ကောင်းကင်ဘုံတာအို၏ ပျက်စီးမှု
Vol. 115 Ch. 1717
“ဝုန်း”
မတူညီသော ကြောက်စရာကောင်းသည့် ဓားချီစွမ်းအင်တို့ ထိပ်တိုက် တွေ့သွားပြီး လူတို့၏ စိတ်ဝိညာဉ်ပင်ကိုပင် တုန်လှုပ်စေလောက်သည့် ကြောက်စရာကောင်းသော ဖိအားတစ်ခု ပျံ့လွင့်လာသည်။
ထိုအခိုက်တွင် မြေဆီလွှာများ အက်ကွဲပျက်စီးလာပြီး တစ်လောကလုံး ကပြောင်းကပြန် ဖြစ်လာသည်။
ကောင်းကင်ယံတစ်ခုလုံး စုတ်ပြဲလာသည်ဟု ထင်မှတ်ရပြီး ကြမ်းကြုတ်ခြယ်လှယ်သော စွမ်းအင်က သမုဒ္ဒရာ အလား တိုးပွားလာသည်။
ယဲ့ဖန် ဓားကိုဝင့်၍ ခုတ်ပိုင်းလိုက်သည်။ ၎င်းတွင် ကောင်းကင်တာအိုကို ရင်ဆိုင်မည့် စွမ်းအင်များ ပါဝင်နေကာ တစ္ဆေရှီဗာအား ရင်ဆိုင်လေသည်။
ဤဓား၏ အစွမ်းက ထိတ်လန့်စရာ ကောင်းလှပြီး အရာအားလုံးကို ပျက်စီးလာစေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး စွမ်းအင်တို့ ပြည့်နှက်နေပြီး အနက်ရောင် အလင်းများ လွှမ်းမိုးထားကာ နတ်ဆိုးနတ်ဘုရား တစ်ပါး ဆင်းသက် လာသည်ဟု ထင်မှတ်ရသည်။ လှုပ်ရှားမှုတိုင်းက တောင်တစ်လုံးနီးပါး ကြီးမားပြင်းထန်ကာ တုန်လှုပ်စေလေသည်။
မကြာခင်မှာပင် တစ္ဆေရှီဗာတို့ကို ထိတ်လန့်သွားစေမည့် အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။
ထူးဆန်းသော အသံတစ်သံက ကောင်းကင်ယံမှ ချက်ချင်း ထွက်ပေါ်လာပြီး ၎င်းအသံက အလွန် ကြည်လင် ပြတ်သား၍ နားကွဲမတတ်ပင်။ ယင်းအား ကျယ်လောင်လှသော အသံဟု ပြောရပေမည်။
ရုတ်ချည်းဆိုသလိုပင် ကောင်းကင်က ပြင်းထန်စွာ တုန်ခါလာပြီး စွမ်းအင်များက ဆူနာမီလှိုင်းသဖွယ် ဝုန်းခနဲ ပွင့်ထွက်လာသည်။ ယဲ့ဖန်က ကောင်းကင်တာအိုအား တကယ်ပင် စုတ်ဖြဲနိုင်ခဲ့လေပြီ။
*တကယ် စုတ်ပြဲသွားပါလား*
တစ္ဆေရှီဗာ ထုတ်ဖော်ခဲ့သည့် ကြီးမားသော စွမ်းအင်က ယခုအခါတွင် လုံးဝ ပျောက်ကွယ်သွားလေသည်။
*မြတ်စွာဘုရား*
*စုတ်ပြဲသွားပြီ*
လူတိုင်း မှင်တက်သွားပြီး မျက်လုံးတွင် ထိတ်လန့် သွေးပျက်ဟန်များ ပေါ်လွင်လာသည်။
*ဒါ ကောင်းကင်တာအိုလေ*
