← Chapters

တိမ်ဖြူတွေဖုံးလွှမ်းနေတဲ့ တောင်တွေဆီက

Vol. 9 Ch. 846

တိမ်ဖြူတွေဖုံးလွှမ်းနေတဲ့ တောင်တွေဆီက

Vol. 9 Ch. 846

ကျောက်ရှောင်ယွီက ဆန်းလျန်ပြောသည့်အတိုင်း ရှားလော့သစ်ပင်ညီနောင်ကို သေသေချာချာ ကြည့်လိုက်လေသည်။

"သစ်ရွက်တွေအကုန်ကြွေကျတော့မယ် ၊ ဒီသစ်ပင်နှစ်ပင်ကလည်း အနီရောင်ပင့်ကူငရဲပန်းတွေလိုပဲလား ၊ ပန်းပွင့်ဖို့အတွက် သစ်ရွက်တွေအကုန် ကြွေကျကုန်တာလား…"

ကျောက်ရှောင်ယွီသည် မိန်းကလေးတစ်ယောက်ဖြစ်လေသည်။

မိန်းကလေးတို့၏ သဘာ၀ ပန်းများကို နှစ်သက်မြတ်နိုးလေ၏။ ထို့ကြောင့် ထိုက်ယီနတ်ဓားကို မတွေ့လျှင်လည်း ရှားလော့သစ်ပင်ညီနောင်မှ ပန်းများပွင့်သည်ကိုကြည့်ခွင့်ရလျှင် အသူရာချောက်သို့ လာရသည်မှာ တန်သည်ဟု သူမက တွေးလိုက်မိသည်။

ဆန်းလျန်က ခေါင်းညိတ်လိုက်ရင်း…

"အင်း… ပန်းပွင့်တော့မလို့ နေမှာပေါ့…"

ဆန်းလျန်နှင့် ကျောက်ရှောင်ယွီတို့ သစ်ပင်ညီနောင်အောက်တွင် (၁၀)ရက်ခန့် နေထိုင်ရင်း သစ်ရွက်များ အကုန်ကြွေကျသည်အထိ စောင့်နေခဲ့ကြလေသည်။

ထိုရက်ပိုင်းမှာပင်…

နတ်မိစ္ဆာအဓိပတိကြီးက အသူရာချောက်ကို သိမ်းပိုက်လိုက်လေသည်။

သွေးနီရောင်ပင်လယ်ဒေသမှလွဲပြီး အသူရာချောက်၏ ဒေသအသီးသီးကို သူ၏ အာဏာစက်ကွင်းဖြန့်ကျက်ခဲ့သည်။ သွေးနီရောင်ပင်လယ်သည်လည်း အနှေးနှင့်အမြန် နတ်မိစ္ဆာအဓိပတိကြီး၏ လက်အောက်သို့ ရောက်ရှိရတော့မည်မှာ အသေအချာပင် ဖြစ်လေသည်။

သို့သော်… သွေးနီရောင်ပင်လယ်ကို မသိမ်းပိုက်နိုင်မီ နတ်မိစ္ဆာအဓိပတိကြီးက အသူရာချောက်မှ ပုန်ကန်သူအချို့ကို နှိမ်နင်းရဦးမည်ဖြစ်သည်။ ထို့ပြင်… ဘုံအသီးသီးမှ သတ္တဝါများ လူပြန်ဝင်စားသည့်ကိစ္စကိုလည်း အဆင်ပြေအောင် ပြုလုပ်ပေးရဦးမည်ဖြစ်လေသည်။

လူပြန်ဝင်စားခြင်းဆိုသည်မှာ အလွန်အရေးကြီးသည့်ကိစ္စတစ်ခုဖြစ်သည့်အတွက် အစပိုင်းမှာပင် သတိထားလုပ်ဆောင်မှသာ အဆုံးသတ်တွင် အဆင်ပြေမည်ဖြစ်သည်ကို နတ်မိစ္ဆာအဓိပတိကြီး ကောင်းကောင်းသိရှိထားသည်။

ထို့နောက်… ရှေးယခင်က အသူရာချောက်၏ ထုံးတမ်းအဆင်အလာအတိုင်း ကျင့်စူးက ယမမင်း (၁၀)ပါးကို စတင် ခန့်အပ်လိုက်သည်။ သူခန့်အပ်လိုက်သည့် ယမမင်းများမှာ ခွန်ဖိန်အနွယ်တော်များထဲမှ ထူးချွန်ထက်မြက်သူ (၁၀)ယောက် ဖြစ်လေ၏။

