ပြန်လည်ဝင်စားခြင်းဘုံဆီသို့
Vol. 9 Ch. 837
ထို့နောက်…
လေထုထဲတွင် အပေါက်တစ်ပေါက်ဖြစ်ပေါ်လာကာ ရှေးဟောင်းခေါင်ရမ်းပန်းပင်ကြီးတစ်ပင်ထွက်ပေါ်လာလေသည်။ ရှေးဟောင်းခေါင်ရမ်းပင်ကြီးမှာ မီးပွားများ တဖွားဖွားထုတ်လွှတ်လျှက်ရှိသည်။
ထိုရှေးဟောင်းခေါင်ရမ်းပင်ကြီးမှာ တုန်းဟွာတောက်ကျွင်း၏ ကိုယ်ခွဲတစ်ခုပင် ဖြစ်လေသည်။ ထိုခေါင်ရမ်းပန်းပင်ကြီးသည် ကျန့်ယွမ်ကျီနတ်မင်းကြီး၏ ဂျင်ဆင်းဆေးပင်ကဲ့သို့ မိုးနှင့်မြေတွင် အမြစ်တွယ်နေသည့် ထူးခြားသည့် ဝိညာဉ်စွမ်းအား သစ်ပင်ကြီးတစ်ပင် ဖြစ်လေသည်။
ဆန်းလျန်ကတော့ အံ့သြခြင်းမရှိပေ။
တုန်းဟွာတောက်ကျွင်းနှင့် မယ်တော်ဝမ်မူသည် ခင်မင်ကြသည့် မိတ်ဆွေများဖြစ်ကြလေသည်။ မယ်တော်ဝမ်မူက နတ်မက်မွန်သီးပင်ကို ကိုယ်ခွဲအဖြစ်အသုံးပြုနိုင်ပြီး တုန်းဟွာတိကျွင်းဟု လူအများသိကြသည့် တုန်းဟွာတောက်ကျွင်းကတော့ ခေါင်ရမ်းပန်းပင်ကို ကိုယ်ခွဲအဖြစ် အသုံးပြုနိုင်လေသည်။ထူးဆန်းလှသည်တော့ မဟုတ်ပေ။
တုန်းဟွာတောက်ကျွင်းကို တိုက်ခိုက်နေသည့် ယွမ်တုဓားက တစ်ချက်တုန်ခါသွားပြီး ခေါင်ရမ်းပန်းပင်ကြီးဆီသို့ လမ်းကြောင်းပြောင်းကာ ဦးတည်တိုက်ခိုက်လိုက်သည်။
ယွမ်တုဓားထံမှ သေးမျှင်သည့်သံမဏိကြိုးမျှင်များထွက်ပေါ်လာပြီး သံမဏိပိုက်ကွန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ခေါင်ရမ်းပန်းပင်ကြီးကို အုပ်မိုးထားလိုက်လေသည်။
ရှေးဟောင်းခေါင်ရမ်းပန်းပင်ကြီးမှ ပြင်းထန်လွန်းသည့် မီးပွားများထွက်ပေါ်လာပြီး သံမဏိကြိုးမျှင်များကို ဖြတ်တောက်ပစ်ရန် ကြိုးစားသော်လည်း နောက်ဆုံးတွင် ယွမ်တုဓားကို ယှဉ်နိုင်ခြင်း မရှိဘဲ ရှုံးနိမ့်သွားရလေသည်။
သံမဏိကြိုးမျှင်များနှင့် မီးပွားများထိခိုက်မိသံကြောင့် တဝုန်းဝုန်းအသံများ ထွက်ပေါ်နေလေတော့သည်။
နောက်ဆုံးတွင်တော့ သံမဏိပိုက်ကွန်၏ဒဏ်ကို မခံနိုင်ဘဲ ရှေးဟောင်းခေါင်ရမ်းပင်ကြီးမှာ ညှိုးလျော်ခြောက်သွေ့ကာ သေဆုံးသွားလေတော့သည်။
သို့သော်…
ခေါင်ရမ်းပန်းပင်ကြီးအတွင်းမှ လူငယ်လေးတစ်ယောက် ထွက်ပေါ်လာလေသည်။
