မိုးကောင်းကင်နတ်မိစ္ဆာဆိုတာဘယ်တော့မှမသေဘူး
Vol. 9 Ch. 828
ထူးဆန်းသည်လူတစ်ယောက် မြို့လယ်ခေါင်တွင် ရုတ်တရက်ပေါ်လာသည့်တိုင် သူ့ကို မည်သူကမှ အရေးမစိုက်ကြပေ။
အဘယ်ကြောင့်ဆိုသော်… အစိမ်းရောင်ဝတ်လူရွယ် ၏ ခန္ဓာကိုုယ်မှ ရောင်စုံအသက်ဓာတ်စွမ်းအားများ ထွက်ပေါ်နေလေသည်။ ထိုအသက်ဓာတ်စွမ်းအားများနှင့် ထိခိုက်မိသူ လူသားတိုင်းမှာ မိန်းမောတွေဝေကာ သတိလက်လွတ်ဖြစ်သွားကြသောကြောင့် ဖြစ်လေသည်။
ကျင့်ကြံသူတစ်ယောက်သာ ထိုရောင်စုံအသက်ဓာတ်စွမ်းအားများဖြင့် ထိမိပါက … ပျော်ရွှင်ခြင်း ၊ ဒေါသထွက်ခြင်း ၊ စိတ်ပူပန်ခြင်း ၊ အာရုံထွေပြားခြင်း ၊ ဝမ်းနည်းခြင်း ၊ ကြောက်ရွံ့ခြင်း ၊ အံ့သြထိတ်လန့်ခြင်း ဆိုသည့် ခံစားချက် (၇)မျိုးကို ခံစားရမည် ဖြစ်သည်။
ရောင်စုံအသက်ဓာတ်စွမ်းအားများသည် အစိမ်းရောင်ဝတ်လူရွယ်၏ ဦးခေါင်းထက်တွင် စုစည်းနေပြီး အနက်ရောင်တိမ်တိုက်တစ်ခု ဖြစ်တည်နေသည်ကို တွေ့မြင်ရမည်ဖြစ်လေသည်။
အစိမ်းရောင်ဝတ်လူရွယ်က အချိန်ခဏလေးအတွင်းမှာပင် မြို့ကို တစ်ပတ်ပတ်လိုက်လေရာ တစ်မြို့လုံးရှိလူသားများမှာ မိန်းမောတွေဝေကုန်ကြပြီး ရုပ်သေးရုပ်များပမာ အသိစိတ်ကင်းလွတ်ကုန်ကြလေသည်။
ထို့နောက် လူရွယ်က မြို့ထဲမှ ထွက်ခွာလာလေသည်။
မြို့ပြင်သို့ ရောက်သည်နှင့် လူရွယ်က တစ်ချက်ပြုံးလိုက်ရင်း…
"ဒီလိုစိတ်ကျေနပ်မှုမျိုး လူ့ပြည်မှာပဲ ရနိုင်တယ်…"
ထိုသူသည်ကား ကျိကျိုက်ထျန်းကောင်းကင်ဘုံဟု ခေါ်ဆိုသည့် ပရနိမ္မိတဝဿ၀တီတွင် နေထိုင်သည့် မာရ်နတ်ပင် ဖြစ်လေသည်။
ပွင့်တော်မူခဲ့သည့် ဗုဒ္ဓအဆက်ဆက်နှင့် ဗောဓိသကျပေါင်းများစွာကို သူက အမျိုးမျိုး အဖုံဖုံ ဒုက္ခပေးခဲ့သည်ချည်းပင်ဖြစ်လေသည်။
ထို့ပြင် သက်ရှိသတ္တဝါအားလုံး၏ နှလုံးသားကို ချုပ်ကိုင်ကာ ပျော်ရွှင်ခြင်း ၊ ဒေါသထွက်ခြင်း ၊ စိတ်ပူပန်ခြင်း ၊ အာရုံထွေပြားခြင်း ၊ ဝမ်းနည်းခြင်း ၊ ကြောက်ရွံ့ခြင်း ၊ အံ့သြထိတ်လန့်ခြင်း ဆိုသည့် ခံစားချက်များကို ထည့်သွင်းပေးနေသူလည်း ဖြစ်သည်။
