← Chapters

ဓားနတ်သမီးယွိလော်ရှား

Vol. 9 Ch. 840

ဓားနတ်သမီးယွိလော်ရှား

Vol. 9 Ch. 840

အနီရောင်ပင့်ကူငရဲပန်းကလည်း အနီရောင် ၊ သွေးနီရောင်ပင်လယ်ကလည်း အနီရောင်ဖြစ်လေရာ ပွင့်ချပ်လွှာလေးများသည် အနီရောင်ပင်လယ်ရေထဲတွင် ရောနှောပျောက်ကွယ်သွားလေသည်။

ဆန်းလျန်သည် ပင်လယ်ရေထဲတွင် မျောပါသွားသည့် ပွင့်ချပ်လေးများ ပျောက်ကွယ်သွားသည်အထိ မျက်စိတစ်ဆုံး ငေးကြည့်နေမိလေသည်။

ကျောက်ရှောင်ယွီက ဆန်းလျန်အနားသို့ ရောက်လာပြီး ဆန်းလျန်ငေးကြည့်နေရာသို့ လိုက်ကြည့်လိုက်လေသည်။

သွေးနီရောင်ပင်လယ်သည် ကျယ်ပြန့်လွန်းသည့်အတွက် မျက်စိဖြင့်ကြည့်ရုံဖြင့် ပင်လယ်တစ်ဖက်ကမ်းကို တွေ့မြင်ရခြင်း မရှိပေ။

တန်ခိုးစွမ်အားမြင့်မားလွန်းသည့် ဆန်းလျန်နှင့် ကျောက်ရှောင်ယွီပင်လျှင်  သွေးနီရောင်ပင်လယ်တစ်ဖက်ကမ်းကို မြင်အောင် မကြည့်နိုင်ခဲ့ကြပေ။

ကျောက်ရှောင်ယွီက တီးတိုးရေရွတ်လိုက်သည်။

"ဒီလောက်ကျယ်တဲ့ သွေးနီရောင်ပင်လယ်မှာ ထိုက်ယီနတ်ဓားကို ဘယ်လိုရှာမှာလဲ…"

ဆန်းလျန်က ယွမ်တုဓားကို ဆွဲထုတ်လိုက်လေသည်။

ဓားခြိမ်းသံတစ်ချက်ထွက်ပေါ်လာပြီး ယွမ်တုဓားသည် နဂါးတစ်ကောင်အလား သွေးနီရောင်ပင်လယ် လှိုင်းလုံးများထက်သို့ ပျံသန်းထွက်ခွာသွားလေတော့သည်။

ကျောက်ရှောင်ယွီက ပြုံးလိုက်ပြီး ငရဲလမ်းဓားကိုဆွဲထုတ်လိုက်သည်။

သူမက ပြုံးလိုက်ရင်း…

"မင်းလည်း သွေးနီရောင်ပင်လယ်ထဲမှာ သူ့လိုပဲ သွားကစားလေ…"

သို့သော်… ငရဲလမ်းဓားသည် ယွမ်တုဓားနောက်သို့ လိုက်သွားခြင်း မရှိပေ။ သူက သွေးနီရောင်ပင်လယ်ကို စိတ်မဝင်စားသည့်အလား အေးစက်စက်ဖြင့် ငြိမ်သက်နေလေသည်။

ခဏကြာသည့်အခါတွင်တော့ သွေးနီရောင်ပင်လယ် နှစ်ခြမ်းကွဲသွားပြီး ယွမ်တုဓားက ထူးဆန်းသည့် လူတစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်လာလေသည်။ ထိုသူမှာ ဂြိုဟ်သားတစ်ယောက်အလား အလွန်အရုပ်ဆိုးလှသည်။

ထိုသူမှာ ခြေလက်များရှိနေသည့်အတွက် လူသားတစ်ယောက်ဟုဆိုနိုင်သော်လည်း မျက်နှာကတော့ အလွန်မှ ကြည့်ရဆိုးလေသည်။ အသားအရေကလည်း သွေးနီရောင်ဖြစ်လေ၏။

ထူးဆန်းသည့်လူသားက အနည်းငယ်တွန့်ဆုတ်နေပြီးမှ ထူးဆန်းသည့် ဘာသာစကားတစ်ခုဖြင့် စကားပြောလိုက်သည်။