ထိုလူငယ်လေးသည် တုန်းဟွာတောက်ကျွင်းနှင့် တစ်ထေရာတည်း ဆင်တူလေသည်။ ထိုလူငယ်လေးက ဓားကိုကိုင်ကာ ယွမ်တုဓားကို တိုက်လိုက်လိုက်လေသည်။ သို့သော်… ထိုလူငယ်လေးသည် ယွမ်တုဓားကို ယှဉ်နိုင်ခြင်း မရှိဘဲ ယွမ်တုဓား၏ ဓားချက်တစ်ချက်ထိမိကာ အငွေ့ပျံပျောက်ကွယ်သွားရလေသည်။
ဆန်းလျန်သည် ချင်းရှတောင်၏ အသက်ဓာတ်စွမ်းအားများကို ရယူသုံးစွဲနိုင်သူ ဖြစ်သည့်အတွက် ချင်းရှတောင်ပေါ်တွင်ဆိုလျှင် သူ၏တန်ခိုးစွမ်းအားများက အဆုံးမရှိ မြင့်မားနေမည် ဖြစ်လေသည်။
ဆန်းလျန်က တစ်ချက်ပြုံးလိုက်ရင်း…
"တုန်းဟွာတောက်ကျွင်းက တကယ်တော်ပါပေတယ်ဗျာ…"
အမှန်တကယ်လည်း တုန်းဟွာတောက်ကျွင်းက အလွန်တော်သူတစ်ယောက် ဖြစ်ပါ၏။
သူ နှစ်ပေါင်းများစွာ ကျင့်ကြံထားသည့် ကိုယ်ခွဲတစ်ခု လုံးလုံးလျားလျား သုတ်သင်ခံလိုက်ရသည့်တိုင် သူက တစ်ချက်လေးပင် နောက်ဆုတ်သွားခြင်း မရှိပေ။
တုန်းဟွာတောက်ကျွင်းက အေးဆေးသည့်လေသံဖြင့်…
"ကျုပ်ကလွဲရင် ကျုပ်ရဲ့ကိုယ်ခွဲတွေအားလုံးက ကျုပ်ရဲ့ လက်နက်တွေပဲ… ၊ ဒီနေ့တော့ မင်းကို ဆက်မတိုက်တော့ဘူး ၊ ဒါပေမဲ့ ဒီနေ့ကိစ္စကို မင်းအကြွေးမှတ်ထားလိုက်ပါ…”
ပြောပြီးသည်နှင့် တုန်းဟွာတောက်ကျွင်းသည် ခန္ဓာကိုယ်တစ်ချက်လှုပ်ခါလိုက်လေရာ သဲလွန်စမကျန် လေထုထဲသို့ တိုးဝင် ပျောက်ကွယ်သွားလေတော့သည်။
ဆန်းလျန်က မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းလိုက်ပြီး လက်ဖဝါးတစ်ဖက်ကို ဖြန့်လိုက်လေသည်။
ထိုအခါ သူ၏လက်ထဲတွင် စည်းတံဆိပ်တစ်ခုပေါ်လာလေသည်။ ထိုစည်းတံဆိပ်မှာ ဝက်ဝံသခင်ဆီမှ ရယူထားသည့် တထာဂတဿစည်းတံဆိပ်ပင် ဖြစ်လေသည်။
သို့သော်… ဆန်းလျန်က ဝက်ဝံသခင်ထက်ပိုပြီး တထာဂတဿစည်းတံဆိပ်ကို ထိန်းချုပ်နိုင်လေသည်။ ဝက်ဝံသခင်သာ တွေ့မြင်ရလျှင် အလွန်အံ့သြသွားပေလိမ့်မည်။
တုန်းဟွာတောက်ကျွင်းသည် ချက်ချင်းပင် မိုးကောင်းကင်အပြင်ဘက်ရှိ ကြယ်စင်မြစ်ကမ်းနံဘေးသို့ ရောက်ရှိသွားလေသည်။ သူက စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ချမည် ကြံကာရှိသေး သူ့နောက်မှ လိုက်လာသည့် တထာဂတဿ အလင်းတန်းများကို တွေ့မြင်လိုက်ရလေသည်။
