အနီရောင်ပင့်ကူငရဲပန်းတွေပြန်ပွင့်လေပြီ
Vol. 9 Ch. 839
ဘုန်းတော်ကြီးရာမ၏ စကြာအလင်းတန်းကြီးသည် တဖြည်းဖြည်းလင်းလက်တောက်ပလာလေသည်။
ထို့နောက် ဘုန်းတော်ကြီးရာမက လက်တစ်ဖက်ဆန့်ထုတ်လိုက်ပြီး မြေကြီးကို ဖိချလိုက်လေသည်။
ထိုအခါ စကြာအလင်းတန်းကြီးကလည်း လှုပ်ရှားသွားပြီး ဧရာမလက်ကြီးအဖြစ်ပြောင်းလဲသွားလေသည်။ ဧရာမအလင်းတန်းလက်ကြီးက မာရ်နတ်ကို လက်ဖဝါးဖြင့်ဖိနှိပ်ထားပြီး မာရ်နတ်၏ လွတ်လမ်းမှန်သမျှကို ပိတ်ဆို့ထားလိုက်လေသည်။
မာရ်နတ်၏မျက်လုံးများက ရုတ်တရက် အနီရောင်ပြောင်းသွားပြီး ခန္ဓာကိုယ်က လေထဲတွင် လွင့်မျောသွားပြီး သူ့ကိုဖိနှိပ်ရန် ကြိုးစားနေသည့် အလင်းတန်းလက်ကြီးဆီမှ ရှောင်ထွက်သွားလေသည်။
တောင်ထိပ်ကြီးတစ်ခုအလား ကြီးမားသည့် အလင်းတန်းလက်ချောင်းကြီးက တဆတ်ဆတ်တုန်ခါလာပြီး နတ်ဘုရားအလင်းတန်းများထွက်ပေါ်လာကာ မာရ်နတ်ကို ရိုက်ချလိုက်လေသည်။
မာရ်နတ်၏ခန္ဓာကိုယ် တစ်ချက်တုန်လှုပ်သွားလေသည်။ အလင်းတန်းများ လင်းထိန်နေသည့်အတွက် မိုးကောင်းကင်ကိုပင် မမြင်ရတော့ပေ။
ထိုအချိန်မှာပင်… ဧရာမအလင်းတန်းလက်ကြီးက မာရ်နတ်ကို ဆွဲညှစ်လိုက်ကာ မြေကြီးအတွင်းသို့ ဖိချလိုက်လေသည်။
မာရ်နတ်က ချက်ချင်းပင် သူ့ကိုယ်သူ နူးညံ့သည့်တိမ်ဆိုင်တစ်ခုအဖြစ်ပြောင်းလဲလိုက်ကာ အလင်းတန်းလက်ကြီးအတွင်းမှ ရှောင်ထွက်သွားပြန်သည်။ ဘုန်းတော်ကြီးရာမ၏ ဓမ္မအလင်းတန်ခိုးစွမ်းအားများသည် မာရ်နတ်ကိုဖိနှိပ်ထားခြင်းငှာ မတတ်နိုင်ခဲ့ပေ။
ဘုန်းတော်ကြီးရာမက လက်အုပ်ချီလိုက်လေသည်။ ထိုအခါ စကြာအလင်းတန်းများသည် တိမ်ဆိုင်အသွင်ဖန်ဆင်းထားသည့် မာရ်နတ်နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားလေသည်။
မာရ်နတ်က ချက်ချင်းပင် လူပုံသဏ္ဍန်ပြန်လည်ဖန်ဆင်းလိုက်ပြီး သူ၏လက်တစ်ဖက်ကို ကောင်းကင်ထက်သို့ပင့်တင်လိုက်ပြီး နောက်လက်တစ်ဖက်ကို မြေပြင်ရှိရာသို့ ဖိနှိပ်ထားလိုက်လေသည်။ ထိုအခါ မိုးမြေစွမ်းအားလှိုင်းများ အလွှာလိုက် ဖြစ်ပေါ်လာပြီး ဘုန်းတော်ကြီးရာမ၏ စကြာအလင်းတန်းကြီးကို တားဆီးထားလိုက်လေသည်။
ဘုန်းတော်ကြီးရာမသည် မာရ်နတ်ခန့်မှန်းသည်ထက်ပိုပြီး တန်ခိုးစွမ်းအား မြင့်မားနေလေသည်။ သို့သော် မာရ်နတ်ကလည်း ကြောက်ရွံ့သွားခြင်း မရှိပေ။
သူ၏ခန္ဓာကိုယ်မှ ချက်ချင်းပင် ထောင်ပေါင်းများစွာသောအရိပ်များခွဲထွက်သွားလေသည်။ ထို့နောက် ဘုန်းတော်ကြီး၏ စကြာအလင်းတန်းတန်ခိုးစွမ်းအားများကို စုပ်ယူရန် ကြိုးစားလိုက်သည်။
