မိုးနတ်မင်း၏သင်္ချိုင်းဂူ
Vol. 9 Ch. 841
ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း…
"ဒါဖြင့် ဒီအရံအတားကို ရှင် ချိုးဖျက်ပြပေတော့…"
ဆန်းလျန်က…
"သူများက ပင်ပင်ပန်းပန်းလုပ်ထားတာကို ကျုပ် ဖျက်စီးမပစ်ချင်ပါဘူးဗျာ…"
ဆန်းလျန်၏ စကားဆုံးသွားသည်နှင့် လှေငယ်လေးသည် သန္တာကျောက်တန်းများထဲတွင် ငါးတစ်ကောင်အလား ကွေ့ပတ်ထွက်ခွာသွားလေသည်။
သို့သော်… တစ်နေရာအရောက်တွင်တော့ စိမ်းပြာရောင်ကြယ်စင်အလား အလင်းရောင်မှိန်မှိန်လင်းလက်နေသည့် ကျောက်တန်းတစ်ခုကို တွေ့လိုက်ရလေသည်။
ထိုနေရာသို့ရောက်သည်နှင့် ဆန်းလျန်တို့ စီးလာသည့်လှေငယ်သည် ဝဲကန်တော့တစ်ခုအတွင်းသို့ ကျရောက်သွားလေတော့သည်။ လှေလေးသည် ဝဲကန်တော့ထဲတွင် ငှက်မွှေးလေးတစ်စအလား လည်ပတ်လျှက် ရှိလေသည်။
ထို့နောက် လှေငယ်လေးသည် ဝဲကန်တော့အတွင်းပိုင်းသို့ စုပ်ယူခံလိုက်ရပြီး ကျယ်ပြန့်သည့်မြေပြင်တစ်ခုထက်သို့ ရောက်ရှိသွားလေသည်။
မြေပြင်ထက်တွင် လေပြေလေးက တိုက်ခတ်နေလေသည်။မြေပြင်ကလည်း သန့်ရှင်းပြီး ခြောက်သွေ့သည်။
မည်သည့်နေရာက ထွက်ပေါ်နေမှန်းမသိသည့် အလင်းရောင်များကလည်း လင်းလက်နေပြီး ကြယ်ရောင်များနှင့် ခပ်ဆင်ဆင်တူလေသည်။
ဆန်းလျန်က ပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ကြည့်လိုက်ရင်း…
"ဒီနေရာကိုတည်ဆောက်ထားတာ တော်တော် တော်တာပဲ ၊ ကြယ်စင်စွမ်းအားတွေကို အသုံးပြုပြီး တည်ဆောက်ထားတာ…"
ကျောက်ရှောင်ယွီက…
"ကြယ်စင်စွမ်းအားတွေက သန့်စင်ပြီး လွှမ်းမိုးနိုင်စွမ်းရှိတယ် ၊ ကျင့်ကြံခြင်းအဆင့် အတော်လေးမြင့်မှ ဒီလိုမျိုး ဖန်ဆင်းနိုင်မှာပဲ…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ကျင့်ကြံသူတစ်ယောက်ဆိုတာက ခန့်မှန်းရခက်ပါတယ်လေ…"
ကျောက်ရှောင်ယွီက ဆန်းလျန်၏ စကားကို ခေါင်းညိတ်ထောက်ခံလိုက်သည်။
လောကတွင် ဇွဲရှိသူအလွန်နည်းပါးလေသည်။ သို့သော်… ကျင့်ကြံသူဖြစ်လာသူတိုင်းကတော့ ဇွဲကြီးကြသူများ ဖြစ်ကြလေသည်။
