← Chapters

အသူရာချောက်မှတိုက်ပွဲ

Vol. 9 Ch. 831

အသူရာချောက်မှတိုက်ပွဲ

Vol. 9 Ch. 831

အသူရာချောက်သို့ ပျံသန်းဝင်ရောက်လာသည့်ငှက်ကြီးကို တွေ့လိုက်သည်နှင့် ရဲ့လျိုယွင် မျက်နှာတစ်ချက် ပျက်သွားသည်။

အဘယ်ကြောင့်ဆိုသော်… ထိုငှက်ကြီးမှာ ခွန်ဖိန်အနွယ်တော် ငှက်ကြီးတစ်ကောင် ဖြစ်နေသောကြောင့်ပင်။

ရဲ့လျိုယွင်က နတ်မိစ္ဆာအဓိပတိနန်းတော်ကို ထိပါးခဲ့ခြင်း မရှိပေ။ သို့သော်… တစ်ချိန်တုန်းကတော့ ပေမင်ကျီနှင့်အထင်လွဲမှားမှု အနည်းငယ်ရှိခဲ့ဖူးသည်။ သို့တိုင်အောင်… ထိုကိစ္စကြောင့်တော့ဖြင့် နှစ်ပေါင်းတစ်သောင်းကြာသည့်အချိန်တွင် ခွန်ဖိုန်အနွယ်တော်တစ်ယောက် အသူရာချောက်သို့ လိုက်လာခြင်းမှာ မဖြစ်နိုင်ပေ။

ထိုအချိန်မှာပင်…

ကောင်းကင်ထက်မှ ခန့်ညားသည့် ယောကျ်ားသံတစ်သံ ထွက်ပေါ်လာလေသည်။

"နတ်မိစ္ဆာအဓိပတိကြီးရဲ့ အမိန့်အရ နတ်မိစ္ဆာအဓိပတိနန်းတော်က အသူရာချောက်ကို သိမ်းပိုက်လိုက်ပါပြီ ၊ ပုန်ကန်တဲ့သူရှိရင် ငဲ့ညှာခြင်းမရှိ သေဒဏ်ခံရမယ်…"

ထို့နောက် ခွန်ဖိန်အနွယ်တော် ငှက်ကြီးက ငှက်ခြေသည်းများဖြင့် မီးခိုးရောင်ကောင်းကင်ထက်တွင် ထူးဆန်းသည့် သင်္ကေတတစ်ခုကို ကုတ်ခြစ်လိုက်လေရာ "သတ်" ဆိုသည့် စာလုံး ပေါ်လာလေသည်။

အသူရာချောက်က ကျယ်ပြန့်လွန်းလေသည်။

သို့သော်… ခွန်ဖိန်ငှက်ကြီး ကောင်းကင်ထက်တွင်ရေးလိုက်သည့် "သတ်" ဆိုသည့် စာလုံးကို နေရာအနှံ့မှ မြင်တွေ့ရမည် ဖြစ်သည်။

လောကီအရေးကိစ္စများတွင် တော်ရုံနှင့် ပါဝင်ပတ်သတ်လေ့မရှိသော နတ်မိစ္ဆာအဓိပတိနန်းတော်က နောက်ဆုံးတော့ သူတို့၏ အခွင့်အာဏာကို ပြသခဲ့လေပြီလား။

နတ်မိစ္ဆာအဓိပတိနန်းတော်၏ ပထမဆုံး ခြေလှမ်းက "အသူရာချောက်ကိုသိမ်းပိုက်ခြင်း" ဖြစ်နေခဲ့သည်လား။

ရဲ့လျိုယွင်အနေဖြင့် နတ်မိစ္ဆာအဓိပတိနန်းတော်ကို မလွန်ဆန်နိုင်ကြောင်း သူကိုုယ်တိုင်လည်း ကောင်းကောင်း သိလေသည်။