ဝက်ဝံသခင်နှင့် မိတ်ဆွေ (၂)ယောက်သည် အဝေးဆီမှ အနက်ရောင်တိမ်တိုက်တစ်ခု လွင့်မျောလာသည်ကို တွေ့မြင်လိုက်ကြရလေသည်။ ထိုအနက်ရောင်တိမ်တိုက်မှာ မိစ္ဆာစွမ်းအားများနှင့်ပြည့်နေပြီး ပရနိမ္မိတဝဿ၀တီပြည်မှ မာရ်နတ်ဆင်းလာသည်မှာ ထင်းရှားသည်။
အနက်ရောင်တိမ်တိုက်ကိုတွေ့လိုက်သည်နှင့် ပျင်းရိပျင်းတွဲဖြစ်နေကြသည့် ခြင်္သေ့နှင့် ဆင်ဖြူ၏ မျက်နှာများသည်ပင်လျှင် ချက်ချင်း တည်ကြည်လေးနက်သွားကြသည်။
မတိုက်ခိုက်ချင်သည့်တိုင် တိုက်ပွဲတစ်ခုကို ရင်ဆိုင်ကြရတော့မည် ဖြစ်သည်။
အနက်ရောင်မိစ္ဆာတိမ်တိုက်က ပိုမိုထူထပ်လာပြီး အနောက်ဘက်မှ နေဝန်းကိုပင် ဖုံးကွယ်သွားလေသည်။ လေထုထဲတွင် ဖိအားတစ်ခုထွက်ပေါ်လာပြီး ထိုဖိအားက ဝက်ဝံသခင် ၊ ခြင်္သေ့နှင့် ဆင်ဖြူတို့ကို ဖိနှိပ်ထားလေသည်။
ဝက်ဝံသခင်က တစ်ချက်ကျုံးဝါးလိုက်ပြီး လေထဲသို့ လက်သီးချက်တစ်ချက် ထိုးသွင်းလိုက်လေသည်။ သူ၏လက်သီးချက်က လျှပ်စီးအလား လျှင်မြန်လွန်းလှသည်။
ကောင်းကင်ကို ထိုးခွင့်လိုက်သည့် မြားတစ်စင်းပမာ အနက်ရောင်တိမ်တိုက်များ ကွဲကြေလွင့်မျောသွားလေသည်။
တိမ်မဲများလွင့်ပျယ်သွားသည့်အခါ နေရောင်ထွက်ပေါ်လာပြီး နေရောင်ခြည်သည် ဝက်ဝံသခင်၏ ကိုယ်ပေါ်သို့ ခမ်းနားစွာဖြင့် ဖြာကျလာလေသည်။
ထိုအချိန်မှာပင်….
အနောက်ဆီမှ လူရိပ်တစ်ရိပ်ထွက်ပေါ်လာလေသည်။ တောက်ပစွာပြုံးနေသည့် လူရွယ်တစ်ယောက် ဖြစ်လေသည်။
ထိုသူ၏ သွင်ပြင်ဟန်ပန်နှင့် စိတ်နေစိတ်ထားမှာ ဆန်းလျန်နှင့်ဆင်တူလေသည်။ သို့သော်… ဆန်းလျန်ကပိုပြီး အေးဆေးတည်ငြိမ်ဟန်ရှိသည်။
လူရွယ်က ဝက်ဝံသခင် ၊ ခြင်္သေ့နှင့် ဆင်ဖြူတို့ ရှိရာသို့ လမ်းလျှောက်လာလေသည်။ သာမန်လူတစ်ယောက်အလား ဖြည်းဖြည်းမှန်မှန် လမ်းလျှောက်လာခြင်း ဖြစ်သည်။
သို့သော်… ဝက်ဝံသခင်သည် မာရ်နတ်ကိုကြည့်ပြီး ရင်ထဲအောင့်သွားလေသည်။
မိစ္ဆာသခင်မာရ်နတ် ၊ မိုးကောင်းကင်မိစ္ဆာတစ်ပါးဖြစ်သူမာရ်နတ် ၊ မိစ္ဆာနတ်ဘုရားတစ်ပါးဖြစ်သူမာရ်နတ်သည် ပညာအရာတွင် ထိပ်တန်းအဆင့်သို့ တက်လှမ်းသွားနိုင်ပြီဖြစ်သည့် အဓိပတိမာရ်နတ်ကြီးတစ်ပါးအဖြစ် အဆင့်တက်သွားခဲ့ပြီ ဖြစ်လေသည်။
