← Chapters

ဧကရာဇ်ပေတံ

Vol. 9 Ch. 848

ဧကရာဇ်ပေတံ

Vol. 9 Ch. 848

"မင်းတို့အားလုံး သွားလို့ရပါပြီ…"

ဆန်းလျန်က နူးညံ့ပျော့ပျောင်းသည့်လေသံဖြင့် ကျင့်ကြံသူများကို ပြောလိုက်သည်။

ဆန်းလျန်၏ အသံက နားထောင်ကြသူအားလုံး၏ နှလုံးသားအတွင်းသို့ နွေးထွေးစွာ စီးဆင်းဝင်ရောက်သွားလေသည်။

ကျင့်ကြံသူများအားလုံး ထွက်ခွာသွားကြသည်နှင့် ဆန်းလျန်က ချင်းရှတောင်တစ်ခုလုံး ပျက်စီးနေသည့်မြင်ကွင်းကို ကြည့်လိုက်သည်။

ချင်းရှတောင်သည် ဆန်းလျန်နေထိုင်ပြီးသည့်နောက်ပိုင်း ဒဏ္ဍာရီထဲမှ နတ်ဘုရားတောင်များအလား မြင့်မြတ်သည့် တောင်တစ်တောင် ဖြစ်လာခဲ့လေသည်။ သို့သော်… ချင်းရွှီးကတော့ တောင်တစ်တောင်လုံးကို ရစရာမရှိအောင် ဖျက်စီးသွားခဲ့သည်။

ဆန်းလျန် ချင်းရွှီး၏တန်ခိုးစွမ်းအားများကို အတော်လေး လေးစားသွားမိသည်။

ချင်းရွှီး၏တန်ခိုးစွမ်းအားများသည် ကျန့်ယွမ်ကျီနတ်မင်းကြီးနီးနီး မြင့်မားနေပြီ ဖြစ်လေသည်။

ထို့ပြင် ယွမ်စီထျန်းကျွင်း၏ တပည့်တစ်ယောက်ဖြစ်သည့် ကွမ်းချန်ကျီထက်ပင် များစွာသာလွန်နေလေသည်။ ချင်းရွှီးအနေဖြင့် ထိုမျှ တန်ခိုးစွမ်းအားများ မြင့်မားနေသည်မှာ ရိုးမှ ရိုးရဲ့လားဟု ဆန်းလျန် တွေးလိုက်မိသည်။

သို့သော်… ဘေးအန္တရယ်ဆိုးကြီးကျရောက်မည့်အချိန် နီးကပ်လာပြီဖြစ်လေရာ မည်သို့သောလူများ ထွက်ပေါ်လာပါစေ အံ့သြစရာတော့ မဟုတ်ပေ။

ကျောက်ရှောင်ယွီက မြေပြင်ထက်တွင် စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်သည်။

စက်ဝိုင်းထဲတွင် မှန်သားပြင်အလားကြည်လင်သည့်ရေကန်တစ်ခုပေါ်လာပြီး ရေကန်ထဲတွင် မြင်ကွင်းတစ်ခု ပေါ်လာလေသည်။

မက်မွန်ပန်းများ ပွင့်လန်းနေသည့် တောင်တက်လမ်းအလယ်တွင် တာအိုဆရာတစ်ယောက် ကျက်သရေရှိလှသည့်ခြေလှမ်းများဖြင့် တောင်ပေါ်သို့  လှမ်းတက်လာသည့် မြင်ကွင်းပင် ဖြစ်လေ၏။

ထိုမြင်ကွင်းမှာ ချင်းရွှီး ချင်းရှတောင်ပေါ်သို့တက်လာသည့်အချိန်က မြင်ကွင်းဖြစ်သည်။

ထို့နောက် တောင်ပေါ်တွင်ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များက မြင်ကွင်းထဲတွင် တစ်ခုပြီးတစ်ခု ပေါ်လာလေသည်။

ဆန်းလျန်က ချင်းရွှီးနှင့် ရဲ့မော်ထျန်းတိုက်ခိုက်နေကြသည့် မြင်ကွင်းကို ကြည့်နေရင်း…