ထိုခွန်ဖိန်အနွယ်တော် (၁၀)ယောက်၏ တန်ခိုးစွမ်းအားများသည် ရှေးယခင်အချိန် မိုးနတ်မင်းခေတ်က ယမမင်း (၁၀)ပါးထက် လျော့နည်းခြင်း မရှိပေ။

ဆန်းလျန်ကတော့ ထိုအဖြစ်အပျက်များအားလုံးကို အရေးမစိုက်ပေ။ ယင်းစန်းတောင်သည် အလွန်ကျယ်ပြန့်နက်ရှိုင်းသည့် နေရာတစ်ခုဖြစ်သည့်အတွက် ဆန်းလျန်နှင့် ကျောက်ရှောင်ယွီ ရှိနေသည်ကို နတ်မိစ္ဆာအဓိပတိကြီးကလည်း သတိပြုမိခြင်း မရှိပေ။

(၁၀)ရက်မြောက်သည့်နေ့တွင်တော့…

ရှားလော့သစ်ပင်ညီနောင်မှ သစ်ရွက်များအားလုံး ကြွေကျသွားခဲ့ပြီ ဖြစ်လေသည်။

ထိုအခါ လှပသည့် ပန်းများ စတင်ပွင့်လန်းလာလေတော့သည်။ ပန်းပွင့်များသည် အနီဖျော့ဖျာ့အရောင်ရှိပြီး မက်မွန်ပွင့်များနှင့်ဆင်တူလေသည်။ သို့သော်… မက်မွန်ပန်းထက် အနည်းငယ် အရောင်ပိုရင့်လေ၏။

ကျောက်ရှောင်ယွီမှာပင်လုံးကျွတ်ပွင့်လန်းနေသည့်ပန်းပွင့်များကိုကြည့်ရင်း အပျော်ကြီးပျော်လျှက် ရှိလေတော့သည်။

သူမက ရွှန်းစိုသည့်မျက်ဝန်းလေးများဖြင့် ဆန်းလျန်ကို လှည့်ကြည့်လိုက်ပြီး…

"ဘုန်းတော်ကြီးရာမက တကယ်ဉာဏ်ကောင်းတာပဲ ၊ ခုလိုပန်းတွေပွင့်တဲ့အချိန် သူ မရှိတော့တာ တကယ်စိတ်မကောင်းစရာပဲနော်…"

ဆန်းလျန်က…

"အရာအားလုံးက အနိစ္စပဲလို့ နားလည်ထားရင် ဘာမှ စိတ်မကောင်းစရာ မရှိတာ့ပါဘူး…"

ကျောက်ရှောင်ယွီက ဆန်းလျန်ကို မကျေမနပ်ဖြင့် မျက်စောင်းတစ်ချက်ထိုးလိုက်ရင်း…

"ရှင်က ဒီလိုအချိန်ကြီး ကျွန်မကို တရားလာဟောနေတာလား…"

ဆန်းလျန်က သူမကို ပြုံးရုံသာပြုံးပြလိုက်ပြီး စကားဆက်မပြောတော့ပေ။

ဆန်းလျန်က စကားမပြောတော့သည့်တိုင် ကျောက်ရှောင်ယွီက စကားပြောချင်နေဆဲ ဖြစ်လေသည်။

သူမသည် ကျင့်ကြံခြင်းအကြောင်းအရာများ ၊ လျှို့ဝှက်ဆန်းကျယ်သည့်အကြောင်းအရာများအားလုံးကို မေ့ပျောက်ကာ လှပသည့်ပန်းများပွင့်လန်းနေသည့် သစ်ပင်ညီနောင်အောက်တွင် ဆန်းလျန်နှင့်အတူ ရှိနေရသည်ကို ပျော်ရွှင်နေမိလေသည်။

ကျောက်ရှောင်ယွီက…

"ဒီပန်းလေးတွေပွင့်လာတာတော့ ကျေးဇူးတင်သင့်တယ်မလား…"

သစ်ရွက်များ ကြွေကျသွားစဉ်ကတော့ သူမ စိတ်မကောင်းမဖြစ်ခဲ့ပေ။ သို့သော်… သစ်ရွက်တွေအကုန်ကြွေမှ ပွင့်လာကြသည့်ပန်းများကိုတော့ ကျေးဇူးတင်မည်တဲ့လေ…။

