ဟွာဂျီယူ၏ ကံကြမ္မာ
Vol. 001 Ch. 72
ချင်းကျူ ကျောင်းတော် တစ်နေရာ သစ်တော လမ်းကလေးထဲ ကောင်လေးနှင့် ကောင်မလေး စုံတွဲတစ်တွဲ လမ်းလျှောက်နေကြသည်။ မိန်းကလေးမှာ အသက်ဆယ့်ရှစ်နှစ်ခန့် ရှိမည်ဖြစ်သည်။ ထိုအရွယ်ကား ငယ်ရွယ်နုပျိုကာ လန်းဆန်းသော အချိန်ဖြစ်သည်။ သူမကား ချောမော သိမ်မွေ့သည်။ တစ်ချိန်တည်းမှာပင် ဆွဲဆောင်မှုရှိ၏။ ကောင်လေးမှာ အသက်အနည်းငယ် ငယ်ရွယ်ပုံရသည်။ သို့သော် သူကား အလွန် အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါကို ပိုင်ဆိုင်ထားကာ ချောမော ခန့်ညားလှသည်။
"နင် ဒီနေ့ သွားမှ ရမှာလား...” ချင်ယီ ခေါင်းငုံ့လိုက်သည်။ သူမ၏အသံကား ဝမ်းနည်းမှုကြောင့် တုန်ခါလာကာ ရှေ့သို့ လျင်မြန်စွာ လျှောက်သွားလိုက်သည်။
"အင်း...” ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။
"ဒီကောင်လေး... နင့်အစ်မကို တွေ့တွေ့ချင်း ပြန်သွားတော့မယ်ပေါ့... ဟုတ်လား... ငါက ဒီလောက်တောင် အရေးမပါဘူးလား...” ချင်ယီက ရီဖူရှင်းအား ကြည့်လိုက်သည်။
"အစ်မချင်လည်း သိတာပဲ... ဒွန်ဟိုင်မြို့တော်မှာ ကျွန်တော် အောင်မြင်အောင် လုပ်ရမယ့် အရာတွေ အများကြီးရှိတယ်...” ရီဖူရှင်းက ပြုံးလျက် ဟာသနှောကာ ပြောလိုက်သည်။
"ငါနင့်ကို ယုံတယ်...” ချင်ယီက သရော် ဒေါသဟန်လေးဖြင့် ပြောလိုက်သည်... “အရင်က နင်ကပြောတယ်လေ... နင်က မှော်ထိန်းချုပ်သူ ဆိုပြီးတော့... ငါ မယုံခဲ့ဘူး... အခု နင်ပြောသမျှ ငါယုံတယ်...”
"ကျွန်တော့်ရဲ့ ဆွဲဆောင်အားက ပိုပြီး အားကောင်းလာတယ်... အစ်မချင်က ကျွန်တော့်ကို သဘောကျနေပြီမလား..."
ချင်ယီ အနည်းငယ် အံ့အားသင့်သွားသည်။ သူမက ပြုံးလျက် ရှေ့ကို ဆက်သွားလိုက်ကာ ပြောလိုက်သည်... “အင်း... ဟုတ်တယ်...”