သူက တထာဂတဿအလင်းတန်းများကို လှည့်ကြည့်လိုက်မိသည့်အချိန်မှာပင် ရှောင်တိမ်းနိုင်စွမ်း တစ်စက်ကလေးပင် မရှိတော့ဘဲ စွမ်းအားမြင့်မားလွန်းသည့် တထာဂတဿစည်းတံဆိပ်ဖြင့် ခတ်နှိပ်ခံလိုက်ရလေတော့သည်။
တုန်းဟွာတောက်ကျွင်းသည် ဗဟုသုတကြွယ်ဝသူတစ်ယောက်ဖြစ်လေရာ သူရင်ဆိုင်လိုက်ရသည့်အရာမှာ တထာဂတဿစည်းတံဆိပ်ဖြစ်သည်ကို ချက်ချင်းသိလိုက်လေသည်။
တထာဂတဿစည်းတံဆိပ်သည် ဗုဒ္ဓ၏လက်ဖဝါးတော်ထဲတွင် ဖိနှိပ်ဖမ်းဆီးခံရခြင်းလောက် ပြင်းထန်ခြင်းမရှိသည့်တိုင် ဗုဒ္ဓ၏ဓမ္မများပါဝင်နေသည့်အတွက် အလွန်တန်ခိုးစွမ်းအားမြင့်မားသည့် စည်းတံဆိပ်ဖြစ်လေသည်။
ထို့ပြင် တထာဂတဿစည်းတံဆိပ်ကို ထိန်းချုပ်အသုံးပြုသူမှာ ဆန်းလျန်ဖြစ်နေသည့်အတွက် တန်ခိုးစွမ်းအားများက အဆမတန်ပိုပြီး မြင့်မားနေလေသည်။
တထာဂတဿအလင်းတန်းများဖြင့် ဖိနှိပ်ထားခြင်းကိုခံလိုက်ရသည့်အခါ တုန်းဟွာတောက်ကျွင်း၏ မူလဝိညာဉ်ခန္ဓာမှာ တဖြည်းဖြည်း ထုံထိုင်းအေးခဲလာလေတော့သည်။
နောက်ဆုံးကျန်ရှိနေသည့်သတိလေးတစ်ချက်ဖြင့် သူတွေးလိုက်မိသည်မှာ…
“ယနေ့တော့ သူ့ဘဝတွင် အကြီးအကျယ်ဆုံးရှုံးမှုကြီးတစ်ခုဖြင့် ရင်ဆိုင်ရပြီ”ဆိုသည့် အချက်ပင် ဖြစ်လေသည်။
ထိုအချိန်မှာပင်…
နဂါးငွေ့တမ်းမြစ်ကမ်းတစ်ဖက်မှ နောက်ထပ်စည်းတံဆိပ်တစ်ခု ထွက်ပေါ်လာလေသည်။
ထိုစည်းတံဆိပ်ထွက်ပေါ်လာသည့်အတွက် နဂါးငွေ့တန်းမြစ်ရေများပင်လျှင် အနည်းငယ် လှိုင်းထန်သွားရသည်။ ထိုစည်းတံဆိပ်မှ အလင်းတန်းများက မျက်စိကျိန်းစပ်လောက်အောင် တောက်ပနေပြီး ကြယ်စင်များပင် မှေးမှိန်သွားရသည်။
ထိုစည်းတံဆိပ်မှာ ကွမ်းချန်ကျီ၏ ရတနာပစ္စည်းတစ်ခုဖြစ်သည့် ဖန်းထျန်းစည်းတံဆိပ်ဖြစ်သည်ကို တုန်းဟွာတောက်ကျွင်းသိလိုက်သည်။
ထိုစည်းတံဆိပ်သည် တုန်းဟွာတောက်ကျွင်းကို ကယ်တင်ရန် ရောက်ရှိလာခြင်းဖြစ်သည်။
သို့သော်… ခြေတစ်လှမ်းနောက်ကျသွားခဲ့ပြီ ဖြစ်လေသည်။
တုန်းဟွာတောက်ကျွင်းသည် သူ့ကိုကယ်ရန်ရောက်လာသည့် ဖန်းထျန်းစည်းတံဆိပ်ကို နောက်ဆုံးတစ်ချက်ကြည့်လိုက်ပြီးသည့်အခါတွင်တော့ အသိတရားကင်းမဲ့သွားလေတော့သည်။
…….
