← Chapters

မင်းကိုစောင့်နေတာကြာခဲ့ပြီ

Vol. 9 Ch. 842

မင်းကိုစောင့်နေတာကြာခဲ့ပြီ

Vol. 9 Ch. 842

ယွိလော်ရှားကအေးစက်စွာပြုံးလိုက်ရင်း…

"ကျွန်မက လိုက်မပို့နိုင်ဘူးဆိုရင်ရော…"

ကျောက်ရှောင်ယွီက မည်သည့်စကားမှ ပြန်မပြောတော့ပေ။

သူမက မျက်တောင်တစ်ချက်ခတ်လိုက်ပြီး ယွိလော်ရှားကို စိုက်ကြည့်လိုက်သည်။

သူမ၏ အကြည့်က ပျော့ပြောင်းသော်လည်း မည်သူမှ ခုခံငြင်းပယ်နိုင်စွမ်းမရှိသည့် ညှို့ငင်စွမ်းအားများဖြင့် ပြည့်နေလေသည်။ ယွိလော်ရှားသည် ကျောက်ရှောင်ယွီ၏အကြည့်ကို ခုခံနိုင်ခြင်း မရှိတော့ပေ။

ယွိလော်ရှား၏စိတ်ထဲတွင် သူမကြားဖူးသည့် ကျမ်းစာတစ်ခုကို သတိရလိုက်မိသည်။

"မရှိမှု… ၊ မရှိမှုထဲမှ ဖြစ်တည်မှု ၊ ဖြစ်တည်မှုဆီမှ မရှိမှု…

မရှိမှုသည် အစွန်းရောက်ခြင်းမရှိပေ။ အစွန်းရောက်ခြင်းမရှိလျှင် မကောင်းမှုမိစ္ဆာမှ ကင်းစင်လေသည်။ ထိုအရာကို ထိုက်ချိဟုခေါ်ပြီး တာအိုကျင့်စဉ်တိုင်း၏ အခြေခံအချက်ဖြစ်လေသည်။”

ဆိုသည့် ကျမ်းစာဖြစ်လေသည်။

ယွိလော်ရှား အသူရာချောက်တွင် လှည့်လည်သွားလာနေစဉ်က တစ္ဆေတစ်ကောင်ထံမှ သိခဲ့ရသည့် ကျမ်းစာဖြစ်သည်။

ထိုတစ္ဆေသည် အခြားသူများကဲ့သို့ သူလိုကိုယ်လိုပင် ဖြစ်လေသည်။ သို့သော်… ဉာဏ်ပညာနှင့်ပြည့်စုံသည့်အတွက် အခြားသောတစ္ဆေများ၏ လေးစားခြင်းကို ခံရသူဖြစ်သည်။

နောက်ပိုင်း ထိုတစ္ဆေသည် စန်းလော်ခန်းမဆောင်တွင် အာဏာရှိသည့် တရားသူကြီးတစ်ယောက်ဖြစ်လာပြီး ယမမင်း၏ တန်ဖိုးထားလေးစားမှုကို ခံရသည်ဟု သူမ ကြားသိခဲ့ရသည်။

ကျောက်ရှောင်ယွီ၏မျက်ဝန်းများမှာ ထိုတစ္ဆေပြောပြခဲ့သည့် ကျမ်းစာထဲမှ “မရှိမှုတရား” ဖြင့် ပြည့်နက်လျှက်ရှိလေသည်။

နှစ်ပေါင်းများစွာကျင့်ကြံခဲ့ပြီးသည့်နောက် ယွိလော်ရှားသည် ဝူကျီ (မရှိမှုတရား) ၏အဓိပ္ပါယ်ကို တဖြည်းဖြည်းနားလည်လာခဲ့သည်။ သို့သော်… နားလည်သည့်တိုင် လက်တွေ့ကျင့်ကြံရန်မှာတော့ မဖြစ်နိုုင်သေးပေ။

ယခု ကျောက်ရှောင်ယွီ၏ မျက်ဝန်းများထဲတွင် "မရှိမှုတရား” ကို ရှင်းရှင်းလင်းလင်းတွေ့မြင်နေခဲ့ရပြီ ဖြစ်သည်။ ထိုမိန်းမပျိုသည် သူမ၏ ပြိုင်ဘက်မဟုတ်ကြောင်းကို ယွိလော်ရှား ကောင်းကောင်း သဘောပေါက်သွားခဲ့လေပြီ။

