← Chapters

ခြေထောက်ဖက်ရဖက်ရ

Vol. 56 Ch. 778

ခြေထောက်ဖက်ရဖက်ရ

Vol. 56 Ch. 778

ဇူယွမ်မှာ ချူးလုံ၏စကားများကို တည်ငြိမ်စွာ နားထောင်နေပြီးနောက် ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေကာ ချူးလင်၏ လည်မြိုကို ခပ်တင်းတင်း ညှစ်ထားလိုက်သည်။ ယခုအချိန်တွင် ချူးလင်မှာ သူ၏လုံခြုံရေးအတွက် ဓားစာခံကောင်းတစ်ယောက် ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ရိကလန်အား အပြည့်အဝ ယုံကြည်စိတ်ချနိုင်ခြင်း မရှိသောကြောင့်ပင်။

ထိုအချိန်မှာပင် ဒေါသထွက်နေသော အေးစက်စက် စကားသံတစ်ခု ထွက်ပေါ်လာသည်။ "သခင်ကြီး ချူးလုံ....နောက်မကျခင် သေချာပြန်စဉ်းစားသင့်တာက ရှင်ပါ။"

ဇူယွမ်မှ လှည့်ကြည့်လိုက်သောအခါတွင် ချူးလုံအား ဒေါသထွက်စွာ စကားဆိုနေသော ရိချိုးရွှယ်ကို တွေ့ရှိလိုက်ရသည်။ "အုပ်စိုးသူသခင်တိုက်ပွဲအတွက် စည်းမျဉ်းတွေက နယ်မြေအရှင်သခင် ကန်းယွမ်ကိုယ်တိုင် ချမှတ်ထားတာ။ ရှင်က အဲ့စည်းမျဉ်းတွေကို မလေးစားဘူးပေါ့လေ။"

"ရှင့်ကို အဲ့သတ္တိတွေ ဘယ်သူပေးလိုက်တာလဲ။ သာ့ထင်းသခင် ကုယွမ်လား။"

ချူးလုံ၏ အမူအရာမှာ ပျက်ယွင်းသွားရသည်။ သာ့ထင်းသခင် ကုယွမ် အပါအဝင် မည်သူကမှ နယ်မြေအရှင်သခင် ကန်းယွမ်၏ စည်းမျဉ်းများကို ချိုးဖောက်ရန် မဝံ့ရဲပေ။

ရိချိုးရွှယ်မှ ထိုသို့ပြောလာလိမ့်မည်ဟု ချူးလုံ ထင်မှတ်မထားခဲ့ပေ။

"အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့။ ဘယ်သူမှ နယ်မြေအရှင်သခင် ကန်းယွမ်ရဲ့ စည်းမျဉ်းတွေကို မချိုးဖောက်ရဲဘူး။ ငါအဲ့ကောင်စုတ်လေးကို ဖမ်းဖို့လုပ်တာက မို့ယွမ်ရဲ့ လက်မောင်းကို ဖြတ်ပစ်လိုက်လို့ပဲ။ အဲ့ဒါကြောင့် သူ့ကိုခေါ်သွားပြီး သာ့ထင်းသခင် ကုယွမ်ကို ရှင်းပြမလို့။" ချူးလုံမှ ခက်ထန်စွာ ပြောလိုက်သည်။

ရိချိုးရွှယ်မှ အေးစက်စွာ စကားဆိုလိုက်သည်။ "မလိုပါဘူး။ ရှင်တို့ ပြောစရာရှိရင် ကျွန်မအဖိုးကို သွားရှာလိုက်။"

"ကျွန်မအဖိုးနဲ့ မလုံလောက်ရင် ချီကျင့်သခင်မဆီ ဒီကိစ္စကို တင်ပြပေးမယ်။"

ချူးလုံ၏ အမူအရာမှာ ဖြူရော်သွားရသည်။ ဇစ်မြစ်ပင် မသိရသော လူငယ်တစ်ဦးအပေါ် ရိချိုးရွှယ်မှ ထိုမျှအကာအကွယ်ပေးလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

အခြားသော ကလန်များဆိုလျှင် ထိုသို့ကာကွယ်ပေးရဲလိမ့်မည် မဟုတ်ပေ။

ရိချိုးရွှယ်၏ အဖိုးဖြစ်သူမှာ ထျန်းယွမ်နယ်မြေ၏ အကြီးအကဲတစ်ဦး ဖြစ်နေပါသော်လည်း ကျင်ရှန်းကောင်းကင်ဂိုဏ်းအား ထိပါးစော်ကားရဲမည်မဟုတ်။

ရွှမ်ကျိုးမြို့တော်အတွင်း ချူးလုံအား အလိုမကျသော ဝေဖန်စကားသံများမှာ ပိုမိုကျယ်လောင်လာသည်။ ချူးလုံ၏ လုပ်ရပ်သည် ချူးကလန်အား သိက္ခာကျစေသည်။

