ကိလေသာအညစ်အကြေးတွေရေနဲ့အတူ လွင့်ပါပျက်စီးခဲ့ပြီ
Vol. 9 Ch. 844
တိကျန်ဗောဓိသကျသည်အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန် အချိန်စီးကြောင်းကို ချုံ့ပစ်ရန်အတွက် အသူရာချောက်ကို အသုံးပြုခဲ့လေသည်။
တိကျန်ဗောဓိသကျက သူ၏ ကျင့်စဉ်လမ်းအဆင့်တက်ရန်အတွက် အသူရာချောက်ကို မျက်စိကျခဲ့သည်မှာ အကြောင်းရှိသည်။ အဘယ်ကြောင့်ဆိုသော် အသူရာချောက်ဆိုသည်က သာမန်မဟုတ်သည့် လောကတစ်ခုဖြစ်ပြီး ထူးခြားလျှို့ဝှက်သည့် တန်ခိုးစွမ်းအားများနှင့် ပြည့်နက်နေသည့် နေရာတစ်ခု ဖြစ်လေသည်။
ထိုအချိန်မှာပင်…
နက်မှောင်သည့် အသူရာချောက်မြေပြင်ထက်ှ တုန်လှုပ်ခြောက်ခြားစရာကောင်းသည့် မှော်စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ဓားစက်ကြီးကဲ့သို့ ထက်ရှသည့် နတ်ဘုရားအလင်းတန်းများကို ထုတ်လွှတ်လိုက်လေသည်။ ထိုအလင်းတန်းများက ကြိုးများပမာ ယွမ်တုဓားကို ရစ်ပတ်လွှမ်းခြုံထားလိုက်လေသည်။
ဆန်းလျန်၏မျက်ဝန်းများသည် ရုတ်ချည်းပင် အနက်တစ်ဝက် အဖြူတစ်ဝက်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ ယင်နှင့်ယန်၏ အံ့သြစရာတန်ခိုးစွမ်းအားများ ပေါင်းစပ်နေခြင်းဖြစ်လေသည်။
ဆန်းလျန်၏ မျက်ဝန်းများထဲတွင် ယင်နှင့်ယန် သင်္ကေတပေါ်လာသည်နှင့် ယွမ်တုဓားသည် ထာဝရတည်မြဲသည့် ဓားတစ်လက်အဖြစ်သို့ မာကျောသိပ်သည်းသွားလေ၏။
ဆန်းလျန်၏ မျက်ဝန်းများဆီမှ ယင်စွမ်းအားနှင့်ယန်စွမ်းအားသည် ယွမ်တုဓားရှိရာသို့ အဆက်မပြတ်ရောက်ရှိသွားပြီး ကြီးမားသည့်အသက်ဓာတ်စွမ်းအားကြီးတစ်ခု ထွက်ပေါ်လာလေသည်။
ယွမ်တုဓားဝိညာဉ်သည် လောကသစ်တစ်ခုကို ဖွင့်လှစ်တော့မည့်အလား ထင်မှတ်ရပြီး မှော်စွမ်းအားအလင်းတန်းများသည် တစ်လက်မချင်း စတင်ပျက်စီးသွားလေတော့သည်။
ဆန်းလျန်၏ သူမတူသည့် တန်ခိုးစွမ်းအားများက ယွမ်တုဓားနှင့် ချိတ်ဆက်သွားသည့်အတွက်သာ ယခုကဲ့သို့ တိုက်ခိုက်မှုမျိုးကို ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
ယွမ်တုဓားသည် လွတ်မြောက်ခြင်းဓားအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
