← Chapters

အတိတ်နဲ့အနာဂတ်

Vol. 9 Ch. 829

အတိတ်နဲ့အနာဂတ်

Vol. 9 Ch. 829

သိပ်မကြာမီပင် မာရ်နတ်၏ မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ်ကို ဆန်းလျန် မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရလေတော့သည်။

အလွန်ထူးဆန်းသည့် ကျင့်စဉ်တစ်ခုဖြစ်သည်ကိုတော့ ငြင်း၍မရနိုင်ပေ။

ရွှမ်တုတောက်ကျွင်း ၊ ကွမ်ယင်မယ်တော် ၊ ဝူခုံး နှင့် ကျန့်ယွမ်ကျီနတ်မင်းကြီးတို့၏ တန်ခိုးစွမ်းအားများကို ဆန်းလျန်က တွေ့မြင်ဖူးခဲ့သူ ဖြစ်သည်။

ထိုသူများအားလုံးသည် လောကတစ်ခွင်တွင် ရှားပါးသည့် ထိပ်တန်းအဆင့် တန်ခိုးရှင်များ ဖြစ်ကြသည်။

သို့သော်… မာရ်နတ်၏ တန်ခိုးစွမ်းအားကတော့ သူတို့အားလုံးထက် သာလွန်လေသည်။

မာရ်နတ်၏ တန်ခိုးစွမ်းအားသည် ထိုသူများအားလုံးထက် ခိုင်ခန့်ရုံသာမက ထာဝရတည်တံ့နိုင်သည့် စွမ်းအားတစ်ခုလည်း ပါဝင်နေသည်ကို တွေ့မြင်ရသည်။

ထိုတန်ခိုးစွမ်းအားများထဲတွင် ရှေးကျမှု ၊ လျှို့ဝှက်မှုနှင့် အကန့်အသတ်မရှိမှုများကို  ဆန်းလျန် ခံစားလိုက်ရသည်။

မာရ်နတ်က သူ၏တန်ခိုးစွမ်းအားကို အသုံးပြုလိုက်သည့်အခါ သဲလွန်စပင်မကျန်အောင် လျှင်မြန်လွန်းလှသည်။ တန်ခိုးစွမ်းအားများသည် နေရာတိုင်းသို့ ဖြာကျလာသည့် လရောင်ခြည်လှိုင်းများပမာ ဆန်းလျန်ရှိရာသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာသည်။

အရှိန်အဟုန်ဖြင့်မဟုတ်ဘဲ ဖြည်းဖြည်းချင်းဝင်ရောက်လာသည့်တိုင် လွတ်လမ်း လုံး၀ မရှိနိုင်ပေ။

မာရ်နတ်ဆိုသည်က လေပြေလေးတစ်ခုအလား ဖြစ်လေသည်။ ထိတွေ့ဆုပ်ကိုင်၍မရနိုင်ပေ။ ထိတွေ့ဆုပ်ကိုင်ရန် ကြိုးစားလေတိုင်းလည်း လက်ထဲမှ လျောခနဲ ထွက်ခွာရှောင်ဖယ်သွားမည်ပင် ဖြစ်သည်။ လေပြေဟူသည်… ဖမ်းဆုပ်၍မှ မရနိုင်ပေပဲ။

ဆန်းလျန်၏ ဘဝတွင် ထိုမျှ မရေမရာရှိလှသည့် ပုဂ္ဂိုလ်မျိုးကို တွေ့ရသည်မှာ ခပ်ရှားရှားပင် ဖြစ်၏။

ရွှမ်တုတောက်ကျွင်းကတော့ ချွင်းချက်ဖြစ်သလို လီချင်းဆွေကတော့ တစ်ဝက်ခန့် ချွင်းချက်ဖြစ်သည်ဟု ယူဆနိုင်သည်။

သို့သော်… မာရ်နတ်သည် လျှို့ဝှက်ဆန်းကျယ်သည့် သဘောသဘာဝကိုပိုင်ဆိုင်ထားသည့်တိုင် ရွှမ်တုတောက်ကျွင်းနှင့် လီချင်းဆွေတို့လောက် တန်ခိုးစွမ်းအား မြင့်မားခြင်း မရှိပေ။ သူ၏အဆင့်သည် ကွမ်ယင်မယ်တော်ထက် အနည်းငယ်သာသည့် အနေအထားမျိုးဖြစ်လေသည်။

လောကတွင် လေကဲ့သို့ လျှင်မြန်သူများစွာရှိလေသည်။ သို့သော်… ထိုသူများသည် လေတော့မဟုတ်ကြပေ။

မာရ်နတ်ကတော့ အမှန်တကယ်ပင် လေပြေတစ်ခု ဖြစ်လေသည်။ ထို့ကြောင့် သူနှင့်ဆုံတွေ့ရသည့် လူအများကို မရေမရာဖြစ်စေနိုင်သည့် အစွမ်းကို ပိုင်ဆိုင်သည်မှာ မဆန်းလှပေ။

ဆန်းလျန်ဆိုလျှင်တောင်မှ ထိုမျှ ဦးတည်ချက်မရှိ လွင့်မျောနေနိုင်မည် မဟုတပေ။

လေပြေသည် မာရ်နတ်အသွင် ပြန်လည်ကူးပြောင်းသွားပြီး ဆန်းလျန်ကို ပြုံးပြလိုက်လေသည်။ ထိုအခါ သူ၏ မျက်ဝန်းများသည် လခြမ်းကွေးအလား ကျဉ်းမြောင်းလျှက်ရှိပြီး လူသားများကိုသာမက နတ်ဘုရားများကိုပင် တွေဝေမိန်းမောသွားစေနိုင်သည့် စွမ်းအားတစ်မျိုး ပါရှိနေလေသည်။

ဆန်းလျန်က မာရ်နတ်ကို စတင်တိုက်ခိုက်ခြင်း မပြုပေ။

သူက နောက်သို့ ခြေလှမ်းတစ်လှမ်းဆုတ်လိုက်လေသည်။ သို့သော်… သိပ်အဝေးကြီးတော့ မဟုတ်။ အတိအကျဆိုရမည်ဆိုလျှင် သူနောက်သို့ ဆုတ်လိုက်သည့် ခြေလှမ်းအကွာအဝေးသည် (၁)ပေတိတိ ဖြစ်လေ၏။

(၁)ပေဆိုသော အကွာအဝေးသည် နတ်ဘုရားများအတွက် ဝေးကွာသည်ဟု မဆိုသာပေ။

သို့သော်… ပြုံးနေသည့် မာရ်နတ်သည် မျက်နှာတစ်ချက် ပျက်သွားလေသည်။

အဘယ်ကြောင့်ဆိုသော်…

ဆန်းလျန်သည် ခြေတစ်လှမ်းမျှသာ နောက်ဆုတ်လိုက်ခြင်းဖြစ်သည့်တိုင် ထိုခြေတစ်လှမ်းစာ (၁)ပေ အကွာအဝေးတွင် ကောင်းကင်တမျှကျယ်ပြန့်သည့် ပင်ယလယ်ပြင်ကြီးတစ်ခု ဖြစ်ပေါ်လာသောကြောင့်ပင်။

