← Chapters

ချေမှုန်းခြင်း

Vol. 94 Ch. 1311

ချေမှုန်းခြင်း

Vol. 94 Ch. 1311

မန်ဟိုသည် သခင်အဖြူထက် အသက်ဆယ်ရှိုက်စော၍ အကွဲကြောင်းထဲမှ ထွက်လာ၏။ သူ ပေါ်လာလျှင်ချင်း အဝေးရှိ ဆံနီအဘိုးအိုနှင့်အပေါင်းအပါများ၊ သတ္တမတောင်ပင်လယ်ကျင့်ကြံသူသောင်းများစွာမှာ လေပြင်းတစ်ချက်၏ ရိုက်ခတ်မှုကြောင့် လွင့်ထွက်သွားကြသည်။ သို့သော်လည်း မန်ဟို့ကို ချက်ချင်း မမြင်ကြသေးပေ။

“ဘာဖြစ်နေတာလဲ”

“ဒါ... ဒါက ...” နောက်သို့ တွန်းထုတ်ခံနေရစဉ် ဆံနီအဘိုးအိုနှင့်အပေါင်းအပါများ၏ မျက်နှာပေါ်တွင် အံ့အားသင့်နေသောအမူအရာများ ရှိသည်။ အကွဲကြောင်းထံမှလည်း

တဝုန်းဝုန်းမြည်သံများ ကြားလိုက်ရသည်။ ထို့နောက် အကွဲကြောင်းသည် ... ရုတ်တရက် ပြိုကျပျက်စီးတော့မလို ဖြစ်လာ၏။

အက်ကြောင်းများက အရပ်မျက်နှာတစ်ခွင် ဖြာထွက်သွားပြီး ပြိုကွဲလာသဖြင့် ရှိရှိသမျှလူတိုင်းအား အံ့ဩသွားစေသည်။

သို့သော် နောက်ဆက်တွဲ ဖြစ်ပျက်သွားသောအရာက စောင့်ကြည့်နေသည့် သတ္တမတောင်ပင်လယ်ကျင့်ကြံသူအားလုံးကို မှင်သက်ကြက်သေသေသွားစေ၏။ လူတိုင်းလူတိုင်းသည် သူတို့တောင်ပင်လယ်၏ သခင်အဖြူ .... ပြိုကျနေသော အကွဲကြောင်းထဲမှ ပျံထွက်လာသည်ကို မျက်စိဖြင့် တပ်အပ်မြင်တွေ့လိုက်ရလေသည်။

သူတို့မှာ စိတ်မလှုပ်ရှားနိုင်ခင် မယုံနိုင်လွန်း၍ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ အဘယ်ကြောင့်ဆိုသော် ... သခင်အဖြူက အကွဲကြောင်းထဲမှ သူ့ဘာသာသူ ထွက်လာခြင်းမဟုတ်ကြောင်း သူတို့ ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရ၍ပင်။ သခင်အဖြူသည် ရုန်းကန်အော်ဟစ်နေပြီး ထိတ်လန့်နေသောအမူအရာရှိ၏။

ကြည့်ရခြင်းအားဖြင့် သူကား ... မမြင်ရသော ဧရာမလက်ကြီးတစ်ဖက်၏ ဆွဲထုတ်ခြင်းခံနေရသယောင်ပင်။

“ဒါ....” သတ္တမတောင်ပင်လယ်ကျင့်ကြံသူအားလုံး ကြက်သေသေကုန်ကြသည်။

သခင်အဖြူသည် ဒေါသတကြီးအော်ဟစ်နေသော်လည်း စိတ်ထဲတွင် ထိတ်ပျာနေ၏။ သူ ရုန်းနေစဉ် သူ့အသံကို အားလုံးကြားနေရသည်။

“ဘယ်ပါရာဂွန်လဲ။ ပါရာဂွန်ပင်လယ်လား။ ဟုတ်တယ် ခင်ဗျားပဲဖြစ်ရမယ်”

