လင်းယွင် တောင်တန်း
Vol. 60 Ch. 632
ပြင်ပကမ္ဘာတွင် ထိုက်ယိမြင့်မြတ်နယ်မြေက မြင့်မြတ်နယ်မြေ ခြောက်ခုကို ထိန်းချုပ်ထားသည်ဟု ကောလာဟလများ ရှိကြသည်။
သို့သော် တကယ်တမ်းတွင်မူ ကပ်ဘေးကုန်းမြေ မှလွဲ၍ ကျန်ရှိသော မြင့်မြတ်နယ်မြေ ငါးခုမှာ ဤကမ္ဘာရှိ သက်ရှိအားလုံး ပိုင်ဆိုင်ကြသည့် နေရာများသာ ဖြစ်သည်။
၎င်းတို့မှာ ဖန်ဆင်းခြင်း ကောင်းကင်တိုင်၊ ရှေးဟောင်း မဟာပျက်သုဉ်းမြို့တော်၊ အနန္တကမ္ဘာ တာအိုကွင်းပြင် ၊ သက်ရှိဧကရာဇ် နန်းတော် နှင့် လင်းယွင် တောင်တန်း တို့ ဖြစ်ကြသည်။
လုံကျိုကျိုး၏ ပြောပြချက်အရ သဘာဝမျိုးစေ့ တည်ရှိမှု ထင်ရှားလာခြင်းမှာ လင်းယွင် တောင်တန်းနှင့် တိုက်ရိုက် ဆက်နွှယ်နေသည်။
"ဟုတ်တယ်"
လုံကျိုကျိုးက ပြောသည်။ "လင်းယွင် တောင်တန်းဆိုတာ တကယ်တော့ သဘာဝမိခင် ကျဆုံးခဲ့တဲ့ နေရာပဲ"
"အဲဒီနေရာဟာ အနန္တကမ္ဘာက သက်ရှိတွေအတွက် ဝမ်းနည်းပူဆွေးရာ အရပ်ဖြစ်သလို တစ်ဖက်မှာလည်း အရိုအသေ ပြုရာ နေရာလည်း ဖြစ်တယ်"
" ဆယ်နှစ်တစ်ကြိမ်မှာ မြင့်မြတ်နယ်မြေ အသီးသီးက ကိုယ်စားလှယ်တွေ စေလွှတ်ပြီး ကျဆုံးသွားတဲ့ သဘာဝမိခင်ကို ဂါရဝပြုကြသလို ကမ္ဘာကြီးအတွက်လည်း ဆုတောင်းပေးကြတယ်"
"ဒါပေမဲ့..."
လုံကျိုကျိုး၏ မျက်လုံးများက အဝေးသို့ ငေးမောနေသည်။ "လူအများစု မသိတာကတော့ အဲဒီလို ဂါရဝပြုနေတဲ့ အချိန်မှာပဲ အင်အားကြီးသူတွေက သဘာဝမိခင် ခန္ဓာကိုယ်စတေးခဲ့တဲ့ နေရာအတိအကျကို တိတ်တဆိတ် ရှာဖွေနေကြတာပဲ။ အဲဒီကနေ သဘာဝမျိုးစေ့ရဲ့ သဲလွန်စတွေကို ရဖို့ ကြိုးစားကြတာပေါ့"
"ဒါပေမဲ့ နှစ်ပေါင်းတစ်သန်း ကြာသွားခဲ့ပြီ၊ အခုထိတော့ ဘာသဲလွန်စမှ ရှာမတွေ့သေးဘူး"
" ဒါပေမဲ့ သေချာတာတစ်ခုကတော့ အဲဒီမှာ သဘာဝဝိညာဉ် တည်ရှိမှု ထင်ရှားလာစေမယ့် လျှို့ဝှက်ချက်တွေ ရှိနေမှာ အသေအချာပဲ"
"ဒါကြောင့်..."