ထိုမိန်းမပျို၏ဘေးတွင် ရပ်နေသည့် လူငယ်သည်လည်း မည်မျှအဆင့်မြင့်မားသည့် နတ်ဘုရားတစ်ပါးဖြစ်သည်လဲ ယွိလော်ရှား မခန့်မှန်းနိုင်ပေ။

(၅)စက္ကန့်မျှကြာပြီးသည့်နောက် ယွိလော်ရှားက…

"မိုးနတ်မင်းရဲ့ သင်္ချိုင်းဂူကို ကျွန်မက မတော်တဆ ရောက်သွားတာပါ ၊ ဒါပေမဲ့ ဘယ်နေရာမှာလဲဆိုတာ ရှင်တို့ကို ပြောပြပေးနိုင်ပါတယ်…”

ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း…

"ဒါဖြင့် ဘယ်နေရာမှာလဲ…"

ယွီလော်ရှားက…

"ယင်းစန်းတောင်ခြေမှာ…"

ဆန်းလျန်က…

"အင်း… သူပြောတာမှန်တယ်…”

ထို့နောက် ဆန်းလျန်က လက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်လေရာ ရေကဲ့သို့ ကြည်လင်သည့် အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။

အလင်းရောင်ထဲတွင် ကြေးမုံကဲ့သို့ကြည်လင်သည့်မြင်ကွင်းတစ်ခု ပေါ်လာသည်။

မြင်ကွင်းထဲတွင် ယင်းစန်းတောင်ကြီးပေါ်လာပြီး တောင်ခြေတွင် ဂူပေါက်တစ်ခုရှိနေလေသည်။ ထိုဂူပေါက်ထဲမှ ယွိလော်ရှားထွက်လာသည်ကို တွေ့မြင်ကြရသည်။

ဂူပေါက်အဝင်ဝတွင် "မိုးနတ်မင်း၏ သချုႋင်းဂူ" ဟု ရေးသားထားလေသည်။ သို့သော်… ဂူပေါက်ဝတွင် သွေးနီရောင်ပင်လယ်ရေများက ဖုံးလွှမ်းနေသည့်အတွက် တော်ရုံလူတွေ့မြင်နိုင်ရန် ခက်ခဲလွန်းလှသည်။

မြင်ကွင်းကိုတွေ့မြင်လိုက်ရသည်နှင့် ယွိလော်ရှား မျက်နှာတစ်ချက်ပျက်သွားပြီး…

"ရှင်တို့မှာ ဒီလိုသိမြင်နိုင်တဲ့တန်ခိုးစွမ်းအားတွေပိုင်ဆိုင်ထားတာပဲ ၊ ဘာလို့ ကျွန်မကို မေးနေရသေးတာလဲ…"

ဆန်းလျန်က…

"ကောင်မလေး… မင်းက သိပ်ရိုးသားတာပဲ ၊ ဒါပေမဲ့ မင်းကျင့်ကြံနေတဲ့ စန်းရှောင်မိုးကြိုးတန်ခိုးစွမ်းအားက နည်းနည်းလွဲနေတယ်…"

ယွိလော်ရှားက…

"ကျွန်မ အခုချိန်ထိ ကျင့်ကြံလာတာ ဘာပြဿနာမှ မရှိသေးဘူး ၊ ဘာလို့ လွဲနေရမှာလဲ…"

ဆန်းလျန်က…

"မိုးကြိုးတန်ခိုးစွမ်းအားရဲ့ အနှစ်သာရမှာ ယင်နဲ့ယန်ရဲ့သဘောတရားကို မင်း သေချာနားမလည်နိုင်သေးဘူး မဟုတ်လား ၊ မင်းနားလည်ထားတဲ့ ယင်နဲ့ယန်အကြောင်းက အပေါ်ယံပဲ ရှိသေးတယ် ၊ မင်း ဒီအတိုင်းသာဆက်ပြီးကျင့်ကြံသွားမယ်ဆိုရင် အနောက်အနှစ် (၃၀၀)မှာ မင်းရဲ့ နတ်ဘုရားခန္ဓာ ပျက်စီးရလိမ့်မယ် ၊ စစ်မှန်တဲ့မူလဝိညာဉ်ခန္ဓာလည်း ရရှိမှာမဟုတ်ဘူး…"

ယွိလော်ရှားက…

"ရှင်ပြောတာ ကျွန်မ မယုံဘူး…"

ဆန်းလျန်က…

"ယုံချင်ယုံ မယုံချင်နေပေါ့ ၊ မိုးကြိုးတန်ခိုးစွမ်းအားနဲ့ပတ်သက်တဲ့ တာအိုကျမ်းစာတစ်ခု မင်းကိုပေးခဲ့မယ် ၊ မင်းဖတ်ကြည့်ပြီး ကိုယ့်ဟာကိုယ် စဉ်းစားသုံးသပ်ပါ…"