ဘုန်းတော်ကြီးရာမက မျက်မှောင်တစ်ချက်ကြုံ့လိုက်ပြီး လက်တစ်ဖက်ကို ဆန့်တန်းလိုက်သည်။ ထိုအခါ သူ၏ လက်ဖဝါးထက်တွင် တစ်ရှိန်းရှိန်းတောက်လောင်နေသည့် မီးတောက်တစ်ခု ထွက်ပေါ်လာလေ၏။ မီးတောက်မှာ အနီရောင်ကြာပန်းတစ်ခုအလား နီရဲတောက်လောင်လျှက်ရှိလေသည်။
အနီရောင်ကြာပန်းမီးတောက်က မာရ်နတ်၏အရိပ်များအားလုံးကို လောင်ကျွမ်းပစ်လိုက်ပြီး အစစ်အမှန်မာရ်နတ်တစ်ယောက်သာလျှင် ကျန်ရစ်ခဲ့လေသည်။
သို့သော်… မာရ်နတ်၏ပုံသဏ္ဍန်သည် တောင်ပေါ်တက်လာစဉ်ကကဲ့သို့ ချောမောခန့်ငြားသည့် လူငယ်လေးတစ်ယောက်၏ ပုံစံမျိုး မဟုတ်တော့ပေ။
သူ၏ဆံပင်များနှင့်မျက်ခုံးမွှေးများတွင် မီးများလောင်ကျွမ်းနေပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေလေသည်။
အနီရောင်ကြာပန်းကို ကံကြမ္မာမီးတောက်ဟုလည်းခေါ်လေသည်။ ကံကြမ္မာမီးတောက်မှာတန်ခိုးစွမ်းအား အလွန်မြင့်မားပြီး လူတစ်ယောက်၏ အကုသိုလ်ကြီးမားလေ ပိုပြီးလောင်ကျွမ်းလေဖြစ်လေသည်။
မာရ်နတ်မှာ အကုသိုလ်အလွန်များသူတစ်ယောက်ဖြစ်လေရာ အနီရောင်ကြာပန်းမီးတောက်၏ ပြင်းပြင်းထန်ထန်လောင်ကျွမ်းခြင်းကို ခံလိုက်ရလေသည်။
သို့သော်… ဘုန်းတော်ကြီးရာမက မာရ်နတ်ကို အသေသတ်သည်အထိ မပြုလုပ်ခဲ့ပါ။
ဘုန်းတော်ကြီးက…
"မင်းသွားတော့…"
ဟု ပြောလိုက်လေသည်။
မာရ်နတ်က လက်မလျှော့ချင်သေးပေ။ သို့သော်… ဘုန်းတော်ကြီးရာမဆိုသည်ကလည်း နှယ်နှယ်ရရပုဂ္ဂိုလ်တစ်ယောက် မဟုတ်လေရာ သူသာဆက်ပြီးတိုက်ခိုက်မည်ဆိုလျှင် အရှုံးနှင့်သာ ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရှိလိုက်သည်။
မာရ်နတ်ဆိုသည်က နှစ်ပေါင်းများစွာကြာအောင် လူတို့၏စိတ်နှလုံးကို မကောင်းမှုတရားများဖြင့် လှည့်စားနေခဲ့သူ ဖြစ်လေသည်။
လူတို့၏နှလုံးသားထဲမှ အားနည်းချက်ကိုသိသည့် မာရ်နတ်အနေဖြင့် ဘုန်းတော်ကြီးရာမအကြောင်းကိုလည်း ကောင်းကောင်းခန်းမှန်းနိုင်လေသည်။
ထို့ကြောင့် မာရ်နတ်က မာန်လျှော့လိုက်ပြီး…
"ကျုပ်ပြန်လာခဲ့မယ်…"
ဟု ပြန်ပြောလိုက်လေသည်။
ထို့နောက် မာရ်နတ်သည် တောင်ပေါ်မှချက်ချင်းပျောက်ကွယ်သွားပြီး သွေးနီရောင်ပင်လယ်ကမ်းခြေသို့ ရောက်ရှိသွားလေသည်။
ထိုအခါ…
သွေးနီရောင်ကမ်းခြေတွင် သူ့ကိုစောင့်နေသည့် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရလေသည်။