လူအများက ကျင့်ကြံသူများကို သွေးအေးပြီးရက်စက်တတ်သူများဟု ထင်ကြသော်လည်း အမှန်တော့ ထိုသို့ မဟုတ်ပေ။ သူတို့သည် ဆုံးဖြတ်ချက်ခိုင်မာစွာချပြီး လိုချင်သည့်အရာကို ရအောင် ရှာဖွေကြရသည့်အတွက် အခြားအရာများကို ဂရုမစိုက်နိုင်ကြတော့ဘဲ သွေးအေးသူများအဖြစ် ထင်မှတ်ခံရခြင်းသာ ဖြစ်လေသည်။
ဆန်းလျန်တို့ရောက်ရှိနေသည့်နေရာသည် အသူရာမျိုးနွယ်များနေထိုင်ရာနေရာသို့ ဝင်ပေါက်ဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော် … မလှမ်းမကမ်းတွင် ကင်းလှည့်နေကြသည့် အသူရာအုပ်စုတစ်စုကို တွေ့လိုက်ကြရသောကြောင့် ဖြစ်လေ၏။
ဆန်းလျန်နှင့်ကျောက်ရှောင်ယွီတို့က ကိုယ်ယောင်ဖျောက်ထားကြသည့်အတွက် အသူရာကင်းသမားများက သူတို့ (၂)ယောက်ကို တွေ့မြင်နိုင်ကြခြင်း မရှိပေ။
အသူရာမျိုးနွယ်တို့နေသည့်နေရာက သာမန်နေရာတစ်ခုနှင့်မတူပေ။ တာအိုနန်းတော်တစ်ခုနှင့် ခပ်ဆင်ဆင်တူလေသည်။
ဆန်းလျန်နှင့်ကျောက်ရှောင်ယွီ အသူရာကင်းသမားများကြားတွင် ဖြတ်သန်းလမ်းလျှောက်လာကြပြီး တစ်နေရာအရောက်တွင် ကျောက်ပြားတစ်ချပ်ကို တွေ့လိုက်ကြရသည်။
ကျောက်ပြားထက်တွင် ကဗျာတစ်ပုဒ် ရေးသားထားလေသည်။
"အနိမ့်အမြင့်မရှိလေသော 'နတ်ဘုရားကျင့်စဉ်များ'…
တိမ်တိုက်များထက်က နှင်းပွင့်လေးများအလား…
သစ်ပင်များကို ရှင်သန်ကြီးထွားစေခဲ့…
လေထဲက ယာဇ်ပလ္လင်ကတော့ လမင်းဆီရောက်ရန် ကျင့်ကြံနေဆဲ…
ကျင့်ကြံခြင်း၏အနှစ်သာရကတော့ စိတ်နှလုံးစင်ကြယ်ခြင်းပင်…
စိတ်နှလုံစင်ကြယ်သူ မည်သူမဆို ထူးခြားသည့် ဤနေရာသို့ ဝင်ရောက်နိုင်ပါသည်…"
ကျောက်ရှောင်ယွီက…
"ရေးထားတာ ကောင်းသားပဲ.."
ဆန်းလျန်က…
"အင်း… မဆိုးပါဘူး…"
ဆန်းလျန်နှင့် ကျောက်ရှောင်ယွီတို့ ကျောက်ပြားနားတွင်ရပ်ကာ ကဗျာကို ဖတ်ပြီးသည့်နောက် ရှေ့ဆက်လျှောက်ခဲ့ကြလေသည်။
ရှေ့အနည်းငယ်လျှောက်သွားပြီးသည့်နောက် လမ်းတစ်လမ်းကို တွေ့ရပြန်သည်။
လမ်းထိပ်တွင်…
"အရိုးဖြူတာအိုနန်းတော်သို့…"
ဟု ရေးသားထားလေသည်။
ကျောက်ရှောင်ယွီက ဆိုင်းဘုတ်ကိုဖတ်ပြီး သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"အရိုးဖြူတာအိုနန်းတော်တဲ့…"
ဘာကြောင့်မှန်းမသိ။
