(၃)နှစ်အချိန်ပေးမည်
Vol. 9 Ch. 827
လီချင်းဆွေက ဆန်းလျန်ကို မျက်ခုံးတစ်ချက်ပင့်ကာလှမ်းကြည့်လိုက်သည်။
"ဘာလဲ ၊ အကြောင်းမရှိရင် ငါက မင်းကို လာတွေ့လို့ မရဘူးလား…"
လီချင်းဆွေက ဆန်းလျန်ကို မိတ်ဆွေတစ်ယောက်အဖြစ် သတ်မှတ်ထားသည့်တိုင် လီချင်းဆွေစိတ်ထဲတွင် မည်သည့်အတွေးများရှိသည်ကို ဆန်းလျန် မသိနိုင်ပေ။
ထို့ပြင် လီချင်းဆွေသည် သူ၏ ဘိုးဘေးဆရာသခင်ဖြစ်လေရာ ဆန်းလျန်သည် တစ်စက်လေးပင် မလေးမစား မလုပ်ရဲပါချေ။ ထို့ကြောင့် ဆန်းလျန်က ခေါင်းအသာငုံ့လိုက်ပြီး ထပ်မံမေးမြန်းခြင်း မပြုတော့ပေ။
သေးငယ်သည့် စားသောက်ဆိုင်လေးထဲတွင် စကြာဝဠာတစ်ခုလုံးရှိ ထိပ်တန်းအဆင့် နတ်ဘုရား (၂)ပါး ရှိနေကြလိမ့်မည်ဟု မည်သူ ထင်မှတ်ဝံ့ပါမည်နည်။
ကူးဝေေ၀က အစားအသောက်များ ချက်ပြုတ်ပြင်ဆင်ရန် ထွက်ခွာသွားလေသည်။
ဆန်းချင်းချင်းကတော့ လီချင်းဆွေ၏လက်ကိုဆွဲကာ စကားပြောနေခဲ့သည်။
သူတို့ (၂)ယောက်သည် အိပ်မက်ထဲတွင်သာ တွေ့ဆုံခဲ့ကြပြီး အပြင်လောကတွင် တစ်ခါမှ မတွေ့ဆုံဖူးကြပေ။ သို့သော်… ငယ်ပေါင်းကြီးဖော်များပမာ ရင်းရင်းနှီးနှီး ရှိလှလေသည်။
လီချင်းဆွေက ဆန်းချင်းချင်းနှင့် စကားပြောနေရင်းမှ ဆန်းလျန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
"တကယ်တော့ ချင်းချင်းက တာ့လော်အဆင့် နတ်ဘုရားတစ်ပါးပဲ ၊ ဒါပေမဲ့ အစစ်ဆေးခံရမှုကို မကျော်လွှားနိုင်ဘဲ လူပြန်ဝင်စားခဲ့ရတယ် ၊ အခု လူ့လောကကြီးကလည်း မတည်မငြိမ်ဖြစ်နေတယ် ၊ ငါသူ့ကို ချင်းဆွေထျန်းကို ပြန်ခေါ်သွားပြီး အရင်လို တန်ခိုးစွမ်းအားတွေပြန်ရအောင် ကူညီပေးမယ်…"
ဆန်းလျန်က ဆန်းချင်းချင်းကို စိုက်ကြည့်လိုက်မိလေသည်။
ဆန်းချင်းချင်းကို တာ့လော်အဆင့် နတ်ဘုရားတစ်ပါး လူပြန်ဝင်စားခြင်း ဖြစ်လိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။ ထိုက်ယီထျန်းရှန်းအဆင့် နတ်ဘုရားတစ်ပါးဖြစ်လာရန်ပင် ခက်ခဲလွန်းလှလေရာ တာ့လော်အဆင့်ဆိုလျှင် ပြောဖွယ်ရာ မရှိပေ။