ထိုအဖြူရောင်ဝတ်လူငယ်မှာ ရဲ့လျိုယွင်၏ ကိုယ်ခွဲတစ်ခုပင် ဖြစ်လေသည်။
ရဲ့လျိုယွင်က ကမ်းခြေတွင်ရပ်နေပြီး မာရ်နတ်ရောက်လာသည်ကို ကြည့်နေလေသည်။ မာရ်နတ်၏ပုံစံကိုကြည့်ပြီး ရဲ့လျိုယွင်က အခြေအနေကိုခန့်မှန်းလိုက်မိသည်။
"မင်း ဘုန်းတော်ကြီးရာမနဲ့ တိုက်လာတာလား…"
မာရ်နတ်က…
"ဟုတ်တယ် ၊ သူက တန်ခိုးစွမ်းအားတော်တော်မြင့်မားတာပဲ ၊ ဒါပေမဲ့ ကျုပ်ကိုတော့ သေအောင် မသတ်နိုင်ပါဘူး…"
ရဲ့လျိုယွင်က…
"မင်းကမာရ်နတ်ဆိုတော့ ဒီလိုစကားမျိုးပြောရဲတာပေါ့ ၊ ဒါပေမဲ့ မင်း ဘုန်းတော်ကြီးရာမကို ရှုံးလာတာကိုတော့ ဝန်ခံရမယ်လေ…"
မာရ်နတ်က…
"မင်းလည်းအတူတူပဲလေ ၊ နတ်မိစ္ဆာအဓိပတိနန်းတော်က ခွန်ဖိန်နတ်မိစ္ဆာဘုရင်ကို ရှုံးလာတာပဲမဟုတ်လား …"
ရဲ့လျိုယွင်က…
"ကျုပ်က ခွန်ဖိန်နတ်မိစ္ဆာဘုရင်ကို မကြောက်ပါဘူး ၊ သူ့နောက်ကွယ်က နတ်မိစ္ဆာအဓိပတိကြီးကိုပဲကြောက်တာ ၊ ခွန်ဖိန်နတ်မိစ္ဆာဘုရင်လောက်ကတော့ အချိန်မရွေးရှင်းပစ်နိုင်တယ်…"
မာရ်နတ်က…
"မင်း ကျုပ်ကိုလာရှာတာ ခွန်ဖိန်နတ်မိစ္ဆာဘုရင်ကို ရှင်းပစ်ဖို့တောင်းဆိုမလို့ဆိုရင်တော့ ကျုပ် မကူညီနိုင်ဘူးနော်…"
ရဲ့လျိုယွင်က ပြုံးလိုက်ရင်း…
"ဘာလဲ မာရ်နတ်က ခွန်ဖိန်နတ်မိစ္ဆာဘုရင်ကို ကြောက်နေတာလား…"
မာရ်နတ်က….
"ကျုပ်ကို ငတုံးများမှတ်နေသလား ၊ သူက ပေမင်ပင်လယ်က နတ်မိစ္ဆာအဓိပတိကြီးရဲ့ အနွယ်တော်လေ ၊ ကျုပ်က လွတ်လပ်တဲ့မာရ်နတ်ဆိုပေမယ့် နတ်မိစ္ဆာအဓိပတိကြီးကိုတော့ ကြောက်တယ်ဗျ…"
ရဲ့လျိုယွင်က…
"မင်း ကျုပ်တောင်းတဲ့အကူအညီကို မင်း ငြင်းနိုင်မှာ မဟုတ်ပါဘူး…"
မာရ်နတ်က ခပ်ပါးပါးတစ်ချက်ပြုံးလိုက်ရင်း…
"ဘာလို့လဲ…"
မာရ်နတ်က ရဲ့လျိုယွင်၏ အတွင်းစိတ်ကို ထိုးဖောက်ကြည့်ရန် ကြိုးစားလိုက်သည်။
သို့သော်… မာရ်နတ်သည်မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ်ကို ထိပ်တန်းအဆင့် ကျင့်ကြံထားသူဖြစ်သည့်တိုင် ရဲ့လျိုယွင်၏ နှလုံးသားကို ထိုးဖောက်မြင်နိုုင်စွမ်း မရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော်… ရဲ့လျိုယွင်က သူ၏နှလုံးသားကို အရံအတားပြုလုပ်ကာကွယ်ထားသောကြောင့် ဖြစ်လေသည်။ သူက ထုတ်ဖော်မပြောသရွေ့ သူ့ရင်ထဲမှ ခံစားချက်များ ၊ အကြောင်းအရာများ ၊ အတွေးများကို မည်သူမှ သိရှိနိုင်မည် မဟုတ်ပေ။
ရဲ့လျိုယွင်က…
"လင်ထိုင်ဖန်းကျွမ်းတောင် ဘယ်နေရာမှာလဲဆိုတာ မင်း မသိချင်ဘူးလား…."
