သခင်အဖြူက အပြင်သူတဲ့လော
Vol. 94 Ch. 1312
“ပင်လယ်တွေမှာ မှော်အစွမ်းသုံးခုရှိတယ် ။ အရပ်သားမှော်အစွမ်း၊ မူးမတ်မှော်အစွမ်းနဲ့ ဧကရာဇ်မှော်အစွမ်း” သခင်အဖြူက ဟိန်းဟောက်သည်။ ကျန်သဘာဝနိယာမအားလုံးကို လွှမ်းမိုးခြယ်လှယ်နိုင်ပုံရသော သဘာဝနိယာမသုံးခုက မန်ဟို့ကို ဖိနှိပ်ရင်း သက်ဆင်းလာသည်။
မန်ဟိုက ပါရာဂွန်တံတားကို ဆင့်ခေါ်သည်။ ဤပါရာဂွန်တံတားသည် သူ ဆင့်ခေါ်ခဲ့ဖူးသော ယခင်ပုံစံနှင့် ကွဲပြား၏။ ပါရာဂွန်တစ်ဦး၏ ကြီးမြတ်သောစိတ်ဆန္ဒက ၎င်းကို ရစ်သိုင်းလျက် ပင်လယ်မှော်အစွမ်းသုံးခုကို ပြန်တိုက်ခိုက်သည်။ မှော်အစွမ်းသုံးခုလုံးမှာ ဆက်တိုက်ကြေမွကုန်ကြသည်။
မန်ဟို့မျက်နှာမှာ အတန်ငယ် ဖျော့တော့သွားသော်လည်း ချက်ချင်း သက်သာလာ၏။ ထို့နောက် သူက မျက်မှောင်ကြုတ်သွားသည်။
“ငါ့ရဲ့ အားနည်းချက်က ဒီခန္ဓာကိုယ်ဖြစ်သွားပြီထင်တယ်” သူက စိတ်ထဲတွင် ရေရွတ်လိုက်သည်။ သူ၏အပြင်အားကိုယ်သည် ဝိညာဉ်မီးအိမ်များကို ငြှိမ်းခဲ့တုန်းက တိုးတက်ခဲ့သော်လည်း ထိုတိုးတက်မှုမှာ သိပ်မကြီးကျယ်ခဲ့ပေ။ သူ၏အပြင်အားကိုယ်မှာ နောက်ဆုံးအတိုင်းအတာသို့ ရောက်ရှိသွားခဲ့၍ အဆင့်တစ်ဆင့်လုံး ထပ်မတက်သရွေ့ တိုးတက်မလာတော့မည့်ပုံရသည်။
အဆင့်တက်ဖို့ သူ စုဆောင်းပြင်ဆင်ခဲ့သော စွမ်းအားပမာဏကို ထည့်တွက်ပါက အဆင့်တက်သည်နှင့် သူ၏အပြင်အားကိုယ်သည် လျင်မြန်စွာ တိုးတက်ပြောင်းလဲလာလိမ့်မည်။
“တာအိုနယ်ပယ်အပြင်အားကိုယ်က ... ရှေးနတ်ဘုရားတွေရဲ့ သွေးကို လိုအပ်တယ်" ထို့နောက် သူသည် ကိုးပင်လယ်နတ်လောက၏ နတ်မီးလျှံစမ်းသပ်ပွဲနှင့် အသက်နုတ်လက်သီးကွက်သုံးကွက်ကို လက်ဆင့်ကမ်းပေးခဲ့သည့် အဘိုးအို ပြောခဲ့သော စကားလုံးများကို ပြန်တွေးကြည့်လိုက်၏။
“ရှေးနတ်ဘုရားသွေး ....” လေဟုန်ခွင်းလောကမှာတုန်းက သတ္တမတောင်ပင်လယ်မှ ယွီဝမ်ကျန်း သူ့ကို နတ်ဘုရားကုန်းမြေအကြောင်း ပြောခဲ့ဖူးသည်ကို မန်ဟို သတိရလိုက်သည်။