လုံကျိုကျိုးက ထန်ထျန်းကို ကြည့်ကာ ပြော၏ ။ "မင်းသာ ကမ္ဘာ့အရှင်နဲ့ သဘာဝမိခင်တို့ရဲ့ အစီအစဉ်ကို တကယ်သိချင်တယ်ဆိုရင် လင်းယွင် တောင်တန်းမှာ အသုံးဝင်တဲ့ သဲလွန်စတွေ ရှာတွေ့နိုင်လိမ့်မယ်"
" ဘာလို့လဲဆိုတော့ သဘာဝမျိုးစေ့က မင်းရဲ့ ဘေးနားမှာ ရှိနေလို့ပဲ"
ထန်ထျန်း ခေတ္တမျှ တိတ်ဆိတ်သွားသည်။
လုံကျိုကျိုးက နေနတ်ဘုရား၏ လူဖြစ်သည်။
နေနတ်ဘုရားမှာမူ လနတ်သမီး၊ ကြယ်တာရာဘိုးဘေးတို့ကဲ့သို့ပင် ကမ္ဘာ့အရှင်နောက်မှ လိုက်ပါခဲ့သည့် ခိုင်မာသော အင်အားစုများ ဖြစ်ကြသည်။
ထို့ကြောင့် လုံကျိုကျိုး၏ စကားများက ယုံကြည်ရလောက်သည့် အနေအထားတွင် ရှိသည်။
သို့သော် ထန်ထျန်းက သူ့စကားကို အကုန်အစင်တော့ မယုံကြည်ပေ။ လင်းယွင် တောင်တန်းအကြောင်းကို သူကိုယ်တိုင် စုံစမ်းအတည်ပြုပြီးမှသာ ဆက်လုပ်မည်ဖြစ်သည်။
အကယ်၍ လုံကျိုကျိုးပြောသကဲ့သို့ မှန်ကန်နေပါက သွားရန် လိုအပ်ပေမည်။
ကမ္ဘာ့အရှင်နှင့် သဘာဝမိခင်တို့၏ လျှို့ဝှက်ဆန်းကြယ်သော အစီအစဉ်မှာ သူ၏ သရုပ်မှန်ကို ဖော်ထုတ်ရန်အတွက် ရှောင်လွှဲ၍မရသော အချက်အချာဖြစ်သဖြင့် ရှင်းရှင်းလင်းလင်း သိရန် လိုအပ်သည်။
"အဲဒီ လင်းယွင် တောင်တန်းက ဘယ်မှာလဲ"
ထန်ထျန်းက မေးလိုက်သည်။
လုံကျိုကျိုးက ပြန်ဖြေသည်။ "လင်းယွင် တောင်တန်းက ဟင်းလင်းပြင်ထဲမှာ ပုန်းကွယ်နေတာမို့ ရှာလို့မရဘူး။ ဒါပေမဲ့ ဆယ်နှစ်တစ်ကြိမ် ပြည့်တဲ့အခါ သူက အလိုအလျောက် ပေါ်လာတတ်တယ်"
" အဲဒီအချိန်ကျရင် မြင့်မြတ်နယ်မြေ တိုင်းက အားကောင်းတဲ့သူတွေ ဒါမှမဟုတ် အမာခံအဖွဲ့ဝင်တွေကို စေလွှတ်ပြီး အခွင့်အရေး ရှာခိုင်းကြတာပဲ"
"ဒါက သဘာဝမိခင် ကျဆုံးတဲ့နေရာ ဖြစ်တာကြောင့် တစ်ကမ္ဘာလုံးမှာ သဘာဝရဲ့ အငွေ့အသက် အရှိဆုံးနေရာပဲ။ အထဲမှာ ဆေးဖက်ဝင် ပစ္စည်းတွေနဲ့ အခွင့်အရေးတွေ အများကြီး ရှိနေတယ်"
"ကျိကျွင်းအထက် အဆင့်တွေလည်း သွားကြတာပဲ၊ ဒါပေမဲ့ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ သဘာဝမိခင် ကိုယ်တိုင်ပဲ"
"နောက်တစ်ကြိမ် လင်းယွင် တောင်တန်း ပွင့်ဖို့က လေးလတောင် မလိုတော့ဘူး"
ထို့နောက် လုံကျိုကျိုးက ထန်ထျန်းကို ကြည့်ကာ ပြော၏။ "ငါကတော့ မင်း လင်းယွင် တောင်တန်းကို သွားဖို့ အချိန်မမီတော့ဘူးလို့ ထင်နေတာ"
" ဘာလို့လဲဆိုတော့ ကျိကျွင်းအဆင့် မရောက်ဘဲ သွားရင်လည်း ဘာမှ ထူးမှာမဟုတ်ဘူး။ ကျိကျွင်းအောက်က သာမန်လူတွေကတော့ အမှန်တရားက ရှေ့မှာ ရှိနေရင်တောင် ရှင်းရှင်းလင်းလင်း မြင်နိုင်မှာ မဟုတ်ဘူးလေ"
"ဒါပေမဲ့ မင်းက လပိုင်းအတွင်းမှာတင် အင်မော်တယ် ဧကရာဇ်ကနေ ကျိကျွင်း အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
" ဒီလို ထူးကဲတဲ့ အရှိန်မျိုးက ကမ္ဘာဦးကတည်းက ဘယ်သက်ရှိမှ မလုပ်နိုင်ခဲ့ဖူးဘူး"
ထန်ထျန်းက ချီးကျူးစကားများကို ကျော်လိုက်ပြီး တိုက်ရိုက်မေးလိုက်သည်။ "ဒါဆို လင်းယွင် တောင်တန်း ပေါ်လာတဲ့အခါ သူ့ရဲ့ တည်နေရာကို ဘယ်လို သိနိုင်မလဲ"
လုံကျိုကျိုးက ပြောသည်။ "လင်းယွင် တောင်တန်း ပေါ်လာရင် တစ်ကမ္ဘာလုံးမှာ တုန်ခါမှုကြီး ဖြစ်လာလိမ့်မယ်။ ကျိကျွင်းတစ်ယောက်အနေနဲ့ မင်းက သူ့ရဲ့ တည်နေရာ အတိအကျကို အလိုလို သိနိုင်မှာပါ"
" ဒါပေမဲ့..."
