ထျန်းယွမ်ရှန်းဟွ
Vol. 56 Ch. 781
ထျန်းယွမ်ရှန်းဟွမှာ နယ်မြေအရှင်သခင် ကန်းယွမ်ကိုယ်တိုင် သီးခြားဖန်တီးခဲ့သော ထူးခြားသည့် အရပ်ဒေသ တစ်ခုဖြစ်ကာ ထျန်းယွမ်နယ်မြေ၏ အလယ်ဗဟို၌ တည်ရှိသည်။ ယင်းထျန်းယွမ်ရှန်းဟွသည် ကောင်းချီးများနှင့် ပြည့်နှက်နေသောကြောင့် ထျန်းယွမ်နယ်မြေမှ လူတိုင်းလိုလို လာရောက်နိုင်ရန် စိတ်ကူးကြသော အိမ်မက်ဆန်သည့် နေရာမျိုး ဖြစ်သည်။
နယ်မြေအရှင်သခင် ကန်းယွမ်မှာ စီရင်စု ကိုးရာလုံးနှင့် ထျန်းယွမ်ရှန်းဟွအား ချိတ်ဆက်မိစေရန် ထူးခြားသော နည်းလမ်းတစ်ခုအား အသုံးပြုခဲ့သည်ဟု ဆိုကြသည်။ ထို့ကြောင့်ပင် ထျန်းယွမ်နယ်မြေ တစ်ခွင်ရှိ စီရင်စု ကိုးရာလုံးမှ စကြာဝဠာချီစွမ်းအင်များအားလုံးမှာ ထျန်းယွမ်ရှန်းဟွထံ၌ စုဝေးနေပြီး ဟွမ်းယွမ်ကောင်းကင်ဒေသ တစ်ခုလုံးတွင်ပင် ကောင်းချီးများ အပြည့်ဝဆုံး အရပ်ဒေသတစ်ခု ဖြစ်လာခဲ့သည်။
ထျန်းယွမ်နယ်မြေ အတွင်းရှိ စီရင်စု ကိုးရာလုံးကို ချိတ်ဆက်ထားသော နေရာတစ်ခု ရှိစေလိုသောကြောင့်ပင် နယ်မြေအရှင်သခင် ကန်းယွမ်မှာ ထျန်းယွမ်ရှန်းဟွကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ထိုအရပ်ဒေသ၌ ပုံမှန်အတိုင်း အသက်ရှူခြင်းသည်ပင် အဆင့်လေးရှိသော ချီစွမ်းအင် အစားအသောက်များကို စားသုံးရသည်နှင့် တူညီပေသည်။ ၎င်းဒေသ၌ ရနိုင်မည့် ကောင်းကျိုးများမှာ ပြော၍မကုန်အောင် များပြားလွန်းလှသည်။
ထျန်းယွမ်ရှန်းဟွတွင်သာ ကျင့်ကြံခွင့် ရရှိခဲ့ပါက ပြင်ပကမ္ဘာတွင် ကျင့်ကြံရခြင်းထက် အဆပေါင်းများစွာ သာလွန်နေမည်ပင် ဖြစ်သည်။ ထိုသို့ ကောင်းချီးများဖြင့် ပြည့်နှက်နေသော ထျန်းယွမ်ရှန်းဟွတွင် ကျင့်ကြံရေးအတွက် ပြုလုပ်ထားသော နေရာတစ်ခုရှိပြီး စျေးနှုန်းများမှာ အလွန်မြင့်မားပေသည်။
..........