*တစ်ချက်တည်းနဲ့ အင်မော်တယ် ဧကရာဇ်အဆင့်ကိုတောင် သေစေနိုင်တာ၊ အခု ကိုယ်ပွားပဲ ရှိနေတဲ့ ဒီလူက ကောင်းကင် တာအိုရဲ့ တိုက်ခိုက်မှုကို တားလိုက်နိုင်တယ်တဲ့လား*
ဤမြင်ကွင်းသည် ဓားခုတ်ကောင်က ကားကို တားလိုက်သော အဖြစ်နှင့် တူလှသည်။ သို့သော် ယခုအဖြစ်က တကယ် တားလိုက်နိုင်ခဲ့ခြင်းပင်။ ဤမြင်ကွင်းက ထိတ်လန့်သည်ထက်ပင် ပိုသေးသည်။
အကယ်၍ မိမိမျက်လုံးဖြင့် တပ်အပ် မမြင်ခဲ့လျင် မည်သူမှ ယုံမည် မဟုတ်ပေ။
ကိုယ်ပွားတစ်ခုက ကောင်းကင်တာအိုကို တားဆီးနိုင်ခဲ့ခြင်းပါတကား။
အင်မော်တယ် ဧကရာဇ်အဆင့်တောင်မှ မခုခံနိုင်သော ကြောက်စရာကောင်းသည့် တိုက်ခိုက်မှုဖြစ်သော်လည်း တစ်ဖက်လူက သူ့ခွန်အား၏ ဆယ်ပုံတစ်ပုံဖြင့် ခုခံသွားခဲ့သည်။
“နင် … နင်က ဘာကောင်လဲ”
တစ္ဆေရှီဗာ၏ အသံက သိသိသာသာ တုန်နေသည်။ သူမ ကြောက်နေသည်။ သူမ တကယ် ကြောက်နေသည်။
*ဒီလူက သန်မာလွန်းတယ်*
ဤမျှ ကြောက်စရာကောင်းသော လူမျိုးကို တစ္ဆေရှီဗာ တစ်ခါမှ မမြင်ဖူးခဲ့ပါ။ သူသည် စည်းမျဉ်း ဥပဒေသများကို ချိုးဖောက်ခဲ့၏။ သူက ဤလောကနှင့် မသက်ဆိုင်သည့် မတူညီသော သက်ရှိတစ်မျိုးပင်တည်း။
တစ္ဆေရှီဗာ နားဝေတိမ်တောင် ဖြစ်နေသည်။ မုတ်ဆိတ်မွေးနှင့်လူ တွေဝေနေ၏။ စွေ့ဟွာသည်လည်း တွေဝေ နေသည်။ အားလုံး၏ မျက်နှာတွင် အံ့ဩမှုတို့ဖြင့် ပြည့်နှက်နေလေသည်။
*အံ့ဩစရာ ကောင်းလိုက်တာ*
*ဒီလို သန်မာတဲ့လူမျိုး လောကထဲမှာ ရှိသေးတာလား*
စွေ့ဟွာက မဟာနတ္ထိ ရှေးကရာဇ်ကို မယုံနိုင်သလို ကြည့်လိုက်သည်။ သူမသခင်လေး၌ ဤသို့သော သခင်ကြီးမျိုး ဘယ်အချိန်က ရှိနေခဲ့သလဲ သူမ နားမလည်နိုင် ဖြစ်နေ၏။
သူမသည် မဟာနတ္ထိ ရှေးဧကရာဇ်ထံ၌ ကလေးအရွယ်ကတည်းက ခစားခဲ့ပြီး မဟာနတ္ထိ ရှေးဧကရာဇ်နှင့် အနီးဆုံးလူ ဖြစ်သည်။ သို့သော် အဘယ်ကြောင့် မဟာနတ္ထိ ရှေးဧကရာဇ်က သူမကို သူ့အကြောင်း တစ်ခါမှ မပြောခဲ့ရသနည်း။
*သခင်ကြီး ကျွန်တော့်ကို ကယ်ပါဦး*
အစောပိုင်းက မုတ်ဆိတ်မွေးနှင့်လူနှင့် တစ္ဆေရှီဗာတို့သည် ထိုစကားကို လှောင်ပြောင်ခဲ့သည်။ သို့သော် ယခုအခါ၌ သူတို့ ကြောက်ရွံ့နေလေပြီ။