"သူ့ခေါင်းပေါ်က ပန်းပွင့် (၃)ပွင့်က တန်ခိုးစွမ်းအား (၅)မျိုးထွက်ပေါ်လာတာပဲ…"

ထို့နောက် မြင်ကွင်းကို ဆက်ကြည့်နေလေသည်။

ပန်းပွင့် (၃)ပွင့်က ရွှမ်ဟွမ်စေတီအဖြစ်ပြောင်းလဲသွားခြင်းနှင့် ကူးဝေေ၀ကိုတိုက်ခိုက်ရန် ချင်းရွှီးအသုံးပြုလိုက်သည့် (၃)ပေရှည်သည့် ပေတံတို့ကို ဆန်းလျန် တွေ့မြင်လိုက်ရသည်။

"အဲဒီ မှော်ဝင်လက်နက် (၂)ခုကို ရှောင်ယွီ သိသလား…"

ကျောက်ရှောင်ယွီက…

"သူ့ခေါင်းပေါ်မှာပေါ်လာတဲ့စေတီက ရွှမ်ဟွမ်စေတီပဲဖြစ်ရမယ် ၊ ရွှမ်ဟွမ်စေတီက ဘယ်လိုတန်ခိုးစွမ်းအားမျိုးနဲ့မဆို ပေါင်းစပ်အသုံးပြုလို့ရနိုင်တယ် ၊ အသုံးပြုသူရဲ့တန်ခိုးစွမ်းအားမြင့်မားလေ စေတီကလည်း တန်ခိုးစွမ်းအားနက်ရှိုင်းလေပဲ ၊ ပေတံကိုတော့ ကျွန်မ မသိဘူး ၊ ဒါပေမဲ့ ဒီပေတံကိုအသုံးပြုပြီး ချင်းရှတောင်တစ်ခုလုံးကို မွှေနှောက်သွားနိုင်ပုံထောက်ရင် နှယ်နှယ်ရရမှော်ဝင်ပစ္စည်းတော့ မဟုတ်နိုင်ဘူး…"

ဆန်းလျန်က…

"အဲဒီပေတံက ကွမ်းချန်ကျီရဲ့ ဖန်းထျန်းတံဆိပ်တော်နဲ့ တန်ခိုးစွမ်းအားတွေ ဆင်တူနေတယ်လို့ ကျုပ်ခံစားရတယ်…"

ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း…

"သူတို့ ယွမ်စီထျန်းကျွင်းလက်အောက်က ထိပ်တန်းအဆင့်နတ်ဘုရားတွေပဲလေ ၊ မှော်ဝင်ပစ္စည်းတွေဆိုတာလည်း သူတို့ဆီမှာ အများကြီးရှိမှာပေါ့…"

ဆန်းလျန်က တစ်ချက်ပြုံးလိုက်သည်။

ချင်းရွှီးက တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်ဖြစ်သည့်တိုင် သူရောက်မလာခင်မှာ အဘယ့်ကြောင့် ပြန်သွားရပါသနည်း။ ကြည့်ရသည်မှာ ချင်းရွှီးက သူ့ကိုတော့ ရင်မဆိုင်လိုဘဲ တမင်သက်သက် ချင်းရှတောင်ကို လာရောက်ဖျက်စီးခြင်းသာ ဖြစ်လေသည်။

လောကတွင် မည်သည့်ကျင့်ကြံသူမဆို မဆင်မခြင်မလုပ်တတ်ကြပေ။ ကိုယ့်အန္တရယ်ကိုတော့ကိုယ်လွတ်အောင် ရှောင်ကြလေသည်။

ခွန်ဖိန်နတ်မိစ္ဆာဘုရင်ကို သတ်ဖြတ်လိုက်သည့်လုပ်ရပ်ကဲ့သို့ မဆင်မခြင်လုပ်ရပ်မျိုးကို ပြုလုပ်သူမှာ ကျင့်ကြံသူလောကတွင် ရှားပါးလွန်းလှသည်။

