မင်း သူ့ကို သတ်ရင် စစ်ပွဲ စတင်မယ်
Vol. 94 Ch. 1313
မန်ဟိုက မြောက်များစွာသော သခင်အဖြူများကို ကြည့်နေသည်။
“သတ်လို့လည်းမရ၊ သေလည်းမသေ။ အသက်စွမ်းအားကြောင့်လား" မန်ဟိုက ရုတ်တရက် သူ့လက်ကို ဝှေ့ယမ်းရင်း ကြေးမုံကို ထပ်မံဆင့်ခေါ်လိုက်သည်။ သို့သော် ဤတစ်ခေါက်တွင် ၎င်းကို စစ်လက်နက်အဖြစ် မဖန်ဆင်းဘဲ ဘယ်လက်ဖြင့် ကြေးမုံ၏အတွင်းထဲသို့ လှမ်းနှိုက်လိုက်၏။
ကြေးမုံက သူ့လက်ကို ဝါးမြိုနေသော တွင်းနက်ကြီးပမာ ဖြစ်လာသည်။ တစ်ချိန်တည်းမှာပင် ကြေးမုံမှာ ၎င်းအတွင်း၌ ကြီးကြီးမားမားစွမ်းအားတမျိုး သက်ဝင်နေသည့်အလား တုန်ရီနေသည်။ ထို့နောက် ဟိန်းဟောက်သံများ ပဲ့တင်ထပ်လာသည်။ အသံလေးကတင် သခင်အဖြူများစွာ၏ မျက်နှာများကို ရိပ်ခနဲ ဖြစ်သွားစေသည်။ ထိုမျှသာမက သခင်အဖြူ တောင်ပင်လယ်လောကမှ ပိုင်းခြားထားခဲ့သော ဧရိယာမှာ ယခုတွင် ပျက်စီးတော့မည့်လက္ခဏာများ ပြလာသည်။
“မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်း...” မန်ဟိုက မျက်လုံးများတောက်ပနေလျက် တိုးညင်းစွာ ပြောသည်။ “နောက်ဆုံးတော့ မင်း လောကထဲမှာ အမှန်တကယ် ပေါ်လာဖို့ အချိန်ကျလာပြီ” လက်ရှိကျင့်ကြံခြင်းအခြေခံအဆင့်ကြောင့် နောက်ဆုံးတော့ .... သူသည် ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းမှ ရရှိခဲ့သော ကြေးမုံအပိုင်းအစနှင့် ထိုအထဲရှိ မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်းကို အပြည့်အဝ ဆွဲထုတ်နိုင်သွားလေပြီ။
ထိုမျှသာမက ဤသည်မှာ သခင်အဖြူနှင့် ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့တုန်းက ဆွဲထုတ်ခဲ့သည့် မပြည့်စုံသော မိစ္ဆာလက်နက်မဟုတ်ပေ။ ဤသည်မှာ .... ပြီးပြည့်စုံသော မူလမိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်းဖြစ်၏။
ကြေးမုံထဲရှိ ကမ္ဘာမှာ အပြင်လောကမှလူများ မမြင်နိုင်သော ကမ္ဘာဖြစ်သည်။ ကြေးမုံ၏အတွင်းထဲတွင် တောင်လိုပုံနေသော အကျည်းတန်အလောင်းများအပြည့်ဖြင့် ရှေးခေတ်စစ်မြေပြင်ကြီးတစ်ခု ရှိသည်။ ၎င်းတို့အားလုံး၏အလယ်တွင် တအိအိလှုပ်နေသော အနက်ရောင်အခိုးအငွေ့ထုကြီးကို မြင်ရမည်။ ထိုအခိုးအငွေ့များ၏အတွင်း၌ ရက်စက်ခက်ထန်မှုကို ထုတ်လွှတ်နေသည့် အနက်ရောင်လှံရှည်တစ်လက် ရှိနေသည်။