သို့သော်… ယခု ရောက်လာသည့် ခွန်ဖိန်အနွယ်တော်ကတော့ နတ်မိစ္ဆာအဓိပတိကြီး မဟုတ်ပေ။ အသူရာချောက်ကို ကျူးကျော်ဝင်ရောက်လာသူသာ ဖြစ်လေသည်။

ရဲ့လျိုယွင်အနေဖြင့် ခေါင်းငုံ့ငြိမ်ခံနေမည်တော့ မဟုတ်ပါပေ။

ရဲ့လျိုယွင်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ပေပေါင်းတစ်သောင်းမက မြင့်မားသည့် ဧရာမခန္ဓာကိုယ်ကြီးတစ်ခု အဖြစ် ပြောင်းလဲသွားလေသည်။

ရဲ့လျိုယွင်၏ ကြီးမားသည့် လက်ဖဝါးထက်တွင် မိုးမြေစွမ်းအားများ လှည့်ပတ်လွင့်မျောနေပြီး မိုးမြေကိုပင် ထိုးဖောက်နိုင်စွမ်းရှိသည့် ဓမ္မဝိသေသကို ထုတ်ဖော်ပြသနေလေသည်။ သူ၏ လက်နှင့်ခြေထောက်များကြားတွင် အသက်ဓာတ်စွမ်းအားများ လှည့်ပတ်နေပြီး မည်သည့်နတ်ဘုရားကိုမဆို ပြာမှုံ့ဖြစ်သွားစေမည့်အလား ထင်မှတ်ရသည်။

ရဲ့လျိုယွင်သည် အသူရာချောက်တွင် ပြိုင်ဘက်ကင်းဖြစ်လေသည်။

အသူရာချောက်တွင် ကျင့်ကြံနေကြသည့် ဝိညာဉ်များနှင့် နတ်ဘုရားများစွာ ရှိလေသည်။ သို့သော်… ရဲ့လျိုယွင်ကိုတော့ မည်သူမှ ယှဉ်ပြိုင်နိုင်ကြမည် မဟုတ်ပေ။

ရဲ့လျိုယွင်၏ ဧရာမ နတ်ဘုရားခန္ဓာကြီး စတင်လှုပ်ရှားလာလေသည်။ သူ၏ ဖြူလျော်အေးစက်သည့် လက်ကြီးတစ်ဖက်က ခွန်ဖိန်အနွယ်တော်ငှက်ကြီးကို လက်သီးတစ်ချက်ဖြင့် ထိုးခွင်းပစ်လိုက်သည်။

ခွန်ဖိန်အနွယ်တော်ငှက်ကြီးကာ တောင်ပံများကိုဖြန့်ကာ ပျံသန်းထွက်ခွာသွားပြီး ရဲ့လျိုယွင်၏ လက်သီးချက်ကို ရှောင်တိမ်းသွားလေသည်။ ငှက်ကြီး၏ ခြေထောက်အောက်တွင် မီးခိုးရောင်တိမ်တိုက်တစ်ခုကို စီးနင်းထားလေ၏။

သို့သော်… ရဲ့လျိုယွင် အသက်တစ်ချက် ရှူထုတ်လိုက်သည်နှင့် မီးခိုးရောင်တိမ်တိုက်က တစ်စစီလွင့်မျော ပျောက်ကွယ်သွားလေသည်။ ထို့နောက် ရဲ့လျိုယွင်က ပါးစပ်ကိုဟပြီး မှုတ်ထုတ်လိုက်လေရာ ကြီးမားသည့် ယင်စွမ်းအား လေလှိုင်းကြီး ဖြစ်ပေါ်လာလေသည်။ လေလှိုင်းကြီးမှာ မည်သည့်မုန်တိုင်းနှင့်မှ နှိုင်းယှဉ်မရလောက်အောင် ပြင်းထန်လှသည်။

