မျက်ခုံးဝါဆရာတော်
Vol. 9 Ch. 834
အရေးကြီးဆုံးအချက်မှာ ဆန်းလျန်သည် ကျောက်ရှောင်ယွီနှင့် မိတ်ဆွေဖြစ်နေခြင်းပင် ဖြစ်သည်။သူ့ကို အကြပ်ကိုင်ခြိမ်းခြောက်ခဲ့ဖူးသည့် ကျောက်ရှောင်ယွီကို ယင်ရှန်းကျွင်းက အနည်းငယ် ဖြုံနေမိသည်။
ထို့ပြင် ဆန်းလျန်ကို ရန်သွားစခြင်းက ကျောက်ရှောင်ယွီကို ရန်သွားစခြင်းနှင့် အတူတူပင် ဖြစ်လေသည်။
ထိုက်စန့်လောင်ကျွင်းပြောခဲ့ဖူးသည့် စကားတစ်ခွန်းရှိလေ၏။
"လောကတွင် အဖိုးတန်သည့်အရာ (၃)ခုရှိလေတယ် ၊ ပထမတစ်ခုက ကရုဏာတရား ၊ ဒုတိယတစ်ခုက ချိုးခြံချွေတာခြင်း ၊ တတိယတစ်ခုကတော့ ဘယ်တော့မှ ရှေ့တန်းမထွက်ဘဲ နှိမ့်နှိမ့်ချချနေခြင်း ဆိုတဲ့ အချက် (၃)ချက်ပါပဲ…"
ယခု ထိုစကားကို ယင်ရှန်းကျွင်း ကောင်းကောင်း နားလည်သဘောပေါက်နေပြီ ဖြစ်လေသည်။
သို့သော်… လူ့ဘဝဆိုသည်က အသက်တစ်ရာမနေရ အမှုတစ်ရာကြုံရဆိုသည့် ဆိုရိုးလည်းရှိလေရာ အသက်ရှည်သည့် နတ်ဘုရားတစ်ပါးအနေဖြင့် အမှုပေါင်းတစ်ရာမက ရေတွက်မရနိုင်အောင်ကြုံတွေ့ရမည်ဖြစ်လေသည်။ ယင်ရှန်းကျွင်းကိုယ်တိုင်သည်လည်း ဖြစ်လာသမျှကို ထိန်းချုပ်နိုင်စွမ်းရှိမည် မဟုတ်ပေ။
ယခုအချိန်တွင် ချင်းယန်ကျောင်းတော်၏ ဂိုဏ်းချုပ်ဖြစ်နေခြင်းအတွက် အလွန်မှ နောင်တရနေခဲ့မိလေသည်။
ယင်ရှန်းကျွင်း၏အခြေအနေကို အကဲခတ်လိုက်ပြီး ကွမ်းစန်းယွဲ့က တစ်ချက်ပြုံးလိုက်သည်။
"ကြည့်ရတာ ယင်ရှန်းကျွင်းအရှင်က ကြောက်နေတယ်ထင်တယ် ၊ မင်း ဆန်းလျန်ကို ရင်မဆိုင်ရဲဘူးဆိုရင် ငှက်ပျောရွက် ယပ်တောင်ကို ကျုပ်ကို ခဏငှားလိုက်ပါ ၊ ကျုပ်ကပဲ ဆန်းလျန်ကို နှင်ထုတ်ပြီး ကျင့်ကြံသူလောကကို ကာကွယ်လိုက်မယ်…"
ကွမ်းစန်းယွဲ့၏စကားကိုကြားရသည့်အခါ ယန်ရှန်းကျွင်းက စိတ်ထဲမှကြိတ်ပြီး နှာခေါင်းရှုံ့လိုက်လေသည်။
သူသာ ငှက်ပျောရွက်ယပ်တောင်ကိုငှားလိုက်မည်ဆိုပါက ကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်ရမည်ပင်။ အဘယ်ကြောင့်ဆိုသော်… အားလော်ဟယ်ကလည်း သူ့ထံသို့ အချိန်မရွေးရောက်လာနိုင်သေးသည် မဟုတ်လား။