တကယ်တမ်းဆို သစ်ရွက်ကြွေတွေကိုလည်း ကျေးဇူးတင်သင့်သည်ပဲ မဟုတ်လားဟု ဆန်းလျန် တွေးလိုက်မိသည်။

ဆန်းလျန်က…

"အင်း… တစ်ချိန်ကျရင်တော့ ဒီပန်းလေးတွေကို ကျေးဇူးတင်ရမှာပေါ့…"

ကျောက်ရှောင်ယွီက…

"ဘယ်အချိန်လဲ…"

ဆန်းလျန်က…

"သွေးနီရောင်ပင်လယ် ဒီရေတွေတက်လာတဲ့အချိန်မှာပေါ့…"

သွေးနီရောင်ပင်လယ်ဒီရေ မည်သည့်အချိန်တွင်တက်မည်လဲဟု ကျောက်ရှောင်ယွီ တွေးလိုက်မိသည်။

ယနေ့ညတွင် ပင်လယ်ဒီရေတက်လာမည်ဟု သူမ ထင်လိုက်မိလေသည်။

အသူရာချောက်သည် မှောင်မှိုင်းနေသည့်နေရာတစ်ခုဖြစ်သည့်အတွက် နေ့နှင့်ည ခွဲခြားရန် ခက်ခဲလှသည်။ သို့သော်… အသူရာချောက်တွင် သွေးနီရောင်လွှမ်းသည့် လတစ်စင်းရှိလေသည်။ ထို့ကြောင့် လထွက်လာလျှင် ညအချိန်ရောက်ပြီဟု သိရှိနိုင်သည်။

ထိုသွေးနီရောင်လမင်းသည် ထိုက်ယင်းစွမ်းအားများကြောင့် တည်ရှိနေသည့် လတစ်စင်းဖြစ်လေသည်။ ထို့ပြင် ထိုလမင်းသည် ထိုက်ယင်းနတ်ဘုရားကျင့်စဉ်များနှင့် ဆက်စပ်ပတ်သက်နေလေသည်။

ယနေ့ညတော့…

သွေးနီရောင်လပြည့်ဝန်းသည် ဝိုင်းစက်လှပလျှက်ရှိလေသည်။ ထိုက်ယင်းတန်းခိုးစွမ်းအားများသည် အသူရာချောက်မှ အမျက်ဒေါသထွက်နေသည့် ဝိညာဉ်များ ၊ တစ္ဆေများ၏ စွမ်းအားများနှင့် ပေါင်းစပ်သွားသည့်အခါ သွေးနီရောင်ပင်လယ်ရေသည် မြင့်တက်လာလေသည်။

ဟုန်းဟုန်းထနေသည့် သွေးနီရောင်ပင်လယ်ရေထဲတွင် အသူရာများ ပျော်ရွှင်စွာ အော်ဟစ်နေသည့်အသံကို ကြားနေရသည်။

လပြည့်ညသည် အသူရာမျိုးနွယ်များ၏ အားလပ်ရက် အနားယူရာနေ့ ဖြစ်လေသည်။

သွေးနီရောင်ပင်လယ် ဒီရေ တဖြည်းဖြည်းမြင့်တက်လာပြီး ယင်းစန်းတောင်ထိတိုင် ရောက်ရှိလာလေသည်။

ထိုအခါ တောင်တစ်ခွင်တွင် သွေးနီရောင်ပင်လယ်ရေများဖြင့် ဖုံးလွှမ်းသွားလေတော့သည်။ ယင်းစန်းတောင်သည် သာမန်ကျောက်တုံးတစ်တုံးအဖြစ်မှ သွေးကျောက်စိမ်းတစ်ခုအလား ပြောင်းလဲသွားသည်ကို မြင်ကွင်းကိုကြည့်နေသူများ တွေ့မြင်ကြရမည် ဖြစ်သည်။

ထိုအချိန်မှာပင်… မက်မွန်ပန်းနှင့်ဆင်တူသည့် ရှားလော့သစ်ပင်ညီနောင်မှပန်းများ စတင်ကြွေကျလေတော့သည်။

ပန်းပွင့်များကြွေကျသည့်မြင်ကွင်းကိုကြည့်ပြီး ကျောက်ရှောင်ယွီ သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ပန်းပွင့်များအတွက်သာမဟုတ် ၊ သူမအတွက်လည်း သက်ပြင်းချလိုက်မိခြင်းဖြစ်သည်။