"ကောင်းပြီလေ... ဒါက ကိစ္စမရှိပါဘူး... မိန်းကလေး အများကြီးက ကျွန်တော့်ကို သဘောကျတာပဲ... အစ်မချင်... အရမ်း နောက်ကျတာပဲ...” ရီဖူရှင်းက ပြုံးလျက် ပြောလိုက်သည်။
"သွားသေလိုက်...” ချင်ယီက မျက်လုံးအား ပြူးပြကာ သူမ၏သေးသွယ်သော ခြေထောက်လေးအား မြှောက်လျက် ရီဖူရှင်းကို ကန်ကျောက်လိုက်သည်။ ချင်ယီ၏ပုံစံကား သည်အချိန်တွင် ပို၍ပင် ဆွဲဆောင်မှုအား ကောင်းလှသည်။
ဘေးနားမှ ဖြတ်သွားသော ကျောင်းသားများက သူတို့နှစ်ယောက် စနောက်ကာ တိုက်ခိုက်နေသည်ကို မြင်ကြသည်။ သူတို့အားလုံးက ရီဖူရှင်းမှာ အမြဲ ထူးခြား ထက်မြက်သော ရီဖူရှင်းသာ ဖြစ်သည်ကို တွေးမိကြကာ အလွန် အားကျကြသည်။ ယခုကား သူတို့က ရီဖူရှင်းကို ယခင်ကလို မနာလိုခြင်း။ မုန်းတီးခြင်းများ မရှိကြတော့ပေ။ ချင်းကျူမြို့တွင် မည်သို့ ဖြစ်ပျက်ခဲ့သည်ကို သူတို့အားလုံး သိကြသည်။ အနာဂတ်တွင် သူက ချင်းကျူ ကျောင်းတော်၏ဒဏ္ဍာရီ တစ်ပုဒ် ဖြစ်လာနိုင်ပေသည်။
သိပ်မဝေးသော တစ်နေရာတွင် လှပသော မိန်းကလေးတစ်ဦး ရပ်နေသည်။ သူမကား အရပ်ရှည်ကာ လှပသည်။ နှစ်ဝက်ခန့် ကြာပြီးနောက် သူမကား ပို၍ပင် လှသွေးကြွယ်လာသေးသည်။
"အစ်မချင်... ကြည့်လိုက်... ကျွန်တော် မလိမ်ဘူး...” ရီဖူရှင်းက ထိုမိန်းကလေးအား မြင်လျှင် ချင်ယီကို ပြောလိုက်သည်။
"ကြည့်စမ်း... ဘယ်လောက် အထင်ကြီးလိုက်သလဲ...” ချင်ယီက သက်ပြင်းချလိုက်သည်။ သူတို့နှစ်ယောက် ရှေ့ကို လျှောက်သွားလိုက်သည်။
"ငါ့ကို ဘာလို့ လာမတွေ့တာလဲ...” ဖန်းရှင်းဇွီက အတင်းပြုံးကာ မေးလိုက်သည်။
"ငါအခု ဒီမှာ ရောက်နေပြီမလား... ဟုတ်တယ်နော်...” ရီဖူရှင်း ပြုံးလိုက်သည်... “အရင်က ကောင်မလေးက အခု ပိုပြီးလှလာတယ်... နင်ငါ့ကို သတိရလား...”
"ဒီကောင်လေး...” သူ၏အပြောအား ကြည့်ကာ ချင်ယီကား ပြောစရာပင် ရှာမရတော့။
"အင်း...” ဖန်းရှင်းဇွီက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ ချင်ယီ ထိတ်လန့်သွားသည်။
"ဟင်း... နင်ငါ့ကို ဆက်ပြီး သတိရနေရတော့မယ်...” ရီဖူရှင်း ပခုံးတွန့်လိုက်သည်။
ဖန်းရှင်းဇွီက သူ့အား သေချာ ကြည့်လိုက်သည်... “ငါလည်း ပြင်ပလောကကြီးကို လျှောက်သွားချင်တယ် ...”