ဝန်စူးဗောဓိသကျ မာရ်နတ်ကို အနိုင်မယူနိုင်သည်ကို ဝက်ဝံသခင် မအံ့သြတော့ပေ။
မာရ်နတ်က တဖြည်းဖြည်း နီးကပ်လာသည်နှင့် သူတို့ရှေ့မှ မြင်ကွင်းများ အကြီးအကျယ် ပြောင်းလဲသွားလေသည်။ သူတို့အားလုံး အဆုံးမရှိသည့် အမှောင်ထုကြီးတစ်ခုအတွင်းရောက်ရှိသွားသည့်အလား ခံစားလိုက်ရသည်။
မာရ်နတ်၏ ပတ်ပတ်လည်တွင် လှည့်ပတ်နေသည့် နတ်ဆိုးများကို တွေ့မြင်ကြရသည်။
အဆုံးမရှိသည့် အမှောင်ထုထဲတွင် အလင်းရောင်တစ်ချက်လင်းလက်လာလေသည်။ ထိုအလင်ရောင်မှာ မိစ္ဆာအလင်းတန်း ဖြစ်လေသည်။ မိစ္ဆာအလင်းတန်းသည် ဆူနာမီလှိုင်းများအလား ပြင်းထန်လွန်းပြီး သူတို့၏ခန္ဓာကိုယ်များမှာ တုန်လှုပ်နေကြလေသည်။
သူတို့သည် မာရ်နတ်ဖန်ဆင်းထားသည့် လောကတစ်ခုအတွင်းသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ဝက်ဝံသခင် သိလိုက်သည်။ ဤနေရာတွင်သာ တိုက်ခိုက်ရမည်ဆိုလျှင် အန္တရယ်များပြီး ခန့်မှန်းရလည်းခက်မည်ဖြစ်သည်။ ထို့ပြင် သူတို့၏ တန်ခိုးစွမ်းအားများသည်လည်း အသုံးကျတော့မည် မဟုတ်ပေ။
ဝက်ဝံသခင် ၊ ကျောက်စိမ်းခြင်္သေ့နှင့် ဆင်ဖြူတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
"ဝက်ဝံသခင်… မင်းက မိုးနတ်ဧကရီရဲ့ နတ်ဘုရားခန္ဓာကျင့်စဉ်နဲ့ မိုးနတ်မင်းရဲ့သံမဏိအရိုးကျင့်စဉ်တွေကို ကျင့်ကြံထားတာပဲ ၊ ဒါပေမဲ့ မင်းရဲ့ တန်ခိုးစွမ်းအားတွေက ကျုပ်အတွက်တော့ အလကားပဲ…"
နူးညံ့သိမ်မွေ့လှသည့် မာရ်နတ်၏ စကားသံထွက်ပေါ်လာလေသည်။
မာရ်နတ်ဟုသာဆိုသည် ကြမ်းကြုတ်ခြင်းတစ်စက်လေးပင် မရှိဘဲ အလွန်မှ နူးညံ့ပျော့ပျောင်းလေသည်။
ဝက်ဝံသခင်မှာ အလွန်အမင်း ထိတ်လန့်အံ့သြသွားလေသည်။
မိုးနတ်မင်း၏ သံမဏိအရိုးကျင့်စဉ်ကို သူကျင့်ကြံထားသည်မှာ မည်သူမှ မသိသည့် လျှို့ဝှက်ချက် ဖြစ်လေသည်။
ဝက်ဝံသခင် တုန်လှုပ်သွားသည်ကို ကြည့်ပြီး မာရ်နတ်က ပြုံးလိုက်လေသည်။
