ကျောက်တုံးကိုပင်ခေါင်းညိတ်စေသူ
Vol. 9 Ch. 832
အသူရာချောက်မှတိုက်ပွဲမှာ အဆုံးသတ်ခါနီးနေပြီ ဖြစ်သည်။
နောက်ဆုံးတော့ ခွန်ဖိန်နတ်မိစ္ဆာဘုရင် သူမည်မျှအစွမ်းထက်သည်ကိုပြသခဲ့လေသည်။
အမှန်တကယ်လည်း သူသည် ပေါ့သေးသေးနတ်မိစ္ဆာဘုရင်တစ်ပါးမဟုတ်ပါချေ။ သူက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သူတစ်ယောက်ဖြစ်သည့်အပြင် သူ့ကို ကျင့်စဉ်သင်ပြပေးသူမှာ နတ်မိစ္ဆာအဓိပတိကြီးကိုယ်တိုင်ဖြစ်လေသည်။
နောက်ဆုံးတော့ ရဲ့လျိုယွင်၏ ပေပေါင်းတစ်သောင်းမကမြင့်မားသည့် နတ်ဘုရားခန္ဓာကြီးသည် ခွန်ဖိန်နတ်မိစ္ဆာဘုရင်၏ လက်သည်းကုတ်ချက်အောက်တွင် တစ်စစီပျက်စီးသွားခဲ့ရလေသည်။
ရဲ့လျိုယွင်၏ နတ်ဘုရားခန္ဓာကြီးက အခိုးအငွေ့အဖြစ်အသွင်ပြောင်းသွားပြီး စန်းလော်ခန်းမဆောင်အတွင်းသို့ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။
အသူရာချောက်၏ အရင်းအမြစ်ဖြစ်သည့် လူပြန်ဝင်စားခြင်းလမ်းစဉ် (၆)ခုသည် စန်းလော်ခန်းမထဲတွင် နှစ်မြှုပ်ထားလေသည်။ ထိုလမ်းစဉ်များသည် မည်သည့်နည်းနှင့်မှ မပျက်စီးနိုင်သည့် လမ်းစဉ်များဖြစ်လေသည်။ ထို့ကြောင့် ခွန်ဖိန်နတ်မိစ္ဆာဘုရင်သည်လည်း မည်မျှ တန်ခိုးစွမ်းအားမြင့်မားပါစေ ထိုလမ်းစဉ် (၆)ခုကိုတော့ ဖျက်စီးပစ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ထိုလမ်းစဉ် (၆)ခု၏အကူအညီသာရှိလျှင် ရဲ့လျိုယွင်သည် ခွန်ဖိန်နတ်မိစ္ဆာဘုရင်၏ရန်ကို ခုခံကာကွယ်ထားနိုင်မည် ဖြစ်လေသည်။
ထို့နောက်တွင်တော့ နတ်ဆိုးစစ်သည်တော်များနှင့် နတ်ဆိုးများစွာထွက်ပေါ်လာပြီး အသူရာချောက်၏ မရဏမြို့တော်တစ်ခုလုံး ဖုံးလွှမ်းသွားလေသည်။
သို့သော်… သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားစီရင်ရေးစုတ်တံမရှိလျှင် အသူရာချောက်ကို သိမ်းပိုက်ခြင်းသည် အချည်းအနှီးသာ ဖြစ်ပေလိမ့်မည်။
သို့ရာတွင် ခွန်ဖိန်နတ်မိစ္ဆာဘုရင်ကလည်း သူ၏ ထူးခြားဆန်းကျယ်မှုများကို ထင်ရှားပြသခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။
…….