ပန်းများသည် ပွင့်လန်းပြီးလျှင် ကြွေကျရမည်မှာ ဓမ္မတာပင်…။

လူသားများသည်လည်း ထိုအတိုင်းပင်ဖြစ်လေ၏။

ကံကြမ္မာကြောင့် ဖြစ်တည်လာကြရပြီး ကံကြမ္မာကြောင့်ပင် ပျက်စီးကြရသည်။

ယခု… သူမ အသက်ရှင်နေသေးသည်။ ထို့အတူ ဆန်းလျန်လည်း အသက်ရှင်နေသေးသည်။ သို့သော်… တစ်နေ့နေ့တစ်ချိန်ချိန်တွင်တော့ သူမရော ဆန်းလျန်ပါ သေဆုံးကြွေလွင့်ရမည့်တစ်ချိန်သို့ ရောက်ရှိလာပေဦးမည်။

သူတို့၏ ဘဝများသည်လည်း တစ်ခဏတာပွင့်လန်းပြီး ပြန်လည်ကြွေလွင့်ကြရလေသည့် ပန်းပွင့်များပမာပင် ဖြစ်တော့သည်။

ထိုတစ်နေ့သည် သူမဘဝတွင် မလိုချင်ဆုံးသော နေ့တစ်နေ့ ဖြစ်လေသည်။

ဆန်းလျန်က…

"ပန်းပွင့်လေးတွေကို ကြည့်လိုက်ပါဦး…"

ပန်းပွင့်လေးများသည် ရှားလော့သစ်ပင်ညီနောင်မှ ကြွေလွင့်သွားကြသည့်တိုင် အလွန်လှပနေဆဲ ဖြစ်လေသည်။

ပင်ယံထက်တွင်ရှိစဉ်ကထက်ပင် ပိုပြီး သန့်စင်တောက်ပနေလေသည်။

ထူးခြားသည့်အချက်မှာ ပန်းပွင့်လေးများသည် ကောင်းကင်မှ ကြယ်စင်များအလား အချင်းချင်း ချိတ်ဆက်နေကြခြင်း ဖြစ်လေသည်။ ပန်းပွင့်လေးများသည် ရှင်းပြရန်ခက်ခဲသည့် လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေလေ၏။

ပန်းပွင့်လေးများကိုကြည့်နေရင်း ကျောက်ရှောင်ယွီ ရုတ်တရက် အံ့အားသင့်သွားရလေသည်။

အဘယ်ကြောင့်ဆိုသော်… ပန်းပွင့်များအလယ်တွင် ဓားသိုင်းလေ့ကျင့်နေသည့် လူ (၂)ယောက်ကို တွေ့မြင်လိုက်ရသောကြောင့် ဖြစ်လေသည်။

တစ်ယောက်မှာ တာအိုဆရာတစ်ယောက်ဖြစ်ပြီး နောက်တစ်ယောက်မှာ မိန်းမပျိုတစ်ယောက် ဖြစ်လေသည်။ သူတို့ (၂)ယောက်၏ မျက်နှာများကို တွေ့မြင်ရခြင်း မရှိပေ။

သူတို့ (၂)ယောက် ကစားနေသည့် ဓားသိုုင်းတွင် ယင် နှင့် ယန် သာမက ရက်စက်ခြင်းနှင့်ချစ်ခင်ကြင်နာခြင်းကိုလည်း တွေ့ရလေသည်။

ထို ဓားသိုင်းလေ့ကျင့်နေသည့် တာအိုဆရာနှင့် မိန်းမပျို၏ကြားမှ ခံစားချက်သည် သူမနှင့်ဆန်းလျန်ကြားတွင် ထားရှိသည့် မေတ္တတရားကဲ့သို့ပင် ဖြစ်လေသည်။

သို့သော်… အလုံးစုံတူညီသည်တော့မဟုတ်ဘဲ အနည်းငယ် ကွဲပြားလေသည်။

မြင်ကွင်းကိုကြည့်နေရင်း ကျောက်ရှောင်ယွီ အံ့သြနေခြင်းမျိုး မရှိတော့ပေ။ သူမ၏ ဝိညာဉ်သည် ပြန်လည်တည်ငြိမ်လာလေသည်။ ပွင့်ကြွေများသည် သူမ၏ နှလုံးအိမ်ရှိရာသို့ စီးဆင်းဝင်ရောက်လာသည့်အလား ခံစားလိုက်ရလေသည်။

