ရှားလော့သစ်ပင်ညီနောင်
Vol. 9 Ch. 838
ကျောက်ရှောင်ယွီက ဆန်းလျန်ကို ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။
ထို့နောက်… ကန္တာရထဲမှ အိုအေစစ်ရေကန်ငယ်လေးအတွင်းသို့ဝင်ရောက်ကာ သူတို့ (၂)ယောက်လုံး ပျောက်ကွယ်သွားလေတော့သည်။
ဤသည်မှာ ဆန်းလျန်တီထွင်ထားသည့် တန်ခိုးစွမ်းအားဖြစ်လေသည်။ မြေနေရာလွတ်ရှိရာ မည်သည့်နေရာတွင်မဆို အိုအေစစ်ရေကန်လေးအဖြစ် ဖြစ်ပေါ်လာနိုင်ကာ သွားလိုသည့်နေရာသို့ သွားနိုင်သလို ပုန်းကွယ်၍လည်းနေနိုင်လေသည်။
ရေကန်ထဲတွင်တော့…
ဆန်းလျန်နှင့် ကျောက်ရှောင်ယွီသည် တင်ပျဉ်ခွေထိုင်နေကြပြီး တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။
ဆန်းလျန်ထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက် (၂)ခု ထွက်ပေါ်လာလေသည်။
ထိုသတ်ဖြတ်လိုသည့်အငွေ့အသက် (၂)ခုအနက် တစ်ခုက ဆန်းလျန်ရှေ့သို့ကျရောက်လာပြီး ရေကဲ့သို့ကြည်လင်သည့် ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ ယွမ်တုဓားပင်ဖြစ်လေ၏။
နောက်ထပ်သတ်ဖြတ်လိုသည့် အငွေ့အသက်တစ်ခုကတော့ သွေးနီရောင်ဓားတစ်လက်အဖြစ်ပြောင်းလဲသွားပြီး ကျောက်ရှောင်ယွီ ရှိရာသို့ ဝင်ရောက်လာလေသည်။ သွေးနီရောင်ဓားရိပ်၏ ရောင်ပြန်ဟပ်မှုကြောင့် ကျောက်ရှောင်ယွီ၏မျက်နှာမှာပန်းနုရောင်သွေးထင်ဟပ်နေလေသည်။
ပန်းရောင်သွေးလွှမ်းနေမှုကြောင့် ကျောက်ရှောင်ယွီမှာ တစ်မျိုးတစ်ဖုံပင် ဆွဲဆောင်မှုရှိစွာ လှပနေတော့သည်။
ထို သွေးနီရောင်ဓားမှာ ငရဲလမ်းဓားဖြစ်သည်။
ငရဲလမ်းဓားသည် ကျောက်ရှောင်ယွီအား ဖြည်းဖြည်းချင်းလှည့်ပတ်နေလေသည်။ ငရဲလမ်းဓားမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များက ဒီရေလှိုင်းများအလား ထွက်ပေါ်လာပြီး ရုတ်တရက် ကျောက်ရှောင်ယွီကို တိုက်ခိုက်လိုက်လေသည်။
သို့သော်… ကျောက်ရှောင်ယွီက တစ်ချက်လေးပင် လှုပ်ရှားခြင်း မရှိပေ။
ငရဲလမ်းဓားသည် မည်မျှပင် စွမ်းအားမြင့်မားပါစေ ကျောက်ရှောင်ယွီ၏ ထိုက်ချင်တန်ခိုးစွမ်းအားများကိုတော့ လွှမ်းမိုးနိုင်ခြင်း မရှိပေ။
ထိုက်ချင်တန်ခိုးစွမ်းအားများသည် "မရှိမှုတရား" ကို အခြေခံခြင်းဖြစ်လေရာ ကျောက်ရှောင်ယွီ၏ တာအိုစိတ်ထား မတုန်လှုပ်သည်မှာ အံ့သြစရာ မရှိပေ။
ဖြစ်တည်မှုအားလုံးသည် မရှိမှုတရားမှ မွေးဖွားလာခြင်းဖြစ်လေသည်။
ငရဲလမ်းဓားသည်လည်း ခြွင်းချက်မရှိပေ။ မရှိမှုတရားမှ မွေးဖွားလာသည့်ဓားတစ်လက်သာ ဖြစ်လေသည်။
နောက်ဆုံး ငရဲလမ်းဓားသည် ကျောက်ရှောင်ယွီကို အားမတန်ကာ မာန်လျှော့လိုက်ရလေသည်။ သူက ကျောက်ရှောင်ယွီကို တိုက်ခိုက်ရန် မကြိုးစားတော့ဘဲ ကျောက်ရှောင်ယွီရှေ့တွင် ရပ်တန့်နေလေသည်။