ရဲ့လျိုယွင်၏ အမေးကြောင့် မာရ်နတ်တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
ပြီးမှ သူက ရဲ့လျိုယွင်ကို စေ့စေ့ကြည့်လိုက်ပြီး…
"မင်း တောင်းတဲ့အကူအညီကို ကျုပ် မငြင်းနိုင်တော့ပါဘူး…"
ရဲ့လျိုယွင်က…
"ကျုပ်ကို အသူရာချောက်ရဲ့အရှင်သခင်ဖြစ်လာအောင် ကူညီပေးဖို့ မလိုဘူး ၊ ဒါပေမဲ့ ကျုပ်အတွက် ခွန်ဖိန်နတ်မိစ္ဆာဘုရင်ကို သတ်ပေးပါ…"
မာရ်နတ်က…
"သူ့ကိုသတ်ဖို့က မလွယ်လှဘူး…"
မာရ်နတ်ထိုသို့ပြောလိုက်သည်မှာ ခွန်ဖိန်နတ်မိစ္ဆာဘုရင်က တန်ခိုးစွမ်းအားမြင့်မားလွန်းသောကြောင့် မဟုတ်ပေ။
ခွန်ဖိန်သတ္တဝါကြီးများသည် လောကတွင် အမြန်ဆုံးသောသတ္တဝါကြီးများဖြစ်လေရာ သူတို့ကို တားဆီးရန်မှာ ခက်ခဲလွန်းသောကြောင့် ဖြစ်လေသည်။
ရဲ့လျိုယွင်က…
"ဒါပေမဲ့ မင်းမှာ နည်းလမ်းရှိတယ်ဆိုတာ ကျုပ်သိတယ်…"
မာရ်နတ်က ရဲ့လျိုယွင်ကို နက်ရှိုင်းသည့်အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်လေသည်။
ရဲ့လျိုယွင်သည် သူခန့်မှန်းသည်ထက်ပိုပြီး လျှို့ဝှက်ဆန်းကျယ်သူတစ်ယောက် ဖြစ်လေသည်။ လင်ထိုင်ဖန်းကျွမ်းတောင် မည်သည့်နေရာတွင်ရှိသည်ကို ရဲ့လျိုယွင်သည် မည်သို့သိပါသနည်း။
ထို့ပြင် လင်ထိုင်ဖန်းကျွမ်းတောင်သည် မာရ်နတ်အတွက် အရေးကြီးသည့် နေရာတစ်ခုဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော်… လင်ထိုင်ဖန်းကျွမ်းတောင်တွင် သူ၏ကျင့်စဉ်လမ်းအဆင့်တက်စေနိုင်ရန်အထောက်အကူဖြစ်စေမည့် အကြောင်းအရာတစ်ခု ရှိလေသည်။
ထို့နောက်…. သွေးနီရောင်ပင်လယ်ကမ်းခြေရှိ ရဲ့လျိုယွင်၏ပုံရိပ် ပျောက်ကွယ်သွားပြီး မာရ်နတ်သည်လည်း သွေးနီရောင်ပင်လယ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။
ခွန်ဖိန်နတ်မိစ္ဆာဘုရင်ကို သတ်ဖြတ်ရန်မှာ လွယ်ကူသည့်ကိစ္စမဟုတ်ပေ။ သေသေချာချာ အချိန်ယူပြင်ဆင်ပြီးမှသာ ပြုလုပ်နိုင်မည် ဖြစ်လေသည်။
…………
ထိုအဖြစ်အပျက်များ ဖြစ်ပျက်ပြီးနောက် (၃)ရက်မြောက်သည့်နေ့တွင် ဆန်းလျန်နှင့် ကျောက်ရှောင်ယွီတို့ သွေးနီရောင်ပင်လယ်သို့ ရောက်ရှိလာကြလေသည်။