ဤအကြောင်းအရာများ သူ့ခေါင်းထဲတွင် ဖြတ်ပြေးနေစဉ် သခင်အဖြူမှာ သူ့ကိုယ်ပိုင်တိုက်ကွက်မှ တန်ပြန်ရိုက်ခတ်မှုကြောင့် သွေးအန်နေရသည်။ သူ့ဆံပင်များ ဖြူဆွတ်သွားပြီး သူ့ခန္ဓာကိုယ်သည် ပိန်ချုံးလာ၏။ မျက်စိတစ်မှိတ်အတွင်း သူ့အရှိန်အဝါတစ်ခုလုံး အားနည်းသွားပြီး သူ၏မြစိမ်းဧကရာဇ်ဂါထာက ချက်ချင်း အသက်ဝင်လှုပ်ရှားလာသည်။
သို့သော် သူ့မှာ ပြေးစရာမြေမရှိကြောင်း သိလေသည်။ သူ့အတွက် အသက်ရှင်နိုင်မည့် ရာခိုင်နှုန်းသေးသေးလေးမှာ အစွမ်းကုန်ထုတ်၍ မသေမချေင်း တိုက်ခိုက်ရုံသာ။
သခင်အဖြူက ခေါင်းနောက်လှန်ပြီး ဟားတိုက်ရယ်ရင်း လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက် ဖော်၍ သွေးတချို့ထွေးလိုက်သည်။ သူသည် အရင်တိုက်ပွဲတုန်းက မန်ဟို ကျော်လွှားနိုင်ခဲ့သော သူ၏မရဏကျိန်စာမှော်အစွမ်းကို ထုတ်မသုံးပေ။ မန်ဟို့နတ်ဘုရားအာရုံသည် ယခုတွင် ပါရာဂွန်အဆင့်တမျှ အစွမ်းထက်နေပြီဖြစ်၍ မရဏကျိန်စာကို သုံးလျှင်လည်း အချည်းနှီးသာ ဖြစ်မည်။
သခင်အဖြူသည် အံတင်းတင်းကြိတ်ရင်း လက်နှစ်ဖက်လုံး၏ လက်ခလယ်များကို မန်ဟို့ထံ ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် သူ့ကို ရစ်သိုင်းလှည့်ပတ်နေသော ဆေဘာနှင့် ဓားတိုသည် ကြယ်တာရာကောင်းကင်၏အလွန်က ကောင်းကင်ဘုံ ၃၃ ဘုံနှင့် ဆက်သွယ်နေသည့်အလား အနီရောင်တောက်လာပြီး အနက်ရောင်အခိုးအငွေ့များကို ထုတ်လွှတ်နေ၏။ ၎င်းသည် တောင်ပင်လယ်လောကတစ်ခုလုံးကို တုန်လှုပ်သွားစေသော နတ်ဆိုးမီးတောက်ဖြစ်၍ နှင်ထုတ်ခြင်းအားလှိုင်း ပေါ်ထွက်လာသည်။
သို့သော် နှင်ထုတ်ခြင်းအားလှိုင်း ပေါ်ထွက်လာသည့်အချိန်မှာပင် သခင်အဖြူက ခေါင်းနောက်လှန်ကာ ဟိန်းဟောက်သည်။ ရုတ်တရက် သရဖူလို အရာဝတ္ထုတစ်ခုက တောင်ပင်လယ်စွမ်းအားကို ချက်ချင်း ငြိမ်ကျသွားစေသော ပြိုးပြိုးပြက်ပြက် အရောင်အဝါများကို ဖြန့်ကျက်လျက် သူ့ခေါင်းထက်၌ ပေါ်လာသည်။
ထိုသရဖူသည် သူ့ကို တောင်ပင်လယ်သခင်တစ်ဦးအဖြစ် သက်သေတည်ပေးသော အမှတ်အသားဖြစ်၏။ ၎င်းဖြင့် သူကား တောင်ပင်လယ်လောက၏နှင်ထုတ်ခြင်းအားကို ငြိမ်သက်သွားစေနိုင်သည့်အတွက် ကောင်းကင်ဘုံ ၃၃ ဘုံမှ စွမ်းအားကို ခဏတဖြုတ် ငှားယူနိုင်လိုက်လေသည်။
