ကျုပ်တာအိုတရားဟောပြောတာ ဘာများမကောင်းတာရှိလို့လဲ
Vol. 9 Ch. 836
ဆန်းလျန်ခေါင်းမော့ကြည့်လိုက်သည်နှင့် သူ၏စိတ်အာရုံတွင် တုန်းဟွာတောက်ကျွင်းနေထိုင်ရာ ကျောက်ဂူပေါ်လာလေသည်။
ကျောက်ဂူထဲတွင် လရောင်ကတောက်ပနေပြီး သူ့ကို ကြည့်နေသည့် ကွမ်းစန်းယွဲ့၏ မျက်နှာကို ဆန်းလျန် တွေ့လိုက်ရသည်။
တုန်းဟွာတောက်ကျွင်း၏ ကျောက်ဂူထဲတွင်လည်း ကွမ်းစန်းယွဲ့က ဆန်းလျန်ကို ကြည့်နေလေသည်။
ဆန်းလျန်သည် တုန်းဟွာတောက်ကျွင်းကဲ့သို့ပင် စိတ်ထားတည်ကြည်သူတစ်ယောက်ဖြစ်ဟန်ရှိလေသည်။ သို့သော် ဆန်းလျန်က တုန်းဟွာတောက်ကျွင်းထက်ပင်ပိုပြီး နူးညံ့သိမ်မွေ့ဟန်ရှိသည်။
လူတင်မဟုတ် စိတ်ထားသည်လည်း နူးညံ့သိမ်မွေ့ဟန်ရှိလေရာ ဆန်းလျန်ကိုမြင်ရသူတိုင်းသည် နွေးထွေးသည့် အရုဏ်ဦးရောင်ခြည်ကို တွေ့မြင်ရသည့်အလား ခံစားကြရလေသည်။
ဆန်းလျန်က သူ၏စိတ်အာရုံတွင် ထင်မြင်နေသည့် တုန်းဟွာတောက်ကျွင်း၏ ကျောက်ဂူကို တစ်ချက်ကြည့်လိုက်ပြီး နူးညံ့စွာ ပြုံးလိုက်လေသည်။
ဆန်းလျန်ပြုံးလိုက်သည့်အချိန်မှာပင်…
တုန်းဟွာတောက်ကျွင်း၏ ကျောက်ဂူထဲမှ လရောင်တိမ်တိုက်က မှောင်မိုက်သွားပြီး ချင်းရှတောင်မြင်ကွင်းသည်လည်း ပျောက်ကွယ်သွားလေသည်။
တုန်းဟွာတောက်ကျွင်းက တစ်ချက်မျှစဉ်းစားနေပြီးမှ…
"မီလဲ့ကိုယ်တော်က ဝင်ရှုတ်မှတော့ ကျုပ်တို့အနေနဲ့ ငှက်ပျောယပ်တောင်ကို ငှားလို့ရမှာ မဟုတ်တော့ဘူး ၊ ဆန်းလျန်ထျန်းကျွင်းဆိုတာကလည်း သာမန်လူမဟုတ်ဘူး ၊ ဒီတော့ ကျုပ် လူ့လောကကို ကိုယ်တိုင်သွားမှ ဖြစ်တော့မယ် ၊ မင်းကတော့ ဒဏ်ရာရထားတော့ ဒီမှာပဲနေပြီး အနားယူချင်ယူပေါ့…"
ကွမ်းစန်းယွဲ့က တစ်ချက်မျှ တုံ့ဆိုင်းနေပြီးမှ…
"အခုတလော နက္ခတ်တွေမတည်ငြိမ်ဘူး ၊ လူ့လောကမှာ အရှင် တစ်ခုခုဒုက္ခရောက်မှာ စိတ်ပူမိပါတယ်…"
တုန်းဟွာတောက်ကျွင်းက ခေါင်းတစ်ချက်ခါယမ်းလိုက်သည်။
ကျောက်ဂူအတွင်းရှိ အစိမ်းရောင်မြက်ခင်းပြင်ထက်တွင် ဖြူစင်တောက်ပသည့်တိမ်တိုက်တစ်ခုပေါ်လာလေသည်။ ထို့နောက် တုန်းဟွာတောက်ကျွင်းက တိမ်တိုက်ပေါ်သို့ တည်ငြိမ်စွာလှမ်းတက်လိုက်ပြီး ကျောက်ဂူအတွင်းမှ ပျောက်ကွယ်သွားလေတော့သည်။
ချင်းရှတောင်နှင့် မိုင် (၁၀၀)ပတ်လည်သည် အလွန်သာယာသည့် နတ်ဘုရားနယ်မြေတစ်ခုအလား ထင်မှတ်ရလေသည်။
အသက်ဓာတ်စွမ်းအားများ မြင့်မားနေသည့်အတွက် စပါးခင်းများက အောင်မြင်ပြီး သီးပင်စားပင်များကလည်း ဖြစ်ထွန်းလျှက်ရှိသည်။ ထိုသီးပင်စားပင်နှင့် ဆန်စပါးများကို စားသုံးမိသူများအနေဖြင့် အသက်ဓာတ်စွမ်းအားများ မြင့်မားလာကာ အကျိုးကျေးဇူးများစွာ ရရှိမည် ဖြစ်လေသည်။