သို့သော်… ဘုန်းတော်ကြီးရာမက လက်တစ်ချက်ဝှေ့ရမ်းလိုက်လေရာ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ကြယ်စင်များအလား အလင်းမှုံလေးများထွက်ပေါ်လာလေသည်။
ထိုအလင်းမှုံလေးများသည် လေထဲတွင်ရောထွေးသွားပြီး ယွမ်တုဓားကို ဝိုင်းပတ်ကာ ချုပ်နှောင်ထားလိုက်လေသည်။
ရုတ်တရက်…
ဆန်းလျန်၏ နတ်ဘုရားခန္ဓာကိုယ်ကြီးက တဖြည်းဖြည်းရှည်လျားကြီးထွားလာပြီး ကြယ်စင်အလင်းမှုံလေးများကို စွဲငင် စုပ်ယူပစ်လိုက်လေသည်။
ထိုအခါ ယွမ်တုဓားသည် တစ်ချက်လင်းလက်သွားပြီး ဘုန်းတော်ကြီးရာမ၏ ဦးခေါင်းနားတွင် လှည့်ပတ်နေလေတော့သည်။
ထိုအချိန်မှာပင်… ကျောက်ရှောင်ယွီက တိုက်ပွဲအတွင်းသို့ ဝင်ရောက်တိုက်ခိုက်လိုက်လေသည်။
သို့သော်… သူမက ငရဲလမ်းဓားဖြင့် တိုက်ခိုက်လိုက်ခြင်းမဟုတ်ပေ။ လျန်ယိမြူခိုးသံလိုက်တန်ခိုးစွမ်းအားဖြင့် တိုက်ခိုက်လိုက်ခြင်းဖြစ်လေသည်။
ကျောက်ရှောင်ယွီ၏ တင့်တယ်လှပသည့်ခန္ဓာကိုယ်မှ နတ်ဘုရားအလင်းတန်းများ ဖြာထွေက်လာပြီး အလင်းတန်းများ၏ အလယ်ဗဟိုတွင် သွေးနီရောင်စက်ဝန်းတစ်ခု တောက်ပလျှက်ရှိသည်။
လျန်ယိမြူခိုးတန်ခိုးစွမ်းအားသည် အတားအဆီးများအားလုံးကို ဖြတ်ကျော်သွားကာ ဘုန်းတော်ကြီးရာမရှိရာသို့ ပြင်းထန်စွာ ဝင်ရောက်သွားလေသည်။
လျန်ယိမြူခိုးသံလိုက်တန်ခိုးစွမ်းအားနှင့် ထိမိသည်နှင့် ဘုန်းတော်ကြီးရာမ၏ မျက်ခုံးနှစ်ခု ကြားတွင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာလေသည်။
ထို့နောက် ထိုအက်ကွဲကြောင်းမှတစ်ဆင့် ဘုန်းတော်ကြီးရာမ၏ခန္ဓာကိုယ်မှာ နှစ်ခြမ်းကွဲသွားလေတော့သည်။
သို့သော်… ဘုန်းတော်ကြီးရာမ သေဆုံးသွားခြင်း မရှိပေ။ နှစ်ခြမ်းကွဲသွားပြီးသည့်နောက် ဘုန်းတော်ကြီးရာမသည် နှစ်ယောက်ဖြစ်သွားလေသည်။
(၂)ယောက်လုံးမှာ တစ်ထေရာတည်းတူညီပြီး အသက်ရှူသံပင်တစ်ချက်ကလေး ကွဲပြားခြင်း မရှိပေ။
လျန်ယိမြူခိုးတန်ခိုးစွမ်းအားများကလည်း နှစ်ပိုင်းကွဲသွားပြီး ဘုန်းတော်ကြီးရာမကို ပြင်းထန်စွာ ဆက်လက်တိုက်ခိုက်လေသည်။ တန်ခိုးစွမ်းအားနှစ်ပိုင်းကွဲသွားသည့်တိုင် အနည်းငယ်ပင် လျော့ကျသွားခြင်း မရှိပါပေ။