“သေစမ်း” သူက ဟိန်းဟောက်သည်။ ဆေဘာနှင့် ဓားတိုသည် ပြိုင်တူ တချွင်ချွင် မြည်လာပြီး အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်လွှတ်လျက် မန်ဟို့ထံ ပြေးဝင်သွား၏။
ဆေဘာနှင့် ဓားတိုသည် အစွမ်းထက်သော်လည်း မန်ဟို့ကို သတ်နိုင်ဖို့အထိ မလုံလောက်ကြောင်း သခင်အဖြူ သိသည်။ သူက ခါးသီးစွာ ရယ်ရင်း မျက်လုံးများ၌ ရူးမိုက်မှုတို့ တောက်လောင်နေလျက် နောက်ဆုံးတိုက်ကွက်ထဲတွင် အစွမ်းကုန်ထည့်ရန် ဆုံးဖြတ်လိုက်သည်။ ဤတိုက်ကွက်ကားမန်ဟို့အသက်ကို နုတ်လျှင်နုတ်၊ မဟုတ်လျှင် သူ့အသက်ကို နုတ်လိမ့်မည်။
သူက ညာလက်ကို မြှောက်လိုက်ရာ လက်ဖမိုးပေါ်ရှိ မကောင်းဆိုးဝါးသည် အသက်ဝင်လာ၏။ ၎င်း၏မျက်လုံးများက ဖျတ်ခနဲ ပွင့်လာပြီး ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကို ကြယ်တာရာကောင်းကင်တွင် ပြည့်နှက်သွားစေသည်။
ကြယ်တာရာကောင်းကင်၏အလွန်ရှိ ကောင်းကင်ဘုံ ၃၃ ဘုံမှ လာနေသော ဟိန်းဟောက်သံ ခပ်သဲ့သဲ့သည် အတားအဆီးများကို ထိုးဖောက်ရင်း မန်ဟိုနှင့် သခင်အဖြူတိုက်ခိုက်နေသည့် စစ်မြေပြင်အပေါ် သက်ဆင်းလာ၏။
ထိုဟိန်းဟောက်သံက ယခင်တိုက်ပွဲတုန်းက ပေါ်လာခဲ့သော တောက်ဖန်ထံမှ လာခြင်းမဟုတ်။
မကောင်းဆိုးဝါး နောက်တစ်ကောင် ဖြစ်သည်။
မန်ဟို့အမူအရာ ရိပ်ခနဲ ဖြစ်သွား၏။ အတန်ကြာတွေးပြီးသော် သူသည် ဆေဘာနှင့်ဓားတိုကို လှည့်ရင်ဆိုင်ပြီးနောက် လှမ်း၍ ဖမ်းဆုပ်လိုက်ဟန် လုပ်၏။ ချက်ချင်းပင် ဆေဘာနှင့် ဓားတိုမှာ စတင်တုန်ခါလာတော့သည်။
ထို့နောက် ဆေဘာက လင်းလက်တောက်ပလာပြီး မန်ဟို့ဖမ်းဆုပ်မှုကို ရှောင်ရန် အရည်များအဖြစ် ပျော်ကျဖြာထွက်သွားသည်။ ထို့နောက် ၎င်းသည် ဧရာမသားရဲကြီးတစ်ကောင်၏ ကောက်ကြောင်းအသွင် ပြောင်းသွား၏။
အသွင်ကား ....အေးစက်စက်တောက်ပနေသော ကျောဆူးကြီးများဖြင့် သွေးအေးအိမ်မြှောင်ကြီးတစ်ကောင် ဖြစ်သည်။ အိမ်မြှောင်ကြီးသည် ဟိန်းဟောက်ရင်း မန်ဟို့ကို တိုက်ခိုက်၏။၊
ဓားတိုလည်း အရည်ပျော်သွားရင်း ဟိန်းဟောက်ပြေးဝင်လာသော ငွေနဂါးတစ်ကောင် ဖြစ်လာသည်။
