← Chapters

လေနန်းဆောင်၏ လက်ထောက်ခေါင်းဆောင်အသစ်

Vol. 57 Ch. 783

လေနန်းဆောင်၏ လက်ထောက်ခေါင်းဆောင်အသစ်

Vol. 57 Ch. 783

"နင့်ကို လေနန်းဆောင်ရဲ့ လက်ထောက်ခေါင်းဆောင်နေရာပေးမယ်။"

လူတိုင်းမှာ မယုံကြည်နိုင်စွာဖြင့် ချီကျင့်သခင်မအား ကြည့်ရှုလိုက်မိကြသည်။

ကုယွမ်သည်ပင် ယင်ကောင်ဝင်ဥတော့မည့်အလား ပါးစပ်အဟောင်းသား ဖြစ်နေရသည်။

ချီကျင့်သခင်မမှာ အဘယ့်ကြောင့် ရုတ်တရက် စိတ်ပြောင်းသွားရပါသနည်း။

ကုရှီမှာလည်း ကျန်ရှိနေသော အသိစိတ်ဖြင့် မအော်ဟစ်မိအောင် မနည်းထိန်းချုပ်နေရသည်။

အမှန်တကယ်ဆိုလျှင် ဘဝင်မြင့်ကာ အောက်ခြေလွတ်နေသော ဇူယွမ့်အား ထျန်းယွမ်ရှန်းဟွမှ နယ်နှင်ဒဏ်ပေးသင့်သည် မဟုတ်ပါလော။ အဘယ့်ကြောင့် လေနန်းဆောင်၏ လက်ထောက်ခေါင်းဆောင်နေရာပင် ရသွားရပါသနည်း။

ရိယန်မှာ ကူကယ်ရာမဲ့စွာဖြင့် စကားဆိုလိုက်သည်။ "ချီကျင့်သခင်မ မစနောက်ပါနဲ့။"

သူ၏အမြင်တွင်မူ ချီကျင့်သခင်မမှာ ဒေါသထွက်လွန်းသဖြင့် စိတ်လွတ်သွားခြင်း ဖြစ်သည်။

ရိချိုးရွှယ်မှ တိုးညင်းစွာ ပြောလိုက်သည်။ "လေနန်းဆောင်ထဲ ဝင်ခွင့်ရတာကိုက ဇူယွမ်အတွက် ဂုဏ်ယူစရာ ဖြစ်နေပါပြီ ချီကျင့်သခင်မ...."

ကုယွမ်နှင့် ကုရှီမှာလည်း အလျင်အမြန်ပင် ချီကျင့်သခင်မ စိတ်လွတ်သွားခြင်းဖြစ်မည်ဟု တွေးတောလက်ခံလိုက်ကြသည်။

သို့သော် ဇူယွမ်မှာမူ အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိပဲ တည်ငြိမ်စွာသာ ရှိနေလေသည်။

ချီကျင့်မှာ ရိယန်နှင့် ကုယွမ်တို့အား အာရုံစိုက်နေဟန်မရှိပဲ ဇူယွမ့်ကိုသာ စူးစိုက်ကြည့်ရှုနေလျက် ရှိသည်။

ထို့နောက် ချီကျင့်မှ တည်ငြိမ်စွာ စကားဆိုလိုက်သည်။ "ငါဟာသပြောနေတာ မဟုတ်ဘူး။ ဇူယွမ်က နတ်ဘုံခန်းဝါ ဗဟိုအဆင့်လောက်နဲ့ မို့ယွမ်ကို နိုင်တယ်ဆိုထဲက သူ့အရည်အချင်းက လုံလောက်တာထက် ပိုနေပြီလေ။ အဲ့ဒါကြောင့် လေနန်းဆောင်ရဲ့ လက်ထောက်ခေါင်းဆောင်ဖြစ်ဖို့ သင့်တော်တယ်။"

ရိယန်နှင့် ရိချိုးရွှယ် နှစ်ဦးလုံးမှာ မယုံကြည်နိုင်စွာဖြင့် ချီကျင့်သခင်မအား ကြည့်ရှုလိုက်ကြသည်။

