မိုးကောင်းကင်ခုံရုံးနှစ်ခုရဲ့ဒဏ္ဍာရီ
Vol. 9 Ch. 845
နတ်မိစ္ဆာအဓိပတိကြီးက သူမပြောမည့်စကားကို သိရှိပြီးနေပြီးဖြစ်သည့်အတွက် အပြာနုရောင်ဝတ်ဆင်ထားသည့် မိန်းမပျိုက အံ့သြသွားခြင်းမရှိခဲ့ပေ။
လောကတွင် နတ်မိစ္ဆာအဓိပတိကြီး မသိနိုင်သည့် ကိစ္စဆိုသည်မှာ မရှိသလောက်ပင် ဖြစ်သည်။
နတ်မိစ္ဆာအဓိပတိကြီးဆိုသည်က ကျင့်ကြံခြင်းအဆင့်နက်ရှိုင်းမြင့်မားရုံသာမက ဖူရှီးသူတော်စင်ကြီးထံမှ ကြာပန်းပန်းချီကျမ်းစာကိုလည်း ရရှိထားသူ ဖြစ်လေသည်။
ယခုလက်ရှိကျင့်ကြံသူလောကတွင် အလွန်နာမည်ကြီးနေသည့် ရွှမ်တုတောက်ကျွင်းနှင့်ပင်လျှင် နတ်မိစ္ဆာအဓိပတိကြီးက ကောင်းကောင်းယှဉ်နိုင်သူဖြစ်လေသည်။
အပြာနုရောင်ဝတ်ဆင်ထားသည့်မိန်းကလေးက…
"ဆရာဘိုးဘိုးကြီး ၊ ကျွန်မတို့ အသူရာချောက်ကို သွားပြီးတိုက်ခိုက်ကြမလား…"
အပြာနုရောင်ဝတ်ဆင်ထားသည့် မိန်းကလေးပြောသည့် "ဆုံးသွားသည့်အစ်ကိုကြီး" ဆိုသူမှာ အသူရာချောက်တွင် ရဲ့လျိုယွင်ကို သွားရောက်တိုက်ခိုက်သည့် ခွန်ဖိန်နတ်မိစ္ဆာဘုရင် ဖြစ်လေသည်။
နတ်မိစ္ဆာအဓိပတိကြီးက အတန်ကြာတိတ်ဆိတ်နေပြီးမှ…
"ဒီတစ်ခေါက် မင်းရဲ့အစ်ကိုကြီးဆုံးသွားတာ ကျုပ်လုံး၀ မျှော်လင့်မထားတဲ့ ကိစ္စပဲ ၊ အိမ်း…ကျင့်ကြံသူလောကက နောက်ပိုင်းမျိုးဆက်သစ်တွေက သိပ်ကိုရမ်းကားနေကြပါလား ၊ နတ်မိစ္ဆာအဓိပတိနန်းတော်ကိုတောင် မျက်လုံးထဲ မထားတော့ဘူး ၊ ပြီးတော့ မင်းရဲ့အစ်ကိုကြီးကို ရဲ့လျိုယွင်တစ်ယောက်တည်းဆိုရင် ဘယ်နည်းနဲ့မှ သတ်နိုင်မှာ မဟုတ်ဘူး ၊ ကြည့်ရတာ တခြားအကူအညီတစ်ခုခု ရှိတဲ့ပုံပဲ…"
ခဏနားပြီးမှ နတ်မိစ္ဆာအဓိပတိကြီးက ဆက်ပြောလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်များစွာအတွင်း ကြီးမားတဲ့ ဘေးအန္တရယ်ဆိုးကြီး (၂)ခု ကြုံခဲ့ရတယ် ၊ အဲဒီအခြေအနေမှာ ကျုပ်က ငြိမ်နေခဲ့တာနဲ့ပဲ ကျုပ်ကို လျှော့တွက်နေကြပြီ ထင်တယ် ၊ ကျင့်စူး… ကျုပ်တို့ အသူရာချောက်ကို သိမ်းပိုက်မယ် ၊ ပြီးရင် မိုးကောင်းကင်ခုံရုံးကို ပြန်လည်တည်ထောင်မယ် ၊ မင်းဟာ မိုးနတ်မင်းတစ်ပါး ဖြစ်လာရမယ်…"
အမှန်တော့ နတ်မိစ္ဆာအဓိပတိကြီးဆိုသည်က ပထမမိုးနတ်မင်းခေတ်ကတည်းက အသက်ရှင်တည်ရှိခဲ့သူဖြစ်ပြီး ဒုတိယမိုးနတ်မင်းသည်ပင်လျှင် သူ့ကို မလေးစားဘဲ မနေရဲခဲ့ပေ။
သူသာ မိုးကောင်းကင်ခုံရုံးကို ပြန်လည်တည်ထောင်မည်ဆိုပါက သေချာပေါက် အောင်မြင်မှုရမည်ဖြစ်လေသည်။
သို့သော်… နတ်မိစ္ဆာအဓိပတိကြီးက သူကိုယ်တိုင် မိုးနတ်မင်းဘွဲ့ကို ဆက်ခံမည်ဟု မပြောခဲ့ဘဲ ကျင့်စူးကို မိုးနတ်မင်းနေရာအပ်နှင်းရန် ပြောလာခဲ့လေသည်။
