← Chapters

တုန်းဟွာတောက်ကျွင်း

Vol. 9 Ch. 835

တုန်းဟွာတောက်ကျွင်း

Vol. 9 Ch. 835

မျက်ခုံးဝါဘုန်းတော်ကြီးနှင့် ရွှီထျန်းတုနတ်ဘုရားတို့မှာ သာမန်ကျင့်ကြံသူများ မဟုတ်ကြပေ။

ထို့ကြောင့် လိုရင်းကိစ္စကို ပြောပြီးသွားသည့်အခါ သာမန်လူများကဲ့သို့ အလာပသလာပစကားများကို ပြောမနေကြတော့ပေ။

မျက်ခုံးဝါဆရာတော်က အမွှေးတိုင်တစ်တိုင်ကိုထွန်းညှိလိုက်ပြီး လေထဲတွင်တစ်ချက်ဝှေ့ယမ်းကာ တရားစာတစ်ပုဒ်ကို ရွတ်ဆိုလိုက်လေသည်။ ထိုအခါ နတ်ဘုရားအလင်းတန်းများထွက်ပေါ်လာပြီး ရှောင်လေယင်းကျောင်းတော်ခန်းမတစ်ခုလုံး လင်းထိန်တောက်ပသွားလေသည်။

ထို့နောက် မျက်ခုံးဝါဘုန်းတော်ကြီးက တိမ်တိုက်တစ်ခုဖန်ဆင်းကာ ရွှီထျန်းတုကိုခေါ်ဆောင်ပြီး ချင်းယန်ကျောင်းတော်သို့ ထွက်ခွာလာခဲ့ကြလေတော့သည်။

ချင်းယန်ကျောင်းတော်တွင်တော့…

ကွမ်းစန်းယွဲ့က တစ်ချက်ပြုံးလိုက်ရင်း…

"ယင်ရှန်းကျွင်း ၊ လက်စသတ်တော့ မင်းက စစ်ကူသွားခေါ်ဖို့ အချိန်ဆွဲနေတာကိုး…"

ယင်ရှန်းကျွင်းကလည်း ကွမ်းစန်းယွဲ့ကို ပြန်ပြုံးပြလိုက်ရင်း…

"တာအိုရောင်းရင်းကွမ်းစန်းယွဲ့ကို ဘာမှ ဖုံးကွယ်ထားလို့ မရဘူးပဲ…"

ကွမ်းစန်းယွဲ့က သူ့ကိုယ်သူယုံကြည်မှုအပြည့်ရှိသူဖြစ်လေသည်။

သူက ယင်ရှန်းကျွင်းထံမှ ငှက်ပျောယပ်တောင်ကိုငှားပြီး နတ်ဘုရားများကို ဦးဆောင်ကာ ဆန်းလျန်ကို တိုက်ခိုက်လိုခြင်း ဖြစ်လေသည်။ သူသာ အောင်မြင်မှုရရှိလျှင် ကျင့်ကြံသူလောကကို စည်းရုံးသိမ်းသွင်းနိုင်ပြီး ဆရာတစ်ဆူအဖြစ် သြဇာအာဏာကြီးမားလာမည် ဖြစ်သည်။

ထိုအချိန်မှာပဲ….

ရောင်စုံတိမ်တိုက်တစ်ခုက ချင်းယန်ကျောင်းတော်ရှေ့သို့ ရောက်ရှိလာလေသည်။

နတ်ဘုရားများအားလုံးမှာ ရောင်စုံတိမ်တိုက်ကို စိတ်ဝင်တစားဖြင့် ဝိုင်းဝန်းကြည့်ရှုလိုက်ကြလေသည်။

ရောင်စုံတိမ်တိုက်ထက်တွင် ရွှီထျန်းတုကိုတွေ့လိုက်ရသည့်အခါ မည်သူမှ မအံ့သြကြပေ။ သို့သော်… မျက်ခုံးဝါဆရာတော်ကို တွေ့လိုက်ကြသည့်အခါတွင်တော့ အလွန်အမင်း အံ့သြသွားကြရလေသည်။

