ကံတရား
Vol. 9 Ch. 830
ဝိညာဉ်က တစ်ချက်ရယ်မောလိုက်ပြီး နွားခေါင်းနှင့်မြင်းမျက်နှာနတ်ဆိုးရှေ့မှ ပျောက်ကွယ်သွားလေသည်။
နွားခေါင်းနှင့်မြင်းမျက်နှာနတ်ဆိုးမှာ သူ့ရှေ့မှ မြင်ကွင်းကို ခံစားချက်ကင်းမဲ့စွာဖြင့် ငေးကြောင်ကြည့်နေပြီး မလှုပ်မယှက်ရပ်နေရင်း ကျန်ရစ်ခဲ့လေသည်။
အသူရာချောက်ကို ပြန်လည်တည်ထောင်ပြီးသည့်အချိန်မှစတင်ပြီး မရေမတွက်နိုင်အောင်များပြားသည့် ဝိညာဉ်များအသူရာချောက်သို့ ရောက်ရှိလာကြလေသည်။ အဘယ်ကြောင့်ဆိုသော် လူပြန်ဝင်စားကာ နောင်ဘဝသို့ ကူးရန်အတွက် အသူရာချောက်ကို မဖြစ်မနေဖြတ်ကျော်ရမည်ဖြစ်သောကြောင့်ပင်။
ယခု အသူရာချောက်ကိုးထပ်သည် ဒဏ္ဍာရီများထဲမှ အနေအထားအတိုင်း တဖြည်းဖြည်း ပြန်လည် အသားကျလာခဲ့ပြီ ဖြစ်သည်။
ဝိညာဉ်များကို ထိန်းသိမ်းသည့် လူဆိုးထိန်းဖြစ်သည့် နွားခေါင်းနှင့်မြင်းမျက်နှာနတ်ဆိုးကို လှည့်စားလိုက်သည့် ဝိညာဉ်မှာ မာရ်နတ်ဝင်ပူးထားသည့် ဝိညာဉ်ဖြစ်လေသည်။
မာရ်နတ်မှာ ဆန်းလျန်ထံမှ ရှောင်ပြေးရင်း အသူရာချောက်သို့ ရောက်ရှိလာခဲ့ခြင်းပင်။ ဆန်းလျန်ထံမှ ရှောင်ပြေးခြင်းဆိုသည်ထက် တခြားလုပ်စရာကိစ္စတစ်ခုလည်း ရှိသေးသည့်အတွက် အသူရာချောက်သို့ ရောက်ရှိလာသည်ဟုဆိုလျှင် ပိုမှန်ပေလိမ့်မည်။
ဝိညာဉ်တစ်ခုကို ဝင်ပူးထားရသည်မှာလည်း စိတ်ဝင်စားစရာကောင်းကြောင်း မာရ်နတ်သိရှိလိုက်သည်။ ထို့ပြင်…. အသူရာချောက်သည်လည်း စိတ်ဝင်စားစရာကောင်းသည့် နေရာတစ်ခုဖြစ်သည့်အတွက် မာရ်နတ်က ပတ်ဝန်းကျင်တစ်လျှောက် စိတ်ဝင်စားစွာ လှည့်ပတ်ကြည့်ရှုနေမိသည်။
ထိုအချိန်မှာပင်…
လေထဲတွင် ဖြူလျော်အေးစက်သည့် ဧရာမ လက်ကြီးတစ်ဖက် ထွက်ပေါ်လာလေသည်။
ထို ဧရာမလက်ကြီးက မာရ်နတ်ကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။
မာရ်နတ်မှာ ရုတ်တရက်တိုက်ခိုက်ခံလိုက်ရသည့်အတွက် ထိုလက်ကြီးထံမှ လွတ်လမ်းမရှိတော့ဟု ခံစားလိုက်မိသည်အထိပင် ဖြစ်သွားရသည်။
ထို့နောက်မှ…. မာရ်နတ်က ခပ်တိုးတိုး ရယ်မောလိုက်ရင်း….