တုန်းဟွာတောက်ကျွင်း သတိပြန်ရလာသည့်အခါ သူ့နားထဲတွင် ရေသံများကြားနေရလေသည်။
မျက်လုံးများအသာဖွင့်ကြည့်လိုက်သည့်အခါတွင် ဝိညာဉ်မြစ်အတွင်းသို့ ရောက်ရှိနေခြင်းဖြစ်သည်ကို သိလိုက်ရသည်။
သူက ဝိညာဉ်မြစ်ထဲရုန်းကန်ကူးခတ်ပြီး ကမ်းခြေသို့သွားရန်ကြိုးစားလိုက်သည့်အခါ တွင်းနက်ကြီးတစ်ခုက သူ့ကိုဆွဲခေါ်သွားပြီး သတိလစ်သွားရပြန်လေသည်။
နောက်တစ်ကြိမ် သူ ပြန်သတိရလာသည့်အခါတွင်တော့ သူက ဝိညာဉ်မြစ်အတွင်းမှ လွတ်မြောက်ရန် မကြိုးစားတော့ဘဲ အကြောင်းအရာများကို သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်မိသည်။
သူသည် ဆန်းလျန်၏ တထာဂတဿစည်းတံဆိပ်ဖြင့် ထိမှန်ခံခဲ့ရပြီး နတ်သက်ကြွေခဲ့ပြီ ဖြစ်လေသည်။
ယခုတော့ လူပြန်ဝင်စားခြင်းဘုံသို့သွားရောက်ကာ ပြန်လည်လူဝင်စားရပေတော့မည်။
သူ့အနေဖြင့် လူသားမိခင်တစ်ယောက်၏ ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်ကာ ပြန်လည်မွေးဖွားရပေမည်။ မဟုတ်ပါက သူ့အတွက် ဆက်လက်အသက်ရှင်ရန် လမ်းမမြင်တော့ပေ။
ဆန်းလျန်ကို သွားရောက်တိုက်ခိုက်မိသည့်အတွက် တုန်းဟွာတောက်ကျွင်း နောင်တရလိုက်မိသည်။ သူသည် ဆန်းလျန်ကို အနိုင်မယူနိုင်သည့်အပြင် တထာဂတဿစည်းတံဆိပ်ဖြင့်ထိမှန်ခံခဲ့ရပြီး ယခုတော့ လူပြန်ဝင်စားရတော့မည်။
………..
တုန်းဟွာတောက်ကျွင်း နတ်သက်ကြွေသွားပြီးသည့်နောက် ဖန်းထျန်းစည်းတံဆိပ်သည် ဆန်းလျန်၏ တထာဂတဿ စည်းတံဆိပ်နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့လေသည်။
ဖန်းထျန်းစည်းတံဆိပ်ဖြင့်တိုက်ခိုက်ခံလိုက်ရသည့်အခါ တထာဂတဿစည်းတံဆိပ်သည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားရလေသည်။
တထာဂတဿစည်းတံဆိပ် ကွဲကြေပျက်စီးသွားသည်နှင့် ချင်းရှတောင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည့် ဆန်းလျန်မှာလည်း မျက်လုံးများပြာခနဲဖြစ်သွားကာ ခေါင်းများလည်း မူးဝေသွားရလေသည်။
ဗလာနယ်ကိုဖြတ်သန်းလာသည့် ဖန်းထျန်းစည်းတံဆိပ်ကြောင့် ဆန်းလျန်လည်း ဒဏ်ရာရသွားခဲ့လေသည်။
ဒဏ်ရာက ပြင်းထန်လွန်းခြင်းမရှိသည့်တိုင် ဖန်းထျန်းစည်းတံဆိပ်သည် မည်မျှကြောက်မက်ဖွယ်ရာကောင်းသည်ကို ဆန်းလျန် သိလိုက်ရလေသည်။
ဖန်းထျန်းစည်းတံဆိပ်ဖြင့်သာ တိုက်ရိုက် တိုက်ခိုက်ခြင်းခံရပါက သူသည်လည်း ချက်ချင်းပင် လူပြန်ဝင်စားသွားရနိုင်လေ၏။
