတည့်ကြပေ။
ကျောက်စိမ်းဝိညာဉ်နန်းတော်တွင် အတိတ်နှင့်အနာဂတ်ကိုပင် စိုးမိုးခြယ်လှယ်နိုင်သည့် ဖန်ကူအလံရှိလေသည်။ ရွှမ်တုတောက်ကျွင်း၏လက်ထဲသို့သာ ဖန်ကူအလံရောက်ရှိသွားပါက ကျားကို အတောင်ပံတပ်ပေးလိုက်သလို ထိန်း၍ရတော့မည် မဟုတ်ပေ။
လတ်တလောဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ရွှမ်တုတောက်ကျွင်း၏ တန်ခိုးစွမ်းအားများကို နတ်ဘုရားများအားလုံးက မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရပြီ ဖြစ်သည်။ ထို့ကြောင့်… နတ်မိစ္ဆာအဓိပတိနန်းတော် ၊ အားလော်ဟယ်နှင့် အခြားသူများသည် ရွှမ်တုကို တိတ်တဆိတ် စောင့်ကြည့်အကဲခတ်နေကြတော့မည်မှာ အသေအချာပင်။
လီချင်းဆွေက…
"ဗောဓိသစ်ပင် ဘယ်မှာရှိလည်း ငါ မသိပါဘူး ၊ သဲမြေတွေထဲမှာလည်း ဖုံးကွယ်ထားနိုင်တယ် ၊ မြက်ခင်းပြင်တစ်ခုထက်မှာလည်း ဖုံးကွယ်ထားနိုင်တယ် ၊ ဒါမှမဟုတ် အော်မီတော်ဖူဘုရားရဲ့ သုခဘုံမှာလည်း ရှိကောင်းရှိနေနိုင်တယ်…"
ဆန်းလျန်က…
"ဒါကြောင့်လည်း ကြာပန်းတစ်ပွင့်က ဘုရားတစ်ဆူ ၊ ကြာရွက်တစ်ရွက်က ဗောဓိပင်တစ်ပင်လို့ အဆိုရှိခဲ့ကြတာမဟုတ်လား…"
လီချင်းဆွေက ခေါင်းညိတ်လိုက်ပြီး…
"ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်ရင်တော့ ဟုတ်ပါလိမ့်မယ်…"
ဆန်းလျန်က…
"ဗောဓိပင်က ဘာဖြစ်လို့ လင်ထိုင်ဖန်းကျွမ်းတောင်မှာ မရှိဘဲ အော်မီတော်ဖူဘုရားရဲ့ သုခဘုံမှာ ရှိရတာလဲ…"
လီချင်းဆွေက…
"လင်ထိုင်ဖန်းကျွမ်းတောင်ဆိုတာက တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်တဲ့ ပိယွမ်ဟူဘိုးဘိုးလို့ခေါ်တဲ့ ဗောဓိဘိုးဘိုး ဖန်ဆင်းထားခဲ့တဲ့နေရာတစ်ခုပဲ ၊ ဒါပေမဲ့ လင်စန်းတောင်နဲ့ အော်မီတော်ဖူဘုရားရဲ့ သုခဘုံလောက် မြင့်မြတ်ခြင်းမရှိဘူး ၊ ဒါကြောင့် အဲဒီနေရာမှာ ဗောဓိပင် ရှိနေမှာ မဟုတ်ဘူး…"
ဆန်းလျန်က…
"ကျွန်တော် အော်မီတော်ဖူဘုရားရဲ့ သုခဘုံကို သွားမယ်ဆိုရင် ချင်းဆွေ ဘယ်လိုသဘောရသလဲ…"
လီချင်းဆွေက ပြုံးလိုက်ရင်း…
"သွားသင့်တာပေါ့ ၊ အော်မီတော်ဖူဘုရားရဲ့ သုခဘုံကိုသွားရင် ဗောဓိပင်ကို မတွေ့ရင်တောင် တခြားအခွင့်အရေးတွေရလာနိုင်တယ်…"
ဆန်းလျန်က…
"ဘာအခွင့်အရေးတွေလဲ…"
လီချင်းဆွေက…
"မင်းကိုမေးမယ် ၊ လောကမှာ ဖြတ်တောက်ဖို့ အခက်အခဲဆုံးအရာက ဘာလဲ…"
ဆန်းလျန်က အနည်းငယ်စဉ်းစားလိုက်ပြီး…
"အကြောင်းနဲ့အကျိုး…"
ဟု ဖြေလိုက်လေသည်။
