ကုရှီ
Vol. 56 Ch. 779
ရက်အနည်းငယ်အတွင်း ရှောင်ရွှမ်းစီရင်စု၌ ဖြစ်ပွားခဲ့သော အုပ်စိုးသူသခင်တိုက်ပွဲအကြောင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားရသည်။
ပုံမှန်အားဖြင့်ဆိုလျှင် အုပ်စိုးသူသခင်တိုက်ပွဲအကြောင်းအား မည်သူကမှ ဂရုစိုက်နေမည် မဟုတ်ပေ။ ထျန်းယွမ်နယ်မြေတွင် စီရင်စုပေါင်း ကိုးရာကျော်မျှ ရှိနေပြီး ရှောင်ရွှမ်းစီရင်စုမှာ အရေးပါသော အရပ်ဒေသတစ်ခုပင်မဟုတ်။
သို့သော် ထိုသို့အုပ်စိုးသူသခင်တိုက်ပွဲအကြား နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်းတွင် ပါဝင်နေသော မို့ယွမ်ကိုယ်တိုင် ပါဝင်ပက်သတ်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
အရေးအကြီးဆုံးအချက်မှာ မို့ယွမ် ရှုံးနိမ့်သွားခဲ့ရခြင်း ဖြစ်သည်။
သူသည် နတ်ဘုံခန်းဝါ ဗဟိုအဆင့်သာရှိသော လူငယ်လေးတစ်ဦးအပေါ် ရှုံးနိမ့်ခဲ့ရသည်။
ထျန်းယွမ်နယ်မြေအတွင်း နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်း၌ ပါဝင်နိုင်သူမှာ သုံးဆယ့်ရှစ်ယောက်သာရှိပြီး မို့ယွမ်မှာ စာရင်းအောက်ခြေပိုင်းတွင် ရှိနေသူ ဖြစ်ပါသော်လည်း မည်သူကမှ အထင်အမြင် မသေးရဲပေ။
မို့ယွမ်၏ တိုက်ပွဲစွမ်းရည်အရ သူသည် ကောင်းကင်ဘုံနေမင်းအဆင့်သို့ရောက်လျှင် ထျန်းယွမ်နယ်မြေ၏ အတော်ဆုံး ကောင်းကင်ဘုံနေမင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်ခြေ ရှိသည်။
အနာဂတ်တွင် ကောင်းမွန်သော အခွင့်အရေးများ ရရှိလာပါက သူသည် ရင်းမြစ်အခြေတည်အဆင့်သို့ပင် ရောက်ရှိနိုင်ခြေ ရှိသူဖြစ်သည်။
ထျန်းယွမ်နယ်မြေကို မဆိုထားနှင့် ဟွမ်းယွမ်ကောင်းကင်ဒေသ၌ပင် ရင်းမြစ်အခြေတည်အဆင့် ရှိသူများအား အဆင့်မြင့် ကျင့်ကြံသူများအဖြစ် သတ်မှတ်ကာ တလေးတစား ဆက်ဆံကြရသည်။
မို့ယွမ်မှာ ထိုသို့အလားအလာများစွာ ရှိသူဖြစ်ကာ ထျန်းယွမ်နယ်မြေအတွင်း ကျော်ကြားသူတစ်ဦးဖြစ်သောကြောင့် အုပ်စိုးသူသခင်တိုက်ပွဲသတင်းမှာ အရပ်မျက်နှာအစုံသို့ ပျံ့နှံ့သွားရသည်။