ယွမ်ကျိုးနယ်တွင် ဗုဒ္ဓဘာသာ သိပ်ပြီးထွန်းကားခြင်းမရှိဘဲ တာအိုဝါဒသာ ထွန်းကားလေသည်။

ထို့ကြောင့် နာမည်ကျော်ကြားသည့် ဗုဒ္ဓဘာသာကျင့်ကြံသူ ခပ်ရှားရှားပင် ဖြစ်လေသည်။ ထို့ကြောင့် နတ်ဘုရားများက မျက်ခုံးဝါဆရာတော် မည်သူမည်ဝါဖြစ်သည်ကို သိရှိကြခြင်းမရှိပေ။

နတ်ဘုရားများ တစ်ယောက်တစ်ပေါက်ခန့်မှန်းနေကြစဉ်မှာပင် ယင်ရှန်းကျွင်းက မျက်ခုံးဝါဆရာတော်ကို အားလုံးနှင့် မိတ်ဆက်ပေးလိုက်လေသည်။

"အားလုံးပဲ… ရွှီထျန်းတုနတ်ဘုရားကိုတော့ သိကြပြီးသားဖြစ်မှာပါ ၊ ဒါပေမဲ့ ရွှီထျန်းတုနတ်ဘုရားနဲ့အတူပါလာတဲ့ ဆရာတော်ကိုတော့ မိတ်ဆက်ပေးပါရစေ ၊ ဆရာတော်က မျက်ခုံးဝါဆရာတော်လို့ ခေါ်ပါတယ် ၊ မီလဲ့ကိုယ်တော်ရဲ့ ပလ္လင်အောက်မှာ တုံးခေါက်တဲ့တာဝန်ကိုယူရတဲ့ ဆရာတော်ပါ …"

မျက်ခုံးဝါဆရာတော်က "အော်မီတော်ဖူ" ဟု ရွတ်ဆိုပြီး နတ်ဘုရားများအားလုံးကို နှုတ်ဆက်လိုက်သည်။

ထို့နောက် မျက်ခုံးဝါဆရာတော်က ကွမ်းစန်းယွဲ့ကို ကြည့်ကာ တစ်ချက်ပြုံးလိုက်ပြီး…

"မီလဲ့ကိုယ်တော်ရဲ့ကိုယ်စား တုန်းဟွာတောက်ကျွင်းကိုလည်း နှုတ်ဆက်စကား ပြောပေးစေလိုပါတယ် …"

ကွမ်းစန်းယွဲ့က ပြုံးလိုက်ရင်း…

"ဘာလဲ ၊ မီလဲ့ကိုယ်တော်ကလည်း ကျုပ်တို့ တာအိုဝါဒရဲ့အရေးကိစ္စတွေကို လာပတ်သက်ချင်နေတာပဲလား…"

မျက်ခုံးဝါဆရာတော်က မည်သည့်စကားမှ မပြောဘဲ ပြုံးနေလေသည်။

မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ကိုယ်ရပ်တည်သင့်သည့်ဘက်မှ ရပ်တည်ရမည်ပင်ဖြစ်သည်။

မျက်ခုံးဝါဆရာတော်၏ အပြုံးကိုတွေ့မြင်ရသည့်အခါ ကွမ်းစန်းယွဲ့၏စိတ်များလေးလံသွားရလေသည်။ သူက သူ၏ကိုယ်ထဲမှ တုန်းဟွာတောက်ကျွင်း တန်ခိုးစွမ်းအားများကို နှိုးထစေလိုက်သည်။ ထိုအခါ သူ၏တန်ခိုးစွမ်းအားများသည် တာ့လော်အဆင့် ကျင့်ကြံသူတစ်ယောက်နီးပါး မြင့်တက်လာလေတော့သည်။ တန်ခိုးစွမ်းအားဆိုသည်မှာ ကျင့်ကြံသူများအားလုံး၏ ဦးရစ်သရဖူဖြစ်လေသည်။

သို့သော် မျက်ခုံးဝါဆရာတော်ထံမှ ရတနာပစ္စည်း (၂)ခု၏ အငွေ့အသက်များက သူ့ကို ခြောက်လှန့်လျှက်ရှိလေသည်။

ထို့ပြင် ယင်ရှန်းကျွင်းတွင်လည်း ငှက်ပျောယပ်တောင်ရှိနေလေရာ တကယ်တမ်းတိုက်ခိုက်ကြမည်ဆိုလျှင် ကွမ်းစန်းယွဲ့ဘက်မှ နိုင်ချေသိပ်မရှိပေ။