မည်သူမဆို နတ်မိစ္ဆာအဓိပတိကြီးကို ကြောက်ရွံ့ကြသည်ပဲ ဖြစ်လေသည်။ သို့သော် အသူရာချောက်ကတော့ သူ့အကြောင်းနှင့်သူ ရှိပေလိမ့်မည်။

ထို့ပြင် ဆန်းလျန်၏ အမြင်ကိုပြောရလျှင် အသူရာချောက်၏ကိစ္စတွင် လျှို့ဝှက်ချက်များစွာ ရှိနေနိုင်သည်ဆိုသည့် အချက်ပင်ဖြစ်သည်။

သို့သော်… ဆန်းလျန်သည် အသူရာချောက်မှ ကိစ္စများကို သိပ်ပြီး စိတ်မဝင်စားပါချေ။ ယခု သူ အာရုံစိုက်ရမည်မှာ သုခဘုံမှ ဗောဓိပင်ကိုရှာရန် ဖြစ်လေသည်။

ကူးဝေေ၀ကို ကယ်တင်ခေါ်ဆောင်သွားသည့် ကြည်လင်သည့်အလင်းတန်းမှာ တာအိုဆရာလီချင်းဆွေ ဖြစ်နိုင်လေသည်။ သူ့အနေဖြင့် တာအိုဆရာလီချင်းဆွေအပေါ်တွင် ကျေးဇူးကြွေးများနေပြီဖြစ်သည်။ နောင်တစ်ချိန်တွင်တော့ ပြန်ဆပ်နိုင်အောင်ဆပ်မည်ဟုသာ ဆန်းလျန် ဆုံးဖြတ်လိုက်မိသည်။

လက်ရှိအချိန်တွင် ဆန်းလျန်က ကူးဝေေ၀ကို လီချင်းဆွေထံမှ ပြန်ခေါ်ရန် ဆန္ဒမရှိသေးပေ။ ထို့ပြင် ချင်းဆွေထျန်း ကောင်းကင်ဘုံတွင် နေထိုင်ရလျှင် ကူးဝေေ၀အတွက်လည်း အန္တရယ်ကင်းနိုင်သည်။

ကူးဝေေ၀ကို ဆန်းလျန် မည်မျှ သံယောဇဉ်ရှိသည်ကို ကျောက်ရှောင်ယွီက ရိပ်မိလေသည်။

ကျောက်ရှောင်ယွီက…

"ရှင် နားထောင်ဖို့ မလိုဘူးဆိုပေမယ့်လည်း ကျွန်မ ပြောစရာတစ်ခုရှိတယ် ၊ ရှင့်ရဲ့ဂိုဏ်းတူအစ်မ ချင်းဆွေထျန်းကောင်းကင်ဘုံကိုရောက်သွားတာ သူ့အတွက်တင်မဟုတ်ဘူး ရှင့်အတွက်လည်း ကောင်းတဲ့အချက်ပါ…"

ဆန်းလျန်က သူမကို စကားပြန်မပြောဘဲ ပြုံးပြီးလှမ်းကြည့်လိုက်လေသည်။

ကျောက်ရှောင်ယွီကလည်း ဆန်းလျန်ကို ပြန်ကြည့်လာသည်။

သူတို့ (၂)ယေက် တစ်ယောက်ကိုတစ်ယောက် အချိန်အတန်ကြာ စိုက်ကြည့်နေခဲ့ကြပြီးမှ နောက်ဆုံး ပြိုင်တူ ရယ်မောလိုက်ကြလေသည်။

ဆန်းလျန်က…

"မင်းကို လုံးဝလှည့်စားလို့မရဘူးပဲ…"

ကျောက်ရှောင်ယွီက သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"ကျွန်မကို လှည့်စားဖို့ဆိုတာ လောကမှာ အခက်ခဲဆုံးပဲ…"