ကျောက်ရှောင်ယွီက လက်တစ်ဖက်ကို ဆန့်တန်းလိုက်ကာ ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။
သူမ၏လက်မှ အေးစိမ့်သည့်တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာလေသည်။ သူမ၏ ထိုက်ချင်တန်ခိုးစွမ်းအားများသည် မရှိမှုတရားအဖြစ် ပြောင်းလဲသွားပြီး သူမ၏မျက်ဝန်းများက ယခင်ကထက်ပိုပြီး ကြည်လင်တောက်ပလာသည်။
သူမ၏တန်ခိုးစွမ်းအားများသည် ငရဲလမ်းဓားဖြင့် စတင်ပေါင်းစည်းနေပြီဖြစ်လေသည်။
သူမ၏တန်ခိုးစွမ်းအားများက ငရဲလမ်းဓားနှင့်ပေါင်းစပ်သွားသည့်အခါ ငရဲလမ်းဓားမှာလည်း ပိုပြီး ထက်ရှလာလေသည်။
"ရွှမ်တုတောက်ကျွင်းလည်း အခုတလော ငြိမ်နေတယ်နော်…"
ကျောက်ရှောင်ယွီကရုတ်တရက်ပင် ရွှမ်တုတောက်ကျွင်းအကြောင်း မှတ်ချက်ပေးလိုက်သည်။
သူမက ဆန်းလျန်၏ လက်ရှိအခြေအနေကို ထောက်ပြလိုက်ခြင်း ဖြစ်လေသည်။ ဆန်းလျန် မည်မျှပင် တန်ခိုးစွမ်းအား မြင့်မားလာပါစေ ရွှမ်တုတောက်ကျွင်းကိုတော့ မည်သည့်နည်းနှင့်မှ အနိုင်ယူနိုင်ဦးမည် မဟုတ်ပေ။
"ဟွင့်ယွမ်ဝူကျီ" ဆိုသည့် စာလုံးလေးလုံးက ခေတ်အဆက်ဆက်တွင် နတ်ဘုရားများအားလုံးကို တုန်လှုပ်ခြောက်ခြားစေမည်ပဲ ဖြစ်လေသည်။
ဆန်းလျန်က တည်ငြိမ်သည့်လေသံဖြင့်…
"သူလောလောဆယ်မှာ ကျုပ်ကို ဒုက္ခမပေးနိုင်သေးပါဘူး ၊ သူက အခု ဟွင့်ယွမ်ဝူကျီအဆင့် နတ်ဘုရားတစ်ပါးဖြစ်နေတော့ တခြားသူတွေကလည်း သူ့ကို ဂရုစိုက်နေကြတယ်လေ ၊ ပြီးတော့ ရွှမ်တုတောက်ကျွင်းက သူ့ရဲ့ကျင့်စဉ်ဆက်ပြီးကျင့်ကြံဖို့ ကျောက်စိမ်းဝိညာဉ်နန်းတော်က ဖန်ကူအလံကို လိုချင်နေတယ်လို့ သတင်းကြားတယ် … သူ့အဆင့်နဲ့ဆိုတော့ ဖြစ်သင့်ပါတယ်လေ…"
"ရွှမ်တုတောက်ကျွင်းသာ ဖန်ကူအလံရသွားရင် ကျားကိုအတောင်တပ်ပေးလိုက်သလို ဖြစ်သွားတော့မှာပဲ…"
ထိုသို့သောစကားမျိုးသာပြောလိုက်သည် ကျောက်ရှောင်ယွီကို ကြည့်ရသည်မှာ ကြောက်ရွံ့ဟန် တစ်စက်ကလေးမှ မရှိပေ။
ယခုလောက်အထိ ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိပြီးမှတော့ သူတို့အားလုံးသည် ဉာဏ်ရည်ထက်မြက်ကြသူများ ဖြစ်ကြသည်မှာ မငြင်းနိုင်ပေ။ သာမန်လူသားများကဲ့သို့ အရာရာတိုင်းကို တွေးတောကြောက်ရွံ့နေစရာ မလိုလှပေ။
ဆန်းလျန်က…
"အရင်တုန်းက ကျောက်စိမ်းဝိညာဉ်နန်းတော်က ယွမ်စီထျန်းကျွင်းရဲ့ တပည့် ကွမ်းချန်ကျီက ကျုပ်နဲ့ တစ်ကြိမ်တိုက်ခိုက်ခဲ့ဖူးတယ် ၊ ကွမ်းချန်ကျီရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း ခန့်မှန်းရခက်တယ် ၊ ရွှမ်တုတောက်ကျွင်းနဲ့ဆိုရင် မတိမ်းမယိမ်းပဲ ၊ ရွှမ်တုတောက်ကျွင်းက ဖန်ကူအလံကိုလိုချင်တယ်ဆိုရင်လွယ်လွယ်နဲ့တော့ ရမယ်မထင်ဘူး ၊ ဒါပေမဲ့ တစ်ခုတော့သတိထားဖို့ရှိတယ်…”