ယနေ့တွင် အုပ်စိုးသူသခင်တိုက်ပွဲအား ရှုံးနိမ့်ခဲ့သည်သာမက ချူးကလန်မှာ မျက်နှာလည်း ပျက်ခဲ့ရလေပြီ။

ချူးလုံမှာ ရွေးချယ်စရာ မရှိပဲ ဒေါသများကို မြိုချလိုက်ရပြီးနောက် ဇူယွမ်အားကြည့်ကာ အော်ဟစ်လိုက်သည်။ "မြန်မြန် ချူးလင်ကို လွှတ်ပေးလိုက်။"

သူသည် ဇူယွမ်အား အလွတ်မပေးချင်ပါသော်လည်း ရိကလန်မှာ ထိုကောင်စုတ်လေးအား အဆုံးထိ ကာကွယ်ပေးမည့်ဟန် ရှိနေသည်။

ရိချိုးရွှယ်မှ ဇူယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။ "စိတ်မပူပါနဲ့။ သူ့ဘက်က အကောင်းအဆိုး နားမလည်ရင် ကျွန်မတို့ ရိကလန်ကလည်း လွှတ်မထားပါဘူး။"

ဇူယွမ်မှာ မရင်းနှီးသော နေရာတစ်ခုတွင် ကောင်းကင်ဘုံနေမင်းအဆင့် သူစိမ်းတစ်ယောက်၏ ခြိမ်းခြောက်မှုအား ခံစားနေရသဖြင့် အလွန်သတိထားနေကြောင်း ရိချိုးရွှယ်မှ သိရှိနေသည်။

ဇူယွမ်မှာ ရိချိုးရွှယ်အား ခေတ္တမျှ ကြည့်ရှုနေပြီးနောက် ချူးလင်အား လွှတ်ပေးလိုက်သည်။ ချူးလင်မှာ ဇူယွမ်အား ဒေါသထွက်စွာဖြင့် စူးစိုက်ကြည့်ရှုလိုက်သည်။

ဇူယွမ်မှာ အလေးပင်မထားဟန်ဖြင့် ပြုံးကာပြောလိုက်သည်။ "သခင်ကြီး ချူးလုံက တကယ်အထင်ကြီးစရာပဲ။ နောက်အခွင့်အသာသင့်ရင် ချူးကလန်ကို လာလည်ပါ့မယ်။"

ယခုအခြေအနေအရ မည်သို့လုပ်ဆောင်စေကာမူ ချူးကလန်နှင့် သူ၏ဆက်ဆံရေး ကောင်းမွန်လာရန်မှာ မဖြစ်နိုင်တော့ပေ။

ဇူယွမ်၏ အကျင့်စရိုက်အရလည်း ချူးကလန်နှင့် ပြေငြိမ်းရန် မဖြစ်နိုင်ပဲ အနာဂတ်တွင် အခွင့်အရေးရသည်နှင့် လက်စားချေပစ်မည်သာ ဖြစ်သည်။

ထို့ကြောင့် ချူးကလန်အား မကျေမနပ်ဖြစ်စေရန် စကားလုံးအချို့ကို ပြောဆိုလိုက်ခြင်း ဖြစ်လေသည်။

"ကောင်လေး...မင်းက စကားတော်တော်များတာပဲ။ ဒါပေမယ့် အပျော်မစောနဲ့ဦး။ မို့ယွမ် လက်မောင်းကို ဖြတ်လိုက်တာအတွက် သူ့ဆရာက မင်းကိုအလွတ်ပေးမယ် မထင်နဲ့။" ချူးလုံမှ ပြောလိုက်သည်။

"အဟက်....မင်းက ဒီမှာဘာအတွေ့အကြုံမှ မရှိသေးတော့ ထျန်းယွမ်နယ်မြေမှာ ကျင်ရှန်းကောင်းကင်ဂိုဏ်းကို အပြစ်ပြုမိရင် ဘယ်လိုဖြစ်မလဲဆိုတာ သိမှာမဟုတ်ဘူး။"

"မင်းကိုယ့်အနာဂတ် ကိုယ်တွေးထားပေါ့။"

ဇူယွမ်မှ တည်ငြိမ်စွာ စကားဆိုလိုက်သည်။ "ချူးကလန်ခေါင်းဆောင်က ကျွန်တော့်ကို စိတ်ပူပေးနေစရာ မလိုပါဘူး။"

သို့သော် ဇူယွမ်မှာ စီနီယာအမတော်ချီကျင့်နှင့် အမြန်ဆုံး တွေ့နိုင်ရန် တွေးတောလိုက်မိသည်။ သူတစ်ဦးတည်းအားဖြင့် မည်သို့မျှ ကျင်ရှန်းကောင်းကင်ဂိုဏ်းကို ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။