လေဟာနယ်မှာ အချိန်တစ်ခုကြာအောင် လွန်စွာတုန်ခါနေပြီးနောက် ငြိမ်သက်သွားသည်။
ဇူယွမ်မှာ မျက်ဝန်းများကို ဖွင့်ကြည့်လိုက်သောအခါ သက်တန့်များကဲ့သို့ ပေါင်းစည်းရောထွေးနေသော ရောင်စဉ်တန်းများကို ပတ်ပတ်လည်တွင် တွေ့ရှိလိုက်ရသည်။ သူသည် ရောင်စဉ်တန်းများနှင့် နေသားကျပြီးနောက်တွင်မှ အခြေအနေများကို သေချာစူးစမ်းလိုက်မိသည်။
ထို့နောက် အံ့အားသင့်ခြင်းများ ဖြစ်ပေါ်လာရတော့သည်။
သူသည် ကွမ်းကျန်လဲ့ တည်ဆောက်ထားသည့် ကြီးမားလှသော တောင်ကြီးတစ်လုံးပေါ်တွင် ရှိနေပြီး ပုံရိပ်များစွာကို ဟိုမှသည်မှ မြင်တွေ့နေရသည်။
ရောင်စဉ်တန်းများအကြား၌ သက်ဝင်လှုပ်ရှားနေသော ပုံရိပ်များစွာ ရှိနေသည်။
ကောင်းကင်နှင့် ထိစပ်လုမတက် ကြီးမားလှသော တောင်ကြီးတစ်လုံးကိုလည်း မြင်တွေ့နေရသည်။
ထူထဲလှသော တိမ်တိုက်ကြီးမှာ ကောင်းကင်နှင့်မြေပြင်အကြား ရှိနေပြီး လောကကြီးတစ်ခုလုံးမှာ သေးငယ်လွန်းလှသကဲ့သို့ ထင်မှတ်ရသည်။ လေဟာနယ်အတွင်း ဖြတ်သန်းစီးဆင်းနေသော မြစ်ကြောင်းကြီးတစ်ခုရှိပြီး ကောင်းကင်ဘုံမှ မြစ်ဖျားခံလာသကဲ့သို့ သာယာလှပလွန်းလှသည်။
ဇူယွမ်မှာ အဝေးသို့ ကြည့်ရှုလိုက်သောအခါတွင် ကောင်းကင်ထက်၌ လွင့်မျောနေသော ကျွန်းငယ်များကိုလည်း တွေ့ရှိလိုက်ရသည်။
ရောင်စဉ်တန်းများကြား မြင်တွေ့နေရသော ပုံရိပ်များမှာ ထိုကျွန်းငယ်များစွာမှ ထွက်ပေါ်လာလိုက်၊ ပျောက်ကွယ်သွားလိုက် ဖြစ်နေသည်။
ထိုကျွန်းမျောများသည် ရတနာများဖြင့် ဖန်တီးတည်ဆောက်ထားသည့်အလား နေရောင်အောက်၌ တောက်ပလင်းလက်နေလေသည်။
ဇူယွမ်မှာ အံ့အားသင့်မှုကို မဖုံးကွယ်ထားနိုင်လောက်အောင် ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။ ကန်ရွှမ်းကလန်၏ တည်ဆောက်ပုံမှာ ထူးခြားလှပပါသော်လည်း ယခုမြင်ကွင်းနှင့် မည်သို့မျှ နှိုင်းယှဉ်မရနိုင်ပေ။
ထို့အပြင် ချီစွမ်းအင်များမှာလည်း အလွန်ကျစ်လစ်သိပ်သည်းနေသည့်အတွက် မြူခိုးဖြူများအဖြစ်ပင် မြင်တွေ့နေရသည်။
"ထျန်းယွမ်ရှန်းဟွက စီရင်စု ကိုးရာလုံးနဲ့ ချိတ်ဆက်နေတာလေ။ အဲ့ဒါကြောင့် ထျန်းယွမ်နယ်မြေ တစ်ခုလုံးက အသန့်စင်ဆုံး ချီစွမ်းအင်တွေ ဒီနေရာမှာ လာစုနေတာ။ ပြင်ပကမ္ဘာနဲ့ မတူဘူး။" ရိချိုးရွှယ်မှ ပြုံးကာရှင်းပြလိုက်သည်။
"အရမ်းမိုက်တာပဲ။" ဇူယွမ်မှ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ သူတော်စင်အဆင့်မှ ဒါမျိုးဖန်တီးနိုင်မှာမလား....