နတ်မိစ္ဆာအဓိပတိကြီး၏ စကားကိုကြားသည်နှင့် ကျင့်စူး တုန်လှုပ်ခြောက်ခြားသွားလေသည်။ သူမ မည်သည့်နည်းနှင့်မှ မိုးနတ်မင်းအဖြစ် မခံယူဝံ့ပါချေ။
"ဆရာဘိုးဘိုးကြီး… ကျင့်စူးက ဘယ်လိုလုပ် မိုးနတ်မင်း ဖြစ်လာနိုုင်မျာလဲ ၊ ကျွန်မရဲ့ ကျင့်ကြံခြင်းအဆင့်က ဒီလောက် အဆင့်မမြင့်သေးဘူး ၊ ပြီးတော့ ကျွန်မက မိန်းကလေးတစ်ယောက်လေ ၊ ဘယ်လိုလုပ် မိုးနတ်မင်း ဖြစ်လာနိုင်မှာလဲ…"
နတ်မိစ္ဆာအဓိပတိကြီးက ကိုယ်ကိုလှည့်လိုက်ပြီး ကျင့်စူးကို မျက်နှာချင်းဆိုင်လိုက်သည်။
သူက တည်ငြိမ်အေးဆေးသည့်လေသံဖြင့်…
"မင်းသိလား… တာအိုဆရာယွမ်ချင်းနဲ့ ဗိဿနိုးသေဆုံးသွားပြီးတဲ့နောက်ပိုင်း သူတို့ခြေရာကိုနင်းနိုင်တဲ့သူဆိုလို့ မင်းတစ်ယောက်ပဲရှိတယ် ကျင့်စူး ၊ ဒီလောက်နှစ်ပေါင်းများစွာ အကြာကြီး မင်းကို ပညာတွေသင်ပေးခဲ့တာ ၊ ကျုပ် မင်းဆီက ဘာများ ပြန်တောင်းဆိုခဲ့ဖူးတာရှိလို့လဲ ကျင့်စူး ၊ မင်းက ဝိဇ္ဇာအင်္ကျီလက်ပညာကို တာအိုဆရာယွမ်ချင်းဆီကနေသင်ယူခွင့်ရခဲ့တယ် ၊ ပြီးတော့ မင်းက တာအိုဆရာယွမ်ချင်းနဲ့ ပတ်သက်ခဲ့ဖူးတယ် ၊ ပြီးတော့ မင်းဟာ ကျုပ်တို့ နတ်မိစ္ဆာအဓိပတိနန်းတော်ကို သစ္စာဖောက်မယ့်သူမဟုတ်ဘူးဆိုတာ ကျုပ်ယုံကြည်တယ်…"
နတ်မိစ္ဆာအဓိပတိကြီး၏ စကားကြောင့် ကျင့်စူးပိုပြီး တုန်လှုပ်သွားရပြန်သည်။
သူမ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့သည့် ဆရာဘိုးဘိုးယွမ်ချင်းနှင့်ပတ်သက်သည့် လျှို့ဝှက်ချက်များကို နတ်မိစ္ဆာအဓိပတိကြီးက သိရှိနေခဲ့သည် မဟုတ်ပါလား။ ကျင့်စူး၏နှလုံးသားထဲတွင် ကြောက်ရွံ့မှုကို ခံစားလိုက်ရလေသည်။
သို့သော်… ယခုအချိန်တွင် သူမသည် အခြားသောကိစ္စများထက် ရဲ့လျိုယွင်၏ လုပ်ရပ်ကို ပိုပြီး ခံပြင်းနေခဲ့လေသည်။
ယမမင်းရဲ့လျိုယွင်က ခွန်ဖိန်အနွယ်တော်နတ်မိစ္ဆာတစ်ပါးကို သတ်လိုက်ခြင်းက နတ်မိစ္ဆာအဓိပတိနန်းတော်ကို ပြောင်ပြောင်တင်းတင်း ရန်စလိုက်ခြင်းပင် ဖြစ်သည်။ ထိုသို့သောလုပ်ရပ်မျိုးကို ခေတ်အဆက်ဆက်တွင် မည်သူမှ မလုပ်ရဲခဲ့ပေ။
သူမ ညီမလေးကွေလိကို သတိရလိုက်မိသည်။ ကွေလိသည် သူမအားအကျရဆုံး မိန်းကလေးတစ်ယောက်ဖြစ်လေသည်။
ကွေလိသည် ယခုတော့ ဇာမဏီနတ်ဘုရားနန်းတော်၏ နန်းတော်သခင်ဖြစ်နေလေပြီ။ ဇာမဏီနတ်ဘုရားနန်းတော်တစ်ခုလုံးကို သူမ စိတ်တိုင်းကျ အုပ်ချုပ်နေပြီး လွတ်လပ်သည့် ဘဝတစ်ခုကို ပိုင်ဆိုင်လေသည်။