ထို့နောက်… ဆန်းလျန်၏ အနောက်ဘက်ဆီတွင် ကွမ်ယင်မယ်တော်၏ ငါးခြင်းတောင်းပေါ်လာလေသည်။

မာရ်နတ်က ငါးခြင်းတောင်းကို လိုချင်သည်ဆိုလျှင် ဆန်းလျန်ကို အရင်ဆုံး နိုင်အောင် တိုက်ရမည် ဖြစ်သည်။ သို့သော်… ဆန်းလျန်ဆီသို့ ရောက်အောင်သွားရန်အတွက် ကောင်းကင်တမျှကျယ်ပြန့်သည့် ပင်လယ်ပြင်ကြီးကို အရင်ဦးဆုံး ဖြတ်ကျော်ရပေမည်။

မာရ်နတ်က ပင်လယ်ပြင်ကြီးကို ဖြတ်ကျော်ခြင်း မပြုသေးပေ။

သူက ခေါင်းတစ်ချက်ခါယမ်းလိုက်ပြီး…

"တစ်ပေပတ်လည်လောက် အကွာအဝေးလေးအတွင်းမှာ ဒီလို ပင်လယ်ပြင်ကြီးတစ်ခု ဖန်ဆင်းနိုင်ဖို့ဆိုတာ အံ့သြစရာပါပဲ…"

ပြောပြီးသည်နှင့် မာရ်နတ်က ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ကာ ကောင်းကင်တမျှကျယ်ပြန့်သည့် ပင်လယ်ပြင်ကြီးအတွင်းသို့ ဝင်ရောက်သွားလေသည်။

ပင်လယ်ပြင်ဆီ ခြေလှမ်းလိုက်သည်နှင့် မာရ်နတ်သည် ချင်းရှကျောင်းတော်ခန်းမဆောင်ထဲတွင် မဟုတ်တော့ဘဲ ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ထဲသို့ ရောက်ရှိသွားလေသည်။ သူ့ရှေ့မှ ဆန်းလျန်ကိုလည်း မြင်တွေ့ရခြင်း မရှိတော့ပေ။

သူ့ရှေ့မှ မြင်ကွင်းသည် ပင်လယ်ကြီးမျှသာ ဖြစ်လေသည်။

လောက၏အဆုံးကိုပင် ခြေတစ်လှမ်းတည်းဖြင့် အရောက်သွားနိုင်သူ မာရ်နတ်သည် ဆန်းလျန်ဖန်ဆင်းထားသည့် ပင်လယ်ပြင်ကြီးကိုတော့ ခြေတစ်လှမ်းတည်းဖြင့် ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပါချေ။

အဘယ်ကြောင့်ဆိုသော်…

ကျယ်ပြောလှသည့် ပင်လယ်ပြင်ကြီးသည် ဆန်းလျန်၏ မူလဝိညာဉ်စွမ်းအားဖြင့် ဖန်ဆင်းထားသည့် ပင်လယ်ပြင်ကြီး ဖြစ်နေသောကြောင့်ပင်။

မူလဝိညာဉ်စွမ်းအားဆိုသည်မှာ စိတ်ဝိညာဉ်ပင်ဖြစ်သည်။ စိတ်ဝိညာဉ်သည် "စိတ်" ဆိုသည့် သဘောတရားပင် ဖြစ်သည်။

"စိတ်" ဆိုသည်က အဆုံးမရှိကျယ်ပြောလှသည်ဟု အဆိုရှိသည် မဟုတ်ပါလား။

ဆိုလိုသည်မှာ… မာရ်နတ်သည် လောကအဆုံးကို ခြေတစ်လှမ်းနှင့် ဖြတ်ကျော်နိုင်သော်ငြား ဆန်းလျန်၏ နက်ရှိုင်းသည့် "စိတ်" ကိုတော့ ခြေတစ်လှမ်းတည်းဖြင့် ဖြတ်ကျော်နိုင်ရန်မှာ မည်သို့မှ မဖြစ်နိုင်ပေ။

သို့သော်… ဆန်းလျန်၏ ဖန်ဆင်းမှုသည်လည်း ထာဝရတည်ရှိနိုင်မည့် အရာတစ်ခုတော့ မဟုတ်ပေ။

ထို့ကြောင့် … မာရ်နတ်က အလျှင်လိုခြင်းမရှိပေ။

သူက အေးအေးဆေးဆေးပင် ပင်လယ်လှိုင်းများထက်တွင် တုတ်တုတ်မှမလှုပ်ဘဲ ထိုင်နေလေသည်။

ဆန်းလျန်က နှစ်ထောင်ပေါင်းများစွာကြာသည်အထိ ပင်လယ်ကြီးကို ဖန်ဆင်းထားမည်ဆိုလျှင် သူကလည်း ဆန်းလျန်ဆန္ဒအတိုင်းပင် ပင်လယ်ပြင်ကြီးထဲတွင် နှစ်ထောင်ပေါင်းများစွာ ထိုင်နေမည် ဖြစ်လေသည်။ ထိုသို့ပြုလုပ်ရခြင်းက သူ့အတွက် အပန်းမကြီးလှပေ။

သို့သော်… ဆန်းလျန်ကတော့ ထိုသို့ အဖြစ်မခံနိုင်ပေ။ ထို့ကြောင့် သူက ပင်လယ်ပြင်ထဲတွင် မုန်တိုင်းတစ်ခု ဖန်ဆင်းလိုက်လေ၏။

မုန်တိုင်းထဲတွင် တိုက်ခတ်နေသည့်လေသည် မှော်ဝင်ဓားတစ်လက်ထက်ပင် စူးရှထက်မြက်လေသည်။ မုန်တိုင်းသည် ပင်လယ်တစ်ခုလုံးကို မှောက်လှန်လိုက်တော့မည့်အလား စွမ်းအားပြင်းထန်လွန်းလှသည်။

ပင်လယ်နှင့် မုန်တိုင်းသည် လောကတစ်ခွင်ရှိ မည်သည့်သဘာဝတရားနှင့်မှ ဆင်တူခြင်း မရှိ။ အဘယ်ကြောင့်ဆိုသော်… ဆန်းလျန်၏ ဝိညာဉ်စွမ်းအားဖြင့် ဖန်ဆင်းထားသောကြောင့် ဖြစ်လေသည်။

ပင်လယ်နှင့်မုန်တိုင်းသည် ဆန်းလျန် ဖန်ဆင်းထားသည့် လောကတစ်ခု ဖြစ်သည့်အတွက် ဆန်းလျန်သာ ဆန္ဒရှိမည်ဆိုလျှင် ပင်လယ်ရေတစ်စက်သည်လည်း တောင်မြင့်ကြီးတစ်ခုကို ဖြိုချပစ်နိုင်စွမ်းရှိမည်ဖြစ်သလို မုန်တိုင်းတစ်ချက်သည်လည်း ကမ္ဘာမြေတစ်ခုလုံးကို အမှုံ့ချေပစ်နိုင်ပေသည်။

ထိုအချက်က သဘာဝကျမှုကို ဆန့်ကျင်နေသည်ဟု ထင်ရဖွယ်ရှိသော်လည်း ဆန်းလျန်ဖန်ဆင်းထားသည့် ပင်လယ်ထဲတွင်တော့ ပုံမှန်ပင် ဖြစ်သည်။