ထိုသို့ဖြင့် အချိန် (၁)လတိတိကြာမြင့်ခဲ့လေသည်။

(၄)လပိုင်းရောက်သည့်အခါတွင်တော့ ဆန်းလျန်နှင့် ကျောက်ရှောင်ယွီ (၂)ယောက်စလုံး ထူးဆန်းသည့် တရားအလင်းများကို သိမြင်ခဲ့ကြလေသည်။ ထိုတရားအလင်းသည် သူတို့၏ စိတ်နှလုံးထဲတွင် ထာဝရစွဲထင်သွားကြသည်။

ကျောက်ရှောင်ယွီက ငရဲလမ်းဓားကို ဆွဲထုတ်လိုက်လေသည်။ ငရဲလမ်းဓားသည် သွေးနီရောင်တောက်ပလျှက်ရှိလေသည်။

ကျောက်ရှောင်ယွီက…

"ကောင်းကင်က ကြည်လင်နေတယ်…"

ဓားရောင်သည် ကောင်းကင်အောက်တွင် လင်းလက်လျှက်ရှိလေသည်။

ဆန်းလျန်က တည်ကြည်စွာရပ်နေရင်းဖြင့်…

"လောကက ငြိမ်းချမ်းနေတယ်…"

ဟု ပြောလိုက်သည်။

ထိုအခါ…

ယွမ်တုဓားသည် ဆန်းလျန် ဆွဲထုတ်စရာပင်မလိုဘဲ ဓားအိမ်ထဲမှ အလိုလိုထွက်လာလေသည်။ ဓားဝိညာဉ်သည် အဆုံးမရှိ လင်းလက်တောက်ပလျှက်ရှိသည်။

ယွမ်တုဓားနှင့် ငရဲလမ်းဓားပေါင်းစည်းသွားပြီး ကောင်းကင်က ပိုမိုကြည်လင်လာကာ မြေပြင်က တုန်လှုပ်လာလေသည်။ ယင်နှင့်ယန် ပေါင်းစပ်သွားပြီး အဆုံးမရှိသည့် တာအိုစီးဆင်းမှုတစ်ခု ဖြစ်ပေါ်လာလေသည်။

ထိုရှည်လျားသည့်တာအိုစီးဆင်းမှုထဲတွင် လောကဓမ္မများ ပါဝင်လေသည်။ ဗုဒ္ဓဘာသာကို ကျင့်ကြံသူဖြစ်စေ ၊ တာအိုဝါဒကို ကျင့်ကြံသူဖြစ်စေ ၊ နတ်မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံသူဖြစ်စေ ကိုယ့်ကိုယ်ကိုယ်ပြန်မြင်နိုင်လေသည်။

ဆန်းလျန်နှင့် ကျောက်ရှောင်ယွီသည် ဓားသိုင်းလေ့ကျင့်ပြီးသည့်အခါတွင်တော့ မရဏဓားများကို ပြန်သိမ်းလိုက်ကြလေသည်။

သူတို့ လေ့ကျင့်ခဲ့ကြသည့်ဓားသိုင်းသည် ထိုင်ယီဓားသိုင်း ဖြစ်လေသည်။

သစ်ပင်ညီနောင်တွင် ပန်းများကြွေသည့်ညက တာအိုဆရာနှင့် မိန်းမပျို လေ့ကျင့်နေသည့် ပုံရိပ်များပေါ်လာခြင်းသည် ထိုက်ယီဓားသိုင်းပင်ဖြစ်လေသည်။

တကယ်တမ်းတော့ ထိုက်ယီနတ်ဓားဆိုသည်မှာလည်း ရှာဖွေနေစရာ မလိုပေ။

ဆန်းလျန်နှင့် ကျောက်ရှောင်ယွီ ထိုက်ယီဓားသိုုင်းကို လေ့ကျင့်ပြီးသွားသည်နှင့် ယွမ်တုဓားနှင့် ငရဲလမ်းဓားမှာ ထိုက်ယီနတ်ဓားများအဖြစ် ပြောင်းလဲသွားကြလေသည်။

ကျောက်ရှောင်ယွီက…

"ဒီထိုက်ယီဓားသိုင်းက တကယ့် ဂန္ထဝင်ဓားသိုင်းတစ်ခုပဲ ၊ လောကဓမ္မတွေအားလုံးကို ဖယ်ရှားပစ်နိုင်စွမ်းရှိတယ် ၊ ရှင့်ရဲ့ အာလာယဝိညာဏတန်ခိုးစွမ်းအားကပဲ ဒီဓားကို ကောင်းကောင်းထိန်းချုပ်နိုင်လိမ့်မယ်…"