၎င်း၏အသတ်အဖြတ်အရှိန်အဝါကလည်း တဂျိန်းဂျိန်းထစ်ချုန်းသံများကို ပဲ့တင်ထပ်နေစေသည်။ နှစ်ပေါင်းများစွာတစ်လျှောက်လုံး ဤလှံ၏ သတ်ဖြတ်ခြင်းခံခဲ့ရသော ဝိညာဉ်အရေအတွက်အား .... ရေတွက်၍ပင်မရပေ။
ရုတ်တရက် ထိုကမ္ဘာ၏ကောင်းကင်ထက်မှ ဧရာမလက်ကြီးတစ်ဖက်က အောက်သို့ လှမ်းလိုက်သည်။ ထို့လက်ကား မန်ဟို့လက်မှတစ်ပါး အခြားမဟုတ်ပေ။ ၎င်းသည် အနက်ရောင်အခိုးအငွေ့များကို ထိုးဖောက်၍ မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်းကို ဆုပ်ကိုင်လိုက်၏။
လှံမှာ မိစ္ဆာချုပ်နှောင်အဖွဲ့၏ အငွေ့အသက်များကို ခံစားလိုက်ရသဖြင့် စိတ်လှုပ်ရှားနေသည့်အလား တဝီဝီမြည်လာသည်။ ၎င်းမှာ မိစ္ဆာချုပ်နှောင်သူအဖွဲ့မှ ကျင့်ကြံသူတစ်ယောက် ၎င်းကို ဤကမ္ဘာမှာ နောက်တစ်ကြိမ် လွှတ်ပေးဖို့ ရောက်လာမည်ကို .... နှစ်ပေါင်းတစ်သောင်းကျော်တိုင် စောင့်နေခဲ့ရလေသည်။
ထိုလက်က မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်းကို ဆုပ်ကိုင်ပြီးနောက် ကောင်းကင်ထဲ ဆွဲတင်သွားသည်။
အပြင်ဘက် အဋ္ဌမတောင်ပင်လယ်တွင် အရောင်အဝါများကို အရပ်လေးမျက်နှာတစ်ခွင် ဖြန့်ကျက်လျက် တုန်ရီနေသော ကြေးမုံထဲမှ မန်ဟို့လက်သည် ဖြေးညင်းစွာ ထွက်လာ၏။
ကြေးမုံမှ အနက်ရောင်အခိုးအငွေ့များလည်း အလိပ်လိပ်ထွက်လာကာ .... မရေမတွက်နိုင်သော ခန္ဓာမဲ့ဝိညာဉ်များ အော်ဟစ်ငိုကြွေးနေသည့်အလား ပတ်ဝန်းကျင်တစ်ခုလုံးတွင် အသတ်အဖြတ်အရှိန်အဝါ ပြည့်နှက်သွားစေသည်။
မန်ဟို့လက်က အနက်ရောင်လှံရှည်ကို ကျစ်ကျစ်ဆုပ်ထားလျက် ထွက်လာသည့်အခါ ထစ်ချုန်းသံများ ကြားလိုက်ရသည်။ နောက်ဆုံးတော့ မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်းသည် ... တောင်ပင်လယ်လောကသို့ ပြန်ရောက်လာခဲ့လေပြီ။
ကိုးမီတာတာတိတိရှည်သော ၎င်းသည် အနက်ရောင်အခိုးအငွေ့များနှင့် အမုန်းဝိညာဉ်များအရိပ်များဖြင့် ရစ်သိုင်းနေလျက် မဟူရာအမှောင်ထုကဲ့သို့ မည်းနက်နေသည်။ ၎င်း ထုတ်လွှတ်နေသော အသတ်အဖြတ်အရှိန်အဝါတွင် အရာအားလုံးကို ထစ်ချုန်းတုန်ခါနေစေသည့် အံ့မခန်းလိလိဖိအားတစ်ခု ပါရှိသည်။ ကြယ်တာရာကောင်းကင်ထဲရှိ အသက်အားလုံးမှာ ဤမိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်း၏ စားသုံးခြင်းခံရဖို့ အစိတ်စိတ်အမြွှာမြွှာ ထက်ပိုင်းပိုင်းခံနေရသည့်အလားပင်။
ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းသည်မှာ အသက်စွမ်းအားများကို စားသုံးပြီးနောက် မိစ္ဆာလက်နက်၏ အသတ်အဖြတ်အရှိန်အဝါသည် ပို၍ပင်အားကောင်းလာ၏။ ၎င်းသည် ဆာလောင်နေ၏။ ထပ်စားချင်နေ၏။
မိစ္ဆာချုပ်နှောင်မန္တန်၏ အချုပ်ခံထားရသည့် သခင်အဖြူများစွာမှာ ထိတ်လန့်တုန်လှုပ်နေသော အမူအရာများဖြင့် ပြင်းပြင်းထန်းထန် ရုန်းနေကြသည်။
“မသေနိုင်တဲ့ သတ်လို့မရတဲ့ အသက်စွမ်းအားတဲ့လား...” မန်ဟိုက သွေးအေးစွာ မထီပြုံးပြုံးရင်း ပြောသည်။ သူသည် ရှေ့တစ်လှမ်းလှမ်းလိုက်ပြီး မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်းက အနက်ရောင်မိုးကြိုးတန်းအဖြစ် ထိုးထွက်သွား၏။
၎င်းကား လှံလေးတစ်လက်သာ ဖြစ်သော်လည်း သခင်အဖြူတစ်ယောက်၏ နဖူးကို စိုက်၍ ထုတ်ချင်းဖောက်ကာ သူ့ခန္ဓာကိုယ်ကို ပိန်ချုံးခြောက်ကပ်သွားစေသည်။ မျက်စိတစ်မှိတ်အတွင်း ထိုသခင်အဖြူမှာ အသက်စွမ်းအားအကုန်လုံး မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်း၏ စားသုံးခြင်းခံလိုက်ရသဖြင့် ကြေမွသွားတော့သည်။
အစက မည်းနက်နေခဲ့သော မိစ္ဆာလက်နက်သည် ရုတ်တရက် သွေးရောင်လင်းလာကာ ခရမ်းရောင်နှင့်ပင် နီးစပ်လာသည်။
ထိုအခိုက်အတန့်တွင် ကျန်သခင်အဖြူများမှာ မိစ္ဆာချုပ်နှောင်မန္တန်မှ ရုန်းထွက်နိုင်သွား၍ ခြေဦးတည့်ရာသို့ ထွက်ပြေးကုန်ကြလေသည်။
“မင်းတို့ မလွတ်ဘူး” မန်ဟိုက အေးစက်စက် ပြောလိုက်သော်လည်း သူတို့နောက်မလိုက်။ ထိုအစား မိစ္ဆာလက်နက်ကို ဝန်းရံထားသော သွေးရောင်အလင်းသည် ကြယ်တာရာကောင်းကင်ထဲ ထွက်သွားသော သွေးရောင်အလင်းတန်းတစ်တန်း ဖြစ်သွား၏။ သခင်အဖြူ တည်ဆောက်ခဲ့သော သီးသန့်ဧရိယာမှာ ပြိုကွဲသွားသဖြင့် ကြယ်တာရာကောင်းကင်တစ်ခုလုံး တုန်ရီလာသည်။ ချက်ချင်း တောင်ပင်လယ်စွမ်းအားသည် အပြင်သူတစ်ယောက်၏တည်ရှိမှုကို ခံစားလိုက်၍ ရလဒ်အနေဖြင့် တောင်ပင်လယ်လောကတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါလာတော့သည်။