သူ့တွင်သာ ငှက်ပျောယပ်တောင်မရှိလျှင် အားလော်ဟယ်ကို မရှုမလှ ရှုံးနိမ့်ရမည် ဖြစ်လေသည်။
ယင်ရှန်းကျွင်းက…
"တကယ်တော့ ဆန်းလျန်လိုလူမျိုးနဲ့ရန်သူဖြစ်တယ်ဆိုတာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး ၊ အနည်းဆုံးတော့ အားလုံးက တစ်ခရီးတည်းသွားနေကြတဲ့ ကျင့်ကြံသူတွေပဲလေ ၊ ဆန်းလျန်နဲ့ ဆွေးနွေးညှိနှိုင်းကြည့်လို့ ရကောင်းရမှာပါ…"
ယင်ရှန်းကျွင်း၏ စကားကြောင့် ကွမ်းစန်းယွဲ့က ရယ်မောလိုက်ရင်း…
"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကကိစ္စတွေကို ယင်ရှန်းကျွင်းက မေ့သွားပြီလား …"
ရုတ်တရက်…
ကွမ်းစန်းယွဲ့ထံမှ အသက်ဓာတ်စွမ်းအားများ ဒီရေအလားမြင့်တက်လာလေသည်။ သူ၏ခန္ဓာကိုယ်ကလည်း ပုလဲတစ်လုံးအလား တောက်ပလာလေ၏။ ကွမ်းစန်းယွဲ့ထံမှ ထွက်ပေါ်လာသည့် တန်ခိုးစွမ်းအားများသည် လူအများကို မူးဝေသွားစေသည့်အပြင် တောတောင်ရေမြေတစ်လျှောက် ပျံ့နှံ့သွားလေသည်။
ကွမ်းစန်းယွဲ့တန်ခိုးစွမ်းအားမည်မျှမြင့်မားသည်ကို နတ်ဘုရားများအားလုံးက သိပြီးသား ဖြစ်လေသည်။ သို့သော်… ယခုကဲ့သို့ လက်တွေ့ မြင်တွေ့လိုက်ကြရသည့်အခါ အားလုံးက တအံ့တသြဖြင့် စကားမပြောနိုင် ဖြစ်သွားကြရသည်။
ကွမ်းစန်းယွဲ့ တန်ခိုးစွမ်းအားများကို ထုတ်ဖော်လိုက်သည်နှင့် တန်ခိုးစွမ်းအားများသည် ကမ္ဘာအဆုံးထိ ပျံ့နှံ့သွားသည့်အလား မြင့်တက်သွားရလေသည်။ ထို့ပြင် သူ၏တန်ခိုးစွမ်းအားများသည် နေနှင့်လကိုပင် ဆွဲငင်နေသည့်အလားထင်မှတ်ရသည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ကွမ်းစန်းယွဲ့သည် နောင်တစ်ချိန်တွင် တာ့လော်အဆင့်သို့တက်ရောက်နိုင်သည်အထိ တာအိုကျင့်ကြံခြင်းမျိုးစေ့ကို ရရှိထားပြီဖြစ်သည်မှာ ထင်ရှားနေလေသည်။
ယင်ရှန်းကျွင်းက ကွမ်းစန်းယွဲ့ကို တည်ငြိမ်စွာဖြင့် ကြည့်လိုက်ရင်း…
"တာအိုရောင်းရင်းကွမ်းစန်းယွဲ့ ၊ ဒါက ဘာအဓိပ္ပါယ်လဲ…"
ကွမ်းစန်းယွဲ့က…
"ယင်ရှန်းကျွင်းအရှင်… ၊ မင်းကကြောက်နေမှတော့ ကျုပ်ကပဲ အားလုံးတာဝန်ယူပြီး ဖြေရှင်းရတော့မှာပေါ့…"
ယင်ရှန်းကျွင်းက တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့်…