တုန်ဟွာတောက်ကျွင်းသည် ချင်းရှတောင်ခြေရှိ စပါးခင်းထဲတွင်လမ်းလျှောက်နေလေသည်။ သို့သော်… စပါးခင်းထဲတွင် သူ၏ခြေရာထင်ကျန်ခဲ့ခြင်း မရှိပေ။
သူက ချင်းရှတောင်ပေါ်သို့ တစ်ချက်မော့ကြည့်လိုက်လေသည်။
ထိုအချိန်မှာပင်… ချင်းရှတောင်ကျောက်တုံးလှေကားထစ်များအတိုင်းဆင်းလာသည့် အရပ်မြင့်မြင့် လူတစ်ယောက်ကို တွေ့လိုက်ရလေသည်။
ရဲ့မော်ထျန်းပင် ဖြစ်လေ၏။
ရဲ့မော်ထျန်းက တုန်းဟွာတောက်ကျွင်း၏ ဂုဏ်သတင်းကို ကောင်းကောင်းသိရှိထားသူတစ်ယောက်ဖြစ်လေသည်။
ထို့ကြောင့် သူက တုန်းဟွာတောက်ကျွင်းကို လေးစားစွာပင်ဦးညွှတ်ဂါရဝပြုလိုက်လေသည်။
"ဆန်းလျန်ထျန်းကျွင်းက တုန်းဟွာတောက်ကျွင်းအရှင်လာမယ်ဆိုတာကို ကြိုသိနေပါတယ် ၊ ဒါကြောင့် ကျွန်တော့်ကို အကြိုလွှတ်လိုက်တာပါ…"
ရဲ့မော်ထျန်း၏ စကားကြောင့် တုန်းဟွာတောက်ကျွင်းကလည်း အံ့သြသွားခြင်း မရှိပေ။
ထို့နောက် ရဲ့မော်ထျန်းခေါ်ဆောင်ရာနောက်သို့ အေးဆေးစွာပင် လိုက်ပါသွားလေသည်။ သူက ကျောက်တုံးလှေကားထစ်များအတိုင်းတက်သွားပြီး ထင်းရှူးပင်တောများကို ဖြတ်သန်းသွားကာ နောက်ဆုံး ဝါးရုံတောရှိရာ မြေလမ်းလေးသို့ ရောက်ရှိလာသည်။
ပတ်ဝန်းကျင်တစ်ခုလုံးတွင် မြူခိုးတိမ်တိုက်များကလွင့်မျောနေပြီး ဝါးရွက်များက ယိမ်းနွဲ့လှုပ်ရှားလျှက်ရှိလေသည်။
မြူခိုးတိမ်တိုက်များကြားတွင် ခမ်းနားလွန်းသည့် ချင်းရှကျောင်းတော်ကို တွေ့မြင်လိုက်ရလေသည်။
ချင်းရှကျောင်းတော်ခန်းမဆောင်ထဲတွင် ဆန်းလျန် တိတ်ဆိတ်စွာ ထိုင်နေလေသည်။
တုန်းဟွာတောက်ကျွင်းသည် ခြေတစ်လှမ်းလှမ်းလိုက်ရုံမျှဖြင့် ဆန်းလျန်အနားသို့ ချက်ချင်းရောက်လာလေ၏။
တုန်းဟွာတောက်ကျွင်းလှမ်းလိုက်သည့် ခြေလှမ်းသည် ပုံမှန်ခြေလှမ်းတစ်ခုဟု ထင်မှတ်စရာရှိသော်လည်း တကယ်တမ်းတွင် မိုးမြေကိုတုန်လှုပ်စေသည့် တန်ခိုးစွမ်းအားကို ပြသလိုက်ခြင်းဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော်… ထိုခြေတစ်လှမ်းကပင် ချင်းရှတောင်မှ မြူခိုးများနှင့် အသက်ဓာတ်စွမ်းအားများအားလုံးကို ကမောက်ကမဖြစ်သွားစေသောကြောင့် ဖြစ်လေသည်။
တုန်းဟွာတောက်ကျွင်း၏ တန်ခိုးစွမ်းအားကို လောကရှိ မည်သည့် ကျင့်ကြံသူဂိုဏ်း ၊ နတ်ဘုရားဂိုဏ်းကမှ တွန်းလှန်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