ဆန်းလျန်က ခေါင်းညိတ်လိုက်ရင်း…

"ထိုက်ယီနတ်ဓားကိုရရင် ရွှမ်တုတောက်ကျွင်းကို အနိုင်ယူနိုင်လိမ့်မယ်လို့ တာအိုဆရာလီချင်းဆွေပြောခဲ့တာ တကယ်မှန်တာပဲ…"

ကျောက်ရှောင်ယွီက…

"ဒါဖြင့် ကျွန်မတို့ အတူတူလေ့ကျင့်ခဲ့တာ မှားပြီလား မသိဘူး… ၊ ကျွန်မက ရှင့်လောက် နားလည်နိုင်စွမ်း မရှိတော့ ရှင့်အတွက် အခက်တွေ့စေမှာပဲ…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ကျုပ်က တစ်ခါမှ အဲဒီလိုမတွေးခဲ့ပါဘူး ရှောင်ယွီရယ်…"

ကျောက်ရှောင်ယွီက…

"ဒါပေမဲ့ ကျွန်မက ရှင့်လောက်မှ မတော်တာ…"

ဆန်းလျန်က…

"ရှောင်ယွီ… ကျုပ်က မင်းထက် ဘာမှ သာတာမရှိပါဘူး ၊ ကျုပ်က ကံနည်းနည်းကောင်းလို့သာ သာနေတယ် ထင်ရတာပါ…"

ကျောက်ရှောင်ယွီက တစ်ချက်ပြုံးလိုက်ပြီး နူးညံ့သိမ်မွေ့သည့်လေသံလေးဖြင့်…

"ဒါဖြင့်.. ကျွန်မတို့ ချင်းရှတောင်ကို ပြန်ကြရအောင်…"

…………

(၄)လပိုင်းသည် မက်မွန်ပန်းများပွင့်သည့် ရာသီဖြစ်လေသည်။

အရင်တုန်းကတော့ ချင်းရှတောင်တွင် မက်မွန်ပန်းပင်များ မရှိပေ။

သို့သော်… ကူးဝေေ၀ရောက်လာပြီးသည့်နောက်ပိုင်း မက်မွန်ပန်းပင်များကို စိုက်ပျိုးခဲ့လေသည်။ တောင်ပေါ်တွင် ထင်းရှူးပင်များနှင့် ဝါးပင်များသာရှိသည့်အတွက် အနည်းငယ်ပျင်းစရာကောင်းသည်ဟု သူမက ယူဆကာ မက်မွန်ပန်းပင်များ စိုက်ပျိုးခဲ့ခြင်း ဖြစ်လေ၏။

ကူးဝေေ၀သည် မက်မွန်ပန်းပင်များကို စိုက်ပျိုးရုံသာမက လှပသည့်ရေကန်တစ်ကန်ကိုတူးဖော်ကာ ကြာပန်းများလည်း စိုက်ပျိုးထားသေးသည်။

ထို့ကြောင့် မက်မွန်ပင်များ ရာသီကုန်၍ မပွင့်လန်းတော့လျှင်လည်း ကြာပန်းများကတော့ ပွင့်လန်းနေဦးမည် ဖြစ်လေသည်။

(၄)လပိုုင်းရောက်ပြီဖြစ်သည့်အတွက် နွေရာသီရောက်ပြီဟု ဆိုနိုင်လေသည်။

ကျွယ်ရှင်းသည် မက်မွန်ပင်တစ်ပင်အောက်တွင် အိပ်ပျော်နေလေသည်။

သူသည် လောကတွင် အသက်ရှည်ကြာစွာ နေထိုင်ခဲ့ပြီးပြီဖြစ်သည့်အတွက် ကျင့်ကြံခြင်းသာမက ဘဝတွင် မည်သို့ မည်ပုံပျော်ရွှင်အောင်နေထိုင်ရမည်ကိုလည်း သင်ယူထားပြီးပြီ ဖြစ်လေသည်။

ဘဝကို ပျော်ရွှင်အောင် နေထိုင်နည်းကိုလည်း ဆန်းလျန်ထံမှ အတုခိုးသင်ယူထားခြင်း ဖြစ်လေသည်။