"ယမမင်းက သိပ်တော်တာပဲကိုး ၊ ဒါပေမဲ့ ကျုပ်ကိုတော့ ဒီလိုလုပ်လို့မရဘူးလေဗျာ…"
ထို့နောက် မာရ်နတ်၏ ခန္ဓာကိုယ်မှ ဒေါသထွက်နေသည့် ဝိညာဉ်ပေါင်းများစွာ ထွက်ပေါ်လာလေသည်။
ထိုဝိညာဉ်များမှာ အသူရာချောက်တစ်ခွင် လှည့်ပတ်သွားလာရင်း မာရ်နတ်က ပြုစားထားသည့် ဝိညာဉ်များ ဖြစ်လေသည်။ ဝိညာဉ်များမှာ နတ်ဆိုးဝိညာဉ်များအဖြစ် အသွင်ပြောင်းနေပြီး ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် ဒေါသထွက်နေကြလေသည်။
နတ်ဆိုးဝိညာဉ်များ မရေမတွက်နိုင်အောင်ထွက်ပေါ်လာလေရာ အားလုံးကို တစ်ချိန်တည်းတွင် သုတ်သင်ပစ်ရန်မှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။
မိနစ်ပိုင်းအတွင်းမှာပင်…
အသူရာချောက်တစ်ခွင်တွင် နတ်ဆိုးဝိညာဉ်များ ၊ ငရဲခွေးများ ၊ ဝံပုလွေများ၏ အော်ဟစ်သံများ ၊ ဟိန်းဟောက်သံများဖြင့် ဆူညံသွားလေတော့သည်။
မာရ်နတ် အသူရာချောက်သို့ရောက်လာခြင်းမှာ ငါးတစ်ကောင်ကို ရေထဲသို့ လွှတ်ပေးလိုက်သည့်အလား ဖြစ်လေသည်။ သူက ဝိညာဉ်များကို ထိန်းချုပ်ပြုစားရင်း ထင်တိုင်းကျဲနေလေတော့သည်။
ဝိညာဉ်များဆိုသည်က အစကတည်းက အစွဲအလန်း ကြီးသူများ ဖြစ်ကြလေသည်။ မာရ်နတ်က သူတို့ကိုနည်းနည်းလောက် လှုံ့ဆော်ပေးလိုက်ရုံဖြင့် စိတ်ကူး၍ပင် မရနိုင်တော့လောက်အောင် အခြေအနေများ ဆိုးဝါးကုန်ကြတော့သည်။
ထိုအချိန်မှာပင်… ဖြူလျော်အေးစက်နေသည့် ဧရာမလက်ကြီးက တစ်ချက်ဝှေ့ယမ်းလိုက်လေရာ သေခြင်းရှင်ခြင်းစက်ဝန်းတစ်ခု ထွက်ပေါ်လာပြီး ဧရာမကြိတ်ဆုံကြီးတစ်ခု ပေါ်လာလေသည်။ ကြိတ်ဆုံကြီးက နတ်ဆိုးဝိညာဉ်များကို တစ်ခုပြီးတစ်ခု ကြိတ်ချေပစ်နေလေတော့သည်။
သေခြင်းရှင်ခြင်း ကြိတ်ဆုံကြီးက မာရ်နတ်ကိုပင် ကြိတ်ခြေပစ်ရန် အရှိန်အဟုန်ပြင်းစွာဖြင့် လှည့်ပတ်ဝင်ရောက်လာလေသည်။ ကြိတ်ဆုံကြီး၏ အရှိန်အဟုန်ကြီးမားမှုကြောင့် အသူရာချောက်၏ ခိုင်မာသည့် မြေသား နေရာများပင်လျှင် ပြိုကျကုန်ရသည်။
သို့သော်… မာရ်နတ်က အရေးမစိုက်သည့်အလား တစ်ချက်ရယ်မောလိုက်ပြီး လက်နှစ်ချောင်းဖြင့် ကြိတ်ဆုံကြီးကို ထိုးညွှန်လိုက်သည်။ မာရ်နတ်၏လက်ချောင်းများသည် ကျောက်စိမ်းရတနာပမာ နူးညံ့လွန်းလှသည်။ သို့သော်… အရှိန်အဟုန်ဖြင့် အဆက်မပြတ်လည်ပတ်နေသည့် သေခြင်းရှင်ခြင်းကြိတ်ဆုံကြီးမှာ ချက်ချင်းပင် ရပ်တန့်သွားရလေသည်။
မာရ်နတ်၏ လက်နှစ်ချောင်းအောက်တွင် သေခြင်းရှင်ခြင်းကြိတ်ဆုံကြီးသည် လုံး၀ အသုံးမဝင်သည့် အရာတစ်ခု ဖြစ်သွားရချေပြီ။
ထိုအချိန်မှာပင်….