"သာမန်သူတော်စင်ဖြစ်ရုံနဲ့ မရဘူး။"
ရိချိုးရွှယ်မှာ ဇူယွမ်၏ အတွေးကို ဖတ်မိနေသည့်အလား စကားဆိုလိုက်သည်။ " နယ်မြေအရှင်သခင် ကန်းယွမ်က သူတော်စင်တစ်ယောက် ဖြစ်တဲ့အပြင် မူလမှော်စာလုံး ပညာရပ်မှာလည်း တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တယ်။ မူလမှော်စာလုံးပညာမှာ သူ့ထက်တော်တဲ့သူ ရှိဖို့မလွယ်ဘူး။ အဲ့ဒါကြောင့် ဒီလိုမျိုး ထူးခြားလွန်းတဲ့ ထျန်းယွမ်ရှန်းဟွကို ဖန်တီးနိုင်တာလေ။"
"ဟိုးက နေလုံးအကြီးကြီးကိုတွေ့လား။"
ဇူယွမ်မှာ ရိချိုးရွှယ် ညွှန်ပြရာသို့ ကြည့်ရှုလိုက်သောအခါတွင် ထူးခြားဆန်းကြယ်သော စွမ်းအင်များ ထွက်ပေါ်နေသည့် တောက်ပလင်းလက်နေသော ကြီးမားလှသည့် နေလုံးကြီးတစ်ခုကို တွေ့ရှိလိုက်ရသည်။
"အဲ့ဒါက ထျန်းယွမ်ရှန်းဟွရဲ့ ဗဟိုချက်ပဲ။ ကောင်းကင်အလင်းမျက်လုံးလို့ခေါ်တယ်။ သူတော်စင်မီးလျှံကြာပန်း နှစ်ပွင့်အဆင့်ရှိတဲ့ သူတော်စင်ရတနာလေ။ သူတော်စင်ရတနာ အားလုံးထဲမှာ အဆင့်ဆယ့်လေးခုမြောက်။"
"ဒီရတနာက ထျန်းယွမ်နယ်မြေ တစ်ခုလုံးရဲ့ စီရင်စု ကိုးရာကနေ ချီစွမ်းအင်တွေကို စုပ်ယူပြီးတော့ ထျန်းယွမ်ရှန်းဟွကို ထောက်ပံ့ပေးထားတာ။ တကယ်ကို ထူးခြားလွန်းတယ်။" ရိချိုးရွှယ်မှ ရှင်းပြလိုက်သည်။
"သူတော်စင်မီးလျှံကြာပန်း နှစ်ပွင့်အဆင့်လား။" ဇူယွမ်မှာ အံ့အားသင့်သွားရသည်။ မူလသူတော်စင်ရတနာဟု ခေါ်ဆိုသော သူတော်စင်ရတနာများအကြောင်း သူသည်လည်း ကြားသိခဲ့ရဖူးသည်။ ကန်ရွှမ်းကလန်တွင်လည်း ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားငယ်ဟု အမည်ရသော သူတော်စင်ရတနာ တစ်မျိုးရှိပြီး ကလန်ခေါင်းဆောင် ချင်းယန်မှ ရွှေရည်စိမ်သူတော်စင်အဆင့် ရောက်ရှိနေသည့် နန်းဆောင်သခင်ရှန့်ယွမ်အား တိုက်ခိုက်ရာတွင် အသုံးပြုခဲ့ဖူးလေသည်။
ကြည့်ရသည်မှာ ဟွမ်းယွမ်ကောင်းကင်ဒေသ၌ သူတော်စင်ရတနာများအား အဆင့်သတ်မှတ်ချက်များနှင့် ခွဲခြားထားပုံ ရသည်။
"သူတော်စင်အဆင့်မှာ သူတော်စင်မီးလျှံကြာပန်း တစ်ပွင့်၊ နှစ်ပွင့်၊ သုံးပွင့်ဆိုပြီး သုံးဆင့်ခွဲထားတယ်လေ။ သူတော်စင်ရတနာတွေကလည်း အဲ့သဘောပဲ။" ရိချိုးရွှယ်မှ ပြုံးကာပြောလိုက်သည်။