ထိုစာလုံးများကိုဖတ်ပြီး သူမ ဝမ်းနည်းသလိုခံစားလိုက်ရသည်။ လူသားများဆိုသည်က အချိန်တန်လျှင် သေဆုံးသွားကြပြီး အရိုးဘဝဖြင့်သာ အဆုံးသတ်ရမည်ဖြစ်သည်။
သူမအနေဖြင့် ကျင့်စဉ်လမ်းကိုလျှောက်လှမ်းခဲ့ပြီး နှစ်ပေါင်းများစွာ အသက်ရှည်ကြာခဲ့သည့်တိုင် လူသားပေါင်းများစွာကတော့ သေခြင်းလမ်းကို လျှောက်လှမ်းခဲ့ကြရပြီ။
ကျောက်ရှောင်ယွီက…
"သံသရာကို မကျော်လွန်နိုင်သေးသရွေ့ ကျွန်မတို့အားလုံးဟာ သေခြင်းတရားကို ရင်ဆိုင်ကြရဦးမှာပါပဲ…"
ဆန်းလျန်က တိတ်ဆိတ်နေပြီး သူမကို မည်သည့်စကားမှ ပြန်မပြောခဲ့ပေ။
လမ်းအဆုံးတွင်တော့ တာအိုနန်းတော်တစ်ခုကို တွေ့လိုက်ကြရလေသည်။ တာအိုနန်းတော်မှာ ရိုးရှင်းသည့်ကျောက်တုံးနန်းတော်တစ်ခုဖြစ်သော်လည်း အလွန်ကြီးမားပြီး လူပေါင်း ထောင်နှင့်ချီပြီးနေနိုင်လောက်အောင် ကြီးမားကျယ်ပြန့်လေသည်။
နန်းတော်ရှေ့ရှိ မြေကွက်လပ်တွင် အသူရာများစွာ သိုင်းလေ့ကျင့်နေကြလေသည်။
အော်ဟစ်သံများ ၊ တိုက်ခိုက်သံများ ဆူညံလျှက် ရှိလေသည်။ သို့သော်… ထိုအသံများကို သွေးနီရောင်ပင်လယ်အပြင်ဘက်မှ မကြားရလေအောင် အရံအတားပြုလုပ်ထားလေ၏။
အသူရာများကို အဖွဲ့ (၉)ဖွဲ့ ဖွဲ့ထားပြီး သေသေချာချာ စနစ်တကျ လေ့ကျင့်နေကြခြင်း ဖြစ်လေသည်။
ကျောက်ရှောင်ယွီက…
"သူတို့က လျှို့ဝှက်ပြီး လေ့ကျင့်နေကြတာပဲ…"
ဆန်းလျန်နှင့် ကျောက်ရှောင်ယွီသည် အသူရာများ စည်းစည်းလုံးလုံး ကျင့်ကြံနေကြသည်ကို အတန်ကြာကြည့်နေကြလေသည်။
ထို့နောက် ဆန်းလျန်က ဆက်မကြည့်တော့ဘဲ ကျောက်ရှောင်ယွီကိုခေါ်ကာ အရိုးဖြူတာအိုနန်းတော်ရှေ့သို့ ဆက်လက်ထွက်ခွာလာခဲ့သည်။
နန်းတော်ရှေ့သို့ရောက်သည်နှင့် လေးဘက်လေးတန်မှ လျှပ်စီးအလင်းရောင်များ ထွက်ပေါ်လာလေသည်။ သို့သော်… မိုးကြိုးတန်ခိုးစွမ်းအားများက ဆန်းလျန်နှင့် ကျောက်ရှောင်ယွီကို ထိခိုက်နိုင်စေခြင်းမရှိဘဲ ပြန်လည် ပျောက်ကွယ်သွားလေသည်။
သူတို့ ရင်ဆိုင်လိုက်ရသည်မှာ ယင်နှင့်ယန် လျှို့ဝှက်ထောင်ချောက်တစ်ခုဖြစ်လေသည်။နန်းတော်တံခါးရှေ့သို့ လူစိမ်းသူစိမ်းရောက်လာသည်နှင့် အနေအထားပြောင်းလဲကာ ယင်နှင့်ယန် မိုးကြိုးတန်ခိုးစွမ်းအား၏ တိုက်ခိုက်ခြင်းကို ခံရမည် ဖြစ်သည်။