မာရ်နတ်သည် ပင်လယ်လှိုင်းများထက်တွင် တင်ပျဉ်ခွေထိုင်နေလေသည်။

ကြမ်းတမ်းသည့်မုန်တိုင်းကြောင့် ပင်လယ်လှိုင်းတံပိုးများ ပြင်းထန်နေသည့်တိုင် မာရ်နတ်ကတော့ တစ်ချက်လေးပင် ယိုင်လဲကျသွားခြင်း မရှိခဲ့ပေ။

မုန်တိုင်းမည်မျှပင်ပြင်းထန်ပါစေ မာရ်နတ်ကတော့ သံမဏိတိုင်တစ်တိုင်အလား မားမားမတ်မတ် ထိုင်နေဆဲ ဖြစ်သည်။

ထိုအချိန်မှာပင်… ကောင်းကင်ထက်တွင် အနက်ရောင်တိမ်တိုက်များဖြစ်တည်လာပြီး ပြင်းထန်လှသည့်မုန်တိုင်းနှင့် ပေါင်းစပ်သွားလေသည်။ ပြင်းထန်လှသည့် လှိုင်းလေမုန်တိုင်းနှင့် အနက်ရောင်တိမ်တိုက်များ ပေါင်းစပ်သွားသည့်အခါ အရာအားလုံးကို ဖျက်စီးပစ်တော့မည့်အလား ထင်မှတ်ရလေသည်။

မာရ်နတ်က ထိုင်နေရာမှ ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်သည်။ ထို့နောက် စူးရှသည့်မျက်ဝန်းများဖြင့် မုန်တိုင်းဆီသို့ တစ်ချက်ကြည့်ကာ စတင်တိုက်ခိုက်လိုက်လေတော့သည်။

သူက လှိုင်းများထက်တွင် ခြေတစ်လှမ်းလှမ်းလိုက်ရင်း မုန်တိုင်းရှိရာသို့ လက်သီးချက်တစ်ချက် ပစ်သွင်းကာ ထိုးခွင်းလိုက်သည်။

မာရ်နတ်၏လက်သီးချက်က မုန်တိုင်းအတွင်းမှ အနက်ရောင်တိမ်တိုက်များကို ပြိုကွဲသွားစေလေသည်။

ထို့နောက် မာရ်နတ်၏ခန္ဓာကိုယ်ကြီးမှာ ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်အလား မြင့်မားထွားကျိုင်းလာပြီး အဆုံးမရှိ ကျယ်ပြန့်သည့် ပင်လယ်ရေထဲတွင် ဝင့်ကြွားစွာ မတ်တတ်ရပ်လျှက်ရှိလေသည်။ မည်သည့်အရာကမှ သူ့ကိုလဲကျသွားအောင် စွမ်းဆောင်နိုင်ခြင်း မရှိလေသည့်အလားပင် ဖြစ်သည်။

နောက်ဆုံးတော့ မုန်တိုင်းဆဲသွားပြီး ပင်လယ်လှိုင်းများလည်း ငြိမ်သက်သွားလေသည်။

မာရ်နတ်က ပင်လယ်ပြင်ကြီးကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း…

"ကျုပ် ယန်ရွှီးအဖြစ်နဲ့ လူ့လောကကို ဆင်းသက်လာခဲ့တုန်းက ကြီးမားတဲ့ အကျိုးအမြတ်တစ်ခု ရခဲ့တယ် ၊ အဲဒါကတော့ ကွန်ဖြူးရှပ်ဝါဒကို လေ့လာခွင့်ရခဲ့တာပဲ ၊ ကွန်ဖြူးရှပ်ဝါဒအရဆိုရင် 'ကိုယ်တိုင်ကိုယ်ပိုင်ဖြစ်အောင် ကျင့်ကြံခြင်းက လောကတစ်ခုလုံးကို အုပ်စိုးစေနိုင်တယ်' လို့ ပြောကြတယ် ၊ ဒါပေမဲ့ ကျုပ် အဲဒီလို မလုပ်ခဲ့ဘူး ၊ ကျုပ်က ကျုပ်ကျင့်ကြံထားတဲ့ "အဆင့်" တစ်ခုကိုပဲ ထိန်းသိမ်းထားတယ် ၊ တကယ်တမ်းမှာ အဲဒါကလည်း ကွန်ဖြူးရှပ်ဝါဒရဲ့ အနှစ်သာရနဲ့ သွားတူနေတာပါပဲ ၊ အဲဒါကြောင့်လည်း ပရနိမ္မိတဝဿ၀တီပြည်ကိုရောက်လာတဲ့ ဘယ်သူ့ကိုမဆို ကျုပ် ထိန်းချုပ်ထားနိုင်ခဲ့တာပေါ့ ၊ နတ်ဆိုးပဲရောက်လာလာ ၊ နတ်ဘုရားပဲရောက်လာလာ ဘယ်သူ့ကိုမဆို ကျုပ် ထိန်းချုပ်ထားနိုင်တယ်… ၊ ပရနိမ္မိတဝဿ၀တီနတ်ပြည်မှာ ကျုပ် မာရ်နတ်တစ်ပါးတည်းသာ အုပ်ဆိုးတယ်…"

မာရ်နတ်စကားပြောနေသည့် အချိန်မှာပင် သူ့ထံမှ ရှေးကျသည့် ဝိညာဉ်စွမ်းအားများ တဖြည်းဖြည်း ပျံ့နှံ့ထွက်ပေါ်လာလေသည်။

မာရ်နတ်၏ခြေချထားရာ ပင်လယ်ပြင်သည် တဖြည်းဖြည်း အပြာရောင်သွေးမင်ရည်များအဖြစ် ကူးပြောင်းသွားသည်။ အပြာရောင်သွေးမင်ရည်များထဲတွင် ကွန်ဖြူးရှပ်ဝါဒသူတော်စင်များ၏ တန်ခိုးစွမ်းအားများ ရောယှက်စီးဆင်းနေလေသည်။

လေထုထဲတွင်လည်း ရှေးခေတ် သူတော်စင်တေးသွားများ ထွက်ပေါ်လာသည်။ ထိုအခါ… မိုးမြေနိယာမတရားများပေါင်းစပ်သွားသည့်အလား အလင်းတန်းများဖြာလင်းလာလေတော့သည်။

ဆန်းလျန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။

ထိုအခါ… သူဖန်ဆင်းထားသည့်ပင်လယ်ပြင်တွင် အားနည်းချက်တစ်ခု ထွက်ပေါ်လာသည်။ မာရ်နတ်က ထိုအားနည်းချက်ကို တွေ့ရှိသွားပြီး လွတ်မြောက်အောင် အခွင့်အရေးရယူနိုင်ခဲ့သည်။ မာရ်နတ်၏ တန်ခိုးစွမ်းအားနှင့် ကွန်ဖြူးရှပ်ဝါဒတန်ခိုးစွမ်းအားများကို ပေါင်းစပ်အသုံးပြုကာ ဆန်းလျန်ဖန်ဆင်းထားသည့် ပင်လယ်ပြင်ကို မာရ်နတ်က ဖောက်ထွက်လိုက်နိုင်ပြီ ဖြစ်သည်။