ဇူယွမ်မှာ ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားရသည်။ သူ၏ခန့်မှန်းချက်အရဆိုလျှင် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားငယ်မှာ သူတော်စင်မီးလျှံကြာပန်း တစ်ပွင့်အဆင့်မျှ ရှိပေလိမ့်မည်။ ထိုသို့ဆိုပါက အစစ်အမှန် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြား၏ အဆင့်အား မခန့်မှန်းတက်တော့။
အနိမ့်ဆုံးအနေဖြင့် ကောင်းကင်ဒေသတစ်ခုလုံး၏ အမြင့်ဆုံး ရတနာမှာ သူတော်စင်မီးလျှံကြာပန်း သုံးပွင့်အဆင့်မျှ ရှိသင့်သည်။
"ကျွန်မအဖိုးကို အရင်သွားရှာကြရအောင်။ ချီကျင့်သခင်မနဲ့တွေ့ဖို့ သူ့အကူအညီလိုတယ်။" ရိချိုးရွှယ်မှ စကားဆိုလိုက်သည်။
ဇူယွမ်မှ ခေါင်းညိတ်ပြလိုက်သည်။ ထျန်းယွမ်နယ်မြေသည် ကန်ရွှမ်းကလန်ထက်ပို၍ စည်းမျဉ်းစည်းကမ်း တင်းကြပ်ပုံ ရှိသည်။ မည်သို့ပင်ဆိုစေကာမူ ထျန်းယွမ်နယ်မြေမှာ အမှန်တကယ်ပင် ကန်ရွှမ်းကလန်ထက် အစစအရာရာ သာလွန်နေသည် မဟုတ်ပါလော။
ရိချိုးရွှယ်မှာ ရှေ့မှဦးဆောင်သွားသည်။
သူမသည် ထျန်းယွမ်ရှန်းဟွနှင့် ရင်းနှီးနေသူဖြစ်သောကြောင့် လျင်မြန်စွာပင် ကျွန်းမျောများစွာကို ဖြတ်ကျော်သွားသည်။ အချိန်တစ်နာရီမျှ ကြာမြင့်သွားပြီးနောက်တွင်မှ ရပ်တန့်လိုက်သည်။
ဇူယွမ်မှာ ကြီးမားလှသော ကျွန်းမျောကြီးတစ်ခုကို တွေ့ရှိလိုက်ရသည်။
အစောပိုင်းက တွေ့မြင်လာခဲ့သော သက်ဝင်လှုပ်ရှားနေသည့် ကျွန်းမျောများစွာနှင့် နှိုင်းယှဉ်ပါက ဤကျွန်းမျောကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေဟန် ရှိသည်။ ထို့အပြင် ပတ်ဝန်းကျင်တွင် လည်ပတ်နေသော ချီစွမ်းအင်များမှာလည်း ပို၍ကျစ်လစ်သိပ်သည်းပေသည်။ ယခုနေရာသည် ကြည့်လိုက်ရုံမျှဖြင့်ပင် ထျန်းယွမ်နယ်မြေ၏ အရေးပါသူများ နေထိုင်ရာအရပ်ဖြစ်ကြောင်း ထင်ရှားလွန်းလှသည်။
ရိချိုးရွှယ်၏ ဦးဆောင်မှုဖြင့် မည်သည့်အနှောင့်အယှက်မှ တွေ့ကြုံရခြင်းမရှိပဲ ကျွန်း၏အရှေ့အရပ်တွင်ရှိသော ခမ်းနားလှသည့် အဆောက်အဦးကြီးတစ်ခုဆီသို့ ချောမွေ့စွာ ရောက်ရှိလာခဲ့ကြသည်။
အဆောက်အဦး၏ ဂိတ်ပေါက်ဝတွင် အနက်ရောင် ဝတ်ရုံအား ဆင်မြန်းထားသော အဖိုးအိုတစ်ဦးရှိပြီး ရိချိုးရွှယ်အား ပြုံး၍စောင့်မျှော်နေလျက် ရှိသည်။
"ဖိုးဖိုး...."