"ကျုပ်က သဘောမတူဘူးဆိုရင်ရော…"
ကွမ်းစန်းယွဲ့က ပတ်ဝန်းကျင်မှလူများကို တစ်ချက်အကဲခတ်လိုက်ရင်း…
"မင်းတို့အားလုံးရော ဘယ်လိုသဘောရသလဲ…"
ရောက်ရှိစုရုံးနေကြသည့် နတ်ဘုရားများမှာလည်း နှယ်နှယ်ရရနတ်ဘုရားများ မဟုတ်ကြလေရာ သူတို့က စကားကို ထိန်းသိမ်းပြောဆိုလိုက်ကြသည်။
"ဒီက တာအိုရောင်းရင်း (၂)ယောက် အဆင်ပြေအောင်ဆွေးနွေးကြပါ ၊ ကျုပ်တို့ကို လာမမေးပါနဲ့…"
ကွမ်းစန်းယွဲ့က ရယ်မောလိုက်ရင်း…
"ယင်ရှန်းကျွင်းကို ဘယ်သူမှ မဆန့်ကျင်ရဲကြဘူးပဲ ၊ ဒါဖြင့်လည်း မင်းတို့သဘောပဲလေ…"
အချို့သောကျင့်ကြံသူများက ကွမ်းစန်းယွဲ့၏ သဘောထားကို ကြိတ်ပြီး သဘောတူမိကြလေသည်။
သို့သော်… တကယ်တမ်းတွင် သူတို့က မည်သူ့ဘက်လိုက်မည်ဟု ထင်ထင်ပေါ်ပေါ်ထုတ်ဖော်ပြသခြင်း မရှိခဲ့ကြပေ။
ယင်ရှန်းကျွင်းသည် အထင်ကရ နတ်ဘုရားတစ်ပါးဖြစ်လေသည်။
ထို့ပြင် ကွမ်းစန်းယွဲ့၏ တန်ခိုးစွမ်းအားများကိုလည်းတွေ့မြင်ပြီးခဲ့ကြပြီး ဖြစ်သည့်အပြင် ကွမ်းစန်းယွဲ့နောက်ကွယ်တွင် ချွင်ယန်တာအိုနန်းတော်ကလည်း ရှိနေလေသည်။
ယင်ရှန်းကျွင်းက ကွမ်းစန်းယွဲ့ကို လေးနက်သည့်အကြည့်တစ်ချက်ဖြင့် စိုက်ကြည့်လိုက်ပြီး…
"တာအိုရောင်းရင်းကွမ်းစန်းယွဲ့ ၊ မင်းက သိပ်ကိုတန်ခိုးစွမ်းအားမြင့်မားလွန်းပါတယ် ၊ ဒါပေမဲ့ မင်းက မိုးနဲ့မြေကို တစ်သားတည်းပေါင်းစပ်နိုင်တဲ့အဆင့်ထိ တန်ခိုးစွမ်းအား မြင့်မားနေတာ ယုံနိုင်စရာတောင် မရှိပါဘူး ၊ ဒီတန်ခိုးစွမ်းအားတွေက တုန်းဟွာတောက်ကျွင်းရဲ့ တန်ခိုးစွမ်းအားတွေပဲ မဟုတ်ဘူးလား…"
ယင်ရှန်းကျွင်းနှင့် ကွမ်းစန်းယွဲ့ တိုက်ခိုက်ကြမည်ကို စိတ်ပူနေကြသည့် နတ်ဘုရားများမှာ ယင်ရှန်းကျွင်း၏ အေးဆေးသည့်စကားသံကို ကြားလိုက်ရတော့မှ အနည်းငယ်စိတ်သက်သာရာရသွားကြလေသည်။
ကွမ်းစန်းယွဲ့က အနည်းငယ်ပြုံးလိုက်ရင်း…