မန်ဟိုက သခင်အဖြူထံမှ လာနေသော အိမ်မြှောင်ကြီးနှင့် ငွေနဂါးဆီသို့ အကြည့်လွှဲ၍ အေးစက်စက် နှာမှုတ်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူ၏နတ်ဘုရားအာရုံသည် လိမ့်ဖြာထွက်သွားပြီး ကြယ်တာရာကောင်းကင်အပေါ် သက်ရောက်လာသော ဖိအားကြီးဖြစ်လာ၏။
အရာအားလုံး ပုံပျက်ရှုံ့တွနေစဉ် ဧရာမအကွဲကြောင်းကြီးတစ်ကြောင်း ပွင့်လာသည်။ ထို့နောက် ဧရာမါအိမ်မြှောင်ကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ဆွဲဖြဲခံလိုက်ရ၏။
ငွေနဂါးလည်း ထိုနည်းတူပင်။ ၎င်းမှာ ပြန်ပင်မတိုက်ခိုက်နိုင်ဘဲ ချက်ချင်း စုတ်ပြတ်သပ်သွားတော့သည်။
ဆေဘာလည်း ပျက်စီး၊ ဓားတိုလည်း ကျိုးသွားချေပြီ။
၎င်းတို့သည် မန်ဟို့ကို တိုက်ခိုက်ဖို့ သခင်အဖြူ အထူးတလည် ပြင်ဆင်ထားခဲ့သော အဖိုးထိုက်ရတနာများ ဖြစ်ကြ၏။ သို့သော် ယခုတွင် မန်ဟိုက ပါရာဂွန်အဆင့်နှင့် ရှစ်ဆယ်ရာခိုင်နှုန်းညီမျှသော နတ်ဘုရားအာရုံကို ပိုင်ဆိုင်ထားပြီမဟုတ်ပါလော။
မန်ဟိုသည် အင်္ကျီလက်စခါရင်း ဆေဘာနှင့်ဓားအပိုင်းအစများကို လွင့်ထွက်သွားစေသည်။
ထိုအခိုက်အတန့်တွင် သခင်အဖြူက မိုးနှင့်မြေကို တုန်ခါသွားစေသော ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကြယ်တာရာကောင်းကင်၏အလွန် ကောင်းကင်ဘုံ ၃၃ ဘုံမှ လာနေသော ဟိန်းဟောက်သံကလည်း အရာအားလုံးကို တုန်ရီနေစေ၏။
သခင်အဖြူ၏ လက်ဖမိုးပေါ်ရှိ ရက်စက်ကြမ်းကြုတ်သော မကောင်းဆိုးဝါးက အကျည်းတန်စွာ ပြုံးနေသည်။ မန်ဟို့အာရုံ ၎င်းဆီရောက်လာသည့်အချိန်မှာပင် ၎င်းကား မကောင်းဆိုးဝါးသရဲတစ်ကောင်အဖြစ် ကိုယ်ယောင်ပြသည်။ သို့သော် မန်ဟို့ကို မတိုက်ခိုက်ဘဲ သခင်အဖြူ၏ကိုယ်ထဲ တိုးဝင်သွားလေသည်။
သခင်အဖြူမှာ ဓာတ်လိုက်သကဲ့သို့ တဆတ်ဆတ် တုန်လာပြီး ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည်။
ဂရားးးးးးးး
သူ့ခန္ဓာကိုယ်သည် စတင်ကြီးထွားလာပြီး မျက်စိတစ်မှိတ်အတွင်း မီတာသုံးဆယ် မြင့်မားသွား၏။ ထို့နောက် မီတာ သုံးရာ။ သူ့မျက်လုံးများက နီရဲနေသည့်အပြင် ရိုင်းစိုင်းမှုကို ထုတ်လွှတ်နေသည်။ ကြည့်ရသရွေ့ သူကား လူစိတ်ပျောက်၍ ရူးသွားသည့်အလားပင်။