ဆန်းလျန်က…
"ဒါဖြင့် ဘယ်တော့ ခေါ်သွားမှာလဲ…"
လီချင်းဆွေက…
"စားပြီးရင် သွားတော့မယ် ၊ မင်းကို သတိပေးစရာတစ်ခု ကျန်နေသေးလို့ လိုက်လာတာ…"
ဆန်းလျန်က…
"ကျေးဇူးပြုပြီး ပြောပါ…"
လီချင်းဆွေက…
"မာရ်နတ်က ပရနိမ္မိတဝဿ၀တီပြည်က ဆင်းလာတော့မယ် ၊ ကွမ်ယင်မယ်တော်ရဲ့ ငါးခြင်းတောင်းကို သူ့ကို လုံး၀ မပေးလိုက်ပါနဲ့…"
ဆန်းလျန်က…
"ဘာဖြစ်လို့လဲ…"
လီချင်းဆွေက တည်ကြည်သည့်မျက်နှာထားဖြင့်…
"နောက်တော့ မင်းသိလာမှာပါ…"
ဆန်းလျန်က တစ်ချက်ပြုံးလိုက်ပြီး လီချင်းဆွေ၏ စကားများကို သူ့စိတ်ထဲတွင် မှတ်သားထားလိုက်လေသည်။
အမှန်တော့ သူကိုယ်တိုင်ကလည်း ငါးခြင်းတောင်းကို မာရ်နတ်ကိုပေးလိုက်စိတ် မရှိခဲ့ပေ။ ကွမ်ယင်မယ်တော်ကို ကြောက်ရွံ့သောကြောင့် မဟုတ်ပေ။ သူကိုယ်တိုင်က မိစ္ဆာသခင်မာရ်နတ်ကို သဘောမကျသောကြောင့် ဖြစ်လေသည်။
ကူးဝေေ၀က စားကောင်းသောက်ဖွယ်များစွာကို ချက်ပြုတ်ထားသော်လည်း လီချင်းဆွေကတော့ ငါးကင်တစ်မျိုးတည်းကိုသာ စားသောက်ရန်ရွေးခြယ်လိုက်သည်။
ဆန်းလျန်က…
"ချင်းဆွေပြောတော့ ငါးတွေကိုသဘောမကျဘူးဆို ၊ ငါးကင်ကိုကျ ဘာလို့ ကြိုက်ရတာလဲ…"
လီချင်းဆွေက ဆန်းလျန်ကို လှည့်ကြည့်လိုက်ပြီး…
"လောကမှာ အသက်ရှင်နေထိုင်တာပဲလေ ၊ ကြိုက်တာရော မကြိုက်တာရော အကုန်လက်ခံရမှာပေါ့…"
လီချင်းဆွေမှာ ထူးဆန်းသည့် နတ်ဘုရားတစ်ပါးဖြစ်သည်ဟု ဆန်းလျန် တွေးလိုက်မိသည်။
သူသာဆိုလျှင် သဘောမကျသည့်အရာကို လက်ခံနိုင်မည် မဟုတ်ပေ။
လီချင်းဆွေသည် အမည်နှင့်လိုက်ဖက်လွန်းလှသည်။ ကြည်လင်သည့်ရေသည် အညစ်အကြေးများအားလုံးကို သန့်စင်ပေးနိုင်စွမ်းရှိလေသည်။ ချင်းဆွေသည်လည်း ထိုအတိုင်းပင်ဖြစ်သည်။ သူမသည် မည်သည့်အရာကိုမှ သိပ်ပြီး ဂရုမစိုက်တတ်ဘဲ အမြဲတမ်း သန့်စင်ကြည်လင်နေသူ ဖြစ်လေသည်။
ညစ်ပတ်နေသည့် ရေများလည်းရှိသည်ဟု စောဒကတက်နိုင်သည့်တိုင် ညစ်ပတ်ခြင်းသည် ညစ်ပတ်ခြင်းသာဖြစ်ပြီး ရေကတော့ သူ၏သဘောသဘာဝအတိုင်း ကြည်လင်နေမည်ပဲ ဖြစ်သည်။