"ငါကတော့ မင်းကို တစ်ယောက်တည်း သွားဖို့ အကြံမပေးချင်ဘူး"
ထန်ထျန်း မျက်မှောင်ကြုတ်သွားသည်။ "ဘာလို့လဲ"
လုံကျိုကျိုးက ဖြည်းဖြည်းချင်း ပြော၏ ။ "လင်းယွင် တောင်တန်း ပွင့်တဲ့အခါတိုင်း အင်အားကြီးသူတွေ အများကြီး ရောက်လာကြလိမ့်မယ်"
" ပြီးတော့ ဒီတစ်ကြိမ်က ပိုပြီးတော့ ထူးခြားတယ်"
"မင်း... ငါ ဘာကို ဆိုလိုတယ်ဆိုတာ သိမှာပါ"
ထန်ထျန်း မျက်ခုံးပင့်လိုက်ပြီး ပြောလိုက်သည်။ " မဟာကောင်းကင်အရှင် ပြန်ရှင်သန်လာပြီ ဆိုတာကို မင်း တကယ်ပဲ သိနေတာပဲ"
ထူးခြားသောအခြေအနေဆိုသည်မှာ ဤတစ်ချက်တည်းသာ ရှိသည်။
ကျိကျွင်းမဖြစ်ခင်ကတော့ ထိုက်ယိမြင့်မြတ်နယ်မြေ တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို လုံကျိုကျိုး သိ၊ မသိ ထန်ထျန်း မသေချာခဲ့ပေ။
သို့သော် ကျိကျွင်းဖြစ်လာပြီးနောက်တွင်မူ ကျိကျွင်းတို့၏ အာရုံခံစွမ်းအားမှာ အလွန်ကြီးမားသဖြင့် ကောင်းကင်နိယာမ၏ သေးငယ်သော လှုပ်ခတ်မှုကိုပင် သိနိုင်ကြောင်း သူ နားလည်သွားသည်။
ထို့ကြောင့် လုံကျိုကျိုး မသိဘဲ မနေနိုင်ပေ။ ထန်ထျန်းကသာ ထုတ်မမေးခဲ့ခြင်း ဖြစ်သည်။
ထန်ထျန်း၏ မေးခွန်းကို လုံကျိုကျိုးက သက်ပြင်းရှည်ကြီး ချလိုက်သည်။
"ဒီကိစ္စကို ငါ ပေါ့ဆသွားခဲ့တယ်"
သူက ဝန်ခံသည်။ "တကယ်တော့ လင်းရင် လို့ခေါ်တဲ့ မိန်းကလေးရဲ့ သရုပ်မှန်က တစ်ခုခု မူမမှန်ဘူးဆိုတာ သိလိုက်ကတည်းက ငါက သူမကို အမြစ်ပြတ် သုတ်သင်ခဲ့သင့်တာ"
" အဲဒီတုန်းက သူမနဲ့ သေဆုံးသွားတဲ့ မဟာကောင်းကင်အရှင်ကြားမှာ လျှို့ဝှက်တဲ့ ဆက်နွှယ်မှု ရှိနေတာကို ငါ သတိထားမိခဲ့တယ်"
"ဒါပေမဲ့ ဒီနှစ်ပိုင်းတွေမှာ ငါ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်က အဆင့်တက်ဖို့အတွက် အခွင့်အရေးကို အရေးတကြီး ရှာနေရတာနဲ့ တိုက်ဆိုင်သွားခဲ့တယ်"
" မဟာကောင်းကင်အရှင်က အောက်ကမ္ဘာမှာ ချိတ်ပိတ်ခံထားရတာဆိုတော့ အောက်ကမ္ဘာက သက်ရှိတွေနဲ့ ဆက်နွှယ်မှု ရှိတာက ပုံမှန်ပဲလို့ ငါ ထင်လိုက်တာ"
"ဒါကြောင့် 'ကပ်ဘေးကုန်းမြေ' မှာ အဲဒီ အရိုးစု ပေါ်လာချိန်မှာတောင် ငါက လူလွှတ်ပြီး စုံစမ်းခိုင်းရုံပဲ လုပ်ခဲ့တာ၊ ကိုယ်တိုင် မကိုင်တွယ်ခဲ့ဘူး"