ချူးလုံမှာ အမူအရာ ပျက်ယွင်းသွားရသည်။ ရွှမ်ကျိုးမြို့တော် တစ်ခွင်လုံးမှာလည်း ၎င်းအား အထင်အမြင်သေးသော မျက်ဝန်းများဖြင့် ကြည့်ရှုဝေဖန်နေပြီ ဖြစ်သောကြောင့် ချူးကလန်မှ လူများနှင့်အတူ ပြိုကျနေသော အဆောက်အဦးများအတွင်း နစ်မြုပ်နေသည့် မို့ယွမ်အား ခေါ်ဆောင်ကာ ထွက်ခွာသွားတော့သည်။

ချူးလင်မှာလည်း ၎င်းတို့နှင့်အတူ တိုက်ပွဲနေရာမှ ဆုတ်ခွာသွားသည်။

ရွှမ်ကျိုးမြို့တော်တစ်ခွင်မှ လူများအားလုံးမှာ ဇူယွမ်အားကြည့်၍ ဝက်ဝက်ကွဲ အော်ဟစ်အောင်ပွဲခံလိုက်ကြသည်။

ဇူယွမ်မှာ နတ်ဘုံခန်းဝါ ဗဟိုအဆင့်သာ ရှိသေးပါသော်လည်း နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်းအတွင်း ပါဝင်သော မို့ယွမ်ကို အနိုင်ရရှိခဲ့သည်။

ဤသတင်းသာ ပျံ့နှံ့သွားပါက ဇူယွမ်၏အမည်မှာ ထျန်းယွမ်နယ်မြေတစ်ခွင် မသိသူ မရှိရအောင် ကျော်ကြားသွားပေလိမ့်မည်။

နေရာအစုံမှ ပုံရိပ်များစွာမှာ ပွဲကြည့်စင်ထက်တွင် ရှိနေသော ရိချင်းကျီတို့ထံ ပျံသန်းလာကာ ဂုဏ်ပြုစကားဆိုကြတော့သည်။

၎င်းတို့မှာ အစောပိုင်းတိုက်ပွဲတွင် မည်သည့်ဘက်ကမှ မပါဝင်ခဲ့သော ခြံစည်းရိုး ခွထိုင်နေကြသည့် ကလန်များပင် ဖြစ်သည်။ ယခုအခါတွင် ရလဒ်မှာ သဲကွဲသွားပြီဖြစ်ကာ ရှောင်ရွှမ်းစီရင်စုအား ရိကလန်မှ အုပ်ချုပ်တော့မည် ဖြစ်သောကြောင့် အလျင်အမြန် လာရောက်ထောက်ခံကြခြင်းပင်။

ရိချင်းကျီမှာ ထိုလူများကို အလိုမကျ ဖြစ်မိပါသော်လည်း ထုတ်ဖော်ပြောဆိုခြင်း မပြုပေ။

ရိချိုးရွှယ်မှာ ဇူယွမ်အနီးသို့ ပျံသန်းသွားပြီးနောက် အပေါ်ပိုင်း ဗလာဖြစ်နေသော ခန္ဓာကိုယ်အားကြည့်ကာ စနောက်လိုက်သည်။ "ဝိုး....အချိုးအစား မဆိုးဘူးပဲ။"

ဇူယွမ်မှာ ရှက်ရွံ့စွာဖြင့် ရယ်မောကာ အဝတ်အစားအချို့အား လျင်မြန်စွာ ဝတ်ဆင်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ဇူယွမ်.." ရိချိုးရွှယ်မှာ လှပဝိုင်းစက်သော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။

ဇူယွမ်ကြောင့်သာ မဟုတ်ပါက ယနေ့အုပ်စိုးသူသခင်တိုက်ပွဲတွင် ရိကလန်မှာ သေချာပေါက် ရှုံးနိမ့်နိုင်ခြေရှိပြီး အုပ်စိုးသူသခင်နေရာအား လက်လွှတ်လိုက်ရပေလိမ့်မည်။

"ကျွန်တော်က တန်ရာတန်ကြေးအတိုင်း လုပ်ပေးတဲ့သဘောပါ။" ဇူယွမ်မှ ရယ်မောကာ ပြောလိုက်သည်။

"ဘယ်လိုလဲ...ကျွန်တော်က စျေးကြီးပေမယ့် တန်တယ်မလား။"

ယခင်အချိန်၌ ထိုစကားများကိုကြားလျှင် လှောင်ပြောင်ရယ်မောမိမည် ဖြစ်ပါသော်လည်း ယခုအခါ ရိကလန်မှ လူငယ်များမှာ ပြုံးရုံသာ ပြုံးနိုင်ကြတော့သည်။ လျိုမင်သည်ပင် နေရခက်စွာဖြင့် နှုတ်ခမ်းကို တင်းတင်းဖိကိုက်ထားမိ၏။

