← Chapters

ပြိုင်ဘက်ကင်း

Vol. 31 Ch. 442

ပြိုင်ဘက်ကင်း

Vol. 31 Ch. 442

အခန်း (၄၄၂) ပြိုင်ဘက်ကင်း

သွေးနီတိမ်တိုက်ဂိုဏ်းချုပ် ‘လုမင်’ ၏ စိတ်ထဲတွင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်တစ်ခုကို ဖြစ်တည်လာသည်။

သူတို့ သိုင်းဂိုဏ်း (၃) ဂိုဏ်းပူးပေါင်းပြီး အနောက်ဒေသသို့ကျူးကျော်ရသည့် အဓိကပစ်မှတ်မှာ နဂါးစိမ်းတောင်ကို အမြစ်ပြတ် ချေမှုန်းရန် ဖြစ်၏။

နဂါးစိမ်းဂိုဏ်းအပြင် နှင်းကြိုးကြာဂိုဏ်းကိုလည်း ချေမှုန်းရမည်ဖြစ်သည်။ ထိုဂိုဏ်းက အားနည်းသယောင်ထင်မှတ်ရသော်လည်း တကယ်တမ်းတွင် ထူးခြားသောစွမ်းအားများကို ပိုင်ဆိုင်ထားသည် မဟုတ်လား။

ထိုအချက်က လုမင်နှင့် အခြားဂိုဏ်းချုပ် (၂)ယောက်ကို မကျေမနပ်ဖြစ်စေသောကိစ္စပင်။

သူတို့အားလုံးက ရန်ကျောက်ကဲကို ခပ်ပေါ့ပေါ့ တွေးခဲ့ကြသည်။ ရန်ကျောက်ကဲထက် သူ့တွင်ရှိနေသော ဖီရှိုးသတ္တဝါက ပိုမိုအရေးကြီးသည်ဟု ယူဆခဲ့ကြသည်။

သို့သော် ယနေ့အဖြစ်အပျက်၏အမှန်တရားကို ရန်ကျောက်ကဲက ထုတ်ဖော်ပြောလိုက်သည့်အခါ သူတို့ဦးခေါင်းထက်သို့ ကြီးမားသောသံတုတ်ကြီးဖြင့် ရိုက်နှက်ခံရသလို အချိန်အတန်ကြာ ခေါင်းမဖော်ဝံ့အောင် ရှိကြသည်။

ယခု သူတို့အားလုံး အသက်အန္တရယ်ရှိမည်ဆိုလျှင်တောင်မှ ဤထိပ်သီးသိုင်းဂိုဏ်းကြီး (၃) ဂိုဏ်းက နဂါးစိမ်းတောင်အပေါ် ထားရှိသော အတွေးအမြင်နှင့် သဘောထားကွဲလွဲမှုများကို သည်းခံရန် ပို၍ခက်ခဲမည်သာ။

ရန်ကျောက်ကဲ၏ အဆင့်မြင့်မှော်ဝင်ဓားဖြစ်သော ‘အစိမ်းရောင်ချောက်နက်ဓား’ က အစိမ်းရောင်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သူ၏အင်္ကျီလက်ထဲမှ ပျံသန်းထွက်ခွာသွားသည်။

လုမင် သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်၏။

ရန်ကျောက်ကဲ၏ ဓားဝိညာဉ်က သူတို့ဂိုဏ်း၏ထိပ်တန်းရတနာပစ္စည်းဖြစ်သော အနီရောင်ဘူးသီးခြောက်ကို ခုတ်ပိုင်းချလိုက်သည့်အခါ လုမင်က ရှည်လျားသည့် ကြုံးဝါးသံတစ်သံ အော်ဟစ်လိုက်သည်။

သူက လက်နှစ်ဖက်ယှက်လိုက်ပြီး အနီရောင်ဘီးသီးခြောက်ကို ရိုက်ချလိုက်ရာ ဘူးသီးခြောက်အတွင်းမှ သွေးနီရောင်အလင်းတန်းများ ပျံသန်းထွက်ပေါ်လာသည်။