(ချင်းဆွေ = ကြည်လင်သည့်ရေဟု အဓိပ္ပါယ်ရ - ဘာသာပြန်သူ)
ကူးဝေေ၀သည် ဆန်းလျန်နှင့် ပြန်လည်တွေ့ဆုံရသည့်အတွက် ပျော်ရွှင်နေမိသော်လည်း လီချင်းဆွေကိုတော့ ဘာကြောင့်မှန်းမသိ ကြောက်ရွံ့နေမိလေသည်။ လီချင်းဆွေက အေးစက်ခက်ထန်သူတစ်ယောက်ဖြစ်သည့်အတွက် ကြောက်ရွံ့နေမိခြင်း ဖြစ်မည်ဟုသာ နောက်ဆုံးတွေးလိုက်မိသည်။
ပိုင်ရှောက်ယွီသည် ချောမောလှပသည့် မိန်းမလှလေးများကို သဘောကျတတ်သူဖြစ်လေသည်။ သို့သော်… လီချင်းဆွေကိုတော့ တစ်ချက်ပင် ခေါင်းမော့၍ပင် မကြည့်ရဲပါချေ။
လီချင်းဆွေကို သိပ်ပြီး မကြောက်ရွံ့သူဆို၍ ဆန်းလျန်နှင့် ဆန်းချင်းချင်း (၂)ယောက်သာ ရှိလေသည်။
အားလုံးက သူမကို ကြောက်ရွံ့နေကြသည့်အတွက် လီချင်းဆွေက စကားမပြောတော့ဘဲ ငါးကင်ကိုသာ ဖြည်းဖြည်းချင်း စားနေလိုက်လေသည်။
အတန်ကြာမှ သူမက ကူးဝေေ၀ကို တစ်ချက်လှမ်းကြည့်လိုက်ရင်း…
"ငါက သူများတွေအပေါ် အကြွေးမထားတတ်ဘူး ၊ မင်းရဲ့ ငါးကင်ကိုစားပြီးပြီဆိုတော့ မင်း ဘာလိုချင်သလဲ ပြောပါ…"
လီချင်းဆွေ၏ အမေးကြောင့် ကူးဝေေ၀ အနည်းငယ် အံ့အားသင့်သွားလေသည်။
သူမက…
"ရှင်က အားလျန်နဲ့ ချင်းချင်းရဲ့ မိတ်ဆွေမို့လို့ ကျွန်မက ဧည့်ခံတာပါ ၊ ဘာမှ မတောင်းဆိုပါဘူး…"
လီချင်းဆွေက…
"ဒီလိုဆိုမှတော့ မင်းကို တာအိုကျင့်စဉ်တစ်ခု သင်ပေးမယ် ၊ မင်းသာ ကံကောင်းမယ်ဆိုရင် မင်းနဲ့ငါ ချင်းဆွေထျန်း ကောင်းကင်ဘုံမှာ ပြန်ဆုံနိုင်တာပေါ့…"
ပြောပြီးသည်နှင့် လီချင်းဆွေက ကူးဝေေ၀ထံသို့ လက်နှစ်ချောင်းဖြင့် ညွှန်ပြလိုက်လေသည်။
ကူးဝေေ၀၏ မျက်ခုံး (၂)ခုကြားတွင် အေးစက်မှုကို ခံစားလိုက်ရပြီး ထူးဆန်းသည့် တာအိုကျင့်စဉ်တစ်ခု သူမ၏ စိတ်ထဲတွင် ထင်မြင်လာလေသည်။ ထိုတာအိုကျင့်စဉ်မှာ နက်နဲလှပြီး လက်ရှိ သူမလျှောက်လှမ်းနေသည့် ကျင့်စဉ်လမ်းနှင့်လည်း လိုက်လျောညီထွေ ရှိလေသည်။