*အဲ့အမှိုက်ကောင်မှာ ဘယ်လိုလုပ် ဒီလို ကြောက်စရာကောင်းတဲ့ သခင်ကြီး ရှိနေတာလဲ*
*ဧကန္တ ဒီလူက သူတော်စင်အဆင့်များလား*
ထိုအချိန်တွင် မဟာနတ္ထိ ရှေးဧကရာဇ်သည် ဆုံးဖြတ်ချက် ပြတ်သားသော အမူအရာနှင့် ရှိနေဆဲ ဖြစ်ကာ ဤသို့သော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု ယခင်ကတည်းက ခန့်မှန်းခဲ့မိသည့်ပုံ ပေါ်နေသည်။
သူ့သခင်ကြီးသည် ပြိုင်ဘက်ကင်းသော ပုဂ္ဂိုလ် ဖြစ်သည်။ အထွတ်အထိပ်၌ ရှိခဲ့သော သခင်ကြီး၏ ခွန်အားကို ဘယ်လိုလုပ် ဘာမဟုတ်သော အင်မော်တယ် ဧကရာဇ်အဆင့်တို့၊ သူတော်စင်အဆင့်တို့၏ ခွန်အားဖြင့် ယှဉ်နိုင်ပါ မည်နည်း။
ကောင်းကင်ဘုံက စည်းမျဉ်းပင်။ သို့သော် သူ့သခင်ကြီးက စည်းမျဉ်းများကို ချမှတ်သောသူပင်တည်း။
တစ်ဖက်လူက ယန်မိသားစုအား အရေးမလုပ်သည့် အကြောင်းရင်းကို တစ္ဆေရှီဗာ ယခုမှ သဘောပေါက် သွားသည်။ အကြောင်းမှာ သူ့၌ ထိုသို့လုပ်နိုင်သည့် ယုံကြည်ချက် ရှိနေ၍ပင်။
ကိုယ်ပွားခန္ဓာကိုယ်တစ်ခုက သူမကို မယှဉ်နိုင်အောင် လုပ်နိုင်ခဲ့သည်။ မူလကိုယ်သာ ရောက်လာခဲ့လျင် မည်မျှ ကြောက်စရာ ကောင်းမည်နည်း။ သူမ တွေးပင်မတွေးဝံ့ပါ။
သို့သော် သူမ စဉ်းစားနေချိန်တွင် ယဲ့ဖန်က သူမကို တိုက်ခိုက်လာသည်။ သူက အလင်းကဲ့သို့ လျင်မြန်သော နှုန်းဖြင့် တစ္ဆေရှီဗာ၏ ဦးခေါင်းကို ဒေါသတကြီး ခုတ်ပိုင်းလေသည်။
“ဝုန်း”
ကောင်းကင်တာအိုစွမ်းအင် ပျံ့လွင့်လာပြီး လောကကို စိုးမိုးနိုင်သော လူသတ်လိုသည့် အငွေ့အသက်တစ်ခုက ရုတ်တရက် ကျဆင်းလာသည်။
တစ္ဆေရှီဗာ ရုတ်တရက် မျက်နှာပျက်သွားပြီး အသည်းအသန် သူတော်စင် အရိုးဓားဖြင့် ပြန်လည် ခုခံလေသည်။
“ချွင်”
ကောင်းကင်တွင် မီးပွားများ ပွင့်ထွက်လာသည်။ ထို့နောက် ယဲ့ဖန်ကြောင့် တစ္ဆေရှီဗာ လွင့်ထွက်သွားသည်ကို အားလုံး အလန့်တကြား တွေ့လိုက်ရသည်။
ဆယ်မိုင်မျှ လွင့်ထွက်သွားပြီး တောင်တစ်လုံးပြီး တစ်လုံးနှင့် ဝင်ဆောင့်ကာ တစ်ကိုယ်လုံး ကျိုးကြေသွားသည်။