အကြေးခွံများက သူ့အရေပြားတစ်လျှောက် လျင်မြန်စွာ ပျံ့နှံလာသည်။ သူသည် သူ့ရင်ဘတ်သူ လက်သီးများဖြင့် ထုနှက်ရင်း နာကျင်လွန်း၍ မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေ၏။ တစ်ချိန်တည်းပင် သူ၏ကျောရိုးက ဆန့်ထွက်သွားပြီး စေးပျစ်ပျစ်အကျိအချွဲများ ဖုံးနေသော အမြီးကြီးတစ်ခုကို ဖော်ဆောင်လိုက်သည်။
ကြောက်မက်ဖွယ်ချိုကြီးနှစ်ချောင်းက သူ့ခေါင်းမှ ထိုးထွက်လာပြီး သူ့အရှိန်အဝါသည် ထိတ်လန့်မှင်သက်ဖွယ်ကောင်းစွာ ပေါ်ထွက်လာ၏။
ထိုအရှိန်အဝါက တောင်ပင်လယ်လောက၏ အရှိန်အဝါမဟုတ်ဘဲ ကောင်းကင်ဘုံ ၃၃ ဘုံမှ အပြင်သူများ၏ အရှိန်အဝါဖြစ်သည်။
မန်ဟို့အတွက် ယခုလိုအရာမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းမဟုတ်ပေ။ မြို့စားလုကို တိုက်ခိုက်ခဲ့တုန်းက တူညီသောအဖြစ်အပျက် ဖြစ်ပွားခဲ့ဖူးသည်။ သို့သော် သခင်အဖြူ၏ စွမ်းအားက သူ မြင်ခဲ့ဖူးသည့်အရာနှင့် နှိုင်းယှဉ်၍မရပေ။
သို့ထိတိုင် .... တောင်ပင်လယ်များထံမှ နှင်ထုတ်ခြင်းစွမ်းအားတစ်လှိုင်းမှ ပေါ်မလာ။ သူ့ခေါင်းပေါ်၌ တောက်ပနေသော ထိုသရဖူက ဆန်းဆန်းပြားပြား စိတ်စွမ်းအားတစ်ရပ်ကို ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားစေသည်။ ကြည့်ရသရွေ့ ထိုစွမ်းအားက တောင်ပင်လယ်လောက၏စိတ်ဆန္ဒ သူ့ကို အာရုံမရအောင် တောင်ပင်လယ်လောကထဲမှ သူ၏ဖြစ်တည်မှုကို သီးသန့်ခွဲပေးထားသယောင်ပင်။
သိသာထင်ရှားစွာပင် သခင်အဖြူ၏အဆင့်အတန်းသည် ယခုလို ဖြစ်နေရသည့်အကြောင်းရင်းနှင့် တစ်ခုခုပတ်သက်လိမ့်မည်။
“သေစမ်း သေစမ်း သေစမ်း” သခင်အဖြူက ဟိန်းဟောက်သည်။ သူသည် ကောင်းကင်ဘုံ ၃၃ ဘုံနှင့် ထူးဆန်းစွာ ပတ်သက်နေပုံရသည်။ ထိုပတ်သက်မှုကို မန်ဟို ခံစားနေရ၏။ ၎င်းက သူ့ကို မဆိုစလောက် မျက်မှောင်ကြုတ်သွားစေသော်လည်း ကြီးကြီးမားမား အံ့ဩသွားခြင်းတော့ မဖြစ်စေပေ။
မြို့စားလုနှင့် တိုက်ခိုက်ပြီးနောက် မန်ဟို့အတွက် သခင်အဖြူတွင်လည်း အလားတူမှော်အစွမ်း ရှိလိမ့်မည်ဟု ကောက်ချက်ချနိုင်ဖို့ မခက်ခဲပေ။