ဖန်းထျန်းစည်းတံဆိပ်သည် ဖန်ကူအလံထက်ပင် တန်ခိုးစွမ်းအားမြင့်မားဟန်တူလေသည်။ ဖန်းထျန်းစည်းတံဆိပ်နှင့် ဖန်ကူအလံမှာ ယွမ်စီထျန်းကျွင်းချန်ထားခဲ့သည့် မှော်ဝင်ပစ္စည်းများဖြစ်လေရာ မည်သည်ကပိုပြီး တန်ခိုးစွမ်းအားမြင့်မားသည်လဲ ဆန်းလျန်လည်း သေသေချာချာ မသိနိုင်ပေ။
ဆန်းလျန်သည် တာအိုကျင့်ကြံခြင်းလမ်းစဉ်အကြောင်းကို ရှင်းလင်းစွာနားလည်သူတစ်ယောက်ဖြစ်သော်လည်း ယခုကဲ့သို့ ဆန်းကျယ်သည့် မှော်ဝင်ပစ္စည်းများနှင့် ရင်ဆိုင်ရလျှင် ခုခံနိုင်စွမ်း မရှိသေးပေ။ သူ့တွင် ယွမ်တုဓားနှင့် ငရဲလမ်းဓားသာမရှိလျှင် သူ့အခြေအနေသည် နတ်ဘုရားများအလယ်တွင် ရှက်ဖွယ်လိလိပင် ဖြစ်လေသည်။
ဖန်းထျန်းစည်းတံဆိပ်သည် တထာဂတဿစည်း ပျက်စီးသွားပြီးသည့်နောက် ချင်းရှတောင်သို့ ဆက်ပြီး လိုက်မလာခဲ့ပေ။
ဆန်းလျန်သည် တစ်ဖက်လူ၏ ပါးနပ်မှုကို အနည်းငယ်လေးစားသွားမိလေသည်။
"ဒီကိစ္စပြီးသွားတော့ နောက်ကိစ္စတစ်ခု လုပ်ရတာပေါ့…"
ဆန်းလျန် သူ့ကိုယ်သူ ရေရွတ်သလို ပြောလိုက်သည်။
ထို့နောက်တွင်တော့… ချင်းရှတောင်က ယွမ်ကျိုးယန်တစ်ခုလုံးမှ အသက်ဓာတ်စွမ်းအားများကို စွဲငင်စုပ်ယူနေခြင်းအား ရပ်တန့်လိုက်လေသည်။
ထိုအခါ … ချင်းရှတောင်သည် အနည်းငယ် မှောင်မှိုင်းခြောက်သွေ့သွားရသည်။
ဆန်းလျန်နှင့် တုန်းဟွာတောက်ကျွင်း၏ တိုက်ပွဲကို စောင့်ကြည့်နေကြသူများက ဆန်းလျန် ဒဏ်ရာအပြင်းအထန်ရသွားပြီဟု ထင်မှတ်လိုက်ကြသည်။
သို့သော်… နောက်ပိုင်းရက်များတွင် ဆန်းလျန်က ပုံမှန်အတိုင်းပင် တာအိုတရားသင်ပြပေးခြင်းကို ဟန်မပျက် ဆက်လက်ပြုလုပ်နေလေရာဆန်းလျန် ဒဏ်ရာရရှိသည်လား ၊ ဒဏ်ရာမရဘူးလားဆိုသည်ကို ဝေခွဲရခက်ကုန်ကြရပြန်သည်။
ဆန်းလျန် တကယ်တမ်း ဒဏ်ရာရသည်လား ၊ မရသည်လားဆိုသည်ကတော့ ကာယကံရှင်ဖြစ်သည့် ဆန်းလျန်ကိုယ်တိုင်သာလျှင် သိပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ… ဆန်းလျန် သင်ပြပေးနေသည့် တာအိုတရားများကတော့ ကျင့်ကြံသူပေါင်းများစွာအတွက် အကျိုးရှိနေဆဲ ဖြစ်လေသည်။
ထို့ပြင် ဆန်းလျန် သင်ပြပေးသည့် တာအိုတရားများ၏ ထူးခြားမှုမှာ လူအများကိုတာအိုဝါဒကို သက်ဝင်ယုံကြည်ရန် အတင်းအဓမ္မဖိအားပေးခြင်းမျိုး မရှိပေ။ သူက တာအိုဝါဒထက် သဘာဝတရားဖြစ်သည့် မိုးမြေ ၊ မြစ်ရေ ၊ သားရဲနှင့် စကြာဝဠာအကြောင်းကို သိရှိနားလည်စေရန် သင်ပြပေးခြင်း ဖြစ်လေသည်။
……….