ထို့နောက် ဆန်းလျန်က အင်္ကျီလက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်ရာ ရွှေရောင် စာလွှာလေးတစ်ခု ထွက်ပေါ်လာပြီး ယွိလော်ရှား၏လက်ထဲသို့ ရောက်ရှိသွားလေသည်။

စာပေလွှာလေးသည် အလွန်ပေါ့ပါးသည်ဟု ထင်မှတ်ရသော်လည်း ယွိလော်ရှား၏လက်ထဲတွင်တော့ အလွန်လေးလံသည့် ကျမ်းစာတစ်ခု ဖြစ်နေခဲ့လေသည်။ သူမသည် စာပေလွှာကို လက်ဖြင့်ကိုင်ထားရန်ပင် မတတ်နိုင်ဖြစ်နေရသည်။

သို့သော်… သူမ စာပေလွှာလေးကို ဖတ်လိုက်မိသည်နှင့် စာပေလွှာထက်မှ စကားလုံးများက သူမ၏နှလုံးသားအတွင်းသို့ စီးဆင်းဝင်ရောက်သွားလေတော့သည်။

"ယင် နှင့် ယန် ၊ မိုးမြေ၏ကျင့်စဉ်လမ်းအခြေခံ ၊ အရာအားလုံး၏ မူလအစ ၊ သေခြင်းရှင်ခြင်းတို့၏အစ …."

သူမသည် အစပိုင်းကိုဖတ်မိသည်နှင့် အကြောင်းအရာများကို အလွန်စိတ်ဝင်စားသွားလေတော့သည်။

သူမသည် မိုးကြိုးတန်ခိုးစွမ်းအားကို ကျင့်ကြံခဲ့သော်လည်း ကျင့်ကြံခြင်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို နားလည်နိုင်စွမ်း အလွန်နည်းပါးသေးကြောင်း လက်ထဲမှ ကျမ်းစာကိုဖတ်ရင်းသိရှိလိုက်ရသည်။

ကျမ်းစာကိုဖတ်ရင်း သူမ ကျင့်ကြံရင်း နားမလည်နိုင်ဖြစ်နေရသည့်အချက်များကိုပါ တဖြည်းဖြည်းနားလည်လာရသည်။

သူမ ဆန်းလျန်ပေးသည့် တာအိုကျမ်းစာကို စိတ်ဝင်တစားဖတ်နေရင်း သတိပြန်ဝင်လာသည့်အချိန်တွင်တော့ သူမနေထိုင်ရာ ကျောက်တုံးနန်းတော်အတွင်းသို့ ပြန်ရောက်နေခဲ့ပြီ ဖြစ်လေသည်။

သူမ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များမှာ အိပ်မက်ပမာဖြစ်လေသည်။

သို့သော်… သူမ၏လက်ထဲမှ စာပေလွှာလေးကိုကြည့်လိုက်မိသည့်အခါ အိပ်မက်မဟုတ်ကြောင်း သက်သေပြနေပြန်သည်။

သူမ၏ဘဝတွင် ထိုမျှကြောက်မက်ဖွယ်ရာကောင်းသည့် နတ်ဘုရားများနှင့်တွေ့ဆုံရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။ သူမအနေဖြင့် ထိုနတ်ဘုရားများကို လုံး၀ ခုခံနိုင်စွမ်း မရှိခဲ့ပေ။

ထိုနတ်ဘုရားများက သူမကို အဖိုးတန်လွန်းသည့် တာအိုကျင့်စဉ်ကိုပေးခဲ့သည့်တိုင် သူမသည်စိတ်ရှုတ်ထွေးပြီး မခံချင်ဖြစ်နေဆဲ ဖြစ်လေသည်။

……….