သို့သော်… စန်းကွမ်းယွဲ့က သူ့ဘဝတစ်လျှောက်လုံးတွင် မည်သူ့ကိုမှ ကြောက်ရွံ့ခဲ့သူ မဟုတ်ပေ။ သူက တုန်းဟွာတောက်ကျွင်း၏အမိန့်ကိုလည်း ရရှိထားပြီဖြစ်သည့်အတွက် အမိန့်အတိုင်းလုပ်ဆောင်ရမည်ပင် ဖြစ်သည်။

ကွမ်းစန်းယွဲ့က ကျယ်လောင်သည့် ကြုံးဝါးသံတစ်ချက်ပြုလုပ်လိုက်လေသည်။

ထိုအခါ ချင်းယန်ကျောင်းတော်ကြီးတစ်ခုလုံးပင် တုန်လှုပ်သွားရသည်။

ချင်းယန်ကျောင်းတော်သည် ရွှမ်တုတောက်ကျွင်းကိုယ်တိုင် ဖန်ဆင်းပေးခဲ့သည့် ကျောင်းတော်ဖြစ်သည့်အတွက် အလွန်တန်ခိုးစွမ်းအားမြင့်မားသည့် နေရာတစ်ခု ဖြစ်လေသည်။

သို့သော်… ယခုတော့ ကွမ်းစန်းယွဲ့၏ တန်ခိုးစွမ်းအားပေါက်ကွဲမှုကြီးကြောင့် တုန်လှုပ်နေရပြီ ဖြစ်သည်။

ကျယ်လောင်သည့်အသံကြီးတစ်သံ ထွက်ပေါ်လာပြီး ကွမ်းစန်းယွဲ့၏တန်ခိုးစွမ်းအားများသည် အလင်းလုံးကြီးတစ်ခုအလား ကျုံ့ဝင်သွားကာ မျက်ခုံးဝါဆရာတော်ကို ဝင်ရောက်တိုက်ခိုက်လိုက်လေတော့သည်။

သို့သော်… မျက်ခုံးဝါဆရာတော်ထံမှ ရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီး ကွမ်းစန်းယွဲ့၏ တန်ခိုးစွမ်းအားများကို ဖိနှိပ်ထားလိုက်လေသည်။ မြေကြီးပင် ကျွံဝင်သွားသည့်အလား ခံစားလိုက်ကြရသည်။

ကွမ်းစန်းယွဲ့က မျက်ဝန်းများကို အနည်းငယ်ကျဉ်းမြောင်းလိုက်စဉ်မှာပင် မျက်ခုံးဝါဆရာတော်က ရွှေလင်းကွင်းတစ်ခုကို ထုတ်ယူလိုက်သည်။

မျက်ခုံးဝါဆရာတော်က တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့်…

"အရင်တုန်းက တန်ခိုးစွမ်းအားမြင့်မားလွန်းတဲ့ စကြာဝဠာအရှင်ကြီးစွန်းဝူခုံးတောင် ဒီရွှေလင်းကွင်းကို လွတ်အောင် မရှောင်တိမ်းနိုင်ခဲ့ဘူး ၊ အခု ဒကာကြီးကွမ်းစန်းယွဲ့က မျောက်မင်းစွန်းဝူခုံးနဲ့ ဘယ်သူသာမလဲဆိုတာ ကြည့်ကြတာပေါ့…"

ပြောပြီးသည်နှင့် မျက်ခုံးဝါဆရာတော်က လက်ထဲမှ ရွှေလင်းကွင်းကို ကောင်းကင်ထက်သို့ ပစ်လွှတ်လိုက်လေသည်။

ကွမ်းစန်းယွဲ့က တုန်းဟွာတောက်ကျွင်း၏ တန်ခိုးစွမ်းအားများကို အသုံးပြုထားပြီး တာ့လော်အဆင့်နီးပါး တန်ခိုးစွမ်းအား မြင့်မားနေလေသည်။ ထို့ကြောင့် မီလဲ့ကိုယ်တော်၏ရွှေလင်းကွင်းကလည်း ကွမ်းစန်းယွဲ့ကို လွယ်လွယ်ကူကူနှင့် ဖမ်းဆီးချုပ်နှောင်နိုင်ခြင်း မရှိပေ။

ရွှေလင်းကွင်းသည် ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားပြီး တဖြည်းဖြည်းကြီးမားလာလေသည်။ ထို့နောက် ချင်းယန်ကျောင်းတော်ခေါင်မိုးထက်သို့ရောက်ရှိသွားလေသည်။