လူ့လောကတွင်…
ယွမ်ကျိုးနယ်အပြင် အခြားသော တိုက်ကြီး (၃)ခုလည်း ရှိသေးသည်။
ထိုတိုက်ကြီးများသည် ကြယ်တစ်စင်းနီးနီး ကြီးများကျယ်ပြန့်ကြလေရာ သာမန်လူများအနေဖြင့် တစ်တိုက်မှ တစ်တိုက် ကူးလူးသွားလာရန် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။ နတ်ဘုရားများသာလျှင် တန်ခိုးစွမ်းအားများ အသုံးပြုကာ သွားလာနိုင်ကြပေလိမ့်မည်။
လင်ကျိုးနယ်…
လင်ကျိုးနယ်သည် ကြီးမားသည့်တိုက်ကြီးတစ်ခုဖြစ်ပြီး ယွမ်ကျိုးနယ်နှင့် သမုဒ္ဒရာကြီးတစ်ခု ခြားနားထားလေသည်။ သမုဒ္ဒရာကြီးဟုဆိုရာ၌ ရေများဖြင့်ပြည့်လျှမ်းနေသည့် သမုဒ္ဒရာကြီးကို ဆိုလိုခြင်းမဟုတ်ပေ။ သဲများဖုံးလွှမ်းနေသည့် ကန္တာရသမုဒ္ဒရာကြီးကို ဆိုလိုခြင်း ဖြစ်သည်။
တားမြစ်နယ်မြေဖြစ်သည့်ကန္တရာကြီးကို ကျော်ဖြတ်ပြီးမှသာ လင်ကျိုးနယ်ကို ရောက်ရှိနိုင်မည် ဖြစ်လေသည်။
လင်ကျိုးနယ်ကတော့ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူများပြားသည့် နယ်တစ်ခုဖြစ်ပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ များစွာရှိလေသည်။
လင်ကျိုးနယ်အနီး သဲကန္တာရအစွန်းတွင် ကျောက်ရှောင်ယွီသည် ဖိနပ်မပါဘဲ လမ်းလျှောက်လျှက်ရှိလေသည်။
လမ်းသွားလမ်းလာများက သူမကို ရှိခိုးကန်တော့ကာ အရိုအသေပေးသွားကြလေသည်။
ဗုဒ္ဓဘာသာကိုးကွယ်ကြသူများက သူမကို ဗုဒ္ဓဘာသာမှ လင်ဖန်မယ်တော် ကိုယ်ထင်ပြသည်ဟု မှားယွင်းယူဆကာ ရှိခိုးကန်တော့သွားကြခြင်း ဖြစ်လေ၏။
နောက်ဆုံးတော့…
လူသွားလူလာရှင်းလင်းသည့်နေရာတစ်ခုမှ အိုအေစစ်လေးတစ်ခုရှိရာသို့ ကျောက်ရှောင်ယွီ ရောက်ရှိလာလေသည်။
ညအချိန်ရောက်ပြီဖြစ်သည့်အတွက် ကြယ်ရောင်များက လင်းလက်တောက်ပနေသည်။ လေပြေလေးကတိုက်ခတ်နေပြီး ကြည်လင်သည့်ရေကန်ထဲတွင် တစ်လက်လက်တောက်ပနေသည့် ကြယ်ရောင်များက ရောင်ပြန်ဟပ်နေလေသည်။