သူမကတော့ မိုးနတ်မင်းနေရာကို ယူရမည်ဆိုလျှင်တောင်မှ နတ်မိစ္ဆာအဓိပတိကြီး၏ လက်ထဲမှ နယ်ရုပ်လေးတစ်ရုပ်မျှသာ ဖြစ်လေသည်။
သို့သော်… ဆရာဘိုးဘိုးကြီးသည် သူမကို ကျွေးမွေးစောင့်ရှောက်ကာ ပညာသင်ပေးခဲ့သူ ဖြစ်လေသည်။ ဆရာဘိုးဘိုးကြီးကြောင့်သာမဟုတ်လျှင် သူမသည် ထိပ်တန်းအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာမည် မဟုတ်ပေ။
လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်ခန့်က တာအိုဆရာယွမ်ချင်းသည်လည်း ယနေ့ ဖြစ်ပျက်လာမည့် အဖြစ်အပျက်များကို ခန့်မှန်းနိုင်ခဲ့ဟန်တူလေသည်။ ထို့ကြောင့် ကျွယ်ရှန်းနတ်ဓားမည်သည့်နေရာတွင်ရှိသည်ကိုသူမကို ပြောပြခဲ့ခြင်း ဖြစ်ဟန်တူသည်။
ကျင့်စူးက သူမ၏ အတွေးများကို နတ်မိစ္ဆာအဓိပတိကြီးမသိအောင် ဖုံးကွယ်ထားလိုက်ပြီး…
"ဆရာဘိုးဘိုးကြီးအမိန့်အတိုင်း ကျင့်စူးလိုက်နာပါ့မယ်…"
နတ်မိစ္ဆာအဓိပတိကြီးက…
"မင်း ကြောက်စရာမလိုပါဘူး ၊ နောက်ထပ် ဘေးအန္တရယ်ဆိုးကြီးကျရောက်တဲ့အချိန်ရောက်ရင် ဒီစကြာဝဠာကြီးတစ်ခုလုံး ပျက်သုဉ်းရလိမ့်မယ် ၊ ဒါကြောင့် ကျုပ်တို့ ခွန်ဖိန်အနွယ်တော်တွေ သိက္ခာမကျအောင် မင်း ဆက်ကြိုးစားရမယ် ကလေးရေ ၊ ပြီးတော့ အသူရာချောက်ကို ကျုပ်တို့ အနိုင်ယူနိုင်မှာပါ ၊ ပြီးရင်တော့ တာအိုဆရာသခင်ထိုက်ယီနဲ့ တခြားတာအိုဆရာသခင်ကြီးတွေလျှောက်လှမ်းတဲ့လမ်းကို ကျုပ်လိုက်ရလိမ့်မယ် ၊ အဲဒီတော့ မင်းသာ ကျုပ်ပြောတဲ့အတိုင်း လုပ်မယ်ဆိုရင် မင်းအတွက်လည်း ရှေ့လျှောက် အန္တရယ်ကင်းနိုင်ပါလိမ့်မယ်…"
နတ်မိစ္ဆာအဓိပတိကြီး၏ စကားများထဲတွင် များစွာသောရည်မှန်းချက်များကို မြင်တွေ့ရလေသည်။ထို့ပြင် အတိတ်အချိန်များဆီက ခံစားချက်များကိုလည်း တွေ့မြင်ရမည် ဖြစ်လေသည်။
နတ်မိစ္ဆာအဓိပတိကြီး မည်မျှ တည်ငြိမ်သည်ဆိုပါစေ ခွန်ဖိန်နတ်မိစ္ဆာသေဆုံးသွားရသည့်ကိစ္စက နတ်မိစ္ဆာအဓိပတိကြီးအပေါ် များစွာ သက်ရောက်မှု ရှိလေသည်။ မဟုတ်ပါက သူ့အနေဖြင့် အသူရာချောက်ကို သိမ်းပိုက်ပြီး မိုးကောင်းကင်ခုံရုံးကို ပြန်လည်တည်ထောင်သည်အထိ ဆုံးဖြတ်ချက်ချခဲ့မည် မဟုတ်ပေ။ ထို့ပြင် ကျင့်စူးကိုလည်း မိုးနတ်မင်းအဖြစ်ခံယူရန် ဖိအားပေးမည် မဟုတ်ပေ။
နှစ်ပေါင်းများစွာ ငြိမ်သက်နေသည့် နတ်မိစ္ဆာအဓိပတိနန်းတော်သည် ယခုတာ့ ကြီးမားသည့်လှုပ်ရှားမှုကြီးတစ်ခုကို စတင်တော့မည်ဖြစ်သည်။
ထိုလှုပ်ရှားမှုကြီးတွင် အဓိကပါဝင်ရမည့်သူမှာ ကျင့်စူးပင်ဖြစ်လေသည်။ ကျင့်စူးအတွက် နတ်မိစ္ဆာအဓိပတိကြီးက နက်ရှိုင်းသည့်ရည်ရွယ်ချက်များ ရှိနေခဲ့သည်။