ထိုအချိန်မှာပင်…
လောကတစ်ခုလုံးကို တုန်လှုပ်စေသည့် ခြင်္သေဟိန်းသံကြီး ထွက်ပေါ်လာလေသည်။ လေထဲတွင် မရေမတွက်နိုင်သည့် ဝဲကန်တော့များထွက်ပေါ်လာပြီး မာရ်နတ်၏ ဘေးမှ နတ်ဆိုးများကို စုပ်ယူပစ်လိုက်လေသည်။
နောက်ဆုံး မာရ်နတ်၏ဘေးတွင် နတ်ဆိုးတစ်ကောင်မှ မရှိတော့ပေ။
ထို့နောက်တွင်တာ့ ကျောက်စိမ်းခြင်္သေ့မှာ သွေးများတစ်ချက် အန်ထုတ်လိုက်သည်။
ခြင်္သေ့က…
"မင်းက နတ်စစ်သည်တစ်သိန်းထက် ကြောက်စရာကောင်းတယ်…"
မာရ်နတ်က ပေါ့ပါးသည့်လေသံဖြင့်…
"နတ်ဆိုးတွေကိုစားပစ်တာ လည်ချေင်းလည်းနာနိုင်သလို အစာမကျေလည်းဖြစ်တတ်တယ်…"
ကျောက်စိမ်းခြင်္သေ့၏ ခန္ဓာကိုယ်မှ အနက်ရောင်အငွေ့များထွက်ပေါ်လာပြီး ကျောက်စိမ်းခြင်္သေ့ကြီးမှာ မလှုပ်နိုင်တော့ပေ။
ဝက်ဝံသခင်က ဒေါသတကြီးဖြင့်…
"ဝန်စူးဗောဓိသကျတော့ မင်းကို အပြစ်ပေးတော့မှာပဲ…"
ကျောက်စိမ်းရောင်ခြင်္သေ့ကြီးက အားနည်းစွာဖြင့်…
"ကျုပ်လည်း အကောင်းဆုံး ကြိုးစားတာပဲလေ…"
ဝက်ဝံသခင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
ခြင်္သေ့ကြီးမှာ နတ်ဆိုးများကိုစားမိသည့်အတွက် မိစ္ဆာစွမ်းအားများဖြင့် ထိန်းချုပ်ခံရကာ တုတ်တုတ်ပင် မလှုပ်နိုင်တော့ပေ။
ဝက်ဝံသခင်က ဆင်ဖြူကို လှမ်းကြည့်လိုက်သည်။
ဆင်ဖြူက သူ့ကိုယ်သူ ဧရာမဆင်ကြီးတစ်ကောင်အသွင် ပြောင်းလဲလိုက်ပြီး ဆင်အော်သံတစ်ချက်ကို ပြုလုပ်လိုက်သည်။
ဆင်အော်သံမှာ ကြားရသူတိုင်း အရိုးထဲထိ အေးစက်ကာ ကြောက်ရွံ့သွားစေနိုင်သည်။
ထို့နောက် ဆင်ဖြူ၏ အစွယ်ကြီး (၂)ချောင်းမှ အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး မာရ်နတ်ကို ထိုးစိုက်ချလိုက်လေသည်။
မာရ်နတ်ထံမှ အနက်ရောင်အခိုးအငွေ့များထွက်ပေါ်လာပြီး ဆင်ဖြူကြီးကို ထိန်းချုပ်ထားလိုက်လေသည်။ ဆင်ဖြူမှာ ဆက်လက်တိုက်ခိုက်ရဲခြင်းမရှိတော့ဘဲ လှည့်ပြေးလေတော့သည်။
သို့သော်… ဆင်ဖြူ၏ ခန္ဓာကိုယ်အတွင်းသို့ တန်ခိုးစွမ်းအားတစ်ခု ဝင်ရောက်လာပြီး ဆင်ဖြူကို ထိန်းချုပ်လိုက်လေရာ ဆင်ဖြူမှာ ဆင်စွယ်များဖြင့် ဝက်ဝံသခင်ကို ထိုးနှက်တိုက်ခိုက်လိုက်လေတော့သည်။