ရဲ့လျိုယွင်က အေးစက်သည့်လေသံဖြင့်…

"ကျုပ်က နတ်မိစ္ဆာအဓိပတိနန်းတော်ကို လေးစားခဲ့ပါတယ် ၊ ဘာလို့ ခွန်ဖိန်အနွယ်တော် ညီအစ်ကိုက ကျုပ်ရဲ့ အသူရာချောက်ကို ကျူးကျော်လာရတာလဲ…"

အသူရာချောက်သို့ ရောက်ရှိလာသည့် ခွန်ဖိန်အနွယ်တော် ငှက်ကြီးမှာ နတ်မိစ္ဆာသူတော်စင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။ ထို့ပြင် သူက နတ်မိစ္ဆာအဓိပတိနန်းတော်တွင်လည်း ထိပ်တန်းအဆင့်ရှိသူတစ်ယောက် ဖြစ်လေ၏။

ခွန်ဖိန်အနွယ်တော်ငှက်ကြီးက…

"အားနည်းချက်နဲ့ အားသာချက်ဆိုတာ လောကမှာရှိစမြဲပဲ ၊ မင်းက ကျုပ်ကို အပြစ်တင်တယ်ဆိုရင်တော့ မင်းမှာ အားနည်းချက်ရှိနေလို့ပဲ ၊ မင်းလည်း ဒီအသူရာချောက်ကို သူများဆီက ခိုးယူထားတာပဲ မဟုတ်ဘူးလား…"

ရဲ့လျိုယွင်က နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း…

"ဒါဖြင့် မင်းကရော ဘယ်လောက် အားသာချက်တွေရှိနေသလဲ ကြည့်ရတာပေါ့…"

ခွန်ဖိန်နတ်မိစ္ဆာဘုရင်က…

"ကြည့်ရတာ မင်းက အာခံချင်နေတဲ့ပုံပဲ ၊ ဟွန်း… နတ်မိစ္ဆာအဓိပတိနန်းတော်က မင်းနဲ့ မင်းရဲ့လူတွေအကုန်လုံးကို အမှုန့်ကြိတ်ပစ်မှာ မကြောက်ဘူးလား…"

ရဲ့လျိုယွင်က စကားဆက်မပြောတော့ပေ။

သူရင်ဆိုင်နေရသည့် ခွန်ဖိန်နတ်မိစ္ဆာဘုရင်၏ တန်ခိုးစွမ်းအားက သူ့ထက်မသာလျှင်တောင်မှ မလျော့ပေ။ ထို့ပြင် ခွန်ဖိန်အနွယ်တော်တစ်ယောက်ဖြစ်နေသည့်အတွက် နတ်မိစ္ဆာအဓိပတိကြီး၏ နောက်ခံအင်အားကိုလည်း ရယူထားသေးသည်။

နတ်မိစ္ဆာအဓိပတိနန်းတော်ကို အံ့တုရန် မဖြစ်နိုင်ကြောင်း ရဲ့လျိုယွင် နားလည်ထားပါ၏။ သို့သော်…အသူရာချောက်ကို ယခုကဲ့သို့ လာရောက်ကျူးကျော်ခြင်းကိုလည်း သူ လက်မခံနိုင်ပါချေ။ ထို့ကြောင့်… တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်။

သူက အသူရာချောက်၏အရှင်သခင် အစစ်အမှန်မဟုတ်သည့်တိုင် ယမမင်းတစ်ပါးဖြစ်လေသည်။ သူ့အနေဖြင့် ယခုကဲ့သို့ ကျူးကျော်စော်ကားမှုကို မည်သည့်နည်းနှင့်မှ ခေါင်းငုံ့ခံမည် မဟုတ်ပါချေ။

ရဲ့လျိုယွင်က ပေါ့ပေါ့ပါးပါးလေသံဖြင့်…

"ဒါဖြင့်လည်း တိုက်ကြတာပေါ့ ၊ မင်း ကျုပ်ကို အနိုင်ယူပြီး အသူရာချောက်ကို သိမ်းပိုက်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့…"