မှန်သည်၊ အဖိုးအခကတော့ အသက်ရှင်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေးမဟုတ်သရွေ့ သခင်အဖြူ ထုတ်သုံးမည်မဟုတ်လောက်အောင် ကြီးမားလှသည်။ အမှန်တွင် ထိုကဲ့သို့ကြီးလေးသော အဖိုးအခကြောင့်လည်း သခင်အဖြူမှာ သူတို့၏ပထမတိုက်ပွဲတုန်းက ထွက်ပြေးခဲ့ဖို့သာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုတွင် အကွဲကြောင်းမှာ ပျက်စီးသွားပြီး မန်ဟို့စွမ်းအားက သူ့ကို ဆောက်တည်ရာမဲ့စေသည်။ ယနေ့တွင် အစွမ်းအကုန်မထုတ်ပါက ... အသက်ရှင်နိုင်ခြေ (၀) ရာခိုင်နှုန်းသာ ရှိကြောင်း သူ သိသည်။
ဂရားးးးးးးး
သခင်အဖြူသည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ကြယ်တာရာကောင်းကင်ကို ခွင်းရင်း မန်ဟို့ထံ ပြေးဝင်လာသော အနက်ရောင်အလင်းတန်းတစ်တန်းအသွင် ပြောင်းသွား၏။ မျက်စိတစ်မှိတ်အတွင်း သူကား သူ၏လက်သည်းချွန်ချွန်များနှင့် လက်များကို မန်ဟို့ထံ ဆန့်ထုတ်ရင်း မန်ဟို့အရှေ့ ရောက်လာလေပြီ။
ဝုန်း
သူ့လက်သည်းများက အဖျက်အစီးစွမ်းအားဖြင့် ကြယ်တာရာကောင်းကင်ကို စုတ်ဖြဲလိုက်သည်။ ထိုစွမ်းအားသည် အနှစ်သာရ ၆ ခုအဆင့်နှင့် မညီမျှသော်လည်း တိုင်းတာမရအောင် နီးကပ်နေ၏။
လက်သည်းများ နီးကပ်လာစဉ် မန်ဟို့မျက်လုံးများ လင်းလက်သွားပြီး သူ၏နတ်ဘုရားအာရုံသည် အလိပ်လိပ်ဖြာထွက်လာ၏။ ပါရာဂွန်အဆင့် နတ်ဘုရားအာရုံ၏ ရှစ်ဆယ်ရာခိုင်နှုန်းစွမ်းအားက သခင်အဖြူကို ဖိနှိပ်ရင်း သူ့အား တဆတ်ဆတ် တုန်နေလျက် ရပ်သွားစေသည်။
ထိုအခိုက်အတန့်တွင် မန်ဟို့ညာလက်က မြောက်လာပြီး ကြေးမုံသည် စစ်လက်နက်အသွင်ပြောင်းရင်း ပေါ်လာ၏။ ဤစစ်လက်နက်ပုံစံက ယခင်ထက် ပို၍ထက်မြက်ပြီး ထူးလည်း ထူးခြားနေသည်။
၎င်းကို ဝန်းရံထားသော အသတ်အဖြတ်အရှိန်အဝါကား ပို၍အားကောင်းပြီး ဓားသွားအလင်းရောင်က ဟိန်းဟောက်နေသော သခင်အဖြူကို မီတာသုံးဆယ်အထိ တွန်းထုတ်လိုက်သည်။