ဆန်းလျန်သည်ပင် တုန်းဟွာတောက်ကျွင်း၏ နက်ရှိုင်းသည့်တန်ခိုးစွမ်းအားများကို ကြိတ်ပြီး လေးစားသွားမိလေသည်။
ဆန်းလျန်က…
"လူ့လောကက လက်ဖက်ရည်ကြမ်းတွေက အရသာမကောင်းလှဘူး ၊ ဒါကြောင့် တာအိုရောင်းရင်းတုန်းဟွာကို လက်ဖက်ရည်ကြမ်းနဲ့ ဧည့်မခံတော့ဘူးဗျာ…"
တုန်းဟွာတောက်ကျွင်းက ပေါ့ပေါ့ပါးပါးဟန်ဖြင့် ပြုံးလိုက်ရင်း…
"တာအိုရောင်းရင်းဆန်းလျန်က ခင်ခင်မင်မင် လက်ဖက်ရည်ကြမ်းနဲ့ ဧည့်ခံမယ်ဆိုရင်တောင်မှ ကျုပ်က မသောက်ရဲပါဘူးဗျာ…"
ဆန်းလျန်က…
"တုန်းဟွာတောက်ကျွင်းလို ကြီးမြတ်တဲ့ နတ်ဘုရားတစ်ပါးကို ဘယ်သူက လက်ဖက်ရည်ကြမ်းထဲမှာ အဆိပ်ခတ်ရဲမှာတဲ့လဲ ၊ ကျုပ်ကို ဒီလောက်သတိထားနေစရာ မလိုပါဘူး.…"
တုန်းဟွာတောက်ကျွင်းက ခပ်အေးအေးလေသံဖြင့်…
"ကျုပ် ဟာသပုံပြင်တစ်ခု သတိရမိတယ်…"
ဆန်းလျန်က….
"တာအိုရောင်းရင်း… ကျေးဇူးပြုပြီး ပြောပြပါဦး…"
တုန်းဟွာတောက်ကျွင်းက…
"ဟိုးရှေးရှေးတုန်းက နိုင့်ဟယ်တံတားကိုစောင့်တဲ့ တံတားစောင့်ဟာ အသူရာချောက်အရှင်သခင်နဲ့ တွေ့ဆုံခဲ့တယ် ၊ သူက နေ့တိုင်းနိုင့်ဟယ်တံတားမှာစောင့်ရင်း လူပြန်ဝင်စားဖို့ရောက်လာတဲ့ဝိညာဉ်တွေကို အတိတ်မေ့ဆေးရည်တိုက်ရတာကို ငြီးငွေ့နေပြီလို့ ပြောတယ် ၊ နိုင့်ဟယ်တံတားစောင့်အလုပ်မလုပ်တော့ဘဲ လူပြန်ဝင်စားပြီး လူ့ပြည်ကိုသွားပြီး ပျော်စရာလေးတွေရှာချင်တယ်တဲ့လေ ၊ အသူရာချောက်ရဲ့ အရှင်သခင်ကလည်း သဘောတူလိုက်တယ် ၊ ဒါပေမဲ့ လူပြန်ဝင်စားချင်တယ်ဆိုရင် အသူရာချောက်ရဲ့ စည်းကမ်းအတိုင်း အတိတ်မေ့ဆေးရည်ကိုတော့ သောက်ရမယ်လို့ ပြောတယ် ၊ တံတားစောင့်ကလည်း သဘောတူပြီးတော့ အတိတ်မေ့ဆေးရည်ကို သောက်လိုက်တယ် ၊ တံတားစောင့်က အတိတ်မေ့ဆေးရည်ကိုသောက်ပြီးလို့ အတိတ်မေ့သွားတာနဲ့ အသူရာချောက်ရဲ့အရှင်သခင်က အမိန့်ချလိုကတယ် ၊ ဒီနေ့ကစပြီး မင်းက အသူရာချောက်က နိုင့်ဟယ်တံတားကို စောင့်ရတဲ့ နိုင့်ဟယ်တံတားစောင့် ဖြစ်သွားပြီ အခုချိန်ကစပြီး အသူရာချောက်ကို ရောက်လာတဲ့ ဝိညာဉ်တွေကို အတိတ်မေ့ဆေးရည် တိုက်တဲ့အလုပ်လုပ်ရမယ်တဲ့…"
ဆန်းလျန်ကတစ်ချက်ပြုံးလိုက်ရင်း…
"တကယ်ရယ်ရတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ…"
တုန်းဟွာတောက်ကျွင်းက ခပ်အေးအေးလေသံဖြင့်…
"တာအိုရောင်းရင်းဆန်းလျန်ရော… အတိတ်မေ့ဆေးရည်ရဲ့အရသာကို မှတ်မိပါသေးရဲ့လား…"
တုန်းဟွာတောက်ကျွင်းက ဆန်းလျန်ကို စိုက်ကြည့်နေလေသည်။
သူ၏နက်ရှိုင်းသည့်မျက်ဝန်းများက လောကတစ်ခွင်ရှိ အရာအားလုံးကို ထိုးဖောက်သိမြင်နေသည့်အလား ထင်မှတ်ရသည်။