"ပြင်ပလောကကြီးက အန္တရာယ်များတယ်... မင်းအတွက် ပိုလို့တောင် အန္တရာယ် များသေးတယ်...” ရီဖူရှင်းက ပြောလိုက်သည်။
"ဒါပေမဲ့... နင်ရှိတယ်လေ... ဟုတ်တယ်မလား...” ဖန်းရှင်းဇွီက အားတင်းကာ ပြောလိုက်သည်။
"မလုပ်နဲ့လေ... ဦးလေးဖန်းက နင့်ကို ငါ ခိုးပြေးသွားတယ် ထင်မှာပေါ့...” ရီဖူရှင်းက လက်ဆန့်လိုက်ကာ ဖန်းရှင်းဇွီ၏ ဆံနွယ်လေးအား အသာဖွလိုက်သည်။ ဖန်းရှင်းဇွီ မှင်တက်သွားသည်။ သည်ခံစားချက်ကား ရင်းနှီးလွန်းလှသည်။ ဝမ်းနည်းစရာကား ယခုအချိန်တွင် အရာအားလုံးမှာ ကွဲပြား ခြားနားနေပြီ ဖြစ်ကာ အချိန်များအား နောက်ပြန်ဆုတ်ရန် မဖြစ်နိုင်တော့။
"ယူချင်း... ဘယ်လိုလဲ...” ဖန်းရှင်းဇွီက မေးလိုက်သည်။
"အာ... ယူချင်း...” ရီဖူရှင်း ရေရွတ်လိုက်သည်။ သူကား သည်ကောင်လေး အကြောင်း တွေးလျှင် ဒေါသထွက်ရသည်... “သူ ချိန်းတွေ့နေတယ်... ငါ့ကို မလိုချင်တော့ဘူး...”
ဖန်းရှင်းဇွီ ထိတ်လန့်သွားသည်။ ယူချင်းပင်လျှင် ချိန်းတွေ့နေလေပြီ။ ထိုသို့တွေးမိလျှင် သူမ ရုတ်တရက် ဝမ်းနည်းသွားသည်။ ကြည့်ရသည်မှာ အမှန်တကယ်ပင် အများအပြား ပြောင်းလဲ သွားလေပြီ။
"နင်နဲ့ ဟွာဂျီယူရော... ကြိုက်နေကြပြီလား...” ဖန်းရှင်းဇွီက သူ့အား မေးလိုက်သည်။
"သူမက ငါ့လက်က မလွတ်ပါဘူး... သူမက ငါ့ကို ဒီကို ပြန်မလာ စေချင်ဘူးလေ...” မြေခွေးမအား တွေးမိလျှင် ရီဖူရှင်း၏မျက်ခုံးများ တွန့်သွားသည်။ သူကား သူမအကြောင်းအား ပြောကာ ပြုံးနေသည်ကို မြင်လျှင် ဖန်းရှင်းဇွီ မနာလိုတော့။ သူတို့ကား ပြီးပြည့်စုံသော အတွဲဖြစ်သည်။
"နင်တို့ နှစ်ယောက် အဆင်ပြေဖို့ ငါမျှော်လင့်တယ်...” ဖန်းရှင်းဇွီက ပြုံးလျက် ပြောလိုက်သည်။
"သေချာတာပေါ့...” ရီဖူရှင်းက ပြုံးလိုက်သည်... “ငါသွားတော့မယ်... မင်းနဲ့ အစ်မချင်ကို ငါ့ကို အရမ်း သတိမရစေချင်ဘူး... ဒါကြောင့် မင်းတို့နှစ်ယောက်ကို ငါပွေ့ဖက်ပေးမယ်...”