ဆန်းလျန်ဖန်ဆင်းထားသည့် ပင်လယ်ကြီး ပျက်စီးသွားပေပြီ။

ချင်းရှခန်းမဆောင်ထဲတွင် ပျက်စီးသွားသည့်ပင်လယ်ပြင်ကြီးမှ ကျန်ရစ်ခဲ့သည့် အလင်းမှုံလေးများ တောက်ပလျှက်ရှိသည်။ ထိုအလင်းမှုံလေးများသည် ဆန်းလျန်၏ မူလဝိညာဉ်စွမ်းအားများပင် ဖြစ်လေသည်။ သန့်စင်မြင့်မြတ်မှုတို့ဖြင့် ပြည့်နက်လို့နေသည်။

ယခုတော့ မာရ်နတ်သည် ဆန်းလျန်ရှေ့တွင် မတ်တတ်ရပ်နေပြီ ဖြစ်သည်။

သူက လက်ကိုဆန့်ကာ လေထဲတွင် ပျံ့လွင့်နေသည့် အလင်းမှုံလေးများကိုအသာအယာထိတွေ့ ဆော့ကစားနေလေသည်။

အလင်းမှုံလေးများမှာ အလွန်မှ လှပလွန်းပါသည်။ သို့သော်… မာရ်နတ်က အလှတရားကို ခံစားနေခြင်းမဟုတ်ဘဲ ဆန်းလျန်ဖန်ဆင်းထားသည့်ပင်လယ်ပြင်ကို ဖောက်ထွက်လာနိုင်ခဲ့သည့်အတွက် အကျေနပ်ကြီးကျေနပ်နေခြင်းသာ ဖြစ်လေသည်။

အလင်းမှုံလေးများ ပျောက်ကွယ်သွားသည့်အခါတွင်တော့ ချင်းရှကျောင်းတော်၏ ခန်းမဆောင်သည် ယခင်ကအတိုင်း တိတ်ဆိတ်ရှင်းလင်းလျှက် ကျန်ရစ်ခဲ့လေသည်။

မာရ်နတ်က ခပ်ပေါ့ပေါ့လေသံဖြင့်…

"လောကမှာ မပျက်စီးနိုင်တဲ့အရာရယ်လို့ မရှိပါဘူး ၊ ကဲ… အခုတော့ မင်းဘာတတ်နိုင်သေးလဲ…"

ဝိညာဉ်စွမ်းအားနှင့်ပတ်သက်လျှက် မာရ်နတ်သည် ဆရာကြီးတစ်ဆူဖြစ်လေသည်။ မည်သူမှ သူ့ကို ယှဉ်ပြိုင်ပြီး လှည့်စားနိုင်မည် မဟုတ်ပေ။

ဆန်းလျန်ကလည်း စိတ်ပျက်သွားခြင်း မရှိခဲ့ပေ။

သူက မာရ်နတ်ရှေ့တွင် တိတ်ဆိတ်ငြိမ်သက်စွာပင် မတ်တတ်ရပ်နေလေသည်။ သူ၏ပုံစံက ရှေးဟောင်း စကြာဝဠာတစ်ခုအလယ်တွင် တစ်လက်လက်တောက်ပနေသည့် ကြယ်စင်အလား ဖြစ်လေသည်။

ရုတ်တရက်…

ဆန်းလျန်၏ ဖြစ်တည်မှုက မရေမရာဖြစ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော်… ဆန်းလျန်၏ ဖြစ်တည်မှုမှာ ချင်းရှတောင်နှင့် ပေါင်းစပ်သွားသောကြောင့် ဖြစ်လေသည်။

ကြာမြင့်ခဲ့ပြီဖြစ်သည့်အတိတ်တစ်ချိန်တုန်းက…

ချင်းရှတောင်တွင် နတ်ဘုရားများ၏ မယုံကြည်နိုင်စရာကောင်းလောက်သည့် တန်ခိုးစွမ်းအားများ စုစည်းခဲ့ဖူးလေသည်။ ဆန်းလျန်၏ အာလာယဝိညာဏတန်ခိုးစွမ်းအားက ထိုအတိတ်တစ်ချိန်ဆီက စုစည်းခဲ့ဖူးသည့် တန်ခိုးစွမ်းအားများကို ပြန်လည် ရယူပေါင်းစပ်နေခဲ့လေသည်။

အတိတ်ဆီမှ တန်ခိုးစွမ်းအားများကို ပစ္စုပ္ပန်ဆီသို့ ဖြည်းဖြည်းချင်း ဆွဲငင်ယူဆောင်နေလေသည်။

မီလဲ့ကိုယ်တော်နှင့် လီချင်းဆွေတိုက်ခိုက်ခဲ့စဉ်တုန်းက မီလဲ့ကိုယ်တော်က လင်စန်းတောင်၏ အတိတ်တစ်ချိန်မှ တန်ခိုးစွမ်းအားများကို ပြန်လည်ရယူကာ လီချင်းဆွေကို တိုက်ခိုက်သကဲ့သို့ ဆန်းလျန်ကလည်း ပြုလုပ်နေခြင်း ဖြစ်သည်။

မီလဲ့ကိုယ်တော် ပြုလုပ်သည့်အတိုင်း ဆန်းလျန်က အဘယ့်ကြောင့် ပြုလုပ်နိုင်ခဲ့ပါသနည်း။

အဘယ်ကြောင့်ဆိုသော်… မီလဲ့ကိုယ်တော်ပြုလုပ်သည်ကို ဆန်းလျန် တွေ့မြင်ခဲ့ရသောကြောင့် ဖြစ်လေသည်။

ချင်းဆွေထျန်းကောင်းကင်ဘုံတွင်နေထိုင်စဉ်က…

ဆန်းလျန်က အာလာယဝိညာဏတန်ခိုးစွမ်းအားကိုအသုံးပြုကာ လီချင်းဆွေ၏ဒဏ်ရာ မည်မျှပြင်းထန်သည်ကိုကြည့်လိုက်စဉ် အမှတ်မထင် မီလဲ့ကိုုယ်တော်နှင့် လီချင်းဆွေ၏တိုက်ပွဲကို တွေ့မြင်ခဲ့ရခြင်း ဖြစ်လေသည်။

လီချင်းဆွေ မည်သို့မည်ပုံ ဒဏ်ရာရခဲ့သည်ဆိုသည့် မြင်ကွင်းကိုလည်း သူတွေ့မြင်ခဲ့ရသည်။

သို့သော်… ချင်းရှတောင်ပေါ်တွင်မဟုတ်ဘဲ အခြားသောနေရာတစ်ခုတွင် မာရန်နတ်နှင့်ရင်ဆိုင်ရလျှင် သူ့အနေဖြင့် ဤသို့ပြုလုပ်နိုင်မည် မဟုတ်ပေ။

အတိတ်နှင့်အနာဂတ်သည် အချိန်တစ်ခဏအတွင်း ပေါင်းစပ်သွားလေသည်။

ထိုအချိန်တစ်ခဏလေးသည်ပင်လျှင် မာရ်နတ်ကို ကြောက်ရွံ့ထိတ်လန့်သွားစေသည့် "အချိန်" ဖြစ်လေသည်။