ဤသို့ဖြင့် မို့ယွမ်အား အနိုင်ယူခဲ့သော လူငယ်လေးအကြောင်းမှာလည်း လူပြောများလာသည်။
နောက်ခံဇစ်မြစ် မသိရပဲ နတ်ဘုံခန်းဝါ ဗဟိုအဆင့်သာရှိသေးသူ ဇူယွမ်
နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများကြား မရင်းနှီးသော အမည်တစ်ခုမှာ နေ့ချင်းညချင်းပင် ကျော်ကြားသွားရသည်။ သို့သော် ထိုသည်မှာ ထူးဆန်းသော ဖြစ်စဉ်တစ်ခု မဟုတ်ပေ။ ထျန်းယွမ်နယ်မြေမှာ ကျယ်ဝန်းလှပြီး စီရင်စု ကိုးရာကျော်မျှပင် ရှိသဖြင့် ထိုကဲ့သို့ ရွက်ပုန်းသီးပညာရှင်များ ထွက်ပေါ်လာခြင်းမှာ ပုံမှန်သာ ဖြစ်သည်။ ယင်းကဲ့သို့ ရွက်ပုန်းသီး ပညာရှင်အချို့မှာ နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်းအတွင်း ပါဝင်နေသူအချို့ထက်ပင် ထူးချွန်ကြလေ့ ရှိသည်။
၎င်းရွက်ပုန်းသီး ပညာရှင်များမှာ အလွန်မာနကြီးကြပြီး အရေးကြီးသော တိုက်ပွဲများတွင် ပေါ်ပေါက်လာတက်ကာ ပြီးပြည့်စုံသော အောင်ပွဲများကို ရယူလျက် ကမ္ဘာကြီးအား အံ့အားသင့်စေတက်ကြသည်။
ထိုသို့ရွက်ပုန်းသီး ပညာရှင်များအကြား ယခုအခါတွင် ဇူယွမ်၏ အမည်နာမမှာ ထျန်းယွမ်နယ်မြေတစ်ခွင် ပျံ့နှံ့ကျော်ကြားသွားလေပြီ။
ဇူယွမ်မှာ မို့ယွမ်အား ချနင်းလျက် အောင်မြင်ကျော်ကြားလာခဲ့ပြီးနောက် လူများမှာ ထိုအကြောင်းအရာနှင့်ပက်သတ်၍ ကျင်ရှန်းကောင်းကင်ဂိုဏ်းအပေါ် အနည်းငယ် အရိုအသေတန်လာကြသည်။
ကျင်ရှန်းကောင်းကင်ဂိုဏ်းသည် အင်အားကြီးဂိုဏ်းတစ်ခု ဖြစ်ပါသော်လည်း ကျင့်ဝတ်များနှင့် မလျော်ညီစွာ လူများစွာအပေါ် အနိုင်ကျင့်နှိပ်စက်ခဲ့ဖူးသည်။ ထို့ကြောင့် ကျင်ရှန်းကောင်းကင်ဂိုဏ်းမှ ပါရမီရှင် တပည့်တစ်ဦး ဖိနှိပ်ခံလိုက်ရသည်ကို အားလုံးမှ ကျေနပ်အားရနေကြသည်။
သို့သော် အချို့လူများမှာ ဇူယွမ်၏ အနာဂတ်အတွက် စိုးရိမ်ပူပန်နေမိကြသည်။ ဇူယွမ်မှာ အဆင်အခြင် ကင်းမဲ့စွာ ကျင်ရှန်းကောင်းကင်ဂိုဏ်းအပေါ် အပြစ်ပြုခဲ့သောကြောင့် အနာဂတ်တွင် ပြဿနာများကို ရင်ဆိုင်ရတော့မည်မှာ မလွဲမသေပင် ဖြစ်သည်။
............