ချက်ချင်းပင် ချင်းယန်ကျောင်းထဲတွင် ရွှမ်တုတောက်ကျွင်းပြုလုပ်ထားခဲ့သည့် အရံအတားထွက်ပေါ်လာပြီး ထိုက်ချင်နတ်ဘုရားအလင်းတန်းများ ဖြာလင်းလာလေသည်။

အန္တရယ်ကျရောက်တော့မည်ကိုသိသည့်အတွက် အရံအတားထွက်ပေါ်လာကာ ချင်းယန်ကျောင်းတော်ကို အလိုလို ကာကွယ်ပေးလိုက်ခြင်း ဖြစ်လေ၏။

ကွမ်းစန်းယွဲ့က သူ၏ တန်ခိုးစွမ်းအားများကိုစုစည်းလိုက်ကာ ရွှေရောင်လင်းကွင်းကို တိုက်ခိုက်လိုက်လေသည်။ ကွမ်းစန်းယွဲ့၏ နတ်ဘုရားအလင်းတန်းများနှင့် ရွှေလင်းကွင်း ရိုက်ခတ်သွားမိသည်နှင့် ရွှေလင်းကွင်းမှ ရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီး ကြီးမားသည့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။

ချင်းယန်ကျောင်းတော် ခေါင်မိုးထက်တွင်ပင် ကြီးမားသည့်အပေါက်ကြီးတစ်ခုဖြစ်ပေါ်လာကာ အပြင်ဘက်မှ ကောင်းကင်ပြာပြာနှင့် တိမ်ဖြူများကိုပင် မြင်တွေ့နေရတော့သည်။

ပေါက်ကွဲမှုကြီးငြိမ်သက်သွားသည်နှင့် ကွမ်းစန်းယွဲ့မှာ တစ်ကိုယ်လုံး ဖုံများသဲများ ပေပွကာ အဝတ်အစားများ ဖရိုဖရဲဖြစ်လျှက် ရှိလေတော့သည်။

သူက လက်နှစ်ဖက်ကိုနောက်ပစ်ကာ ခပ်မတ်မတ်ရပ်နေပြီး မျက်ဝန်းများကလည်း ကြယ်စင်အလား တောက်ပနေလေသည်။

ရွှေလင်းကွင်းမှာ အက်ကွဲသွားပြီဖြစ်လေသည်။

အက်ကွဲသွားသည့်ရွှေလင်းကွင်းက တစ်ပတ်လည်နေပြီး မျက်ခုံးဝါဆရာတော်၏ လက်ထဲသို့ ပြန်လည်ရောက်ရှိသွားလေသည်။

တိုက်ပွဲအခြေအနေကိုကြည့်ပြီးသည်နှင့် မျက်ခုံးဝါဆရာတော်သည် နှယ်နှယ်ရရမဟုတ်ကြောင်း အားလုံး သိရှိလိုက်ကြရသည်။

ကွမ်းစန်းယွဲ့ အနည်းငယ်မျက်နှာပျက်သွားလေသည်။

သူက…

"နန်စန်းကျီ ၊ ငါတို့သွားကြစို့…"

ပြောပြီးသည်နှင့် ကွမ်းစန်းယွဲ့က အင်္ကျီလက်တစ်ဖက်ကိုဝှေ့ယမ်းလိုက်လေရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကွမ်းစန်းယွဲ့နှင့် နန်စန်းကျီတို့ နေရာမှ ပျောက်ကွယ်သွားကြလေတော့သည်။

ထို့နောက် သူတို့ (၂)ယောက်သည် အဆုံးမရှိသည့် အာကာသနေရာများကို ဖြတ်ကျော်ကာ မရှိမှုကျေးရွာသို့ ရောက်ရှိလာကြလေသည်။

ကွမ်းစန်းယွဲ့နှင့် နန်စန်းကျီတို့ကျောက်ဂူတစ်ခုအတွင်းသို့ ဝင်ရောက်သွားကြသည်။ ကျောက်ဂူတစ်ခုလုံးက သန့်ရှင်းနေပြီး မြက်ခင်းနုနုလေးများက အခင်းသဖွယ် လှပစွာတည်ရှိနေလေသည်။