ဆန်းလျန်မှာ ယွမ်တုဓားနှင့် သူ၏ရုပ်ခန္ဓာပေါင်းစပ်ရန်အတွက် ရက်ပေါင်း (၄၉)ရက်ကြာသော်လည်း ငရဲလမ်းဓားနှင့်တော့ ပေါင်းစပ်နိုင်ခဲ့ခြင်း မရှိပေ။ ငရဲလမ်းဓားနှင့်ပေါင်းစပ်ရန်ခက်ခဲနေသည်မှာ ငရဲလမ်းဓား၏ သဘော သဘာဝကြောင့်လည်း ဖြစ်ဟန်တူလေသည်။ ထို့ပြင် ငရဲလမ်းဓားကလည်း သူနှင့်သိပ်ပြီး ရင်းနှီးဟန် မရှိလှပေ။
မူလမရဏဓားများသည် ကိုယ်ပိုင်စိတ်ထားနှင့် ဆုံးဖြတ်ချက်များကို ပိုင်ဆိုင်ထားသည့်ဓားများ ဖြစ်ကြလေသည်။ ထို့ကြောင့် မရဏဓားများကို ဖိအားပေးရန်မှာ လွယ်ကူသည့်ကိစ္စတော့ မဟုတ်ပေ။
လက်ရှိအချိန်တွင် ဆန်းလျန်က ကျင့်ကြံခြင်းကို ယာယီရပ်ဆိုင်းထားလေသည်။ အဘယ်ကြောင့်ဆိုသော်… သူ ဆက်လက်ကျင့်ကြံရန်အတွက် ဗောဓိပင်ကို ရှာဖွေရမည်ဖြစ်သောကြောင့်ပင်။
ဗောဓိပင်သည် အော်မီတော်ဖူဗုဒ္ဓ၏ သုခဘုံတွင်ရှိလေသည်။
ဆန်းလျန်အနေဖြင့် သုခဘုံကိုသွားရန်မှာ သိပ်ပြီးအခက်အခဲမရှိပေ။ သို့သော်… သုခဘုံသည် အကာအကွယ် အရံအတားများမရှိဘဲ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်၍ရနိုင်သည့် နေရာတစ်ခုတော့ မဟုတ်တန်ရာဖြစ်လေသည်။
လောကတွင် မဟာမာရူယိ ၊ မျောက်မင်းစွန်းဝူခုံး ၊ ကွမ်ယင်မယ်တော်တို့ကဲ့သို့သောသူများပင် ရှိနေသေးသည်ဆိုလျှင် သုခဘုံတွင်လည်း စွမ်းအားကြီးမားသည့် တန်ခိုးရှင်ကိုယ်တော်များနှင့် ဗောဓိသကျများရှိနေဦးမည်မှာ အသေအချာပင်။
ဗုဒ္ဓဘာသာဆိုသည်က နောက်ခံအင်အားနက်ရှိုင်းလွန်းသည့် ဘာသာတစ်ခုဖြစ်သည့်အပြင် နတ်ဘုရားများစွာနှင့်လည်း ပတ်သက်လျှက်ရှိသည့် ဘာသာတရားတစ်ခု ဖြစ်လေသည်။ ထို့ပြင် ဗုဒ္ဓဘာသာ၏ သံသယာလည်ခြင်းနှင့် လူပြန်ဝင်စားခြင်းအကြောင်းတရားဖြစ်သည့် တရားဓမ္မများသည် အလွန်အရေးကြီးသည့် တရားဓမ္မများဖြစ်ကြလေသည်။
ထို့ကြောင့်… အချို့မြင့်မြတ်သည့်နတ်ဘုရားများက ဗုဒ္ဓဘာသာဘက်မှရပ်တည်ကာ သုခဘုံကို ကာကွယ်ပေးလျှက် ရှိကြလေသည်။
လက်ရှိအချိန်တွင် ဆန်းလျန်သည် အလွန်ရန်များနေသည့် အချိန်ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်သာ သုခဘုံသို့ သွားမည်ဆိုလျှင် သူ့ကို မည်သူမှ အလွတ်ပေးကြမည် မဟုတ်ပေ။
သူ့ကိုသာ တန်ခိုးစွမ်းအားမြင့်မားသည့် နတ်ဘုရားများ ၊ တန်ခိုးရှင်ကိုယ်တော်များ ၊ ဗောဓိသကျများ စုပေါင်းကာ ဝိုင်းဝန်းတိုက်ခိုက်ကြမည်ဆိုပါက ဆန်းလျန်အတွက် ကြီးမားသည့်ဆုံးရှုံးမှုကြီးတစ်ခုကို မလွဲမသွေခံစားရမည်မှာ အသေအချာပင် ဖြစ်သည်။