သို့သော်… မည်မျှပင် တန်ခိုးစွမ်းအားမြင့်မားသည့် ထောင်ချောက်ဖြစ်ပါစေ ဆန်းလျန်နှင့် ကျောက်ရှောင်ယွီကိုတော့ ထိခိုက်နိုင်စေခြင်း မရှိပေ။
ကျောက်တုံးနန်းတာ်အခန်းတံခါးပွင့်သွားပြီး အလွန်ချောမောလှပသည့် မိန်းမပျိုတစ်ယောက် ထွက်ပေါ်လာလေသည်။ သူမ၏ မျက်ဝန်းများက ကြယ်စင်များအလား တစ်လက်လက် တောက်ပနေလေ၏။ သို့သော်… သူမသည် နွေးထွေးခြင်း အလျဉ်းမရှိဘဲ အေးစက်ပြီး ကြောက်မက်ဖွယ်ရာ ဖြစ်လေသည်။
သူမ၏ မျက်ဝန်းများထဲတွင် အနည်းငယ်အံ့သြနေသည့်အရိပ်အယောင်ကို တွေ့မြင်ရလေသည်။
သူမနေထိုင်သည့်နေရာသို့ လူစိမ်းများဝင်ရောက်လာသည့်တိုင် သူမ လုံးဝသိရှိခဲ့ခြင်း မရှိသည့်အတွက် အံ့သြနေရခြင်း ဖြစ်လေသည်။
ထိုမိန်းမပျိုမှာ ဓားနတ်သမီးယွိလော်ရှားပင် ဖြစ်လေသည်။
သူမက...
"ဘယ်ကနတ်ဘုရားတွေများ ရောက်လာကြတာလဲ ၊ ကျွန်မလည်း မသိရပါလား…"
သူမ၏လက်ထဲတွင် မိုးကြိုးသွားတစ်ခုကို ကိုင်ဆောင်ထားလေသည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် သူမသည် မိုးကြိုးစွမ်းအားကို ကောင်းကောင်းထိန်းချုပ်အသုံးပြုနိုင်သည်မှာ ထင်ရှားလေသည်။
ဆန်းလျန်က ပျော့ပြောင်းနူးညံ့သည့်အသံဖြင့်…
"စန်းရှောင်မိုးကြိုးတန်ခိုးစွမ်းအားကို မင်း ဘယ်ကနေ သင်ယူခဲ့တာလဲ…"
အသံသာကြားရသည့်တိုင် ယွိလော်ရှားသည် ဆန်းလျန်ကို မြင်တွေ့နိုင်ခြင်း မရှိပေ။
ဆန်းလျန်နှင့် ကျောက်ရှောင်ယွီက ကိုယ်ယောင်ဖျောက်ထားဆဲ ဖြစ်သောကြောင့်ပင်။
ယွိလော်ရှားက…
"ဧကရာဇ်ရဲ့ သချုႋင်းဂူမှာ ရှာတွေ့ခဲ့တာ…"
ဆန်းလျန်က…
"ဘယ် ဧကရာဇ်ရဲ့ သချုႋင်းဂူလဲ…"
ဓားနတ်သမီးယွိလော်ရှားက…
"ဧကရာဇ်ဆိုတာ မိုးနတ်မင်းကိုပြောတာ ၊ မိုးနတ်မင်းရဲ့ သချုႋင်းဂူ…"
သူမ၏ အဖြေစကားကြောင့် ကျောက်ရှောင်ယွီမှာ အံ့သြတုန်လှုပ်သွားလေသည်။
မိုးနတ်မင်းကျဆုံးသွားခဲ့သည်ကို အားလုံးသိရှိထားကြသော်လည်း မိုးနတ်မင်း မည်သို့နတ်ရွာစံသွားခဲ့သည် ၊ မိုးနတ်မင်းကို မည်သည့်နေရာတွင် မြှုပ်နှံထားခဲ့သည်ကို မည်သူမှ မသိရှိခဲ့ကြပေ။