လေနန်းဆောင်၏ ခေါင်းဆောင်နေရာမှာ လစ်လပ်နေပြီး လက်ရှိအချိန်၌ လက်ထောက်ခေါင်းဆောင် နှစ်ဦးသာ စီမံခန့်ခွဲနေခြင်း ဖြစ်သည်။ ဇူယွမ်သာ လက်ထောက်ခေါင်းဆောင်နေရာ ရရှိသွားပါက တစ်ချက်တည်းဖြင့် ကောင်းကင်ဘုံပေါ် တက်လှမ်းနိုင်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ကုယွမ်မှာ မျက်စိပျက် မျက်နှာပျက်ဖြင့် ပြောလိုက်သည်။ "ချီကျင့်သခင်မ လေနန်းဆောင်အကြောင်း ဘာမှမသိတဲ့ လူတစ်ယောက်က ဘယ်လိုလုပ် လက်ထောက်ခေါင်းဆောင်နေရာ ယူလို့ရမှာလဲ။"

ချီကျင့်မှ ခက်ထန်စွာ စကားဆိုလိုက်သည်။ "ငါရတယ်ဆို ရတယ်ပဲ။"

ကုယွမ်၏ မျက်ဝန်းများမှာ ဒေါသများဖြင့် အေးစက်သွားရသည်။

"မို့ယွမ်တောင် လေနန်းဆောင်ရဲ့ လက်ထောက်ခေါင်းဆောင်နေရာ မရခဲ့ဘူး။ ဒီကောင်လေးက မို့ယွမ်ကို နိုင်သွားရုံနဲ့ ရစရာလား။" ကုယွမ်မှ စိတ်အလိုမကျစွာ ပြောလိုက်သည်။

"ငါရတယ်ဆို ရတယ်လို့ ပြောနေတယ်မလား။"

ကုယွမ်မှာ ချီကျင့်သခင်မ၏ လုပ်ပိုင်ခွင့်များကို နားလည်နေသောကြောင့် စကားအချေအတင် မပြောတော့ပဲ လက်ခံလိုက်ရသည်။ "ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ကျွန်တော်ကတော့ ကျင်ရှန်းကောင်းကင်ဂိုဏ်း ခေါင်းဆောင်ဆီ တင်ပြဦးမှာပါ။"

ထို့နောက် ခန်းမဆောင်ထဲမှ ထွက်ခွာသွားတော့သည်။

ကုယွမ်ပြောသည့် ကျင်ရှန်းကောင်းကင်ဂိုဏ်းခေါင်းဆောင်မှာလည်း ချီကျင့်သခင်မကဲ့သို့ သေနာပတိ အဖွဲ့ဝင် ငါးဦးထဲမှ တစ်ဦးဖြစ်သည်။

ကုရှီမှာ ဇူယွမ်အား စူးစိုက်ကြည့်ရှုလိုက်ပြီးနောက် ကုယွမ်နောက်မှ လိုက်ပါသွားသည်။

ချီကျင့်သခင်မမှာ ၎င်းတို့ထွက်ခွာသွားသည်ကို အနည်းငယ်မျှပင် အလေးထားပုံမရပေ။

ရိယန်နှင့် ရိချိုးရွှယ်မှာ ချီကျင့်သခင်မ၏ ဆုံးဖြတ်ချက်ကို နားမလည်နိုင်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်မိကြသည်။ မည်သို့ပင်ဆိုစေကာမူ ဇူယွမ်အတွက် အခွင့်အရေးကောင်းတစ်ခုပင် ဖြစ်သည်။

"ချီကျင့်သခင်မကို မြန်မြန်ကျေးဇူးမတင်သေးဘူးလား။" ရိယန်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။

ဇူယွမ်မှ ခေါင်းညိတ်ပြကာ အရိုအသေပေးလိုက်သည်။ "ကျေးဇူးတင်ပါတယ် ချီကျင့်သခင်မ..."