ရွှမ်ကျိုးမြို့တော် ရိကလန်အတွင်း၌
ဇူယွမ်မှာ အနီရောင် နတ်ဘုံခန်းဝါဆေး နှစ်လုံးအား လက်ဝါးထက်တွင်တင်လျက် အနောက်ဘက်ပန်းခြံတွင် တိတ်ဆိတ်ငြိမ်သက်စွာ တင်ပုလ္လင်ချိတ်ထိုင်နေလေသည်။ သူ၏မျက်ဝန်းများမှာ တင်းကြပ်စွာ ပိတ်ထားပြီး အနီရောင် နတ်ဘုံခန်းဝါဆေးထံမှ သန့်စင်သော စွမ်းအင်များ ခန္ဓာကိုယ်အတွင်း အဆက်မပြတ် ဝင်ရောက်နေလျက် ရှိသည်။
နတ်ဘုံခန်းဝါဆေး၏ သန့်စင်သော စွမ်းအင်များ ခန္ဓာကိုယ်အတွင်း ဝင်ရောက်စီးဆင်းသွားပြီးနောက် နတ်ဘုံခန်းဝါ နိဗ္ဗာန်များအား သန့်စင်သွားစေသည်။
ထိုသို့သန့်စင်ရသည်မှာ အချိန်တစ်နာရီမျှ ကြာမြင့်သည်။
ဇူယွမ်မှာ မျက်ဝန်းများ ပြန်လည်ပွင့်ဟလာသည်နှင့်တစ်ပြိုင်နက် လက်ထဲတွင် ရှိနေသော အဆင့်မြင့် နတ်ဘုံခန်းဝါဆေးများမှာ အမှုန့်အဖြစ် ပြောင်းလဲသွားသည်။
ဇူယွမ်မှာ အမှုန့်ဖြစ်သွားသော နတ်ဘုံခန်းဝါဆေးများအားကြည့်ကာ ရင်နာနေမိသည်။ သူသည် ကျင့်ကြံခြင်းအတွက် တစ်နေ့လျှင် နတ်ဘုံခန်းဝါဆေး နှစ်လုံးမျှ သုံးစွဲနေရသည်။ ထိုသည်မှာ ကျင့်ကြံရေးအတွက် ကောင်းမွန်ပါသော်လည်း သုံးစွဲရသော ပမာဏမှာ ရင့်နင့်ဖွယ် ဖြစ်သည်။
သာမန်နတ်ဘုံခန်းဝါ ကျင့်ကြံသူများအနေဖြင့် အဆင့်မြင့် နတ်ဘုံခန်းဝါဆေး တစ်လုံးကို ရက်အနည်းငယ်မျှထိ သုံးစွဲနိုင်ပါသော်လည်း ဇူယွမ်အတွက်မူ တစ်နာရီဝန်းကျင်မျှပင် မခံချေ။
သို့သော်လည်း ဇူယွမ်မှာ မည်သို့မျှ မတက်နိုင်ပေ။ သူ၏နတ်ဘုံခန်းဝါ နိဗ္ဗာန်များမှာ သန့်စင်ရန် ခက်ခဲလွန်းလှသည်။
"နတ်ဘုံခန်းဝါဆေးအတွက် သေချာတဲ့ ရင်းမြစ်တစ်ခုတော့ လိုတယ်။"
ဇူယွမ်မှာ စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်မိသည်။ နတ်ဘုံခန်းဝါဆေးများသာ လိုအပ်သလောက် မရရှိနိုင်ပါက သူ၏ကျင့်ကြံခြင်းမှာ အဆပေါင်းများစွာ နှေးကွေးသွားပေလိမ့်မည်။
ထို့အပြင် သူသည် တစ်နေ့လျှင် အဆင့်မြင့် နတ်ဘုံခန်းဝါဆေး နှစ်လုံးမျှ သောက်သုံးရသည်ကို အကျင့်ပါနေပြီဖြစ်ကာ ဖြတ်တောက်လိုက်ပါက အတော်စိတ်ကသိကအောက် ဖြစ်ရလိမ့်မည်ပင်။ ပျော်မွေ့မှုကို သာယာရန်မှာ လွယ်ကူပါသော်လည်း ဆင်းရဲဒုက္ခများအား ပြန်လည်ခံစားရန်မှာ ခက်ခဲလွန်းလှသည်ဟူသော စကားပုံအတိုင်းပင် ဖြစ်သည်။