ဝက်ဝံသခင်မှ မည်သို့မှ မတတ်နိုင်တော့ဘဲ ဝက်ဝံလက်သည်းများကို ထုတ်ကာ ဆင်ဖြူကို ကုတ်ခြစ်ပစ်လိုက်ရလေတော့သည်။ ဆင်ဖြူကြီးမှာ အမှောင်ထုထဲသို့ လဲကျသွားရသည်။
ဝက်ဝံသခင်က များပြားလှစွာသော တန်ခိုးစွမ်းအားများအသုံးပြုကာ မာရ်နတ်ကို တိုက်ခိုက်ရန် ကြိုးစားသော်လည်း အရာမထင်ပေ။
ဗောဓိသကျ (၃)ပါး၏ တပည့် (၃)ယောက်ဖြစ်သည့် နတ်မိစ္ဆာ (၃)ပါးမှာ မာရ်နတ်၏ လှည့်စားမှုအောက်တွင် မရှုမလှ ခံနေကြရလေတော့သည်။
မာရ်နတ်က တစ်ချက်ရယ်မောလိုက်ပြီး နေရာမှ ပျောက်ကွယ်သွားလေသည်။
ထို့နောက် မာရ်နတ်သည် ချင်းရှကျောင်းတောင် အဝင်တံခါးဝတွင် ပြန်ပေါ်လာလေသည်။
ရဲ့မော်ထျန်းက မာရ်နတ်ကို ကြောက်ရွံ့စွာကြည့်နေလေသည်။ စကားပြောလိုက်ချင်သော်လည်း ပြောရဲသည့် သတ္တိမရှိပေ။
မာရ်နတ်က သူ့ကို အရေးမလုပ်ပေ။
သူက ချင်းရှကျောင်းတော်တံခါးဝတွင်ရေးထားသည့် နှစ်ကြောင်းကဗျာလေးကို ဖတ်နေလေသည်။
"ဝါးတောလေးက စမ်းချောင်းလေးစီးဆင်းနေတာကို တားဆီးနိုင်မှာတဲ့လား…
တောင်မြင့်ကြီးကရော ပျံသန်းနေတဲ့တိမ်တိုက်တွေကို တားဆီးနိုင်မှာတဲ့လား…"
စိတ်ထဲက ဖတ်နေသည်မဟုတ်ပါ ပါးစပ်ကပင် ထုတ်ဖော်ရွတ်ဆိုလိုက်သေးသည်။
ပြီးမှ မာရ်နတ်က…
"ဒီစာကြောင်းတွေက ဖတ်လို့တော့ကောင်းပါတယ် ၊ ဒါပေမဲ့ ရုပ်ခန္ဓာလွတ်လပ်ဖို့ရော ၊ စိတ်ဝိညာဉ်လွတ်လပ်ဖို့ရော (၂)ခုလုံး အရေးကြီးတယ် ၊ ဟုတ်တယ်မလား ရဲ့မော်ထျန်း…"
မာရ်နတ်က ရဲ့မော်ထျန်းကို နွေးထွေးသည့်အကြည့်များဖြင့် ကြည့်လိုက်လေရာ ရဲ့မော်ထျန်းမှာ တစ်ကိုယ်လုံး တောင့်တင်းသွားသလို ခံစားလိုက်ရလေသည်။
ရဲ့မော်ထျန်း အဖြေပြန်မပေးနိုင်ခင်မှာပင် ချင်းရှကျောင်းတော်အဝင်တံခါး အသာအယာ ပွင့်သွားလေသည်။
မာရ်နတ်က တစ်ချက်ပြုံးလိုက်ပြီး ချင်းရှကျောင်းတော်အတွင်းသို့ လှမ်းဝင်သွားလေသည်။
ထိုအခါမှ ရဲ့မော်ထျန်းမှာလည်း အနည်းငယ် အသက်ရှူချောင်သွားလေသည်။
ထိုအချိန်မှာပင်….