ရိချိုးရွှယ်မှာ ပျော်ရွှင်စွာဖြင့် အဖိုးအိုအား ပြေးဖက်လိုက်သည်။
အဖိုးအိုမှာ ပြုံးရယ်လျက် ရိချိုးရွှယ်၏လက်အား ဆုပ်ကိုင်လိုက်သည်။ "ငါ့ရဲ့ချိုးရွှယ်လေးက အုပ်စိုးသူသခင်မလေး ဖြစ်လာပြီပေါ့။"
ရိချိုးရွှယ်မှာ ဝမ်းနည်းသွားဟန်ဖြင့် ပြောလိုက်သည်။ "အဖေက...သူက...."
အဖိုးအိုမှာလည်း စိတ်မကောင်းဖြစ်သွားရကာ ရိချိုးရွှယ်၏ ဆံနွယ်လေးများကို ပွတ်သပ်ပေးလိုက်သည်။
ထို့နောက် ရိချိုးရွှယ်မှာ ဝမ်းနည်းမှုများကို ဖုံးကွယ်လျက် နောက်တွင်တိတ်ဆိတ်စွာ လိုက်ပါလာသော ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ဇူယွမ်...ဒါကျွန်မအဖိုးလေ။"
"အကြီးအကဲကို နှုတ်ဆက်ပါတယ်။" ဇူယွမ်မှ အရိုအသေပြုလိုက်သည်။ သူမအဖိုး၏ နာမည်မှာ ရိယန်ဟုခေါ်တွင်ပြီး ရိကလန်အတွက် အရေးအပါဆုံးသူဖြစ်ကြောင်း ရိချိုးရွှယ်မှ ပြောပြထားခဲ့သည်။ အဖိုးရိယန်သည် ရင်းမြစ်အခြေတည်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိထားသူဖြစ်ကာ ထျန်းယွမ်နယ်မြေ၏ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အကြီးအကဲများထဲမှ တစ်ဦးဖြစ်သည်။ ထို့ကြောင့် ထျန်းယွမ်နယ်မြေအတွင်း သြဇာအာဏာကြီးမားသူတစ်ဦးဟု ဆိုနိုင်ပေသည်။
ရိယန်မှ ပြုံးကာပြောလိုက်သည်။ "ယဉ်ကျေးနေစရာ မလိုပါဘူး။ ရိကလန်က အုပ်စိုးသူသခင်တိုက်ပွဲမှာ မင်းကြောင့်နိုင်ခဲ့တာမလား။"
"ထျန်းယွမ်ရှန်းဟွမှာရှိတဲ့ အကိုကြီးကြောင့်လည်း ပါပါတယ်။" ရိချင်းကျီမှ ပြုံးကာဝင်၍ပြောလိုက်သည်။
ရိယန်မှ ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "ချူးကလန်က ထျန်းယွမ်ရှန်းဟွမှာရှိတဲ့ ကျင်ရှန်းကောင်းကင်ဂိုဏ်း ထောက်ပံ့မှုကို ရထားတာပဲ။ တိုက်ပွဲမှာသာ ရိကလန်က မနိုင်ခဲ့ရင် ငါဘာမှလုပ်ပေးလို့ ရမှာမဟုတ်ဘူး။"
ရိယန်မှ ဇူယွမ်အားကြည့်ကာ စကားဆက်လိုက်သည်။ "မင်းအကြောင်းတွေလည်း ငါကြားထားပါတယ်။ ချီကျင့်သခင်မဆီကိုလည်း သတင်းပို့ထားပြီးပြီ။ လေနန်းဆောင်မှာ လက်ထောက်နေရာကို မင်းရသွားရင်ကောင်းမယ်။"