ခွန်ဖိန်နတ်မိစ္ဆာဘုရင်က ပြုံးလိုက်ရင်း…

"အသူရာချောက် သိမ်းပိုက်ခံရတယ်ဆိုတာ အခုက ပထမဆုံးအကြိမ်မှ မဟုတ်တာ ၊ လူပြန်ဝင်စားခြင်းလမ်းစဉ်ကြောင့်သာ အသူရာချောက်က ပြီးပြည့်စုံနေတာပါ ၊ ဒီတော့ အသူရာချောက်ကို ဘယ်သူ အုပ်ချုပ်လဲဆိုတာက အရေးကြီးတဲ့ ကိစ္စမဟုတ်မဟုတ်ဘူး…"

ထို့နောက် ခွန်ဖိန်အနွယ်တော်ငှက်ကြီးက အတောင်ပံတစ်ချက်ခတ်လိုက်လေရာ အရှိန်အဟုန်ပြင်းထန်လွန်းသည့် စွမ်းအားလှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာလေသည်။  ထိုစွမ်းအားက ရဲ့လျိုယွင်၏ ပေပေါင်းတစ်သောင်းမက မြင့်မားသည့် နတ်ဘုရားခန္ဓာကြီးကို ဖိနှိပ်ထားလိုက်သည်။ ရဲ့လျိုယွင်မှာ အနည်းငယ်ပင် တုန်လှုပ်သွားရသည်။

ထို့နောက်… ငှက်ကြီးက ခွန်ဖိန်လက်သည်းရှည်ကြီးများဖြင့် ရဲ့လျိုယွင်ကို ထိုးသုတ်ကုတ်ခြစ်ပစ်လိုက်လေသည်။ ခွန်ဖိန်အနွယ်တော် ငှက်ကြီး၏ တန်ခိုးစွမ်းအားက မြင့်မားလွန်းလေရာ တော်ရုံနတ်ဘုရားတစ်ပါးဆိုလျှင် သူ၏ တိုက်ခိုက်မှုကို ခုခံရှောင်တိမ်းနိုင်စွမ်းရှိမည် မဟုတ်ပေ။

ထို့ပြင် ငှက်လက်သည်းများဖြင့် ထိုးသုတ်တိုက်ခိုက်ဟန်ကလည်း ပညာသားပါလွန်းလှသည်။

ရဲ့လျိုယွင်က သေခြင်းရှင်ခြင်းလမ်းစဉ်၏ မူလဖြစ်သည့် အနက်ရောင်လေထုအတွင်းသို့ တိုးဝင်သွားပြီး လက်သီးတစ်ချက် ထပ်မံထိုးနှက်လိုက်သည်။ ပြင်းထန်လွန်းသည့်လက်သီးချက်က ခွန်ဖိန်အနွယ်တော်ငှက်ကြီး၏ အတောင်ပံများကို ရှပ်ထိသွားသည်။

ခွန်ဖိန်ငှက်ကြီးမှာ မိုင်ပေါင်းသောင်းနှင့်ချီသည်အထိ လွင့်ထွက်သွားလေတော့သည်။

ယမမင်းတစ်ပါးအဖြစ် နှစ်ပေါင်းသောင်းနှင့်ချီပြီး ရပ်တည်နိုင်ခဲ့သည်မှာ အလကားမဟုတ်ကြောင်း ရဲ့လျိုယွင် သက်သေပြလိုက်ပြီ ဖြစ်သည်။

သို့သော်… ခွန်ဖိန်ငှက်ကြီးကလည်း ခေသူမဟုတ်ပေ။

လွင့်ထွက်သွားသည့်နေရာမှ အတောင်ပံတစ်ချက်ခတ်လိုက်သည်နှင့် တိုက်ပွဲအတွင်း ပြန်လည်ရောက်ရှိလာလေသည်။ သူက ငှက်နှုတ်သီးကြီးကို ဖွင့်ဟပြီး မီးလျှံများကို မှုတ်ထုတ်လိုက်သည်။ ထွက်ပေါ်လာသည့် ငှက်အော်သံကြီးက အသူရာချောက် (၉)ထပ်လုံးကို တုန်လှုပ်သွားစေလေ၏။