တောင်ကိုးလုံး၏ထိပ်က နတ်ရေကန်ကိုးကန်ထဲရှိ ရွှမ်းဝူလိပ်ကြီးများ ခေါင်းထောင်ကာ ဟိန်းဟောက်ကြ၏။ တောင်ပင်လယ်များ တုန်ခါလာပြီး တောင်ပင်လယ်သခင်အားလုံး တောင်ပင်လယ်လောက၏စိတ်ဆန္ဒကို ခံစားလိုက်ကြရသည်။
“အပြင်သူတွေကို သုတ်သင်ရမည်” ဤစကားလုံးများက တောင်ပင်လယ်သခင်တိုင်း၏စိတ်ထဲတွင် ဟိန်းထွက်လာ၏။ နဝမတောင်ပေါ်တွင် ကျီတျန်းသည် အဋ္ဌမတောင်ပင်လယ်ရှိရာသို့ လှမ်းကြည့်ရင်း မျက်လုံးများ တစ်မျိုးတစ်မည်တောက်ပနေ၏။
အဋ္ဌမတောင်ပေါ်ရှိ မန်ဟို့အဘိုး အဋ္ဌမတောင်ပင်လယ်သခင်မှာတော့ တဆတ်ဆတ် တုန်ရီနေသည်။ သူ့လက်များသည် တုန်ရီနေပြီး သူ့မျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်လာနေသဖြင့် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ပေါ်ထွက်လာနေသည်။
ဆဋ္ဌမတောင်ပင်လယ်တွင် မရေမတွက်နိုင်သောကျင့်ကြံသူစစ်တပ်ကြီးသည် ပဉ္စမတောင်ပင်လယ်နှင့် ဆက်သွယ်ပေးထားသည့် အကွဲကြောင်းထံသို့ ချီတက်နေကြ၏။ အဋ္ဌမတောင်ပင်လယ်တွင်သာ တောင်ပင်လယ်စစ်ပွဲ ဖြစ်ပွားနေခြင်းမဟုတ်သလို၊ သတ္တမတောင်ပင်လယ်သခင်သာ သစ္စာဖောက်မဟုတ်ပေ။
သစ္စာဖောက်နောက်တစ်ယောက် ရှိသေးသည်... ဆဋ္ဌမတောင်ပင်လယ်သခင်။
ပဉ္စမတောင်ပင်လယ်၌ စစ်ပွဲစတင်နေခဲ့ပြီဖြစ်ပြီး တောင်ပင်လယ်သခင်နှစ်ဦးလုံး တန်ခိုးများကို ထုတ်ဖော်ထားကြသည်။ သူတို့နှစ်ယောက်သည် မတိုက်ခိုက်ရသေးလည်း ယခုအချိန်တွင် တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ထားကြ၏။
ထိုအခိုက်အတန့်၌ တောင်ပင်လယ်လောက၏အသံကို သူတို့ ကြားလိုက်ရသည်။
တောင်ပင်လယ်လောကတစ်ခုလုံး တုန်ရီနေပြီး မရေမတွက်နိုင်သောမျက်နှာများတွင် ထိတ်လန့်အံ့ဩမှုတို့ ပြည့်နှက်နေသည်။ အံ့မခန်းလိလိစွမ်းအားကြီးသည် အဋ္ဌမတောင်ပင်လယ်ထဲရှိ မန်ဟို့တည်နေရာအပေါ်တွင် စုဝေးလာပြီးနောက် ထွက်ပြေးနေသော သခင်အဖြူအပေါ် ဖိနှိပ်လိုက်၏။
ယင်းက မန်ဟို့ရည်ရွယ်ချက်ပင်။ တောင်ပင်လယ်များ၏စိတ်ဆန္ဒမှ ပုန်းအောင်းနေနိုင်သည့် သတ္တမတောင်ပင်လယ်သခင်အဆင့်အတန်းကြောင့် သခင်အဖြူ ကိုင်စွဲနိုင်သော စွမ်းအားကို သူ ချေမှုန်းပစ်ချင်သည်။ သခင်အဖြူ၏ အပြင်သူအရှိန်အဝါ ပေါ်ထွက်လာပြီး တောင်ပင်လယ်လောကမှ ၎င်းကို တွေ့ရှိသွားလျှင် သူ့ကို သတ်ဖြတ်ခြင်းက အလွန်ရိုးရှင်းလိမ့်မည်။
