← Chapters

ငြင်းပယ်ခြင်း

Vol. 56 Ch. 780

ငြင်းပယ်ခြင်း

Vol. 56 Ch. 780

အရှေ့ဘက်ပန်းခြံမှည အလွန်တိတ်ဆိတ်ငြိမ်သက်နေလျက် ရှိသည်။

ရိချိုးရွှယ်မှာ ကူကယ်ရာမဲ့စွာဖြင့် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

သူမ ဒေါသများကို မြိုချထားလျက် စကားဆိုလိုက်သည်။ "ဒါက နည်းနည်းတော့ တရားမလွန်ဘူးလား။"

"သူလုပ်ခဲ့တဲ့ အပြစ်အတွက် ပြန်ပေးရမှာပဲ မဟုတ်ဘူးလား။ မှတ်ထားစမ်းပါ။ ငါက သူကောင်းဖို့ ပြောနေတာ။" ကုရှီမှ ပြောလိုက်သည်။

သူ၏အမြင်တွင်မူ ဇူယွမ်မှာ မည်မျှပင် အရည်အချင်း ရှိနေပါစေ နောက်ခံမရှိသူ ဖြစ်သည်။ သာ့ထင်းသခင်၏ ထောက်ခံချက်ဖြင့် ကျင်ရှန်းကောင်းကင်ဂိုဏ်း၏ တပည့်ဖြစ်လာလျှင် ချက်ချင်းဆိုသလို ကောင်းကင်ဘုံသို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်လာလိမ့်မည်။

ထို့ကြောင့် အဆင့်မြင့် ကောင်းကင်ဘုံကျင့်စဉ် နှစ်ခုလောက်အား ဝမ်းသာအားရစွာ ပေးအပ်သင့်ပေသည်။

ဇူယွမ်သာ ဦးနှောက်ရှိပါက ထိုမျှအချက်အား နားလည်သင့်၏။

ကုရှီမှ ဇူယွမ်အားကြည့်ကာ မေးလိုက်သည်။ "မင်းရော ဘယ်လိုထင်လဲ။"

ဇူယွမ်မှ တည်ငြိမ်စွာ ပြောလိုက်သည်။ "တောင်းပန်ရမယ် ဟုတ်လား။ ဘာလဲ....ကျင်ရှန်းကောင်းကင်ဂိုဏ်းက တပည့်တွေကို အနိုင်ယူမိတဲ့သူမှန်သမျှ ခင်ဗျားတို့ဆီ လာတောင်းပန်ရတာလား။"

"ခြင်္သေ့နဲ့ ကျားနဲ့ တိုက်ပွဲက ခမ်းနားပြီး လှပတယ်ဆိုပေမယ့် ကျားနှုတ်ခမ်းမွှေးကို နှုတ်ချင်တဲ့ ကြွက်ကတော့ ရယ်စရာ ကောင်းမနေဘူးလား။" ကုရှီမှ ပြောလိုက်သည်။

ဇူယွမ်မှာ ပြုံးလိုက်ပြီးနောက် ထိုင်ခုံတစ်လုံးပေါ်ထိုင်ကာ စကားဆိုလိုက်သည်။ "ထားလိုက်ပါတော့။ ကျွန်တော်က ခင်ဗျားတို့ဂိုဏ်းထဲဝင်ဖို့ အရည်အချင်း မရှိဘူး။"

ကုရှီမှ လက်ဖက်ရည်ခွက်အား ဆောင့်ချကာ ပြောလိုက်သည်။ "မင်းက ငါတို့ဂိုဏ်းကို ငြင်းရဲတယ်ပေါ့။ လူငယ်တွေ ကိုယ်ကိုယ့်ကို ယုံကြည်ချက် ရှိတာကောင်းပေမယ့် ဘဝင်မြင့်နေတာတော့ မဟုတ်သေးဘူးနော်။"

ဇူယွမ်မှာ ထိုစကားကို အလေးပင်ထားပုံမရပေ။

ကုရှီမှာ ထိုင်ခုံမှထလိုက်ပြီးနောက် အေးစက်စွာ ပြောလိုက်သည်။ "မင်းက တကယ် အကောင်းအဆိုး နားမလည်တဲ့ကောင်ပဲ။ မင်းအော်ဟစ်တောင်းပန်ရမယ့် အချိန် ရောက်ကိုရောက်လာလိမ့်မယ်။"

ထို့နောက် ရိချိုးရွှယ်အားကြည့်ကာ စကားဆိုလိုက်သည်။ "မင်းက ဒီလိုကောင်နဲ့ ငါတို့ကို ပြေလည်စေချင်တာပေါ့။ အဟက်....ငါတို့ ကျင်ရှန်းကောင်းကင်ဂိုဏ်းက လက်မခံနိုင်ဘူး။"