ထို့နောက် ဆန်းလျန်က အင်္ကျီလက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်လေရာ ပျက်စီးနေသည့် ချင်းရှတောင်တစ်ခုလုံး အကောင်းပကတိအတိုင်း ပြန်ဖြစ်သွားလေသည်။ သို့သော်… ချင်းရှတောင်၏ အသက်ဓာတ်စွမ်းအားများကိုတော့ ယခင်ကကဲ့သို့ အသုံးပြု၍မရနိုင်တော့ကြောင်း ဆန်းလျန်သိလိုက်လေသည်။

ထို့ကြောင့် ချင်းရှတောင်တွင် သူနေထိုင်ခြင်းကို မည်သည့်နတ်ဘုရားကမှ သူ့ကို မနာလိုဖြစ်ကြတော့မည် မဟုတ်ပေ။

ထို့ပြင် သူက ကျောက်ရှောင်ယွီနှင့်အတူ ထိုက်ယီဓားသိုင်းကို ကျင့်ကြံအောင်မြင်ခဲ့ပြီး မရဏဓား (၂)လက်သည်လည်း ထိုက်ယီနတ်ဓားအဖြစ် အဆင့်တက်ခဲ့ပြီဖြစ်လေသည်။ ထို့ကြောင့် သူ့ကို ယခုအချိန်တွင် လာရောက်တိုက်ခိုက်ကြမည် ဆိုလျှင် တိုက်ခိုက်သူသာ နောင်တရသွားပေလိမ့်မည်။

ထို့နောက် ဆန်းလျန်က ချင်းရှတောင်ပေါ်တွင် ကျောက်ဂူ (၇၂)ခုကို ဖန်ဆင်းကာ သူ၏တာအိုတရားကို ကြားနာကြသည့် တာအိုကျင့်ကြံသူများ နေထိုင်ကြရန် စီစဉ်ပေးလိုက်လေသည်။

ကျောက်ဂူ (၇၂)ခုကို အသက်ဓာတ်စွမ်းအားအနည်းအများအလိုက် အဆင့်သတ်မှတ်ထားပြီး ထိုကျောက်ဂူများထဲတွင် ကျင့်ကြံမည်ဆိုလျှင် ထိုက်ယီထျန်းရှန်းအဆင့်ထိ ရောက်ရှိအောင် ကျင့်ကြံနိုင်မည် ဖြစ်လေသည်။

……….

ချင်းရွှီးသည် စကြာဝဠာထဲရှိ ထျန်းဟယ်မြစ်ကမ်းနံဘေးတွင် ခပ်ဖြည်းဖြည်းလမ်းလျှောက်နေလေသည်။

ထိုနေရာသည် စကြာဝဠာအတွင်းရှိကြယ်စင်မြစ်များပေါင်းစုံသည့် နေရာတစ်ခုဖြစ်ပြီး အသက်ဓာတ်စွမ်းအားများက အလွန်ပြင်းထန်လေသည်။

သို့သော်… ထိုအသက်ဓာတ်စွမ်းအားများက ချင်းရွှီးကိုတော့ သက်ရောက်မှုမရှိပေ။

သူက မြစ်ကမ်းတစ်လျှောက်လမ်းလျှောက်လာပြီး သူ၏ပုံစံမှာ ခေတ်အဆက်ဆက် အသက်ရှင်သန်ခဲ့သည့် ခမ်းနားသည့် သူတော်စင်တစ်ပါးနှင့်ပင် ဆင်တူလေသည်။

ထိုအချိန်မှာပင်…

သူ့ရှေ့မှ မြူခိုးများ တဖြည်းဖြည်း လွင့်ပြယ်သွားပြီး မြူခိုးများထဲမှ လူငယ်တစ်ယောက် ထွက်လာလေသည်။ ထိုလူငယ်၏ မျက်ခုံး (၂)ခုကြားတွင် တတိယမျက်လုံးကို တွေ့မြင်ရမည်ဖြစ်လေသည်။

လူငယ်က မြစ်ရေစီးသံကိုပင် ဖုံးလွှမ်းသွားစေလောက်သည့် ကျယ်လောင်သည့် အသံဖြင့်…

"ဆရာဦးလေး ၊ မြစ်ကို ဖြတ်ကျော်ခဲ့ပြီးမှတော့ ဘာလို့ ခွန်လွန်တောင်ကို ပြန်မလာရတာလဲ…"

ချင်းရွှီးက ခြေလှမ်းများကို ရပ်တန့်လိုက်သည်။သူနှင့်လူငယ်အကြားတွင် (၃၃)ပေခန့် ကွာဝေးလေသည်။

ချင်းရွှီးက….