ကူးဝေေ၀ကို တာအိုကျင့်စဉ် သင်ပြပေးပြီးသွားသည်နှင့် လီချင်းဆွေက ဆန်းချင်းချင်း၏လက်ကိုဆွဲကာ နေရာမှ ပျောက်ကွယ်သွားလေတော့သည်။
ကူးဝေေ၀က ဆန်းလျန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး…
"အားလျန်… ဘာတွေဖြစ်သွားတာလဲ…"
ဆန်းလျန်က…
"တကယ်တော့ ချင်းဆွေက အဆင့်မြင့်နတ်ဘုရားတစ်ပါးပါ ၊ ဆန်းချင်းချင်းနဲ့သူနဲ့က အရင်တုန်းက မိတ်ဆွေတွေထင်တယ် ၊ ဒါကြောင့် ဆန်းချင်းချင်းအတွက် အစ်မ စိတ်မပူပါနဲ့…"
ဆန်းလျန်၏ စကားကိုကြားတော့မှ ကူးဝေေ၀ စိတ်သက်သာရာ ရသွားသည်။
ထို့နောက်တွင်တော့ …
ကူးဝေေ၀နှင့် ကျွယ်ရှင်းတို့က စားသောက်ဆိုင်ထဲတွင် ကျင့်ကြံနေကြပြီး ပိုင်ရှောက်ယွီကတော့ သူတို့ဘေးနားတွင် ထိုင်နေလေသည်။
ညနေစောင်းအချိန်တွင်တော့…
စားသောက်ဆိုင်သို့ ရဲ့မော်ထျန်း ရောက်လာလေသည်။
ကျွယ်ရှင်းနှင့် ရဲ့မော်ထျန်းမှာ မကြာခဏ တိုက်ခိုက်ခဲ့ဖူးကြလေသည်။ ထို့ကြောင့် ရဲ့မော်ထျန်းကို စားသောက်ဆိုင်တံခါးဝတွင် တွေ့မြင်လိုက်ရသည့်အခါ ပြဿနာရှာရန်ရောက်လာသည်ဟု ကျွယ်ရှင်းက ထင်လိုက်မိသည်။
သို့သော်… ရဲ့မော်ထျန်းက ဆန်းလျန်ကို ဂါရဝပြုလိုက်သည်ကို တွေ့လိုက်ရသည့်အခါတွင်တော့ ရဲ့မော်ထျန်းသည်လည်း ဆန်းလျန်၏ လက်အောက်သို့ ရောက်သွားပြီဟု ကျွယ်ရှင်း သဘောပေါက်လိုက်သည်။
ဆန်းလျန်က အေးဆေးသည့်လေသံဖြင့်…
"ဘာများဖြစ်လို့လဲ…"
ဟု ရဲ့မော်ထျန်းကို မေးလိုက်လေသည်။
ရဲ့မော်ထျန်းက…
"တောင်ပေါ်ကို ဝက်ဝံတစ်ကောင်ရယ် ၊ ကျောက်စိမ်းခြင်္သေ့တစ်ကောင်ရယ် ၊ ဆင်ဖြူတစ်ကောင်ရယ် ရောက်လာကြတယ် ၊ သူတို့အားလုံးက တန်ခိုးစွမ်းအားမြင့်မားလွန်းလို့ ကျွန်တော် ရင်မဆိုင်နိုင်ဘူး ၊ သူတို့ ဘာရည်ရွယ်ချက်နဲ့ ရောက်လာကြတာလဲ မသိဘူး…"
ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်လိုက်ပြီး…
"ဒါဖြင့်လည်း တစ်ချက်လောက် သွားကြည့်ရအောင်…"
ဆန်းလျန်က ခဏနားပြီးမှ ကူးဝေေ၀တို့အားလုံးကို နှုတ်ဆက်လိုက်သည်။
"အားလုံးပဲ … ကျုပ်သွားတော့မယ်…."
