နယ်မြေကိုးခု တွေ့ဆုံပွဲ
Vol. 57 Ch. 785
"နောက်...နောက်ဆုံးဟုတ်လား။"
ဇူယွမ်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ဘိုးဘေးနဂါးမီးအိမ်နှင့် အလွန်ဝေးကွာနေသည်ဟုလည်း ခံစားလိုက်ရသည်။
ချီကျင့်မှ နှုတ်ခမ်းကိုကိုက်ကာ ပြောလိုက်သည်။ "အရင်က ထျန်းယွမ်နယ်မြေက ဒီလိုမဟုတ်ပါဘူး။ ဆရာသခင် ရုတ်တရက် ပျောက်သွားပြီး သူသေသွားပြီဆိုတဲ့ ကောလဟလတွေလည်း ပျံ့ကုန်လို့ပါ။"
"အဲ့ဒါနဲ့ ထျန်းယွမ်နယ်မြေကလည်း တော်တော် ကမောက်ကမ ဖြစ်သွားတယ်။ ပြောရမယ်ဆိုရင် ထျန်းယွမ်နယ်မြေက နယ်မြေကိုးခုထဲက ဖယ်ထုတ်ခံရတော့မလိုတောင် ဖြစ်လာတယ်။ ဆရာသခင်ရဲ့ ကောလဟလတွေကြောင့် ထျန်းယွမ်နယ်မြေက ထိန်းချုပ်ဖို့လည်း တော်တော် ခက်ခဲသွားတာလေ။"
"အဲ့ဒါကြောင့်ပဲ စီနီယာအကိုတော်က သီးသန့်ကျင့်ကြံနေတာ။ သူက သူတော်စင်အဆင့်ကို အမြန်ဆုံးရောက်ပြီး ထျန်းယွမ်နယ်မြေကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ထားတယ်။" ထိုစကားပြောနေချိန်တွင် ချီကျင့်၏ မျက်ဝန်းများမှာ အေးစက်နေသည်။ နှစ်ပေါင်းများစွာအတွင်း တာဝန်များစွာကို မနားတမ်း ထမ်းရွက်ခဲ့ရသောကြောင့် သူမအတော် ပင်ပန်းခဲ့ရဟန် ရှိသည်။
"နယ်မြေကိုးခု တွေ့ဆုံပွဲက လူငယ်မျိုးဆက်တွေအတွက် အတွေ့အကြုံရအောင် လုပ်ပေးတာဆို။" ဇူယွမ်မှ စကားဆိုလိုက်သည်။
ချီကျင့်မှ ခေါင်းညိတ်ပြလိုက်သည်။ "နယ်မြေကိုးခု တွေ့ဆုံပွဲက အရင်တုန်းကတော့ ဒီတိုင်းဆက်ဆံရေးအတွက် တွေ့ဆုံပွဲပဲ။ ဒါပေမယ့် အဆင့်အတန်းမြင့်တဲ့သူ တော်တော်များများက လာရမှာ မကြိုက်သလိုလို ဘာလိုလိုနဲ့ မလာကြဘူးလေ။ အဲ့လိုနဲ့ နောက်ကြတော့ လူငယ်မျိုးဆက်တွေအတွက် အတွေ့အကြုံ ဖလှယ်ပွဲ ဖြစ်လာတာပဲ။"
"ထျန်းယွမ်နယ်မြေရဲ့ လူငယ်မျိုးဆက်က အဲ့လောက်တောင် အခြေအနေ ဆိုးနေတာလား။" ဇူယွမ်မှ ကူကယ်ရာမဲ့စွာ မေးလိုက်သည်။
"ထျန်းယွမ်နယ်မြေရဲ့ လူငယ်မျိုးဆက်က အခြေအနေ မဆိုးပါဘူး။ မညီညွတ်ကြတာ။"