တာအိုဝါဒက "ပြဌာန်းထားပြီးသားကံကြမ္မာ" ကို ယုံကြည်လက်ခံကြသည်။ ဗုဒ္ဓဘာသာကတော့ "အကြောင်းနှင့်အကျိုး" ကို ပြဆိုသည်။
သို့သော်… တာအိုဝါဒ၏ "ပြဌာန်းထားပြီးသားကံကြမ္မာ" ဆိုသည်မှာ ဗုဒ္ဓဘာသာ၏ "အကြောင်းနှင့်အကျိုး" တရားထဲတွင် အကျုံးဝင်လေသည်။
အကြောင်းအကျိုးကြောင့်သာ ကံကံ၏အကျိုး ဖြစ်လာရခြင်း ဖြစ်သည်။ သံသရာစက်ဝန်းလည်ပတ်နေသရွေ့ မည်သူမှ ကံကံ၏အကျိုးမှ လွတ်အောင်ထွက်ပြေးနိုင်ကြမည် မဟုတ်ပေ။
လီချင်းဆွေက…
"အော်မီတော်ဖူဘုရား သံသရာကိုကျော်လွန်သွားပြီးတဲ့နောက်… သူက ကံတရားနဲ့ အကြောင်းအကျိုး ပတ်သက်ဆက်နွယ်မှုတွေကို လမ်းပြသွန်သင်သွားခဲ့တယ် ၊ သူ့ရဲ့ သင်ပြမှုအရဆိုရင် လောကမှာ အကြောင်းနဲ့အကျိုးက ကင်းလွတ်တဲ့အရာ ဘယ်အရာမှ မရှိဘူး ၊ ငါ တန်ခိုးစွမ်းအားများကင်းလွတ်ရာ ကမ္ဘာမြေကို သွားခဲ့တုန်းက အဲဒီမှာ ထူးဆန်းတဲ့ စာကြောင်းတစ်ခု ဖတ်ခဲ့ရတယ် ၊ 'လူ (၂)ယောက်ရဲ့အကွာအဝေးဟာ လူ (၆)ယောက်ကို မကျော်လွန်နိုင်ဘူးတဲ့' ၊ အဲဒါ အကြောင်းအကျိုးဆက်စပ်မှုကို ဖော်ပြထားတဲ့ စာကြောင်းပဲ…"
"ပြီးတော့ သုခဘုံမှာ အကြောင်းအကျိုးနဲ့ ပတ်သက်တဲ့ ကျင့်စဉ်တွေ အများကြီးရှိတယ် ၊ မင်းသာ အဲဒီကျင့်စဉ်တွေကို ကျင့်ကြံနိုင်မယ်ဆိုရင် အတိတ်နဲ့အနာဂတ်ကို ထိုးဖောက်နိုင်လိမ့်မယ် ၊ အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန်အချိန်စီးကြောင်းကိုလည်း ပြန်လည်ပေါင်းစပ်နိုင်ကောင်းလိမ့်မယ်…"
ဆန်းလျန်က…
"အံ့သြစရာပဲ ၊ ဒါဖြင့် ကျွန်တော် သုခဘုံကို ဘယ်လိုဝင်ရမလဲ ၊ ပြီးတော့ ဘယ်လိုပြန်လာရမလဲ…"
လီချင်းဆွေက….
"မသိဘူးလေ ၊ ဒါပေမဲ့ ဆန္ဒရှိရင် နည်းလမ်းဆိုတာ ရှိလာမှာပါ…"
ဆန်းလျန်က…
"ချင်းဆွေကလည်း … ကျွန်တော်စိတ်ဝင်စားအောင် ပြောပြပြီးမှ တန်းလန်းကြီးထားခဲ့တယ်…"
လီချင်းဆွေက ပြုံးရုံသာပြုံးနေပြီး မည်သည့်စကားမှ မပြောတော့ပေ။
ဆန်းလျန်သည် ဆုံးဖြတ်ချက်ခိုင်မာသူတစ်ယောက်ဖြစ်လေသည်။ သူလုပ်မည်ဟု ဆုံးဖြတ်ထားသည့်အလုပ်တစ်ခုသည် မည်မျှခက်ခဲပါစေ ရအောင်လုပ်တတ်လေသည်။
ထို့နောက်တွင်တော့ …
ဆန်းလျန်သည် အော်မီတော်ဖူဘုရား၏ သုခဘုံကို ရှာဖွေရန်အတွက် ချင်းဆွေထျန်းကောင်းကင်ဘုံမှ ထွက်ခွာလာခဲ့လေတော့သည်။
"အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန်အချိန်စီးကြောင်းကိုလည်း ပြန်လည်ပေါင်းစပ်နိုင်ကောင်းလိမ့်မယ်…"
ဆိုသည့် လီချင်းဆွေ၏စကားက သုခဘုံကိုရှာဖွေရန်အတွက် ဆန်းလျန်ကို တွန်းအားပေးလျှက် ရှိလေတော့သည်။
………..