"ယန်ကျန်း… ၊ ကျုပ် ပြန်မလာတော့ပါဘူးကွာ… ၊ ဒါနဲ့ မင်းရဲ့ဆရာရော ခုတလော ဘာတွေလုပ်နေသလဲ…"

ထိုလူငယ်သည်ကား ချင်းယွမ်မြောင်တောက်အရှင်ပင် ဖြစ်လေသည်။ ကျောက်စိမ်းဝိညာဉ်နန်းတော်သို့ သူပြန်ရောက်နေသည်မှာ ကြာခဲ့ပြီ။

ယန်ကျန်းသည် သုံးလောကကိုသိမြင်နိုင်သည့် တန်ခိုးစွမ်းအား အလွန်မြင့်မားသူတစ်ယောက် ဖြစ်လေ၏။ မိုးနတ်မင်း၏ တူတော်စပ်သူဖြစ်သည့်အတွက်လည်း မျိုးရိုးမြင့်မြတ်သည်ဟု ဆိုနိုင်လေသည်။

ယန်ကျန်းက…

"ကျွန်တော်တို့အားလုံး ကျောက်စိမ်းဝိညာဉ်နန်းတော်မှာပဲနေကြတယ် ၊ ဆရာကလည်း ဆရာဦးလေးကို အပြစ်မတင်ပါဘူး…"

ချင်းရွှီးက ပေါ့ပေါ့ပါးပါးလေသံဖြင့်ပင်…

"ဒါဖြင့် မင်းပြန်သွားပြီး ယွိတင်ကို ပြောပေးပါ ၊ အခုရောက်လာတဲ့သူက ချင်းရွှီးဆိုတဲ့သူပဲ ၊ ချင်းရွှီးထျန်းကျွင်း မဟုတ်ဘူးလို့ ၊ ပြီးတော့… ကျုပ် သူ့ကိုယ်စား ချင်းရှတောင်ကို ဖျက်စီးပေးခဲ့တယ် ၊ အရင်တုန်းက ယွမ်စီထျန်းကျွင်းအပေါ် ကျေးဇူးကြွေးတင်နေတာရှိခဲ့ရင် အခုကျေပြီလို့ ပြောလိုက်…"

ယန်ကျန်းက…

"ဆရာဦးလေး… ဧကရာဇ်ပေတံကိုလည်း ကျွန်တော့်ကို ပြန်ပေးစေချင်ပါတယ်…"

ချင်းရွှီးက…

"အဲဒီပေတံက ကျုပ်အတွက် အသုံးဝင်နေသေးတယ် ၊ အချိန်တန်ရင် ကျုပ်မင်းကို ပြန်ပေးမယ်…"

ယန်ကျန်းက မျက်တောင်တစ်ချက်ခတ်လိုက်ရင်း…

"ဒီ ဧကရာဇ်ပေတံက ဒီကတူလေးယန်ကျန်းရဲ့ တာအိုတရားကို ကာကွယ်ပေးတဲ့ မှော်ဝင်ပစ္စည်းပါ ၊ ဆရာဦးလေး နားလည်မှုရှိရှိနဲ့ ကျွန်တော့်ကို ပြန်ပေးဖို့ မျှော်လင့်ပါတယ်…"

ချင်းရွှီးက…

"ကျုပ်က ရွှမ်ဟွမ်စေတီကို ယူသွားတာတောင် ရွှမ်တုတောက်ကျွင်းက မင်းလိုမျိုး အကြွေးတောင်းသလို ပစ္စည်းပြန်မတောင်းဘူး ၊ မင်းက ဘာဖြစ်နေတာလဲ…"

ယန်ကျန်းမျက်နှာတစ်ချက် ပျက်သွားလေသည်။

"ဆရာဦးလေးက ရွှမ်ဟွမ်စေတီကို ဘယ်တုန်းက ယူသွားတာလဲ…"