ချီကျင့်မှ မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။ "ဆရာသခင် ပျောက်သွားထဲက ကျင်ရှန်းကောင်းကင်ဂိုဏ်းက လှုပ်ရှားလာတယ်လေ။ သူတို့က ပိုင်စဲ့ကလန်ရယ် ရှင်းခယ်ရွှယ်ကျင်းကလန်ရယ်နဲ့ပေါင်းပြီး ထျန်းယွမ်နယ်မြေမှာ အင်အားအကြီးဆုံးနေရာ ယူလိုက်ကြတယ်။"
"အခုသူတို့က သေနာပတိ အဖွဲ့အစည်းမှာ နေရာသုံးခုယူထားတော့ အရေးကြီးတဲ့ ဆုံးဖြတ်ချက် တော်တော်များများကိုလည်း သူတို့ပဲ ဆုံးဖြတ်ကြတယ်။ ဆရာသခင်သာ ကျင်ရှန်းကောင်းကင်ဂိုဏ်းကို ထျန်းယွမ်နယ်မြေအပေါ် သစ္စာမဖောက်ဖို့ မပြောခဲ့ရင် အခုချိန် မလွယ်လောက်ဘူး။"
"ပြီးတော့ ထျန်းယွမ်နယ်မြေရဲ့ လူငယ်မျိုးဆက်တွေအားလုံးက နန်းဆောင်လေးခုမှာ ကျင့်ကြံကြတာလေ။ အဲ့ထဲမှာ လေနန်းဆောင်တစ်ခုပဲ ငါ့လက်အောက်မှာ ရှိတယ်။"
"ဒါတောင် သူတို့က လေနန်းဆောင်ကိုပါယူဖို့ လုပ်နေကြတာ။ အဲ့ဒါကြောင့် လေနန်းဆောင်ရဲ့ ခေါင်းဆောင်နေရာက နှစ်တွေအကြာကြီး လွတ်နေတာလေ။"
ဇူယွမ်မှ လေးနက်စွာ တွေးတောလိုက်မိသည်။ ယခုအခြေအနေအရ ထျန်းယွမ်နယ်မြေ၌ အတွင်းအပြင် ပြဿနာများစွာ ကြုံတွေ့နေရသည်မှာ ထင်ရှားလှသည်။ ထို့ကြောင့် ဟွမ်းယွမ်ကောင်းကင်ဒေသ၏ နယ်မြေကိုးခုထဲမှ တစ်ခုအဖြစ် ဆက်လက်ရပ်တည်နေရန်မှာ မလွယ်ကူလောက်ပေ။
"အရင်တုန်းက နန်းဆောင်လေးခုလုံးကို ခန့်ခွဲနိုင်တဲ့ ရှိုးရှီခေါင်းဆောင်နေရာ ရှိခဲ့ပေမယ့် ဆရာသခင် ပျောက်သွားထဲက တစ်ယောက်နဲ့တစ်ယောက် ငြင်းခုန်နေရာလုရင်း အဲ့နေရာ မရှိတော့ဘူး။ နန်းဆောင်လေးခုလုံးက လူငယ်တွေကို စုစည်းပေးနိုင်မယ့် ခေါင်းဆောင်မရှိမှတော့ နယ်မြေကိုးခု တွေ့ဆုံပွဲမှာ ဘယ်လိုရလဒ်ကောင်းပါ့မလဲ။" ချီကျင့်မှ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
ဇူယွမ်မှာ မျက်ဝန်းများ တောက်ပသွားရသည်။ "မျှော်လင့်ချက် ရှိပါသေးတယ်။ နန်းဆောင်လေးခုက လူငယ်တွေကို စုစည်းနိုင်ရင် ရပြီမလား။"
ဘိုးဘေးနဂါးမီးအိမ်မှာ ယောင်ယောင့်အတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နေသဖြင့် ဇူယွမ် လက်မလျှော့နိုင်ပေ။