ကျင့်စူးက…
"ဆရာဘိုးဘိုးကြီး အခု နောက်ဆုံးကြုံတွေ့ရမယ့် ဘေးအန္တရယ်ဆိုးကြီးနဲ့ အရင်က ကြုံခဲ့တဲ့ ဘေးအန္တရယ်ဆိုး (၂)ခုက ဘာကွာတာလဲ…"
နတ်မိစ္ဆာအဓိပတိကြီးက…
"ပထမမိုးနတ်မင်းနဲ့ ဒုတိယမိုးနတ်မင်းက မိုးကောင်းကင်ခုံရုံးကို တည်ဆောက်ခဲ့ကြတယ် ၊ တကယ်တော့ ဖြစ်ခဲ့သမျှ အဖြစ်အပျက်တွေဟာ တာအိုဆရာသခင်ထိုက်ယီနဲ့ ဗုဒ္ဓတို့က အတိတ်ကို ပြောင်းလဲဖို့ ကြိုးစားခဲ့ကြလို့ ဖြစ်ခဲ့ကြတာပဲ ၊ ပထမမိုးနတ်မင်းဟာ တာအိုဆရာသခင်ထိုက်ယီရဲ့ အချိန်ရေစီးကြောင်းခေါင်းလောင်းကို ရရှိသွားခဲ့တယ် ၊ ဒါကြောင့် သူဟာ လောကမှာ စွမ်းအားအကြီးဆုံး မိုးနတ်မင်းတစ်ပါး ဖြစ်လာခဲ့တာပဲ ၊ အဲဒီနောက်မှာတော့ ဗုဒ္ဓနဲ့ တာအိုဆရာသခင်ထိုက်ယီရဲ့ ယှဉ်ပြိုင်ပွဲမှာ ဗုဒ္ဓကလည်းအနန္တကျမ်းစာကို ချန်ထားခဲ့တယ် ၊ အဲဒီကျမ်းစာကို ရသွားတဲ့သူကတော့ ဒုတိယမိုးနတ်မင်းပဲ ၊ အဲဒါကြောင့် ပထမမိုးနတ်မင်း ကျဆုံးသွားပြီးတဲ့အခါ ဒုတိယမိုးနတ်မင်းက မိုးကောင်းကင်ခုံရုံးကို ပြန်လည် တည်ဆောက်နိုင်ခဲ့တာပေါ့ ၊ အိမ်း… အမှန်တော့ တာအိုဆရာသခင်ထိုက်ယီနဲ့ ဗုဒ္ဓတို့ရဲ့ ယှဉ်ပြိုင်မှုကြောင့်ပဲ အချိန်ရေစီးကြောင်းမှာ အရှုတ်အထွေးတွေဖြစ်ကုန်ခဲ့ရတယ် ၊ အဲဒီအရှုတ်အထွေးတွေကြောင့် ဖြစ်လာတဲ့ ဘေးအန္တရယ်ဆိုးကြီးတွေကို မိုးကောင်းကင်ခုံရုံးနှစ်ခုလုံးရော ၊ မိုးနတ်မင်းနှစ်ပါးလုံးရော တောင့်ခံမထားနိုင်ခဲ့ကြဘူး ၊ မိုးနတ်မင်းတွေ တောင့်ခံမထားနိုင်တဲ့အပြင် နောက်ဆက်တွဲပြဿနာတွေကလည်း ဖြေရှင်းလို့ကို မရတော့တဲ့နေအထားဖြစ်ကု်ကြရတယ် ၊ အဲဒီနောက်ဆက်တွဲ ပြဿနာတွေကြောင့်ပဲ အခု ကျုပ်တို့နေထိုင်နေတဲ့စကြာဝဠာကြီး အဆုံးသတ်ရတော့မယ့်အချိန် နီးကပ်လာခဲ့ရတာပဲ အဲဒါမှ ဖြစ်ခဲ့သမျှပြဿနာတွေအားလုံးဟာလည်း စကြာဝဠာကြီးနဲ့အတူ အဆုံးသတ်သွားပြီး အကြောင်းအကျိုးတွေ ဖြတ်တောက်နိုင်ခဲ့လိမ့်မယ် ၊ စကြာဝဠာပျက်စီးတဲ့နေ့ကျရင် စကြာဝဠာထဲက သက်ရှိသက်မဲ့အရာအားလုံးဟာလည်း ပျက်စီးကြရမှာပဲ ၊ ကျင့်စူး… ဒီစကြာဝဠာကြီးပျက်စီးသွားတဲ့အချိန် မင်း စကြာဝဠာကြီးနဲ့အတူ ရောပြီး အဆုံးသတ်မသွားချင်ဘူးဆိုရင်တော့ ကျုပ်ပြောတဲ့အတိုင်း လိုက်နာဖို့ တစ်နည်းပဲရှိတယ်…"
ကျင့်စူး၏ဘဝတွင် ထိုကဲ့သို့သော စကားမျိုးကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်လေသည်။
မျိုးဆက် (၂)ခုမှ မိုးကောင်းကင်ခုံရုံး (၂)ခုစလုံး ပျက်စီးခဲ့ရသည့် အကြောင်းရင်းက ထိုသို့ ဖြစ်နေခဲ့မည်ဟု သူမ ထင်မထားခဲ့မိပေ။