ထိုအချိန်မှာပင် ချင်းရွှီး၏ ဦးခေါင်းထက်တွင် ပန်းပွင့် (၃)ပွင့်ပေါ်လာလေသည်။

ထို့နောက် ပန်းပွင့်သုံးပွင့်မှာ အဝါတစ်ရစ်အနက်တစ်ရက်ရှိသည့် စေတီတစ်ဆူအဖြစ်ပြောင်းလဲသွားပြီး အဝါရောင်နှင့်အနက်ရောင် တန်ခိုးစွမ်းအားများ ထွက်ပေါ်လာလေသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ဧကရာဇ်ပေတံကို ယနေ့တွင် ယန်ကျန်းကို ပြန်ပေးဦးမည်မဟုတ်ကြောင်း ချင်းရွှီးက  ပြသလိုက်ခြင်း ဖြစ်လေ၏။

ယန်ကျန်းက…

"ခွန်လွန်တောင်ဆိုတာ ဆရာဦးလေးရဲ့ ဇာတိမြေပါ ၊ ဆရာဦးလေးသာ ဆရာ့ရဲ့ ကျေးဇူးတရားတွေကို အောက်မေ့ဦးမယ်ဆိုရင် ကျောက်စိမ်းဝိညာဉ်နန်းတော် အရှက်ရသိက္ခာကျအောင် မလုပ်စေချင်ဘူး…"

ချင်းရွှီးက…

"ယွမ်စီထျန်းကျွင်းရဲ့ ကျေးဇူးတရားဆိုတာတွေကို ကျုပ် တော်တော်စိတ်ကုန်နေပါပြီ ၊ အဲဒီ ယွမ်စီထျန်းကျွင်းရဲ့ ကျေးဇူးတရားဆိုတဲ့အကြောင်း မင်း ဒီနေ့ ထပ်ပြောနေဦးမယ်ဆိုရင် ဒီကဆရာဦးလေးက တူလေးကို လူပြန်ဝင်စားဖို့ အရောက်ပို့ပေးလိုက်မယ်…"

ချင်းရွှီး၏စကားဆုံးသွားသည်နှင့် ကြီးမားလွန်းသည့် တန်ခိုးစွမ်းအားများထွက်ပေါ်လာကာ ယန်ကျန်း၏ပတ်ပတ်လည်တွင် ဝန်းရံထားလိုက်ကြလေသည်။

ယန်ကျန်းမှာ ချင်းရွှီးကို ပထမဆုံးအကြိမ်တွေ့ဆုံစဉ်ကခံစားခဲ့ရသည့် တုန်လှုပ်ခြင်းမျိုးကို ခံစားလိုက်ရသည်။

ထိုစဉ်အချိန်တုန်းက ယန်ကျန်းသည် နတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ရောက်ခြင်း မရှိသေးပေ။ သို့သော်… ချင်းရွှီးကတော့ ကျော်ကြားသည့် နတ်ဘုရားတစ်ပါးဖြစ်နေခဲ့ပြီ ဖြစ်သည်။

သို့သော်… ထိုအချိန်တုန်းက ကျင်းရှန်းနတ်ဘုရား (၁၂)ပါးလုံးက တန်ခိုးစွမ်းအားမြင့်မားသူများဖြစ်ကြလေသည်။ ချင်းရွှီးသည် ကျင်းရှန်းနတ်ဘုရား (၁၂)ပါးတွင် တန်ခိုးစွမ်းအားအနည်းပါးဆုံးနှင့် ဂုဏ်ရည်အနိမ့်ဆုံး နတ်ဘုရားတစ်ပါး ဖြစ်လေ၏။

သို့သော်… ယခုတော့ အခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ ချင်းရွှီးသည် ကျင်းရှန်းနတ်ဘုရား (၁၂)ပါးတွင် တန်ခိုးစွမ်းအားအမြင့်မားဆုံးနတ်ဘုရားတစ်ပါး ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။

***

All Chapters