လုမင်က ကြုံးဝါးသံတစ်ချက်ပြုရင်း သွေးစွမ်းအားအနှစ်သာရတစ်ပွက်ကို အန်ထုတ်လိုက်သည်။ ထိုသွေးများက အနီရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲသွားပြီး အနီရောင်ဘူးသီးခြောက် ပတ်ပတ်လည်တွင် လှည့်ပတ်နေသည်။

အစိမ်းရောင်အလင်းတန်းနှင့် သွေးနီရောင်အလင်းတန်းများ ရောယှက်သွားပြီး စုပ်ယူနိုင်စွမ်းပြင်းထန်လွန်းသော ဝဲဂယက်တစ်ခု ဖြစ်တည်လာသည်။ ထိုဝဲဂယက်က ဆာလောင်မွတ်သိပ်နေသည့် သားရဲကြီးတစ်ကောင်ပမာ အသက်ဝင်လာပြီး ပတ်ဝန်းကျင်မှ အရာအားလုံးကို ဝါးမျိုပစ်တော့မည့်အလား ထင်မှတ်ရသည်။

ထိုဝဲဂယက်မှထွက်ပေါ်လာသည့် အသံများက ဆာလောင်မွတ်သိပ်သဖြင့် ဝမ်းဗိုက်အတွင်းမှ ထွက်ပေါ်လာသော အသံများကဲ့သို့ပင်။

တစ်ချိန်တည်းမှာပင် ဆံပင်ဖြူအဘိုးအို ‘လုမင်’နှင့် အခြားသော သွေးနီတိမ်တိုက်ဂိုဏ်းမှ အကြီးအကဲများ၏ ဦးခေါင်းထက်တွင် မရေမတွက်နိုင်သော အလင်းသင်္ကေတများထွက်ပေါ်လာကြသည်။

တောက်ပနေသော အလင်းသေင်္ကတများကြားတွင် အစိမ်းရောင်နှင့် သွေးနီရောင်အလင်းတန်းများရောယှက်လျှက် သွေးနီတိမ်တိုက်များအလယ်တွင် ကြီးမားသော အပြာရောင်ငှက်ကြီးတစ်ကောင်ထွက်ပေါ်လာပြီး အတောင်ပံများကို ဖြန့်ကားလိုက်သည်။

သွေးနီတိမ်တိုက်ဂိုဏ်းမှ အတော်ဆုံးကျင့်ကြံသူ ‘လုမင်’ ဦးဆောင်ပြီး ထိပ်တန်းသိုင်းသမားများစွာ စွမ်းအားစုစည်းလျှက် သူတို့ဂိုဏ်း၏ အပြင်းထန်ဆုံးတိုက်ပွဲအစီအရင်ဖြစ်သော “အပြာရောင်ငှက်ကောင်းကင်အစီအရင်ကြီး” ကို စတင်ထုတ်ဖော်လိုက်ကြခြင်း ဖြစ်၏။

အပြာ‌ရောင်ငှက်ပုံရိပ်က ရှည်လျားကြည်လင်သော အော်မြည်သံကိုပြုလိုက်ပြီး အတောင်များကိုဘေးနှစ်ဖက်သို့ ဖြန့်ကားလျှက် မိုးမြေတစ်ခွင်ကိုလွှမ်းခြုံကာ ရန်ကျောက်ကဲဆီသို့ ဝင်ရောက်လာသည်။

တစ်ချိန်တည်းမှာပင် ခရမ်းရောင်တိမ်တိက်များကြားမှ မိုးခြိမ်းသံများ ပြင်းထန်စွာ ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲ၏ ကြောက်မက်ဖွယ်ရာစွမ်းအားကို တွေ့မြင်လိုက်သည်နှင့် မိုးကြိုးဂိုဏ်းချုပ်က မည်သည့်အရာကိုမှ အရေးမစိုက်တော့ဘဲ သူ၏ဂိုဏ်းသားများကို ဦးဆောင်ကာ အလျှင်အမြန် ဝင်ရောက်တိုက်ခိုက်လိုက်ခြင်းပင်။