မာရ်နတ်က ဆန်းလျန်ကိုကြည့်နေရင်း ဗုဒ္ဓနှင့်တာအိုဆရာသခင်ကြီးတို့၏ တန်ခိုးစွမ်းအားများကို ခံစားလိုက်ရသည့်နှယ် ထင်မှတ်လိုက်မိသည်။

သူက ချက်ချင်းပင် ကောင်းကင်တံတိုင်းတစ်ခုကိုဖန်ဆင်းကာ တာအိုဆရာသခင်ကြီးတစ်ပါးအလား မြင့်မားလွန်းသည့် ဆန်းလျန်၏ အတိတ်နှင့်အနာဂတ် တန်ခိုးစွမ်းအားများကို တားဆီးထားလိုက်လေသည်။

သို့သော်… မာရ်နတ်၏ ကောင်းကင်တံတိုင်းမှာ ဆန်းလျန်၏ အတိတ်နှင့်အနာဂတ်ပေါင်းစပ်ထားသည့် တန်ခိုးစွမ်းအားများအောက်တွင် လွင့်ပျယ်သွားရလေသည်။

လောကတွင် မာရ်နတ်ကို ကြောက်ရွံ့သွားအောင်လုပ်နိုင်သူ တစ်ဦးတစ်ယောက်မှ မရှိပေ။ ဗုဒ္ဓနှင့် တာအိုဆရာသခင်ထိုက်ယီကတော့ ချွင်းချက်ဖြစ်လေ၏။

မာရ်နတ်သည် ဆန်းလျန်ကို မခန့်မှန်းနိုင်တော့ပေ။

ဆန်းလျန်၏ ကြည်လင်သည့်မျက်ဝန်းများထဲတွင် လျှို့ဝှက်နက်ရှိုင်းမှုများနှင့် မြင့်မြတ်မှုများကို တွေ့မြင်ရလေသည်။ ထို့ပြင် ဆန်းလျန်သည် အခြားသောလောကတစ်ခုမှ သူ့ကိုကြည့်နေသည့်အလား ခံစားလိုက်ရသည်။

ဆန်းလျန် ဆိုသည့်သူ….။

ထိုသူသည် အလွန်မှတည်ငြိမ်ပြီး မြင့်မြတ်သည့်အငွေ့အသက်များဖြင့် ထုံမွှမ်းလျှက်ရှိလေသည်။

ဆန်းလျန်သည် သူ့ကိုယ်သူ မည်သည့်အချိန် ၊ မည်သည့်နေရာတွင်ရောက်ရှိနေသည်ကို မသိရှိတော့ပေ။

အတိတ်လား ၊ အနာဂတ်လား။

အတိတ်ဆီက ချင်းရှတောင်လား… ၊ အနာဂတ်ဆီမှ ချင်းရှကျောင်းတော်လား…။

ဆန်းလျန်၏ စိတ်အစဉ်ထဲတွင် အချိန်နှင့် နေရာ အတားအဆီးများ ပြိုကျသွားပြီဖြစ်လေသည်။

သူသိရှိသည့် တစ်ခုတည်းသောအရာမှာ လက်ရှိအချိန်တွင် သူနှင့် မာရ်နတ်နှင့်ရင်ဆိုင်တိုက်ခိုက်နေသည်ဆိုသည့် အချက်ပင် ဖြစ်သည်။

ဆန်းလျန်၏ ဟန်ပန်မှာ မာန်မာနတရားတို့ဖြင့် ဝင့်ကြွားလျှက်…။

လောကတွင် ကြောက်စရာအကောင်းဆုံးမှာ "သေခြင်းတရား" မဟုတ်ပေ။

လောကတွင် ကြောက်စရာအကောင်းဆုံးမှာ အနှေးနှင့်အမြန် "သေရတော့မည်" ကို သိရှိနေပြီး သေရမည့်အချိန်ကို လက်ချိုးရေတွက် စောင့်ဆိုင်းနေရသည့် ထိတ်လန့်ဖွယ်ရာ အခြေအနေဖြစ်လေသည်။

ယခု မာရ်နတ်၏စိတ်ထဲတွင် ထိုသို့သော ကြောက်ရွံကထိတ်လန့်မှုကို ခံစားနေရသည်။

ပရနိမ္မိတဝဿ၀တီနတ်ပြည်က ဘယ်တော့မှ ပျက်စီးမည်မဟုတ်သလို မာရ်နတ်များတစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာပြီး ခေတ်အဆက်ဆက် အုပ်ဆိုးကြပေလိမ့်မည်။ တိုင်းပြည်တစ်ပြည်၏ ဧကရာဇ်တစ်ပါး နတ်ရွာစံသည့်အခါ အသစ်အသစ်သော ဧကရာဇ်များ ထွက်ပေါ်လာသကဲ့သို့ပင်ဖြစ်သည်။

သို့သော်… လက်ရှိ မာရ်နတ်ဖြစ်သည့် "သူ" ကတော့ ယခု တိုက်ပွဲတွင် အသက်ပျောက်သွားနိုင်လေသည်။

ဤမျှအထိ အချိန်အကြာကြီး ကျင့်ကြံလာခဲ့ပြီးမှ ယနေ့ ဆန်းလျန်၏ လက်ချက်ဖြင့် အသက်ပျောက်ရမည်ဆိုလျှင် မတန်လှပေ။

ထိုသို့တွေးမိသည့်အခါ မာရ်နတ်သည် ချက်ချင်းပင် နောင်တအကြီးအကျယ်ရသွားမိသည်။ သူ ဆန်းလျန်ရှိရာ ဤနေရာသို့ မလာခဲ့သင့်ပေ။

ဗောဓိသကျများ ၊ ဖူကျူကိုယ်တော်များ ၊ လော်ဟန်ကိုယ်တော်များအလယ်တွင် ပညာဉာဏ်အကြီးမားဆုံး ဝန်စူးဗောဓိသကျနှင့် ရင်ဆိုင်ခဲ့စဉ်ကပင်လျှင် ယခုကဲ့သို့ နောင်တရခဲ့ခြင်း မရှိပေ။

သို့သော်… ယခု အချိန်ခဏလေးအတွင်းတွင်တော့ မာရ်နတ်သည် နောင်တအကြီးအကျယ်ရလျှက် ရှိချေပြီ။

နောင်တတရားကို ရင်ဝယ်ပိုက်ကာ မာရ်နတ်သည် ထွက်ပြေးရန် ဆုံးဖြတ်လိုက်လေတော့သည်။

ထို့နောက်တွင်တော့ စကြာပွင့်အလား လည်ပတ်နေသည့် အလင်းတန်းတစ်ခုသည် ချင်းရှကျောင်းတော်အတွင်းမှ ပျံသန်းထွက်ခွာသွားလေတော့သည်။