ထိုအချိန်မှာပင်…

လေပြေတစ်ချက်တိုက်ခတ်လာပြီး ခြေသံတစ်သံကို ကြားလိုက်ရလေသည်။

ခြေသံက ကျွယ်ရှင်းရှိရာသို့ လျှောက်လာသည့်ခြေသံဖြစ်ပြီး တိမ်ဆိုင်တိမ်လွှာများကဲ့သို့ နူးညံ့လေသည်။

သူက မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ တောင်ပေါ်တက်သည့်လမ်းလေးထက်တွင် မည်သူ့ကိုမှ မတွေ့မြင်ရပေ။ မက်မွန်ပန်းပင်များ အစီအရီဝန်းရံနေသည့် တောင်တက်လမ်းကိုသာ တွေ့ရလေသည်။

ကျွယ်ရှင်းက သူ၏တန်ခိုးစွမ်းအားများကို ဖြန့်ကျက်ကာ အာရုံခံလိုက်သည့်တိုင် မည်သူတစ်ဦးတစ်ယောက်ကိုမှ တွေ့ရှိရခြင်း မရှိပေ။

သို့သော်… ခြေသံကတော့ ကြားနေရဆဲ ဖြစ်လေသည်။

သို့သော်… ခြေသံက နီးလာသည်လည်းမဟုတ် ၊ ဝေးသွားသည်လည်းမဟုတ်။ တစ်နေရာတည်းမှ ထွက်ပေါ်နေခြင်း ဖြစ်လေသည်။

အချိန်ကြာလာသည့်အခါ ခြေသံကိုနားထောင်ရင်း ကျွယ်ရှင်း၏စိတ်များ ပျံ့လွင့်လာလေသည်။

ကျွယ်ရှင်း၏ဘဝတွင် ထိုသို့စိတ်ပျံ့လွင့်သည်မှာ ဖြစ်ခဲသည့်ကိစ္စတစ်ခု ဖြစ်လေသည်။ သူသည် မိုးကောင်းကင်နတ်မိစ္ဆာပညာကို ကျင့်ကြံခဲ့သူဖြစ်သည့်အတွက် သူကသာ အခြားသူများကို စိတ်ပျံ့လွင့်အောင်လုပ်နိုင်ပြီး သူက စိတ်ပျံ့လွင့်သွားသည်ဆိုသည်မှာ မရှိသလောက်ပင်ဖြစ်သည်။

နောက်ဆုံးတော့ ကျွယ်ရှင်းက မေးခွန်းထုတ်လိုက်သည်။

"မင်းဘယ်သူလဲ ၊ ကိုယ်ထင်ပြစမ်း…"

သူကပြောသာပြောလိုက်ရသည် ခြေသံပိုင်ရှင်က တကယ်တမ်းကိုယ်ထင်ပြမည်ဟု မထင်မိခဲ့ပေ။

သို့သော်… မမျှော်လင့်စွာပင် ခြေသံပိုင်ရှင်က ကိုယ်ထင်ပြလာလေသည်။

ကျွယ်ရှင်း၏ ရှေ့တွင် လူတစ်ယောက် ပေါ်လာလေသည်။

ထိုသူ၏ဦးခေါင်းထက်တွင် ခရမ်းရောင်နှင့်ရွှေရောင်ပေါင်းစပ်ထားသည့် ဦးရစ်သရဖူကို ဆင်မြန်းထားပြီး လရောင်ကဲ့သို့ ဆွတ်ဆွတ်ဖြူသည့် အဝတ်အစားများကို ဝတ်ဆင်ထားလေ၏။

ကြည့်လိုက်သည်နှင့် နတ်ဘုရားတစ်ပါးဖြစ်ကြောင်း သိရှိနိုင်လေသည်။

ကျွယ်ရှင်းက ခပ်တည်တည်မျက်နှာထားဖြင့်…

"မင်းက ဘယ်သူလဲ…"

ထိုသူက ပေါ့ပေါ့ပါးပါးဟန်ဖြင့် ပြုံးလိုက်ရင်း…

"ကျုပ်က ချင်းရွှီးပါ…"

ချင်းရွှီးဆိုသည်မှာ မည်သူဖြစ်သည်လဲ ကျွယ်ရှင်း ချက်ချင်းစဉ်းစားလိုက်သည်။

သို့သော်… ကျင့်ကြံသူလောကတွင် ချင်းရွှီးဆိုသည့်အမည် များစွာရှိလေရာ ထိုသူသည် မည်သူဖြစ်သည်ကို ခန့်မှန်း၍ မရနိုင်ခဲ့ပေ။