အသူရာချောက်၏ မှောင်မှိုင်းနေသည့် မီးခိုးရောင်အငွေ့အသက်များကြားမှ ဘုရင်ဝတ်စုံဝတ်ဆင်ထားသည့် ဧကရာဇ်တစ်ပါးထွက်ပေါ်လာလေသည်။
ထိုဧကရာဇ်သည်ကား အသူရာချောက်၏ငရဲမင်းဟုလည်းလူသိများသည့် “ယမမင်း” ပင်ဖြစ်လေသည်။ ယမမင်းဆိုသည်ကလည်း အခြားသူမဟုတ်ပေ။ "ရဲ့လျိုယွင်" ပင် ဖြစ်လေ၏။
နှစ်ပေါင်းတစ်သောင်းကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။
ထိုအချိန်အတွင်း ရဲ့လျိုယွင်သည်လည်း မယုံနိုင်စရာကောင်းလောက်အောင် ကျင့်ကြံခြင်းအဆင့်များ မြင့်မားလာခဲ့သည်။ သူက သေခြင်းရှင်ခြင်းတရား၏ ထူးခြားလျှို့ဝှက်သည့် အနက်ရှိုင်းဆုံးအရာကိုပင် အနည်းငယ်တီးခေါက်နိုင်ခဲ့ပြီး မွေးခြင်းသေခြင်းကင်းလွတ်သည့် ယမမင်းဖြစ်နေခဲ့ပေပြီ။
သို့သော်… မာရ်နတ်က ရဲ့လျိုယွင်ထက်ပိုပြီး ပါးနပ်သူဖြစ်သည်။
ထို့ပြင် မာရ်နတ်၏ မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ်သည်လည်းပေါ့သေးသေးကျင့်စဉ်တစ်ခု မဟုတ်ပေ။ မာရ်နတ်သည် သေခြင်းရှင်ခြင်းကြိတ်ဆုံကြီးကိုပင် ရပ်တန့်သွားစေနိုင်သည်အထိ တန်ခိုးစွမ်းအား မြင့်မားသူဖြစ်လေသည်။
ထို့ကြောင့် … မတတ်သာသည့်အဆုံး ရဲ့လျိုယွင်ကိုယ်တိုင် ကိုယ်ထင်ပြကာ မာရ်နတ်ကို ရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်။
မာရ်နတ်က ခပ်အေးအေးအမူအရာဖြင့်ပင် ရဲ့လျိုယွင်ကို ကြည့်နေလေသည်။
ဆန်းလျန်၏လက်မှလွတ်ရန် ခွေးပြေးဝက်ပြေးပြေးခဲ့ရသည့် မာရ်နတ်ဟု မည်သူမှ သူ့ကို ထင်ကြလိမ့်မည် မဟုတ်ပေ။ ထို့ပြင်… သူကိုယ်တိုင်ကလည်း ဆန်းလျန်လက်မှ မနည်းလွတ်အောင်ပြေးခဲ့ရသည့် အရှက်ကွဲမှုကြီးကို မေ့ပျောက်သွားခဲ့ပြီဖြစ်သည်။ နဂိုအတိုင်း မာရ်နတ်ပီသစွာ စောင့်ကြွားကြွားဖြစ်လို့ နေခဲ့ပြီ။
သူက ရဲ့လျိုယွင်ကို အနူးညံ့ဆုံး အပြုံးတစ်ချက်ဖြင့် ပြုံးပြနှုတ်ဆက်လိုက်သည်။