အလင်းတန်းက လင်းလက်တောက်ပနေပြီး လရောင်ထက်ပင် ပို၍လင်းလက်နေသည့်အလား ထင်မှတ်ရသည်။

မြင့်မြတ်လှစွာသော မာရ်နတ်မင်း ၊ ရှေးခေတ်အချိန်အခါကတည်းက အချိန်ရေယဉ်ကြောတစ်လျှောက် မပြောင်းမလဲ တည်ရှိခဲ့လေသည့်မာရ်နတ်မင်း ၊ ကောင်းကင်ဘုံကိုပင်တုန်လှုပ်စေသည့် ရှည်လျားသည့်သက်တန့်အလား တန်ခိုးစွမ်းအား မြင့်မားလေသူ မာရ်နတ်မင်းသည်… ယခုတော့ ကြောက်ရွံ့မှုအပြည့်ဖြင့် ချင်းရှကျောင်းတော်မှ ထွက်ပြေးသွားပြီ ဖြစ်လေသည်။

သို့သော်… ဆန်းလျန်ကလည်း သူ့ကို အလွတ်မပေးပေ။

ဆန်းလျန်သည် လျှပ်စီးထက်ပင်လျှင်မြန်သည့် အလင်းတန်းတစ်ခုဖန်ဆင်းကာ စကြာပွင့်ပုံစံ အလင်းတန်းနောက်သို့ လိုက်ပါသွားလေသည်။

ထိုအလင်းတန်းသည် လောကတွင် အမြန်ဆုံးအရာထက်ပင် လျှင်မြန်လွန်းလေသည်။

ထိုအလင်းတန်းထဲတွင် ဓားဝိညာဉ်တစ်ခုလည်း ပါဝင်နေလေသည်။

မာရ်နတ်သည် သူ၏ပိုင်နက်ဖြစ်သည့် ပရနိမ္မိတဝဿ၀တီပြည်သို့ အလျှင်အမြန်ထွက်ပြေးရောက်ရှိလာလေသည်။ သို့သော်… ဆန်းလျန်ကလည်း သူ့နောက်မှ တပ်ကြပ်မကွာ လိုက်ပါလာလေသည်။

ထို့နောက်… ဆန်းလျန်၏ ဓားဝိညာဉ်က ပရနိမ္မိတဝဿ၀တီပြည်ကိုပင် တုန်လှုပ်သွားစေပြီး မာရ်နတ်ပြုလုပ်ထားသည့် အကာအကွယ်ကို စက္ကူအလွှာပါးလေးကို ထိုးခွင်းလိုက်သည့်အလား ထိုးခွင်းပစ်လိုက်လေသည်။ အရံအတားမှာ ထက်ပိုင်းပြတ်သွားလေတော့သည်။

ဓားဝိညာဉ်၏တိုက်ခိုက်မှုကြောင့် ပရနိမ္မိတဝဿ၀တီပြည်မှ ငိုညည်းသံအလား ညည်းတွားသံတစ်သံပင် ထွက်ပေါ်လာခဲ့လေသည်။ ထိုအသံသည် ကြားရသူတိုင်းကို ဝမ်းနည်းစိတ်မကောင်းဖြစ်သွားစေနိုင်သည်။

စကြာပွင့်ပုံစံအလင်းတန်းသည် ရောင်စုံအလင်းမှုံများအဖြစ် ပျံ့ကျဲသွားပြီး အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားလေသည်။ ထိုစကြာပွင့်ပုံစံအလင်းတန်းမှာ ခံစားချက် (၇)ခု၏ တန်ခိုးစွမ်းအားများ ဖြစ်လေ၏။

ဆန်းလျန်၏ ဓားဝိညာဉ်က မာရ်နတ်၏ ခံစားချက် (၇)ခု တန်ခိုးစွမ်းအားများကို ရက်ရက်စက်စက်ပင် သုတ်သင်ပစ်လိုက်သည်။

သို့သော်… မာရ်နတ်သည် ပရနိမ္မိတဝဿ၀တီနတ်ပြည်မှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူသည် ချက်ချင်းပင် လူ့လောကသို့ ပြန်လည်ဆင်းသက်လာကာ လူသားတစ်ယောက်၏ နှလုံးသားထဲတွင် ပုန်းအောင်းနေလိုက်လေသည်။ မည်သည့်နည်းနှင့်အသက်ရှင်နေရပါစေ သူ့အနေဖြင့် အသက်ဆက်လက်ရှင်သန်နိုင်ရန်ကသာ အဓိက ဖြစ်လေ၏။

လေထုကပိုပြီးကြည်လင်လာသည်။

ချင်းရှတောင်ပေါ်မှ နတ်မိစ္ဆာ (၃)ပါးမှာ မြေပြင်ပေါ်သို့ ပြိုလဲကျသွားကြသည်။

သူတို့က ချင်းရှတောင်ပေါ်တွင် အရံအတားတစ်ခုကို ပြုလုပ်ထားခဲ့လေသည်။ ယခု သူတို့ ပြုလုပ်ထားသည့်အရံအတားကို မာရ်နတ်နှင့် ဆန်းလျန်က အပြင်းအထန် ဖောက်ထွက်သွားကြလေရာ သူတို့၏ တန်ခိုးစွမ်းအားများအားလုံး ကုန်ဆုံးသွားသည့်အလား ခံစားလိုက်ကြရသည်။

ချင်းရှကျောင်းတော်အတွင်းသို့ ဆန်းလျန် ပြန်လည်ရောက်ရှိလာလေသည်။

သူက ကျောင်းတော်ခန်းမဆောင် ကြမ်းပြင်ထက်တွင် ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။ အတိတ်နှင့်အနာဂတ် တန်ခိုးစွမ်းအားများကို ပေါင်းစည်းပြီး မာရ်နတ်ကို တိုက်ခိုက်ရခြင်းမှာ တကယ်တမ်း သူ့အတွက် လွယ်ကူမနေခဲ့ပေ။

သူအလွန်ပင်ပန်းနေပြီ ဖြစ်လေသည်။

ထိုအချိန်မှာပင်…

ငါးခြင်းတောင်းပိုင်ရှင်ဖြစ်သည့် ကွမ်ယင်မယ်တော်၏ ဖန်ဆင်းခံကိုယ်ခွဲတစ်ခုဖြစ်သော တံငါသည်မိန်းမပျိုသည် ချင်းရှကျောင်းတော်ခန်းမဆောင်၏ အမွှေးတိုင်နှင့် ဆီမီးတိုင်များထွန်းညှိရာ စင်မြင့်အနောက်မှ ထွက်ပေါ်လာလေသည်။

ကြာပန်းဖြူက တံငါသည်မိန်းမပျို၏ တန်ခိုးစွမ်းအားအနှစ်သာရများကို စုပ်ယူခဲ့ပြီး သူမကို ချင်းရှကျောင်းတော်တွင် ဖမ်းဆီးထားခဲ့ခြင်း ဖြစ်လေသည်။

တံငါသည်မိန်းမပျိုက အနည်းငယ် နောင်တရသည့်လေသံဖြင့်…

"သူ့ကို သတ်မပစ်လိုက်နိုင်တာ စိတ်မကောင်းစရာပဲ…"

ဆန်းလျန်က…

"ကျုပ်သာ အော်မီတော်ဖူဘုရားရဲ့ အကြောင်းနဲ့အကျိုး တရားကို နားလည်ထားရင် သူ လွတ်သွားမှာ မဟုတ်ဘူး…"