သွေးနီရောင်ပင်လယ်ထက်ရှိ လှေငယ်လေးတစ်စင်းပေါ်တွင်တော့ ဆန်းလျန်နှင့် ကျောက်ရှောင်ယွီရှိနေလေသည်။

ကျောက်ရှောင်ယွီက…

"ရှင် ဘာလို့ သူ့အပေါ် အရမ်းကောင်းရတာလဲ…"

ဆန်းလျန်က…

"ဒီကလေးက ကျုပ်နဲ့ တစ်ခုခု ပတ်သက်မှုရှိနေတယ်…"

ဆန်းလျန်၏ အဖြေစကားကိုကြားသည့်အခါ ကျောက်ရှောင်ယွီက ထပ်ပြီး မေးမြန်းခြင်း မပြုတော့ပေ။

သူမသည် ဆန်းလျန်၏ ယိလမ်းစဉ်အကြောင်းကို သိထားပြီးသားဖြစ်လေသည်။ ယိလမ်းစဉ်အရ ဆန်းလျန်ခန့်မှန်းလိုက်လျှင် မှားယွင်းသည်ဆိုသည်မှာ မရှိသလောက်ပင်ဖြစ်သည်။

သို့သော်… အသူရာမျိုးနွယ် မိန်းကလေးငယ်တစ်ယောက်က ဆန်းလျန်နှင့် မည်သို့ပတ်သက်သည်ကိုသာ သူမ စဉ်းစားနေမိလေသည်။

လှေငယ်လေးသည် အနောက်ဘက်သို့ ရွက်လွှင့်လာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် တောင်နှင့်ချီသည့် တောင်တန်းများကို ဖြတ်ကျော်သွားခဲ့လေသည်။

မည်မျှကြာကြာသွားခဲ့ရသည်လည်းမသိ ၊ နောက်ဆုံးတောင်မြင့်ကြီးတစ်လုံးရှိရာသို့ သူတို့ရောက်ရှိလာကြသည်။

ထိုတောင်မှာ ယင်းစန်းတောင်ဖြစ်လေ၏။

ယင်းစန်းတောင်တစ်ဖက်ခြမ်းတွင် သွေးနီရောင်ပင်လယ်ရှိပြီး ယင်းစန်းတောင်၏ အခြားသောတစ်ဖက်ခြမ်းတွင် ဝိညာဉ်မြစ်ရှိလေသည်။

သွေးနီရောင်ပင်လယ်၏အနီရောင်ရေပြင်နှင့် ဝိညာဉ်မြစ်ရေ၏အဝါရောင်ရေပြင်တို့ကို ယင်းစန်းတောင်က ပိုင်းခြားပေးထားလေသည်။

ယင်းစန်းတောင်တစ်ဖက်ခြမ်းတွင် မြူခိုးများဆိုင်းနေပြီး မြက်များနှင့် တောပန်းများ ပေါက်ရောက်နေလေသည်။ ယင်းစန်းတောင်နှင့် တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ မွှေးရနံ့တစ်ခုရရှိလိုက်ကြပြီး စကားဖြင့်ဖော်ပြရန်မှန်ခက်ခဲသည့် မွှေးအနံ့မျိုးဖြစ်လေသည်။

လှေငယ်လေးက ကမ်းခြေတွင်ဆိုက်ကပ်လိုက်ပြီး ဆန်းလျန်က လှေငယ်ကို ယွမ်တုဓားအဖြစ်ပြန်လည်ပြောင်းလဲလိုက်ကာ ခါးတွင်ချိတ်ထားလိုက်သည်။

ကျောက်ရှောင်ယွီက…

"ဒီနေရာမှာ ဘာမှလဲ မရှိပါလား…”

ယင်းစန်းတောင်ခြေတွင် မိုးနတ်မင်း၏သချုႋင်းဂူဆိုသည်ကို သူတို့ တွေ့ရှိရခြင်း မရှိပေ။

အခြားသောနတ်ဘုရားများက ဂူပေါက်ကိုဖုံးကွယ်ထားမည်ဆိုလျှင်တောင်မှ ဆန်းလျန်နှင့် ကျောက်ရှောင်ယွီက ဂူပေါက်ကို ရှာဖွေလိုလျှင် မည်သည့်အရာကမှ ဖုံးကွယ်ထားနိုင်မည်မဟုတ်ပေ။

သို့သော်… ယခုတော့ ယင်းစန်းတောင်ခြေတွင် မည်သည့်ဂူပေါက်မှ မရှိသည်ကို သူတို့သိလိုက်ကြရသည်။

ထို့ကြောင့် သူတို့ ယင်းစန်းတောင်ပေါ်သို့ တက်လာခဲ့ကြလေသည်။ ယင်းစန်းတောင်ပေါ်သို့ တက်လာကြသည်အထိ သူတို့ကို တားဆီးမည့်သူ တစ်ယောက်မှ မရှိခဲ့ကြပေ။

သို့သော်… ရုတ်တရက် သူတို့ရှေ့တွင် သစ်ပင် (၂)ပင်ပေါ်လာပြီး သစ်ပင် (၂)ပင်အလယ်တွင် ဘုန်းတော်ကြီးတစ်ပါး မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ကြရသည်။