ကျောက်ရှောင်ယွီက…
"ဘာသတိထားရမှာလဲ…”
ဆန်းလျန်က…
"ကျုပ်သာ သူတို့အားလုံးကို ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့အထိ တန်ခိုးစွမ်းအား မြင့်မားလာရင် သူတို့တွေက ကျုပ်ကို တိုက်ခိုက်ဖို့ အချင်းချင်းပူးပေါင်းသွားကြလိမ့်မယ် ၊ ထားလိုက်ပါလေ… ၊ ကျုပ်တို့ စုံတွဲကျင့်ကြံပြီးရင် ဒီကိစ္စတွေကို မင်း ရှင်းရှင်းလင်းလင်းသိသွားမှာပါ ၊ အဲဒီအခါကျရင် လောကကြီးမှာ လူတွေကဒီအတိုင်းပဲဆိုတာ မင်းသိသွားမှာပဲ ၊ သူတို့က ကိုယ်ကျိုးကြည့်ကြတဲ့သူတွေချည်းပဲလေ…”
ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း…
“အခု ကျွန်မတို့လည်း ကိုယ်ကျိုးအတွက်ပဲ ပူးပေါင်းကြတာမလား…”
ဆန်းလျန်က ကျောက်ရှောင်ယွီကို ငေးစိုက်ကြည့်လိုက်ရင်း…
"မင်းကို ကျုပ် သဘောကျတယ် ၊ အဲဒါ ကိုယ်ကျိုးကြည့်တာမှ မဟုတ်တာကွာ…"
ကျောက်ရှောင်ယွီက ဆန်းလျန်၏ ခါးကိုလှမ်းဖက်လိုက်ရင်း…
"ကျွန်မကတော့ ရှင်ကို ရုပ်ချောလို့ သဘောကျတာ…"
ပြောပြီးသည်နှင့် သူမက လက်ချောင်းလေးများဖြင့် ဆန်းလျန်၏ မေးဖျားကို အသာအယာထိကိုင်လိုက်သည်။
ကျောက်ရှောင်ယွီက ဆန်းလျန်၏ မေးဖျားလေးကို ထိကိုင်လိုက်ချိန်တွင် ထိုက်ချင်တန်ခိုးစွမ်းအား၏ မရှိမှုတရားကို အသုံးပြုလိုက်လေသည်။
ထို့ကြောင့်ပင်… ဆန်းလျန်သည် သူမကို ငြင်းဆန်နိုင်စွမ်း မရှိခဲ့တော့ပါချေ။
ဆန်းလျန်က သူမကို ယုံကြည်သည့်အတွက် ကျောက်ရှောင်ယွီက အလွန်ပျော်ရွှင်နေခဲ့လေသည်။ ကျင့်ကြံသူလောကတွင် တစ်ဦးကိုတစ်ဦး ဘဝပေး၍ ယုံကြည်ရန်မှာ ခက်ခဲလွန်းလှလေသည်။
ထို့ပြင် တာအိုစုံတွဲများ စုံတွဲကျင့်ကြံခြင်းဆိုသည်မှာ တစ်ဦးကိုတစ်ဦးယုံကြည်မှုရှိမှသာ အထမြောက်သည့်ကိစ္စ ဖြစ်လေသည်။
ကျောက်ရှောင်ယွီ၏ အထိအတွေ့ကိုခံစားရသည့်အခါ ဆန်းလျန်၏နှလုံးသားထဲတွင် ဖော်မပြနိုင်သည့် ခံစားချက်တစ်ခု ဖြစ်ပေါ်လာလေသည်။
ကျောက်ရှောင်ယွီ၏အထိအတွေ့ကို သူငြင်းဆန်လိုလှသည်။ သို့ပေမဲ့ တစ်ချိန်တည်းမှာပဲ သဘောကျနှစ်သက်၍နေမိပြန်သည်။ကျောက်ရှောင်ယွီနှင့် ထိတွေ့ရခြင်းသည် မည်သည့်အခါမှ ဆန်းလျန်ကို ငြီးငွေ့သွားစေသည်ဟူ၍မရှိခဲ့ပေ။
သို့သော်… ကျောက်ရှောင်ယွီက ချက်ချင်းပင် ဆန်းလျန်ကို ထိတွေ့ခြင်းကို ရပ်တန့်လိုက်သည်။
သူမသည် ဆန်းလျန်တစ်ယောက်တည်းနှင့်သာ ယခုကဲ့သို့ရင်းရင်းနှီးနှီးနေခြင်း ဖြစ်သည်။ သူမ၏ သိက္ခာနှင့်မာနတရားကို အလွန်အလေးထားသူ ဖြစ်လေရာ မည်သည့်ယောကျ်ားလေးနှင့်မှ ယခုကဲ့သို့ ရင်းရင်းနှီးနှီးနေလေ့မရှိပေ။
သူမက ခေါင်းကိုမော့လိုက်ပြီး ကောင်းကင်ထက်တွင် မှိတ်တုတ်မှိတ်တုတ်လင်းလက်နေသည့် ကြယ်လေးများကို ကြည့်လိုက်သည်။