"အင်း...” ဖန်းရှင်းဇွီက ခေါင်းညိတ်လိုက်သည်။ သူမက ရှေ့ကိုတိုးလိုက်ပြီး ရီဖူရှင်းအား ပွေ့ဖက်လိုက်သည်။ သူမ၏ဦးခေါင်းအား သူ၏ရင်ဘတ်တွင် မှီလိုက်လျှင် သူမ၏ရင်ထဲတွင် အနည်းငယ် နွေးထွေးသွားသည်။ သူ့အား ပွေ့ဖက်ရသော ခံစားချက်မှာ သည်ကဲ့သို့ ဖြစ်ကြောင်း တွေးမိသည်တွင် တစ်ချိန်တည်းတွင် သူမ၏အသည်းများ ကြေကွဲရသည်။ သူမ၏မျက်လုံးများက မျက်ရည်ပူများ စီးဆင်းလာနေသည်။ သူမက ရီဖူရှင်းအား တွန်းကာ မျက်ရည်များ စီးကျလျက် ထိုနေရာမှ ပြေးထွက်သွားသည်။
ဖန်းရှင်းဇွီ၏ နောက်ကျောအား ကြည့်ကာ ရီဖူရှင်းလည်း စိတ်မကောင်းလှပေ။ ချင်ယီ၏မျက်နှာလည်း သိပ်မကောင်းတော့။ သူမက ရှေ့သို့တိုးကာ ရီဖူရှင်းအား အသာအယာ ဖက်လိုက်ပြီး ပြန်ခွာလိုက်သည်။
"အစ်မချင် ... ကျွန်တော် သွားတော့မယ်...” ရီဖူရှင်း ပြုံးလျက် ထိုနေရာမှ နောက်လှည့်ကာ ထွက်ခွာလာခဲ့သည်။ သူ နောက်လှည့် မကြည့်ချင်တော့။ ချင်ယီ၏မျက်ရည်များအား သူကြည့်ရှုရန် အင်အား မရှိပေ။
ဝန်ကြီးချုပ်ကျိုနှင့် သူ၏လူများက အဝေးမှ စောင့်နေကြသည်။ ရီဖူရှင်း လျှောက်လာသည်ကို မြင်လျှင် ဝန်ကြီးချုပ်ကျို၏ဘေးမှ မိန်းကလေးက ပျော်ရွှင်ဟန် မတူပေ... “ဒါက ရည်းစားနဲ့လူတဲ့လား... အရှက်မရှိတဲ့ကောင်...”
ဝန်ကြီးချုပ်ကျို ကသိကအောက် ဖြစ်သွားသည်။ သည်မိန်းကလေးကား အငြိုးကြီးလွန်း လှသည်။
"ဦးလေးကျို... သွားရအောင်...” ရီဖူရှင်းက အနီးသို့ ရောက်သည်နှင့် ပြောလိုက်သည်။
ဝန်ကြီးချုပ်ကျို ခေါင်းညိတ်လိုက်သည်။ လူတိုင်းက သူတို့၏ သတ္တဝါဆန်းများပေါ်သို့ တက်လိုက်ကြသည်။
တစ်စုံတစ်ခုအား ခံစားမိကာ ရီဖူရှင်းက မိန်းကလေးအား ပြန်ကြည့်လိုက်သည်... “ငါက ဆွဲဆောင်မှု ရှိတယ်ဆိုပေမဲ့ ... ငါ့ကို ဒီလောက် စိုက်ကြည့်ဖို့ မလိုဘူးလေ... ဟုတ်တယ်မလား...”
"အရှက်မရှိလိုက်တာ...” မိန်းကလေးက ပြန်ပက်လိုက်သည်။ ထို့နောက် တခြားတစ်ဖက်သို့ လှည့်သွားသည်။
"ငါ...” ရီဖူရှင်း မည်သို့ ပြောရမည် မသိတော့။
သတ္တဝါဆန်းများက လေထဲသို့ ပျံဝဲတက်သွားကြသည်။ ချင်းကျူ ကျောင်းတော်မှ လူများကလည်း သူတို့ ထွက်ခွာသွားသည်ကို စောင့်ကြည့်နေကြသည်။ အရေးပါသော လူအတော်များများက ဖြစ်ပျက်ခဲ့သမျှအား မယုံကြည်နိုင်သေးပေ။ ယနေ့မှစ၍ နောင်နှစ်ပေါင်းများစွာ အထိ သည်ကောင်လေးကား ချင်းကျူမြို့တွင် ပုံပြင်တစ်ပုဒ်နှယ် ကျန်ရစ်ပေလိမ့်မည်။
ကောင်းကင်တွင်ကား ဝန်ကြီးချုပ်ကျိုက သူ၏သတ္တဝါဆန်းပေါ်မှနေ၍ ရီဖူရှင်းအား မေးလိုက်သည်... “ရီဖူရှင်း... ဒွန်ဟိုင်မြို့ကို ရောက်ရင် မင်း ဘာလုပ်မလဲ... ကျောင်းတော်မှာပဲ ဆက်ပြီး ပညာသင်နေမလား... နန်ဒူနန်းမြို့တော်ကို သွားဖို့ စိတ်ကူးမရှိဘူးလား... ”
"နန်းမြို့တော်မှာ ... ပါရမီရှင်တွေ ... အများကြီး ရှိတာလား ...” ရီဖူရှင်းက မေးလိုက်သည်။
"ဒါပေါ့ ...” ဝန်ကြီးချုပ်ကျိုက ပြန်ဖြေလိုက်သည် ... “နန်ဒူနိုင်ငံက အတော်ဆုံးဆိုတဲ့သူတွေ အကုန်လုံး နန်းမြို့တော်ကို သွားတယ် ... ဒွန်ဟိုင်မြို့က အတော်ဆုံး လူတွေလည်း ပါတယ် ...”