ဆန်းလျန်က…
"အတိတ်မေ့ဆေးရည်က အတိတ်ကို ဖြတ်တောက်ပစ်တယ် ၊ နည်းနည်းလောက် သောက်မိတာနဲ့ အတိတ်ကအဖြစ်အပျက်တွေကို မှတ်မိနိုင်မှာ မဟုတ်တော့ဘူး…"
တုန်းဟွာတောက်ကျွင်းက လက်နှစ်ဖက်ကို နောက်ပစ်လိုက်ရင်း…
"မဟုတ်ဘူးထင်တယ်နော်…"
ဆန်းလျန်က တုန်းဟွာတောက်ကျွင်းနှင့် ငြင်းခုန်မနေတော့ပေ။
ဆန်းလျန်က တိုးတိတ်သည့်လေသံဖြင့်…
"တုန်းဟွာတောက်ကျွင်း လူ့လောကကို ရောက်လာတာ… ဆန်းလျန်ကို ဘာများသင်ပြပေးစရာ ရှိလို့ပါလဲ…"
တုန်းဟွာတောက်ကျွင်းက…
"ကျုပ်က မရှိမှုကျေးရွာမှာ ကျောက်ဂူတစ်ခုဖန်ဆင်းနိုင်ခဲ့ပေမယ့် ကောင်းကင်ဘုံတစ်ခုတော့ မဖန်ဆင်းနိုင်သေးပါဘူး ၊ ဒါပေမဲ့ ကျုပ် ပြောချင်တာက ချင်းရှတောင်ကို မရှိမှုကျေးရွာကို ရွှေ့ပြောင်းလိုက်စေချင်တယ် ၊ မရှိမှုကျေးရွာမှာ နတ်ဘုရားနယ်မြေတွေမှ အများကြီးပဲလေ ၊ လူ့လောကမှာ အခုလို နတ်ဘုရားနယ်မြေတစ်ခု တည်ဆောက်ထားတာကတော့ သိပ်ပြီးနည်းလမ်းမကျဘူးထင်တယ်…"
ဆန်းလျန်က…
"ချင်းရှတောင်က ဒီနေရာမှာပဲ ရှိနေမှာပါ ၊ ဘယ်နေရာကိုမှ မရွှေ့ပါဘူး…"
တုန်းဟွာတောက်ကျွင်းက ဆန်းလျန်ကို အေးစက်စွာဖြင့် စိုက်ကြည့်လိုက်ရင်း…
"မင်းက သိပ်ပြီး တန်ခိုးစွမ်းအားမြင့်မားတယ်ဆိုပေမယ့် မိုးနတ်မင်းကိုတော့ မမီပါဘူးကွာ ၊ ဒီတော့ မင်း ဒီနေ့ ချင်းရှတောင်မှာတစ်လောကလုံးက အသက်ဓာတ်စွမ်းအားတွေ လာပြီးစုနေတာကို မရပ်တန့်ဘူးဆိုရင် မင်းကိုလာပြီးတားဆီးမယ့်သူက ကျုပ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သိသင့်တယ်…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ဒီတောင်က နတ်ဘုရားတောင်တစ်တောင် ဖြစ်သွားပါပြီ ၊ ကျုပ်ကို ဘယ်သူတွေတားဆီးနိုင်မလဲဆိုတာ စောင့်ကြည့်ချင်မိတယ်…"
တုန်းဟွာတောက်ကျွင်း မျက်နှာတစ်ချက်ပျက်သွားပြီး…
"မင်းက ဘာဖြစ်ချင်နေတာလဲ…"
ချင်းရှတောင်သည် မည်မျှပင်ကောင်းမြတ်သည့် နတ်ဘုရားတောင်ဖြစ်နေပါစေ တုန်းဟွာတောက်ကျွင်းက အရေးမစိုက်ပေ။
သို့သော်… ချင်းရှတောင်က လူ့လောကတစ်ခုလုံးမှ အသက်ဓာတ်စွမ်းအားများကို ဆွဲငင်စုပ်ယူနေသည်ကိုတော့ သူ အရေးစိုက်ရမည် ဖြစ်လေသည်။
လက်ရှိအချိန်တွင် လူ့လောကသည် အဆက်မပြတ်ကျယ်ပြန့်နေဆဲဖြစ်ပြီး အောင်မြင်မှုတွင်လည်း ထိပ်ဆုံးအဆင့် ရောက်ရှိနေလေသည်။
သို့သော်… မည်သည့်အရာမဆို ထိပ်ဆုံးအဆင့်သို့ ရောက်ပြီးလျှင် ပြန်လည်ကျဆင်းသွားတတ်သည်မှာ ဓမ္မတာပင် ဖြစ်သည်။ အနာဂတ်တွင် မည်သည့်အရာများဖြစ်ပျက်လာမည်လဲဆိုသည်ကို မည်သူမှ ခန့်မှန်းတွက်ချက်နိုင်ခြင်း မရှိနိုင်ပေ။