ကူးဝေေ၀တို့အားလုံးက ဆန်းလျန်ကို ခေါင်းညိတ်ပြလိုက်ကြလေသည်။
ထို့နောက်… ခြေတစ်လှမ်းလှမ်းလိုက်ရုံဖြင့် ဆန်းလျန်သည် ချက်ချင်းပင် ချင်းရှတောင်ပေါ်သို့ ရောက်ရှိသွားလေသည်။
ချင်းရှတောင်ပေါ်တွင် စမ်းချောင်းလေးတစ်ခုစီးဆင်းနေပြီး နာနတ်ပင်များနှင့် ဝါးပင်များက နေရာအနှံ့တွင် ပေါက်ရောက်နေလေသည်။
အနက်ရောင်ဝက်ဝံကြီးတစ်ကောင်က ကျောက်တုံးကြီးတစ်တုံးကို မှီကာ ထိုင်နေပြီး ပျားလပို့ကိုကိုင်ကာ ပျားရည်ကို သောက်နေလေသည်။
ဆင်ဖြူကတော့ နှာမောင်းကို စမ်းချောင်းအတွင်းစိုက်ကာ ရေသောက်နေသည်။
ကျောက်စိမ်းခြင်္သေ့ကတော့ မြက်ခင်းထက်တွင်လဲလျောင်းရင်း သူ၏လည်ဆံမွှေးများကို လည်သည်းများဖြင့် ကုတ်ခြစ်နေလေသည်။
အနက်ရောင်ဝက်ဝံကြီးက ဆန်းလျန်ကို တွေ့သည်နှင့် အရင်ဦးအောင် နှုတ်ဆက်လိုက်သည်။
"ဆန်းလျန်ထျန်းကျွင်း ၊ ကျုပ်တို့ ထပ်တွေ့ကြပြန်ပြီနော်…"
အနက်ရောင်ဝက်ဝံကြီးမှာ အခြားသူမဟုတ်ပေ။ ဝက်ဝံသခင်ဖြစ်လေသည်။
သူက မူလပုံစံဖြစ်သည့် ဝက်ဝံပုံစံ ပြောင်းလဲထားခြင်း ဖြစ်လေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ဘာကိစ္စရှိလို့ရောက်လာတာလဲ ဝက်ဝံသခင်…"
ဝက်ဝံသခင်က…
"ကွမ်ယင်မယ်တော်ရဲ့အမိန့်နဲ့ ချင်းရှတောင်ကို စောင့်ရှောက်ဖို့ ရောက်လာတာပါ…"
ဆန်းလျန်က ကျောက်စိမ်းခြင်္သေ့နှင့် ဆင်ဖြူကို လက်ညိုးထိုးပြလိုက်ပြီး…
"ဒီ (၂)ကောင်ကလည်း မင်းနဲ့အတူ ပါလာတာလား…"
ဝက်ဝံသခင်က…
"သူတို့က ဝန်စူးဗောဓိသကျနဲ့ ဖူရှန်မယ်တော်ရဲ့ စီးတော်တွေပါ ၊ ဒါပေမဲ့ သူတို့ရဲ့တန်ခိုးစွမ်းအားကလည်း ကျုပ်ထက် မလျော့ပါဘူး…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"မိုးနတ်မင်းရဲ့ မိုးကောင်းကင်ခုံရုံးသာရှိနေသေးရင် မင်းတို့ (၃)ကောင်စွမ်းအားနဲ့ဆို ကောင်းကင်ဘုံတောင်ဘက်တံခါးတောင် ပျက်စီးသွားနိုင်တယ်…"
ကျောက်စိမ်းခြင်္သေ့ကပျင်းရိပျင်းတွဲလေသံဖြင့်…
"ကောင်းကင်ဘုံတောင်ဘက်တံခါးကို ကျုပ်ရောက်ဖူးသားပဲ ၊ ဘာမှ စိတ်ဝင်စားစရာ မရှိဘူး… ၊ ဟွန်း…သူတို့က ကျုပ်ကို နတ်မိစ္ဆာတစ်ကောင်ဆိုပြီး ဝင်ခွင့်မပေးဘူးလေ ၊ ဘယ်ရမလဲ နတ်စစ်သည်တစ်သိန်းကို ကိုက်စားပစ်လိုက်တယ်…"