ကျောက်ရှောင်ယွီ၏စိတ်အစဉ်သည် မရှိမှုအဆင့်သို့ ရောက်ရှိသွားလေသည်။ လျန်ယိမြူခိုးတန်ခိုးစွမ်းအားများက မသိမသာ တုန်ယင်နေလေ၏။
တစ်ထေရာတည်းတူညီပြီး တန်ခိုးစွမ်းအားအရာတွင်လည်း လျော့နည်းခြင်းမရှိသည့် ကိုယ်ခွဲနှစ်ခုဖန်ဆင်းခြင်းဆိုသည်မှာ ကျောက်ရှောင်ယွီအတွက်တော့ ဘဝတစ်လျှောက်လုံး တစ်ခါမှ မကြုံတွေ့ဖူးသည့် အဖြစ်အပျက်ဖြစ်လေသည်။ မယုံကြည်နိုင်စရာပင် ကောင်းလွန်းလှသည်။ သို့သော်… ထိုအဖြစ်အပျက်သည် သူမရှေ့တွင် ဖြစ်ပျက်နေခဲ့သည်ကို သူမ၏မျက်ဝန်းများဖြင့် ပြတ်ပြတ်သားသားမြင်တွေ့နေရလေသည်။
ထိုအချိန်မှာပင်…
ဆန်းလျန်၏ ယွမ်တုဓားက ဘုန်းတော်ကြီးရာမ (၂)ယောက်စလုံးကို ထက်ပိုင်းစီပိုင်းချလိုက်လေသည်။
ယွမ်တုဓားမှ နက်ရှိုင်းသည့်ဓားခြိမ်းသံထွက်ပေါ်လာပြီး ဘုန်းတော်ကြီးရာမ၏ကိုယ်ခွဲမှာ (၄)ယောက် ဖြစ်သွားလေသည်။
ထို့နောက်… ကိုယ်ခွဲ (၄)ယောက်မှတစ်ဆင့် မရေမတွက်နိုင်အောင်များပြားလှသည့် ကိုယ်ခွဲများ ထွက်ပေါ်လာလေတော့သည်။
တိကျန်ဗောဓိသကျ၏ပုံရိပ်သည် ဘုန်းတော်ကြီးရာမ တစ်ဘဝလုံး ကျင့်ကြံထားခဲ့သည့် တန်ခိုးစွမ်းအားများကို ကောင်းကောင်းအသုံးချကာ တိုက်ခိုက်နေခဲ့လေသည်။
ကိုုယ်ခွဲတိုင်းသည် နတ်ဘုရားတန်ခိုးစွမ်းအားများနှင့် ပြည့်ဝလျှက် ရှိလေသည်။ တန်ခိုးစွမ်းအားများကလည်း တစ်ချက်ပင် လျော့နည်းသွားခြင်း မရှိဘဲ စွမ်းအားဖြင့် ပြည့်ဝလျှက်ရှိလေသည်။
ကျောက်ရှောင်ယွီသည် ထိုသို့သော ကိုုယ်ခွဲဖန်တီးနိုင်ခြင်းမျိုးကို မယုံကြည်နိုင်ဖြစ်နေရလေသည်။ သို့သော်… ထိုသို့သော ထူးဆန်းမှုက သူမကို ကြောက်ရွံ့မသွားစေခဲ့ပေ။
ကိုယ်ခွဲတစ်ခု ပျက်စီးသွားသည်နှင့် နောက်ထပ်ကိုယ်ခွဲပေါင်းများစွာ ခွဲဖြာထွက်သွားလေသည်။
နောက်ဆုံးတော့ ကျောက်ရှောင်ယွီသည် ငရဲလမ်းဓားကို အသုံးပြုရန် ဆုံးဖြတ်လိုက်လေသည်။ သူမက ငရဲလမ်းဓားကို ခန္ဓာကိုယ်ရှေ့တွင် ကန့်လန့်ဖြတ်ကိုင်ထားလိုက်သည်။ ငရဲလမ်းဓားမှ သတ်ဖြတ်လိုသည့် အငွေ့အသက်များပြင်းထန်စွာ ထွက်ပေါ်နေလေသည်။