ထို့ကြောင့် လက်ရှိအချိန်တွင် လူ့လောကတိုးတက်ကောင်းမွန်နေခြင်းသည် ကံကောင်းမှုတစ်ခုဟု မှတ်ယူနိုင်လေသည်။
ထိုကံကောင်းမှုကို တစ်ခဏတာသာမဟုတ်ဘဲ ရေရှည်တည်တံ့အောင် ထိန်းသိမ်းထားရန် လိုအပ်သည်။ လူ့လောကကြီးတစ်ခုလုံး ပရမ်းပတာဖြစ်သွားပြီးဆိုပါက နတ်ဘုရားများအနေဖြင့်လည်း အနည်းနှင့်အများ ဘေးအန္တရယ်ကျရောက်မှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
အထူးသဖြင့် နတ်ဘုရားများ၏ အနွယ်တော်များဖြစ်သည့် ကျင့်ကြံသူများအနေဖြင့် ဘေးအန္တရယ်များကို ခံစားရမည် ဖြစ်လေသည်။
မီလဲ့ကိုယ်တော်က ယင်ရှန်းကျွင်းကို ကူညီခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် ယွမ်ကျိုးနယ်သည် အစကတည်းက ဗုဒ္ဓဘာသာထွန်းကားသည့်နေရာတစ်ခု မဟုတ်ပေ။
ဆန်းလျန်၏လုပ်ရပ်က ယွမ်ကျိုးနယ်ကို ထိခိုက်စေသည့်တိုင် ယွမ်ကျိုးနယ်သည် ဗုဒ္ဓဘာသာပျံ့ပွားရာ နေရာမဟုတ်သည့်အတွက် မီလဲ့ကိုယ်တော်က အရေးမစိုက်ခြင်း ဖြစ်ဟန်တူလေသည်။
နောက်တစ်ချက်မှာ… နတ်ဘုရားများအနေဖြင့် ဆန်းလျန် အင်အားကြီးမားလာမည်ကို စိုးရိမ်ကြလေသည်။ ဆန်းလျန်သာ အင်အားကြီးလာခဲ့လျှင် အခြားသောနတ်ဘုရားများ အင်အားနည်းသွားပေလိမ့်မည်။
ဤလောကတွင် တာအိုဆရာသခင်ကြီးတစ်ပါးတည်းသာ ထပ်ပြီး ပွင့်ရန် ကျန်တော့သည်။
မည်သည့်နတ်ဘုရားမဆို တာအိုဆရာသခင်ကြီး ဖြစ်ချင်ကြသည်ပင်။ ဆန်းလျန်သာ တာအိုဆရာသခင်ကြီးဖြစ်သွားလျှင် အခြားသူများအတွက် အခွင့်အရေးမရှိတော့ပေ။
သို့သော်… ဆန်းလျန် တာအိုဆရာသခင်ကြီး မဖြစ်သေးသရွေ့ အခြားသူများအတွက် မျှော်လင့်ချက်ရှိနေဦးမည် ဖြစ်လေသည်။
လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းကျော်က ဆန်းလျန်သည် တာအိုဆရာသခင်ကြီးအဖြစ် အဆင့်တက်လှမ်းနိုင်ခြင်းမရှိဘဲ ကျဆုံးသွားခဲ့ရသည်။
ဆန်းလျန်ကျဆုံးသွားသည့်အခါ အားလုံးက တာအိုဆရာသခင်ကြီးဖြစ်ရန် အခွင့်အရေးရပြီဟုယူဆကာ ဝမ်းမြောက်ခဲ့ကြသည်။
သို့သော်… တကယ်တမ်း ဆန်းလျန်သာ လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်က တာအိုဆရာသခင်ကြီးတစ်ပါး အဖြစ် အဆင့်တက်ရောက်နိုင်ခဲ့လျှင် ယခုလက်ရှိ ဖြစ်နေသည့် ပြဿနာများအားလုံး ဖြစ်လာတော့မည် မဟုတ်ပေ။
ဆန်းလျန်က…
"တာအိုကျင့်စဉ်လမ်းက နက်ရှိုင်းလွန်းတယ် ၊ ကျုပ် တာအိုတရားဟောပြောတာ ဘာများ မကောင်းတာရှိလို့လဲ ၊ တုန်းဟွာတောက်ကျွင်း မကျေနပ်လည်း မတတ်နိုင်ဘူး ၊ ကျုပ်ကတော့ ဆက်လုပ်ရမှာပဲ…"