တစ်ချိန်တည်းမှာပင် နတ်မိစ္ဆာအဓိပတိကြီးက သူမကို မသိမသာခြိမ်းခြောက်ခဲ့ခြင်းလည်း ဖြစ်ဟန်တူလေသည်။ ထိုသို့သော လျှို့ဝှက်ချက်များကို သိနေသူ နတ်မိစ္ဆာအဓိပတိကြီးသည် မည်မျှကြောက်မက်ဖွယ်ကောင်းသူတစ်ယောက်ဖြစ်သည်ကို ကျင့်စူး နားလည်ခဲ့ရသည်။
နတ်မိစ္ဆာအဓိပတိကြီးက…
"နောက်သုံးရက်နေရင် အသူရာချောက်ကို စစ်ချီမယ် ၊ မင်းက ပြင်ဆင်စရာရှိတာတွေအားလုံး ပြင်ဆင်ထားပါ…"
ကျင့်စူးက နတ်မိစ္ဆာအဓိပတိကြီးကို ဦးညွှတ်အရိုအသေပေးလိုက်ပြီး နေရာမှ ပျောက်ကွယ်သွားလေသည်။
ကျင့်စူးထွက်ခွာသွားသည်နှင့် နတ်မိစ္ဆာအဓိပတိကြီးက ခါးသက်သည့်ရယ်မောသံတစ်ချက်ဖြင့် ရယ်မောလိုက်လေသည်။
………….
စန်းလော်ခန်းမဆောင်…
စန်းလော်ခန်းမဆောင်ထဲတွင် ငရဲမင်း ၊ ယမမင်းဟု ဘွဲ့အမည်တွင်သည့် ရဲ့လျိုယွင် ထိုင်နေလေသည်။ သူနှင့်မျက်နှာချင်းဆိုင်တွင်တော့ မာရ်နတ်ထိုင်နေလေ၏။
သူတို့ (၂)ယောက်လုံး၏ မျက်နှာများက သုန်သုန်မှုံမှုံနှင့် ဖြစ်လေသည်။
သူတို့ (၂)ယောက်ပေါင်းကာ သတ်ဖြတ်ပစ်ခဲ့သည့် ခွန်ဖိန်နတ်မိစ္ဆာဘုရင်သည် ပေါ့သေးသေး နတ်မိစ္ဆာဘုရင်တစ်ယောက်တော့ မဟုတ်ပေ။ ထို့ပြင်… ခေတ်အဆက်ဆက်တွင် အထင်ကရဖြစ်သည့် နတ်မိစ္ဆာအဓိပတိနန်းတော်မှ ခွန်ဖိန်အနွယ်တော်တစ်ပါးလည်း ဖြစ်လေသည်။
ထို့ကြောင့် ခွန်ဖိန်နတ်မိစ္ဆာဘုရင်ကို သတ်ဖြတ်လိုက်ပြီးသည့်နောက် သူတို့၏တန်ခိုးစွမ်းအားများလည်း လျော့နည်းကုန်ကြရလေသည်။
သူတို့ (၂)ယောက်၏ဘေးတွင် အဖြူရောင်ဝတ်ဆင်ထားသည့် စာပေပညာရှင်တစ်ယောက် မတ်တတ်ရပ်နေလေ၏။ ထိုစာပေပညာရှင်၏ မျက်ခုံးများက ထက်ရှနေပြီး ဝိညာဉ်တစ်ခုဖြစ်သည့်တိုင် သူ့ထံမှ ဝိညာဉ်စွမ်းအားများက ပြင်းထန်လွန်းလှလေသည်။
ရဲ့လျိုယွင်က ထိုအဖြူရောင်ဝတ်စုံနှင့်လူကို လှမ်းပြီး စကားပြောလိုက်သည်။
"အစ်ကိုလူ… ကျုပ်တို့နဲ့အတူတူ လာထိုင်ပါဗျာ…"
အဖြူရောင်ဝတ်ဆင်ထားသူက တည်ငြိမ်သည့်လေသံဖြင့်…
"ရပါတယ် ယမမင်း"
ဟု ပြန်ပြောလိုက်လေသည်။
မာရ်နတ်က အဖြူရောင်ဝတ်ဆင်ထားသည့် စာပေသမားကို တစ်ချက်လှမ်းကြည့်လိုက်ပြီး…
"လက်စသတ်တော့ ယမမင်းရဲ့လက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့ နာမည်ကျော်ကြားတဲ့ တရားသူကြီး 'လူ' ဆိုတာသူကိုး… ၊ တရားသူကြီးလူရဲ့ ဇာစ်မြစ်က ဘယ်သူများလဲ သိခွင့်ရှိမလား…"
ရဲ့လျိုယွင်က ပြုံးလိုက်ရင်း…
"အစ်ကိုလူက စကြာဝဠာတစ်ခုလုံးက လျှို့ဝှက်ချက်တွေကို သိမြင်နားလည်နိုင်စွမ်းရှိတယ် ၊ ဒါကြောင့် အသူရာချောက်ရဲ့ တရားသူကြီးအဖြစ် ကျုပ်က ခန့်အပ်ထားခဲ့တာ ၊ တကယ့်ကို အရည်အချင်းရှိတဲ့သူတစ်ယောက်ပါပဲ…"