"တကယ်ပေါ့ ...” ရီဖူရှင်း စိတ်လှုပ်ရှားသွားသည် ... “ဒါပေါ့ ... ကျွန်တော်လည်း သွားမှာပေါ့ ... အခုတော့ မဟုတ်သေးဘူး ... ”
"အင်း ... ဒွန်ဟိုင်မြို့မှာ မင်းအတွက် လုပ်စရာတွေ အများကြီး ရှိတယ်ဆိုတာ နားလည်တယ် ... ငါမင်းကို ဖိအား မပေးဘူး ... ဒါပေမဲ့ ... လာမယ့် နွေဦးရာသီမှာ နန်ဒူနိုင်ငံအတွင်း ကြီးကြီးမားမား တစ်ခု ဖြစ်လာလိမ့်မယ် ... မင်း လာသင့်တယ် ...” ဝန်ကြီးချုပ်ကျိုက ပြုံးလိုက်သည်။
"ဘယ်လို ကြီးမားတဲ့ အရာလဲ ...” ရီဖူရှင်းက နားမလည်စွာ မေးလိုက်သည်။
“မင်း နန်ဒူနိုင်ငံရဲ့ သမိုင်းကို သိသလား ...” ဝန်ကြီးချုပ်ကျိုက မေးလိုက်သည်။
“ဆရာပြောတာတော့ ... နန်ဒူနိုင်ငံက အရင်တုန်းက နန်ဒူမိသားစု အုပ်ချုပ်ခဲ့တာတဲ့ ...” ရီဖူရှင်းက ဖြေလိုက်သည် ...” ပြီးတော့ ဧကရာဇ်ရီချင်နဲ့ အရှင်ဒွန်ဟောင်တို့က အရှေ့ကောင်းကင်ဒေသကို အုပ်ချုပ်ခဲ့တယ် ... ဒေသတစ်ခုလုံးရဲ့ အင်အားတွေက ကစဉ့်ကလျား ဖြစ်တဲ့အချိန်မှာ အပြောင်းအလဲ အများကြီး ဖြစ်ခဲ့တယ် ... နန်ဒူမိသားစုက အားနည်းသွားပြီးတော့ လက်ရှိဘုရင်ကို အာဏာလွှဲပေးခဲ့ရတယ် ... ”
"ဟုတ်တယ် ... အခုလက်ရှိ တော်ဝင်မိသားစုက လျိုမိသားစုပဲ ... သူတို့ကိုယ်သူတို့ သတိပေးဖို့အတွက် နိုင်ငံရဲ့ နာမည်ကိုလည်း မပြောင်းလဲခဲ့ဘူး ... ပြီးတော့ ... သူတို့က တန်ဖန်း တည်ခင်းဧည့်ခံပွဲကို ဆယ်နှစ်တစ်ကြိမ် ကျင်းပခဲ့တယ် ... နောက်တစ်နှစ်က ဆယ်စုနှစ်ပြည့်တဲ့နှစ်ပဲ ... အဲဒီအချိန်မှာ အရှေ့ပင်လယ်ဒေသက လူတွေပဲလာကြမှာ မဟုတ်ဘူး ... တစ်နိုင်ငံလုံးမှာရှိတဲ့ ဒေသပေါင်းစုံက လူတွေ လာကြလိမ့်မယ် ... အရည်အချင်းရှိတဲ့ လူငယ်တွေ အချင်းချင်း တွေ့ဆုံကြပြီး ပညာ ဖလှယ်ကြရလိမ့်မယ် ... မင်းက ဒီအခွင့်အရေးကို လွဲလို့မရဘူး ... ”