တစ္ဆေရှီဗာ၏ မျက်နှာတွင် အံ့ဩနေသည့် အရိပ်အယောင် ပေါ်လာသည်။ ဤသည်က သူမ အင်မော်တယ် ဧကရာဇ်အဆင့်သို့ တက်နိုင်ပြီးကတည်းက ပထမဆုံးအကြိမ် အပြင်းအထန် ဒဏ်ရာရဖူးခြင်းပင်။
ကောင်းကင်တာအိုအောက်၌ သက်ရှိအားလုံးက ပုရွက်ဆိတ်သာသာမျှသာ ဖြစ်သည်ကို လူတိုင်း သိသည်။ သူတော်စင်အဆင့်ကိုသာ မတက်နိုင်ပါက ကောင်းကင်တာအို၏ ဒဏ်မှ ပြေးမလွတ်နိုင်ပါ။
သေစေနိုင်စွမ်းက ကြီးမားလွန်း၍ အင်မော်တယ် ဧကရာဇ်အဆင့်တောင်မှ မတားနိုင်ပေ။
ထို့ကြောင့် တစ္ဆေရှီဗာသည် ကြမ်းကြုတ်သည်ဟု ကျော်ကြားပြီး သူမ တိုက်ကွက်များကို သိသဖြင့် အင်မော်တယ် ဧကရာဇ်အဆင့် အချို့သာ သူမကို တိုက်ခိုက်ရဲသည်။
သို့သော် ယဲ့ဖန်နှင့် ရင်ဆိုင်ရသောအခါ ဘာမှ အသုံးမဝင်တော့ချေ။
သူမ ဤမျှအတိုင်းအတာအထိ ထုတ်သုံးသော်လည်း ယဲ့ဖန်ကို သတ်နိုင်စွမ်းမရှိ ဖြစ်လိမ့်မည်ဟု ထင်မထားမိပါ။ သူမ သူတော်စင် အရိုးဓားကို ကျွမ်းကျင်နေသည့် အခြေအနေတွင်တောင်မှ ဘာမှ ထူးမလာပေ။
လက်ရှိတွင် တစ္ဆေရှီဗာ ရှုံးနေပြီဖြစ်ကြောင်း လူတိုင်း သိနေသည်။ သူမက ထိုလူ၏ ပြိုင်ဘက် မဖြစ်နိုင်တော့ချေ။
သို့သော် ပို၍ ကြောက်စရာကောင်းသော အဖြစ်အပျက် ပေါ်လာလေ၏။
ယဲ့ဖန်က သူ့ဓားကို ထပ်မံ ခုတ်ပိုင်းလာပြီး တောက်ပသော ဓားအလင်းရောင်များ လွှမ်းမိုးလာသည်။
“ဒုန်း”
တစ္ဆေရှီဗာ ထပ်မံ၍ လွင့်ထွက်သွားသည်။ သို့သော် သေချာကြည့်မည်ဆိုလျင် သူမ လက်တစ်ဖက်က သွေးအလိမ်းလိမ်းနှင့် ပေါက်ပြဲနေပြီး ထိတ်လန့်စရာကောင်းသော တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းမရှိ ဖြစ်နေသည်ကို မြင်ရပေမည်။
လက်တစ်ဖက်လုံး ရစရာမရှိအောင် စုတ်ပြတ်နေ၏။
တစ္ဆေရှီဗာ ကြောက်လန့်သလို ဒေါသလည်း ထွက်နေကာ မယုံနိုင် ဖြစ်နေလေသည်။ လက်ရှိတွင် သူမ၏ သေခြင်းတရား ရောက်လာတော့မည်ဟု ခန့်မှန်းမိနေ၏။
သို့သော် ဤမျှနှင့် မပြီးသေးချေ။ ထိုသို့သောအချိန်၌ ယဲ့ဖန်က သူမကို ငုံ့ကြည့်လာသည်။
“ငါ့တပည့်ကို မင်းက သတ်ချင်တိုင်း သတ်လို့ရမယ် ထင်နေလား၊ သေပေတော့”