ချီကျင့်မှာ ယုံကြည်ချက် အပြည့်ရှိနေသော ဇူယွမ်အား ကြည့်ရှုလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဆရာသခင်၏ ခိုင်းစေချက် ဖြစ်နေသောကြောင့် သူမလည်း အကောင်းဆုံး ကြိုးစားရလိမ့်မည် ဖြစ်သည်။
"နင်က သတ္တိရှိသားပဲ။ အဲ့ဒါဆို နယ်မြေကိုးခု တွေ့ဆုံပွဲ မတိုင်ခင် နင်နန်းဆောင်လေးခုရဲ့ ရှိုးရှီခေါင်းဆောင်နေရာ ရအောင်လုပ်သင့်တယ်။" ချီကျင့်မှ ဖြစ်နိုင်ခြေအရှိဆုံးနည်းကို ပြောလိုက်သည်။
"ဘယ်လိုလုပ်ရမှာလဲ။" ဇူယွမ်မှ မေးမြန်းလိုက်သည်။
"ဆရာသခင်သာ ရှိနေရင်တော့ နင့်ကို အခုချက်ချင်း ရှိုးရှီခေါင်းဆောင်နေရာ ပေးလိုက်လို့ရတယ်။ ဒါပေမယ့် ငါ့မှာအဲ့အာဏာ မရှိဘူး။ နင့်ကိုယ်နင် အားကိုးရလိမ့်မယ်။ ငါလုပ်ပေးနိုင်တာက ကျင်ရှန်းကောင်းကင်ဂိုဏ်းက ဝင်မနှောင့်ယှက်အောင်ပဲ လုပ်ပေးလို့ရမှာ။"
"နင့်ကို လေနန်းဆောင်ရဲ့ လက်ထောက်ခေါင်းဆောင်နေရာ ပေးပြီးပြီဆိုတော့ အရင်ဆုံး ခေါင်းဆောင်နေရာရအောင် နင်ကြိုးစားရမယ်။"
"နန်းဆောင်လေးခုရဲ့ ခေါင်းဆောင်လေးယောက်ကပဲ ရှိုးရှီခေါင်းဆောင်နေရာအတွက် ပြိုင်လို့ရတာ။"
"အခုလောလောဆယ် နင်အပြင် ချန်းပိုင်ဖန်းနဲ့ ရဲ့ပင်းလင်လို့ခေါ်တဲ့ လက်ထောက်ခေါင်းဆောင် နှစ်ယောက်ရှိတယ်။ ချန်းပိုင်ဖန်းက ကျင်ရှန်းကောင်းကင်ဂိုဏ်းက လွှတ်ထားတာ။ ရဲ့ပင်းလင်ကတော့ ငါ့ရဲ့လူတွေထဲက တစ်ယောက်ပဲ။"
"အစကတော့ လေနန်းဆောင်က တစ်ယောက်ယောက်ကို လက်ထောက်ခေါင်းဆောင်နေရာ ပေးမလို့ပဲ။ ဒါပေမယ့် အခုနင်ရှိနေပြီလေ။"
"ချန်းပိုင်ဖန်းနဲ့ ရဲ့ပင်းလင်တို့ရဲ့ တိုက်ပွဲစွမ်းရည်က ဘယ်လိုနေလဲ။" ဇူယွမ်မှ မေးမြန်းလိုက်သည်။
"နင်အနိုင်ယူခဲ့တဲ့ မို့ယွမ်က ဟွမ်းယွမ်ကောင်းကင်ဒေသရဲ့ နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်းထဲမှာ အဆင့်ငါးရာချိတ်တာ။ ချန်းပိုင်ဖန်းနဲ့ ရဲ့ပင်းလင်ကတော့ အဆင့်တစ်ရာထဲဝင်တယ်။ သူတို့က ထျန်းယွမ်နယ်မြေအတွက် ဂုဏ်ယူရတဲ့ လူငယ်တွေပဲ။"
"ဒါပေမယ့် နင်အရမ်းစိုးရိမ်စရာ မလိုပါဘူး။ အဲ့နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်းက တော်တော်ရှုပ်တာ။"