တံငါသည်မိန်းမပျိုက ဆန်းလျန်ကို နက်ရှိုင်းစွာ တစ်ချက်ကြည့်လိုက်ရင်း…

"အော်မီတော်ဖူဘုရားရဲ့ အကြောင်းနဲ့အကျိုး တရားစာတွေ ဘယ်မျာရှိလဲဆိုတာ ရှင်က သိချင်နေတာလား…"

ဆန်းလျန်က…

"အဲဒီတရားစာတွေ ဘယ်မှာရှိလဲဆိုတာ မင်းကသိလို့လား…"

တံငါသည်မိန်းမပျိုက…

"အော်မီတော်ဖူဘုရားရဲ့ သုခဘုံက ဗောဓိပင်မှာရှိတယ်…"

ဆန်းလျန်က…

"မင်းက ကွမ်ယင်မယ်တော်နဲ့ မတူဘူးပဲ…"

တံငါသည်မိန်းမပျိုက ပြုံးလိုက်ရင်း…

"ဘယ်တူနိုင်မှာလဲ…"

ဆန်းလျန်က…

"ကျုပ် ကွမ်ယင်မယ်တော်နဲ့ ဆုံဖူးတယ် ၊ မင်းနဲ့ ကွမ်ယင်မယ်တော်ရဲ့ဆက်ဆံရေးကိုကြည့်ရတာ ကျောက်ရှောင်ယွီနဲ့ ကြာပန်းဖြူလိုပဲနော် ၊ မင်းတို့တွေက တူသလိုလိုနဲ့ မတူညီကြဘူး ၊ သူတို့ (၂)ယောက်ကလည်း တူသလိုလိုနဲ့ မတူကြဘူး ၊ ကြာပန်း (၂)ပွင့်လိုပါပဲ…"

တံငါသည်မိန်းမပျိုက…

"ရှင် ခိုင်းနှိုင်းပြတာ သိပ်ကိုသင့်တော်ပါတယ် ၊ တကယ်တော့ ကွမ်ယင်မယ်တော်မှာ လုပ်စရာအလုပ်တစ်ခုရှိခဲ့တယ် ၊ ဒါပေမဲ့ သူက အဲဒီကိစ္စကြောင့် ဖြစ်လာမယ့် အကြောင်းအကျိုးတွေကို မခံယူချင်ဘူး ၊ ဒါကြောင့် ကျွန်မကို ဖန်ဆင်းခဲ့တာ ၊ ကျွန်မထမ်းဆောင်ရမယ့်တာဝန် ပြီးဆုံးသွားတာနဲ့ ကျွန်မလည်း ဒီလောကမှာ ရှိနေတော့မှာ မဟုတ်ပါဘူး…"

ဆန်းလျန်က…

"သူက ဘာကိစ္စလုပ်စရာရှိလို့ မင်းလို ကိုယ်ခွဲတစ်ခုကို ဖန်ဆင်းခဲ့တာလဲ ၊ ဒီလိုဖန်ဆင်းတော့ ကွမ်ယင်မယ်တော်ရဲ့ အနာဂတ်က ဘာများဖြစ်လာမှာလဲ…"

တံငါသည်မိန်းမပျိုက…

"အမှန်က ဒီလိုပါ ၊ ကွမ်ယင်မယ်တော်က အားလာ်ဟယ်ကို မေးခွန်းတစ်ခု မေးဖို့အတွက် ကျွန်မကို ဖန်ဆင်းခဲ့တာပါ ၊ အားလော်ဟယ်ကို မေးခွန်းမေးလိုက်တဲ့အတွက် အားလော်ဟယ်ဆီမှာ အကြွေးတင်သွားတယ်လေ ၊ ဒီတော့ ကျွန်မက အားလော်ဟယ်ရဲ့လမ်းစဉ် လူ့လောကကိုရောက်ရှိလာအောင် ဆောင်ကြဉ်းပေးဖို့အတွက် အားလော်ဟယ်နဲ့ အပေးအယူ လုပ်ခဲ့ရတယ်…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"မင်းရဲ့အဖြစ်က ဒေါင်းစိမ်းကိုယ်တော်နဲ့ ဗုဒ္ဓရဲ့ အဖြစ်အပျက်နဲ့ သွားတူနေပြီ…"

တံငါသည်မိန်းမပျိုက…

"အင်း… နည်းနည်းတော့တူတယ်…"

ဗုဒ္ဓဘာသာအကြောင်းပြောမည်ဆိုလျှင် ဒေါင်းစိမ်းကိုယ်တော်သည်လည်း တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်မည် ဖြစ်လေသည်။

ဒေါင်းစိမ်းကိုယ်တော်သည် တစ်ချိန်တုန်းက ဒေါင်းစိမ်းနတ်မိစ္ဆာတစ်ပါး ဖြစ်လေသည်။ သူက လူသားစားရသည်ကိုနှစ်သက်ပြီး ဖူကျူကိုယ်တော်အချို့ကို မျိုချပစ်ခဲ့လေသည်။

ထိုအကြောင်းကို ဗုဒ္ဓသိရှိသွားသည့်အခါ ဒေါင်းစိမ်းနတ်မိစ္ဆာကို တရားပြရန် ရောက်လာခဲ့သည်။

ဗုဒ္ဓက ဒေါင်းစိမ်းနတ်မိစ္ဆာကို တရားပြပြီးသည်နှင့် ဒေါင်းစိမ်းနတ်မိစ္ဆာသည် တရားရကာ ဒေါင်းစိမ်းကိုယ်တော်အဖြစ် ဗုဒ္ဓဘာသာထဲသို့ ဝင်ခဲ့လေသည်။ သို့သော်… ဖူကျူကိုယ်တော်များကို မျိုချခဲ့သည့်အပြစ်ကို ပြန်လည်ပေးဆပ်ရန်အတွက် ဗုဒ္ဓက သူ့ကို လူ့လောကတွင် ဗုဒ္ဓဝါဒကို တရားဟောပြောစေခဲ့သည်။

ဆန်းလျန်က…

"ဒါဖြင့် အားလော်ဟယ်ရဲ့လမ်းစဉ်က လူ့လောကကို ဘယ်တော့ ရောက်လာမှာလဲ…"

တံငါသည်မိန်းမပျိုက…

"ကျွန်မ ကျီမုမြစ်ကိုတွေ့အောင်ရှာပြီး ကလေးတစ်ယောက်မွေးဖွားသန့်စင်ပေးနိုင်တဲ့ အချိန်မှာပေါ့…"

ဆန်းလျန်က…

"ကျီမုမြစ်ရေက မိန်းကလေးတွေပဲ မွေးဖွားတာ မဟုတ်ဘူးလား ၊ အားလော်ဟယ်က ကောင်းကင်ဘုံအဖဘုရားသခင် နေရာကိုလိုချင်တယ်ဆိုရင် မိန်းကလေးတစ်ယောက်က သူ့ရဲ့လမ်းစဉ်ကို ဘယ်လို ဖော်ထုတ်ပေးနိုင်မှာလဲ…"

တံငါသည်မိန်းမပျိုက…

"ပုံမှန်ဆိုရင်တော့ ကျီမုမြစ်ရေက မိန်းကလေးတွေကိုပဲ မွေးဖွားစေတာပါ ၊ ဒါပေမဲ့ ယောကျ်ားလေးတစ်ယောက် မွေးလာဖို့အတွက်လည်း မျှော်လင့်ချက်ရှိချင်ရှိမှာပေါ့… ၊ မပြောတတ်ဘူး…"