ယဲ့ဖန်၏ ပုံရိပ်က နတ်ဆိုးအရှင်သခင် ကောင်းကင်ယံမှ ဆင်းလာသကဲ့သို့ ဆင်းသက်လာပြီး တစ်ကိုယ်လုံး တောက်ပသော မီးရောင်များ ဖြာထွက်နေကာ တာအိုမြေပုံ စွမ်းအင်တို့ဖြင့် ပြည့်နှက်နေသည်။ မသိလျင် ရှေးဟောင်း နတ်ဆိုးတစ်ကောင် အသက်ပြန်ရှင်လာသည်ဟုပင် ထင်မှတ်ရကာ အနက်ရောင် နတ်ဆိုးစွမ်းအင်က ကောင်းကင်ယံထိ မြင့်တက်နေ၏။
ဓားချက်တစ်ချက်က တစ္ဆေရှီဗာထံ သည်းကြီးမည်းကြီး ကျဆင်းလာပြီး ကြောက်စရာကောင်းသော ဓားစွမ်းအင်က ပင်လယ်လှိုင်းအလား တိုးပွားလာလေသည်။
“ထွက်သွား၊ ထွက်သွားစမ်း”
တစ္ဆေရှီဗာ ခြောက်ခြားသွားပြီး ဒေါသတကြီး အော်ဟစ်ကာ ယဲ့ဖန်အား ဓားဖြင့် ပြန်ခုတ်လေသည်။
ထိုစဉ် ထိတ်လန့်စရာကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာ၏။
“ဂျွတ်”
တစ္ဆေရှီဗာ၏ လက်ထဲမှ အရိုးဓားက ချက်ချင်း အက်ကွဲ ပျက်စီးသွားသည်။ အရိုးဓားမှ အပိုင်းများက ချက်ချင်း ကြေမွပျက်စီးကုန်သည်။
တစ္ဆေရှီဗာ ပင့်သက်ရှိုက်မိသွားသည်။
*သူတော်စင်အဆင့်ရဲ့ အရိုးက တစ်စစီ ဖြစ်သွားတာလား*
*စွမ်းအင်တွေ သိပ်သည်းနေတဲ့ အရိုးကလေ၊ ဒီလို ရုတ်တရက်ကြီး ပျက်စီးသွားတယ်ပေါ့*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
လောကထဲတွင် တာအိုကို သိမြင်နားလည်၍ သူတော်စင်အဆင့် ဖြစ်လာသူက အလွန် ရှားသည်။ ထိုသို့ တက်လှမ်းနိုင်သူ တစ်ယောက်ချင်းစီက လောကတွင် အလွန် သန်မာပြီး သုံးလောကနှင့် ဘုံခြောက်ဘုံကို ကျော်ဖြတ်နိုင်သည်။
သူတို့၏ တာအိုက ကိုယ်ပိုင်အသိအမြင်များ ပါဝင်သည်။ သူတို့၏ ရုပ်ခန္ဓာက ထာဝရ တည်မြဲ၏။
ထိုသို့ အချိန်ဥပဒေသကို ခုခံနိုင်သော သန်မာသည့် ခန္ဓာကိုယ်က ယခု မိမိရှေ့မှလူ၏ ဓားချက်တစ်ချက်ကြောင့် ပျက်စီးသွားခဲ့သည်။
လက်ရှိတွင် တစ္ဆေရှီဗာသည် ယဲ့ဖန်၏ လက်ထဲမှ နတ်ဓားကို သေချာ ကြည့်နေမိသည်။
*ဘယ်လိုလက်နက်မျိုးမို့လို့ သူတော်စင်အဆင့် လက်နက်ကို တစ်စစီ ဖြစ်အောင် လုပ်နိုင်တာလဲ*
သူမ၏ ထိတ်လန့်မှုက ပြောမပြတတ်လောက်အောင်အထိ ဖြစ်နေသည်။ သူမ၏ အသိအမြင်များ အသစ်တဖန် ပြန်ပြန်ဖြစ်လာသဖြင့် တွေဝေနေမိသည်။
ဤခံစားချက်က ယုတ္တိတန်လွန်းလှသည်။