နေရာတိုင်းတွင် လျှပ်စီးများလင်းလက်လာပြီး ခြင်္သေ့တစ်ကောင်နှင့်ဆင်တူသော ပုံရိပ်ကြီးတစ်ခု မိုးကြိုးတိမ်တိုက်များကြားမှ ထွက်ပေါ်လာသည်။ အတိအကျဆိုရလျှင် ထိုပုံရိပ်ကြီးက မီးခြူးတစ်ကောင်နှင့် ပို၍ဆင်တူသည်။

မိုးကြိုးဂိုဏ်း၏ အမြင့်ဆုံးသွေးစွမ်းအားက သွေးနှောမီးခြူးဖြစ်သည့်တိုင် ၎င်း၏စွမ်းအားက မီးကျီးကန်းနှင့် အပြာရောင်ငှက်တို့ထက် နိမ့်ကျခြင်း မရှိပေ။

အစီအရင်က တဖြည်းဖြည်း ကျယ်ပြန့်လာပြီး မီးခြူးဟိန်းသံကြီး ကျယ်လောင်စွာထွက်ပေါ်လာကာ ပြင်းထန်သော မိုးကြိုးစွမ်းအားများက ရန်ကျောက်ကဲထံသို့ တဟုန်ထိုးဝင်ရောက်လာသည်။

မိုးခြိမ်းသံများက လှိုင်းလုံးကြီးများပမာ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ရန်ကျောက်ကဲကို ဝါးမြိုသွားတော့မည့်အလား ထင်မှတ်ရ၏။

ရန်ကျောက်ကဲက ခပ်ပေါ့ပေါ့ပင် ရယ်မောရင်း...

“မိုးခြိမ်းတော့သာအကျယ်ကြီး... ရွာတော့ မိုးဖွဲလေးပဲ”

ထို့နောက် သူ့ခန္ဓာကိုယ်မှ ထူးဆန်းသည့် ငွေဖြူရောင်လျှပ်စီးတစ်ချက် လင်းလက်လာသည်။

ငွေဖြူရောင်လျှပ်စီး ရုတ်တရက် ပျောက်ကွယ်သွားပြီး အနက်ရောင်အရိပ်တစ်ခု ထွက်ပေါ်လာကာ ဝင်ရောက်လာသော မီးခြူးပုံရိပ်ကြီးကို လွှမ်းခြုံသွားသည်။

သူတို့မျက်စိရှေ့မှ လောကတစ်ခုလုံး မှောင်မိုက်သွားသကဲ့သို့ မိုးကြိုးဂိုဏ်းသားများအားလုံး ခံစားလိုက်ရသည်။ ကျယ်လောင်သောမိုးခြိမ်းသံများ ရုတ်ချည်းတိတ်ဆိတ်သွားပြီး အသံကင်းမဲ့သွားသည်။

“ထာဝရညမိုးကြိုး”

မိုးကြိုးမီးခြူးအစီအရင်မှာ အဆုံးမရှိသော အမှောင်ထုထဲတွင်ပိတ်မိနေပြီး မိုးကြိုးစွမ်းအားဖြင့် ဖောက်ခွဲထွက်နိုင်မှသာ အလင်းရောင်ကို တစ်ဖန်ပြန်လည် တွေ့မြင်ရမည် ဖြစ်သည်။  သို့သော် သူတို့အလင်းရောင်ကို ပြန်မြင်သည့်အချိန်တွင် အရှုံးကိုရင်ဆိုင်နေရလောက်ပေပြီ။

ထာဝရညမိုးကြိုးဓားဖြင့် မိုးကြိုးမီးခြူးအစီအရင်ကြီးကို တားဆီးပြီးသည်နှင့် ရန်ကျောက်ကဲက ဟက်ခနဲ ရယ်မောရင်း ဓားကိုလှည့်ပတ်လိုက်သည်။ နဂါးအစစ်သဏ္ဌန်ရှိသော ဓားဝိညာဉ်ထွက်ပေါ်လာပြီး နဂါးမျက်လုံးများ ဖွင့်ဟလာကာ ရှည်လျားသော ကြုံးဝါးသံကြီးတစ်သံ ထွက်ပေါ်လာ၏။