ထို့ကြောင့် ဆန်းလျန်က သုခဘုံသို့ အလျင်စလိုမသွားသေးဘဲ ချင့်ချိန်နေခြင်း ဖြစ်လေ၏။
လောလောဆယ်တွင်တော့ ဆန်းလျန်က တာအိုဆရာလီချင်းဆွေပြောသည့် ထိုက်ယီနတ်ဓားကို ရှာဖွေချင်စိတ် ဖြစ်နေမိသည်။ ထိုက်ယီနတ်ဓားကိုရှာဖွေတွေ့ရှိလျှင် ထိုက်ယီဓားကျမ်းကိုပါ သင်ယူခွင့်ရရှိနိုင်မည် ဖြစ်သည်။
အကယ်၍ ကျောက်ရှောင်ယွီသာ ငရဲလမ်းဓားကို ထိန်းချုပ်နိုင်မည်ဆိုလျှင် သူနှင့်ကျောက်ရှောင်ယွီ (၂)ယောက်ပေါင်းပြီး တာအိုဆရာသခင်ထိုက်ယီ၏ ထိုက်ယီဓားကျမ်းကို စုံတွဲကျင့်ကြံနိုင်ပေလိမ့်မည်။
ထိုက်ယီနတ်ဓားကိုရရှိရန်အတွက် အခက်အခဲအတားအဆီးများစွာ ရှိနိုင်သည့်တိုင် ဆန်းလျန်ဆိုသည်က မည်သည့်အခါမှ စိတ်ပျက်တတ်သူတစ်ယောက် မဟုတ်ပေ။
သို့ရာတွင် ထိုက်ယီဓားသိုင်းကို ကျင့်ကြံမည့်ကိစ္စကို အသာထား ထိုက်ယီနတ်ဓားနှင့် ထိုက်ယီဓားကျမ်းသည် မည်သည့်နေရာတွင်ရှိနေသည်ကိုပင် ဆန်းလျန် ခန့်မှန်းနိုင်ခြင်း မရှိသေးပေ။ ထိုက်ယီနတ်ဓား မည်သည့်နေရာတွင် ရှိနေသည်ကို တွက်ချက်ခန့်မှန်းကြည့်ရန်မှာလည်း ခက်ခဲလွန်းလှသည်။ ခန့်မှန်းတွက်ချက်ကြည့်နိုင်သည်ဆိုဦးတော့ သိပ်ပြီးရေရေရာရာမရှိလှပေ။
မည်သို့ပင်ဖြစ်စေ လက်ရှိအချိန်တွင် သူ့ကို လူပေါင်းများစွာက စောင့်ကြည့်နေကြပြီး နည်းနည်းလှုပ်လိုက်သည်နှင့် အားလုံးက သတိပြုမိသွားကြမည်ဖြစ်လေသည်။ ထို့ကြောင့် လူအများ သူ့ထံမှ စိတ်အာရုံလွှဲသွားစေရန် တစ်ခုခုပြုလုပ်ရန် အရင်ဆုံးလိုအပ်လေသည်။
တွေးနေရင်းဖြင့်ပင် ဆန်းလျန်က ခပ်ပါးပါးအပြုံးတစ်ချက်ကို ပြုံးလိုက်လေသည်။
အခက်အခဲမည်မျှရှိပါစေ ဆန်းလျန်သည် သူ၏ ပင်ကိုယ်သဘာဝအတိုင်း အေးဆေးတည်ငြိမ်စွာပင် ရှိနေခဲ့သည်။
ချင်းရှကျောင်းတော်သည် သေးငယ်သည့် ကျောင်းတော်တစ်ခု ဖြစ်လေသည်။
သို့သော်…
ချင်းရှကျောင်းတော်၏ခန်းမဆောင်အတွင်းသို့ ဆန်းလျန် ဝင်ရောက်လိုက်သည်နှင့် ခန်းမကြီးက အလွန်တရာ ကြီးမားကျယ်ပြန့်သွားခဲ့လေသည်။ သို့သော်… ထိုသို့ပြောင်းလဲသွားသည်ကို ကျောင်းတော်ပြင်ပမှ လူများကတော့ သတိထားမိခြင်း မရှိကြပေ။
ထိုသို့ပြောင်းလဲသွားရသည်မှာ ဆန်းလျန်၏ မြင့်မားလွန်းသည့် တန်ခိုးစွမ်းအားများကြောင့် ဖြစ်လေသည်။