ယခုအချိန်၌ မန်ဟို့အနေဖြင့် တိုက်ခိုက်စရာပင် မလိုပေ။ တောင်ပင်လယ်လောက၏စွမ်းအားက သူ့အတွက် သခင်အဖြူကို သတ်ပေးလိမ့်မည်။
တောင်ပင်လယ်များ၏စိတ်ဆန္ဒ သက်ဆင်းလာနေသဖြင့် ထစ်ချုန်းသံများ၏အလယ်တွင် သခင်အဖြူက မချင့်မရဲအော်ဟစ်သည်။ သို့သော် သူ၏တည်ရှိမှု ဖယ်ရှားခံရတော့မည့်အချိန်မှာပင် အပေါ်ရှိ ကောင်းကင်ဘုံ ၃၃ ဘုံမှ ဧရာမဖိအားကြီး ဆင်းသက်လာသဖြင့် ကြယ်တာရာကောင်းကင်တစ်ခုလုံး တဝုန်းဝုန်း တုန်ရီလာသည်။
တစ်ချိန်တည်းမှာပင် တောင်ပင်လယ်လောကတစ်ခုလုံးကို လွှမ်းခြုံထားသော ရွှေရောင်ပိုက်ကွန်ကြီး ပေါ်လာသည်။ ထိုပိုက်ကွန်၏အလွန်တွင် စေတီပြာဿဒ်ကြီးသဖွယ် တစ်ခုအပေါ် တစ်ခုဆင့်လျက် တည်ရှိနေသော မြေထုများကို မြင်ရနိုင်သည်။ တောင်ပင်လယ်လောကနှင့် အနီးဆုံး၊ ပထမဆုံးမြေထုအပေါ်တွင် တောင်တန်းမြစ်ချောင်းများအပြင် အင်မတန် ခက်ထန်ထောင်လွှားသော မျက်နှာထားများနှင့် ကျင့်ကြံသူတစ်အုပ်ကို ရှင်းလင်းပြတ်သားစွာ တွေ့လိုက်ရ၏။
ဤသည်မှာ ကောင်းကင်ဘုံ ၃၃ ဘုံ အနက်မှ ကောင်းကင်ဘုံ (၁) ဖြစ်သည်။ တူညီသောမြင်ကွင်းများကို ကောင်းကင်ဘုံ (၂) ၊ ကောင်းကင်ဘုံ (၃) နှင့် ထို့အထက်၌ ဆင့်နေသော မြေထုများအပေါ်တွင်လည်း မြင်ရနိုင်၏။ ထိုမျှသာမက ကောင်းကင်ဘုံ (၁)၌ ကျင့်ကြံသူများမှာ ယခုလေးတင်မှ စတင်စုဝေးနေကြ၍ အားလုံးပေါင်းစည်းမိဖို့ နှစ်ပေါင်းများစွာ ကြာဦးမည့်ပုံပင်။
ထိုကောင်းကင်ဘုံတစ်ဘုံချင်းစီကား ... တောင်ပင်လယ်လောကနှင့် အရွယ်အစားတူညီသလောက် ရှိသည်မဟုတ်ပါလော။
ထိုဧရာမရွှေရောင်ပိုက်ကွန်ကြီး၏အလွန် ..... ကောင်းကင်ဘုံ (၁) အပေါ်၌ ပျံဝဲလျက် တောင်ပင်လယ်လောကကို ငုံ့ကြည့်နေသော ရွှေရောင်ချပ်ဝတ်နှင့် အရိပ်တစ်ခု ရှိသည်။ ရုတ်တရက် သူက ဒေါသထွက်နေသောလေသံဖြင့် အော်ပြော၏။ “တောင်ပင်လယ်လောက မင်း ငါတို့ ကောင်းကင်ဘုံ (၁) ရဲ့ လူတစ်ယောက်ကို သတ်ရဲရင် စစ်ပွဲကို အစောကြီးစရလိမ့်မယ်”