ဂူအတွင်းရှိ ကျောက်သလွန်ထက်တွင် လူငယ်တာအိုဆရာတစ်ယောက် တင်ပျဉ်ခွေထိုင်နေလေသည်။

လူငယ်တာအိုဆရာ၏မျက်နှာက ကျောက်စိမ်းရတနာအလား နူးညံ့နေပြီး မျက်ဝန်းများက ကြယ်စင်အလား တောက်ပနေလေသည်။ လူ့လောကတွင်သာသူ့ကိုတွေ့မြင်ရမည်ဆိုလျှင် ကြွယ်ဝချမ်းသာသည့် မိသားစုတစ်ခုမှ သခင်လေးတစ်ပါးဟု ထင်မှတ်ဖွယ်ရာရှိလေသည်။

သို့သော်… ထိုလူငယ်လေးသည်ကား အခြားသူမဟုတ်ပေ။

ကျင့်ကြံသူလောကတွင် ထိပ်တန်းအဆင့်နတ်ဘုရားတစ်ပါးဖြစ်သည့် "တုန်းဟွာတောက်ကျွင်း" ပင် ဖြစ်လေသည်။

တုန်းဟွာတောက်ကျွင်းက တိုးတိတ်သည့်လေသံအေးအေးဖြင့်…

"စန်းယွဲ့… ၊ မင်းက တန်ခိုးစွမ်းအားတွေ အရမ်းကာရောသုံးပစ်လိုက်တာကိုး ၊ အခုတော့ မင်းရဲ့ဝိညာဉ်ပျက်စီးသွားပြီ ၊ ဒါပေမဲ့ စိတ်ဝိညာဉ်သန့်စင်တဲ့ ဂါထာတစ်ပုဒ် မင်းကိုသင်ပေးလိုက်မယ် ၊ အဲဒါကို သေသချောချာ မှတ်သားထားပါ ၊ ဒါဆိုရင် မင်းရဲ့ဝိညာဉ် ပြန်ကောင်းသွားလိမ့်မယ်…"

တုန်းဟွာတောက်ကျွင်း၏ စကားဆုံးသွားသည်နှင့် ကွမ်းစန်းယွဲ့၏ စိတ်အာရုံတွင် ထူးဆန်းသည့်ဂါထာတစ်ပုဒ် ထင်မြင်လာလေသည်။

ကွမ်းစန်းယွဲ့က ထိုဂါထာကို ဂရုတစိုက်ချရေးလိုက်လေသည်။ ထို့နောက် သူ၏ ဝိညာဉ်မှာ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသည်ကို ခံစားလိုက်ရလေသည်။

တုန်းဟွာတောက်ကျွင်းက နန်စန်းကျီဘက်သို့ လှည့်လိုက်ပြီး…

"ကျုပ်ရဲ့ရန်သူဟောင်းတစ်ယောက်က လီရွှမ်ကို ဖမ်းသွားတယ် ၊ မင်း သူ့ကို ပြန်သွားပြီး ကယ်လာခဲ့ပါ…"

လီရွှမ်ဆိုသည်မှာ ကျိုးယီတောင် ၊ ယွင်မုမြစ်ကမ်းနံဘေးတွင် ဆန်းလျန်က မက်မွန်သီးပင်အဖြစ်ပြောင်းလဲပစ်လိုက်သည့် သူတောင်းစားအဘိုးအို ဖြစ်လေသည်။

ပြောပြီးသည်နှင့် တုန်းဟွာတောက်ကျွင်းက အင်းစာရွက်တစ်ရွက်ကို နန်စန်းကျီလက်ထဲသို့ ထည့်ပေးလိုက်ပြီး လူ့လောက အောက်ပိုင်းနယ်မြေတစ်ခုသို့ သွားရောက်ရန် ညွှန်ကြားလိုက်သည်။

ထို့နောက် လရောင်ကဲ့သို့ကြည်လင်သည့် တိမ်ရိပ်တစ်ခု တုန်းဟွာတောက်ကျွင်း၏ ရှေ့တွင်ပေါ်လာလေသည်။

တိမ်ရိပ်လွင့်ပြယ်သွားသည့်အချိန်တွင်တော့ မြင်ကွင်းထဲတွင် တောင်တစ်တောင် ပေါ်လာလေသည်။ ထိုတောင်မှာ ချင်းရှတောင်ပင် ဖြစ်တော့၏။