မာရ်နတ်လာပြုံးပြနေသည်ကို တွေ့လိုက်ရသည်နှင့် ရဲ့လျိုယွင်က အေးစက်စွာဖြင့် "ဟွန့်" ခနဲ နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
ထို့နောက်… သူ၏လက်ကိုလေထဲသို့ ဆန့်တန်းလိုက်ရာ လေထဲတွင် ဓားတစ်လေက် ပေါ်လာလေသည်။ ထိုဓားသည် အရာအားလုံးကို သတ်ဖြတ်ဖျက်စီးပစ်တော့မည့်အလား ထင်မှတ်ရပြီး မာရ်နတ်သည်ပင် ချွင်းချက် မရှိနိုင်ပေ။
ရဲ့လျိုယွင်၏ဓားသိုင်းမှာ ချန်ကျန့်မေကို မယှဉ်နိုုင်သည့်တိုင် အဆင့်မြင့်သည်ဟုဆိုနိုင်သည်။ သူက အဆင့်မြင့်မရဏဓားတစ်လက်ကို ကျင့်ကြံနိုင်ခဲ့ပြီး ဓားသိုင်းအဓိပတိတစ်ယောက်ဟုပင် သတ်မှတ်နိုင်ပေ၏။
ထို့ပြင် သူသည် ဟွမ်ချွမ်အသက်မဲ့စွမ်းအားကို ကျင့်ကြံအောင်မြင်ခဲ့ပြီး ဓားသိုင်းဖြင့် ပေါင်းစပ်အသုံးပြုနိုင်ခဲ့လေသည်။ ထို့ကြောင့် သူ၏ဓားသိုင်းပညာကို မည်သည့်နည်းနှင့်မှ လျှော့တွက်၍ မဖြစ်နိုင်ပေ။
ဟွမ်ချွမ်အသက်မဲ့စွမ်းအားနှင့် ပေါင်းစပ်ထားသည့် မရဏဓားဝိညာဉ်သည် ယန်ရွှီးတစ်ဖြစ်လဲ မာရ်နတ်ကို အရပ် (၄)မျက်နှာမှ ပတ်ပတ်လည်ဝန်းရံထားလေသည်။ မာရ်နတ်သည် ဓားဝိညာဉ်ထောင်ချောက်ကြားထဲတွင် ပိတ်မိနေတော့သည်။
ရုတ်တရက်…
မရဏစွမ်းအားများဖြင့်ပြည့်နေသည့် ဓားဝိညာဉ်က မာရ်နတ်၏ခန္ဓာကိုယ်ကို ထိုးစိုက်ချလိုက်သည်။
သို့သော်… မာရ်နတ်၏ခန္ဓာကိုယ်သည်ချက်ချင်းပင် ပူစီဖောင်းများအဖြစ်ပြောင်းလဲသွားပြီး သူ၏မျက်နှာမှာလည်း ပြားချပ်ချပ်ကြီးဖြစ်သွားလေသည်။
မာရ်နတ်က အရိပ်တစ်ခုအလားပြောင်းလဲသွားသည့်အတွက် ရဲ့လျိုယွင်၏ ဓားချက်မှာ မာရ်နတ်ကို ထိခိုက်မိခြင်း မရှိတော့ပေ။
မာရ်နတ်သည် ပျောက်ကွယ်သွားပြီး လေထုထဲတွင် ပုန်းအောင်းနေလေတော့သည်။ သူက လေထုထဲတွင် ပုန်းအောင်းရင်း ရဲ့လျိုယွင်၏အနားသို့ ဖြည်းဖြည်းချင်း တိုးကပ်လာသည်။