ကြီးမားသော နဂါးကြီးက တိမ်ကိုထိုးခွင်းလျှက် တောင်များထက်မှ ကျောက်သားများကိုပင် အက်ကွဲသွားစေသည်။

နဂါးခန္ဓာကိုယ်က တုန်ခါနေပြီး အစိမ်းရောင်ဓားအလင်းတန်းအောက်တွင် နဂါးအကြေးခွံက အစိမ်းရောင်ပြောင်းလဲသွားပြီး ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားများနှင့် ယန်စွမ်းအားများ ပေါက်ကွဲထွက်လာသည်။

ရှေးဟောင်းဒဏ္ဍာရီများထဲမှ နဂါးအစစ်တစ်ကောင်နိုးထလာပြီး မိုးမြေတစ်ခွင်ကို ဒေါသဖြင့် လောင်ကျွမ်းစေတော့မည့်အလား ထင်မှတ်ရသည်။ သူ့လမ်းကြောင်းကို ပိတ်ဆို့ထားသောအရာအားလုံးကို သုတ်သင်ရှင်းလင်းပစ်မည့်ဟန်ပင်။

နဂါးဟိန်းသံကြီးကြောင့် ကျယ်ပြောလှသော မိုးမြေတစ်ခွင်လုံးမှ သတ္တဝါများအားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရ ၊ “အစိမ်းရောင်ချောက်နက်ဓား” နှင့် ‘အင်္ကျီလက်ထဲမှမိုးပြာနဂါးဓားသိုင်း’ က အပြည့်အဝ လိုက်ဖက်ညီလျှက် ရှိသည်။

နဂါးအစစ်အမှန်ရောက်ရှိလာလျှင် သက်ရှိများအားလုံး ဦးညွှတ်ကြရသည်မှာ ဓမ္မတာပင်။

နဂါးစွမ်းအားဖြင့် ရင်ဆိုင်ရသည့်အခါ အပြာရောင်ငှက်ပုံရိပ်ကြီးက ချက်ချင်းပင် တစ်စစီ ကြေမွသွားသည်။

သို့သော် ဆာလောင်နေသောသားရဲတစ်ကောင်နှင့်ဆင်တူသည့် ဝဲဂယက်ကြီးက နဂါးအစစ်ကို စုပ်ယူမြိုချရန် အတင့်ရဲစွာ ကြိုးစားလိုက်၏။

သို့ပေသိ အစိမ်းရောင်ဓားအလင်းတန်း လင်းလက်သွားပြီး ဝဲဂယက်ကြီးကို လှည့်ပတ်သွားကာ တစ်စစီ ဆုတ်ဖြဲပစ်လိုက်သည်။ ဝဲဂယက်အတွင်းမှ ကြောက်မက်ဖွယ်ရာစွမ်းအားကြီး ပေါက်ကွဲထွက်လာသော်လည်း ဓားချက်ကို တောင့်ခံနိုင်ခြင်းမရှိဘဲ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားလေသည်။

နဂါးတစ်ကောင်အသွင်ရှိသော ဓားဝိညာဉ်က ကောင်းကင်ကိုးထပ်ကို ဖြတ်ကျော်လျှက် တိမ်တိုက်များကို ဖြတ်သန်းကာ အနီရောင်ဘူးသီးခြောက်ရှိရာသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာသည်။

အနီရောင်ဘူးသီး‌ခြောက်က သတ္တဝါတစ်ကောင်ပမာ အသက်ဝင်လျှက် ကြောက်ရွံ့ထိတ်လန့်စွာ  နောက်သို့ ခုန်ဆုတ်ရင်း အော်မြည်သံတစ်သံ ပြုလုပ်လိုက်သည်။

သို့သော် အချည်းနှီးသာပင်။

“ခရက်...”