ထိုအချိန်မှာပင် ရိကလန်၏ အစေခံတစ်ဦး ရောက်ရှိလာကာ ရိချိုးရွှယ်မှ အရှေ့ဘက်ပန်းခြံသို့ လာရန်ဖိတ်ခေါ်လိုက်ကြောင်း ပြောကြားသွားသည်။
ဇူယွမ်မှ အကြောင်းအရင်း မေးမြန်းလိုက်သောအခါ ကျင်ရှန်းကောင်းကင်ဂိုဏ်းမှ တစ်စုံတစ်ဦး ရောက်ရှိလာသည်ဟု သိရှိလိုက်ရသည်။
ဇူယွမ်မှာ အနည်းငယ် အံ့အားသင့်သွားရပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ ကျင်ရှန်းကောင်းကင်ဂိုဏ်းသည် ထျန်းယွမ်နယ်မြေအတွင်း အင်အားကြီးဂိုဏ်းတစ်ခုဖြစ်သောကြောင့် ၎င်းတို့နှင့် ဆက်ဆံရေး ပြေလည်နေလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
သူသည် အဝတ်အစားများကို သပ်ရပ်အောင် လုပ်လိုက်ပြီးနောက် အရှေ့ဘက်ပန်းခြံထံ ထွက်လာလိုက်သည်။ လမ်းတလျှောက် ရိကလန်မှ လူငယ်များမှာ ယခင်ကကဲ့သို့ မဟုတ်ပဲ သူ့အား ရိုသေလေးစားစွာ နှုတ်ဆက်ကြလေသည်။
ဇူယွမ်မှာ အရှေ့ဘက်ပန်းခြံသို့ ရောက်ရှိသောအခါ၌ ရှေးဟောင်းစာသားများ ပါရှိသည့် အနီရောင်ဝတ်ရုံကို ဆင်မြန်းထားသော သက်လတ်ပိုင်းအရွယ် ပိန်သွယ်ခန့်ညားသူတစ်ဦးကို တွေ့ရှိလိုက်ရသည်။
ကျင်ရှန်းကောင်းကင်ဂိုဏ်း၏ ရှင်းဟုန်မီးလျှံခန်းမ
မို့ယွမ်၏ ဆရာဖြစ်သူ ကုယွမ်မှာ ရှင်းဟုန်မီးလျှံခန်းမ၏ သာ့ထင်းသခင်ဖြစ်ကြောင်း ကြားသိထားပါသော်လည်း ဇူယွမ်မှာ တည်ငြိမ်နေလျက်သာ ရှိသည်။
မည်သို့ပင်ဆိုစေကာမူ သူ၏ရှေ့တွင် ရှိနေသူမှာ ကောင်းကင်ဘုံနေမင်းအဆင့်သာ ရှိနေသောကြောင့် သာ့ထင်းသခင်တစ်ဦး ဖြစ်ဟန်မတူပေ။
ရိချင်းကျီနှင့် ရိချိုးရွှယ်တို့လည်း ထိုနေရာတွင် ရှိနေကြသည်။
"ဇူယွမ်...." ရိချိုးရွှယ်မှ ပြုံးပြနှုတ်ဆက်လိုက်သည်။ "ဒါက ရှင်းဟုန်မီးလျှံခန်းမက ကုရှီလို့ခေါ်တယ်။"
သူမသည် ဇူယွမ်အနီးသို့ လျင်မြန်စွာသွားလျက် တိုးညင်းစွာ စကားဆိုလိုက်သည်။ "ကျွန်မ သူ့ကိုဖိတ်ဖို့ တော်တော်ကြိုးစားထားရတာ။ ဒီမှာတင် ကိစ္စတွေ ပြေလည်သွားရင် ကောင်းမယ်။"
ဇူယွမ်မှာ အနည်းငယ် အံ့အားသင့်သွားရသည်။ သူသည် အခြားသော ကောင်းကင်ဒေသမှ လာရောက်ခဲ့သူ ဖြစ်သဖြင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိသော နေရာမျိုးတွင် ကျင်ရှန်းကောင်းကင်ဂိုဏ်းနှင့် ရန်စရှိရန် မကောင်းပေ။ ထို့ကြောင့် ရိချိုးရွှယ်မှာ သူ့အတွက် အစစအရာရာ ပြင်ဆင်ပေးခဲ့သည်။