၎င်းတို့၏ အကြည့်များတွင် ဇူယွမ်အား လေးစားရိုသေသော အငွေ့အသက်များစွာ ဖုံးလွှမ်းနေလျက် ရှိသည်။

ရိချိုးရွှယ်မှာ ပြုံးလိုက်ပြီးနောက် လေးနက်စွာ စကားဆိုလိုက်သည်။ "လုံးဝကို တန်တာပေါ့။ နတ်ဘုံခန်းဝါဆေး အလုံးတစ်ရာက အုပ်စိုးသူသခင်နေရာနဲ့ ဘယ်ယှဉ်လို့ရမလဲ။"

"အဲ့ဒါဆို ကျွန်တော် ချိုးရွှယ်ဘေးမှာ အချိန်အကြာကြီး နေပေးမယ်လေ။" ဇူယွမ်မှ ပြုံးကာပြောလိုက်သည်။

"အာ...."

ရိချိုးရွှယ်မှာ အံ့အားသင့်ကာ ရင်ခုန်သွားရသည်။ နှစ်ပေါင်းများစွာအတွင်း သူမအား ကြိုက်နှစ်သက်သူများစွာကို မြင်တွေ့ဖူးပါသော်လည်း ယခုကဲ့သို့ ပြောဆိုခြင်းမျိုး မကြုံတွေ့ခဲ့ရဖူးပေ။

"ချိုးရွှယ်သာ နတ်ဘုံခန်းဝါဆေးတွေကို ကျွန်တော်လိုသလောက် ပေးမယ်ဆိုရင်ပေါ့။" ဇူယွမ်မှ အလျင်အမြန် စကားဆက်လိုက်သည်။ လက်ရှိအချိန်တွင် သူ၏ကျင့်ကြံခြင်းအတွက် နတ်ဘုံခန်းဝါဆေးများ ရနိုင်သလောက် များများလိုအပ်နေပေသည်။ နတ်ဘုံခန်းဝါဆေး အလုံးတစ်ရာမျှဖြင့် မည်သို့မျှ လောက်ငှလိမ့်မည် မဟုတ်ပေ။

နတ်ဘုံခန်းဝါ မဟာအဆင့်သို့ တက်ရောက်နိုင်ရန်အတွက် သာမန်လူများအနေဖြင့် အဆင့်မြင့် နတ်ဘုံခန်းဝါဆေး အနည်းငယ်သာ လိုအပ်မည်ဖြစ်ပါသော်လည်း သူ၏ထူးခြားလွန်းသော နတ်ဘုံခန်းဝါ နိဗ္ဗာန်ကိုးခုအတွက်မူ များပြားလွန်းသော ပမာဏကို လိုအပ်ပေလိမ့်မည်။

ထို့ကြောင့် စီနီယာအမတော်ချီကျင့်နှင့် တွေ့ဆုံခွင့် မရမချင်း ရိချိုးရွှယ်ကို ခြေထောက်ဖက်သင့် ဖက်ထားရလိမ့်မည်ပင်။

ဇူယွမ်မှာ ထိုသို့တွေးတောမိပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် ရိချိုးရွှယ်၏ လှပသော ခြေတံအစုံကို ငေးကြည့်လိုက်မိသည်။

ရိချိုးရွှယ်မှာ အံကြိတ်လျက် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "အခု အကိုတော်က မို့ယွမ်ကိုတောင် နိုင်သွားပြီဆိုတော့ အရမ်းတန်ကြေးကြီးသွားပြီလေ။ ကျွန်မ ရှင့်ကိုဆက်ငှားဖို့ မတက်နိုင်လောက်တော့ဘူး။"

"ပြီးတော့ ရှင်က ထျန်းယွမ်နယ်မြေမှာ ဒိတ်ဒိတ်ကြဲ ဖြစ်လာတော့မှာလေ။"

ဇူယွမ်မှာ သက်ပြင်းချလိုက်မိသည်။ သူသည် နာမည်ကြီးသည် မကြီးသည်ထက် နတ်ဘုံခန်းဝါဆေးများကိုသာ အလိုရှိနေခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ရိချိုးရွှယ်ဟူသော မိန်းမငယ်လေးအား ယခုထက်ပို၍ အရူးလုပ်ရန် မဖြစ်နိုင်တော့လောက်ပေ။

ထို့ကြောင့် ရွေးချယ်စရာ မရှိပဲ စီနီယာအမတော်ချီကျင့်ကိုသာ ရှာဖွေရတော့မည် ဖြစ်လေတော့သတည်း.......

All Chapters