"နန်ဒူနိုင်ငံရဲ့ အရည်အချင်းရှိတဲ့ လူငယ်တွေ လာမယ်ဆိုရင်တောင် ကျွန်တော်က ဘာကြောင့် သွားရမှာလဲ ... ”
“တည်ခင်းဧည့်ခံပွဲရဲ့ ကြယ်ပွင့်တွေက မင်းတို့ မျိုးဆက်တွေပဲ ... ရည်ရွယ်ချက်က နန်ဒူနိုင်ငံရဲ့ အနာဂတ်ကို တွေ့နိုင်ဖို့ပဲ ... ဒွန်ဟိုင်ကျောင်းတော်ရဲ့ ထူးခြားထက်မြက်တဲ့ လူတွေလည်း ကျိန်းသေ ပါဝင်မှာပဲ ...” ဝန်ကြီးချုပ်ကျိုက ပြန်ဖြေလိုက်သည်။
"ဪ” ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ သူက သူ့ဆရာ၏ ဒဏ်ရာကို အရင် တွေးမိသည်။ တန်ဖန်း ဧည့်ခံပွဲက အရေးကြီးသည်ဆိုလျှင် အကယ်၍ ဘုရင်က သူ့အား သတိပြုမိကာ သဘောကျပါက သူ၏ဆရာအား ကုသရန် ပို၍လွယ်ကူပေမည် ... ”
"အင်း... အရှေ့ပင်လယ်ဒေသရဲ့ သခင်လေးရှာဖန်... သူ့အဖေကြောင့် ငါက သူနဲ့ တိုက်ရိုက် ရင်ဆိုင်ဖို့ မလွယ်ဘူး... ပြန်ရောက်ရင် ငါ့ကိစ္စတချို့လည်း ရှိသေးတယ်... မင်းကို အန္တရာယ်က ကာကွယ်ဖို့အတွက် ဝန်ကြီးချုပ် အမိန့်ပြားကို မင်းအတွက် ပေးထားခဲ့မယ် ... လူတွေက ငါရှိသလို သဘောထားကြလိမ့်မယ်...” ဝန်ကြီးချုပ်ကျိုက သူ၏အမိန့်ပြားအား ရီဖူရှင်းကို ပေးကာ ဆက်ပြောလိုက်သည်... “မင်းက ချောင်းမြောင်း လုပ်ကြံတာကိုတော့ သတိထားဖို့ လိုလိမ့်မယ်... ”
ရီဖူရှင်းက အမိန့်ပြားအား ကြည့်လိုက်သည်။ သူက ထိုအရာကို လိုအပ်သည် သို့သော် လက်မခံသေးပေ ... “ဦးလေးကျို...” သူကား သံသယ ဝင်နေဆဲပင်။ သူက လူဝံကြီး၏ရိုက်ချက်အား ကူညီကာကွယ်ခဲ့သောကြောင့် သည်မျှ သူ့အား ကောင်းမွန်စွာ ဆက်ဆံနေသည်လား... တခြား အကြောင်းအရာများ ရှိနေသည်လား သူမသိပေ။ သူက မင်းသမီးလေးအား လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်။ သူကား လောကြီးလွန်းလှသည်။ သို့သော် ဝန်ကြီးချုပ်က သူ့အား အပြစ်တင်မည့်အစား မင်းသမီးလေးအား သူ့ကို တောင်းပန်စေခဲ့သည်။