ရဲ့လျိုယွင်က မာရ်နတ်၏အမေးကိုမဖြေဘဲ တရားသူကြီးလူကိုသာ ချီးကျူးစကားဆိုလိုက်လေသည်။
မာရ်နတ်က…
"တရားသူကြီးလူရဲ့ဇာစ်မြစ်ကို မင်းမပြောပြလဲ ကျုပ်ခန့်မှန်းလို့ရပါတယ်…"
ရဲ့လျိုယွင်က…
"မိစ္ဆာသခင်… မင်းသိတယ်ဆိုရင်လည်း စိတ်ထဲပဲထားပါ ၊ ထုတ်ပြောမနေပါနဲ့…"
မာရ်နတ်က ထူးဆန်းသည့်အပြုံးတစ်ချက်ကိုပြုံးလိုက်ရင်း…
"နတ်မိစ္ဆာအဓိပတိကြီးဟွင့်ထျန်းတာ့စန့်က အနှေးနဲ့အမြန် အသူရာချောက်ကို တိုက်ခိုက်တော့မှာပဲ ၊ ကျုပ် ခွန်ဖိန်တွေရဲ့ ပေမင်တန်ခိုးစွမ်းအားကိုတော့ သိပ်ကြောက်တယ်ဗျာ ၊ ဒီတော့ နတ်မိစ္ဆာအဓိပတိကြီးသာရောက်လာရင် ကျုပ်တော့ မင်းကို မကူညီနိုင်ဘူးနော်…"
ရဲ့လျိုယွင်က…
"နတ်မိစ္ဆာအဓိပတိကြီးက အသူရာချောက်ကို အလွတ်မပေးလောက်ဘူး ၊ အဲဒီတော့ ကျုပ်လည်း အသူရာချောက်ကိုစွန့်လွှတ်ပြီး ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းကိုပဲ ပြန်တည်ထောင်တော့မယ်…"
မာရ်နတ်က…
"တကယ်တမ်းတော့ မင်းလည်း နတ်ဆိုးတစ်ပါး ၊ ကျုပ်လည်း နတ်ဆိုးတစ်ပါးပဲလေ ၊ မင်းက ဒီလိုပြောမှတော့ ကျုပ်မှာလည်း ပြောစရာ စကားမရှိတော့ပါဘူး…"
ရဲ့လျိုယွင်က ခံစားချက်ကင်းမဲ့သည့် မျက်နှာထားဖြင့်…
"မင်းသွားတဲ့လမ်းက မိုးကောင်းကင်နတ်မိစ္ဆာလမ်း ၊ ကျုပ်သွားမယ့်လမ်းက အသူရာချောက်ကမိစ္ဆာလမ်း… ခြားနားချက်တော့ ရှိတာပေါ့…"
မာရ်နတ်က ရယ်မောလိုက်ရင်း…
"ခုနစ်လပိုင်း ခုနက်ရက်နေ့မှာ ကျုပ် မရှိမှုကျေးရွာကို ဝင်မယ် ၊ အဲဒီမှာ မိစ္ဆာကောင်းကင်ဘုံတစ်ခုကို တည်ဆောက်မယ် ၊ အဲဒီအချိန်ကျ ကျုပ်ရဲ့ ကောင်းကင်ဘုံဖွင့်လှစ်ပွဲကို တက်ရောက်ဖို့ မင်းကို တစ်ခါတည်းဖိတ်ကြားလိုက်မယ်…"
ရဲ့လျိုယွင်က အရေးမစိုက်သည့်အမူအရာဖြင့် ခေါင်းတစ်ချက်ညိတ်ပြလိုက်လေသည်။
ထို့နောက် မာရ်နတ်သည် စန်းလော်ခန်းမဆောင်အတွင်းမှ ပျောက်ကွယ်သွားလေတော့သည်။
စန်းလော်ခန်းမဆောင်သည် အရံအတားများစွာ ရှိသည့် နေရာတစ်ခုဖြစ်လေသည်။ သို့သော် မာရ်နတ်ကတော့ ထိုအရံအတားများကို တစ်ချက်ပင် အရေးမစိုက်ဘဲ ထွက်ခွာသွားခဲ့ပြီ ဖြစ်လေသည်။
ရဲ့လျိုယွင်သည် မာရ်နတ်ကို သူ့ကတိအတိုင်း လင်ထိုင်ဖန်းကျွမ်းတောင်အကြောင်းပြောပြလိုက်လေသည်။ ထို့ကြော်င့ ကျားကို အတောင်တပ်ပေးလိုက်သလိုဖြစ်သွားခဲ့ပြီ ဖြစ်လေရာ နောက်ပိုင်း မာရ်နတ်ကို နှိမ်နင်းနိုင်မည်သူ မရှိသလောက် နည်းပါးသွားပေလိမ့်မည်။