သခင်အဖြူ ဆူညံနေသည့်အချိန်မှာပင် တည်ငြိမ်အေးဆေးသောအသံတစ်သံက ပဲ့တင်ထပ်လာသည်။ “ပါရာဂွန်ပင်လယ်အိပ်မက်မဟုတ်ဘူး ကျုပ်ပဲ”

ပြိုကျနေသော အကွဲကြောင်းမှ လှိုင်းများ ဖြာထွက်လာပြီး မန်ဟိုက အားလုံး၏အရှေ့တွင် ဘွားခနဲ ပေါ်လာခဲ့လေပြီ။

“မန်ဟို”

“တကယ်ကြီး သူလား သူ..... သူက ...”

“သူပျောက်နေတာ တစ်လပဲ ရှိသေးတယ်လေ။ ဘယ်လိုလုပ် အရင်ကထက်တောင် အစွမ်းထက်လာရတာတုန်း” ဆံနီအဘိုးအိုနှင့်အပေါင်းအပါများမှာ ပါးစပ်အဟောင်းသားဖြစ်နေပြီး သခင်အဖြူ၏သူငယ်အိမ်များ ကျုံ့နေသည်။ သူ့မှာ သူ့မျက်စိသူ မယုံနိုင်တော့ပေ။

“မဖြစ်နိုင်ဘူး” သခင်ဖြူတစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထလာသည်။ ဖမ်းဆုပ်ထားခဲ့သော လက်ကြီး ပျောက်ကွယ်သွားခဲ့၍ ယခုတွင် သူသည် လှုပ်နိုင်သွား၏။ သူ့မှာ မန်ဟို့ကို မယုံကြည်နိုင်စွာ ကြည့်ရင်း နောက်ဆုတ်မိလိုက်သည်။

“သခင်အဖြူ ပြန်တွေ့ရပြန်ပြီနော်” မန်ဟိုက တစ်ချိန်လုံး သခင်အဖြူကို တည်ငြိမ်စွာ ကြည့်လျက် ခပ်ပြုံးပြုံး ဆိုသည်။ "ခင်ဗျားလာနေတာ နှေးလွန်းတော့ ကျုပ်လည်း မစောင့်ချင်တာနဲ့ ခင်ဗျားကို နည်းနည်းလောက် ကူညီဖို့ ဆုံးဖြတ်ခဲ့တာ”

မန်ဟိုသည် ခပ်ပြုံးပြုံးသာ ဆိုနေသော်လည်း သခင်အဖြူမှာတော့ တစ်ခေါင်းလုံးပေါက်ကွဲတော့မတတ် ခေါင်းနပန်းကြီးနေလေပြီ။ သူ့တစ်ဘဝလုံးတွင် ကြုံတွေ့ခဲ့ဖူးသမျှလဲ အပြင်းထန်ဆုံးသော အသက်အန္တရာယ်ကို သူ ခံစားနေရ၏။ ထို့ပြင် တရားခံက မန်ဟိုအပြင် တခြားမဟုတ်။

သခင်အဖြူမှာ ပြီးခဲ့သည့်လက သူ ရင်ဆိုင်ခဲ့သည့်လူ၊ သူ့ကို ကြောက်လန့်စေခဲ့သော မန်ဟိုမှာ ဤမန်ဟိုနှင့်တစ်ယောက်တည်း ဖြစ်သည်ဟု မယုံနိုင်တော့ပေ။ မန်ဟိုကား လူစားလဲလိုက်သလို ပြောင်းလဲသွားခဲ့ရာ သခင်အဖြူမှာ အိပ်မက်နေသည့်အလား၊ သူ့အရှေ့ရှိ မြင်ကွင်းမှာ သွေးလေချောက်ချားမှုဖြစ်သည့်အလား ခံစားနေရတော့သည်။

“မဖြစ်နိုင်ဘူး....”