"ယူလိုက်... ဒါက ငါ့အတွက် အသုံးမဝင်ဘူး... ငါ့နာမည်နဲ့ မကောင်းတာတွေတော့ မလုပ်နဲ့ပေါ့...” ဝန်ကြီးချုပ်ကျိုက ရယ်မောကာ ပြောလိုက်သည်။
"ဟုတ်ကဲ့...” ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး အမိန့်ပြားအား ယူလိုက်သည်။ သူကား သည်လက်ဆောင်ကို အမှတ်ရနေပေမည်။ သည်အမိန့်ပြားကား သူ့အတွက် အသုံးဝင်လွန်းလှသည်။
"ဆရာ...” နန်ဒူနိုင်ငံ၏မင်းသမီးလေးက ရီဖူရှင်းအား မနာလိုစွာ ကြည့်လိုက်သည်။ မည်သူက ဝန်ကြီးချုပ်ကျို၏ တပည့် အစစ်အမှန်နည်း။
သူတို့အုပ်စု နောက်ဆုံးတွင် ဒွန်ဟိုင်မြို့တော်ကို ရောက်ရှိလာခဲ့ကြသည်။ ဝန်ကြီးချုပ်ကျိုက ရီဖူရှင်းအား ကျောင်းတော်သို့ ကိုယ်တိုင် လိုက်ပို့ခဲ့သည်။
"ရီဖူရှင်း... သတိရပါ... နောက်နှစ် နွေဦးကို မလွဲစေနဲ့... မင်းရဲ့အဆင့်က ဒွန်ဟိုင်မြို့မှာ မဟုတ်ဘူး...” ဝန်ကြီးချုပ်ကျိုက အကြံပေးသည်။
"ဟုတ်ကဲ့ ဦးလေးကျို... ကျွန်တော် သွားပြီ...” ရီဖူရှင်း ပြောလိုက်သည်။ ဝန်ကြီးချုပ်ကျိုက ခေါင်းညိတ်ကာ ရီဖူရှင်း ကျောင်းတော်ထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားသည်ကို ကြည့်နေလိုက်သည်။
"ငါတို့လည်း ပြန်မယ်...” ဝန်ကြီးချုပ်ကျိုက ပြောလိုက်သည်။
ထိုစဉ် တစ်နေရာမှ လူတစ်ယောက် ထွက်လာသည်။ သူက ဝန်ကြီးချုပ်ကျို၏ရှေ့သို့ လျှောက်လာကာ ဦးညွှတ်လျက် ရိုသေစွာ ပြောလိုက်သည်... “ဝန်ကြီးချုပ်ကျိုကို နှုတ်ဆက်ပါတယ်... ကျွန်တော်က နန်ဒူကူ ပါ...”
“မင်းက နန်ဒူမိသားစုကလား... "
“ဟုတ်ကဲ့ ... ကျွန်တော် ဒီမှာ စောင့်နေတာ ရက်အတော်ကြာပြီ... ကျွန်တော်တို့ မျိုးနွယ်ခေါင်းဆောင်က ဝန်ကြီးရဲ့ အကူအညီ လိုအပ်နေပါတယ်...” နန်ဒူကူက ဦးညွှတ်လျက် ပြောလိုက်သည်။
အနည်းငယ် တွေးလိုက်ပြီးနောက် ဝန်ကြီးချုပ်ကျိုက ခေါင်းညိတ်လိုက်သည်... “နန်ဒူမိသားစုက ဖိတ်ခေါ်နေမှတော့ ငါမင်းနဲ့ လိုက်ခဲ့မယ်...”