နေရာ ၊ အာကာသနှင့် အကျယ်အဝန်းများသည် ဆန်းလျန်အတွက်တော့ မည်သည့်ထူးခြားချက်မှ မရှိပေ။ စိတ်တစ်ချက်ညွှတ်လိုက်သည်နှင့် လိုသလို ကျဉ်းနိုင် ချဲ့နိုင်စွမ်း ရှိလေသည်။ ထို့ကြောင့်ပင် သေးငယ်သည့် ချင်းရှကျောင်းတော်၏ ခန်းမဆောင်ကြီး ကျယ်ပြန့်သွားရခြင်း ဖြစ်လေသည်။
ယခုအချိန်တွင်…
ကူးဝေေ၀နှင့် အခြားသူများသည်လည်း စားသောက်ဆိုင်တွင် မနေကြတော့ပေ။ ဆန်းလျန်၏ ကမ်းလှမ်းချက်အရ ချင်းရှကျောင်းတော်တွင် လာရောက်နေထိုင်ကြလေသည်။
ချင်းရှတောင်သည် သာမန်တောင်တစ်လုံးမျှသာဖြစ်သည့်တိုင် ဆန်းလျန်ရောက်ရှိလာသည့်အချိန်မှစပြီး နတ်ဘုရားတောင်တစ်တောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
တစ်နည်းဆိုရသော်… ချင်းရှတောင်တစ်ခုလုံးသည် ထူခြားဆန်းကျယ်ပြီး မခန့်မှန်းနိုင်သည့် သဘာဝလျှို့ဝှက်လမ်းစဉ် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
စကြာဝဠာထဲတွင် ကာလရှည်ကြာတည်ရှိနေသည့် လမ်းတစ်လမ်းဖြင့်ပင် ကောင်းကောင်းယှဉ်နိုင်သည့် လမ်းစဉ် တစ်ခု ဖြစ်လေသည်။
ချင်းရှကျောင်းတော်သည် "တာအိုဝါဒ" ၏ ဗဟိုဖြစ်လာခဲ့ပြီ ဖြစ်သည်။
ဆန်းလျန်က စိတ်တစ်ချက်အာရုံပြုလိုက်သည်နှင့် ချင်းရှတောင်ပေါ်တွင် နေထိုင်ကြသူများအားလုံးက ဆန်းလျန်၏ခေါ်သံကို ကြားလိုက်ကြရလေသည်။
ထို့ကြောင့်… အားလုံးက ချင်းရှတောင်ခန်းမဆောင်သို့ လာရောက်စုရုံးကြလေသည်။
ခန်းမအတွင်းသို့ ပထမဆုံးရောက်လာသူမှာ ကူးဝေေ၀ ဖြစ်လေသည်။
ရောက်ရောက်ချင်းပင် ခန်းမဆောင်ထဲတွင် ကြာပန်းပုံသဏ္ဍန်ကိုယ်ဟန်အနေအထားဖြင့် ထိုင်နေသည့် ဆန်းလျန်ကို တွေ့လိုက်ရလေသည်။
ကူးဝေေ၀က ချက်ချင်းပင် ဆန်းလျန်၏ ဘယ်ဘက်တွင်နေရာယူလိုက်ပြီး ညဘက်ခြေထောက်ထက်တွင် ဘယ်ဘက်ခြေထောက်ကိုထပ်ကာ ထိုင်လိုက်လေသည်။ သူမထိုင်လိုက်သည့်ပုံသဏ္ဍန်ကိုတော့ ရူယိပုံသဏ္ဍန်ကိုယ်နေဟန်ဖြင့်ထိုင်ခြင်းဟု ခေါ်ဆိုလေသည်။
တာအိုဆရာလီချင်းဆွေက သူမကို ကျင့်စဉ်သင်ပြပေးပြီးသည့်နောက်ပိုင်း ဆန်းလျန်က သူမကို ထိုသို့သော ကိုယ်ဟန်အနေအထားဖြင့်ထိုင်ရန် သင်ပြပေးခဲ့သည်။