သို့သော်… မာရ်နတ် မည်သည့်နေရာတွင်ရှိနေသည်ကို ရဲ့လျိုယွင်က ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပေ။
မာရ်နတ်ဆိုသည်က မိုးနှင့်မြေတွင် သွားလိုသည့်နေရာကို သဲလွန်စမကျန်အောင် လိုသလို သွားလာနိုင်သူတစ်ယောက် ဖြစ်လေသည်။
"ယမမင်းက ကျုပ်ကို ဘာလို့ မကြိုဆိုရတာလဲ…"
မာရ်နတ်၏အသံထွက်ပေါ်လာသည်။
သို့သော်… ထိုအသံက မည်သည့်နေရာကထွက်ပေါ်လာသည်ကို ခန့်မှန်း၍ မရနိုင်ပေ။
မာရ်နတ်သည် သူနှင့်အလွန်နီးကပ်နေသလို ခံစားရသည့်တိုင် အဝေးကြီးတွင် ရှိနေသကဲ့သို့လည်း ခံစားနေရလေသည်။
အဆင့်လွန်ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် ရဲ့လျိုယွင်သည် အစစ်အမှန်နှင့်အတုအယောင်ကို ပိုင်းခြားသိမြင်နိုင်သူ တစ်ယောက်ဖြစ်လေသည်။
သို့သော်… ယခုကဲ့သို့ မာရ်နတ်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရသည့်အခါ အနည်းငယ် ကူရာကယ်ရဲမဲ့သွားသလို ခံစားလိုက်ရသည်။
သူ… အသူရာချောက်ကို အုပ်စိုးခွင့်ရခဲ့ပြီးသည့်နောက်ပိုုင်း ယခုကဲ့သို့ အခြေအနေမျိုး တစ်ခါမှ မကြုံခဲ့ဖူးပေ။
ရဲ့လျိုယွင်က…
"ဘယ်သူက မာရ်နတ်ကို ကြိုဆိုချင်မှာတဲ့လဲ…"
မာရ်နတ်က…
"မင်းသိလား ၊ ဆန်းလျန် ပြန်ပေါ်လာပြီ ၊ တကယ်ဆို အသူရာချောက်ရဲ့အရှင်သခင်အစစ်အမှန်က ဆန်းလျန်လေ ၊ မင်းက သူ့နေရာကိုယူထားတာ ၊ အခု သူပြန်ရောက်လာပြီဆိုတော့ မင်း နေရာပျောက်မှာ မကြောက်ဘူးလား…"
ရဲ့လျိုယွင်က…
"ပွင့်ပွင့်လင်းလင်းပြောရရင် ကျုပ် စိတ်ပူမိပါတယ် ၊ ဒါပေမဲ့ မင်းက အဲဒီအကြောင်းပြောဖို့အတွက်နဲ့ အသူရာချောက်ကို တကူးတကရောက်လာတာလား…"
မာရ်နတ်က ကိုယ်ထင်ပြခြင်း မရှိသေးပေ။ အသံသာ ဆက်လက်ထွက်ပေါ်လာလေသည်။
"မဟုတ်ပါဘူး ၊ ဒါပေမဲ့ မင်းကို အသူရာချောက်ရဲ့စစ်မှန်တဲ့အရှင်သခင်ဖြစ်လာအောင် ကျုပ်က ကူညီပေးနိုင်ပါတယ်…"