ဆန်းလျန်၏ စကားကြောင့် တုန်းဟွာတောက်ကျွင်း ပြုံးလိုက်လေသည်။
သူ၏ အပြုံးက ဒေါသတရားတို့ဖြင့် ပြည့်နက်နေသည့်အပြုံး ဖြစ်လေ၏။
"မင်းက မင်းကိုယ်မင်း ခြောက်ပစ်ကင်းသဲလဲစင်လို့ ထင်နေသလားကွ…"
တုန်းဟွာတောက်ကျွင်း ဒေါသထွက်သွားသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးမှ မြူခိုးတိမ်တိုက်များ ချက်ချင်းပင် လွင့်ပျံ ပျောက်ကွယ်သွားကြလေသည်။
ထို့နောက် တုန်းဟွာတောက်ကျွင်း၏ ဦးခေါင်းထက်မှ သန့်စင်သည့် အပြာရောင်မီးတောက်တစ်ခု ထွက်ပေါ်လာလေသည်။
ဆန်းလျန်က…
"သန့်စင်လိုက်တဲ့ ယန်စွမ်းအားမီးတောက် ၊ တုန်းဟွာတောက်ကျွင်းရဲ့ ယန်စွမ်းအားမီးတောက်ပညာက ထိုက်စန့်လောင်ကျွင်းကိုတောင် မီတော့မှာပဲ…"
ဆန်းလျန်က တုန်းဟွာတောက်ကျွင်းကို ချီးမွမ်းစကားဆိုလိုက်လေသည်။ သို့သော်… လေသံက အေးအေးဆေးဆေးဖြင့် ခံစားချက်ကင်းမဲ့လျှက်ရှိသည်။
တုန်းဟွာတောက်ကျွင်းနှင့်ပတ်သက်သည့် ဒဏ္ဍာရီများစွာ ရှိလေသည်။
သူသည် ရှေးကျသည့်နတ်ဘုရားတစ်ပါးဖြစ်ပြီး အလွန်လည်း ကျော်ကြားသူတစ်ယောက်ဖြစ်သည်။
အတိတ်တစ်ချိန်တုန်းကဆိုလျှင်… တုန်းဟွာတောက်ကျွင်း၏ ကိုယ်ခွဲတစ်ခုသည် ကွမ်ယင်မယ်တော်ကိုပင် သွားပြီး ရန်စခဲ့ဖူးလေသည်။
ချွင်ယန်တာအိုနန်းတော်မှ စန့်တုန့်နတ်ဘုရား (၈)ပါးသည်လည်း သူ၏ ကိုယ်ခွဲများပင် ဖြစ်လေသည်။
ထို့ပြင် မိုးနှင့်မြေတွင် တုန်းဟွာတောက်ကျွင်း၏ ဉာဏ်စဉ်များဖြန့်ကျက်ထားသည့် ကိုယ်ခွဲများ မရေမတွက်နိုင်အောင် ရှိနေသေးသည်။
သူ၏ ကိုယ်ခွဲများအားလုံးသည် အရည်အချင်းအမျိုးမျိုးကို ပိုင်ဆိုင်ထားကြသူများ ဖြစ်လေသည်။
မူလတုန်းဟွာတောက်ကျွင်းကိုယ်တိုင်သည်လည်း နှစ်ပေါင်းများစွာ ပြိုင်ဘက်ကင်းအနေအထားဖြင့် ရပ်တည်နိုင်ခဲ့သူ ဖြစ်လေသည်။
ထို့ကြောင့် ဆန်းလျန်အနေဖြင့် တုန်းဟွာတောက်ကျွင်းအစစ်နှင့် တကယ်တမ်းတိုက်ခိုက်ရမည်ဆိုလျှင် လွယ်ကူမည်တော့ မဟုတ်ပေ။
သို့သော်… ကံကောင်းသည်က လောတစ်ခုလုံး၏ အသက်ဓာတ်စွမ်းအားများကို စုပ်ယူဆွဲငင်နေသည့် ချင်းရှတောင်ကို ဆန်းလျန်က ပိုင်ဆိုင်ထားလေသည်။
ထို့ကြောင်ပင် တုန်းဟွာတောက်ကျွင်းက ဆန်းလျန်ကို နှင်ထုတ်ရန်အတွက် ယင်ရှန်းကျွင်းဆီမှ ငှက်ပျောယပ်တောင်ကို ငှားယမ်းရန် ကွမ်းစန်းယွဲ့ကို တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်… မထင်မှတ်စွာ မီလဲ့ကိုယ်တော်က ဝင်ရှုတ်ခဲ့လေသည်။