ချီကျင့်မှာ ဇူယွမ်အား ကြည့်ရှုလိုက်ပြီးနောက် ရိယန်အားကြည့်ကာ စကားဆိုလိုက်သည်။ "နင်တို့နှစ်ယောက် အရင်ထွက်သွားလိုက်ကြ။ ငါဇူယွမ်ကို သီးသန့်စကားပြောစရာရှိလို့။"

ရိယန်နှင့် ရိချိုးရွှယ် နှစ်ဦးလုံးမှာ ချီကျင့်သခင်မ၏ အမိန့်ကို မလွန်ဆန်ဝံ့သောကြောင့် အရိုအသေပြုနှုတ်ဆက်ကာ ခန်းမထဲမှ ထွက်ခွာသွားကြသည်။

ရိယန်မှာ ယခုထိတိုင် မယုံကြည်နိုင်ဖြစ်နေသောကြောင့် ခေါင်းတခါခါ ဖြစ်နေရသည်။

"ဘာလို့ ချီကျင့်သခင်မက ဇူယွမ့်ကို ရုတ်တရက်ကြီး လေနန်းဆောင်ရဲ့ လက်ထောက်ခေါင်းဆောင်နေရာ ပေးလိုက်တာလဲဟင်။" ရိချိုးရွှယ်မှ ကူကယ်ရာမဲ့စွာ မေးလိုက်သည်။

နန်းဆောင်လေးခု၏ ခေါင်းဆောင်နေရာမှာ ရိယန်ကဲ့သို့ အကြီးအကဲများနှင့်ပင် တူညီပြီး လက်ထောက်ခေါင်းဆောင်နေရာမှာလည်း ထို့အတူနီးပါး ဖြစ်သည်။ ဇူယွမ်မှာ ရင်းမြစ်အခြေတည်အဆင့်မျှ ရှိနေပါက ချီကျင့်သခင်မ ထိုသို့မြှောက်စားသည်မှာ အထူးအဆန်း မဟုတ်ပါသော်လည်း လက်ရှိအချိန်၌ ဇူယွမ်သည် နတ်ဘုံခန်းဝါ ဗဟိုအဆင့်သာ ရှိသေးသည်။

ယခုကဲ့သို့ အခြေအနေမျိုး တစ်ကြိမ်မျှပင် မဖြစ်ခဲ့ဖူးပေ။

ရိယန်မှ နားမလည်နိုင်စွာ ရေရွတ်လိုက်သည်။ "ချီကျင့်သခင်မက ဇူယွမ့်ကို သဘောကျသွားတာများလား။"

ရိချိုးရွှယ်မှ အလျင်အမြန် ပြောလိုက်သည်။ "ဖိုးဖိုး....ဘာတွေလျှောက်ပြောနေတာလဲ။ ချီကျင့်သခင်မက ဘယ်လိုလူလဲ ဖိုးဖိုးလည်း သိရဲ့သားနဲ့။ သူမ အဆင့်အတန်းကိုလည်းကြည့်ဦး။ ဇူယွမ်က မတော်ဘူး မကောင်းဘူးလို့ သမီးပြောနေတာ မဟုတ်ဘူး။ ဒါပေမယ့် ဖိုးဖိုးပြောတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။"

ရိယန်မှာ စိတ်ကသိကအောက်ဖြစ်စွာဖြင့်ပြုံးကာ ရွှေရောင်နန်းတော်ကြီးအား လှည့်ကြည့်လိုက်မိသည်။ သူပြောလိုက်သော စကားကိုသာ ချီကျင့်သခင်မ ကြားသွားခဲ့ပါက ခေါင်းပြတ်နေလောက်လေပြီ။

ရိယန်မှာ ခေါင်းတခါခါဖြင့် စကားဆိုလိုက်သည်။ "အဲ့ဒါဆိုရင် ကြည့်ရတာ ချီကျင့်သခင်မက ကုယွမ်ကို ပညာပြချင်တာနဲ့တူတယ်။ ဘာပဲဖြစ်ဖြစ် ကျင်ရှန်းကောင်းကင်ဂိုဏ်းက ချီကျင့်သခင်မကို အနှောင့်အယှက် ပေးနေကြမလား။"

ရိချိုးရွှယ်မှ ခေါင်းညိတ်ထောက်ခံလိုက်သည်။ ထိုသည်မှာ ဖြစ်နိုင်ခြေအရှိဆုံး အကြောင်းပြချက် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဇူယွမ်အတွက် ပွပေါက်တိုးသွားခြင်းပင်။

............