ထိုစကားနှင့်အတူ ကုရှီမှာ ပျောက်ကွယ်သွားတော့သည်။

ရိချိုးရွှယ်မှာ အလိုမကျဟန်ဖြင့် မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။ "သူက အရမ်းတရားလွန်တာပဲ။"

သူမသည် ကုရှီအား တကူးတကပင် ဖိတ်ခေါ်ခဲ့ပါသော်လည်း ကျင်ရှန်းကောင်းကင်ဂိုဏ်းအနေဖြင့် ရိကလန်အား အနည်းငယ်မျှပင် မျက်နှာသာမပေးခဲ့ချေ။

"ချိုးရွှယ်ရဲ့ ကောင်းစေချင်တဲ့ စေတနာကို နားလည်ပါတယ်။ ဒါပေမယ့် ချိုးရွှယ်ကို ပြဿနာ မတက်စေချင်ဘူး။"

ဇူယွမ်မှာ ကျင်ရှန်းကောင်းကင်ဂိုဏ်းနှင့် ဆက်ဆံရေး ပြေလည်လိုပါသော်လည်း ၎င်းတို့၏ပုံစံမှာ မောက်မာလွန်းလှသည်။

ရိချိုးရွှယ်မှ အံကြိတ်ကာ စကားဆိုလိုက်သည်။ "ကျွန်မတို့ရဲ့ ရိကလန်ကြောင့် ရှင်က ကျင်ရှန်းကောင်းကင်ဂိုဏ်းနဲ့ အဆင်မပြေ ဖြစ်သွားရတာလေ။ ကျွန်မ ဘယ်လိုလုပ် ထိုင်ကြည့်နေနိုင်မှာလဲ။"

"တကယ်ဆို သူတို့မကျေနပ်တာကို ကျွန်မတို့ ရိကလန်နဲ့ လာရှင်းရမှာ။ ဒါပေမယ့် ရှင့်မှာ နောက်ခံအင်အား မရှိမှန်းသိလို့ သက်သက်ကို အနိုင်ကျင့်နေတာပဲ။"

သူမ အသက်ပြင်းပြင်းရှူလျက် စကားဆက်လိုက်သည်။ "ဒါပေမယ့် မပူပါနဲ့။ နှစ်ရက်အတွင်း ရွှမ်ကျိုးမြို့တော်မှာရှိတဲ့ ကွမ်းကျန်လဲ့နဲ့ ထျန်းယွမ်ရှန်းဟွဆီ သွားနိုင်တော့မယ်။ အဲ့အချိန်ကြရင် ကျွန်မ ချီကျင့်သခင်မဆီသွားပြီး ဖြစ်သမျှအကုန်လုံးကို အစီရင်ခံပေးမယ်။ တကယ်လို့ ချီကျင့်သခင်မက ရှင့်ကိုသဘောကျတယ်ဆိုရင် ကျင်ရှန်းကောင်းကင်ဂိုဏ်းကလည်း ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး။"

"ဒါပေမယ့် ချီကျင့်သခင်မက တော်ရုံနဲ့တော့ သဘောမကျတက်ဘူး။ နှစ်ပေါင်းများစွာအတွင်း သူမ တွေ့ခဲ့ရတဲ့ ပါရမီရှင်တွေက နည်းနည်းနောနောမှ မဟုတ်တာ။ သူမ တစ်ယောက်ယောက်ကို စိတ်တိုင်းကျဖို့လည်း တကယ်မလွယ်ဘူး။" ရိချိုးရွှယ်မှာ အနည်းငယ် ပူပန်နေမိသည်။

"ပြီးတော့ ကျင်ရှန်းကောင်းကင်ဂိုဏ်းက ဝင်ပါလာမှာကိုလည်း စိတ်ပူတယ်။"

"ချီကျင့်သခင်မက နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူတစ်ယောက်အတွက်နဲ့တော့ ကျင်ရှန်းကောင်းကင်ဂိုဏ်းနဲ့ ဆက်ဆံရေးကို ပျက်စီးခံမယ် မထင်ဘူး။ ကျင်ရှန်းကောင်းကင်ဂိုဏ်းနဲ့ သူမဆက်ဆံရေးက အရင်ထဲက မကောင်းဘူးဆိုပေမယ့် ထပ်ပြီးမျက်နှာပျက်ခံမယ်တော့ မထင်မိဘူး။"