ထို့နောက် သူမက မျက်တောင်လေးများကို ချစ်စဖွယ်ခတ်လိုက်ရင်း ဆန်းလျန်ကို ပြန်ကြည့်လိုက်သည်။
သူမ၏ မျက်ဝန်းလေးများသည် ကောင်းကင်ထက်မှ ကြယ်စင်များထက်ပင် လှပသည်ဟု ဆန်းလျန်က တွေးလိုက်မိသည်။
"ဆန်းလျန်… ၊ ရှင်နဲ့သာ အတူနေရမယ်ဆိုရင်လေ ဘယ်သူမှမရှိတဲ့ လောကတစ်ခုမှာ နှစ်ယောက်တည်းနေရလည်း ကျွန်မ စိတ်ချမ်းသာမှာပဲ…”
ဆန်းလျန်က…
"ဘယ်သူမှမရှိဘဲ နှစ်ယောက်တည်းဆို မင်းပျင်းနေမှာပေါ့…"
ဆန်းလျန်၏စကားကြောင့် ကျောက်ရှောင်ယွီက ရယ်မောလိုက်လေရာ ရယ်သံလွင်လွင်လေးများသည် သာယာသည့်ခေါင်းလောင်းသံလေးများအလား ဆန်းလျန်၏ နှလုံးသားကို ရိုက်ခတ်လေသည်။
"မပျင်းပါဘူးနော်… ၊ ရှင်ကရော အဲဒီလိုသာဆို ပျင်းနေမှာလား… ပြော…"
ဆန်းလျန်က…
"ကျုပ်ကတော့ သိပ်မသေချာဘူး…"
ကျောက်ရှောင်ယွီက…
"ရှင်ကလေ… ကိုယ်ဘာဖြစ်ချင်လဲဆိုတာ တကယ်ကို မဆုံးဖြတ်နိုင်ဘူး ၊ အဲဒါကြောင့် ရှင့်ရဲ့ ကျင့်စဉ်လမ်းမှာ အတားအဆီးဖြစ်နေရတာ…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"လျှောက်ပြီးစိတ်ကူးယဉ်နေတာကျတော့ လက်တွေ့ကျတယ်လို့ မင်းကထင်လို့လား…"
ကျောက်ရှောင်ယွီက…
"အင်း… ရှင့်စကားအတိုင်းပဲပေါ့…"
ဆန်းလျန်က…
"မင်း ငရဲလမ်းဓားကို သေသေချာချာ နားလည်အောင် ကြိုးစားသင့်တယ် ၊ တာအိုဆရာသခင်ထိုက်ယီက ဓားကျမ်းတစ်ခု ချန်ထားခဲ့တယ် ၊ အဲဒီဓားကျမ်းကို ထိုက်ယီဓားကျမ်းလို့ခေါ်ပြီး ထိုက်ယီနတ်ဓားနဲ့တွဲဖက်အသုံးပြုရတယ် ၊ အဲဒီဓားက ယွမ်တုဓားနဲ့ ငရဲလမ်းဓားထက်အများကြီးသာတယ် ၊ ဒါပေမဲ့ ဒီဓားနှစ်လက်အကြောင်းကို ကောင်းကောင်းနားမလည်သရွေ့ ထိုက်ယီဓားကျမ်းကိုလည်း ကျင့်ကြံနိုင်မှာ မဟုတ်ဘူး…"
ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း…
"ဘာလဲ… ရှင်က ထိုက်ယီနတ်ဓားကို လိုချင်နေတာလား…"
ဆန်းလျန်က ခေါင်းညိတ်လိုက်ရင်း…
"အမှန်ပဲ ၊ ဒါပေမဲ့ ထိုက်ယီနတ်ဓားကိုရဖို့က မင်းရဲ့အကူအညီလိုတယ်လေ…"
ထို့နောက် ဆန်းလျန်၏ မူလဝိညာဉ်ခန္ဓာသည် ကောင်းကင် ၊ မြေကြီး ၊ တောင် ၊ ရေ ၊ မီး ၊ လေ ၊ ရွှံ့နွံ နှင့် လျှပ်စီး ဆိုသည့် ဒြပ်စင်စွမ်းအား (၈)မျိုးအဖြစ် ပုံစံပြောင်းလဲသွားပြီး စကြာဝဠာတစ်ခုလုံးနှင့် ချိတ်ဆက်သွားလေသည်။
ဆန်းလျန်၏ မူလဝိညာဉ်ခန္ဓာ ပြောင်းလဲသွားသည်ကို တွေ့မြင်လိုက်သည်နှင့် ကျောက်ရှောင်ယွီက ချက်ချင်းပင် သူမ၏ မူလဝိညာဉ်ခန္ဓာကို ထိုက်ချိယင်ယန်သင်္ကေတအဖြစ် ပြောင်းလဲလိုက်ကာ ဒြပ်စင်စွမ်းအား (၈)မျိုးအတွင်းသို့ စီးဝင်ပေါင်းစပ်လိုက်လေသည်။