ဇူယွမ်မှာ သက်ပြင်းချလိုက်မိသည်။ ဟွမ်းယွမ်ကောင်းကင်ဒေသသည် အမှန်တကယ်ပင် အင်အားကြီးလွန်းလှသည်။ မို့ယွမ်သည်ပင် အဆင့်ငါးရာမျှသာ ချိတ်နိုင်ပေသည်။
"အဲ့ဒါဆို ကျွန်တော့်ရဲ့ အဓိကပြိုင်ဖက်က ချန်းပိုင်ဖန်းပေါ့။"
"ဟုတ်တယ်။ ဒါပေမယ့် ရဲ့ပင်းလင်ကလည်း အရမ်းမာနကြီးတဲ့ မိန်းကလေးတစ်ယောက်ပဲ။ နင့်ရဲ့အရည်အချင်းက မလုံလောက်ဘူးထင်ရင် သူမ ဂရုတောင်စိုက်မှာ မဟုတ်ဘူး။" ချီကျင့်မှ ပြောလိုက်သည်။
ဇူယွမ်မှ ခေါင်းညိတ်ပြလိုက်သည်။ သူမ ဂရုစိုက်လာမည့်အချိန်ထိ သူမအား ထုရိုက်တိုက်ခိုက်ရန်သာ ရှိသည်။
"မနက်ဖြန်ကြရင် နင်လေနန်းဆောင်ကို သွားရမယ်။ နင်ခေါင်းဆောင်နေရာ ရခဲ့ရင်ကို ရှိုးရှီခေါင်းဆောင်နေရာအတွက် ပြိုင်လို့ရပြီ။ အဲ့အခါကြရင် နန်းဆောင်လေးခုလုံးကို ကိုင်တွယ်ပြီး နယ်မြေကိုးခု တွေ့ဆုံပွဲအတွက် ပြင်ဆင်လို့ရပြီ။"
"ပြဿနာမရှိဘူးမလား။" ချီကျင့်မှ ဇူယွမ်အားကြည့်ကာ မေးလိုက်သည်။
ဇူယွမ်မှာ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ကောင်းကင်ဘုံယွမ်စုတ်တံအားကြည့်ကာ ပြောလိုက်သည်။ "ဒါက ဆရာသခင်ရဲ့ ပစ္စည်းလေ။ ဒီမှာထုတ်သုံးရင် တစ်ယောက်ယောက်များ သိသွားမလား။"
"အဲ့ဒါကိုတော့ စိတ်ပူစရာ မလိုပါဘူး။ ဆရာသခင် ကန်းယွမ်ကို လေးစားတဲ့သူတွေက ထျန်းယွမ်နယ်မြေမှာ အများကြီးပဲ။ အဲ့ဒါကြောင့် စုတ်တံလက်နက်ကိုလည်း တုပပြီး လိုက်လုပ်ကြတာ။ အခုဆို ထျန်းယွမ်နယ်မြေမှာ စုတ်တံလက်နက်က ထူးဆန်းတဲ့အရာ မဟုတ်တော့ဘူး။"
"ဒါပေမယ့် ကောင်းကင်ဘုံယွမ်စုတ်တံပေါ်က မှော်စာလုံး ကိုးခုကတော့ ထူးခြားနေတယ်။"
ချီကျင့်မှာ ကောင်းကင်ဘုံယွမ်စုတ်တံ၏ ကိုယ်ထည်အား အသာအယာ ပွတ်သပ်လိုက်သည်။ ကိုယ်ထည်ပေါ်ရှိ ရှေးဟောင်းမှော်စာလုံး ကိုးခုမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့သည်။
"ငါဖုံးထားလိုက်ပြီ။ လောကကိုကြီးစိုးခြင်း အဆင့်တစ်ယောက်ယောက်ဆီ မရောက်သွားသမျှ ဘယ်သူမှ သိမှာမဟုတ်တော့ဘူး။
ဇူယွမ်မှာ မှော်စာလုံးများကို ဖုံးကွယ်ထားရုံသက်သက်သာ ဖြစ်သည်ကို သိရှိလိုက်ရသောကြောင့် စိတ်သက်သာရာ ရသွားရသည်။ "ကျေးဇူးတင်ပါတယ် စီနီယာအမတော်.."