သို့သော် မာရ်နတ်ကို လင်ထိုင်ဖန်းကျွမ်းတောင်အကြောင်းပြောပြလိုက်ရသည့်အတွက် ရဲ့လျိုယွင် နောင်တရခြင်း မရှိပါပေ။ လောကကြီးပြဿနာများရှုတ်ထွေးကာ ကမောက်ကမဖြစ်လေ သူ့အတွက် ရပ်တည်ရန် အခွင့်အရေးပိုများမည်ပဲ ဖြစ်လေသည်။
မာရ်နတ်ထွက်ခွာသွားသည်နှင့် တရားသူကြီးလူက မျက်မှောင်တစ်ချက်ကြုံ့လိုက်ရင်း…
"ယမမင်းက တကယ်ပဲ အသူရာချောက်ကို စွန့်လွှတ်တော့မလို့လား…"
ရဲ့လျိုယွင်က…
"ဘယ်စွန့်လွှတ်ချင်ပါ့မလဲ… ဒါပေမဲ့ နတ်မိစ္ဆာအဓိပတိကြီးကိုယ်တိုင်လာမယ်ဆိုရင်တော့ ကျုပ်မှ မနိုင်ဘဲ ၊ ပြေးရမှာပေါ့…"
တရားသူကြီးလူဆိုသည်မှာ အခြားသူမဟုတ်ပေ။
တစ်ချိန်က ဆန်းလျန်နှင့် ချင်းရွှမ်နတ်တံခါးတွင် အတူတူ ပညာသင်ခဲ့လေသော ဆန်းလျန်၏ ဂိုဏ်းတူညီအစ်ကို လူစောယိပင် ဖြစ်လေသည်။
ဆန်းလျန်နှင့် လူစောယိဆိုသည်က တစ်ချိန်တုန်းက ချင်းရွှမ်နတ်တံခါး၏ ဝမ့်ရှင်းလမ်းကို အတူတူဖြတ်ကျော်ကာ ချင်းရွှမ်နတ်တံခါးတွင် တစ်ရက်တည်း အတူတူ တပည့်အဖြစ် လက်ခံခြင်းကို ခံခဲ့ကြရသူများ ဖြစ်လေသည်။
လူစောယိက…
"ကျုပ်ကျင့်ကြံနေတဲ့ နတ်နဂါးကျင့်စဉ်က အောင်မြင်ခါနီးပါပြီ ၊ အဲဒီတော့ ကျုပ်သာ နတ်နဂါးအရံအတားကို စီရင်နိုင်မယ်ဆိုရင် နတ်မိစ္ဆာအဓိပပတိကြီးကို ခဏတော့ တားဆီးထားနိုင်လိမ့်မယ်…"
ရဲ့လျိုယွင်က…
"အစ်ကိုလူက တကယ် စိတ်သဘောထားပြည့်ဝတယ် ၊ ညီလေးရဲ့လျိုယွင် အစ်ကိုလူရဲ့ စေတနာကို မှတ်သားထားပါ့မယ် ၊ ဒါပေမဲ့ အစ်ကိုလူသာ နတ်မိစ္ဆာအဓိပတိကြီးနဲ့ ရင်ဆိုင်မယ်ဆိုရင် အစ်ကိုလူလည်း အများကြီး ဆုံးရှုံးရလိမ့်မယ် ၊ ကျုပ် အဲဒီလိုမျိုး အဖြစ်မခံနိုင်ပါဘူး…"
လူစောယိက…
"ကျုပ်က ပြဿနာမရှိပါဘူး…"
ရဲ့လျိုယွင်က ပြုံးလိုက်ရင်း…
"အစ်ကိုလူက အရေးမစိုက်ဘူးဆိုတာသိပါတယ် ၊ ဒါပေမဲ့ အဲဒီလောက်အထိ လုပ်ဖို့ မလိုပါဘူး ၊ နတ်မိစ္ဆာအဓိပတိကြီးက အသူရာချောက်ကို လိုချင်မှတော့ သူ့ဆန္ဒကို ဖြည်းဆည်းပေးလိုက်ရုံပေါ့…"
လူစောယိသည် အလွန်သတိရှိသူတစ်ယောက် ဖြစ်လေသည်။
ရဲ့လျိုယွင်၏ စကားအသွားအလာကိုကြည့်ပြီး အခြေအနေတစ်ခုကို သဘောပေါက်သွားလေသည်။ ရဲ့လျိုယွင်က အသူရာချောက်ကို လွယ်လွယ်ကူကူနှင့် စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်ရခြင်းမှာ သူ့တွင် အခြားသော အကြံအစည်တစ်ခု ရှိသောကြောင့် ဖြစ်ပေလိမ့်မည်။
လူစောယိက သက်ပြင်းတစ်ချက်ချလိုက်ပြီး…
"အသူရာချောက်က နောက်ဆုံးတော့ နတ်မိစ္ဆာအဓိပတိကြီးလက်ထဲ ရောက်ရတော့မှာပေါ့…"
ရဲ့လျိုယွင် တိတ်ဆိတ်ငြိမ်သက်နေလေသည်။