ဘုရင်ရှစ်ပါးနန်းတော်သည် ထိုက်ချင်တာအိုဆရာသခင်၏ အနွယ်တော်များနေထိုင်ရာ နန်းတော်တစ်ခု ဖြစ်လေသည်။
သို့သော်… ယခုတော့ ဘုရင်ရှစ်ပါးနန်းတော်ကို ပိုင်စိုးသူမှာ ရွှမ်တုတောက်ကျွင်း ဖြစ်လေ၏။
ရွှမ်တုတောက်ကျွင်းသည် ဘုရင်ရှစ်ပါးနန်းတော်၏ တိတ်ဆိတ်သည့်ခန်းမတစ်ခုထဲရှိ ကျောက်သလွန်ထက်တွင် ထိုင်နေလေသည်။
သူ၏ ဦးခေါင်းထက်တွင် တိမ်တိုက်တစ်ခုရှိနေပြီး ထိုတိမ်တိုက်မှာ ဟွင့်ယွမ်ဝူကျီအဆင့် ထိုက်ချိတိမ်တိုက်ဖြစ်လေသည်။ ထိုတိမ်တိုက်ထဲတွင် ထိုက်ချင်တာအိုဆရာသခင်၏ တန်ခိုးစွမ်းအားများ ပါဝင်နေသည်။
ထိုအချိန်ခဏအတွင်းမှာပင်…
သူ၏မျက်ဝန်းများသည့် တိတ်ဆိတ်နေသည့် ခန်းမနံရံကိုကျော်လွန်ပြီး အချိန်အတားအဆီးကိုကျော်လွှားကာ မြင်ကွင်းအချို့ကို ကြည့်မြင်နေခဲ့လေသည်။
ထိုက်ချိသင်္ကေတတစ်ခု သူ့ရှေ့တွင်ပေါ်လာပြီး ရှည်လျားသည့် ရွှေတံတားကြီးတစ်စင်းအဖြစ်ပြောင်းလဲသွားလေသည်။
ထို့နောက်… သူ့ရှေ့တွင် မြစ်တစ်စင်းအလား စီးဆင်းနေသည့် အချိန်စီးကြောင်းကို တွေ့မြင်လိုက်ရလေသည်။
စကြာဝဠာတစ်ခုလုံးကို လွှမ်းမိုးထားသည့် အချိန်စီးကြောင်းတွင် ရွှမ်တုသည် သူ့ကိုယ်သူ ပြန်လည် တွေ့မြင်နေရလေသည်။
သူသည် အချိန်စီးကြောင်းထဲဝယ် မြုပ်ချည်ပေါ်ချည်ဖြင့် စီးမျောနေလေသည်။
ထိုအချိန်စီးကြောင်းအတွင်းမှ ရုန်းထွက်နိုင်သည့်တစ်နေ့သည် သံသရာကို ကျော်လွန်နိုင်မည့် တစ်နေ့ ဖြစ်လေသည်။
မြင်ကွင်းကို ကြည့်နေစဉ်မှာပင် ဓားရောင်တစ်ချက် လင်းလက်လာပြီး ထိုဓားရောင်က ရွှမ်တုကို အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်သွားစေလေသည်။
ထိုဓားသည် တာအိုနှင့်တစ်သားတည်းကျနေပြီး စကြာဝဠာနှင့်လည်းတစ်သားတည်း ပေါင်းစပ်လျှက်ရှိသည်။ အခက်အခဲများအားလုံးကို ကျော်လွှားနိုင်ဟန်ရှိသည့် အံ့သြဖွယ်ရာဓားသည် အချိန်စီးကြောင်းထဲတွင် ကူးခတ်နေသည့် ရွှမ်တု၏ ဦးခေါင်းရှိရာသို့ ထိုးစိုက်ချကာ တိုက်ခိုက်လိုက်လေသည်။
ထိုဓားမှထွက်ပေါ်နေသည့် အလင်းတန်းကို ရွှမ်တု ချက်ချင်းသတိပြုလိုက်မိသည်။ ထိုအလင်းတန်းမှာ အာလာယဝိညာဏအလင်းတန်း ဖြစ်လေသည်။ ထိုဓားထဲတွင် တိုက်ခိုက်မှုတန်ခိုးစွမ်းအားများသာမက အချိန်စီးကြောင်းကို ကျော်လွန်နိုင်သည့် တန်ခိုးစွမ်းအားများလည်း ပါဝင်နေလေသည်။