သို့သော် သူမ အသိပြန်မဝင်ခင်မှာပင် သူမလက်က ပျက်စီးကာ အရိုးနှင့် အသားများ ဖွာလန်နေပြီး ဓားစွမ်းအင်ကို တောင့်မခံနိုင် ဖြစ်လာရသည်။
တစ္ဆေရှီဗာ မြေကြီးပေါ် အရှိန်ဖြင့် လဲကျသွားပြီး ရင်ဘတ်မှ သွေးများ တတောက်တောက် ကျလာသည်။ ဓားစွမ်းအင်ကြောင့် သူမ ပွဲချင်းပြီးမတတ် ဖြစ်သွားခဲ့သည်။
သူမ လုံးဝ ရှုံးနိမ့်သွားလေပြီ။
တစ္ဆေရှီဗာ ကြက်သီးထနေပြီး တစ်ဖက်လူက သူမကို တကယ် သတ်ရန် ကြံနေကြောင်း သတိပြုလိုက်မိသည်။
“ငါက ယန်မိသားစုရဲ့ စောင့်ရှောက်သူပဲ၊ နင် ငါ့ကို သတ်ရဲရင် နင့်အတွက် ဒီမြေရိုင်းနယ်မြေမှာ နေစရာ နေရာ ရှိလာမှာ မဟုတ်ဘူး”
တစ္ဆေရှီဗာက ယဲ့ဖန်ကို အော်ဟစ်လေသည်။ ယဲ့ဖန်က သူမကို အေးစက်စွာ ကြည့်နေ၏။
“ငါ့တပည့်ကို သတ်ဖို့လုပ်ခဲ့တဲ့အတွက် မင်း သေရမယ်၊ ယန်မိသားစုလည်း ပျက်စီးရမယ်”
*ဘာ*
တစ္ဆေရှီဗာ မျက်နှာပျက်သွားသည်။
*ဒီကောင် တော်တော် မောက်မာတာပဲ*
*ယန်မိသားစုကို ဒီလိုစော်ကားတာက ခွင့်မလွှတ်နိုင်စရာ ပြစ်မှုပဲ*
“ယန်မိသားစုကို စော်ကားရဲတယ်ပေါ့လေ၊ နင် သေသင့်တယ်”
တစ္ဆေရှီဗာ၏ မျက်လုံးများက ကျွတ်ကျမတတ် ပြူးကျယ်နေပြီး ရုတ်တရက် တစ်ခုခုကို ခေါ်သကဲ့သို့ တဖွဖွ ရွတ်လာသည်။
“မကောင်းတော့ဘူး၊ သူ့ကို တားပါ”
တစ္ဆေရှီဗာ၏ ရည်ရွယ်ချက်ကို သတိထားမိသွားပြီး စွေ့ဟွာက ရုတ်တရက် အော်ဟစ်လေသည်။
ဤသည်မှာ ယန်မိသားစု၏ လျှို့ဝှက်ပညာ ဖြစ်ပြီး မျိုးနွယ်၏ ခေါင်းဆောင်ကို အကူအညီတောင်းနိုင်သော ပညာ ဖြစ်လေသည်။ တစ္ဆေရှီဗာ ဘယ်သူ့ကို ခေါ်နေသလဲ သိသာလှသည်။
ယင်းမှာ သူတို့အတွက် သတင်းဆိုးပင်။
သို့သော် ယဲ့ဖန်က ငြိမ်မြဲငြိမ်နေကာ စွေ့ဟွာ၏ အော်သံကို မကြားသယောင် ပြုနေသည်။ သူ့အမူအရာက အလွန် တည်ငြိမ်နေပြီး ဘာမှမပြောင်းလဲချေ။
မကြာခင်မှာပင် သူတော်စင်အဆင့်၏ ဖိအားတစ်ခု ပျံ့လွင့်လာ၏။
ပတ်ဝန်းကျင်တစ်ခုလုံး နတ်ဘုရား အလင်းတန်းများနှင့် ပြည့်လာပြီး ကောင်းကင်တစ်ခုလုံး တောက်ပလာသည်။