ရိချိုးရွှယ်မှာ မျက်မှောင်ကျုံ့လျက် စိတ်ညစ်သွားမိသည်။

ဇူယွမ်မှာ လင်းလက်နေသော မျက်ဝန်းအစုံဖြင့် စကားဆိုလိုက်သည်။ "မပူပါနဲ့။ ကျွန်တော့်စိတ်ထဲမှာ ချီကျင့်သခင်မနဲ့ အဆင်ပြေမယ်လို့ ခံစားနေရတယ်။ ကြိုးစားကြည့်တာ မမှားပါဘူး။ ကျွန်တော့်ကို ချီကျင့်သခင်မဆီ ခေါ်သွားပေးပါ။"

ရိချိုးရွှယ်နှင့် ရိချင်းကျီ နှစ်ဦးစလုံးမှာ အရေထူလွန်းသော ဇူယွမ်၏ပုံစံကြောင့် အံ့အားသင့်နေမိသည်။

ချီကျင့်သခင်မမှာ ထျန်းယွမ်နယ်မြေ၏ အရေးအပါဆုံးသူတစ်ဦးဖြစ်ကာ ကောင်းကင်ဘုံနေမင်းအဆင့် ကျင့်ကြံသူများကိုပင် အရေးစိုက်သူ မဟုတ်။ အဘယ့်ကြောင့် နတ်ဘုံခန်းဝါအဆင့်သာရှိသော ဇူယွမ့်ကို ဂရုစိုက်နေမည်နည်း။

မို့ယွမ်အား အနိုင်ရရုံမျှဖြင့် ချီကျင့်သခင်မက အလေးထားစရာ အကြောင်းမရှိပေ။

ရိချိုးရွှယ်မှာ ကူကယ်ရာမဲ့စွာဖြင့် ပြုံးရယ်လိုက်မိသည်။

ဇူယွမ်မှာ ရိချိုးရွှယ်နှင့် ရိချင်းကျီတို့၏ အကြည့်များကြောင့် မည်သို့စကားဆက်ရမည်ကို မသိတော့ပေ။ ချီကျင့်သခင်မသည် စီနီယာအမတော် ဖြစ်သည်ကို ပြောပြလိုက်သင့်လား။

ထိုသို့ပြောလိုက်လျှင်လည်း မဖြစ်။

ပြောလည်းမပြောသင့်ပေ။

ထို့ကြောင့် ဇူယွမ်မှာ အရှက်မရှိဟန်ဖြင့်သာ ခပ်တည်တည် နေနေရသည်။

"ကောင်းပြီလေ။ နောက်နှစ်ရက်ဆို ကျွန်မတို့ သွားကြတာပေါ့။" ရိချိုးရွှယ်မှ စိတ်ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ကြိုးစားကြည့်ရမည်ပင် ဖြစ်သည်။

ဇူယွမ်မှာ စိတ်သက်သာရာ ရသွားရသည်။ "ချိုးရွှယ်ကို ကျေးဇူးတင်ပါတယ်။"

ချီကျင့်သခင်မမှာ ထျန်းယွမ်နယ်မြေ၏ အရေးအပါဆုံးသူတစ်ဦးဖြစ်သောကြောင့် အဆက်အသွယ် မရှိလျှင် နတ်ဘုံခန်းဝါအဆင့်ကို မဆိုထားနှင့် ကောင်းကင်ဘုံနေမင်းအဆင့် ရောက်ရှိသွားလျှင်ပင် ဇူယွမ်မှာ တွေ့ဆုံခွင့်ရလိမ့်မည် မဟုတ်ပေ။

ရိချိုးရွှယ်၏ အဆက်အသွယ်မှာ သူ့အတွက် အလွန်ကောင်းမွန်သော အခွင့်အရေး ဖြစ်သည်။

ရိချိုးရွှယ်မှာ ပြုံးရွှင်နေသော ဇူယွမ်အားကြည့်လျက် ခါးသက်စွာ ရယ်မောလိုက်မိသည်။

အဘယ့်ကြောင့် ထိုလူငယ်လေးမှာ အလွန်ယုံကြည်ချက် ပြင်းထန်နေရပါသနည်း။

..........

နှစ်ရက်မျှသော အချိန်မှာ လျင်မြန်စွာပင် ကုန်ဆုံးသွားခဲ့သည်။

ရွှမ်ကျိုးမြို့တော်၏ အလယ်ဗဟိုရှိ ကွမ်းကျန်လဲ့ အပြင်ဘက်၌

အလင်းတန်းများ ရာချီထွက်ပေါ်နေသော မြင့်မားလှသည့် စင်မြင့်ကြီးတစ်ခုရှိနေပြီး ရှေးဟောင်းစာလုံးများနှင့် အမှတ်သင်္ကေတများ လည်ပတ်နေလျက် ရှိသည်။

ဇူယွမ်နှင့် ရိချိုးရွှယ် နှစ်ဦးစလုံးမှာ ကွမ်းကျန်လဲ့ (တည်နေရာရွှေ့ပြောင်းအစီရင်) အပြင်ဘက်တွင် ရပ်နေကြသည်။