သူပြောသည့်စကားမှာ ဆန်းလျန်တို့ပြောဆိုနေသည့် ဘာသာစကားနှင့်မတူလေရာ ထိုလူသားနှင့် ဆက်သွယ်စကားပြောရန် မဖြစ်နိုင်ကြောင်း ဆန်းလျန် နားလည်လိုက်သည်။

ထိုလူသားမှာ အသူရာမျိုးနွယ်တစ်ယောက်ဖြစ်ကြောင်း ကျောက်ရှောင်ယွီ ချက်ချင်းသိလိုက်သည်။

အသူရာလူသားသည် ဆန်းလျန်၏ မျက်ဝန်းများကို တွေ့မြင်လိုက်သည်နှင့် ချက်ချင်းပင် ခေါင်းငုံ့သွားလေသည်။ ထို့နောက်… သူသည် သတိလစ်သွားပြီး သူ့ဘဝ၏အတိတ်အကြောင်းအရာများအားလုံးသည် အိပ်မက်အလား စိတ်အာရုံတွင် တစ်ခဏချင်းထင်မြင်လာလေသည်။

ထို့နောက် အသူရာလူသားသည် ပြန်လည်နိုးထလာပြီး မျက်ရည်များ စီးဆင်းကျလာလေသည်။ အဘယ်ကြောင့်ဆိုသော်… သူဖြတ်သန်းခဲ့ရသည့်ဘဝသည် ရေပွက်ပမာ တိုတောင်းလွန်းလှသည်ကို တစ်ခဏအတွင်းနားလည်ကာ တရားအလင်းရသွားသောကြောင့် ဖြစ်လေသည်။

ဆန်းလျန်က ယွမ်တုဓားကို ပြန်လည်သိမ်းဆည်းလိုက်သည်။

အသူရာလူသားက ဆန်းလျန်ကို ဦးညွှတ်အရိုအသေပေးလိုက်ပြီး ကမ်းခြေအတိုင်း လမ်းလျှောက်ထွက်ခွာသွားလေတော့သည်။

ကျောက်ရှောင်ယွီက…

"ရှင့်ရဲက အိပ်မက်လိပ်ပြာကျင့်စဉ်က ပျော်စရာကောင်းမယ့်ပုံပဲ ၊ ကျွန်မကို သင်ပေးပါလားဟင်…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ပြောနေစရာတောင်မလိုဘူး ၊ မင်းသင်ချင်တယ်ဆိုရင် အချိန်မရွေးသင်ပေးမယ်…"

ကျောက်ရှောင်ယွီက ခေါင်းတစ်ချက်ညိတ်လိုကရင်း…

"ရှင် ဟိုအသူရာရဲ့စိတ်ကို ဖတ်ကြည့်လိုက်တာမလား ၊ ဘာတွေများ သိလိုက်ရလဲ…"

ဆန်းလျန်က…

"အသူရာမျိုးနွယ်တွေက ထူးဆန်းတယ် ၊ သူတို့က အသက်ရှည်တယ် ၊ မွေးရာပါတန်ခိုးစွမ်းအားတွေကိုလည်း ပိုင်ဆိုင်တယ် ၊ ကျင့်စဉ်လမ်းကိုသာလိုက်မယ်ဆိုရင် တန်ခိုးစွမ်းအား အရမ်းမြင့်မားတဲ့သူတွေ ဖြစ်လာနိုင်တယ် ၊ ယောကျ်ားလေးအသူရာတွေက ရုပ်ဆိုးတယ် ၊ မိန်းကလေးတွေကတော့ ချောမောလှပကြတယ်… ၊ ဒီပတ်ဝန်းကျင်မှာ အသူရာမျိုးနွယ်တွေ နေထိုင်ကြတယ် ၊ သူတို့ခေါင်းဆောင်ကတော့ မိန်းကလေးတစ်ယောက်ပဲ ၊ ဓားနတ်သမီးယွိလော်ရှားလို့ခေါ်တယ်…"

ကျောက်ရှောင်ယွီက….