တကယ်တော့ တုန်းဟွာတောက်ကျွင်းသည် လူ့လောကကို ရောက်လာကတည်းက ဒေါသထွက်နေခြင်းဖြစ်လေသည်။ သူက ဆန်းလျန်ကို စကားပင်ပြောရန် ဆန္ဒမရှိဘဲ လက်သီးဖြင့် ပြေးထိုးချင်နေမိလေသည်။
ဆန်းလျန်မှာလည်း အေးအေးဆေးဆေးနေရသည်ဟူ၍ မရှိသည့်အတွက် စိတ်ပျက်မိလေသည်။
မာရ်နတ်နှင့်တိုက်ခိုက်ပြီးလို့မှ မကြာသေး ၊ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ဆရာကြီးလာလုပ်နေသည့် တုန်းဟွာတောက်ကျွင်းဖြင့် တွေ့နေရပြန်သည်။
သို့သော်… ဆန်းလျန်က အာလာယဝိညာဉ်တန်ခိုးစွမ်းအားကို ကျင့်ကြံထားသူဖြစ်လေသည်။ အာလာယဝိညာဏတန်ခိုးစွမ်းအားသည် လောကတစ်ခုလုံးရှိ ဓမ္မအားလုံးကို သိမြင်နိုင်စွမ်းရှိသည့် အရင်းအမြစ် ဖြစ်လေသည်။
ထို့ကြောင့် ဆန်းလျန်ရင်ဆိုင်ရသည့်ပြိုင်ဘက်က တန်ခိုးစွမ်းအားမြင့်မားလေ… အာလာယဝိညာဏတန်ခိုးစွမ်းအားကလည်း ပိုပြီး ထူးခြားအစွမ်းထက်လာလေ ဖြစ်လေသည်။
ထို့ကြောင့် မည်သို့သောရန်သူမျိုးဖြင့် ရင်ဆိုင်တိုက်ခိုက်ရပါစေ ဆန်းလျန်အတွက် အရှုံးမရှိပေ။
သို့သော်… ဆန်းလျန်၏ ကျင့်စဉ်လမ်းရှေ့ဆက်နိုင်ရန်အတွက် ဗောဓိပင်ကို ရှာဖွေရန် လိုသေးသည်။ ဗောဓိပင်ကို တွေ့ရှိမှသာ အော်မီတော်ဖူဘုရား၏ ကျမ်းစာများကို သိခွင့်ရမည်ဖြစ်သည်။ သူက အော်မီတော်ဖူဘုရား၏ ကျမ်းစာများကို ထိုက်ချင်တန်ခိုးစွမ်းအားဖြင့် တစ်သားတည်းပေါင်းစပ်ကာ ဆက်လက်ကျင့်ကြံရမည် ဖြစ်သည်။
တုန်းဟွာတောက်ကျွင်းက ချက်ချင်းပင် သန့်စင်သည့်ယန်စွမ်းအားမီးတောက်ဖြင့် ချင်းရှတောင် တစ်ခုလုံးကို လောင်ကျွမ်းပစ်လိုက်လေသည်။
သို့သော်… ဆန်းလျန်က ထိုသို့ အဖြစ်မခံပါ။
သူက လက်တစ်ဖက်ဝှေ့ယမ်းလိုက်လေရာ ကောင်းကင်ထက်တွင် ကြီးမားသည့် ခေါင်းလောင်းကြီးတစ်ခုပေါ်လာပြီး တုန်းဟွာတောက်ကျွင်း၏ ယန်စွမ်းအားမီးတောက်များကို စုပ်ယူပစ်လိုက်လေသည်။
တုန်းဟွာတောက်ကျွင်း တစ်ချက် တုန်လှုပ်သွားလေသည်။
ဆန်းလျန်ဖန်ဆင်းလိုက်သည့် ဧရာမခေါင်းလောင်းကြီးကိုတွေ့လိုက်ရသည်နှင့် သူငယ်စဉ်က ခွန်လွန်တောင်တွင် တွေ့မြင်ခဲ့ရသည့် ခေါင်းလောင်းကြီးတစ်ခုကို အမှတ်ရသွားလေသည်။
ထိုခေါင်းလောင်းကြီးသည် ယွမ်စီထျန်းကျွင်း၏ ဝိညာဉ်စွမ်းအားဖြင့် ဖန်ဆင်းထားသည့် ခေါင်းလောင်းကြီး ဖြစ်လေသည်။ ထိုသို့ဖန်ဆင်းနိုင်ရန်အတွက် သီးသန့်ကျင့်စဉ်မရှိပေ။ ပင်ကိုယ်တန်ခိုးစွမ်းအားကို အသုံးပြုရခြင်းသာ ဖြစ်သည်။