ဆန်းလျန်က ပင်လယ်ကမ်းခြေမှ ပန်းပင်စိမ်းစိမ်းများကို ကြည့်နေလေသည်။
ပန်းပင်များသည် လေနှင့်အတူယိမ်းနွဲ့နေသော်လည်း ပန်းများပွင့်လန်းခြင်း မရှိဘဲ အရွက်များသာ ရှိလေသည်။
ကျောက်ရှောင်ယွီက…
"ဒီပန်းပင်တွေက အနီရောင်ပင့်ကူငရဲပန်းပင်တွေပဲ ၊ ဒါပေမဲ့ မပွင့်တာ နှစ်ပေါင်းသောင်းနဲ့ချီနေပြီ…"
သို့သော်…
သူမ သူမစကားပြော၍မဆုံးသေးမီမှာပင် ပန်းပင်များမှ အစိမ်းရောင်အရွက်များ ချက်ချင်းကြွေကျကုန်ကာ မီးတောက်ကဲ့သို့ ရဲရဲနီသည့် အနီရောင်ပန်းများ ပွင့်လန်းလာကြလေသည်။
သွေးနီရောင်ပင်လယ်တစ်ဖက်ကမ်းမှ အနီရောင်ပင့်ကူငရဲပန်းများ…
အရွက်ကြွေမှ အပွင့်ပွင့်လန်းရသလို…
အပွင့်ကြွေမှသာ ရွက်သစ်ထွက်ရစမြဲပင်…။
ပန်းပင်တစ်ပင်တည်းဖြစ်လင့်ကစား အပွင့်နှင့်အရွက်သည် မည်သည့်အခါမှ ဆုံစည်းရသည်ဟူ၍ မရှိသည်မှာ အနီရောင်ပင့်ကူငရဲပန်းများ၏ ထူးခြားချက်ပင် ဖြစ်လေသည်။
ကျောက်ရှောင်ယွီသည် အနီရောင်ပင့်ကူငရဲပန်းများကို ငေးကြည့်နေမိလေသည်။ ထိုပန်းများသည် သူမဘ၀ တွေ့ဖူးသမျှ ပန်းများထဲတွင် အလှပဆုံးဖြစ်လေသည်။ သူမ ထိုပန်းများကို အလွန်မှ သဘောကျနှစ်သက်မိတော့သည်။
သူမက ပန်းများကိုငေးကြည့်နေရင်းမှ စကားဆိုလိုက်သည်။
"ဒီပန်းတွေမပွင့်တာ နှစ်ပေါင်းသောင်းနဲ့ချီပြီး ကြာနေပြီ ၊ ဒါပေမဲ့ ရှင်ရောက်လာတာနဲ့ ချက်ချင်းပန်းတွေပွင့်လာတယ် ၊ ထူးဆန်းလိုက်တာ…"
ဆန်းလျန်က ကျောက်ရှောင်ယွီကို စကားပြန်ပြီး မပြောနိုင်ခဲ့ပေ။
အနီရောင်ပင့်ကူငရဲပန်းများကိုမြင်သည်နှင့် ဆန်းလျန်၏ရင်ထဲတွင် ပြောမပြောနိုင်သည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး ပန်းပင်များကြားသို့ လျှောက်သွားလိုက်လေသည်။
ထို့နောက် ဆန်းလျန်က ပန်းပွင့်တစ်ပွင့်ကို ခူးယူလိုက်သည်။
ပွင့်ချပ်များကရှည်လျားပြီး ပန်းပွင့်ပုံသဏ္ဍန်သည် ပြီးပြည့်စုံသည့် စက်ဝိုင်းတစ်ခုအလား ဖြစ်လေသည်။
ဆန်းလျန်က ပန်းပွင့်လေးကို အသာအယာပွတ်သပ်လိုက်လေရာ သေးသွယ်သည့် ပွင့်ချပ်ရှည်ရှည်လေးများသည် သွေးနီရောင်ပင်လယ်အတွင်းသို့ ကြွေကျသွားကြရလေတော့သည်။
***