"ယွိလော်ရှားက ဘာများထူးခြားလဲ…"

ဆန်းလျန်က…

"ဓားနတ်သမီးက ငယ်ငယ်ကတည်းက စွန့်ပစ်ခံခဲ့ရတဲ့ ကလေးတစ်ယောက်ပဲ ၊ သူ့ကို အသူရာတွေက ခေါ်ယူမွေးစားခဲ့တယ် ၊ သူ ငယ်ငယ်တုန်းက ဘာတန်ခိုးစွမ်းအားမှ မရှိဘူး ၊ အမြဲတမ်းတခြားသူတွေအနိုင်ကျင့်တာကိုခံရတယ် ၊ ဒါပေမဲ့ သူကြီးပြင်းလာခဲ့ပြီး မိုးကြိုးတန်ခိုးစွမ်းအားကို ကျင့်ကြံအောင်မြင်ခဲ့တယ် ၊ အဲဒီနောက်ပိုင်း သူက အသူရာမျိုးနွယ်တွေထဲမှာ အရမ်းတန်ခိုးစွမ်းအားမြင့်မားတဲ့သူတစ်ယောက် ဖြစ်လာတယ် ၊ သွေးနီရောင်ပင်လယ်ရဲ့ အနောက်ဘက်ကမ်းခြေတစ်လျှောက်မှာ အင်အားအကြီးဆုံဖြစ်လာပြီး အသူရာမျိုးနွယ်တွေရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့တယ်…"

ကျောက်ရှောင်ယွီက…

"ကြည့်ရတာ သူက တာအိုဆရာသခင်ထိုက်ယီနဲ့များ ဆက်စပ်မှုရှိနေမလား ၊ ရှင်ရော ဘယ်လိုထင်လဲ…"

ဆန်းလျန်က…

"အင်း… ခုန အသူရာလူသားရဲ့စိတ်ထဲကနေ သိလိုက်ရတာတော့ ဓားနတ်သမီးကျင့်ကြံခဲ့တဲ့ ကျင့်စဉ်က စန်းရှောင်မိုးကြိုးတန်ခိုးစွမ်းအားကျင့်စဉ်ပဲ ၊ သူ့ရဲ့ကျင့်စဉ်လမ်းက စစ်မှန်တယ်လို့ ပြောလို့ရတယ်…"

ကျောက်ရှောင်ယွီက…

"စန်းရှောင်မိုးကြိုးတန်ခိုးစွမ်းအားကျင့်စဉ်ဆိုပေမယ့် ချင်းရွှမ်နတ်တံခါးက စန်းရှောင်မိုးကြိုးတန်ခိုးစွမ်းအားကျင့်စဉ်တော့ မဟုတ်လောက်ပါဘူး ၊ ချင်းရွှမ်နတ်တံခါးကကျင့်စဉ်ကို သူက ဘယ်လိုလုပ်ကျင့်ကြံနိုင်မှာလဲ…"

လောကတွင် ချင်းရွှမ်နတ်တံခါးပျောက်ကွယ်သွားခဲ့ပြီး ချင်းရွှမ်နတ်တံခါး၏ ကျင့်စဉ်များလည်း ပျောက်ကွယ်သွားခဲ့ပြီကို ကျောက်ရှောင်ယွီ သိရှိထားခဲ့ပြီး ဖြစ်လေသည်။

ရှင်သန်စေခြင်းကျောင်းတော်နှင့် သေစေခြင်းကျောင်းတော်တို့က ချင်းရွှမ်နတ်တံခါးနှင့် ဆက်စပ်နေသည်ဆိုသော်ငြားလည်း အတိတ်ကတော့ ပျောက်ဆုံးနေခဲ့ပြီ ဖြစ်လေသည်။

ဆန်းလျန်က...

"သူ့ကိုသွားတွေ့ကြတာပေါ့…"

ကျောက်ရှောင်ယွီ....