ကျွယ်ရှင်းက…

"မင်းက ဘယ်ကလာတာလဲ…"

ချင်းရွှီးက…

"တိမ်ဖြူတွေဖုံးလွှမ်းနေတဲ့ တောင်တွေဆီကလာတာ…"

ကျွယ်ရှင်းက…

"ဘာတွေပြောနေမှန်းလည်းမသိဘူး ၊ ကဲ… အမြန်ပြောစမ်း ၊ မင်း ချင်းရှတောင်ကို ဘာလာလုပ်တာလဲ ၊ ဒီတောင်ရဲ့ တောင်သခင်က ဘယ်သူလဲဆိုတာကိုရော သိသလား…"

ချင်းရွှီးကပြုံးလိုက်ရင်း…

"သိတာပေါ့ ၊ ချင်းရှတောင်ရဲ့တောင်သခင်က ဆန်းလျန်လေ…"

ကျွယ်ရှင်းက…

"အေး… သိတယ်ဆိုရင်လည်း ပြဿနာမရှာနဲ့…"

ချင်းရွှီးက…

"စိတ်မကောင်းစရာပဲ ၊ ကျုပ်က ပြဿနာရှာဖို့ ရောက်လာတာ…"

ချင်းရွှီး၏ စကားကြောင့် ကျွယ်ရှင်း၏စိတ်ထဲတွင် တုန်လှုပ်သွားလေသည်။

ထိုစဉ်မှာပင် ချင်းရွှီးက အင်္ကျီလက်တစ်ဖက်ကို အသာဝှေ့ရမ်းလိုက်လေရာ ကြီးမားသည့် အင်အားကြီးတစ်ခု ထွက်ပေါ်လာလေသည်။

ချက်ချင်းပင် မက်မွန်ပန်းများ ကြွေလွင့်ကုန်ပြီး တောင်ပေါ်မှ ကျောက်တုံး ကျောက်ဆောင်များ ပြိုကွဲ ပျက်စီးကုန်လေသည်။

ချင်းရှကျောင်ေးတာ် အဝင်တံခါးမကြီးပင် ပေါက်ကွဲပျက်စီးသွားရလေသည်။

ကျွယ်ရှင်းထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်လေသည်။

"မမလေးကူးဝေေ၀ အမြန်ပြေးတော့…"

ကူးဝေေ၀မှာ ချင်းရှကျောင်းတော်ထဲတွင် ကျင့်စဉ်ကျင့်ကြံနေလေရာ ကျွယ်ရှင်း၏ အော်သံကြားသည်နှင့် မတ်တတ်ထရပ်လိုက်လေသည်။

သို့သော်… သူမ မလှုပ်ရှားနိုင်ခင်မှာပင် ပြတင်းပေါက်အပြင်ဘက်မှ နတ်ဘုရားအလင်းတန်းများ လင်းထိန်သွားပြီး ကျောက်တုံးကျောက်ခဲများ ပေါက်ကွဲထွက်ကာ ချင်းရှတောင်တစ်ခုလုံး တုန်လှုပ်လျှက်ရှိသည်ကို တွေ့မြင်လိုက်ရလေသည်။

ကျွယ်ရှင်းက ကျောက်နံရံတစ်ခုတွင် ကပ်နေပြီး ရဲ့မော်ထျန်းကတော့ ချင်းရွှီးနှင့် တိုက်ခိုက်နေလေသည်။ ချင်းရွှီးက ရဲ့မော်ထျန်း လက်ဝါးချက် (၃)ချက်ဖြင့် ရိုက်ချလိုက်သည်။

လက်ဝါးချက်တိုင်းက တန်ခိုးစွမ်းအားနှင့် ပြည့်ဝနေပြီး ချင်းရှတောင်တစ်ခုလုံးကို တုန်လှုပ်သွားစေလေသည်။

ရဲ့မော်ထျန်းသည် နောက်သို့ ခြေလှမ်း (၃)လှမ်းခန့် ဆုတ်သွားလေသည်။ ထို့နောက် ကျောက်တိုင်တစ်ခုကို မှီနေရပြီး ပြန်လည်တိုက်ခိုက်နိုင်စွမ်းပင် မရှိတော့ပေ။

"နတ်ဆိုးကောင်… မင်းက ကျုပ်ရဲ့ လက်ဝါးရိုက်ချက် (၃)ချက်ကိုတောင် ခံနိုင်တာပဲ ၊ တော်တယ် တော်တယ်…"

***

All Chapters