ချင်းရှတောင်သည် မင်္ဂလာတရားဖြင့်ပြည့်နေသည့် ရှားပါးသည့် တောင်တစ်တောင်ဖြစ်လာခဲ့လေသည်။ ကျင့်ကြံသူများအနေဖြင့် ချင်းရှတောင်မှတစ်ဆင့် မရှိမှုကျေးရွာမှ ကျောက်ဂူများရှိရာသို့ သွားလာရန်ပင် လမ်းကြောင်းပွင့်သွားနိုင်ပေသည်။

သို့သော်… မရှိမှုကျေးရွာမှ ကျောက်ဂူများဆိုသည်က နတ်ဘုရားဖန်ဆင်းထားသည့် နတ်ဘုရားနယ်မြေများဖြစ်လေရာ တော်ရုံတန်ရုံဖြင့်တော့ ရောက်ရှိနိုင်မည် မဟုတ်ပေ။

ယခုတော့ ချင်းရှတောင်တွင် ဆန်းလျန်သင်ပြပေးသည့် တာအိုတရားကို လာရောက်နားထောင်ကြသည့် ကျင့်ကြံသူများဖြင့် ပြည့်နက်နေလေသည်။

ကျင့်ကြံသူလောက၏ အဓိကနန်းတော်ကြီး (၃)ခုနှင့် နတ်ဘုရားကျောင်းတော်ကြီး (၄)ခုမှ တပည့်များမဟုတ်သည့် အခြားသောကျင့်ကြံသူများသည် ချင်းရှတောင်သို့လာရောက်ကာ ဆန်းလျန်၏ သင်ပြပေးမှုကို နားထောင်ကြလေသည်။

ထိုသူများသည်လည်း ပင်ကိုယ်ပါရမီဓာတ်ခံကောင်းသူများ ဖြစ်ကြလေရာ သူတို့သည် ဆန်းလျန်၏ သင်ပြပေးမှုကို နားထောင်ပြီးသည်နှင့် ချက်ချင်းပင် ကျင့်ကြံခြင်းအဆင့်များ မြင့်တက်သွားကြလေတော့သည်။

ဆန်းလျန်က သူတို့ကို ကျေးဇူးပြန်ဆပ်ရန် မတောင်းဆိုသည့်တိုင် သူတို့အားလုံးက ဆန်းလျန်၏ ကျေးဇူးတရားကို ရင်ထဲတွင် မှတ်သားထားလိုက်ကြလေသည်။ ထို့ပြင် ဆန်းလျန်၏ သင်ပြပေးခြင်းသည် အခြားသောဆရာသခင်များ၏ သင်ပြပေးခြင်းထက် များစွာ သာလွန်လေသည်။

ဆန်းလျန် ရုတ်တရက် တာအိုတရားဟောပြောရသည်မှာလည်း သူ့အကြောင်းနှင့်သူ ရှိလေသည်။

သူက တာအိုတရားဟောပြောလိုက်သည့်အခါ မကျေနပ်သည့် နတ်ဘုရားများအနေဖြင့် အချင်းချင်း အငြင်းပွားခိုက်ရန် ဖြစ်ပွားခြင်းများ ဖြစ်ပေါ်လာနိုင်လေသည်။ ဥပမာ - ယင်ရှန်းကျွင်းနှင့် ကွမ်းစန်းယွဲ့တို့ကဲ့သို့ ဖြစ်လေသည်။

သို့မဟုတ်ပါကလည်း သူ၏တရားဟောပြောခြင်းကြောင့် ချင်းရှတောင်တွင် ဖြစ်ပေါ်လာသည့် အပြောင်းအလဲများကို အာရုံပြောင်းသွားနိုင်လေသည်။

ထိုအခါ… အခြားသောနတ်ဘုရားများအနေဖြင့် သူ့ကို ယခင်ကလောက် မျက်စိဒေါက်ထောက်အာရုံစိုက်နေတော့မည် မဟုတ်ပေ။

သူ့အနေဖြင့် လုပ်စရာရှိသည့် အခြားသော လျှို့ဝှက်ကိစ္စများကို တိုးတိုးတိတ်တိတ် လုပ်ဆောင်နိုင်မည် ဖြစ်လေသည်။

ထိုအကြောင်းအရာများကိုတွေးနေစဉ်မှာပင် ဆန်းလျန်၏စိတ်ထဲတွင် လှိုင်းတစ်ချက်ဂယက်ထသွားလေသည်။ ထို့ကြောင့် ဆန်းလျန် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်မိလေတော့သည်။

***

All Chapters