ကျောက်ရှောင်ယွီက စိမ်းလန်းလှပသည့် ရေကန်ငယ်လေးထဲသို့ ငုံ့ကြည့်လိုက်သည့်အခါ သူမကို ကြည့်နေသည့် မျက်ဝန်းတစ်စုံနှင့် ရင်ဆိုင်တွေ့လိုက်ရလေသည်။
ထိုမျက်ဝန်းများသည် သူမ၏ မျက်ဝန်းများ မဟုတ်ခဲ့ပေ။
ရေကန်ထဲမှ မျက်ဝန်းတစ်စုံနှင့် ကျောက်ရှောင်ယွီ၏မျက်ဝန်းတစ်စုံ ဆုံတွေ့လိုက်မိသည်နှင့် ကန်ရေပြင်က အနည်းငယ် တုန်ခါသွားလေသည်။ ထို့နောက် ကန်ရေပြင်က ပြန်လည်တည်ငြိမ်သွားပြီး တာအိုတန်ခိုးစွမ်းအားများ တဖြည်းဖြည်း ပျံ့နှံ့ ထွက်ပေါ်လာလေသည်။
ရေကန်ထဲမှ တာအိုဆရာတစ်ယောက် ထွက်ပေါ်လာလေသည်။
သူ၏အင်္ကျီလက်များက လေထဲတွင် ပျံ့နှံ့နေပြီး အသွင်သဏ္ဍန်က ခမ်းနားမြင့်မြတ်လွန်းလှသည်။
ထိုတာအိုဆရာသည်ကား ဆန်းလျန်ပင်ဖြစ်လေ၏။
ကျောက်ရှောင်ယွီက ဆန်းလျန်ကိုတွေ့သည့်အခါ ပျော်ရွှင်စွာပြုံးရယ်လိုက်ရင်း…
"ရှင် ချင်းရှတောင်မှာပြန်ရောက်နေတာ ကျွန်မသတင်းကြားတယ် ၊ ဒါပေမဲ့ ကျွန်မ ရှင့်ကို လာမရှာရဲလို့ ၊ ဒါနဲ့ အခု ဘာကိစ္စရှိလို့ ရောက်လာတာလဲ…"
ဆန်းလျန်က…
"စိတ်မပူပါနဲ့ ၊ ကျုပ် ဒီကိုလာတာ ဘယ်သူမှ မသိပါဘူး…"
ရွှမ်တုတောက်ကျွင်းနှင့်တိုက်ပွဲတွင် သေလုမျောပါးခံစားခဲ့ရပြီးကတည်းက ဆန်းလျန်က လျှို့ဝှက်စွာ သွားလာနိုင်သည့် နည်းလမ်းတစ်ခုကို ရှာဖွေထားခဲ့လေသည်။
လက်ရှိချင်းရှတောင်တွင် တာအိုတရားဟောပြောနေသူမှာ ဆန်းလျန်၏ ကိုယ်ခွဲတစ်ခုသာ ဖြစ်လေသည်။ သို့သော်… ထိုကိုယ်ခွဲသည် ဆန်းလျန်နှင့် အသက်ရှူသံပင်ခွဲခြားမရနိုင်အောင် တူညီသည့် ပုံရိပ်ယောင်တစ်ခုလည်း ဖြစ်လေသည်။
မှန်တွင်ထင်နေသည့် ပုံရိပ်ယောင်အလားပင် ဖြစ်သည်။
သို့သော်… မှန်တွင်ထင်သည့် ပုံရိပ်ယောင်သော်မှ ဘက်လွဲနေသည့် ပြစ်ချက်ရှိနေပေဦးမည်။ ဆန်းလျန်ထားခဲ့သည့် ကိုယ်ခွဲပုံရိပ်ယောင်ကတော့ တကယ့်ဆန်းလျန်အစစ်နှင့် လုံးဝခွဲခြားမရနိုင်အောင် ပြည့်စုံစွာ တူညီလွန်းလှသည့် ကိုယ်ခွဲတစ်ခု ဖြစ်လေသည်။
မည်သူမှ ဆန်းလျန် အတုနှင့်အစစ်ကို ခွဲခြားနိုင်ကြမည် မဟုတ်ပေ။
***