ချီကျင့်မှ လက်ကိုခါယမ်းကာ ပြောလိုက်သည်။ "ဆရာသခင် ပေးလိုက်တဲ့တာဝန် အဆင်ပြေဖို့ပဲဟာ..ဘာမှမဟုတ်ပါဘူး။"
"ဒါနဲ့ ငါနင့်ကို နေစရာတွေဘာတွေ စီစဉ်ပေးရဦးမလား။"
ဇူယွမ်မှ ခေါင်းကိုခါယမ်းကာ စကားဆိုလိုက်သည်။ "ကျွန်တော်တို့ အရမ်းနီးကပ်နေလို့ မဖြစ်ဘူး။ အဲ့ဒါကြောင့် ကျွန်တော် အကြီးအကဲ ရိယန်နဲ့ပဲ နေလိုက်ပါ့မယ်။"
"သူ့ရဲ့ မြေးမချောချောလေးကို သဘောကျနေတာမလား။ ရိချိုးရွှယ်က မဆိုးပါဘူး။ ငါလည်း သူမကို သဘောကျတယ်။" ချီကျင့်မှ ပြုံးစိစိဖြင့် ပြောလိုက်သည်။
ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါပြလိုက်သည်။ ထို့နောက် စကားစမြည် အနည်းငယ်ပြောကာ အမတော်အား နှုတ်ဆက်လျက် ခန်းမထဲမှ ထွက်လာခဲ့လိုက်သည်။
ဇူယွမ် ထွက်ခွာသွားပြီးနောက် ချီကျင့်မှာ ကလေးတစ်ယောက်အလား ရင်ဘတ်ကို လက်ဖြင့်ဖိကာ ပျော်ရွှင်စွာဖြင့် ရေရွတ်လိုက်သည်။
"ငါတို့ရဲ့ ဆရာ အဆင်ပြေနေတယ်တဲ့...ဟီးဟီး.."
နှစ်ပေါင်းများစွာ ပူပန်ခဲ့ရသော သူမ၏ စိုးရိမ်မှုများ ပျောက်ကင်းသွားခဲ့လေပြီ။
"ပြီးတော့ ဂျူနီယာမောင်တော်လေးကလည်း စိတ်ထားကောင်းတယ်။"
ချီကျင့်မှာ ဇူယွမ်၏ပုံစံအား လွန်စွာသဘောကျမိသည်။ သို့သော် လေနန်းဆောင်၏ ခေါင်းဆောင်နေရာကို ရယူနိုင်ပါ့မည်လား မသေချာပေ။
လေနန်းဆောင်တွင် ထူးချွန်သူများစွာ ရှိပါသော်လည်း ပြောရဆိုရ၊ ထိန်းချုပ်ရသည်မှာ အလွန်ခက်ခဲလှသည်။ ထို့ကြောင့်ပင် လေနန်းဆောင်၏ ခေါင်းဆောင်နေရာမှာ နှစ်နှင့်ချီအောင် လစ်လပ်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် ဇူယွမ်မှာ ဆရာသခင်၏ တပည့်ဖြစ်နေသောကြောင့် သူမ ယုံကြည်နိုင်ပေသည်။
"နင့်အတွက် တခြားဖိအားတွေကို ငါဖြေရှင်းပေးနိုင်ပေမယ့် လေနန်းဆောင်ရဲ့ ခေါင်းဆောင်နေရာကိုတော့ နင့်အရည်အချင်းနဲ့ပဲ ယူလို့ရလိမ့်မယ်။"
ချီကျင့်မှာ ခန်းမဆောင်အတွင်း တစ်ဦးတည်း ရေရွတ်နေမိလေတော့သတည်း...