ရိယန်နှင့် အခြားသူများ ထွက်ခွာသွားပြီနောက် ချီကျင့်မှ တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။ "လျှို့ဝှက်အစောင့်တွေအားလုံး ထွက်သွားကြ။"

ဇူယွမ်မှာ ခန်းမအတွင်းရှိ စူးရှနေသော အကြည့်များ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။

ထိုမှသာ သက်တောင့်သက်သာဖြင့် သက်ပြင်းချလိုက်မိသည်။

ဇူယွမ်မှာ တစ္ဆေတစ်ကောင်အလား သူ၏ရှေ့သို့ ချက်ချင်းဆိုသလို ရောက်ရှိလာသော ချီကျင့်သခင်မကို တွေ့ရှိလိုက်ရသည်။

ထိုအချိန်မှာပင် ချီကျင့်သခင်မထံမှ ထူးခြားသော စွမ်းအင်တစ်ခု ထွက်ပေါ်နေသည်ကို အာရုံခံလိုက်မိသည်။

ချီကျင့်မှ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "မူလဖျက်စီးခြင်းနတ်ဘုရားရဲ့ စိတ်ဝိဉာဉ်ပေါင်းစည်းခြင်းနည်းလမ်းကို နင်ဘယ်ကရခဲ့တာလဲ။"

ဇူယွမ်ထံမှ မူလဖျက်စီးခြင်းနတ်ဘုရား၏ စိတ်ဝိဉာဉ်ပေါင်းစည်းခြင်းနည်းလမ်းအား မြင်တွေ့လိုက်ရချိန်တွင် ချီကျင့်မှာ အလွန်ရင်းနှီးနေသကဲ့သို့ ခံစားခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် သူမသည်လည်း ထိုအရာအား ကျင့်ကြံထားသောကြောင့် ဖြစ်သည်။

ထိုအချိန်မှာပင် ချီကျင့်သခင်မထံမှ ထွက်ပေါ်နေသော ထူးခြားသည့် စွမ်းအင်များမှာ ဇူယွမ်၏ ပြေးလမ်းအားလုံးကို ပိတ်ထားလိုက်လေပြီ။ ဇူယွမ်မှ စကြာဝဠာရောင်လျှံဝန်းကို အသုံးပြုလျှင်ပင် လွတ်မြောက်နိုင်မည့်ဟန် မရှိ။

သို့သော် ဇူယွမ်မှာ အနည်းငယ်မျှပင် စိတ်လှုပ်ရှားပုံမရပဲ တည်ငြိမ်စွာ ပြန်၍ပြောလိုက်သည်။

"ကျွန်တော်တို့ရဲ့ ဆရာသခင်ကလွဲပြီး မူလဖျက်စီးခြင်းနတ်ဘုရားရဲ့ စိတ်ဝိဉာဉ်ပေါင်းစည်းခြင်းနည်းလမ်းကို သင်ပေးနိုင်မယ့်သူ ရှိလို့လား။"

ချီကျင့်မှာ အံ့အားသင့်သွားရသည်။

"ဆရာသခင်က နင့်ကိုသင်ပေးခဲ့တာလား။"

"ဘာသက်သေပြစရာရှိလဲ။"

"မူလဖျက်စီးခြင်းနတ်ဘုရားရဲ့ စိတ်ဝိဉာဉ်ပေါင်းစည်းခြင်းနည်းလမ်းက မလုံလောက်ဘူးလား။" ဇူယွမ်မှ မေးလိုက်သည်။

"မလုံလောက်သေးဘူး။"

ဇူယွမ်မှာ ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ကောင်းကင်ဘုံယွမ်စုတ်တံအား ဆင့်ခေါ်လိုက်သည်။

ချီကျင့်သခင်မမှာ အလွန်အံ့အားသင့်ကာ တုန်ရီနေသော လက်များဖြင့် ကောင်းကင်ဘုံယွမ်စုတ်တံအား ထိတွေ့လိုက်သည်။ သူမ၏ ကြည်လင်တောက်ပနေသော မျက်ဝန်းများမှာလည်း လွမ်းငွေ့သမ်းလျက် မျက်ရည်စများ ပါးပြင်တလျှောက် လိမ့်ဆင်းလာတော့သည်။

သူမ တုန်ရီနေသော နှုတ်ခမ်းအစုံဖြင့် ဖြည်းညင်းစွာ ရေရွတ်လိုက်သည်။

"ကောင်း...ကောင်းကင်ဘုံယွမ်စုတ်တံ...."

All Chapters