ဓားရောင်လင်းလက်လာသည်ကိုသာ တွေ့မြင်ရပြီး ဓား၏ပိုင်ရှင်ကို တွေ့မြင်ရခြင်းမရှိပေ။
ထို့ကြောင့် ရွှမ်တုသည် ထူထပ်သည့် ထိုက်ချိအလင်းတန်းတန်ခိုးစွမ်းအားများကို ဒိုင်းသဖွယ်ဖန်ဆင်းကာ သူ့ကိုယ်သူ ကာကွယ်ထားလိုက်လေသည်။
ဓားရောင်က ထိုက်ချိအလင်းတန်းများပေါ်သို့ ထိုးစိုက်ကျလာပြီး ရွှမ်တု၏ ထိုက်ချိအလင်းတန်းဒိုင်းကြီးမှာ အက်ကွဲသွားရလေသည်။
သူ၏ ထိုက်ချိအလင်းတန်းများကို မျောက်မင်းဝူခုံးနှင့် ကျန့်ယွမ်ကျီနတ်မင်းကြီးပင် ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပေ။
သို့သော်… ဓားအလင်းတန်းကတော့ သူ၏ ဟွင့်ယွမ်ဝူကျီအဆင့် ထိုက်ချိအလင်းတန်းများကို တစ်စစီပြိုကွဲသွားအောင် ဖျက်စီးပစ်လိုက်နိုုင်သည်။
ရွှမ်တုသည် အချိန်စီးကြောင်းမှ လွင့်စင်ထက်သွားပြီး မလာနယ်ထဲသို့ ရောက်ရှိသွားလေသည်။
အဖြစ်အပျက်များက ကြောက်မက်ဖွယ်ရာကောင်းလှလေသည်။
ကျန့်ယွမ်ကျီ ၊ ကွမ်ယင်မယ်တော်နှင့် စွန်းဝူခုံးတို့ ဝိုင်းဝန်းတိုက်ခိုက်မှုမှ လွတ်မြောက်နိုင်ခဲ့သော်လည်း ထိုနေ့ ထိုအချိန်တွင် အာလာယဝိညာဏဓား၏ တိုက်ခိုက်မှုကို ခံရပါက လွတ်အောင် ပြေးနိုင်ပါမည်လား မသေချာပေ။
ရွှမ်တု ဗလာနယ်ထဲ ကျရောက်သွားသော်လည်း ဓားရောင်က သူ့နောက်မှ လိုက်ပါလာဆဲ ဖြစ်လေသည်။
အချိန်စီးကြောင်းပြင်ပရှိ ဗလာနယ်….။
အတိတ် ၊ အနာဂတ် ၊ အချိန်ကာလအပိုင်းအခြားမသိနိုင်သည့် နေရာတစ်ခု…။
ထိုနေရာတွင် ဓားအလင်းတန်းက သူ၏ ထိုက်ချိအလင်းတန်းများကို တစ်စစီဖြစ်အောင် ဖျက်စီးပစ်နေခဲ့လေ၏။
ထို့နောက် ဓားအလင်းတန်းမှ များပြားလှစွာသော ဓာများ ထွက်ပေါ်လာပြီး ရွှမ်တုကို လွတ်လမ်းမရှိအောင် ပိတ်ဆို့ တိုက်ခိုက်လေတော့သည်။
ဓားပေါင်းများစွာ၏တိုက်ခိုက်မှုက အလွန်လျှင်မြန်လှလေရာ ရွှမ်တုသည်ပျက်စီးသွားသည့် ထိုက်ချိအလင်းတန်းများကို ပြန်လည်ပြုပြင်ရန်ပင် အချိန်မရခဲ့တော့ပေ။
ရွှမ်တုမှာအလွန်အမင်းထိတ်လန့်တုန်လှုပ်နေလေသည်။
ရွှမ်တုသည် တိတ်ဆိတ်သည့်ခန်းမအတွင်းရှိ ကျောက်သလွန်ထက်တွင်ထိုင်နေပြီး နဖူးထက်တွင် ချွေးစေးများပျံနေလေသည်။