"ရှင်က စန်းရှောင်ကျင့်စဉ် အမှန်ဟုတ်မဟုတ်ဆိုတာ ဘယ်လိုလုပ်သိနိုင်မှာလဲ"

ဆန်းလျန်က…

"ကျုပ် ချင်းရှတောင်မှာနေရင်းနဲ့ အတိတ်ကအကြောင်းတွေ နည်းနည်းပါးပါး ပြန်မှတ်မိထားတယ်…"

သို့သော် ဖြစ်ရပ်များက အစဉ်လိုက်မဟုတ်ဘဲ ပြတ်တောင်း ပြတ်တောင်း ဟိုတစ်ကွက် ဒီတစ်ကွက်ဖြစ်နေသည်ကိုတော့ ကျောက်ရှောင်ယွီကို သူ ပြောမပြတော့ပေ။

ပြတ်တောင်းပြတ်တောင်းဖြစ်နေသည့် အတိတ်ဖြစ်ရပ်များသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက မည်သည့်အကြောင်းအရာများဖြစ်ပျက်ခဲ့သည်ကို အလုံးစုံနားလည်ရန်တော့ မဖြစ်နိုင်သေးပေ။ ထို့ပြင် ထိုသို့ မှတ်ဉာဏ်များ ပြတ်တောင်းပြတ်တောင်းပြန်လည်မှတ်မိနေခြင်းမှာ သိပ်ပြီးကောင်းသည့်အရာတော့ မဖြစ်နိုင်ဟု ဆန်းလျန် ခံစားနေရလေသည်။

ထိုအချိန်တွင်…

ဘုရင်ရှစ်ပါးနန်းတော်ထဲတွင် ကျင့်စဉ်ကျင့်ကြံနေသည့် ရွှမ်တုတောက်ကျွင်းက အံ့အားသင့်စွာဖြင့် "ဟင်" ဟု တစ်ချက်ရေရွတ်လိုက်လေသည်။

သူ၏ အချိန်ရေစီးကြောင်းကို ထိုးဖောက်နေသည့်ကျင့်စဉ်ကို တားဆီးနေသည့် ဓားဝိညာဉ်သည် အနည်းငယ်အားပျော့သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသောကြောင့် ဖြစ်လေသည်။

ထိုအချိန်မှာပင်… အချိန်ရေစီးကြောင်း၏ နက်ရှိုင်းသည့်နေရာတစ်ခုဆီမှ ပုံရိပ်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။ ထိုသူ၏မျက်နှာကို သဲသဲကွဲကွဲ တွေ့မြင်ရခြင်းမရှိပေ။ သူ၏တစ်ကိုယ်လုံးကို နတ်ဘုရားအလင်းတန်းများက ဖုံးလွှမ်းထားပြီး သူ့ထံသို့ ဝင်ရောက်လာသည့် အချိန်ရေစီးကြောင်းကို အလင်းတန်းများဖြင့် တားဆီးထားလေသည်။

ဘုန်းတော်ကြီးရာမသည် တောင်ပေါ်ရှိ ရှားလော့သစ်ပင်ညီနောင် (၂)ပင်ကြားတွင် မတ်တတ်ရပ်နေလေသည်။ အသိဉာဏ်ပညာနှင့် အသက်ကိုကိုယ်စားပြုသည့် သစ်ပင်ညီနောင်သည် ဘုန်းတော်ကြီးရာမ၏ တာအိုတရားများကိုလည်း ကိုယ်စားပြုလေသည်။

ဗုဒ္ဓကဲ့သို့ ကိလေသာအားလုံး အမြစ်ပြတ်အောင် မကျင့်ကြံနိုင်လျှင် အသိဉာဏ်ပညာနှင့်အသက်ဟုခေါ်ဆိုသည့် သံသရာမှလွတ်မြောက်ခြင်းကိုလည်း မရရှိနိုင်ကြောင်း ဘုန်းတော်ကြီးရာမ နားလည်ထားလေသည်။

အမှန်တော့ ဗုဒ္ဓဘာသာသည် တာအိုတရားများအားလုံး၏ အနှစ်သာရဖြစ်လေသည်။

ထို့ကြောင့် တာအိုကျမ်းစာတစ်ခုတွင် -

"အရာအားလုံးကို စွန့်လွှတ်နိုင်မှသာ သံသရာမှလွတ်ကင်းမည်" ဟု ရေးသားထားခြင်း ဖြစ်လေသည်။