"မင်းက ဉာဏ်ကောင်းလွန်းတယ် ၊ တကယ်ဆို ကျုပ်လည်း မင်းနဲ့ အတိုက်အခံ မလုပ်ချင်ပါဘူး ၊ ဒါပေမဲ့ မင်းက ကျုပ်ရဲ့ စကားတွေကို တုန်းဟွာတောက်ကျွင်းရဲ့ စကားတွေလို့ သဘောထားပြီး စိတ်ချယုံကြည်လို့ရပါတယ် ၊ မင်းရော ကျုပ်ရော အားလုံးက အားလုံးက ထိုက်ချင်တာအိုဆရာသခင်ရဲ့ လမ်းစဉ်ကို လျှောက်လှမ်းနေကြတဲ့သူတွေပါပဲ ၊ တုန်းဟွာတောက်ကျွင်းကလည်း အချင်းချင်းအငြင်းပွားမှာကို မလိုလားပါဘူး ၊ ဒါကြောင့် ကျုပ်ကို ဒီပြဿနာကို ဦးဆောင်ဖြေရှင်းခွင့်ပေးပါ ၊ မင်းသာ ငှက်ပျောယပ်တောင်ကိုငှားမယ်ဆိုရင် မင်းနဲ့ အားလော်ဟယ်ကြားကပြဿနာကို တုန်းဟွာတောက်ကျွင်းက မင်းကိုယ်စား ဖြေရှင်းပေးပါလိမ့်မယ်…"
ကွမ်းစန်းယွဲ့မှာ ဆန်းလျန်ကို ချင်းရှတောင်မှ မောင်းထုတ်ရန်အတွက် သူ့ထံမှ ငှက်ပျောယပ်တောင်ကို မရမက ငှားယမ်းနေခြင်းဖြစ်ကြောင့်း ယင်ရှန်းကျွင်း နားလည်ထားလေသည်။
ငှက်ပျောယပ်တောင်နှင့်သာ အခတ်ခံလိုက်ရပါက မည်မျှ တန်ခိုးစွမ်းအားမြင့်မားသူဖြစ်ပါစေ စကြာဝဠာအဆုံးထိ လွင့်စင်ထွက်သွားပေလိမ့်မည်။လောကတွင် ငှက်ပျောယပ်တောင်၏တန်ခိုးစွမ်းအားကို ခုခံအံတုနိုင်သူ မည်သူတစ်ဦးတစ်ယောက်မှ မရှိပေ။
ငှက်ပျောယပ်တောင်နှင့် ကျင်းကန်းရွှေကွင်းတို့မှာ စကြာဝဠာတစ်ခုလုံးတွင် အလွန်ရှားပါးသည့် မှော်ဝင်ရတနာပစ္စည်းများ ဖြစ်ကြလေသည်။
ထိုရတနာပစ္စည်းများသည် တာအိုတေချင်ကျမ်းစာတွင်ပါရှိသည့် ငါးထောင်သောတာအိုတရားစကားလုံးများ၏ တန်ခိုးစွမ်းအားများနှင့် ပြည့်ဝနေသောကြောင့် ဖြစ်လေသည်။
ယင်ရှန်းကျွင်းက တစ်ခဏမျှစဉ်းစားလိုက်ပြီး…
"တာအိုရောင်းရင်း… တစ်ချက်လောက်ပြန်စဉ်းစားပါဦး…"
ယင်ရှန်းကျွင်း၏ အေးဆေးသည့်စကားကြောင့် ကွမ်းစန်းယွဲ့အနည်းငယ် တည်ငြိမ်သွားလေသည်။
ပတ်ဝန်းကျင်မှနတ်ဘုရားများက သူတို့ (၂)ယောက်ကို တစ်ချက်အကဲခတ်နေကြပြီး စိတ်သက်သာရာလည်း အနည်းငယ်ရသွားကြသည်။
ထိုအချိန်မှာပင်…
တာအိုကျင့်ကြံသူတစ်ယောက်သည် ချင်းယန်ကျောင်းတော်အနောက်ဘက်မှထွက်ခွာသွားပြီးတောင်ပေါ်မှဆင်းသွားကာ အနောက်ဘက်အရပ်သို့ ဦးတည်ထွက်ခွာသွားလေတော့သည်။
သူက အလွန်လျှင်မြန်လွန်းသည့်အရှိန်ဖြင့် လမ်းလျှောက်သွားလေရာ ခြေထောက်နှင့်မြေကြီးထိသည်ဟုပင် မထင်ရပေ။ အချိန်ခဏအတွင်းမှာပင် သူသည် နတ်ဘုရားတောင်တစ်တောင်ရှိရာသို့ ရောက်ရှိသွားလေသည်။