ချင်းရှကျောင်းတော်ရှေ့တွင် ဝက်ဝံသခင် ၊ ကျောက်စိမ်းခြင်္သေ့နှင့် ဆင်ဖြူတို့ ပေါ်လာကြလေသည်။
သူတို့က တုန်လှုပ်စွာဖြင့် ချင်းရှကျောင်းတော်အတွင်းသို့ ဝင်ရန် ဟန်ပြင်လိုက်ကြစဉ်မှာပင် ဆန်းလျန်၏အသံထွက်ပေါ်လာလေသည်။
"မင်းတို့ (၃)ယောက် အပြင်မှာပဲ နေကြ…"
ဝက်ဝံသခင်က ခြင်္သေ့နှင့် ဆင်ဖြူကို တစ်ချက်လှမ်းကြည့်လိုက်ပြီး….
"ဘာတတ်နိုင်တော့မလဲ ၊ အပြစ်တင်မခံချင်ဘူးဆိုရင် ငါတို့ရဲ့တန်ခိုးစွမ်းအားတွေနဲ့ ချင်းရှတောင်ကို ဝန်းရံထားပြီး မာရ်နတ်ကို ပိတ်ဆို့ထားကြတာပေါ့…"
ခြင်္သေ့နှင့်ဆင်ဖြူက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး ဝက်ဝံသခင်၏ စကားကို သဘောတူလိုက်ကြလေသည်။
ရဲ့မော်ထျန်းမှာ တစ်ချိန်က မာရ်နတ်၏ နောက်လိုက်ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် သူ လေးစားယုံကြည်သည့်သူမှာ ဆန်းလျန် ဖြစ်လေသည်။
ရဲ့မော်ထျန်းက …
"မင်းတို့ စိတ်မပူကြပါနဲ့ ၊ ဆန်းသခင်လေးက ငါးခြင်းတောင်းကို မိစ္ဆာသခင်ကို ပေးလိုက်မှာမဟုတ်ပါဘူး…"
ဝက်ဝံသခင်က…
"မျှော်လင့်ရတာပဲ…"
ဆန်းလျန်သည် အလွန်တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်ဖြစ်သည်ကို သူတို့အားလုံး သိထားလေသည်။ သို့သော်… ဆန်းလျန်သည် မာရ်နတ်ကိုတော့ အနိုင်ယူချင်မှ ယူနိုင်ပေလိမ့်မည်။
မာရ်နတ်က ချင်းရှခန်းမဆောင်အတွင်းသို့ ဝင်လိုက်သည်နှင့် သူ့ကို အသင့်စောင့်နေသည့် ဆန်းလျန်ကို တွေ့လိုက်ရသည်။
မာရ်နတ်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"ကျုပ်တို့ အရင်ကလည်း ဆုံတွေ့ခဲ့ကြဖူးတယ်နော် ၊ ဒါပေမဲ့ အခုတော့ မင်း ကျုပ်ကို မမှတ်မိတော့ဘူး မဟုတ်လား…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ပြန်တွေ့ရတာ ဝမ်းသာပါတယ်…"
မာရ်နတ်က ရယ်မောလိုက်ရင်း…
"ကျုပ်ရဲ့ ကိုယ်ခွဲတစ်ခုဖြစ်တဲ့ ယန်ရွှီးက မင်းနဲ့ တော်တော်လေး ခင်မင်ခဲ့တယ် မဟုတ်လား ၊ ဒီအကြောင်းတွေ ကျောက်ရှောင်ယွီ မင်းကို ပြောပြခဲ့မှာပါလေ…"
ဆန်းလျန်က အံ့သြသွားခြင်း မရှိဘဲ အေးဆေးတည်ငြိမ်သည့်ဟန်ဖြင့်…
"မာရ်နတ်ဆိုတာက လူတွေကို မိစ္ဆာလမ်းရောက်အောင်ဆွဲဆောင်မယ် ၊ နတ်ဘုရားတစ်ပါးဖြစ်လာမယ်လို့ တိုက်တွန်းပြီး မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံခိုင်းမယ် ၊ ဒါတွေက မဆန်းပါဘူး ၊ ပြီးတော့ ယန်ရွှီးအကြောင်း ကျောက်ရှောင်ယွီ ကျုပ်ကို ပြောခဲ့လား မပြောခဲ့ဘူးလားဆိုတာ မင်း မသိနိုင်ပါဘူး…."