သွေးနီတိမ်တိုက်ဂိုဏ်း၏ ကာလရှည်ကြာ ရတနာတစ်ပါးဖြစ်သော အနီရောင်ဘူးသီးခြောက်မှာ အက်ကွဲသံနှင့်အတူ နှစ်ခြမ်းကွဲသွားသည်။

ဤသည်က အမတဝိညာဉ်အဆင့်သို့ ရောက်ရှိပြီးနောက်ပိုင်း  “အင်္ကျီလက်ထဲမှမိုးပြာရောင်နဂါးဓားသိုင်း” တွင် ရန်ကျောက်ကဲ အသစ်တီထွင်ထည့်သွင်းထားသော လူသတ်တိုက်ကွက်ဖြစ်၏။

နဂါးဟိန်းသံကြီးက ကောင်းကင်ကိုးထပ်တွင် ပဲ့တင်ထပ်လျှက် မိုးမြေတစ်ခွင်အား ပြောင်းပြန်လန်သွားစေသည်။

လုမင်နှင့် သွေးနီတိမ်တိုက်ဂိုဏ်းမှလူများ ပြိုင်တူပင် သွေးများအန်ချလိုက်ရာ သွေးနီတိမ်တိုက်များဆီမှ သွေးမိုးများရွာသွန်းသည့်အလား ထင်မှတ်ရသည်။

သွေးနီတိမ်တိုက်ဂိုဏ်းမှ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူများဆိုလျှင် ဓားဝိညာဉ်ထိုးဖောက်ခံရပြီး ခန္ဓာကိုယ်များပင် အက်ကွဲကုန်ကြ၏။

ကောင်းကင်ထက်မှ သွေးနီတိမ်တိုက်များသည်လည်း အက်ကွဲသွားလေရာ သွေးနီတိမ်တိုက်ဂိုဏ်းသားများ ရပ်တည်နိုင်ခြင်းမရှိတော့ဘဲ မြေပြင်ထက်သို့ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျသွားကြရသည်။

ထိုအချိန် မီးတောက်ဂိုဏ်းချုပ်က ကြုံးဝါးသံတစ်သံ ပြုလုပ်ရင်း “မီးတောက်နတ်ဆိုးလူသတ်အစီအရင်ကြီး” ကို နောက်တစ်ကြိမ် ထပ်မံလှုံ့ဆော် အသက်သွင်းလိုက်သည်။

မီးတောက်ပင်လယ်ကြီး၏ ဖိအားနှင့် လွှမ်းမိုးနိုင်စွမ်းက အပြာရောင်ငှက်ကောင်းကင်အစီအရင်ကြီးနှင့် မိုးကြိုးမီးခြူးအစီအရင်ကြီးထက် ပိုမိုပြင်းထန်သည်။

အစီအရင်ကို ဝန်းရံထားသော မီးကျီးကန်းများက အတောင်ပံများကို ဖြန့်လျှက် ကောင်းကင်ထက်ပျံသန်းလာပြီး ရန်ကျောက်ကဲကို ဝင်ရောက်တိုက်ခိုက်ကြသည်။

ထိုမီးကျီးကန်းများမှာ ကောင်းကင်ထက်တွင်ထွန်းလင်းနေသော မရေမတွက်နိုင်သည့် မီးတောက်များနှင့် ဆင်တူပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လောင်ကျွမ်းသွားတော့မည့်အလား ထင်မှတ်ရ၏။

သို့သော် ရန်ကျောက်ကဲက တစ်စက်လေးပင် အရေးမစိုက်ပေ။

သူ့ထံမှ အစိမ်းရောင်ဓားအလင်းတန်း ပျောက်ကွယ်သွားပြီး ခရမ်းရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။

ရန်ကျောက်ကဲက အဆင့်မြင့်မှော်ဝင်ဓားဖြစ်သော “အစိမ်းရောင်ချောက်နက်ဓား” ကို သိမ်းဆည်းလိုက်ပြီး လေးညှို့တစ်လက် ထုတ်ယူလိုက်သည်။