လောကတွင် ဆန်းလျန် အသက်ရှင်နေသေးသရွေ့ သူ့အနေဖြင့် ဆက်လက်ကျင့်ကြံရန် မဖြစ်နိုင်ပေ။ ဆန်းလျန်သည် သူ့ကို အိပ်မက်ဆိုးတစ်ခုအလား ခြောက်လှန့်နေလေသည်။
အာလာယဝိညာဏဓားအလင်းတန်းမှာ ဆန်းလျန်၏ ဓားအလင်းတန်းဖြစ်ကြောင်း သံသယဝင်စရာ မရှိပေ။
ထို့ပြင်… ကျင့်ကြံသူတစ်ယောက်သည် မည်မျှ တန်ခိုးစွမ်းအားမြင့်မားပါစေ အချိန်စီးကြောင်းကို ကျော်လွန်ရန်မှာ မဖြစ်နိုုင်ပေ။
ရွှမ်တုသည် အချိန်စီးကြောင်းကို ကျော်လွန်နိုင်ရန် ကျင့်ကြံနေသူဖြစ်သည်။ သို့သော်… သူ အချိန်စီးကြောင်းကို ကျော်လွန်ရန် ကြိုးစားလိုက်သည်နှင့် သူ့ကို သတ်ဖြတ်ပစ်မည့် ဆန်းလျန်၏ ဓားအလင်းတန်းက အသင့်စောင့်ကြိုနေလေသည်။
သူက အချိန်စီးကြောင်းကို ကျော်လွန်အောင် ကျင့်ကြံနိုင်သွားသည့်အချိန်တွင် ဆန်းလျန်သည်လည်း အချိန်စီးကြောင်းကို ကျော်လွန်နိုင်သူတစ်ယောက်ဖြစ်နေပြီဆိုသည့် နိမိတ်လက္ခဏာပင် ဖြစ်သည်။
ဇာတ်လမ်းအဆုံးတွင် … ဆန်းလျန်သာလျှင်အတော်ဆုံးဆိုသည့် သဘောပင် ဖြစ်သည်။
သို့သော်… ဆန်းလျန် တာအိုဆရာသခင်ကြီးတစ်ပါး မဖြစ်သေးသရွေ့ ဆန်းလျန်ကို အပြတ်ရှင်းရန် အခွင့်အရေးရှိနေပေဦးမည်။
ရွှမ်တု စိတ်ဓာတ်ကျသွားခြင်း မရှိပေ။
သူ၏ ဦးခေါင်းထက်မှ ထိုက်ချိတိမ်တိုက်မှာ သိပ်သည်းသည်ထက် သိပ်သည်းလာလေသည်။
အာလာယဝိညာဏဓားကို မည်သို့ရင်ဆိုင်ရမည်ကို ရွှမ်တု အပြင်းအထန် နည်းလမ်းရှာနေမိသည်။ အာလာယဝိညာဏဓားတွင် "အလုံးစုံသောတရားဓမ္မများ" ပါဝင်နေပြီး အရာအားလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိလေသည်။
သို့သော်… အာလာယဝိညာဏဓားက ဖျက်စီးမပစ်နိုင်သည့် အရာတစ်ခုရှိသည်။
ထိုအရာမှာ ကျောက်စိမ်းဝိညာဉ်နန်းတော်မှ "ဖန်ကူအလံ" ပင် ဖြစ်လေတော့သည်။
ရွှမ်တုသည် ထိုက်ချင်တာအိုဆရာသခင်၏ ထိုက်ချိယင်ယန်ပန်းချီကားကို အသုံးပြုကာ ဟွင့်ယွမ်ဝူကျီအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
ဖန်ကူအလံသာ သူ့လက်ထဲသို့ ရောက်ရှိလာမည်ဆိုလျှင် ယွိချင်တာအိုဆရာသခင်နိမိတ်ဖတ်ခဲ့သည့်စကားအတိုင်း ဤလောကတွင် နောက်ဆုံးပွင့်သည့် နဝမမြောက်တာအိုဆရာသခင်ကြီးအဖြစ် ဖန်ကူအလံကို ဆွဲကိုင်ကာ အောင်ပွဲဝင်နိုင်မည် ဖြစ်လေသည်။