ရိချိုးရွှယ်မှ အံ့အားသင့်စွာ ပြောလိုက်သည်။ "လေ၊ မီး၊ သစ်တော၊ တောင်တန်းဆိုတဲ့ နန်းဆောင်လေးခုထဲက လေနန်းဆောင်ကို ပြောတာလား။"
ရိယန်မှ ခေါင်းညိတ်ပြလိုက်ပြီးနောက် ရိချိုးရွှယ်မှ ဇူယွမ်အားကြည့်ကာ ပြောပြလိုက်သည်။ "လေ၊ မီး၊ သစ်တော၊ တောင်တန်းဆိုတဲ့ နန်းဆောင်လေးခုက နယ်မြေအရှင်သခင် ကန်းယွမ်ကိုယ်တိုင် လုပ်ခဲ့တာ။ ထျန်းယွမ်နယ်မြေထဲက အရမ်းထူးချွန်တဲ့ လူငယ်တွေအတွက်လေ။ အဲ့နန်းဆောင်လေးခုထဲ ဝင်ခွင့်ရတာက တကယ့်ဂုဏ်ပဲ။"
"ကျင်ရှန်းကောင်းကင်ဂိုဏ်း၊ ပိုင်စဲ့ကလန်၊ ရှင်းခယ်ရွှယ်ကျင်းကလန်နဲ့ မုထုံကလန်လို ထိပ်တန်းဂိုဏ်းတွေ၊ ကလန်တွေကတောင် သူတို့တပည့်တွေကို နန်းဆောင်လေးခုဆီ လွှတ်ရတယ်။"
"လေ၊ မီး၊ သစ်တော၊ တောင်တန်းဆိုတဲ့ နန်းဆောင်လေးခုက ထျန်းယွမ်နယ်မြေရဲ့ အနာဂတ်အတွက် အရေးပါတယ်။"
"နန်းဆောင်တစ်ခုချင်းစီမှာ ပုံမှန်အဖွဲ့ဝင်၊ အဖွဲ့မှူး၊ လက်ထောက်ခေါင်းဆောင်နဲ့ ခေါင်းဆောင်ဆိုပြီး အဆင့်တွေ ခွဲထားတယ်။ အဖိုးရှင့်အတွက် တောင်းပေးတဲ့နေရာက လက်ထောက်ခေါင်းဆောင်နေရာပဲ။ နန်းဆောင်လေးခုရဲ့ လက်ထောက်ခေါင်းဆောင်တွေက နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်းထဲမှာပါတယ်ဆိုတာ ရှင်သိထားသင့်တယ်။"
"အဲ့လိုနေရာရထားရင် အနာဂတ်အတွက် ပူပန်နေစရာ မလိုတော့ဘူးပေါ့။"
ရိချိုးရွှယ်မှာ စိတ်လှုပ်ရှားစွာဖြင့် မနားတမ်း ပြောဆိုနေပါသော်လည်း ဇူယွမ်မှာ အင်းမလုပ် အဲမလုပ် ဖြစ်နေသဖြင့် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ "လက်ထောက်ခေါင်းဆောင်နေရာကသူတွေက လတိုင်း အဆင့်မြင့် နတ်ဘုံခန်းဝါဆေး အလုံးတစ်ရာ ရတယ်လေ။"
ဇူယွမ်၏ မျက်ဝန်းများ ချက်ချင်းဆိုသလို တောက်ပသွားရသည်။ "အဲ့လောက်တောင်ရတာလား။"