" ဒါပေမဲ့ ဘယ်သူက ထင်မှာလဲ၊ အရာအားလုံးက ဒီလောက် မြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားလိမ့်မယ်လို့"
"နှစ်အနည်းငယ်ဆိုတာ ငါတို့အတွက်တော့ မျက်စိတစ်မှိတ်စာပဲ။ ဒါပေမဲ့ အဲဒီလူစုကတော့ မဟာကောင်းကင်အရှင်ကို ပြန်လည်ရှင်သန်လာစေဖို့ အစီအစဉ်ကို အောင်အောင်မြင်မြင် လုပ်သွားကြပြီ"
" ငါ သတိထားမိတဲ့အချိန်မှာတော့ အကုန် နောက်ကျသွားပြီ"
လုံကျိုကျိုး၏ ရှင်းပြချက်ကြောင့် ထန်ထျန်း တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားရသည်။
တကယ်ပဲ... တိုက်ဆိုင်မှုကြောင့်လား...
"အဲဒီလူစုဆိုတာ ဘယ်သူတွေကို ပြောတာလဲ"
" ဘယ်သူက မဟာကောင်းကင်အရှင်ကို ရှင်သန်အောင် ဇာတ်ညွှန်း ရေးခဲ့တာလဲ"
ထန်ထျန်းက မေးလိုက်သည်။
လုံကျိုကျိုးက ပြန်ဖြေသည်။ "မဟာကောင်းကင်အရှင်ရဲ့ လက်ကျန် နောက်လိုက်တွေပေါ့"
"အဲဒီတုန်းက ကမ္ဘာ့အရှင်က အင်အားကြီးသူတွေကို ဦးဆောင်ပြီး မဟာကောင်းကင်အရှင်ရဲ့ အုပ်စုကို အမြစ်ပြတ် ချေမှုန်းခဲ့ပေမဲ့ တစ်ချို့ကတော့ လွတ်သွားပြီး အမှောင်ထောင့်တွေမှာ ပုန်းနေခဲ့ကြတယ်"
" အဲဒီလူတွေက မဟာကောင်းကင်အရှင် ပြန်ပေါ်လာဖို့ကို တစ်ခါမှ လက်မလျှော့ခဲ့ကြဘူး"
" သူတို့ပဲ ကောင်းကင်နိယာမကို ပြောင်းလဲနိုင်စွမ်း ရှိကြတာ"
"အကယ်၍ ဝမ်ကျိယွီ သာ ဒီကိစ္စကို အချိန်မီ သတင်းပို့ခဲ့ရင် သူတို့ကို တားဆီးဖို့ အချိန် ရှိပါသေးတယ်"
" ဒါပေမဲ့ ကံဆိုးတာက..."
နောက်ဆက်တွဲ ဖြစ်ရပ်များကိုတော့ ထန်ထျန်း သိပြီးသားဖြစ်သည်။
ဝမ်ကျိယွီ၏ ကံကြမ္မာလမ်းကြောင်းမှာ ဖျက်ဆီးခံလိုက်ရသဖြင့် လူတိုင်း၏ မှတ်ဉာဏ်ထဲမှ ပျောက်ကွယ်သွားခဲ့သည်။ 'ကပ်ဘေးကုန်းမြေ' ကိစ္စမှာလည်း မေ့ပျောက်ခြင်း ခံလိုက်ရသည်။
ထိုသူ၏ လက်ချက်မှာ အလွန် အစွမ်းထက်သဖြင့် အထူးတလည် စုံစမ်းခြင်း မပြုလျှင် ကျိကျွင်းတစ်ယောက်ပင် ရှာတွေ့နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် နောက်ဆုံးအခွင့်အရေးမှာ ထိုသို့ပင် လက်လွတ် ဆုံးရှုံးသွားခဲ့ရတော့သည်။