အမှန်တော့ ကျင့်စဉ်ကျင့်ကြံရာတွင် ကိုယ်နေဟန်ထားက သိပ်ပြီး အရေးမပါလှပေ။ သို့သော်… ကျင့်ကြံသည့်ကျင့်စဉ်နှင့် နေထိုင်သည့် ကိုယ်ဟန်အနေအထား စပ်ဟပ်မှုရှိလျှင်တော့ ကျင့်စဉ်လမ်းတွင် ထူးခြားသည့်တိုးတက်မှုများ ကြုံတွေ့လာရနိုင်သည်။ ထို့ကြောင့် ဆန်းလျန်က ကူဝေေ၀ကို ထိုင်ပုံထိုင်နည်း ကိုယ်ဟန်အနေအထား သင်ပြပေးခဲ့ခြင်း ဖြစ်လေသည်။
ထို့နောက် အခြားသူများလည်း ရောက်လာကြသည်။
ကျွယ်ရှင်းက ဆန်းလျန်၏ ညာဘက်တွင် နေရာယူလိုက်ပြီး ကျွယ်ရှင်း၏ဘေးတွင်တော့ ရဲ့မော်ထျန်းက ထိုင်လိုက်လေသည်။
ယခုကဲ့သို့ အသီးသီးနေရာယူလိုက်ကြခြင်းသည် ဆန်းလျန်က စီစဉ်ပေးထားခြင်းမဟုတ်ဘဲ သူတို့ကိုယ်သူတို့ သင့်တော်သည်ဟုယူဆသည့် နေရာတွင် နေရာယူလိုက်ကြခြင်းသာ ဖြစ်လေသည်။
ကျွယ်ရှင်းနှင့် ရဲ့မော်ထျန်းက သိပ်ပြီးတည့်ကြသည်မဟုတ်ပေ။ အမြဲတမ်း ကြိတ်ပြီးပြိုင်နေကြသူများဖြစ်လေသည်။ ယခုတော့ ဆန်းလျန်ဘေးနားကပ်လျက်တွင်ထိုင်ရန်အခွင့်အရေးကို ကျွယ်ရှင်းက ရယူသွားခဲ့ပြီ ဖြစ်သည်။
ရဲ့မော်ထျန်း၏ နောက်ဘက်နားတွင်တော့ ပိုင်ရှောက်ယွီက နေရာယူလိုက်ပြီး ကူးဝေေ၀၏ နောက်ဘက်နားတွင်တော့ ကြာပန်းဖြူ၏ အစေခံမလေးယောင်ချင်က နေရာယူလိုက်လေသည်။
ကူးဝေေ၀က…
"အားလျန်… ငါတို့ကိုခေါ်တာ ဘာကိစ္စများရှိလို့လဲ…"
ယနေ့ သူမက တာအိုဆရာလီချင်ေးဆွသင်ပြပေးသွားသည့် တာအိုကျင့်စဉ်ကို ကျင့်ကြံနေစဉ် ဆန်းလျန်ခေါ်သည်ကို သိလိုက်ရသည့်အတွက် ရောက်လာခဲ့ခြင်း ဖြစ်လေသည်။
ဆန်းလျန်က…
"ကျင့်ကြံသူတိုင်းမှာ ကျင့်ကြံခြင်းနဲ့ပတ်သက်တဲ့ ပြဿနာတွေ အနည်းနဲ့အများ ရှိကြတာချည်းပဲ ၊ ဒါပေမဲ့ ကျင့်ကြံခြင်းနဲ့ပတ်သက်တဲ့ပြဿနာတွေဆိုတာက အခြားသူဖြေရှင်းပေးတာထက် ကိုယ်တိုင်ဖြေရှင်းတာ ပိုပြီးကောင်းတယ် ၊ ဒါပေမဲ့ ဘယ်လိုဖြေရှင်းရမလဲဆိုတာ သိဖို့တော့ လိုတယ် ၊ အဲဒီအကြောင်းကို သင်ပြပေးဖို့ ဒီနေ့ မင်းတို့အားလုံးကို ခေါ်လိုက်ရတာပဲ…"
ထိုက်ချင်တာအိုသခင်ထိုက်စန့်လောင်ကျွင်းချန်ထားခဲ့သည့် တာအိုကျမ်းစာများနှင့် အော်မီတော်ဖူဗုဒ္ဓချန်ထားခဲ့သည့် မဟာယာနဗုဒ္ဓဘာသာကျမ်းစာများသည် ကျင့်စဉ်လမ်းတစ်ခုလုံး၏ အရင်းခံဖြစ်လေသည်။
နောက်ပိုုင်းတွင်တော့ ခေတ်ဟောင်းနှင့်ခေတ်သစ် (၂)ခုလုံးတွင် ဗုဒ္ဓဘာသာကပိုပြီး ကျယ်ပြန့်လာခဲ့သည်။
သို့သော်… ဆန်းလျန်ကတော့ ထိုက်စန့်တာအိုဆရာသခင်နှင့် အော်မီတော်ဖူဗုဒ္ဓတို့၏ အယူအဆ (၂)ခုလုံးကို ဖမ်းယူဆုပ်ကိုင်နိုင်စွမ်းရှိသည့် တစ်ယောက်တည်းသောသူ ဖြစ်လေသည်။