ရဲ့လျိုယွင်နှင့် ခွန်ဖိန်အနွယ်တော်ငှက်ကြီးတို့၏ တိုက်ပွဲကြောင့် အသူရာချောက်၏ နေရာအတော်များများ ပြိုကျပျက်စီးကုန်တော့သည်။

အသူရာချောက်မှ တိုက်ပွဲက လူ့လောကသို့ပင် အနည်းငယ် ဂယက်ရိုက်ခဲ့လေသည်။

သို့သော်… သတိထားမိသူ အနည်းငယ်သာရှိသည်။

သတိထားမိသူအနည်းငယ်တွင် ဆန်းလျန်ပါဝင်သည်ကတော့ အသေအချာပင် ဖြစ်သည်။

ထိုအချိန်မှာပင်… ဆန်းလျန်၏ ရှေ့မှ ယွမ်တုဓားနှင့် ငရဲလမ်းဓားတို့မှာ အနည်းငယ် တုန်ခါသွားကြသည်။

ဆန်းလျန်က ဓား (၂)လက်ကို ကြည့်လိုက်ပြီး ခပ်ပါးပါး တစ်ချက်ပြုံးလိုက်သည်။ သူ၏ မျက်ဝန်းများဆီမှ တောက်ပသည့် အလင်းတန်းများ လက်ခနဲ ထွက်ပေါ်လာပြီး မရဏဓား (၂)လက်ဖြင့် ပေါင်းစပ်သွားလေသည်။

အာလာယဝိညာဉ်စတန်ခိုးစွမ်းအား၏ ဝိသေသလက္ခဏာမှာ လောကတွင် ဖုံးကွယ်ထားသည့် ဓမ္မမှန်သမျှကို သိမြင်နိုင်စွမ်းရှိလေသည်။ ထို့ကြောင့် မရဏဓား (၂)လက်၏ သဘောသဘာဝကိုလည်း ဆန်းလျန် သိရှိနားလည်ထားလေသည်။ အပြည့်အဝနားလည်ခြင်းမဟုတ်သည့်တိုင် နားလည်သင့်သလောက် နားလည်ထားပေ၏။

အမှန်တော့… အသူရာချောက်မှတိုက်ပွဲကို ဆန်းလျန်က စိတ်ဝင်စားခြင်း မရှိပေ။

ရွှမ်တုတောက်ကျွင်းနှင့် တာ့လော်အဆင့် ကျင့်ကြံသူ (၃)ယောက်ဖြစ်သည့် ကွမ်ယင်မယ်တော် ၊ မျောက်မင်းစွန်းဝူခုံးနှင့် ကျန့်ယွမ်ကျီနတ်မင်းကြီးတို့၏ တိုက်ပွဲကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ပြီးသည့်နောက် တော်ရုံတိုက်ပွဲများကို ဆန်းလျန် သိပ်ပြီး စိတ်ဝင်စားခြင်း မရှိတော့ပေ။

သို့သော်… ယွမ်တုဓားနှင့် ငရဲလမ်းဓား (၂)လက်က တိုက်ပွဲကြောင့် အနည်းငယ် မငြိမ်မသက် ခံစားနေကြရဟန် ရှိလေသည်။

မရဏဓား (၂)လက်က ထူးဆန်းသည်တော့ အမှန်ပင် ဖြစ်လေသည်။ ဆန်းလျန်သည်ပင် အံ့သြရသည်အထိ ထူးဆန်းသည့် ဓားများ ဖြစ်ကြသည်။ သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်နှင့်ပင် ထိုဓား (၂)လက်ကို အပြည့်အ၀ ခန့်မှန်း နိုင်စွမ်း မရှိသေးပေ။

ယွမ်တုဓားကတော့ သူနှင့် ရင်းနှီးနေသလို ခံစားရပြီး ငရဲလမ်းဓားကတော့ သူ့ကို ဆန့်ကျင်နေသည့်အလား ခံစားရသည်။