"ဒီဘက်ကိုပါ ... ဝန်ကြီး...” နန်ဒူကူက ယဉ်ကျေးစွာ ပြောလိုက်သည်။ သူတို့အုပ်စု တစ်ဖန် ထွက်ခွာလာကြကာ မကြာမီ နန်ဒူမျိုးရိုး အိမ်တော်သို့ ရောက်ရှိလာခဲ့ကြသည်။ ဝန်ကြီးချုပ်ကျို ရောက်လာသည်ကို ကြားလျှင် နန်ဒူမိသားစု ခေါင်းဆောင်ကိုယ်တိုင် လာရောက်ကြိုဆိုသည်။ သူက ဝန်ကြီးအား ဧည့်ခန်းသို့ ခေါ်ဆောင်လာစဉ် မိန်းမပျိုတစ်ယောက်လည်း ထိုနေရာတွင် ရှိနေသည်။ သူမကား ဟွာဂျီယူဖြစ်သည်။
“ဝန်ကြီး ... ဒါက နန်ဒူမိသားစုရဲ့ မျိုးဆက်ပါ... ကျေးဇူးပြုလို့ သူမရဲ့ ကံကြမ္မာနဲ့ အနာဂတ်ကို ပြောပေးနိုင်မလား...” မျိုးနွယ်စုခေါင်းဆောင်က မေးလိုက်သည်။ ဝန်ကြီးချုပ်ကျိုမှာ နက္ခတ် ဗေဒင် ဆရာဖြစ်သည်ကို လူအများကြီး မသိပေ။ သို့သော် သူသိသည်။
"ကောင်းပြီ...” ဝန်ကြီးချုပ်ကျိုက ခေါင်းညိတ်လိုက်သည်။
"ဂျီယူ... အဆင်ပြေအောင် နေပေး...” မျိုးနွယ်စု ခေါင်းဆောင်က ပြောလိုက်သည်။ သူက တစ်ကြိမ်တစ်ခါက သူ၏ကံကြမ္မာအား ဟောပေးရန် တောင်းဆိုခဲ့ရာ ငြင်းပယ်ခံခဲ့ရသည်။ တချို့ကိစ္စများမှာ မသိသည်က ပိုကောင်း၏။ ဝန်ကြီးချုပ်ကျိုက ဟွာဂျီယူမှာ အရေးမပါသူဟု တွေးထင်ထားသည်။
ဟွာဂျီယူက ဝန်ကြီးချုပ်ကျိုအား ကြည့်လိုက်သည်။ ဝန်ကြီးချုပ်ကျိုက ဘေးအန္တရာယ်ကင်းစွာ ရောက်ရှိလာခဲ့လျှင် သူလည်း ကောင်းမွန်စွာ ပြန်လည် ရောက်ရှိလာမည် ဖြစ်သည်။ သူက တစ်ရက်နှစ်ရက် အတွင်း ပြန်လာမည်ဟု လိမ်ညာခဲ့သည်။
ဝန်ကြီးချုပ်ကျိုက ဟွာဂျီယူထံသို့ လျှောက်သွားလိုက်ပြီး သူ၏သက်စောင့် ဇယားအား ထုတ်ဖော်လိုက်သည်။ အလင်းရောင်များက ဟွာဂျီယူအား လွှမ်းခြုံသွားသည်။ တစ်ကြိမ် တွက်ချက်ပြီးနောက် ဝန်ကြီးချုပ်ကျိုက သူ၏သက်စောင့်ဝိညာဉ်ကို ပြန်သိမ်းလိုက်သည်။ သူကား ထိတ်လန့်နေသည်။ ဟွာဂျီယူအား မယုံကြည်နိုင်စွာ ကြည့်ကာ အတွေးများစွာက ခေါင်းထဲကို လာရောက် ရိုက်ခတ်နေကြသည်။ သည်လူငယ်များက မည်ကဲ့သို့သော သူများနည်း။ အဘယ်ကြောင့် သူတို့၏ကံကြမ္မာက သည်မျှ ထူးခြား ကောင်းမွန်နေရသနည်း။
နန်ဒူမိသားစုခေါင်းဆောင်က ဝန်ကြီးချုပ်ကျို၏မျက်နှာမှ အရေးတကြီးပုံဟန်ကို မြင်လျှင် ဟန်မဆောင်နိုင်တော့ဘဲ ထုတ်ဖော်မေးလိုက်သည်... “ဘယ်လိုလဲ... ဝန်ကြီး...”
**