ဆင်ဖြူက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း…
"အစ်ကိုကြီး ၊ အဲဒါ ဘယ်လောက်ကြာခဲ့ပြီလဲ ၊ ခုထိ ကြွားလုံးထုတ်လို့ မပြီးသေးဘူးလား ၊ ဒါပေမဲ့ အစ်ကိုကြီး ဘယ်လောက်အစွမ်းထက်ထက် ဆန်းလျန်ထျန်းကျွင်းကိုတော့ ယှဉ်နိုင်မှာ မဟုတ်ပါဘူး…"
ခြင်္သေ့က…
"အေး… ဒါတော့ ဟုတ်တယ်…"
ဆန်းလျန်က ကျောက်စိမ်းခြင်္သေ့ကို တစ်ချက်အကဲခတ်လိုက်သည်။
ခြင်္သေ့၏ မျက်ဝန်းကြီးများက မီးအိမ်ကြီးများအလား တစ်လက်လက်တောက်ပနေလေသည်။ ထို့ပြင် သူ၏ခန္ဓာကိုယ်မှလည်း နတ်ဘုရားအလင်းတန်းခပ်မှိန်မှိန်တစ်ခုက ဖြာလဲ့နေသေးသည်။
ကြည့်ရုံမျှဖြင့် တန်ခိုးစွမ်းအား မည်မျှ မြင့်မားကြောင်း သိနိုင်လေသည်။
နတ်မိစ္ဆာတစ်ပါးအနေဖြင့် ထိုမျှ တန်ခိုးစွမ်းအားမြင့်မားသည်မှာ တော်ရုံအစွမ်းအစနှင့်တော့ မဖြစ်နိုင်ပေ။
ခြင်္သေ့က…
"ကျုပ်တို့ (၃)ယောက်က ချင်းရှတောင်ကို စောင့်ရှောက်ဖို့ လာခဲ့တာ ၊ မာရ်နတ်ရောက်လာရင် ရင်ဆိုင်ဖို့ပေါ့…"
ဝက်ဝံသခင်က…
"လျှောက်ပြောနေပြန်ပြီ ၊ သူ့စကားကို မယုံနဲ့ ဆန်းလျန်ထျန်းကျွင်း ၊ တကယ်တော့ သူကဝန်စူးဗောဓိသကျဆီက ထွက်ပြေးမလို့လုပ်နေတာ ၊ ကွမ်ယင်မယ်တော်က ရိပ်မိလို့ သူ့ကို ဖမ်းပြီး ချင်းရှတောင်ကို လွှတ်လိုက်တာ ၊ ပြီးတော့ မယ်တော်က မှာလိုက်သေးတယ် ၊ အကြောင်းအကျိုးတရားနဲ့ပတ်သက်ပြီး ဆန်းလျန်ထျန်းကျွင်း သူနဲ့ဆွေးနွေးချင်တယ်ဆိုရင် အချိန်ခဏတော့ စောင့်ပါဦး တဲ့…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"စကြာဝဠာအရှင်ကြီး စွန်းဝူခုံးက ကျုပ်ရဲ့ မူလဝိညာဉ်ခန္ဓာကို ဖျက်စီးပစ်ခဲ့တယ် ၊ သိပ်မကြာခင် သူ့ရဲ့ ရွှေခန္ဓာကို ဖျက်စီးပစ်ပြီး သူ့ကို လက်စားချေမှာပါ ၊ ဒါပေမဲ့ (၃)နှစ်လောက် အချိန်စောင့်ရပါဦးမယ်…"
ဝက်ဝံသခင်က ဆန်းလျန်ကို စကားပြန်မပြောတော့ပေ။
ထိုအချိန်မှာပင်… တောင်ဘက်ဆီမှ ဗုဒ္ဓအလင်းတန်းများ တစ်ချက်လင်းလက်သွားပြီး ပြန်လည် ပျောက်ကွယ်သွားလေသည်။
ဤသည်မှာ ဆန်းလျန်၏ စကားကို လက်ခံသည့်သဘောဖြင့် ကွမ်ယင်မယ်တော်က အချက်ပြလိုက်ခြင်းပင် ဖြစ်လေသည်။
…….