ထို့ပြင် ထိုဓား (၂)လက်၏ သဘောသဘာဝကလည်း လုံး၀ တူညီခြင်း မရှိပေ။

ယွမ်တုဓားမှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုသည့် အငွေ့အသက်များက တောင်ကြီးတစ်တောင်အလား ပြင်းထန်လွန်းသည်။ ယွမ်တုဓား၏လက်မှ မည်သူမှ လွတ်မြောက်နိုင်စွမ်းရှိမည် မဟုတ်သလို မည်သူမှလည်း ခုခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

ယွမ်တုဓားမှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုသည့် အငွေ့အသက်များမှာ နတ်ဘုရားများကိုပင် ကြောက်ရွံ့ထိတ်လန့်စေမည် ဖြစ်လေသည်။

သို့သော်… ငရဲလမ်းဓားကတော့ မတူကွဲပြားလေ၏။

ငရဲလမ်းဓားမှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကတော့ လူတိုင်း၏ စိတ်ဝိညာဉ်အတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိလေသည်။ အချိန်တစ်ခဏအတွင်းမှာပင် လူတိုင်း၏ စိတ်ဝိညာဉ်ကို အကြောက်တရား အတိဖုံးလွှမ်းကာ တုန်လှုပ်သွားစေနိုင်သည့် စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသည်။

ငရဲလမ်းဓားက လူတစ်ယောက်၏ ရုပ်ခန္ဓာကို ဒဏ်ရာမရစေသည့်တိုင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ စိတ်ဝိညာဉ်အတါင်းသို့ ဝင်ရောက်သွားသည်နှင့် ချက်ချင်းလဲကျသေဆုံးသွားနိုင်သည့် အစွမ်းမျိုးကို ပိုင်ဆိုင်ထားသည်။

ယွမ်တုဓားက ရုပ်ခန္ဓာကိုသတ်ဖြတ်သောဓားဖြစ်လျှင် ငရဲလမ်းဓားကတော့ စိတ်ဝိညာဉ်ကို သတ်ဖြတ်သည့်ဓားဖြစ်သည်။

ယွမ်တုဓားက ရုပ်ခန္ဓာကို ရည်ညွှန်းပြီး ငရဲလမ်းဓားက စိတ်ဝိညာဉ်ကို ရည်ညွှန်းလေသည်။ မယုံနိုင်စရာ ကောင်းလောက်အောင် ဒဏ္ဍာရီဆန်သည့် မရဏဓား (၂)လက်ပင် ဖြစ်တော့သည်။

ထိုအချက်က ဆန်းလျန်၏ စိတ်ကိုအလွန်မှ စွဲဆောင်နိုင်ခဲ့သည်။ မရဏဓား (၂)လက်ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာနိုင်ခြင်းမရှိသည့်တိုင် နားမလည်သေးသည့် အကြောင်းအရာအချို့ကို နားလည်ခဲ့ရလေသည်။

ထို့ပြင် လက်ရှိအချိန်တွင် ဆန်းလျန်ကိုယ်တိုင်သည်လည်း မည်သည့်ကျင့်ကြံခြင်းအဆင့်သို့ ရောက်နေသည်ကို သူကိုယ်တိုင် မသိရှိတော့ပေ။

တာ့လော်အဆင့်သို့ မရောက်သေးသည်က သေချာလေသည်။ သို့သော်… ထိုက်ယီထျန်းရှန်းအဆင့်ကိုလည်း ကျော်လွန်နေပြီ ဖြစ်လေသည်။