ထိုနတ်ဘုရားတောင်တွင် မြူခိုးများဝေနေပြီး စီးဆင်းနေသည့်ရေများက အပြာရောင်ဖြစ်သလို ကျောက်တုံးများကလည်း အပြာရောင်ဖြစ်လေသည်။
တောင်ထိပ်တွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတစ်ခုရှိနေပြီး ကျောင်းတော်ရှေ့တွင် "ရှောင်လေယင်းကျောင်းတော်" ဆိုသည့်ဆိုင်းဘုတ်ကို ချိတ်ဆွဲထားလေသည်။
လင်စန်းတောင်မှ ဗုဒ္ဓသီတင်းသုံးရာကျောင်းတော်ကို "တာ့လေယင်းကျောင်းတော်" ဟုခေါ်ဆိုပြီး ယခုကျောင်းတော်ကတော့ "ရှောင်လေယင်းကျောင်းတော်" ဖြစ်လေသည်။
သို့သော်… ရှောင်လေယင်းကျောင်းတော်သည် တာ့လေယင်းကျောင်းတော်နှင့် ဆက်စပ်ပတ်သက်ခြင်းတော့ မရှိပေ။
ရှောင်လေယင်းကျောင်းတော်တွင် အခြားသောဘုန်းတော်ကြီးများ မရှိပေ။
အဝါရောင်မျက်ခုံးများကိုပိုင်ဆိုင်သည့် ဘုန်းတော်ကြီးတစ်ပါးသာ ရှိလေသည်။
ဘုန်းတော်ကြီးက တာအိုကျင့်ကြံသူရောက်လာသည်ကို တွေ့မြင်လိုက်သည်နှင့် တစ်ချက်ပြုံးလိုက်ရင်း…
"တာအိုရောင်းရင်းရွှီထျန်းတု ၊ မင်းကို ကျုပ် မျှော်နေတာ ကြာလှပြီပေါ့…"
ရှောင်လေယင်းကျောင်းတော်သို့ ရောက်လာသူမှာ အခြားသူမဟုတ်ပေ။
ရွှီထျန်းတုနတ်ဘုရားပင် ဖြစ်လေသည်။
ယခုဘဝတွင် လီချင်းချန်အဖြစ် လူပြန်ဝင်စားခဲ့ပြီး ဆန်းလျန်အပြစ်ပေးခြင်းကို ခံခဲ့ရဖူးသူ ဖြစ်လေသည်။
နောက်ပိုင်း… ဆန်းလျန်အပြစ်ပေးလိုက်သည့် ဂိုဏ်းတူအစ်ကို ကုချန်စန်းအတွက် ယခင်ဘဝက နေထိုင်ခဲ့ရာဝူလုန်တောင်သို့ပြန်ပြီး ခရမ်းရောင်အသက်ရှည်ဆေးယူရင်း ဟေးပိုင်လန်ကျွင်း၏ ဖမ်းဆီးခြင်းကို ခံခဲ့ရလေသည်။
သို့သော်… ယင်ရှန်းကျွင်းက ကုချန်စန်းကိုရော လီချင်းချန်ကိုပါ အချိန်မီကယ်တင်နိုင်ခဲ့လေသည်။
ထို့နောက်… လီချင်းချန်က ဝူလုန်တောင်ရှိ သူနေထိုင်ခဲ့ရာ လေနက်ဂူတွင် ကျင့်ကြံရင်း အရင်ဘဝမှ တန်ခိုးစွမ်းအားများ ပြန်လည်ရရှိကာ ကျင့်စဉ်လမ်း အဆင့်တက်သွားခဲ့လေသည်။
ရွှီထျန်းတုက ဘုန်းတော်ကြီးကိုတွေ့သည်နှင့် ကျယ်လောင်သည့်လေသံဖြင့်…
"ယင်ရှန်းကျွင်း ဒုက္ခရောက်နေပြီ ၊ ကယ်ပါဦး မျက်ခုံးဝါဆရာတော်…"