ဇူယွမ်မှာ ကျေးဇူးတင်ဟန်ဖြင့် ရိချိုးရွှယ်အား ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူ့အား အလေးပင်ထားပုံမရသော ကုရှီကို လှမ်း၍ကြည့်ရှုလိုက်သည်။
ရိချိုးရွှယ်မှ ပြုံးကာမိတ်ဆက်ပေးလိုက်သည်။ "ဒါက ဇူယွမ်ပါ။"
ကုရှီမှ လက်ကိုခါယမ်းကာ ပြောလိုက်သည်။ "သိပါတယ်....သူကဒီရက်ပိုင်း အရမ်းနာမည်ကြီးနေတာပဲမလား။"
ရိချိုးရွှယ်မှာ မည်သို့စကားဆက်ရမည် မသိပဲ ကသိကအောက် ဖြစ်နေရသည်။ ကုရှီမှာ ခုံတစ်လုံးပေါ် ထိုင်ချလိုက်ပြီးနောက် လက်ဖက်ရည်ခွက်အားမြှောက်ကာ စကားဆိုလိုက်သည်။ "သခင်မလေး ချိုးရွှယ်က ကိုယ်တိုင်လာဖိတ်လို့ ငါဒီကိုလာခဲ့တာ။ ငါနဲ့ရိကလန်ကလည်း ဆက်ဆံရေး ကောင်းတယ်လေ။ အဲ့ဒါကြောင့် ငါရှင်းရှင်းပဲပြောမယ်။"
"မို့ယွမ်သတင်းက သာ့ထင်းသခင် ကုယွမ်ဆီ ရောက်ပြီးပြီ။ သခင်ကြီးက ဒီကိစ္စကို သိပ်တော့ကျေနပ်ပုံ မရဘူး။ ဒါပေမယ့် သူက ဂျူနီယာတစ်ယောက်ကို စိတ်ထဲထားရအောင်ထိ အမြင်ကျဉ်းတဲ့သူ မဟုတ်ပါဘူး။"
"ပြီးတော့ သခင်ကြီးက မင်းရဲ့အရည်အချင်းကို သဘောကျနေတယ်။ အဲ့ဒါကြောင့် ကျင်ရှန်းကောင်းကင်ဂိုဏ်းရဲ့ တပည့်အဖြစ် လက်ခံမယ့်အကြောင်း ပြောလိုက်တယ်။"
ရိချိုးရွှယ်မှာ ပျော်ရွှင်ကျေနပ်သွားရသည်။
ဇူယွမ်မှာမူ မျက်မှောင်ကျုံ့လိုက်မိသည်။ သူ၏ဆရာသခင်သည် နယ်မြေအရှင်သခင် ကန်းယွမ်ဖြစ်သောကြောင့် သာ့ထင်းသခင် ကုယွမ်ထံ၌ တပည့်ခံရန် မဖြစ်နိုင်ပေ။
ထိုအချိန်မှာပင် ကုရှီမှ စကားဆက်လိုက်သည်။
"ဒါပေမယ့်....."
ကုရှီ၏ လေသံမှာ အနည်းငယ် ခက်ထန်သွားသည်။ "မင်းက မို့ယွမ်ရဲ့ လက်မောင်းကိုဖြတ်ပြီး ငါတို့ရှင်းဟုန်မီးလျှံခန်းမကို အများကြီး ဆုံးရှုံးစေခဲ့တဲ့အတွက် လျော်ကြေးတော့ ရှိသင့်တယ်လေ...ဟုတ်တယ်မလား။ တိုက်ပွဲမှာ မင်းသုံးသွားတဲ့ အဆင့်မြင့် ကောင်းကင်ဘုံကျင့်စဉ်တွေက မဆိုးဘူး။ အဲ့ကျင့်စဉ်တွေကို ငါတို့ဂိုဏ်းကို ပေးမယ်ဆိုရင် မင်းကိုတပည့်အဖြစ် လက်ခံပေးပြီး ဖြစ်ခဲ့တဲ့ကိစ္စတွေအားလုံး မေ့ပစ်ပေးမယ်။"
"ဟားဟား.....မင်းလည်း အဲ့အဆင့်မြင့် ကောင်းကင်ဘုံကျင့်စဉ်တွေကို မတော်တဆ ရခဲ့တာမလား။ ကောင်လေး....မင်းက ကံတော်တော်ကောင်းတာပဲ။ ဒီလိုအဖြစ်မျိုးက ထျန်းယွမ်နယ်မြေမှာတောင် ဖြစ်ခဲတယ်။"
ထိုစကားနှင့်အတူ ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားရလေတော့သတည်း...