မဖြစ်နိုင်ဘူးဆိုသော စကားလုံးကိုသာ သူ ထပ်တလဲလဲ ပြောနေနိုင်သည်။ ဤအဖြစ်က ဤမြင်ကွင်းသည် အိပ်မက်ထဲ၌ပင် မဖြစ်နိုင်လောက်အောင် မည်မျှမယုံနိုင်စရာကောင်းလဲ၊ မည်မျှထိတ်လန့်စရာကောင်းလဲ သက်သေပြနေ၏။

မန်ဟိုကား အဘယ်ကြောင့် ယခုလို ကြောက်ခမန်းလိလိ တိုးတက်လာခဲ့သနည်း။

သူ့မှာ ထိုဧရာမလက်ကြီး သူ့ကို ဖမ်းဆုပ်ထားစဉ်တုန်းက ခံစားခဲ့ရသော မျှော်လင့်ချက်မဲ့မှုနှင့် ထိတ်လန့်မှုကို မေ့မရပေ။ ယင်းက သူ့ထက် အဆင့်မြင့်သော ပါရာဂွန်တစ်ဦး၏ နတ်ဘုရားအာရုံဖြစ်ခဲ့သည့်အတွက် မူလအစီအစဉ် လွဲချော်သွားခဲ့၍ ပါရာဂွန်ပင်လယ်အိပ်မက် ပေါ်လာခဲ့သည်ဟု သူ ယူဆခဲ့မိသည်။ သို့သော် ယခုတော့ မန်ဟိုဖြစ်ကြောင်း သိလိုက်သည့်အခါ သူ့မှာ ထင်ယောင်ထင်မှားဖြစ်နေခြင်းသာ ဖြစ်ပါစေဟု ဆုတောင်းနေမိတော့သည်။ တကယ်တမ်း ပါရာဂွန်ပင်လယ်အိပ်မက်ဆိုလျှင်ဖြင့် တော်ဦးမည်။

ယခုတော့ သူ၏ယုံကြည်ချက်တို့ တည်ဆောက်မရအောင် ပြိုလဲသွားပြီး သူ၏ပြင်ဆင်မှုအားလုံး အသုံးမဝင်တော့ပြီ။

ပို၍ပင်ဆိုးသည်ကား သူ့အနောက်ရှိ အက်ကွဲကြောင်းလည်း ပြိုကျနေရာ သူ့အား အံ့အားသင့်နေစေသည်။ ယခု၌ မန်ဟို၏အစီအစဉ်က သိသာပေါ်လွင်ပေသည်။

အပြန်လမ်းကို ဖျက်စီးပစ်လိုက်မှတော့ သူကား ... သခင်အဖြူကို တစ်ခါတည်း အပြီးသတ်ပစ်ရန် ရည်ရွယ်ထားသည်။

ထို့ကြောင့် မန်ဟိုသည် အစကတည်းက အကွဲကြောင်းထဲ ဝင်ရောက်ခဲ့ခြင်းဖြစ်၏။

အကွဲကြောင်းကို ဖျက်စီးပစ်လျှင် သတ္တမတောင်ပင်လယ်သခင်အနေဖြင့် ဆုတ်ခွာနိုင်တော့မည်မဟုတ်ရာ အဋ္ဌမတောင်ပင်လယ်တွင် ပိတ်မိသွားလိမ့်မည်။ ထွက်ပြေးချင်လျှင်တောင်မှ ထွက်ပြေးစရာနေရာ မရှိပေ။ သုဿန်သင်္ချိုင်းလို အဋ္ဌမတောင်ပင်လယ်က သူ၏နောက်ဆုံးခေါင်းချရာနေရာ ဖြစ်လာမည်။