အမှန်တော့ နတ်ဘုရားတစ်ပါးသည် ထိုက်ယီထျန်းရှန်းအဆင့်သို့ ရောက်ရှိသည်နှင့် ကိုယ်ပိုင်လောကသစ်တစ်ခုဖြစ်သည့် နတ်ဘုရားနယ်မြေတစ်ခုကို ဖန်ဆင်းဖွင့်လှစ်နိုင်ပြီ ဖြစ်သည်။ သို့သော်… နတ်ဘုရားနယ်မြေတစ်ခု ဖန်ဆင်းနိုင်ခြင်းက တကယ့် အစစ်အမှန် စကြာဝဠာတစ်ခုကို ဖန်ဆင်းနိုင်ခြင်းနှင့်တော့ နှိုင်းယှဉ်မရနိုင်ပေ။

သို့သော်… ထိုက်ယီထျန်းရှန်းအဆင့်ဆိုသည်က ကျင့်စဉ်လမ်း၏ ထိပ်ဆုံးအဆင့်သို့ ရောက်လုနီပါးဖြစ်နေပြီဟုဆိုနိုင်သည်။

ထိုက်ယီထျန်းရှန်းအဆင့်မှ တစ်ဆင့်တက်မည်ဆိုလျှင် တာ့လော်အဆင့်သို့ ရောက်ရှိပေမည်။

သို့သော်… တာ့လော်အဆင့်ထက်ပိုပြီး အရေးကြီးသည်မှာ ဟွင့်ယွမ်ဝူကျီအဆင့် ဖြစ်လေသည်။ ထိုက်ယီထျန်းရှန်း အဆင့် ၊ တာ့လော်အဆင့်နှင့် ဟွင့်ယွမ်ဝူကျီအဆင့်ဆိုသည့် အဓိပတိအဆင့် (၃)ဆင့်တွင် ဟွင့်ယွမ်ဝူကျီအဆင့်က အမြင့်ဆုံးဖြစ်လေသည်။ ထို့ပြင် ကျင့်စဉ်လမ်းတွင် အဓိကျသည့်အဆင့်တစ်ခုလည်း ဖြစ်သည်။

သို့သော်… နတ်ဘုရားတစ်ပါးအဖြစ် အသက်ရှည်ရှည်ဖြင့် နေထိုင်သွားကြချင်သူများအတွက် ထိုအဆင့်ထိ ရောက်အောင် ကျင့်ကြံရန် မလိုလှပေ။

ဟွင့်ယွမ်ဝူကျီအဆင့်ကျင့်ကြံသူများအကြောင်းပြောမည်ဆိုလျှင် ကျန့်ယွမ်ကျီနတ်မင်းကြီးနှင့် ရွှမ်တုတောက်ကျွင်းကို မေ့ထား၍ မဖြစ်ပေ။

ကျန့်ယွမ်ကျီနတ်မင်းကြီးသည် တာ့လော်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်လေသည်။ သို့သော်… သူ၏ တန်ခိုးစွမ်းအားများက ဟွင့်ယွမ်ဝူကျီအဆင့်နီးပါး မြင့်မားလေသည်။

ရွှမ်တုတောက်ကျွင်းကတော့ ဟွင့်ယွမ်ဝူကျီအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။ သို့သော်… သူက ထိုက်ချိယင်ယန်ပန်းချီကားကြောင့်သာ ဟွင့်ယွမ်ဝူကျီအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပါက သူ့အဆင့်သည် ကျန့်ယွမ်ကျီနတ်မင်းကြီးထက် သာလွန်စရာ အကြောင်း မရှိပေ။

ကျန်ရယွမ်ကျီနတ်မင်းကြီး တန်ခိုးစွမ်းအားမြင့်မားရသည်မှာ အကြောင်းရှိသည်။ သူ၏ ပင်ကိုယ်အရည်အချင်းကြောင့်သာမက သူပိုင်ဆိုင်သည့် လူသားပုံသဏ္ဍန်ဂျင်ဆင်းဆေးပင်ကြောင့်လည်း ဖြစ်သည်။ ထိုဆေးပင်သည် နတ်မင်းကြီးအတွက် အလွန်အဖိုးတန်သည့် သစ်ပင်တစ်ပင်ဖြစ်သည်။