ငရဲလမ်းဓား၏ သတ်ဖြတ်လိုသည့်စွမ်းအားများသည် ယွမ်တုဓား၏ သတ်ဖြတ်လိုသည့် စွမ်းအားများနှင့် ပေါင်းစပ်သွားပြီး လေထုတစ်ခုလုံး ကြောက်မက်ဖွယ်ရာကောင်းအောင် တုန်လှုပ်သွားလေသည်။
မရဏဓား (၂)လက်၏ စွမ်းအား (၂)ခုပေါင်းစည်းသွားသလို ဆန်းလျန်နှင့် ကျောက်ရှောင်ယွီ၏ တန်ခိုးစွမ်းအား (၂)ခုလည်း ပေါင်းစပ်သွားလေသည်။
ထိုအခါ… တိကျန်ဗောဓိသကျ၏ကိုယ်ခွဲများအားလုံး ပျောက်ကွယ်သွားလေသည်။ သို့သော်… ဘုန်းတော်ကြီးရာမ၏ခန္ဓာကိုယ်မှ ကြီးမားလှသည့် တန်ခိုးစွမ်းအားထုထည်ကြီးတစ်ခု ထွက်ပေါ်လာလေသည်။
ဆန်းလျန် စောင့်နေခဲ့သည့် အချိန်ကျရောက်လာခဲ့ပြီ ဖြစ်သည်။
ဆန်းလျန်သည် ချက်ချင်းပင် သူ၏မူလဝိညာဉ်ခန္ဓာမှ တန်ခိုးစွမ်းအားများကို အမြင့်ဆုံအထိ မြှင့်တင်ပစ်လိုက်လေသည်။ ထိုအခါ အာလာယဝိညာဏတန်ခိုးစွမ်းအား ထွက်ပေါ်လာပြီး ယွမ်တုဓားနှင့် တစ်သားတည်း ပေါင်းစပ်သွားလေသည်။
ယွမ်တုဓားက တစ်ချက်တုန်ခါသွားပြီး ဘုန်းတော်ကြီးရာမကို ထိုးစိုက်ချလိုက်လေသည်။
ယွမ်တုဓားသည် မရဏစွမ်းအားများနှင့်ပြည့်နေပြီး ဓားသွားက ဖန်သားအလား ကြည်လင်နေလေသည်။
အချိန်ရေစီးကြောင်းထက်တွင်တော့ တိကျန်ဗောဓိသကျ၏ ပုံရိပ်သည် တဖြည်းဖြည်းမြင့်တက်လာသည်ကို တွေ့ရမည် ဖြစ်လေသည်။ သို့သော်… ဖန်သားအလားကြည်လင်သည့် ယွမ်တုဓားက တဖြည်းဖြည်းမြင့်တက်လာနေသည့် တိကျန်ဗောဓိသကျ၏ ပုံရိပ်ကို အကြင်နာတရားကင်းမဲ့စွာ ဖြတ်တောက်ပစ်လိုက်လေသည်။
ပြင်းထန်လွန်းသည့်ဓားဝိညာဉ်သည် နတ်ဘုရားတစ်ပါးအလား ဖြစ်လေသည်။ အသက်ဝင်လာသည့် တိကျန်ဗောဓိသကျ၏ပုံရိပ်သည် ဖိနှိပ်ခံလိုက်ရပြီး အချိန်ရေစီးကြောင်းအောက်သို့ ပြန်လည်နစ်မြုပ်သွားခဲ့လေသည်။
ဓားဝိညာဉ်သည် အားနည်းသွားသည့်တိုင် အချိန်ရေစီးကြောင်းအတွင်းသို့ ဖိနှိပ်ထားဆဲ ဖြစ်လေသည်။
အသူရာချောက်တွင်တော့ တိကျန်ဗောဓိသကျ၏တန်ခိုးစွမ်းအားများသည် တဖြည်းဖြည်းပျောက်ကွယ်သွားလေသည်။