ချောင်ယင်ဂူတွင်တော့ ကွမ်ယင်မယ်တော့နှင့် ဝူခုံးရှိနေလေသည်။
ကွမ်ယင်မယ်တော်က…
"အဲဒီနေ့က ဆန်းလျန် မသေတာ ငါ ယုံတောင်မယုံနိုင်ဘူး ၊ အခု သူက ပိုပြီး ခန့်မှန်းရခက်လာပြီ ၊ နောက်(၃)နှစ်ဆိုရင် သူတော့ မင်းကို လက်စားချေဖို့ လာရှာတော့မယ်…"
ဝူခုံးက…
"ဗောဓိပင်ထွက်ပေါ်လာတော့မယ် ၊ လောင်စွန်း ဗောဓိပင်ကိုရှာတွေ့ရင် သူ့ကို ရင်ဆိုင်နိုင်မှာပါ ၊ စိတ်မပူပါနဲ့ ၊ လောလောဆယ်တော့ လောင်စွန်း ရှောင်နေတာကောင်းတယ် ၊ သူနဲ့ တခြားသူတွေ တိုက်ခိုက်ကြပါစေဦး…"
ကွမ်ယင်မယ်တော်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"ငါတို့ အဖြစ်ကလည်း ရေငတ်ပြေအောင် အဆိပ်ရည်သောက်ရသလို ဖြစ်နေပြီ…"
ကွမ်ယင်မယ်တော်၏စကားကြောင့် ဝူခုံးက အေးစက်စွာ တစ်ချက်ပြုံးလိုက်လေသည်။
…….
ကွမ်ယင်မယ်တော်နှင့် မျောက်မင်းတို့၏အတွေးများကို ဆန်းလျန် ခန့်မှန်းမိလေသည်။
ရွှမ်တုတောက်ကျွင်း ဆန်းလျန်ကို သတ်ချင်သည့်အကြောင်းမှာ သူသွားမည့်လမ်းတွင် ဆန်းလျန်က ခလုတ်ကသင်းဖြစ်နေသောကြောင့် ဖြစ်သည်။
ဆန်းလျန်က ရွှမ်တုတောက်ကျွင်းနှင့် ထပ်မံရင်ဆိုင်ရလျှင်လည်း အရေးမစိုက်တော့ပေ။ အာလာယဝိညာဏတရားအလင်း ရခဲ့ပြီဖြစ်သည့်အတွက် ရွှမ်တုတောက်ကျွင်းကို အနိုင်မယူနိုင်လျှင်တောင် လွတ်အောင်တော့ ထွက်ပြေးနိုင်မည် ဖြစ်လေသည်။
ကွမ်ယင်မယ်တော်ကလည်း ရွှမ်တုကို စောင့်ကြည့်နေသူဖြစ်လေသည်။ သူမအနေဖြင့်လည်း ရွှမ်တုကို လွယ်လွယ်နှင့် အလွတ်ပေးမည် မဟုတ်ပေ။ သို့သော်… ဆန်းလျန်နှင့် ရွှမ်တုကြားတွင် ချိန်ခွင်လျှာညီမျှစေရန် ရွှမ်တုကိုလည်း လွယ်လွယ်နှင့် လဲကျစေမည် မဟုတ်ပေ။
ဆန်းလျန်က ယိလမ်းစဉ်ဖြင့် အရာရာကို ခန့်မှန်းနိုင်ခဲ့လေသည်။ နောက်တစ်ကြိမ်တိုက်ပွဲတွင်တော့ သူ အနိုင်ရမည်မှာ သေချာသလောက်ရှိသည်။
သူက (၃)နှစ်အချိန်ပေးလိုက်သည်မှာ အကြောင်းရှိသည်။
(၃)နှစ်အတွင်း သူ ကျင့်စဉ်လမ်း အဆင့်တက်သွားမည်ဟု ဝူခုံး နားလည်မှုလွဲသွားစေရန် ဖြစ်လေသည်။ တကယ်ဆိုလျှင် ဆန်းလျန် အနေဖြင့် ဗောဓိပင်ကိုရှာရန် အချိန် (၃)နှစ် မစောင့်နိုင်တော့ပေ။
သို့သော်… သူ့အနေဖြင့် ထိုက်ယီနတ်ဓားကို ရှာဖွေပြီး ကျောက်ရှောင်ယွီ၏ လျန်ယိမြူခိုးတန်ခိုးစွမ်းအားနှင့် စမ်းသပ် ယှဉ်ပြိုင်ကြည့်ရဦးမည် ဖြစ်လေသည်။