လူစောယိက အသူရာချောက်တွင် ဘဝကူးပြောင်းရန်စောင့်ဆိုင်းနေကြသည့် တစ္ဆေများ ၊ ဝိညာဉ်များအတွက် စိတ်ပူပန်နေသည်ကို ရဲ့လျိုယွင် ရိပ်မိလေသည်။
သို့သော်… ရဲ့လျိုယွင်၏စိတ်ထဲတွင်တော့ လူစောယိကဲ့သို့ လူတစ်ဖက်သားအတွက် စဉ်းစားပေးတတ်သည့် စိတ်ထားများ ပျောက်ကွယ်သွားသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် လူစောယိ၏ လူသားဆန်သည့် စိတ်ထားကို သူအလွန်လေးစားခဲ့ခြင်း ဖြစ်သည်။
ယနေ့ခေတ်တွင် နတ်ဘုရားများ ၊ ဗောဓိသကျများသည်ပင်လျှင် ထိုသို့ လူတစ်ဖက်သားအတွက် စဉ်းစားပေးတတ်သည့် လူသားဆန်သည့်စိတ်ထားမျိုး မရှိကြတော့ပေ။
ထိုသို့ဖြင့်…
တစ်နေ့တွင်တော့ အသူရာချောက်မှ တစ္ဆေများ ၊ ဝိညာဉ်များ ပျောက်ကွယ်သွားခဲ့ကြလေသည်။ ထို့အတူ စန်းလော်ခန်းမဆောင်သည်လည်း ပျောက်ကွယ်သွားခဲ့လေသည်။
လူ့လောကတစ်နေရာတွင်တော့ စီးဆင်းနေသည့် ဝိညာဉ်မြစ် ပြန်ပေါ်လာပြီး ထိုနေရာတွင် တစ္ဆေတိုင်းပြည်တစ်ခု ဖြစ်တည်လာခဲ့လေသည်။
တစ္ဆေတိုင်းပြည်နှင့် သာမန်လူများနေထိုင်သည့်လောကအကြားတွင် တံတိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ထိုတံတိုင်းထက်တွင် "ဟွမ်ချွမ်နတ်ဆိုးဂိုဏ်း" ဟု ရေးသားထားသည်ကို တွေ့မြင်ကြရမည် ဖြစ်သည်။
………
ယင်းစန်းတောင်သည် အလွန်မြင့်မားသည့်တောင်တစ်တောင်ဖြစ်လေသည်။
ထိုတောင်ထက်တွင် ပျက်စီးနေပြီဖြစ်သည့်ကျောင်းတော်ကြီးတစ်ခုရှိလေသည်။ ထိုကျောင်းပျက်ကြီးပရဝုဏ်အတွင်းတွင် ရှားလော့သစ်ပင်ညီနောင်ရှိနေပြီး သစ်ရွက်များက လေတိုက်တိုင်း လွင့်ကြွေလျှက်ရှိသည်။
ဆန်းလျန်နှင့်ကျောက်ရှောင်ယွီတို့က ထိုနေရာတွင် (၂)ရက်ခန့် နေထိုင်ခဲ့လေသည်။
ကျောက်ရှောင်ယွီက…
"ရှားလော့သစ်ပင်ညီနောင်ကို တာအိုဆရာသခင်ထိုက်ယီလည်း ဖန်ဆင်းခဲ့ဖူးတယ်လို့ ပြောတယ်မဟုတ်လား ၊ ပြီးတော့ တာအိုဆရာသခင်ထိုက်ယီကလည်း အသူရာချောက်နဲ့ ပတ်သက်မှုရှိခဲ့ဖူးတယ် ၊ ဒီတော့ ရှားလော့သစ်ပင်ညီနောင်က ထိုက်ယီနတ်ဓားနဲ့ တစ်ခုခုပတ်သက်နိုင်တယ်လို့ ရှင် မထင်ဘူးလား …"
ဆန်းလျန်က…
"တာအိုဆရာသခင်ထိုက်ယီ ဘာတွေလုပ်ခဲ့လဲဆိုတာ ကျုပ်တို့ရဲ့ လက်ရှိအဆင့်နဲ့ဆိုရင် ဘယ်သိနိုင်မှာလဲ…"
ကျောက်ရှောင်ယွီက မကျ်မှောင်တစ်ချက်ကြုတ်လိုက်ရင်း…
"ဒါဖြင့် ထိုက်ယီနတ်ဓားက ဘယ်မှာလဲဆိုတာ ရှင်သိလို့လား…"
ဆန်းလျန်က….
"ထိုက်ယီနတ်ဓားဘယ်မှာရှိလဲဆိုတာ သိစရာမလိုတော့ပါဘူး ၊ ဒီ ရှားလော့သစ်ပင်ညီနောင်ကို တွေ့ရတာနဲ့တင် လုံလောက်နေပါပြီ ၊ အဲဒီ သစ်ပင်ညီနောင်က ဘာထူးခြားချက်ရှိလဲဆိုတာ မင်း အနီးကပ် သေချာလေ့လာကြည့်ပါလား…"
***