ရဲ့လျိုယွင်က ပေါ့ပေါ့ပါးပါးလေသံဖြင့်…
"ဒါဖြင့် အပေးအယူအနေနဲ့ မင်းက ဘာများပြန်တောင်းဆိုချင်သလဲ…"
မာရ်နတ်က…
"ကျုပ်က သေခြင်းရှင်ခြင်းစာအုပ်ကို တစ်ချက်လောက်လေး ကြည့်ခွင့်ရချင်တာပါ…"
ရဲ့လျိုယွင်က အေးစက်စွာပြုံးလိုက်ရင်း…
"ဘာလဲ ၊ သေခြင်းရှင်ခြင်းစာအုပ်ကိုကြည့်ပြီး သက်ရှိသတ္တဝါတွေရဲ့ စိတ်နဲ့ရုပ်တွေကို မိုးကောင်းကင်မိစ္ဆာစွမ်းအားနဲ့ ပြုစားဦးမလို့လား…"
မာရ်နတ်က…
"သိပ်ဟုတ်တာပေါ့ ၊ မင်းက သိပ်တော်တယ် ၊ တစ်ချက်တည်းနဲ့ ကျုပ်ရဲ့ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားတယ် ၊ ပွင့်ပွင့်လင်းလင်းပြောရရင် ဆန်းလျန်သာ ကျုပ်ကို လိုက်မသတ်ခဲ့ဘူးဆိုရင် ဒီလိုစိတ်ကူးမျိုး ရမှာတောင်မဟုတ်ဘူး ၊ ဒါပေမဲ့ သေခြင်းရှင်ခြင်းစာအုပ်ကို ကြည့်ရုံနဲ့လည်း သက်ရှိတွေအားလုံးကို ကျုပ်ရဲ့ ကိုယ်ပွားတွေအဖြစ် ပြောင်းလဲပစ်နိုင်ဖို့က မသေချာပါဘူးလေ…"
ရဲ့လျိုယွင်က…
"ဒါပေမဲ့ အောင်မြင်သွားရင်တော့ မင်းက ကိုယ်ပိုင်စကြာဝဠာတစ်ခုကိုဖန်ဆင်းပြီး အဲဒီနေရာမှာ ထာဝရ ပုန်းအောင်းနေနိုင်ပြီ မဟုတ်လား ၊ အဲဒီလိုသာဆို ဘယ်သူ့ကိုမှ ကြောက်စရာ မလိုတော့ဘူးမလား…"
မာရ်နတ်က ခပ်ပါးပါးတစ်ချက်ပြုံးလိုက်ရင်း…
"အဲဒီလိုဖန်ဆင်းတာက အတုအယောင်တစ်ခုပါပဲလေ ၊ ဒါပေမဲ့ စကြာဝဠာကြီးမပျက်သေးသရွေ့ ၊ တာအိုဆရာသခင်ကြီး တစ်ပါးက ကျုပ်ကိုလာမရှာသေးသရွေ့တော့ အန္တရယ်ကင်းကင်းနဲ့ နေနိုင်မှာပေါ့…."
ရဲ့လျိုယွင်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"ဒါပေမဲ့ သေခြင်းရှင်ခြင်းစာအုပ်ကိုကြည့်ဖို့ ကျုပ်က သဘောမတူဘူးဆိုရင်ရော…"
မာရ်နတ်က…
"မင်းကို အသူရာချောက်ရဲ့ အရှင်သခင်ဖြစ်လာအောင် ကျုပ်က ကူညီပေးနိုင်တယ်ဆိုတာ မယုံဘူးလား…."