လူသားတိုင်း၏ စိတ်ထဲတွင် မာရ်နတ်ကိန်းအောင်းသည်ပဲ ဖြစ်သည်။
ထို့ကြောင့် လူသားတိုင်း၏ စိတ်တွင် အမှောင်ဘက်ခြမ်းဆိုသည့် အရာတစ်ခု ရှိလေသည်။ ထိုအမှောင်ဘက်ခြမ်းသည် မာရ်နတ်က လူသားတို့၏ နှလုံးသားကို ချုပ်ကိုင်ခြယ်လှယ်သည့် အခြမ်းဖြစ်လေသည်။ ထိုလုပ်ရပ်များဖြင့်ပင် မာရ်နတ်မသိသည့်အကြောင်းအရာဆို၍ လောကတွင် မရှိခြင်း ဖြစ်သည်။
သို့သော်… ဆန်းလျန်ကတော့ မာရ်နတ်၏ လုပ်ရပ်များကို ကောင်းကောင်းသိထားလေသည်။
ဆန်းလျန် ချင်းဆွေထျန်းကောင်းကင်ဘုံတွင် နေထိုင်ခဲ့ခြင်းကိုတော့ မာရ်နတ်သိသည်လား ၊ မသိသည်လား မသေချာလှပေ။ ထိုကိစ္စများကိုတော့ မာရ်နတ်မသိနိုင်ဟုသာ ဆန်းလျန်က အကြမ်းဖျင်းယူဆလိုက်သည်။
မာရ်နတ်က…
"ပရနိမ္မိတဝဿ၀တီပြည်ဟာ မပျက်စီးနိုင်ဘူး ၊ ဘာလို့လဲဆိုတော့ စကြာဝဠာကြီးရဲ့ အစိတ်အပိုင်းဖြစ်နေလို့ပဲ ၊ ကျုပ်ကို သတ်လိုက်တယ်ဆိုရင်တောင်မှ ပရနိမ္မိတဝဿ၀တီပြည်မှာနေထိုုင်တဲ့ နောက်ထပ်တစ်ယောက်က မာရ်နတ်ဖြစ်လာဦးမှာပဲ…"
သူက ဆန်းလျန်ကို တစ်ချက်လေ့လာလိုက်ပြီးမှ ဆက်ပြောလိုက်သည်။
"မင်းကြည့်လေ… အဲဒီတော့ ကျုပ်ရဲ့ ကျင့်စဉ်ပညာလောက် ကောင်းတဲ့ပညာ လောမှာ ရှိပါတော့မလား…"
ပြောပြီးသည်နှင့် မာရ်နတ်၏ အငွေ့အသက်များက ပြောင်းလဲသွားလေသည်။
မာရ်နတ်ထံမှ လျှို့ဝှက်ဆန်းပြားလွန်းသည့် တန်ခိုးစွမ်းအားများ ထွက်ပေါ်လာလေသည်။
ဆန်းလျန်က…
"မင်းက မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ်ရဲ့ တာ့လော်အဆင့်ကို ရောက်နေပြီလား…"
မာရ်နတ်က…
"ကျုပ်စတင်ကျင့်ကြံပြီး နှစ်ပေါင်းနှစ်သောင်းကြာမှ တာ့လော်အဆင့်ကို ရောက်ခဲ့တာ…"
ဆန်းလျန်က ပေါ့ပေါ့ပါးပါးလေသံဖြင့်…
"နှစ်ပေါင်းနှစ်သောင်းတောင်ကျင့်ကြံရတယ်ဆိုတော့ အချိန်မနည်းဘူးပဲ ၊ ဒီတော့ မင်း နှစ်ပေါင်းနှစ်သောင်းကျင့်ကြံခဲ့တဲ့အတွေ့အကြုံကို ကျုပ် စမ်းသပ်ကြည့်ရအောင်…"
***