ဆန်းလျန်ဖန်ဆင်းလိုက်သည့် ခေါင်းလောင်းကြီးသည် ယွမ်စီထျန်းကျွင်းဖန်ဆင်းသည့် ခေါင်းလောင်းကြီးလောက်တန်ခိုးစွမ်းအား မြင့်မားခြင်း မရှိပေ။
သို့သော်… ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ဖန်ဆင်းလိုက်သည့်နည်းလမ်းချင်းတော့ ဆင်တူလေသည်။
တုန်းဟွာတောက်ကျွင်းက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး ယန်စွမ်းအားမီးတောက်တစ်ခုကို ဖန်ဆင်းကာ ဆက်လက်တိုက်ခိုက်လိုက်သည်။
ဆန်းလျန်က ယိလမ်းစဉ်ကို အသုံးပြုကာ တုန်းဟွာတောက်ကျွင်းပြုလုပ်နေသည့် အမှန်တရားကို သုံးသပ်နေလေသည်။
ထို့နောက်တွင်တော့…
"ဓားလာစမ်း…"
ဟု ဆန်းလျန်က ပြောလိုက်သည်။
ရုတ်တရက် ဓားရောင်တစ်ချက်လင်းလက်သွားပြီး လေထုကို ဖြိုခွင်းကာ ယွမ်တုဓားထွက်ပေါ်လာလေသည်။
ယွမ်တုဓားမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များပြင်းထန်စွာထွက်ပေါ်နေပြီး နဂါးတစ်ကောင်အလား တုန်းဟွာတောက်ကျွင်းရှိရာသို့ ဝင်ရောက်သွားလေသည်။
တုန်းဟွာတောက်ကျွင်းမှာ အနည်းငယ် စိတ်ပျံ့လွင့်နေလေရာ ယွမ်တုဓား ရုတ်တရက် တိုက်ခိုက်ခြင်းကို ခံလိုက်ရသည့်အခါ အနည်းငယ် ထိတ်ထိတ်ပြာပြာ ဖြစ်သွားရသည်။
ယခု ရင်ဆိုင်လိုက်ရသည့် ယွမ်တုဓားသည် တာအိုဆရာသခင်ယွမ်ချင်း၏ ကိုယ်ခွဲဖြစ်လေသည်။ ထို့ကြောင့် ယွမ်တုဓား၏ ကျင့်ကြံခြင်းအဆင့်သည့် တုန်းဟွာတောက်ကျွင်းအောက် မလျော့ပေ။ ကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ ဓားတစ်လက်ဖြစ်နေသည့်တိုင် အနှစ်သာရကတော့ ပြောင်းလဲသွားမည် မဟုတ်ပေ။
ဆန်းလျန်နှင့် ယွမ်တုဓားကို အတူတူ ရင်ဆိုင်လိုက်ရခြင်းသည် တုန်းဟွာတောက်ကျွင်းအနေဖြင့် ရန်သူ (၂)ယောက်ကို တစ်ပြိုင်တည်း ရင်ဆိုင်ရသည့်အလား ဖြစ်လေသည်။
ထိုအချိန်မှာပင်…
ဧရာမခေါင်းလောင်းကြီးက တုန်းဟွာတောက်ကျွင်းရှိရာသို့ ရောက်ရှိလာပြီး တုန်းဟွာတောက်ကျွင်းကို ဖိနှိပ်ထားရန် ဟန်ပြင်လိုက်သည်။
ရုတ်တရက်…
ကြီးမားသည့် ပေါက်ကွဲသံကြီးတစ်ခုထွက်ပေါ်လာပြီး ခန်းမကြီးတစ်ခုလုံး ပြိုကျသွားလေသည်။
ချင်းရှတောင်မှ ပေါက်ကွဲမှုကြီးကြောင့် တောင်ပေါ် တောင်အောက်ရှိ သက်ရှိများအားလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြရသည်။
အသက်ဓာတ်စွမ်းအားများက အတက်အကျများကာ မငြိမ်မသက်ဖြစ်နေလေသည်။ ဆန်းလျန်က ပေါက်ကွဲမှုကြီးကို ပျံ့နှံ့မသွားအောင်တားဆီးထားလိုက်ပြီး မိုင်တစ်ရာပတ်လည်အတွင်းမှ သက်ရှိသတ္တဝါများကို လွတ်မြောက်အောင် ကာကွယ်ပေးလိုက်လေသည်။
***