သခင်အဖြူမှာ တုန်ရီလာပြီး သူ့ရင်ထဲရှိ အသက်အန္တရာယ်အာရုံမှာ အုံကြွနေသော လှိုင်းတံပိုးကြီးများသဖွယ် ဖြစ်လာသည့်တိုင်အောင် ပို၍ပင် ပြင်းထန်လာသည်။ တစ်ချက်လေးပင် တွန့်ဆုတ်မနေဘဲ သခင်အဖြူသည် ပြိုကျနေသော အကွဲကြောင်းထံ လှစ်ခနဲ ဦးတည်သွားသည့် အဖြူရောင်အလင်းတန်းတစ်တန်းအသွင် ပြောင်းသွား၏။

ပြိုကျနေသော အကွဲကြောင်းထဲ ဝင်ရောက်ခြင်းက အသက်ရှင်နိုင်ခြေ ၅၀/၅၀ သာ ရှိသော်လည်း အနည်းဆုံးတော့ ပိတ်မိနေသည်ထက် တော်သေးသည်။

ထို ၅၀/၅၀ အခွင့်အရေးကိုသာ သူ မယူလျှင် သူ့ကို စောင့်နေမည့် တစ်ခုတည်းသောအရာက အသက်ရှင်နိုင်ခြေ (၀) ရာခိုင်နှုန်းသာ ဖြစ်သည်။

ဝုန်း

သခင်အဖြူ ထွက်ပြေးသောအခိုက်အတန့်တွင် မန်ဟိုက အေးစက်စက် နှာမှုတ်၍ လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ၏နတ်ဘုရားအာရုံက သခင်အဖြူအပေါ် ဖိနှိပ်ရင်း ဖြာထွက်လာသဖြင့် မိုးနှင့်မြေသည် တဝုန်းဝုန်းမြည်လာပြီး ကြယ်တာရာကောင်းကင်မှာ တုန်ခါလာသည်။

သခင်အဖြူမှာ မချိတင်ကဲ အော်ဟစ်လိုက်ရပြီး သွေးများ ဖွားခနဲ လွင့်စင်ထွက်သွားသည်။ ထို့နောက် သူ့အနောက်ရှိ အကွဲကြောင်းမှာ အပြီးတိုင်ပြိုကျသွားရာ ... သူ၏ ၅၀/၅၀ အခွင့်အရေးကို ဖျက်စီးပစ်လိုက်တော့သည်။

“မန်ဟို မင်း လွန်လာပြီ” သခင်အဖြူက မျက်ထောင့်နီကြီးဖြင့် ချာခနဲ လှည့်ကြည့်ပြီး ခေါင်းနောက်လှန်ကာ ဟိန်းဟောက်သည်။ သူ့လက်နှစ်ဖက်သည် လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက်ကို ဖော်၍ သူ့အနောက်တွင် ရှေးဟောင်းကျမ်းစာတစ်ခုအား ပေါ်လာစေ၏။

“တောင်တွေမှာ တာအိုသုံးပါးရှိတယ်။ လူ-တောင်၊ မြေ-တောင်၊ ကောင်းကင်-တောင်” သခင်အဖြူသည် ဘာကိုမှ မထိမ်ချန်ထားဘဲ သူ၏နတ်ဘုရားစွမ်းရည်ကို ထုတ်လွှတ်လိုက်ရာ ဤအခိုက်အတန့်တွင် သူ မည်မျှကြောက်လန့်နေကြောင်း ပေါ်လွင်နေ၏။

ဝုန်းးးးးးးးးးးးးးးးးးးးးးးးးးး

မိုးနှင့်မြေကို တုန်ခါလှုပ်ဟည်းနေစေသော တောင်ကြီးသုံးလုံးပေါ်လာ၏။ လူ-တောင်က အရှေ့မှ၊ မြေ-တောင်က အောက်မှ၊ ကောင်းကင်-တောင်က အပေါ်မှ မန်ဟို့ကို ကြားညှပ်ဖိသိပ်လိုက်သည်။ ထိုတောင်သုံးလုံး၏စွမ်းအားသည် နတ်ဒေဝါများ၊ နတ်ဘုရားများကို သတ်နိုင်သည်အထိ ကြီးမား၏။