ဘုန်းတော်ကြီးက သင်္ကန်းကို ရိုးရှင်းစွာပင် ဝတ်ရုံထားပြီး လည်ပင်းတွင်စိတ်ပုတီးဆွဲထားခြင်း ၊ လက်ထဲတွင်သစ်သားငါးရုပ်တုံးကို ကိုင်ဆောင်ထားခြင်းများ မရှိပေ။

သူက ကြည်လင်သည့်မျက်ဝန်းများဖြင့် ဆန်းလျန်ကို စိုက်ကြည့်နေပြီး နူးညံ့သည့်လေသံဖြင့် စကားပြောလိုက်သည်။

"ဆန်းလျန်… ကျုပ်ဘုန်းကြီး မင်းကိုစောင့်နေတာ နှစ်ပေါင်းသောင်းနဲ့ချီကြာခဲ့ပြီ…"

ဆန်းလျန်က ဘုန်းတော်ကြီးကို မည်သည့်စကားမှ ပြန်မပြောခဲ့ပေ။

ဘုန်းတော်ကြီးက သူ့ဘေးနားမှ ရှားလော့သစ်ပင်ညီနောင်ကို တစ်ချက်ညွှန်ပြလိုက်ရင်း…

"မာရ်နတ်ပြောသွားတာတော့ ဒီသစ်ပင် နှစ်ပင်မှာ တစ်ပင်က အသိဉာဏ်ပညာသစ်ပင် ၊ နောက်တစ်ပင်က အသက်သစ်ပင်တဲ့ ၊ သူပြောတာလည်း မမှားပါဘူး ၊ ဒါပေမဲ့ ဒီသစ်ပင်ညီနောင်မှာ နောက်ထပ်အဓိပ္ပါယ်တစ်ခု ရှိသေးတယ် ၊ အဲဒါကတော့ ရှားလော့သစ်ပင်ညီနောင်ကို ဖန်ဆင်းခဲ့တဲ့ နောက်ထပ်ပုဂ္ဂိုလ်တစ်ယောက်က ဗုဒ္ဓဖြစ်တယ် ဆိုတာပဲ ၊ အဲဒီထက်ထူးခြားတဲ့ လျှို့ဝှက်ချက်တစ်ခုလည်း ရှိသေးတယ် ၊ အဲဒါကတော့ တာအိုဆရာသခင်ထိုက်ယီကလည်း ရှားလော့သစ်ပင်ညီနောင်ကို ဖန်ဆင်းခဲ့သေးတယ်ဆိုတဲ့ အချက်ပါပဲ…"

ဆန်းလျန်က…

"အဲဒါ ဗုဒ္ဓနဲ့ တာအိုဆရာသခင်ထိုက်ယီကြားက ယှဉ်ပြိုင်မှုပဲ မဟုတ်လား…"

ဘုန်းတော်ကြီးက…

"အမှန်ပါပဲ ၊ ဗုဒ္ဓနဲ့ တာအိုဆရာသခင်ထိုက်ယီဟာ အကြိမ်ပေါင်းများစွာယှဉ်ပြိုင်ခဲ့ကြတယ် ၊ ဒီ သစ်ပင်နှစ်ပင်ကလည်း သူတို့ယှဉ်ပြိုင်မှုတွေထဲက တစ်ခုပါပဲ…"

ဆန်းလျန်က…

"နောက်ဆုံး ရှားလော့သစ်ပင်နှစ်ပင်အလယ်မှာ ဗုဒ္ဒဟာ စကြာဝဠာကိုကျော်လွန်သွားခဲ့တယ်လို့အဆိုရှိတယ် ၊ အဲဒါ သူတို့နှစ်ယောက် နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ယှဉ်ပြိုင်မှုလား…"

ဘုန်းတော်ကြီးက…

"မဟုတ်ဘူး ၊ သူတို့ယှဉ်ပြိုင်ခဲ့ကြတဲ့ အချိန်တိုင်းမှာ ဘယ်သူမှ စကြာဝဠာကို ကျော်လွန်သွားကြခြင်း မရှိကြသေးပါဘူး… ၊ ပြီးတော့ ဘယ်သူနိုင်လဲ ဘယ်သူရှုံးလဲဆိုတာလဲ မသိနိုင်ကြပါဘူး…”