ထိုအရိပ်သည် ကျင့်ကြံသူတစ်ယောက်နှင့် တူသော်လည်း သူ့ခန္ဓာကိုယ်မှ အကြေးခွံများ ဖုံးနေပြီး အမြီးရှည်ကြီးကလည်း သူ့အနောက်၌ လူးလွန့်နေသည်။ ချိုကြီးနှစ်ချောင်းက သူ့ခေါင်း၌ ပေါက်နေပြီး သူ့မျက်လုံးများသည် သွေးအေးနေ၏။
“သူ့ကို ပြန်လာခွင့်ပေးလိုက်၊ ငါ ဒီကိစ္စတွေ မဖြစ်ခဲ့သလို ဟန်ဆောင်ပေးမယ်။ ဒါဆို တောင်ပင်လယ်လောကအတွက် ပြင်ဆင်ဖို့ အချိန်တွေရမယ်။ စစ်ပွဲဟာ စတော့မယ် တောင်ပင်လယ်လောက။ ငါတို့ကောင်းကင်ဘုံ ၃၃ ဘုံ ဒါမှမဟုတ် မင်းတို့တောင်ပင်လယ်တွေ တစ်ဖက်ဖက် အဆုံးသတ်မှ စစ်နိဂုံးချုပ်မယ်
“မင်း အဲဒီစစ်ပွဲကို အခုစချင်လား၊ နောက်နှစ်တွေကြာမှ စချင်လား။ အကုန်လုံးက မင်းဆီက စကားတစ်ခွန်းအပေါ်ပဲ မူတည်တယ် တောင်ပင်လယ်လောက”
အလွန်ကျယ်လောင်သော မိုးခြိမ်းသံကြီးက အသံကြီးနှင့်အတူ ဒွန်တွဲလျက် တောင်ပင်လယ်လောကကို ထိုးဖောက်ကာ အဋ္ဌမတောင်ပင်လယ်တွင် ဟိန်းထွက်သွားသည်။ သို့သော် ထိုအသံကို တောင်ပင်လယ်လောကတစ်ခွင်ရှိ ကျင့်ကြံသူအားလုံး ကြားလိုက်ကြရ၏။
တောင်ပင်လယ်လောကရှိ ကျင့်ကြံသူတိုင်း မော့ကြည့်လိုက်လျှင် အပေါ်၌ အုပ်မိုးထားသော ရွှေရောင်ပိုက်ကွန်ကြီးနှင့် ထို့အလွန်ရှိ မြေထု ၃၃ ခုကို မြင်ရလိမ့်မည်။
တစ်လောကလုံး မှင်သက်ကုန်ကြလေသည်။
ကောင်းကင်ဘုံ ၃၃ ဘုံနှင့် ပတ်သက်သော ကောလဟလများ ပျံနှံ့လာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၍ လူအတော်များများ သိထားကြသော်လည်း ဤအခိုက်အတန့်တွင် ကောင်းကင်ဘုံ (၁) မှ ရွှေရောင်ချပ်ဝတ်နှင့်အပြင်သူ ပြောလိုက်သောစကားများကို နားနှင့်ဆတ်ဆတ် ကြားရသည့်အခါ လူတိုင်း အံ့အားသင့်မိသေးလေသည်။
၎င်းသည် မျက်နှာပြောင်တိုက် ခြိမ်းခြောက်မှုဖြစ်၏။
သူက တောင်ပင်လယ်လောက၏ စိတ်ဆန္ဒကို ပေါ်တင်ခြိမ်းခြောက်နေလေသည်။ ၎င်းသာ သခင်အဖြူကို သတ်ရဲလျှင် ရလဒ်အနေဖြင့် မျိုးဖြုတ်စစ်ပွဲကြီး စတင်လိမ့်မည်။
မန်ဟိုမှာ တုန်ရီနေပြီး သူ့မျက်လုံးများထဲတွင် စူးရှတောက်ပသော အလင်းရောင်ကို မြင်နိုင်သည်။ သခင်အဖြူကို သတ်ခြင်းက ကောင်းကင်ဘုံ ၃၃ ဘုံကို သတ်မှတ်ထားသည့်အချိန်ထက်စော၍ စစ်ဆင်စေသည်အထိ ရန်စပေးနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ရုတ်တရက် တောင်ပင်လယ်လောက၏စိတ်ဆန္ဒမှာ သခင်အဖြူကို သတ်ဖို့ ကြိုးစားနေသည်ကို ရပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကျန်သခင်အဖြူအားလုံးက မူလသခင်အဖြူအဖြစ် ပြန်ပေါင်းသွားကြ၏။ သူ့မျက်နှာမှာ ဖြူဖျော့ပြီး သူ့တစ်ကိုယ်လုံး တုန်ရီနေသော်လည်း အသက်ရှင်လျက် လွတ်မြောက်သွားခြင်းက သူ့ကို ဝမ်းသာအားရသွားစေသည်။