တောင်သုံးလုံးက မန်ဟို့ကို ဝင်တိုက်လိုက်သဖြင့် အုန်းခနဲ မြည်သံကြီး ရိုက်ညောင်းသွားသည်။ ဝိညာဉ်မီးအိမ်ငါးလုံးကို မငြှိမ်းရသေးခင်ကဆိုလျှင် သူ့အတွက် ဤမှော်အစွမ်းကို ရင်ဆိုင်ဖို့မှာ အလွန်ခက်ခဲလိမ့်မည်။ သူ့အစား အသေခံပေးမည့် ကိုယ်တစ်ကိုယ်ကို ဖန်ဆင်းဖို့ ခြောက်သွေ့မီးတောက်မိစ္ဆာမှော်အစစ်အမှန်ကိုယ်တာအိုကိုပင် မဖြစ်မနေ သုံးရလိမ့်မည်။

သို့သော် ယခုအချိန်တွင် မန်ဟို့မျက်လုံးများသည် လင်းလက်တောက်ပနေပြီး သူ့အမူအရာက လွန်စွာတည်ငြိမ်နေသည်။ လက်ချောင်းလေးတစ်ချောင်း၏ အဝှေ့က လူ-တောင်ကို ကြေမွသွားစေသည်။ မန်ဟိုက သူ့လက်ချောင်းကို အပေါ်နှင့်အောက်သို့ ဆက်လက်ဝှေ့ယမ်းလိုက်သည်။

သူကား လောက၏... အကြီးမြတ်ဆုံးတန်ခိုးရှင်တစ်ဦးသဖွယ် အရာခပ်သိမ်းကို ခြယ်လှယ်နိုင်သယောင်ပင်။

အုန်းးးးးးးးးးးး

မြေ-တောင် စိစိညက်ညက်ကြေသွားပြီး ကောင်းကင်-တောင်လည်း ပြိုကွဲသွားသည်။ တောင်အစအနများ အရပ်မျက်နှာတစ်ခွင် ဖြာထွက်သွားစဉ် ကြယ်တာရာကောင်းကင်မှာ တသိမ့်သိမ့် တုန်ခါလာသည်။ သခင်အဖြူ၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ့မျက်နှာပေါ်တွင် ကြောက်လန့်ပြီး ရူးချင်နေသောအမူအရာအား မြင်ရနိုင်သည်။

“ခင်ဗျားက ကျုပ်အတွက် ပြိုင်ဘက်မဟုတ်တော့ဘူး” မန်ဟိုက သခင်အဖြူထံ တဟုန်ထိုး ပြေးဝင်သွားရင်း အေးတိအေးစက် ပြောသည်။ တောင်ပင်လယ်များ၏စွမ်းအားက မန်ဟို့အရှိန်အဝါဖြစ်နေသကဲ့သို့ ကြယ်တာရာကောင်းကင်၏ဖိအားသည် အောက်သို့ သက်ရောက်စပြုလာ၏။ အရာအားလုံး တဝုန်းဝုန်း တုန်ရီလာပြီး သခင်အဖြူမှာ သွေးအန်လျက် နောက်ဆုတ်သွားရလေသည်။

(အားကန်း - အရှေ့အပိုင်းသုံးပိုင်းမှာ တရုတ်စာလုံးရေ ၁၁၀၀၀ ရှိပါတယ်။ ပုံမှန်အပိုင်းဆို တရုတ်စာလုံးရေ ၃၀၀၀ ဖြစ်တဲ့အတွက် ဒီအပိုင်းမှာတော့ စာလုံးရေ ၁၃၀၀ လောက်ပဲ ထည့်ထားတာဖြစ်ပါတယ်။)

All Chapters