ဟု ပြောလိုက်လေသည်။
မျက်ခုံးဝါဆရာတော်သည် ယင်ရှန်းကျွင်းကိုကူညီပြီး ကွမ်းစန်းယွဲ့ကို ထိန်းချုပ်နိုင်မည်ဟု ရွှီထျန်းတု အဘယ့်ကြောင့် ယုံကြည်နေခဲ့ရပါသနည်း။
အဘယ်ကြောင့်ဆိုသော်… မျက်ခုံးဝါဆရာတော်၏ ဇာစ်မြစ်က ထူးခြားသောကြောင့် ဖြစ်လေသည်။ တန်ခိုးစွမ်းအား မြင့်မားရုံသာမက များပြားလှစွာသော မှော်ဝင်ပစ္စည်းများလည်း သူ့ထံတွင် ရှိလေသည်။
ထို့ပြင် မျက်ခုံးဝါဆရာတော်သည် မီလဲ့ကိုယ်တော်၏ ပလ္လင်အောက်တွင် တုံးခေါက်ရသည့် ဆရာတော်လည်း ဖြစ်လေသည်။
ထို့ကြောင့် သူ၏အဆင့်အတန်းသည် ယွမ်စီထျန်းကျွင်း၏မျိုးဆက်မှ ကွမ်းချန်ကျီနှင့် အဆင့်အတန်းတူညီလေသည်။
မျက်ခုံးဝါဘုးန်တော်ကြီးက…
"မီလဲ့ကိုယ်တော်လည်း ဒီအကြောင်းကို သိထားပြီးပါပြီ ၊ ဒါကြောင့် ရွှီထျန်းတုနတ်ဘုရား စိတ်မပူပါနဲ့…"
ရွှီထျန်းတုက…
"ဒါဖြင့်အရမ်းကောင်းတယ် ၊ ယင်ရှန်းကျွင်းက စိတ်ထားပြည့်ဝသူဖြစ်လို့ ဘုရားလောင်းဖြစ်တဲ့ မီလဲ့ကိုယ်တော်ကိုလည်း လေးစားတဲ့သူပါ…"
မျက်ခုံးဝါဘုန်းတော်ကြီးက…
"ယင်ရှန်းကျွင်းကိုယ်တိုင်သာ ရောက်လာမယ်ဆိုရင် မီလဲ့ကိုယ်တော်က သူ့ကို ဘဝမဲ့ကျမ်းစာကို သင်ကြားပေးမလို့ပါပဲ ၊ ပြီးတော့ အနတ္တတံဆိပ်တော်ကိုလည်း ပေးချင်မိတယ်…"
မျက်ခုံးဝါဆရာတော်၏စကားကြောင့် ရွှီထျန်းတု ဝမ်းသာသွားမိသည်။
ဘဝမဲ့ကျမ်းစာနှင့် အနတ္တတံဆိပ်တော်သည် မီလဲ့ကိုယ်တော် တရားအလင်းရခဲ့သည့် အဓိက ပစ္စည်းများ ဖြစ်လေသည်။ လျှို့ဝှက်နက်နဲပြီး အသစ်သောလမ်းစဉ်တစ်ခုကို ဦးတည်နိုင်စွမ်း ရှိလေ၏။
ယင်ရှန်းကျွင်းသာ ဘဝမဲ့ကျမ်းစာကို သင်ယူခွင့်ရမည်ဆိုလျှင် ကျင့်စဉ်လမ်း အဆင့်တက်သွားနိုင်လေသည်။
သို့သော်… လက်ရှိအချိန်တွင် ယင်ရှန်းကျွင်းသည် ရွှမ်တုတောက်ကျွင်း အမိန့်အတိုင်း အလုပ်လုပ်နေခဲ့ရလေသည်။ ထိုသို့အလုပ်လုပ်ရင်း အန္တရယ် အငွေ့အသက်ကိုလည်း ရနေမိသည်။
ထို့ပြင် ယခုတော့ ပြဿနာထဲတွင် တုန်းဟွာတောက်ကျွင်းသည်လည်း ပါဝင်ပတ်သက်လာပြီ ဖြစ်လေသည်။