အမှောင်ထုကြီးပျောက်ကွယ်သွားပြီး ဆန်းလျန်နှင့် ကျောက်ရှောင်ယွီတို့သည် ယင်းစန်းတောင်သို့ ပြန်လည်ရောက်ရှိလာကြလေသည်။
ရှားလော့သစ်ပင်ညီနောင်ကြားတွင် ဘုန်းတော်ကြီးရာမသည် တင်ပျဉ်ခွေထိုင်နေပြီး သူ၏မျက်ဝန်းများက ခံစားချက်ကင်းမဲ့နေသည်။
ဘုန်းတော်ကြီးရာမက တရားတစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။
"ဗောဓိပင်အောက်မှာထိုင်နေတဲ့ ဘုန်းတော်ကြီး…
တောင်ပေါ်မှာမိုးရွာပြီးတဲ့အခါ…
ကိလေသာအညစ်အကြေးတွေရေနဲ့အတူ လွင့်ပါပျက်စီးခဲ့ပြီ…"
တရားစာပိုဒ်အဆုံးသတ်သွားသည်နှင့် ဘုန်းတော်ကြီးရာမ၏ ခန္ဓာကိုယ်သည် သဲမှုံများအဖြစ်ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားလေတော့သည်။
ကျောက်ရှောင်ယွီက…
"သူသေသွားပြီလား…"
ဆန်းလျန်က ခေါင်းကိုမော့လိုက်ပြီး ကောင်းကင်ထက်ကို ကြည့်လိုက်သည်။
"ဘုန်းတော်ကြီးရာမကတော့ သေသွားပါပြီ ၊ ဒါပေမဲ့ တကယ့်ရန်သူအစစ်ကတော့ ဒဏ်ရာတစ်ချက်တောင် မရသွားခဲ့ဘူး…"
ကျောက်ရှောင်ယွီက…
"တကယ့်ရန်သူအစစ်ဆိုတာ တိကျန်ဗောဓိသကျကို ပြောတာလား…"
ဆန်းလျန်က…
"စောစောက တိုက်ပွဲမှာ ကျုပ်တို့ရင်ဆိုင်လိုက်ရတာက တိကျန်ဗောဓိသကျရဲ့ တန်ခိုးစွမ်းအား အစအနလေးပဲ ရှိသေးတယ် ၊ ဒါပေမဲ့ အနှေးနဲ့အမြန် သူ ကျုပ်ကို လာရှာတော့မှာပါ…"
ကျောက်ရှောင်ယွီက…
"ဘာဖြစ်လို့လဲ…"
ဆန်းလျန်က…
"ဘာလို့လဲဆိုတော့ ကျုပ် ဆန်းလျန်က သူသွားမယ့်လမ်းမှာ အတားအဆီးဖြစ်နေလို့ပဲ…"
ထိုအချိန်ခဏမှာပင်… ဆန်းလျန်သည် စိတ်ထဲမှ သံသယများစွာကို ရှင်းလင်းသွားခဲ့လေသည်။ယခုတော့ သူအကြောင်းအရာ အတော်များများကို ပိုပြီး နားလည်လာပြီ ဖြစ်လေသည်။
…………
တောက်ပနေသည့်ကြယ်စင်ကောင်းကင်အောက်တွင် …
အဆုံးမရှိသည့် ပင်လယ်ပြင်ကြီးတစ်ခု ရှိလေသည်။ ရေခဲကမ်းပါးကြီးတစ်ခုထိပ်တွင် ခမ်းနားသည့် နန်းတော်ကြီးတစ်ခု ရှိနေလေသည်။
နန်းတော်တံခါးကြီးပိတ်ထားသည်မှာ မရေမတွက်နိုင်သည့် နှစ်ပေါင်းများစွာကြာခဲ့ပြီ ဖြစ်လေသည်။ သို့သော်… နန်းတော်တံခါးဝရှိတိုင်လုံးများကတော့ ပျက်စီးယိုယွင်းခြင်းအလျဉ်းမရှိ သစ်လွင်နေဆဲ ဖြစ်လေသည်။