ဘုန်းတော်ကြီးရာမ၏ မျက်ဝန်းများက ရေကဲ့သို့ ကြည်လင်နေလေသည်။

သူ၏မျက်ဝန်းများထဲတွင် အချိန်ရေစီးကြောင်းထက်မှ ပုံရိပ်ကို တွေ့မြင်နေရလေသည်။ ထို့နောက် ဘုန်းတော်ကြီးရာမသည် သက်ပြင်းရှည်တစ်ချက် ချလိုက်မိလေတော့သည်။

ဆန်းလျန်ကတော့ အချိန်ရေစီးကြောင်းတွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများကို သိရှိခဲ့ခြင်း မရှိပေ။ သူက လက်ရှိအချိန်ကိုသာ အာရုံစိုက်နေခဲ့လေသည်။

ယွမ်တုဓားက သူ့ကိုယ်သူ လှေတစ်စင်းအဖြစ်ဖန်ဆင်းကာ ဆန်းလျန်နှင့် ကျောက်ရှောင်ယွီကို သွေးနီရောင်ပင်လယ်ထဲသို့ ခေါ်ဆောင်သွားလေသည်။ အရှေ့လေကတိုက်ခတ်နေပြီး ပင်လယ်ထဲတွင် လှိုင်းများထန်လျှက် ရှိလေ၏။

သွေးနီရောင်ပင်လယ်ထဲတွင် ကျွန်းများကို တွေ့မြင်ရခြင်းမရှိဘဲ ရံဖန်ရံခါ သန္တာကျောက်တန်းလေးများကိုသာ တွေ့မြင်ရလေသည်။

သို့သော်… ထိုသန္တာကျောက်တန်းများသည် တကယ်တမ်းတွင် သန္တာကျောက်တန်းများ မဟုတ်ပေ။ သွေးနီရောင်ပင်လယ်ရေ၏ အနယ်ကျမှုကြောင့် ဖြစ်တည်လာသည့် ဝိညာဉ်စွမ်းအားပြည့်ဝသည့် သွေးနီရောင် ကျောက်တန်းများသာ ဖြစ်လေသည်။

လှေလေးက ဆက်လက်ထွက်ခွာလာပြီး သန္တာကျောက်တန်းများက ပိုမိုများပြားလာလေသည်။

ဆန်းလျန်က ရုတ်တရက် လှေကိုရပ်လိုက်ပြီး အဝေးသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ အဝေးတစ်နေရာတွင် သန္တာကျောက်တန်းများသည် ကောင်းကင်မှ ကြယ်စင်များအလား ပြွတ်သိပ်လျှက် ရှိလေသည်။

ထို့ပြင် သန္တာကျောက်တန်းများ၏ တည်ရှိမှုမှာလည်း အစီအစဉ်တကျရှိလှလေသည်။

ကျောက်ရှောင်ယွီက…

"ဒါက အရံအတားတစ်ခုလား…"

ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…

"ဒီ သန္တာကျောက်တန်းတွေရဲ့ဖွဲ့စည်းပုံက ကျီဝေးကြယ်အစုအဝေးထဲက ရွှမ်ဝေးကြယ်စင်ရဲ့ဖွဲ့စည်းပုံနဲ့ဆင်တူတယ် ၊ တော်တော်ကျွမ်းကျွမ်းကျင်ကျင်ပြုလုပ်ထားတဲ့ အရံအတားတစ်ခုပဲ ၊ ကြည့်ရတာ…ဓားနတ်သမီး ပြုလုပ်ထားတဲ့ အရံအတားပဲ ဖြစ်ရမယ် ၊ ဒီမိန်းကလေး တကယ်တော်တာပဲ…"

နှစ်ပေါင်းသောင်းနှင့်ချီအောင် ကျင့်ကြံခဲ့ကြသည့် နတ်ဘုရားများပင်လျှင် ရွှမ်ဝေးကြယ်စင်အရံအတားကို ကျော်ဖြတ်နိုင်ကြလိမ့်မည်မဟုတ်ပေ။

ဆန်းလျန်၏ ပါးစပ်မှ "တကယ်တော်တာပဲ" ဟု ထုတ်ဖော်ချီးကျူးခံရသူသည် တကယ်လည်း တော်လွန်းသောကြောင့် ဖြစ်လေသည်။

***

All Chapters