ဆန်းလျန်နှင့် ကျောက်ရှောင်ယွီ၏ မူလဝိညာဉ်ခန္ဓာ (၂)ခုသည် အစပ်အကြားမရှိ တစ်သားတည်းပေါက်းစပ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ (၂)ယောက်၏ အပြန်အလှန်ယုံကြည်မှုက မြင့်မားလွန်းသည့်အတွက် မယုံကြည်နိုင်စရာကောင်းလောက်အောင် ပေါင်းစပ်နိုင်သွားခြင်း ဖြစ်လေသည်။
ဆန်းလျန်သည် တစ်ခါမှ မခံစားဖူးသည့် ခံစားချက်များကို ခံစားနေရပြီး အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန်ဆိုသည့် အချိန်ရေစီးကြောင်းကို ကျော်လွန်သွားလေသည်။
ရှည်လျားသော အချိန်ရေစီးကြောင်းနောက်ကွယ်တွင် ကွယ်ဝှက်ထားသည့် နက်နဲသော အကြောင်းအရာတစ်ခုကို ဆန်းလျန် တဖြည်းဖြည်း သဘောပေါက်လာခဲ့လေသည်။
ဒီရေလှိုင်းများရိုက်ခတ်နေသံကို ဆန်းလျန်ကြားနေရပြီး သူ၏စိတ်အာရုံထဲတွင် သွေးနီရောင်ပင်လယ် ထင်မြင်လာလေသည်။ သွေးနီရောင်ပင်လယ်လှိုင်းများကတော့ ဟိုမှသည်မှ ရိုက်ခတ်လွန့်လူးလျှက် ရှိလေသည်။
သွေးနီရောင်ပင်လယ်ထဲရှိ ကြာပန်းတစ်ပွင့်ထက်တွင် တာအိုဆရာတစ်ယောက် မတ်တတ်ရပ်နေလေသည်။
ဆန်းလျန်က ကြာပန်းထက်တွင် မတ်တတ်ရပ်နေသည့် တာအိုဆရာအနားသို့ အသာအယာတိုးကပ်သွားလေသည်။ ထိုအခါ ကြာပန်းထက်မှ တာအိုဆရာက ဆန်းလျန်ကို စိုက်ကြည့်လိုက်သည်။ ထိုတာအိုဆရာ၏ မျက်ဝန်းများက တည်ငြိမ်နေပြီး လောကတစ်ခုလုံး၏အကြောင်းအရာများကို ထိုးဖောက်သိမြင်နေသည့်အလား ထင်မှတ်ရသည်။
ထိုတာအိုဆရာသည် သွေးနီရောင်ပင်လယ်တွင် မည်သည့်အချိန်က ရှိနေခဲ့ဖူးသည်လည်း ဆန်းလျန် မသိပေ။
ထို့နောက်… ကြာပန်းထက်မှတာအိုဆရာ၏ပုံရိပ်သည် အပိုင်းပိုင်းကွဲကြေပြီး ပျောက်ကွယ်သွားလေသည်။
ဆန်းလျန် အသိပြန်ဝင်လာသည်။
"အဲဒါ တာအိုဆရာသခင် ထိုက်ယီပဲ…"
ထိုသူသည် တာအိုဆရာသခင်ထိုက်ယီဖြစ်ကြောင်း ဆန်းလျန် သံသယမရှိ ယုံကြည်မိသည်။
ကျောက်ရှောင်ယွီသည်လည်း ဆန်းလျန်မြင်သည့်မြင်ကွင်းကို တွေ့မြင်ခဲ့ရလေသည်။
သူမက တည်ကြည်သည့်မျက်နှာထားဖြင့်...
“ကြည့်ရတာ ထိုက်ယီနတ်ဓားဟာ သွေးနီရောင်ပင်လယ်ထဲမှာ ရှိမယ်ထင်တယ်…"
ဆန်းလျန်က…
"ဖြစ်နိုင်တယ် ၊ အသူရာချောက်က သွေးနီရောင်ပင်လယ်ကို သွားရတော့မယ်ထင်တယ်…"
ကျောက်ရှောင်ယွီက မျက်ခုံးလေးများကို အသာတွန့်ချိုးလိုက်ရင်း…
"သွေးနီရောင်ပင်လယ်ကို သွားမယ်ဆိုရင်တော့ လူတစ်ယောက်ကို သတိထားရလိမ့်မယ်…"
ဆန်းလျန်က…
"ဘယ်သူလဲ…"
ကျောက်ရှောင်ယွီက…