ယင်ရှန်းကျွင်းက ဘယ်ဘက်လည်း မယိမ်းသလို ညာဘက်လည်းယိမ်းသူ မဟုတ်ပေ။ သူ့လမ်းသူ မှန်မှန်လျှောက်သူ ဖြစ်လေသည်။ထို့ကြောင့် ပြဿနာများစွာကိုဖြေရှင်းရန်အတွက် ဗုဒ္ဓဘာသာသည် သူ့အတွက် အကောင်းဆုံး ရွေးခြယ်မှု ဖြစ်သည်ဟု ဆုံးဖြတ်ချက်ချလိုက်မိသည်။
တာအိုဆရာချီဟန် (ကွမ်ယင်မယ်တော်) သည်လည်း တာအိုကျင့်စဉ်လမ်းမှ ဗုဒ္ဓဘာသာသို့ ပြောင်းလဲလာသူတစ်ယောက်ဖြစ်လေသည်။
ထို့ကြောင့် သူ့အနေဖြင့်လည်း ဗုဒ္ဓဘာသာဘက်သို့ ပြောင်းလဲမည်ဆိုလျှင် သိပ်ပြီး အခက်အခဲရှိမည်တော့မဟုတ်ပေ။
မီလဲ့ကိုယ်တော်သည် သူ့ထံတွင်ရှိသည့် ငှက်ပျောယပ်တောင်ကို လိုချင်စိတ်ရှိသည်လား မရှိသည်လားကိုတော့ ယင်ရှန်းကျွင်းလည်း သေသေချာချာ ခန့်မှန်းနိုင်ခြင်း မရှိပေ။
သို့သော်… သူ့အတွက် ရွေးခြယ်ရတော့မည့်အချိန်က ကျရောက်လာခဲ့ပြီ။
သူသွားရမည့် နေရာ (၂)ခုကို သူရွေးခြယ်ရမည်ဖြစ်သည်။
တစ်ခုက ထိုက်ချင်ထျန်းကောင်းကင်ဘုံဖြစ်ပြီး နောက်တစ်ခုက အော်မီတော်ဖူဘုရား၏ သုခဘုံဖြစ်လေ၏။
ရွှမ်တုတောက်ကျွင်း၏လက်အောက်တွင်နေပြီး ထိုက်ချင်ဆရာသခင်၏လမ်းစဉ်ကို လိုက်မည်ဆိုလျှင် သူသည် ထိုက်ချင်ထျန်းကောင်းကင်ဘုံသို့ ရောက်မည်ဖြစ်ပြီး မီလဲ့ကိုယ်တော်၏လက်အောက်သို့ ခိုလှုံမည်ဆိုလျှင်တော့ အော်မီတော်ဖူဘုရား၏ သုခဘုံသို့ ဝင်ရောက်နိုင်မည်ဖြစ်လေသည်။
သို့သော်…
ဆန်းလျန်ကို သတ်ဖြတ်ရန်အတွက်ရွှမ်တုတောက်ကျွင်း လူ့လောကသို့ ရောက်ရှိလာသည်ကို တွေ့မြင်ခဲ့ပြီး လက်ရှိကျင့်ကြံသူလောကကို ဦးဆောင်ရန် သူ့ကို အမိန့်ပေးသွားပြီးသည့်နောက် သူက ထိုက်ချင်ထျန်းကောင်းကင်ဘုံကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်လေသည်။
အဘယ်ကြောင့်ဆိုသော်…
ထိုက်ချင်တာအိုဆရာသခင်၏ လမ်းစဉ်သည် အမြဲတမ်း ရိုးရှင်းပြီး ခမ်းနားခြင်းမရှိသည့် လမ်းစဉ်တစ်ခုဖြစ်လေသည်။ သို့သော် ရွှမ်တုတောက်ကျွင်းကတော့ သူ့ကို ထူးဆန်းသည့် ကတိစကားများပြောကြားသွားခဲ့လေသည်။
ထို့ကြောင့် အနည်းငယ်ထူးဆန်းနေသလို ခံစားရပြီး ရွှမ်တုတောက်ကျွင်း၏လက်အောက်တွင် ကျင့်စဉ်လမ်းကို ရှေ့ဆက်ရန် ကြောက်ရွံ့နေမိခြင်းသာ ဖြစ်လေတော့သည်။
***