ဆန်းလျန်သည် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားဟန်ရှိလေသည်။

ဘုန်းတော်ကြီး၏စကားများက အလွန်ထူးဆန်းပြီး သံသရာစက်ဝန်းမှကျော်လွန်နိုင်သည့် တရားဓမ္မများပါဝင်နေသည်ဟု ခံစားရလေ၏။

ဆန်းလျန်က…

"ဆရာတော်ဆိုလိုတာက ဗုဒ္ဓနဲ့ တာအိုဆရာသခင်ထိုက်ယီက ဘယ်နှစ်ကြိမ်ပဲ ယှဉ်ပြိုင်ပါစေ ရလဒ်က အနိုင်အရှုံးမကွဲပြားဘူးလို့ ဆိုလိုတာလား ၊ ဒါဆို ဘယ်လိုပဲ ပြောင်းလဲမှုတွေဖြစ်ပေါ်လာပါစေ ယှဉ်ပြိုင်မှုရဲ့ ရလဒ်က အမြဲတမ်းအတူတူပဲ ဖြစ်နေတာပေါ့… ၊ ဒါကြောင့်ပဲ ဘယ်လိုပဲယှဉ်ပြိုင်ကြပါစေ ဗုဒ္ဓကလည်း ဗုဒ္ဓပဲဖြစ်ပြီး ၊ တာအိုဆရာသခင်ထိုက်ယီကလည်း တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်နေဆဲပဲ ဆိုတဲ့ အဓိပ္ပါယ်ပေါ့”

ဘုန်းတော်ကြီးက…

"မင်း ဒီလိုနားလည်တာလည်း မမှားပါဘူး ၊ ဒါပေမဲ့ ကျုပ်တို့ရဲ့ အသိဉာဏ်လေးတစ်ထွာတစ်မိုက်လောက်နဲ့ ဗုဒ္ဓနဲ့ တာအိုဆရာသခင်ထိုက်ယီတို့နဲ့ပတ်သက်တဲ့ အကြောင်းအရာအားလုံးကို ဘယ်နားလည်နိုင်မှာလဲ”

ဆန်းလျန်က…

"ဘာပဲဖြစ်ဖြစ် ခုလောက်သိရတာလည်း မဆိုးလှပါဘူး…"

ကျောက်ရှောင်ယွီက…

"နောက်ထပ်မေးခွန်းတစ်ခုလောက် မေးပါရစေ ဆရာတော် ၊ မိုးနတ်မင်းရဲ့သချုႋင်းဂူက ဘယ်ရောက်သွားတာလဲ…”

ဘုန်းတော်ကြီးက…

"တကယ်တော့ အဲဒါ အမှန်မဟုတ်ဘူး ၊ ဓားနတ်သမီးယွိလော်ရှားက မိုးနတ်မင်းရဲ့ သင်္ချိုင်းဂူကို ရောက်ခဲ့တာ မဟုတ်ပါဘူး ၊ ကျုပ်ဖန်ဆင်းထားတဲ့ ဂူတစ်ခုကို ရောက်ခဲ့တာပါ ၊ လူတစ်ယောက်က သူ့ကို မိုးကြိုးတန်ခိုးစွမ်းအားကျင့်စဉ်ပေးချင်တယ်ဆိုလို့ ကျုပ်က ကူညီပေးခဲ့တာပါ…"

ကျောက်ရှောင်ယွီက…

"အဲဒီလူက ဘယ်သူလဲ…"

ဘုန်းတော်ကြီးက အတန်ကြာတိတ်ဆိတ်နေပြီးမှ…

"အဲဒီလူက တကယ်ထူးဆန်းတဲ့ လူတစ်ယောက်ပဲ ၊ အခွင့်အရေးရမယ်ဆိုရင် အဲဒီလူနဲ့ ထပ်တွေ့ခွင့်ရပြီး ပညာပြိုင်ချင်သေးတယ်  ၊ ဒါပေမဲ့ အဲဒီလူကို ထပ်တွေ့ဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူး…"

ကျောက်ရှောင်ယွီက…

"ဆရာတော်က ဆန်းလျန်ကိုရော ဘာလို့စောင့်နေရတာလဲ…"

ဘုန်းတော်ကြီးက ကျောက်ရှောင်ယွီကို ထူးဆန်းသည့်အကြည့်တစ်ချက်ဖြင့်ကြည့်လိုက်သည်။

သူ၏အကြည့်က အံ့သြစရာကောင်းပြီး လျှို့ဝှက်နက်နဲမှုများဖြင့် ပြည့်နေလေသည်။  ကျောက်ရှောင်ယွီမှာ တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်ဖြစ်သည့်တိုင် ထိုအကြည့်ကို ရင်ဆိုင်နိုင်စွမ်း မရှိခဲ့ပေ။ သူမသည် သတိလစ်မေ့မျောလုနီးပါး ဖြစ်သွားလေသည်။