"ကျွန်မ လင်ကျိုးနယ်ကိုရောက်တော့ တစ်ခုသိလိုက်ရတယ် ၊ လူတွေက ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပေမယ့် ဗုဒ္ဓအပြင် တိကျန်ဗောဓိသကျကိုလည်း အရမ်း သက်ဝင်ယုံကြည်ကြတယ် ၊ ကျွန်မကြားဖူးတာက သွေးနီရောင်ပင်လယ်မှာ ဘုန်းတော်ကြီးတစ်ပါးရှိတယ်တဲ့ ၊ အဲဒီဘုန်းတော်ကြီးက တိကျန်ဗောဓိသကျ ပြန်ဝင်စားတဲ့သူလို့ ဆိုကြတယ် ၊ သူက သွေးနီရောင်ပင်လယ်မှာနေပြီး လူပြန်ဝင်စားခြင်း လမ်းစဉ် အကြောင်းကိုလေ့လာနေတာ ၊ သူ့နာမည်က ဘုန်းတော်ကြီးရာမတဲ့ ၊ သူ့ကိုတော့ ရှင် သတိထားဖို့လိုတယ်… ၊ ပြီးတော့ ဘုန်းတော်ကြီးရာမ အသူရာချောက်က လူပြန်ဝင်စားခြင်းလမ်းစဉ်ကိုလေ့လာနေတဲ့အတွက်လည်း လင်ကျိုးနယ်မှာ တိကျန်ဗောဓိသကျရဲ့ တရားဓမ္မတွေ ပျံ့နှံ့လာတာလေ…"
ဆန်းလျန်က…
"လင်ကျိုးနယ်က ဗုဒ္ဓဘာသာကိုးကွယ်ကြတယ် ၊ ဗောဓိသကျတွေ ၊ လော်ဟန်ကိုယ်တော်တွေကိုလည်း ယုံကြည်ကြတယ် ၊ ဒါကြောင့်လည်းသံသရာလည်ခြင်းအကြောင်းဖြစ်တဲ့ လူပြန်ဝင်စားခြင်းလမ်းစဉ် အလေးအနက်ထားကြတာပေါ့…၊ သူတို့တွေ တိကျန်ဗောဓိသကျကို ကိုးကွယ်ကြတာ မဆန်းပါဘူး…"
ဆန်းလျန်က ခဏနားပြီးမှ စကားဆက်ပြောလိုက်သည်။
"ကျုပ်တို့ နှစ်ယောက်သာပေါင်းလိုက်ရင် လောကမှာ မအောင်မြင်နိုင်တဲ့အရာ မရှိပါဘူး ၊ အဲဒီ ဘုန်းတော်ကြီးရာမကို အတူတူသွားတိုက်ကြမယ်လေ…"
ကျောက်ရှောင်ယွီက ပြုံးလိုက်ပြီး နူးညံ့သည့်လေသံလေးဖြင့်…
"ရှင့် သဘောအတိုင်းပါပဲရှင်…"
…………
အဆုံးမရှိသည့် သွေးနီရောင်ပင်လယ်သည် အသူရာချောက်တစ်ခုလုံးတွင်သာမက စကြာဝဠာတစ်ခုလုံးတွင် အဆန်းကျယ်ဆုံး နေရာတစ်ခု ဖြစ်လေသည်။ သို့သော်… ထိုနေရာသည် မိစ္ဆာညစ်နွမ်းမှုများဖြင့် ပြည့်နက်လျှက် ရှိလေသည်။
သွေးနီရောင်ပင်လယ်ကမ်းခြေတွင် မြူခိုးတိမ်တိုက်များဖုံးလွှမ်းနေသည့် နတ်ဘုရားတောင်တစ်တောင်ရှိလေသည်။
ထိုအချိန်မှာပင်…
ချောမောလှပပြီး အသရေတင့်တယ်လှသည့် လူငယ်လေးတစ်ယောက်သည် ထိုနတ်ဘုရားတောင်ရှိရာသို့ ရောက်ရှိလာလေ၏။ ထိုလူငယ်ကား အခြားသူမဟုတ်ပေ။ မာရ်နတ်ပင်ဖြစ်တော့သည်။
တောင်တက်လမ်းတစ်လျှောက်တွင် သစ်ပင်များက လှပစွာပေါက်ရောက်နေပြီး မြူခိုးတိမ်တိုက်များကလည်း ဖုံးလွှမ်းနေလေရာ ရောက်လာသူ မည်သူမဆို လန်းဆန်းခြင်းကို ခံစားရပေလိမ့်မည်။
အဝေးတစ်နေရာဆီမှ သစ်သားငါးရုပ်တုံးခေါက်သံလွင့်ပျံလာလေသည်။
မာရ်နတ်သည် တောင်ထိပ်သို့ ရောက်ရှိလာလေသည်။ တောင်ထိပ်တွင် ကျယ်ပြန့်သည့် မြေပြန့်လွင်ပြင်ရှိပြီး ဝတ်ကျောင်းတော်တစ်ခုကို တွေ့မြင်ရမည် ဖြစ်သည်။ ဝတ်ကျောင်းတော်ရှေ့တွင် သစ်ပင် (၂)ပင် ရှိနေလေသည်။
ထိုသစ်ပင် (၂)ပင်၏ အလယ်တွင် ဘုန်းတော်ကြီးတစ်ပါး မတ်တတ်ရပ်နေလေ၏။
"ဒီသစ်ပင်နှစ်ပင်က ရှားလော့သစ်ပင်ညီနောင်လို့ခေါ်တယ် ၊ ရှားလော့သစ်ပင်ညီနောင်ဆိုတာ လောကမှာ အလွန်ရှားပါးတယ် ၊ ယုံကြည်ခြင်းနဲ့ ဇင်ဗုဒ္ဓဘာသာကို ကိုယ်စားပြုတယ် ၊ ပြီးတော့ အာလာယဝိညာဏတန်ခိုးစွမ်းအားကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့ နေရာမှာလည်း ဒီသစ်ပင်တွေကို အသုံးပြုတယ်…"