ထို့ပြင်… လောလောဆယ် သူ့တွင် ယွမ်တုဓားနှင့် ငရဲလမ်းဓားရှိနေသည့်အတွက် အခြားသောရန်သူများကို စိတ်ပူရန် မရှိပေ။
ခြင်္သေ့က…
"ဆန်းလျန်ထျန်းကျွင်း မျောက်ကို (၃)နှစ်အတွင်း အနိုင်ယူနိုင်ရင်တော့ ငါ မင်းကို ရတနာပစ္စည်းတစ်ခုပေးမယ် ဆင်ဖြူရေ…"
ဆင်ဖြူက ရယ်မောလိုက်ရင်း…
"အဲဒါဆို ငါလည်းမင်းကို ရတနာပစ္စည်းတစ်ခုပေးမယ်…"
သူတို့က ဝန်စူးဗောဓိသကျနှင့် ဖူရှန်မယ်တော်တို့၏ စီးတော်များဖြစ်ကြသော်လည်း ဝူခုံးကို ကြည့်မရကြပေ။
ဝူခုံးခံရတော့မည်ဆိုသည့်အခါ သူတို့က ကျိတ်ပြီးဝမ်းသာနေကြလေသည်။
ထိုအချိန်မှာပင် ရဲ့မော်ထျန်း၏ ခန္ဓာကိုယ်တစ်ချက်တုန်လှုပ်သွားပြီး…
"ဘုရားကယ်ပါ ၊ မိစ္ဆာသခင် လူ့ပြည်ဆင်းလာပြီ…"
ဆန်းလျန်က ရယ်မောလိုက်ရင်း…
"ကဲ… ကဲ… ချင်းရှတောင်ကိုစောင့်ရှောက်ဖို့ ရောက်လာကြတဲ့မိတ်ဆွေ (၃)ယောက် ၊ မာရ်နတ်ရောက်လာပြီတဲ့ ၊ သွားပြီး တားဆီးကြပေတော့…"
ဝက်ဝံသခင်က…
"ကျုပ်တို့ အကောင်းဆုံးကြိုးစားမှာပါ…"
ဆန်းလျန်က သူတို့ကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်လိုက်ရင်း…
"မင်းတို့ (၃)ယောက် သူ့ကို မတားဆီးနိုင်ဘူးဆိုရင် ကျုပ်လည်း သူ့ကို တားနိုင်မှာ မဟုတ်ဘူးနော်…"
ဝက်ဝံသခင်က…
"မဖြစ်စေရဘူး…"
ဝက်ဝံသခင်၏စကားကို ကျောက်စိမ်းခြင်္သေ့နှင့် ဆင်ဖြူက ပျင်းပျင်းရိရိနှင့် ခေါင်းညိတ်ထောက်ခံလိုက်ကြလေသည်။
သူတို့က မတိုက်ခိုက်ချင်ကြသော်လည်း တကယ်တမ်းတိုက်ခိုက်ရမည်ဆိုလျှင် မခိုမကပ်ဖြင့် ရွပ်ရွပ်ချွံချွံတိုက်ခိုက်တတ်ကြသူများ ဖြစ်လေသည်။
သို့သော်… သူတို့ (၃)ယောက်တွင် ဝက်ဝံသခင်က ဆုံးဖြတ်ချက်ခိုင်မာပြီး တည်ကြည်လေးနက်လေသည်။ ထို့ကြောင့် တန်ခိုးစွမ်းအားအရာတွင်လည်း ခြင်္သေ့နှင့် ဆင်ဖြူထက် အနည်းငယ်သာသည်ဟု ဆိုနိုင်သည်။
ထိုအချိန်မှာပင်….
ချင်ပြည်နယ် လမ်းမတစ်နေရာတွင် အစိမ်းရောင်ဝတ်ဆင်ထားသည့် လူရွယ်တစ်ယောက် ပေါ်လာလေသည်။
လူရွယ်က ပိန်ပိန်ပါးပါး ကိုယ်ဟန်မတ်မတ်နှင့် အလွန်မှ ချောမောလှပသူဖြစ်သည်။ သူ့ကိုကြည့်ရသည်မှာ နွေဦးလေပြေလေးတိုက်ခတ်သည့်အလား သိမ်သိမ်မွေ့မွ့ရှိလှလေသည်။
***