ဆန်းလျန်က တစ်ချက်ရယ်မောလိုက်ရင်း…

"ဒါဖြင့်လည်း ကျီမုမြစ်ကို မင်းရှာတွေ့ပါစေလို့ ကျုပ်ဆုတောင်းပေးလိုက်ပါတယ် ၊ မင်းသွားလိုရာ သွားလို့ရပြီ…"

တံငါသည်မိန်းမပျိုက…

"ရှင် ကျွန်မကို လွှတ်ပေးမယ်ပေါ့…"

ဆန်းလျန်က…

"လွှတ်မပေးနိုင်စရာ ဘာရှိလဲ ၊ မင်းကို ကျုပ် ဖမ်းခဲ့တာ ၊ ကျုပ်ကပဲ ပြန်လွှတ်ပေးရမှာပေါ့…"

တံငါသည်မိန်းမပျိုက အတန်ကြာတိတ်ဆိတ်သွားပြီးမှ…

"ရှင် ဝူခုံးကိုတော့ သတိထားရလိမ့်မယ်…"

ပြောပြီးသည်နှင့် တံငါသည်မိန်းမပျိုသည် အဝေးဆီသို့ လွင့်မျောထွက်ခွာသွားလေတော့သည်။

ဝက်ဝံသခင် ၊ ကျောက်စိမ်းခြင်္သေ့နှင့် ဆင်ဖြူတို့သည်လည်း မိန်းမပျိုနောက်သို့ လိုက်ပါသွားကာ ပျောက်ကွယ်သွားကြလေသည်။

တံငါသည်မိန်းမပျိုကိုသာ နတ်မိစ္ဆာ (၃)ပါး စောင့်ရှောက်ပေးနေမည်ဆိုလျှင် ရွှမ်တုတောက်ကျွင်း ၊ လီချင်းဆွေ ၊ ကျန့်ယွမ်ကျီနတ်မင်းကြီးနှင့် မာရ်နတ်တို့ကဲ့သို့သော တန်ခိုးစွမ်းအားမြင့်မားသူများမှ လွဲပြီးမည်သူမှ သူမကို နှောက်ယှက်ရဲလိမ့်မည် မဟုတ်ပေ။

ဆန်းလျန်ကတော့ တံငါသည်မိန်းမပျို နောက်ဆုံးပြောသွားသည့် စကား၏အဓိပ္ပါယ်ကို စဉ်းစားနေမိသည်။

အဘယ့်ကြောင့် သူမက ဝူခုံးကိုသတိထားဖို့ သူ့ကို ပြောသွားရပါသနည်း။

ဝူခုံး…။

ထိုအမည်မှာ မျောက်မင်းကို ဗောဓိဘိုးဘိုးကိုယ်တိုင် ချီးမြှင့်ပေးအပ်ခဲ့သည့် တရားဝင်အမည် ဖြစ်လေသည်။

ဗောဓိဘိုးဘိုးသည် တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်ပြီး သူပေးသည့်နာမည်သည် အဓိပ္ပါယ်ပြည့်ဝသည့် အမည်တစ်ခုဖြစ်သည်။

ဆန်းလျန်က တစ်ခဏမျှစဉ်းစားနေပြီးသည့်နောက် ထိုအကြောင်းကို ထပ်မစဉ်းစားတော့ပေ။ သို့သော်… တံငါသည်မိန်းမပျိုက ရည်ရွယ်ချက်မရှိဘဲ ထိုစကားကို ပြောသွားမည်မဟုတ်ပေ။ ထို့ကြောင့် သူ့အနေဖြင့် မျောက်မင်းကိုယခင်ကထက်ပိုပြီးသတိထားရပေလိမ့်မည်။

………..

ဝိညာဉ်မြစ်သည် သက်ရှိသတ္တဝါများ လူပြန်ဝင်စားခြင်း လမ်းကြောင်း (၆)ခုကို ဖော်ဆောင်ရာ ပင်မနေရာတစ်ခု ဖြစ်လေသည်။

ဝိညာဉ်မြစ်သည် အသူရာချောက် (၉)ထပ်ကို ဖြတ်သန်းစီးဆင်းနေသည့် မြစ်တစ်စင်းဖြစ်သည့်အပြင် မိုးနှင့်မြေ မည်သည့်နေရာကိုမဆို ဦးတည်စီးဆင်းနိုင်သော လျှို့ဝှက်ဆန်းကျယ်မှုများနှင့် ပြည့်နက်နေသည့် မြစ်တစ်စင်းလည်း ဖြစ်လေသည်။

ထို့ပြင် ဝိညာဉ်မြစ်သည် စကြာဝဠာပတ်လမ်းနှင့်ဆက်စပ်နေသည့် အချိန်ရေယဉ်ကြောနှင့်လည်း  တစ်မျိုးတစ်ဖုံ ပတ်သက်နေသည့် မြစ်တစ်စင်း ဖြစ်နေပြန်သည်။

ယခုတော့…

အသူရာချောက်ရှိ ဝိညာဉ်မြစ်ကမ်းနံဘေးတွင် နွားခေါင်းနှင့်မြင်းမျက်နှာနတ်ဆိုးများသည် ဝိညာဉ်များကို တစ္ဆေမြို့တော်သို့ မောင်းနှင်နေကြလေသည်။

ဝိညာဉ်တစ်ကောင်က ပေကပ်ကပ်လုပ်နေသည့်အတွက် နွားခေါင်းနှင့်မြင်းမျက်နှာနတ်ဆိုးတစ်ယောက်က ကြာပွတ်ဖြင့် ရိုက်နှက်လိုက်သည်။

ကြာပွတ်မှာ သာမန်ကြာပွတ်မဟုတ်ပေ။ ယင်စွမ်းအားနတ်ဘုရားများ၏ မှော်လက်နက်ဖြစ်လေရာဝိညာဉ်များကို အလွန်ပင် နာကျင်စေလေသည်။ ကြာပွတ်ဖြင့်အရိုက်ခံလိုက်ရသည့် ဝိညာဉ်၏ခန္ဓာကိုယ်ပေါ်တွင် ကြာပွတ်ရာကြီးက အထင်းသားပေါ်လာသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

သို့သော်… ဝိညာဉ်က ရှေ့သို့ ဆက်သွားခြင်း မပြုဘဲ ပေကပ်ကပ်ဖြင့် ရပ်နေဆဲ ဖြစ်လေသည်။

နွားခေါင်းနှင့်မြင်းမျက်နှာနတ်ဆိုးက ဒေါသတကြီးဖြင့် နောက်တစ်ချက် ရိုက်နှက်လိုက်ပြန်သည်။

သို့သော်… ဝိညာဉ်က ရုတ်တရက် ထပြီး ရယ်မောလိုက်လေသည်။ ထိုအခါ နွားခေါင်းနှင့်မြင်းခန္ဓာနတ်ဆိုးမှာ ချက်ချင်းပင် ဒေါသတရားများပျောက်ကွယ်သွားပြီး တွေဝေမိန်းမောသွားရလေတော့သည်။

***

All Chapters