အချိန်ကာလမည်မျှပြောင်းလဲပါစေ ထိုအရာများက ပြောင်းလဲခြင်းမရှိသလို အတုယောင်လည်း မဟုတ်ခဲ့ပေ။
နန်းတော်တံခါးပိတ်ထားသည့်တိုင် နန်းတော်တံခါးအတွင်းတွင်တော့ ကျင့်ကြံသူနတ်မိစ္ဆာများစွာ နေထိုင်လေသည်။ ထိုနတ်မိစ္ဆာများမှာ နဂါးများကို အစားအစာအဖြစ် စားသောက်ပစ်တတ်ကြသည့် ခွန်ဖိန်နတ်မိစ္ဆာအနွယ်တော်များပင် ဖြစ်လေသည်။
ထိုနန်းတော်ကြီးသည်ကား "နတ်မိစ္ဆာအဓိပတိနန်းတော်" ပင် ဖြစ်လေတော့သည်။
နန်းတော်အတွင်းနက်ရှိုင်းသည့်နေရာတစ်နေရာတွင်တော့ စင်မြင့်ကြီးတစ်ခုရှိလေသည်။ ထိုစင်မြင့်ကြီးထက်တွင် ကြယ်ပုံဏ္ဍန်များ ရေးထွင်းထားပြီး စကြာဝဠာတစ်ခုလုံးရှိ ကြယ်စင်စွမ်းအားများ လာရောက်စုဝေးကြလေသည်။
ထိုစင်မြင့်ကြီးထက်တွင် ဒဏ္ဍာရီဆန်လွန်းသည့် ကြယ်စင်ကိုးစင်းတိုက်ပွဲအခင်းအကျင်းကို ခင်းကျင်းထားခြင်းပင် ဖြစ်လေသည်။ ထိုပညာသည် ပျောက်ကွယ်နေသည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း နတ်မိစ္ဆာအဓိပတိနန်းတော်တွင်တော့ ထိုပညာကို ပြန်လည်တွေ့မြင်ခွင့်ရနိုင်လေသည်။
ထိုကြယ်စင်ကိုးစင်းစင်မြင့်ကြီးထက်တွင် ထူးဆန်းလျှို့ဝှက်ဟန်ရှိသည့် လူတစ်ယောက် လက်နှစ်ဖက်ကိုနောက်ပစ်ပြီး မတ်တတ်ရပ်နေလေသည်။
ထိုအချိန်မှာပင်…
ကြယ်စင်ကိုးစင်းစင်မြင့်ထက်တွင် အပြာရောင်ဝတ်စုံဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်ပေါ်လာပြီး စင်မြင့်ထက်မှ လူရှေ့တွင် ဒူးထောက်လိုက်လေသည်။
"ဆရာဘိုးဘိုးကြီး… ၊ အစ်ကိုကြီးဆုံးပြီ…"
"ကျုပ် သိပြီးပါပြီ…"
ဆရာဘိုးဘိုးကြီးဆိုသူက ပြန်ဖြေလိုက်သည်။
သူက ထိုသို့ဖြစ်လာမည်ဟု မျှော်လင့်ထားပြီးသားဖြစ်သည့်အတွက် အံ့သြဟန်တစ်စက်ကလေးမှ မပြပေ။
ထိုဆရာဘိုးဘိုးကြီးဆိုသူသည်ကား အခြားသူမဟုတ်ပေ။ နတ်မိစ္ဆာအဓိပတိကြီးပင် ဖြစ်လေသည်။
မိုးအဆက်ဆက် မြေအဆက်ဆက် နတ်မိစ္ဆာတို့၏ ဒဏ္ဍာရီတွင် အစဉ်အမြဲထင်ရှားပါလေသော ၊ စကြာဝဠာစတင်သည့်အချိန်ကတည်းက တန်ခိုးရှင်တစ်ပါးအဖြစ် အဆင့်မြင့်မားစွာ ရပ်တည်လာသူတစ်ယောက်ဖြစ်သော "နတ်မိစ္ဆာအဓိပတိကြီး"ပင် ဖြစ်လေသည်။
***