သခင်အဖြူ၏ရင်ဘတ်မှာ ဟက်တက်ကွဲထွက်သွားသော်လည်း ထူးဆန်းစွာနှင့် မည်သည့်သွေးများ စီးကျမလာပေ။ သူက ဒေါသတကြီး ဟိန်းဟောက်ရင်း ထပ်မံပြေးတက်လာသည်။ မန်ဟိုသည် အေးစက်စက် နှာမှုတ်၍ သူ၏နတ်ဘုရားအာရုံဖြင့် ထပ်မံဖိနှိပ်လိုက်ပြန်၏။
ဝုန်းးးးးးးးးး။ မန်ဟိုထံမှ ကြောက်မက်ဖွယ်ဖိအားကြောင့် သခင်အဖြူမှာ တုံ့ခနဲ ရပ်သွားပြန်သည်။ အစွမ်းကုန်ပြန်တိုက်ခိုက်သော်လည်း အချည်းနှီးဖြစ်နေ၍ သူ့မှာ တုန်ရီလျက်သာ ရပ်နေရသည်။
မန်ဟိုက မျက်လုံးတောက်ပနေလျက် ရှေ့တစ်လှမ်းတက်သည်။ စစ်လက်နက်သည် ကြယ်တာရာကောင်းကင်ကို ထက်ခြမ်းခြမ်းလိုက်ဟန်တူသော စူးစူးရှရှအလင်းရောင်ကို ထုတ်လွှတ်လျက် ပိုင်းချလိုက်၏။
ကြီးမားသောစွမ်းအားကြီးသည် သခင်အဖြူကို နှစ်ပိုင်းတိတိ ခြမ်းချလိုက်၏။ သူက သွေးပျက်စွာ အော်ဟစ်နေသော်လည်း မည်သည့်သွေးမှ ထွက်မလာ။
သို့သော် အမှန်တကယ် ဆန်းကြယ်သည်ကား သူ့ကိုယ်နှစ်ခြမ်းက လူးလွန့်လာပြီး သခင်အဖြူနှစ်ယောက်ပုံစံ ပြောင်းပြီးနောက် မတူညီသောဘက်နှစ်ဘက်မှ မန်ဟို့ထံ ဒေါသတကြီး ပြေးဝင်လာကြခြင်းပင်။
မန်ဟိုက မျက်မှောင်ကြုတ်လျက် နတ်ဘုရားအာရုံကို ဖြန့်ကျက်၍ စစ်လက်နက်ဖြင့် ထပ်မံတိုက်ခိုက်ပြန်သည်။ သို့သော် သူ့ဓားချက်၏ ရလဒ်မှာ ... သခင်အဖြူနှစ်ယောက်ကို သခင်အဖြူလေးယောက် ဖြစ်သွားစေခြင်းသာ။
“မသေသလို၊ သတ်လို့လည်း မရဘူးပေါ့” မန်ဟို့မျက်လုံးများက အေးစက်စက် လင်းလက်သွားသည်။ သူသည် စစ်လက်နက်ကို သိမ်းပြီးနောက် မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ လက်ညှိုးထိုးလိုက်၏။ ချက်ချင်း ပါရာဂွန်တံတားက အနှစ်သာရ ၆ ခုအဆင့်စွမ်းအားကို ထုတ်လွှတ်ရင်း ထွက်ပေါ်လာပြီး သခင်အဖြူလေးယောက်ကို ဖောက်ခနဲ ကြေမွသွားစေသည်။
ဝုန်းးးးးးးးးးးးးး
သို့သော် သူတို့ ကြေမွသွားသည့်အချိန်မှာပင် မန်ဟို့မျက်မှောင်က ပိုကြုတ်သွားသည်။ သူ့အရှေ့ရှိ မရေမတွက်နိုင်သော အပိုင်းအစများက အတူတကွ ပြန်ဆက်သွားပြီး ဤတစ်ကြိမ်တွင်တော့ သခင်အဖြူလေးယောက်မဟုတ်တော့ .... ဒါဇင်ပေါင်းများစွာ ဖြစ်နေလေပြီ။
“သေစမ်း သေစမ်း သေစမ်း” သခင်အဖြူအားလုံးက ဟိန်းဟောက်ပြီး အရပ်မျက်နှာတစ်ခွင်မှ မန်ဟို့ထံ ပြေးဝင်လာကြသည်။