အော်မီတော်ဖူဘုရား၏ အမိတ္တဘဟကျမ်းစာကပြောကြားသည်မှာ…
"ဗုဒ္ဓဘာသာကို သင်ယူလေ့လာသူ ကျင့်ကြံသူများသည် ဗုဒ္ဓဘာသာကျင့်ကြံသူများဖြစ်လေသည်။ သူတို့သည် ပထမအဆင့်အနေဖြင့် ဗောဓိသကျတစ်ပါးကဲ့သို့ စိတ်ထားကိုပိုင်ဆိုင်ရလိမ့်မည်။ စစ်မှန်သည့် ဉာဏ်ပညာကိုရရှိပြီး ထိုဉာဏ်ပညာသည် စိတ်ငြိမ်းချမ်းမှုဆီသို့ ဦးတည်လိမ့်မည်။ သူတို့သည် ဗောဓိပင်အလား တည်ကြည်ကြလိမ့်မည်။"
ဤကျမ်းစာ၏အဓိပ္ပါယ်မှာ ဗုဒ္ဓဘာသာကျင့်ကြံသူတိုင်း၏နှလုံးသားထဲတွင် ဗောဓိဉာဏ်တည်ရန်အတွက် မျိုးစေ့ပါရမီ ပါရှိသွားမည်ဟု ဆိုလိုခြင်း ဖြစ်လေသည်။
ဘုန်းတော်ကြီး၏ စကားသံသည် မြူခိုးတိမ်တိုက်များကဲ့သို့ပင် ဖြစ်လေသည်။ နူးညံ့သိမ်မွေ့လွန်းပြီး စိတ်ကို ကြည်လင်သွားစေမည် ဖြစ်လေသည်။
မာရ်နတ်က ပေါ့ပါးသည့်လေသံဖြင့်…
"ကျုပ်သိထားတဲ့ ရှားလော့သစ်ပင်ညီနောင်အကြောင်းကတော့ အဲဒီလိုမဟုတ်ဘူး…”
ဘုန်းတော်ကြီးက တည်ကြည်သည့်မျက်နှာထားဖြင့်…
"သြော်… ဟုတ်လား ၊ ဒါဖြင့် ဒကာတော်သိတာလေး မျှဝေပါဦး…"
မာရ်နတ်က…
"အစပိုင်းမှာ ဖန်ဆင်းရှင်ရှိခဲ့တယ် ၊ ဖန်ဆင်းရှင်နဲ့ တာအိုလမ်းစဉ် အတူတကွတည်ရှိခဲ့တယ် ၊ ဒီတော့ ဖန်ဆင်းရှင်ရဲ့အရင်းအမြစ်ဖြစ်တဲ့ ကောင်းကင်တိုင်းပြည်မှာ ဒီ ရှားလော့သစ်ပင်ညီနောင် ရှိခဲ့တယ် ၊ တစ်ပင်ကတော့ အသိဉာဏ်ပညာကို ကိုယ်စားပြုတယ် ၊ နောက်တစ်ပင်ကတော့ အသက်ကို ကိုယ်စားပြုတယ် ၊ အားလော်ဟယ်က သူဖန်ဆင်းထားတဲ့ လူသားတွေကို အသက်ပင်က သစ်သီးကိုတော့ စားခွင့်ပြုပြီး အသိဉာဏ်ပညာသစ်ပင်က သစ်သီးကိုတော့ မစားဖို့တားမြစ်ထားတယ် ၊ ဒါပေမဲ့ အားလော်ဟယ်ဖန်ဆင်းထားတဲ့လူသားတွေက တားမြစ်ထားတဲ့ သစ်ပင်ကသစ်သီးကို စားလိုက်ကြတယ် ၊ အဲဒါကြောင့် အားလော်ဟယ်က သူတို့ကို ကောင်းကင်တိုင်းပြည်က မောင်းထုတ်လိုက်တယ် ၊ ဒါကြောင့် လောကမှာ အသက်ပင်ကို မြင်ဖူးတဲ့သူ ဘယ်သူမှ မရှိဘူး…”
အားလော်ဟယ်သည် တန်ခိုးစွမ်းအား မြင့်မားသူတစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့်ပင် ဉာဏ်ပညာနှင့်အသက်ကို ပိုင်စိုးသူဖန်ဆင်းရှင်အဖြစ် သူ့ကိုယ်သူ ခံယူခဲ့ခြင်းဖြစ်သည်။
သို့သော်… ဗုဒ္ဓကတော့ အသက်ဆိုသည်မှာ စိတ်ဝိညာဉ်အတွင်းမှ သိနားလည်မှုဟု ပြဆိုခဲ့ပြီး ဉာဏ်ပညာဆိုသည်မှာ လောကီမှကင်းလွတ်ရာဟု ပြဆိုခဲ့သည်။
မာရ်နတ်က ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ဗုဒ္ဓကလည်း ရှားလော့သစ်ပင်ညီနောင်ကို ဖန်ဆင်းသွားခဲ့တာက ဉာဏ်ပညာနဲ့အသက်ရဲ့အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်းနားလည်သိမြင်သွားခဲ့လို့ပဲ ၊ ဒါက ဗုဒ္ဓလမ်းစဉ်နဲ့ ဖန်ဆင်ရှင်ရဲ့တာအိုတရား ကာရံညီသွားတယ်လို့ ဆိုနိုင်တယ် ၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ပါလေ ၊ လူသားငတုံးတွေကတော့ မလွတ်မြောက်နိုုင်ဘဲ သံသရာလည်နေကြတာပါပဲ ၊ တရားရပြီး သံသရာကလွတ်မြောက်သွားတဲ့သူဆိုတာ ခပ်ရှားရှားပဲ…”