“ကောင်းကင်တုန်လှုပ်လေးညှို့ “

“အမတဝိညာဉ် သိုင်းဆရာသခင်ဖြစ်လာတဲ့နောက်ပိုင်း ဒီလေးညှို့ကို အသုံးပြုရတာ အရင်ကနဲ့ မတူတော့ဘူး”

ရန်ကျောက်ကဲ တွေးလိုက်သည်။

ထို့နောက် လေးညှို့ကိုတစ်ချက်စမ်းသပ်လိုက်ပြီး လေးကြိုးကိုတင်ရင်း ပြုံးလိုက်၏။

သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရ ထုတ်‌ဖော်လိုက်သည်နှင့် လေးညှို့ထက်တွင် ရေခဲမြားတစ်စင်း ဖြစ်တည်လာသည်။

မြားချက်က လေထုကို တည့်တည့်မတ်မတ်ထိုးဖောက်သွားပြီး ပြင်းထန်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။

အပြာရောင်ရေခဲမြှားက နှင်းမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မရေမတွက်နိုင်သော နှင်းခဲများအဖြစ် ပေါက်ကွဲထွက်သွားသွားသည်။ နှင်းခဲများက ချွန်ထက်သောမြားဦးချွန်များအဖြစ် ပြောင်းလဲသွားပြီး မီးကျီးကန်းအားလုံးကို တစ်ကောင်မကျန် ပစ်ချလိုက်သည်။

“မီးတောက်နတ်ဆိုးလူသတ်အစီအရင်ကြီး” မှာ မြားချက်တစ်ချက်ဖြင့် ဖြိုခွင်းခံလိုက်ရလေ၏။

မီးတောက်ဂိုဏ်းချုပ်က သူ၏ လက်အောက်ငယ်သားများကို  ပြန်လည်ဦးဆောင်ပြီး အစီအရင်ကို ပြန်လည်မတည်ဆောက်နိုင်ခင်မှာပင် ရန်ကျောက်ကဲက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီး လေထဲသို့ ပျံဝဲထွက်ပေါ်လာပြီး မီးတောက်ဂိုဏ်းသားများကို အောက်ဘက်သို့ ဆောင့်ချလိုက်၏။

သူတို့ရှေ့မှ ကောင်းကင်တစ်ခုလုံး မှေးမှိန်သွားသည့်အလား မီးတောက်ဂိုဏ်းမှ လူများအားလုံး ခံစားလိုက်ရသည်။

ကြီးမားသော ကျောက်တိုင်ကြီးက အောက်ဘက်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာပြီး ကြီးမားသောဖိအားက ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားလေရာ မိုးပြိုကျသည့်အလား ခံစားကြရသည်။

မီးတောက်ဂိုဏ်းသားများ ထိတ်လန့်သွားပြီး လွတ်ရာသို့ ဝရုန်းသုန်းကားထွက်ပြေးရန် ကြိုးစားကြသည်။

သို့သော် ရန်ကျောက်ကဲက ရယ်မောရင်း...

“မင်းတို့ ပြေးမလွတ်ပါဘူး”

မိုးမြေအာကာသတစ်ခွင်လုံး ချိတ်ပိတ်ခံထားရသည့်အလား မည်မျှကြိုးစားပါစေ ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးအောက်မှ မလွတ်မြောက်နိုင်ခဲ့ကြပေ။

ကျောက်တိုင်ကြီးသည် ကောင်းကင်ထက်မှဆင်းသက်လာသော နတ်တောင်အလားဖြစ်ပြီး ‘မီးတောက်နတ်ဆိုးလူသတ်အစီအရင်ကြီး’ ကို တစ်စစီ ကြေမွအောင် ဖိနှိပ်ချလိုက်သည်။

“ငါ့ကမ္ဘာမှာလည်း ငါက ဒီလိုမျိုး ပြိုင်ဘက်ကင်း အနိုင်ယူခဲ့တာချည်းပဲ”

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါး ဆိုသည်။

“အဟက်... ဒါပေမဲ့ တခြားကမ္ဘာမှာလည်း ဒီလို ပြိုင်ဘက်ကင်းဖြစ်နေမယ်လို့ ထင်မထားဘူး”

All Chapters