ဆန်းလျန်က သူမ၏ပခုံးများကို အသာထိကိုုင်လိုက်ကာ တန်ခိုးစွမ်းအားထည့်သွင်းပေးပြီး အခြေအနေမှ လွတ်မြောက်စေရန် ကူညီပေးလိုက်သည်။

ထိုအဖြစ်အပျက်များကို ရင်ဆိုင်ရပြီးသည့်နောက် ဘုန်းတော်ကြီးမှာ ထူးဆန်းသူတစ်ယောက်ဖြစ်ကြောင်း ကျောက်ရှောင်ယွီ ချက်ချင်းသဘောပေါက်သွားလေသည်။ ထိုဘုန်းတော်ကြီးသည် ဇင်ဗုဒ္ဓဘာသာ၏ လွတ်မြောက်ခြင်းလမ်းစဉ်ကို လောကတစ်ခုလုံးသိရှိအောင် ဖြန့်ဝေပေးနေသူ ဖြစ်လေသည်။

သူ၏တရားဖြန့်ဝေပေးနေခြင်းသည် အချိန်ရေစီးကြောင်းကို ကျော်လွန်နေလေသည်။

ထိုအချက်ကိုသိလိုက်ရသည့်အခါ သူမ၏စိတ်ထဲတွင် ရွှမ်တုတောက်ကျွင်းကို သတိရလိုက်မိသည်။ ဘုန်းတော်ကြီးနှင့် ရွှမ်တုတောက်ကျွင်း မည်သူက သာလွန်သည်လဲ မသိနိုင်ပေ။

ကျောက်ရှောင်ယွီက…

"ကြားဖူးတဲ့ သတင်းတွေထက်တောင် ဆရာတော်က ပိုပြီး တန်ခိုးစွမ်းအားတွေ မြင့်မားနေတာပဲ…"

ဆန်းလျန်က ကျောက်ရှောင်ယွီကို အသာဖက်ထားရင်းမှ တခြားလက်တစ်ဖက်က ယွမ်တုဓားကို တင်းတင်းဆုပ်ကိုင်ထားလိုက်လေသည်။

သူက အေးဆေးတည်ငြိမ်သည့်လေသံဖြင့်…

"ဆရာတော်က တိကျန်ဗောဓိသကျ လူပြန်ဝင်စားတာလား ၊ ဒါမှမဟုတ် တိကျန်ဗောဓိသကျ ကိုယ်တိုင်ပဲလား…"

ဘုန်းတော်ကြီးက…

"ကျုပ်နာမည်က ရာမလို့ ခေါ်ပါတယ် ၊ ကျုပ်က တိကျန်ဗောဓိသကျချန်ထားခဲ့တဲ့ ကျင့်စဉ်တွေကို ကျင့်ကြံနေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ ၊ အဲဒါဟာ ကျုပ်ဘဝမှာ အမှားကြီးမှားခဲ့တဲ့အရာတစ်ခုပါပဲ ၊ ဘာလို့လဲဆိုတော့ တိကျန်ဗောဓိသကျရဲ့ နက်ရှိုင်းတဲ့ တရားဓမ္မတွေကို ကျုပ်တဖြည်းဖြည်းနားလည်လာလေ တိကျန်ဗောဓိသကျ ပြန်ရောက်လာမယ့်နေ့ရက်က နီးကပ်လာလေပါပဲ…"

ဆန်းလျန်က…

"ကျုပ်သဘောပေါက်ပြီ ၊ ဆရာတော်က တိကျန်ဗောဓိသကျရဲ့ ကျင့်စဉ်တွေကိုကျင့်ကြံရင်း တိကျန်ဗောဓိသကျရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်မှန်းမသိဖြစ်လာခဲ့တယ် ၊ တိကျန်ဗောဓိသကျဟာ ဆရာတော်ကို ကြားခံအဖြစ်အသုံးချပြီး ဒီလောကကို ပြန်လည်ဆင်းကြွလာလိမ့်မယ် ၊ ဟုတ်တယ်မလား…"