ထို့နောက် ရွှေရောင်ပုံရိပ်တစ်ခု ဆင်းသက်လာပြီး ကောင်းကင်ဘုံ ကိုးလွှာမှာ အသံများနှင့်အတူ လောကကို ကိုင်လှုပ်နိုင်သည့် တာအိုစွမ်းအင်ပါ ထွက်ပေါ်လာသည်။ ၎င်းက လောထဲမှ အရာအားလုံးကို ရှင်းလင်းနိုင်ပြီး သက်ရှိအားလုံးကို ဖျက်ဆီးနိုင်လေသည်။
ထိုလူကို မြင်လိုက်သည့် အခိုက်မှာပင် စွေ့ဟွာ၏ မျက်နှာ ပြာနှမ်းလာသည်။ ရောက်လာသူက ယန်ထျန်းရှင်းပင်။
မျက်စိရှေ့မှ မြင်ကွင်းကိုကြည့်ပြီး ယန်ထျန်းရှင်း မျက်မှောင်ကြုတ်သွားကာ အလွန် ခက်ထန်သော အမူအရာ ဖြစ်သွားသည်။ ထို့နောက် သူက တစ္ဆေရှီဗာကို အေးစက်စွာ စိုက်ကြည့်လေသည်။
“တစ္ဆေရှီဗာ မင်း ဘာလုပ်ခဲ့တာလဲ”
“မိသားစုခေါင်းဆောင် ဒီလူက ယန်မိသားစုကို စော်ကားပါတယ်၊ သူ့ကို သတ်လိုက်ပါ”
တစ္ဆေရှီဗာက အလွန် မုန်းတီးသော အကြည့်များဖြင့် ပြောလာသည်။
“အဲ့လို မဟုတ်ပါဘူး မိသားစုခေါင်းဆောင်၊ သခင်လေးကို အန္တရာယ်ပြုချင်တာက တစ္ဆေရှီဗာပါ၊ ဒီလူက သခင်လေးရဲ့ ဆရာပါ၊ သူသာ မကူညီရင် သခင်လေးက တစ္ဆေရှီဗာကြောင့် အသတ်ခံရပြီးနေလောက်ပြီ”
စွေ့ဟွာက အလျင်စလို ပြောလိုက်သည်။
ထိုစကားကြောင့် တစ္ဆေရှီဗာ အံကြိတ်လာပြီး စွေ့ဟွာကို ခပ်စူးစူးကြည့်ကာ နုတ်နုတ်စင်းချင်စိတ် ပေါက်နေသည်။
မုတ်ဆိတ်မွေးနှင့်လူလည်း စိုးရိမ်နေ၏။ တစ္ဆေရှီဗာက ယန်ထျန်းရှင်းကို ခေါ်လိမ့်မည်ဟု သူ ထင်မထားမိပါ။ ဤသည်က သူ့အတွက် သတင်းကောင်း မဟုတ်ပေ။ သူက ယန်ထျန်းရှင်း၏ မြေးကို သတ်ချင်နေခဲ့တာ မဟုတ်ပါလား။
သို့သော် မထင်မှတ်ထားသော အဖြစ်အပျက် ဖြစ်လာလေသည်။
သူမစကားကို ကြားသော် ယန်ထျန်းရှင်းက တစ္ဆေရှီဗာကို ကြိမ်းမောင်းရမည့်အစား စွေ့ဟွာကို စူးစိုက်ကြည့်၏။
“လူကြီးတွေ စကားပြောနေတဲ့အချိန် ဘယ်တုန်းက မင်းကို ဝင်ပြောခွင့်ပေးခဲ့လို့လဲ”
စွေ့ဟွာ အံ့ဩသွားသည်။ တစ္ဆေရှီဗာက ယန်ထျန်းရှင်း၏ မြေးကို သတ်ချင်နေခဲ့သော်လည်း ယန်ထျန်းရှင်းက လူကြီးနှင့် လူငယ်ဟူသည့် အဆင့်အတန်းကိုပဲ အရေးစိုက်နေသလား။
ဤသည်က တမင် စကားလမ်းကြောင်း လွှဲလိုက်ခြင်းပင်။ သူက ယန်ကျင့်၏ သေခြင်းရှင်ခြင်းကို လုံးဝ အရေး မစိုက်ပေ။