ယခု ဓားနတ်သမီးယွိလော်ရှားပြောသည့်စကားသည်သာ စကြာဝဠာတစ်ခုလုံးသို့ ပျံ့နှံ့သွားပါက တစ်လောကလုံး တုန်လှုပ်ခြောက်ခြားသွားကြမည် ဖြစ်လေသည်။
ဆန်းလျန်က…
"မင်း ကျုပ်ကို အဲဒီနေရာကို လိုက်ပို့ပေးနိုင်မလား…"
စကားသံဆုံးသွားသည်နှင့် တန်ခိုးစွမ်းအားတစ်ခုက ယွိလော်ရှား၏ ခန္ဓာကိုယ်ဆီသို့ ဝင်ရောက်လာကာ သူမကို ထိန်းချုပ်ထားလိုက်လေသည်။
သူမသည် ခုခံတိုက်ခိုက်ချိန်ပင်မရလိုက်ဘဲ ထိုတန်ခိုးစွမ်းအား၏ ရစ်ပတ်ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရပြီး အရိုးဖြူတာအိုနန်းတော်ရှေ့မှ သွေးနီရောင်ပင်လယ်ထက်သို့ ချက်ချင်း ရောက်ရှိသွားလေတော့သည်။
သူမရှေ့တွင် လူငယ်လေးတစ်ယောက်နှင့် မိန်းမပျိုတစ်ယောက် မတ်တတ်ရပ်နေကြလေသည်။
လူငယ်လေးက အလွန်ချောမောပြီး အသရေနှင့်ပြည့်စုံလွန်းသည်။
မိန်းမပျိုကတော့ အလွန်တရာချောမောလှပရုံသာမက ကမ္ဘာပေါ်ရှိအခြားသောမိန်းကလေးများမှာ သူမရှေ့တွင် သိမ်ငယ်ခံစားရသည်အထိ ဖြစ်ရလောက်အောင် တင့်တယ်လှပလွန်းသည်။
မိန်းမပျိုက နှုတ်ခမ်းထောင့်လေးများ အနည်းငယ်တွန့်ကွေးကာ ပြုံးနေလေသည်။
နဂိုကပင် အလွန်တရာချောမောလှပသော မိန်းမပျိုသည် ထိုသို့ ချစ်စဖွယ်အပြုံးလေးကို ဆင်မြန်းလိုက်သောအခါ စကြာဝဠာတစ်ခုလုံးတွင် ပြိုင်ဘက်ကင်းသည့်အလှတရားကို ပိုင်ဆိုင်သူ အဖြစ် ပြောင်းလဲသွားလေတော့သည်။
ကျောက်ရှောင်ယွီက…
"ကောင်မလေး ၊ ငါတို့ကို မိုးနတ်မင်းရဲ့ သချုႋင်းဂူကို လိုက်ပို့ပေးပါ ၊ မင်းကို ဒုက္ခမပေးပါဘူး…"
ကျောက်ရှောင်ယွီ၏အသံလေးမှာ အလွန်တရာ သာယာနာပျော်ဖွယ်ဖြစ်ပြီး ကြားရသူတိုင်း သူမစကားကို ခေါင်းညိတ်နာခံသွားစေနိုင်လေသည်။
ယွိလော်ရှားသာ တင်းထားသည့်စိတ်ကို လျှော့ချလိုက်မည်ဆိုလျှင် သူမသည်လည်း ကျောက်ရှောင်ယွီ ခိုင်းသည့်အတိုင်း တသွေမတိမ်းလိုက်လုပ်မိမည် ဖြစ်လေသည်။
သူမဘဝတွင် ထိုမျှ ညှို့ငင်နိုင်မှုစွမ်းအားပြည့်ဝသည့် တန်ခိုးစွမ်းအားမျိုးကို တစ်ခါမှ မတွေ့ဖူးခဲ့ပေ။
သူမသည် သွေးနီရောင်ပင်လယ်ထဲတွင်သာနေထိုင်ခဲ့သည့်အတွက် အနည်းငယ် တုံး ၊ အ ပြီး ပြင်ပလောကမှ နတ်ဘုရားများအကြောင်းကို မသိခြင်းလည်း ဖြစ်နိုင်လေသည်။
***