ဘုန်းတော်ကြီးရာမက…

"အမှန်ပါပဲ ၊ ဒီအကြောင်းတွေကို အရမ်းနောက်ကျတော့မှ ကျုပ်နားလည်ခဲ့ရတယ် ၊ အခုချိန်မှာ နောက်ဆုတ်လို့လည်း မရတော့ပါဘူး ၊ ဗုဒ္ဓဘာသာမှာ မီလဲ့ကိုယ်တော်ကို နောက်ပွင့်မယ့် ဘုရားလောင်းလို့ ပြောဆိုကြတယ် ၊ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ တိကျန်ဗောဓိသကျက ကျူဖူကိုယ်တော်တွေ ၊ လော်ဟန်ကိုယ်တော်တွေ ၊ ဗောဓိသကျတွေအားလုံးရဲ့ ရှေ့တန်းမှာ ခြေတစ်လှမ်းသာနေတယ်လို့ ပြောလို့ရတယ် ၊ သူက အသူရာချောက်ရဲ့ အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန် အချိန်ရေစီးကြောင်းကို ကျော်လွန်ပြီး အရာအားလုံးကို သိမြင်ခဲ့တယ် ၊ သူ့ကိုယ်သူ ဗုဒ္ဓဖြစ်ပြီလို့တောင် မှားယွင်းယူဆခဲ့တဲ့အထိပါပဲ ၊ ဒါပေမဲ့ သူက ဗုဒ္ဓမဟုတ်ပါဘူး ၊ သူဟာ စကြာဝဠာကိုကျော်လွန်သွားပြီဖြစ်တဲ့ စစ်မှန်တဲ့ဗုဒ္ဓ လုံး၀ မဟုတ်ပါဘူး ၊ သူ အမှားတစ်ခုလုပ်ခဲ့မိတဲ့အတွက် အချိန်ရေစီးကြောင်းကနေ ပျောက်ကွယ်သွားခဲ့ရတယ် ၊ ဒါပေမဲ့ သူဟာ ထိပ်တန်းအဆင့် ဗောဓိသကျတစ်ပါးဆိုတာ ငြင်းလို့မရပါဘူး ၊ သူထားခဲ့တဲ့ကျင့်စဉ်တွေကို ကျင့်ကြံမိတဲ့ ကျုပ်ကတော့ လောကနဲ့ သူ့အကြား ဆက်သွယ်ပေးဖို့ ကြားခံလူတစ်ယောက် ဖြစ်လာခဲ့ရတယ် ၊ အဲဒါကြောင့် ကျုပ်ဆန်းလျန်ကို စောင့်နေခဲ့ရတာပါပဲ ၊ ဆန်းလျန် မင်းရဲ့ ယွမ်တုဓားနဲ့ ကျုပ်ကို ဒီလို အသုံးချခံဘဝကနေ အဆုံးသတ်ပေးပါတော့…"

ဆန်းလျန်က…

"ဆရာတော်က လွတ်မြောက်ချင်တာလား…"

ဘုန်းတော်ကြီးရာမက…

"တိကျန်ဗောဓိသကျ အောင်မြင်သည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ ကျုပ်ဘုန်းကြီးနဲ့ လုံး၀ မသက်ဆိုင်ပါဘူး ၊ ကျုပ်ဘုန်းကြီးက သူထားခဲ့တဲ့ ကျင့်စဉ်ကို ကျင့်ကြံခဲ့မိရုံပါ ၊ အရင်တုန်းက တာအိုဆရာသခင်ယွမ်ချင်းက ကျုပ်ဘုန်းကြီးကို အဆုံးသတ်ပေးဖို့ ကြိုးစားခဲ့ပါသေးတယ် ၊ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး…"

ဆန်းလျန်က…

"ဆိုလိုတာက ဆရာတော်က ကျုပ်လက်ထဲမှာ ဒါမှမဟုတ် ယွမ်တုဓားရဲ့လက်ထဲမှာ ပျံလွန်တော်မူရမယ်လို့ ကံတရားက သတ်မှတ်ထားတယ်ဆိုတဲ့ သဘောလား…”

ဘုန်းတော်ကြီးရာမက ပြုံးလိုက်ရင်း…

"မင်းနဲ့ ယွမ်တုဓားက ခွဲခြားလို့မရပါဘူး…"

ဆန်းလျန်က…

"ကြည့်ရတာ ကျုပ်မသိသေးတဲ့ တခြားအကြောင်းတွေ ရှိနေဦးမယ်ထင်တယ် ၊ ဒါပေမဲ့ ဆရာတော်က ဘဝကို အဆုံးသတ်ချင်နေပြီဆိုမှတော့ ဆရာတော်ရဲ့ ဆန္ဒကို ကျုပ်ဖြည့်ဆည်းပေးပါ့မယ်…"

***

All Chapters