ရဲ့လျိုယွင်က…
"ဆန်းလျန်ကလွဲပြီး အဲဒီကိစ္စကို ဘယ်သူမှ နားလည်နိုင်မှာ မဟုတ်ဘူး ၊ ဆန်းလျန်ကလွဲရင် ဘယ်သူမှ အသူရာချောက်ရဲ့ စစ်မှန်တဲ့အရှင်သခင် ဖြစ်လာနိုင်မှာ မဟုတ်ဘူး ၊ အဲဒါက ကံတရားက သတ်မှတ်ပေးထားပြီးသားပဲ…"
မာရ်နတ်၏ ဟားတိုက်ရယ်မောသံကြီး ထွက်ပေါ်လာပြီး ဝိညာဉ်မြစ်တစ်လျှောက် ပဲ့တင်သံထပ်သွားလေသည်။ ပဲ့တင်သံသည် ရဲ့လျိုယွင်၏ နားတွင်းသို့ ဝင်ရောက်လာလေသည်။
ထို့နောက် ရယ်သံက တဖြည်းဖြည်းတိုးတိတ်ပြီး ပျောက်ကွယ်သွားသည်။
ရဲ့လျိုယွင်က တိတ်ဆိတ်ငြိမ်သက်နေလေသည်။ သူ့အနေဖြင့် အသူရာချောက်ကို ဆန်းလျန်၏လက်ထဲသို့ ပြန်ပေးလိုစိတ် မရှိပေ။ သို့သော်… အရာအားလုံးက ကံတရားပင် ဖြစ်လေသည်။
မာရ်နတ်၏အသံက ရဲ့လျိုယွင်၏ နားထဲသို့ တီးတိုးဝင်ရောက်လာသည်။
"မင်းသေသေချာချာ စဉ်းစားပါ ၊ စဉ်းစားပြီးရင် သွေးနီရောင်ပင်လယ်မှာ ကျုပ်ကိုလာရှာပါ…"
မာရ်နတ်၏ စကားလုံးတိုင်းသည် ရဲ့လျိုယွင်၏ နှလုံးသားထဲတွင် အမြစ်တွယ်သွားသည့်အလား ဖျောက်ဖျက်ပစ်ရန် ခက်ခဲလှလေသည်။ သို့သော်… ရဲ့လျိုယွင်က စိတ်ဓာတ်ခိုင်မာသူဖြစ်သည့်အတွက် သူ၏ လိုချင်လောဘနှင့် တပ်မက်စိတ်များကို ချက်ချင်းပင် ထိန်းချုပ်ထားလိုက်နိုင်သည်။
သူသည် တစ်ချိန်က ဟွမ်ချွမ်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ခဲ့သည်။ ထို့နောက်… အခြားသူများမသိနိုင်သည့် လျှို့ဝှက်ချက်များကို သိမြင်နားလည်လာပြီး အသူရာချောက်၏ ယမမင်းဆိုသည့် အနေအထားအထိ ရောက်ရှိလာခဲ့သည်။
ယခုအချိန်တွင် သူ့ရင်ထဲမှ အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုကို ပြောပါဆိုလျှင် "အသူရာချောက်၏အရှင်သခင်" ဖြစ်လိုသည့် ဆန္ဒပင်ဖြစ်လေသည်။ သူက ဟိုးလွန်ခဲ့သည့်အချိန်များစွာကပင် အသူရာချောက်၏အရှင်သခင် သေလောက်အောင်ဖြစ်ချင်နေခဲ့သူ ဖြစ်လေ၏။
ထို့နောက်တွင်တော့…
ရဲ့လျိုယွင်က လေးပင်သည့်သက်ပြင်းတစ်ချက်ချလိုက်ပြီး တီးတိုးရေရွတ်လိုက်လေသည်။
"ဒီ အသူရာချောက်က သူပိုင်တဲ့နေရာမဟုတ်တော့ပါဘူး…"
ထိုအချိန်မှာပင်…
အသူရာချောက်၏ မှောင်မှိုင်းနေသည့် မီးခိုးရောင်ကောင်းကင်ကြီး အက်ကွဲသွားပြီး ကြီးမားသည့် ငှက်ကြီးတစ်ကောင် ပျံသန်းဝင်ရောက်လာသည်ကို တွေ့မြင်လိုက်ရလေတော့သည်။
***