သို့သော်… ဖန်ကူအလံသည် ကျောက်စိမ်းဝိညာဉ်နန်းတော်မှ ရတနာပစ္စည်းတစ်ခုဖြစ်လေသည်။
ကျောက်စိမ်းဝိညာဉ်နန်းတော်တွင် တာအိုဆရာယွိတင်နှင့် ချင်းယွမ်မြောင်တောက်အရှင် သခင် (၂)ပါး အုပ်ဆိုးလေသည်။
ထိုသူ (၂)ယောက်၏ တန်ခိုးစွမ်းအားနှင့် ဖန်ကူအလံပေါင်းစပ်လိုက်ပါက သူ့အနေဖြင့် မည်သည့်နည်းနှင့်မှ ယှဉ်နိုင်မည် မဟုတ်ပေ။
ထို့ပြင် ကျောက်စိမ်းဝိညာဉ်နန်းတော်တွင် အခြားသော ရတနာပစ္စည်းများနှင့် တပည့်တပန်းများစွာလည်း ရှိနေသေးသည်။
နောက်တစ်ချက်မှာ… ဘုရင်ရှစ်ပါးနန်းတော်နှင့် ကျောက်စိမ်းဝိညာဉ်နန်းတော်ကလည်း အစကတည်းက တစ်ဦးနှင့်တစ်ဦး အမြင်မကြည်ကြလေရာ ဖန်ကူအလံကိုရရှိရန် ရွှမ်တုအတွက် လွယ်ကူသည့်ကိစ္စတစ်ခုတော့ မဟုတ်ပေ။
သို့သော်… ဖန်ကူအလံကိုရယူရန်အတွက် ရွှမ်တု လုံး၀ နောက်ဆုတ်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော်… ဆန်းလျန်ကို အသာထား ၊ သူ့တွင် ဖန်ကူအလံရှိနေလျှင် ယွိချင်တာအိုဆရာသခင်၏ နိမိတ်စကားအတိုင်း တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်လာရန်မှာ သေချာသလောက်ရှိနေလေသည်။
ထို့ပြင်… ဖန်ကူအလံသည် ဘေးအန္တရယ်များစွာကို ဖယ်ရှားပေးနိုင်သည့် အစွမ်းသတ္တိရှိရကား သူ့အနေဖြင့် မိုးနတ်မင်းကဲ့သို့ ကျရှုံးမှုမျိုး မည်သည့်အခါမှ ကြုံတွေ့ရခြင်းမရှိအောင် ဖန်ကူအလံက ကာကွယ်ပေးနိုင်လေသည်။
ဆုံးဖြတ်ချက်ကျသွားပြီး စိတ်သက်သာရာလည်းရသွားသည့်အခါ သူ၏ ဦးခေါင်းထက်မှ ထိုက်ချိတိမ်တိုက်သည် အစိမ်းရောင်ကြာရွက်တစ်ရွက်အဖြစ်ကူးပြောင်းသွားလေသည်။
အစိမ်းရောင်ကြာရွက်သည် တိတ်ဆိတ်နေသည့်ခန်းမဆောင်အပြင်ဘက်သို့ လွင့်မျောထွက်ခွာသွားပြီး ခန်းမဆောင် အပြင်ဘက်တွင်စောင့်နေသည့် ငွေရောင်တာအိုဝတ်စုံဝတ်ဆင်ထားသည့် လူတစ်ယောက်၏ လက်ထဲသို့ ရောက်ရှိသွားလေသည်။
"ကောင်လေးယင်ကျောင်း ၊ အဲဒီကြာရွက်ကို ကျောက်စိမ်းဝိညာဉ်နန်းတော်က တာအိုဆရာယွိတင်ဆီကို ပို့ပေးပါ…"
ခန်းမထဲမှ ရွှမ်တုတောက်ကျွင်း၏ တည်ကြည်လေးနက်သည့်အသံက ပျံ့လွင့်ထွက်ပေါ်လာလေတော့သည်။
***