အုပ်စိုးသူသခင်တိုက်ပွဲတွင် ရိကလန်အတွက် ဝင်ရောက်တိုက်ခိုက်ပေးခဲ့ပြီးနောက် ဇူယွမ်မှာ အဆင့်မြင့် နတ်ဘုံခန်းဝါဆေး အလုံးတစ်ရာအား ရရှိခဲ့သည်။ သို့သော် နန်းဆောင်တစ်ခုခု၏ လက်ထောက်ခေါင်းဆောင်နေရာအား ရရှိခဲ့ပါက အဆင့်မြင့် နတ်ဘုံခန်းဝါဆေး အလုံးတစ်ရာအား လတိုင်းရရှိနေမည် ဖြစ်သည်။
ရိချိုးရွှယ်မှ ရှုံ့မဲ့ကာ ပြောလိုက်သည်။ "လေနန်းဆောင်ထဲ ဝင်နိုင်ခဲ့ရင် အနာဂတ်အတွက် ပူစရာ မလိုတော့ဘူးလေ။ အဲ့ဒါကို ရှင်က နတ်ဘုံခန်းဝါဆေးတွေလောက်ပဲ ဂရုစိုက်နေသေးတာလား။"
ရိယန်မှ သဘောကျစွာ ပြုံးရယ်လိုက်သည်။ "လေနန်းဆောင်ရဲ့ ခေါင်းဆောင်နေရာက လွတ်နေတာ နည်းနည်းကြာပြီ။ ပြီးတော့ လက်ထောက်ခေါင်းဆောင်နေရာ သုံးခုရောပဲ။ မင်းသာ အဲ့နေရာ ရနိုင်ခဲ့ရင် ကျင်ရှန်းကောင်းကင်ဂိုဏ်းက ဘာမှလုပ်လို့ရမှာ မဟုတ်တော့ဘူး။"
ဇူယွမ်မှ အလျင်အမြန် အရိုအသေပြုကာ ကျေးဇူးတင်ကြောင်း ပြသလိုက်သည်။
"အဲ့နေရာရဖို့က သေချာသေးတာမှ မဟုတ်ပဲ။ မင်းငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး။" ရိယန်မှ သက်ပြင်းချကာ ပြောလိုက်သည်။ "ချီကျင့်သခင်မက အမြဲတမ်း အေးစက်စက်နဲ့။ သူမသာ သဘောမတူရင် ငါလည်းဘာမှတက်နိုင်မှာ မဟုတ်ဘူး။"
ရိယန်မှာ လက်ယပ်ခေါ်သည်နှင့်တစ်ပြိုင်နက် အဆင့်ငါးရှိသည့် အဖြူရောင် ခြင်္သေ့ကြီးတစ်ကောင် ရှေ့မှဆွဲထားသော ရထားလုံးတစ်ခု ကောင်းကင်ထက်မှ ဆင်းသက်လာသည်။
ရိချိုးရွှယ်မှာလည်း ချီကျင့်သခင်မနှင့်ပက်သတ်၍ ဇူယွမ်အား စိုးရိမ်ပူပန်နေမိသည်။
နောက်ခံအင်အား မရှိသော ကျင့်ကြံသူတစ်ဦးအတွက် လေနန်းဆောင်သို့ လက်ထောက်ခေါင်းဆောင်အဖြစ် ဝင်ခွင့်ရရန်မှာ ခက်ခဲလွန်းလှသည်။
ဇူယွမ်မှာ မည်မျှပါရမီ ရှိစေကာမူ ချီကျင့်သခင်မမှာ သူ့ထက်ထူးချွန်သော လူပေါင်းများစွာကို မြင်တွေ့ခဲ့ဖူးပြီ ဖြစ်သည်။
ရိချိုးရွှယ်မှာ အလွန်တည်ငြိမ်လွန်းသော ဇူယွမ်အားကြည့်၍ မသိမသာ ပြုံးလိုက်မိသည်။ တကယ်ကို အထူအပါး နားမလည်တဲ့သူပါလား....