ဘုန်းတော်ကြီးက ပြုံးလိုက်ရင်း…
“မိစ္ဆာသခင်က သိတာတွေတော်တော်များတာပဲ ၊ ဒါပေမဲ့ ကြည့်ရတာ ကျင့်စဉ်လမ်းမှာ အတားအဆီးတွေနဲ့ ရင်ဆိုင်နေရတယ်ထင်တယ်…”
မာရ်နတ်က ရယ်မောလိုက်ရင်း…
“အတားအဆီးတွေကို ကျုပ်က ဂရုမစိုက်ပါဘူး ၊ ပြီးတော့ ကျုပ် ဒီကိုရောက်လာတာကလည်း ဆရာတော်နဲ့ ပေါက်ကရစကားတွေပြောပြီး အချိန်ဖြုန်းနေဖို့ မဟုတ်ဘူး…”
ဘုန်းတော်ကြီးက…
“အားလော်ဟယ်က အရမ်းကိုပြီးပြည့်စုံတဲ့ ကောင်းကင်တမန်တစ်ပါးကို ဖန်ဆင်းခဲ့ဖူးတယ်၊ အဲဒီ ကောင်းကင်တမန်က သူ့ကို သစ္စာဖောက်သွားခဲ့တယ် ၊ အဲဒီကောင်းကင်တမန်ကို စေတန်လို့ခေါ်တယ် ၊ အဲဒါ မင်းပဲ မဟုတ်လား…”
မာရ်နတ်က…
“ပြောရတော့ခက်တယ် ၊ တကယ်တော့ စေတန်ဆိုတာ ကျုပ်ရဲ့အရင်ဘဝပါ ၊ အခု ကျုပ်က အားလော်ဟယ် ပါးစပ်ထဲမှာ တွေ့ကရာလျှောက်ပြောနေတဲ့ စေတန်မဟုတ်တော့ဘူး ၊ ပရနိမ္မိတပြည်ကိုအုပ်ဆိုးတဲ့ မာရ်နတ်ဖြစ်နေပြီ…”
ဘုန်းတော်ကြီးက…
“တကယ်တော့ ကျုပ်ကလည်း တိကျန်ဗောဓိသကျ ပြန်ဝင်စားတဲ့သူ မဟုတ်ပါဘူး ၊ ကျုပ်က ဘုန်းတော်ကြီးရာမပါ ၊ မိစ္ဆာသခင် ကျုပ်ဆီရောက်လာတာ ဘာကိစ္စရှိလို့လဲ…”
မာရ်နတ်က စကားဆက်မပြောတော့ပေ။
သူက စကားပြောရန်အတွက် ဤနေရာသို့ လာခဲ့ခြင်း မဟုတ်ပေ။ သူက ဘုန်းတော်ကြီးရာမ၏ တရားဓမ္မများကို အသုံးပြုကာ မိုးကောင်းကင်မိစ္ဆာကျင့်စဉ် ဆက်လက်ကျင့်ကြံနိုင်ရန် ရောက်ရှိလာခြင်း ဖြစ်လေသည်။
ဘုန်းတော်ကြီးရာမဆိုသည်က အသူရာချောက်တွင်ရောက်ရှိနေသည်မှာ မည်မျှကြာပြီလဲဆိုသည်ကို မည်သူမှ မသိနိုင်ပေ။ လောကတွင် ဘုန်းတော်ကြီးရာမ၏ ဇာစ်မြစ်အမှန်ကိုသိသူဆို၍ အနည်းငယ်သာ ရှိလေသည်။
လူသားများက သူ့ကို တိကျန်ဗောဓိသကျဝင်စားသည်ဟုပြောကြခြင်းမှာ တမင်တကာ ချဲ့ကားပြောဆိုကြခြင်း မဟုတ်ပေ။ ထိုသို့ ပြောရလောက်အောင် ထိုက်တန်သည့်အတွက် ဖြစ်လေသည်။
ဘုန်းတော်ကြီးရာမက လက်အုပ်ချီလိုက်လေသည်။
ထိုအခါ ဘုန်းတော်ကြီးရာမ၏ အနောက်ဘက်တွင် ကြီးမားသည့်စကြာအလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာလေသည်။ ထိုစကြာအလင်းတန်းထဲတွင် မရေမတွက်နိုင်အောင်ပွင့်ခဲ့ကြသည့် ဗုဒ္ဓများစွာ၏ တရားဓမ္မများ ပါဝင်လေသည်။
စကြာအလင်းတန်းကြီးမှ ထွက်ပေါ်လာသည့် သန့်စင်သည့်တန်ခိုးစွမ်းအားများကြောင့် ပတ်ဝန်းကျင်မှ မြူခိုးတိမ်တိုက်များပင်လျှင် လွင့်စင်ပျောက်ပြယ်သွားကြရလေတော့သည်။
***