ထိုသစ်ပင်သည် မိုးနှင့်မြေ၏ ဝိညာဉ်စွမ်းအားအရင်းအမြစ်တည်ရှိရာ သစ်ပင်တစ်ပင်ဖြစ်ပြီး စကြာဝဠာ ကနဦးကာလကပင် တည်ရှိခဲ့သည့် သစ်ပင်ဖြစ်သည်။ ကျန့်ယွမ်ကျီနတ်မင်းကြီးက ကံကောင်းလွန်းစွာ ထိုသစ်ပင်ကို အပိုင်ရရှိခဲ့သည်။

ထိုသစ်ပင်က ကျန့်ယွမ်ကျီနတ်မင်းကြီး၏ အသက်ဓာတ်စွမ်းအားများကို နှစ်ပေါင်းမရေမတွက်နိုင်အောင် သန့်စင်ပေးခဲ့သည်။ ထိုသစ်ပင်က အခြားသော နတ်မိစ္ဆာသစ်ပင်များထက်ပင် တန်ခိုးစွမ်းအားများကို စုစည်းပေးနိုင်စွမ်း မြင့်မားလေသည်။ မိုးကောင်းကင်မှ ပေးအပ်သည့် ကောင်းချီးမင်္ဂလာတစ်ခုပင် ဖြစ်သည်။

နောက်ပိုင်း စန်းကွမ်းပရိတ်ရေကြောင့် လူသားပုံသဏ္ဍန်ဂျင်ဆင်းဆေးပင် ပြန်လည်ရှင်သန်လာသည့်အခါ အရာရာက ပိုပြီး ပြည့်စုံသွားလေသည်။

သို့သော်… ကျန့်ယွမ်ကျီနတ်မင်းကြီး ဟွင့်ယွမ်ဝူကျီအဆင့်သို့ တက်ရောက်နိုင်ခြင်း မရှိခဲ့သည်မှာ ထို ဂျင်ဆင်းဆေးပင်ကြောင့် ဖြစ်လေသည်။ ထိုအချက်က အကျိုးနှင့်အပြစ် ဒွန်တွဲနေသည်ကို ပြဆိုသည်။

ဆန်းလျန်လျှောက်လှမ်းသည့် လမ်းကြောင်းကတော့ ကျန့်ယွမ်ကျီနတ်မင်းကြီးနှင့်လည်း တူညီခြင်း မရှိသလို ရွှမ်တုတောက်ကျွင်းနှင့်လည်း တူညီခြင်း မရှိပေ။

ယခု အာလာယဝိညာဉ်ဏတန်ခိုးစွမ်းအားများရရှိသွားသည့်အတွက် ဆန်းလျန်သည် သံသရာကို ဖြတ်တောက်နိုင်သည့် အန္တိမလမ်းကြောင်းပေါ်သို့ ရောက်ရှိသွားပြီ ဖြစ်လေသည်။

သူ့အတွက် ကျင့်ကြံခြင်းအဆင့်တက်လှမ်းနိုင်ရန် မည်သည့်ဝိညာဉ်စွမ်းအားပစ္စည်း ၊ မှော်ဝင်ပစ္စည်များမှ လိုအပ်တော့မည် မဟုတ်ပေ။ ထိုသို့သော ပစ္စည်းများသည် ဆန်းလျန်အတွက်တော့ ကျင့်စဉ်လမ်းတွင် အထောက်အကူပေးနိုင်မည့် အရင်းအမြစ်များသာ ဖြစ်သွားပေလိမ့်မည်။

ယခု သူပိုင်ဆိုင်ထားသည့် မရဏဓား (၂)လက်သည်လည်း ထိုသဘောသာ ဖြစ်လေသည်။ ထို့ကြောင့် ထိုဓား (၂)လက်ကြောင့်တော့ ဆန်းလျန်၏ ကျင့်ကြံခြင်းအဆင့် တက်ရောက်သွားလိမ့်မည် မဟုတ်ပေ။

***

All Chapters