"ဒီကွမ်းကျန်လဲ့က ထျန်းယွမ်ရှန်းဟွနဲ့ စီရင်စုတွေအားလုံးကို ချိတ်ဆက်ပေးထားတဲ့နေရာပဲ။ ဒါပေမယ့် ချိတ်ဆက်ထားတဲ့ နေရာတွေ အရမ်းများလို့ တစ်လမှာ နှစ်ရက်ပဲ ထျန်းယွမ်ရှန်းဟွဆီ ရောက်နိုင်တယ်။ အဲ့နှစ်ရက်အတွင်း မသွားဖြစ်ခဲ့ရင် နောက်တစ်လ ထပ်စောင့်ရမှာ။" ရိချိုးရွှယ်မှ ရှင်းပြလိုက်သည်။

ဇူယွမ်မှ ခေါင်းညိတ်ပြလိုက်သည်။ ဤကွမ်းကျန်လဲ့သည် ဆရာသခင် ကန်းယွမ် တည်ဆောက်ပေးခဲ့သည်နှင့် မနှိုင်းယှဉ်နိုင်ပါသော်လည်း အလွန်ထူးခြားနေဆဲ ဖြစ်သည်။

"ဟားဟား.....တော်တော်လောနေကြတာပဲ။ ဘာလဲ...ထျန်းယမ်ရှန်းဟွဆီ သွားမလို့လား။" စကားသံအား ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သောအခါ ကုရှီအား တွေ့ရှိလိုက်ကြရသည်။

ကုရှီ၏နောက်တွင်မူ ဇူယွမ်အား စားမတက် ဝါးမတက် ကြည့်ရှုနေသော ချူးလင် လိုက်ပါလာသည်။

ရိချိုးရွှယ်မှာ ၎င်းတို့အား မြင်တွေ့လိုက်ရသောကြောင့် မျက်မှောင်ကျုံ့မိလိုက်သည်။

ကုရှီမှာ အနီးသို့ လျှောက်လှမ်းလာကာ စကားဆိုလိုက်သည်။ "အတော်ပဲ။ ငါလည်း ထျန်းယွမ်ရှန်းဟွဆီ သွားစရာရှိတယ်။ အတူသွားကြတာပေါ့။"

ရိချိုးရွှယ်မှာ အမူအရာ ပျက်ယွင်းသွားရသည်။ ထျန်းယွမ်ရှန်းဟွထံ ကုရှီသွားရောက်သည်မှာ ကောင်းသောအရေးကိစ္စ မဟုတ်လောက်ပေ။

ကုရှီမှ ဇူယွမ်အားကြည့်လျက် ပြုံးကာပြောလိုက်သည်။ "ကောင်လေး....ငါမင်းကို နောက်ဆုံးအခွင့်အရေးပေးမယ်။"

"ပါးစပ်ပိတ်ထားလိုက်တော့။"

ဇူယွမ်မှ ပိတ်ပြောပစ်လိုက်သည်။

ကုရှီမှာ ဒေါသထွက်သွားရပြီးနောက် ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလိုက်ပါသော်လည်း ရိချိုးရွှယ်မှ အလျင်အမြန် အော်ဟစ်လိုက်သည်။ "ကုရှီ....ရှင့်မှာ သိက္ခာမရှိဘူးလား။"

ကုရှီမှာ အလိုမကျဟန်ဖြင့် ချီစွမ်းအင်များကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ "အဟက်....မင်းဘယ်လောက်ထိ မောက်မာနိုင်မလဲ ကြည့်ရသေးတာပေါ့။"

ထို့နောက် ကုရှီမှာ ကွမ်းကျန်လဲ့အတွင်း ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

ဇူယွမ်မှာ ထိုအချိန်ထိပင် စိတ်အလိုမကျသကဲ့သို့ ခံစားနေမိသည်။

ရိချိုးရွှယ်မှ အသက်ပြင်းပြင်းတစ်ချက်ရှူထုတ်ကာ စကားဆိုလိုက်သည်။ "ဇူယွမ်...ကျွန်မတို့ သွားရအောင်။"

သူမ ကွမ်းကျန်လဲ့အတွင်း ဝင်ရောက်သွားသည်။

ဇူယွမ်မှာ နီးကပ်စွာ လိုက်ပါလာလျက် သိလိုစိတ်များစွာဖြင့် နှုတ်ခမ်းအစုံကို လျှာဖြင့် သပ်လိုက်မိသည်။

အဆုံးသတ်တွင် သူ၏စီနီယာအမတော် ချီကျင့်နှင့် တွေ့ဆုံရတော့မည်ပင် ဖြစ်လေတော့သတည်း.....

All Chapters