အချိန်စီးကြောင်း သမိုင်းတစ်လျှောက်တွင် ဆန်းလျန်သည် တာအိုဆရာသခင်ကြီးများနှင့် ယှဉ်နိုင်လောက်အောင် တော်လွန်းသူ ဖြစ်လေသည်။ သူမသိသည့်ပညာ လောကတွင် မရှိပေ။ သူက ပညာအရာတွင် ပြိုင်ဘက်ကင်း ဖြစ်လေသည်။
သို့သော်… ဆန်းလျန်သည် ဓမ္မကိုသင်ယူခြင်းနှင့် ဓမ္မကိုမေ့ပျောက်ပစ်ခြင်းဆိုသည့် သဘောတရားကို နားလည်သွားခဲ့သည်။ ထိုအချက်က သူ၏ ထူးခြားသည့်စွမ်းရည်တစ်ခု ဖြစ်လာခဲ့လေသည်။
ဆန်းလျန်သည် ကိုယ်ပိုင်ကျင့်စဉ်လမ်းကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ထိုအချက်က အခြား တာအိုကျင့်ကြံသူများနှင့်မတူညီဘဲ ကွဲထွက်သွားသည့်အချက် ဖြစ်လေသည်။ ကိုယ်ပိုင်ကျင့်စဉ်လမ်းကို ပိုင်ဆိုင်သည့်အတွက် ကိုယ်ပိုင်ထိုးထွင်းသိမြင်မှုကိုလည်းပိုင်ဆိုင်ကာ ကျင့်ကြံခြင်းလောကနှင့်ပိုပြီး လိုက်လျောညီထွေရှိသည်ဟု ဆိုနိုင်လေသည်။
ထိုသို့ဆိုခြင်းအတွက် ဆန်းလျန်က အခြားသောတာအိုဆရာသခင်ကြီးများထက်သာလွန်သည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ အရာအရာတိုင်းသည် အချိန်စီးကြောင်းအတိုင်းပြောင်းလဲနေမည်ဖြစ်ပြီး မပြောင်းလဲခြင်းအတိတ်ကို ဖက်တွယ်ထားခြင်းသည် တာအိုဆရာသခင်ကြီးများ၏ ရည်ရွယ်ချက် မဟုတ်ပေ။
ဆန်းလျန်၏ သင်ပြပေးမှု ပြီးဆုံးသွားသည်နှင့် ကမ္ဘာမြေကြီးမှ မြေသင်းနံ့လေးများ ထွက်ပေါ်လာလေသည်။ ပတ်ဝန်းကျင်ရှိ ထင်းရှူးပင်များ အေးခဲသွားကာ ဝါးရုံပင်လမ်းလေးမှာလည်း တိတ်ဆိတ်သွားလေသည်။
ထို့နောက် ထင်းရှူးပင်များနှင့် ဝါးရုံပင်များသည် ချက်ချင်းပင် ကြီးထွားလာကာ ချင်းရှတောင်ကြောတစ်လျှောက် ကျယ်ပြန့်စွာ ပြန့်နှံ့သွားကြလေသည်။
ဆန်းလျန် သင်ပြပေးသည့် မဟာတာအိုလမ်းစဉ် သဘောတရားများကြောင့် ကမ္ဘာမြေကြီး ၊ ထင်းရှူးပင်နှင့် ဝါးရုံတောများပင် အပြောင်းအလဲများ ဖြစ်သွားကြရလေသည်။
ဆန်းလျန်၏ တရားစကားကြောင့် သူတို့သည် ထူခြားသည့်အခြေအနေတစ်ရပ်သို့ ရောက်ရှိပြောင်းလဲသွားကြပြီ ဖြစ်လေသည်။
ချင်းရှတောင်ပတ်ဝန်းကျင်တစ်ခုလုံးမှ ငှက်များနှင့် သားရဲများပင်လျှင် တာအိုမဟာလမ်းစဉ်၏ လျှို့ဝှက်ဆန်းကြယ်မှုကို ခံစားခဲ့ကြရလေသည်။ မနီးမဝေးတစ်နေရာမှ ရေညှိများဖုံးအုပ်နေသည့် ကျောက်တုံးကြီးပင်လျှင် တဆတ်ဆတ်နှင့် တုန်ခါနေခဲ့ပါလေ၏။
***