တောင်ပင်လယ်လောက၏စိတ်ဆန္ဒ တိတ်ဆိတ်သွားသည်။ တောင်ကိုးလုံး၏ထိပ်ပေါ်ရှိ ရွှမ်းဝူလိပ်ကြီးများ တိတ်ဆိတ်သွားသည်။ တောင်ပင်လယ်သခင်တစ်ဦးမှ စကားမပြောပေ။ ကျင့်ကြံသူအားလုံး... စစ်မြေပြင်ထက်၌ တိုက်ခိုက်နေလျှင်ပဲဖြစ်ဖြစ်၊ ဆိတ်ငြိမ်အေးချမ်းနေသော နေရာ၌ ရှိနေလျှင်ပဲဖြစ်ဖြစ် လုံးလုံးလျားလျား တုန်လှုပ်သွားကြပြီး အပေါ်ရှိ ကြယ်တာရာကောင်းကင်ကို တွေဝေစွာ မော့ကြည့်လိုက်ကြသည်။
တစ်ယောက်မှ ထိုကဲ့သို့စစ်ပွဲတစ်ပွဲအတွက် အဆင်သင့်မဖြစ်သေးပေ။ တကယ်တမ်း အများစုမှာ စစ်ဖြစ်တော့မည်ကိုပင် မသိထားသေး။
သို့ထိတိုင် .... ကောင်းကင်ဘုံ ၃၃ ဘုံသည် အပြည့်အဝမပြင်ဆင်ရသေးသည့်တိုင် အင်အားစတင်စုစည်းနေလေပြီ။ သူတို့အတွက် ပြင်ဆင်ဖို့ နှစ်တွေ လိုသေးလျှင် တောင်ပင်လယ်လောကအတွက်လည်း ထိုနည်းတူပင်။
မန်ဟိုလည်း တိတ်ဆိတ်နေသည်။ ဤဆုံးဖြတ်ချက်သည် တောင်ပင်လယ်လောက၏ ကံတရားနှင့် ပတ်သက်၏။ သူ့အနေဖြင့် သခင်အဖြူကို လွှတ်ပေးလိုက်ပြီး စစ်စောမဖြစ်အောင် ရှောင်ရှားလိုသည်။
သူ့မှာ ဤအခိုက်အတန့်တွင် ကောင်းကင်ဘုံ ၃၃ ဘုံကို တိုက်ခိုက်ဖို့ သေသေချာချာ မပြင်ဆင်ရသေးသည်မဟုတ်ပါလော။
ကောင်းကင်ဘုံ ၃၃ ဘုံမှ အေးစက်စက် နှာမှုတ်သံတစ်သံ ပဲ့တင်ထပ်လာပြီး ဧရာမလက်မည်းကြီးတစ်ဖက်က ရွှေရောင်ပိုက်ကွန်ကို ထိုးဖောက်လာသည်။ ၎င်းသည် အဋ္ဌမတောင်ပင်လယ်သို့ ရောက်လာပြီး သခင်အဖြူကို ဆုပ်ကိုင်၍ အပေါ်သို့ စတင်ခေါ်သွား၏။
ဆုံးဖြတ်ချက် ချပြီးလေပြီ။ တောင်ပင်လယ်လောကသည် တိုက်ခိုက်ရဲမည်မဟုတ်၊ စစ်ကို ဆောလျင်စွာ စတင်ရဲမည်မဟုတ်။ ထိုစစ်ပွဲက လောကထဲရှိ အသက်အားလုံး၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် စစ်ပွဲဖြစ်၍ မည်သူမှ စတင်ဖို့ ယုံကြည်ချက်မရှိသေးပေ။
သို့သော် .... ထိုအချိန်တွင် လုံးလုံးလျားလျား မထင်မှတ်ထားသည့်အရာတစ်ခု ဖြစ်ပျက်သွားသည်။