မဟာမြို့တော်
Vol. 9 Ch. 849
အမြဲတမ်းမှေးမှိတ်ထားလေ့ရှိသည့် ယန်ကျန်း၏ တတိယမျက်လုံးက ဖြည်းဖြည်းချင်းပွင့်လာလေသည်။
ထို့နောက် တတိယမျက်လုံးအတွင်းမှ အဆုံးမရှိသည့် ငွေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ယန်ကျန်း၏ပတ်လည်တွင်ဝန်းရံထားသည့် ချင်းရွှီး၏တန်ခိုးစွမ်းအားများကို ဝါးမြိုဖျက်စီးပစ်လိုက်သည်။
ချင်းရွှီးက မျက်လုံးများကို အသာမှေးစင်းလိုက်ရင်း…
"မင်း မိုးကောင်းကင်တံခါးကို ရှာတွေ့သွားတာလား…"
ယန်ကျန်းက တည်ငြိမ်သည့်လေသံဖြင့်…
"ဆရာဦးလေး ဘာလို့ဒီမေးခွန်းကိုမေးတာလဲ…"
ချင်းရွှီးက ရုတ်တရက်ရယ်မောလိုက်ရင်း…
"တာအိုဆရာသခင်ထိုက်ယီ စကြာဝဠာကိုကျော်လွန်သွားပြီးကတည်းက မိုးကောင်းကင်တံခါးကို အားလုံးက ရှာနေခဲ့ကြတာပဲ ၊ဒုတိယမိုးနတ်မင်း အရမ်းကိုအလေးအနက်ထားခဲ့တဲ့ နေရာတစ်ခုပဲ ၊ ဒါပေမဲ့ မင်းက မထင်မှတ်ဘဲ တွေ့သွားတာကိုး… ၊ ရယ်ရမလား ငိုရမလားတောင် မသိတော့ပါဘူး…"
ယန်ကျန်းက…
"ဒုတိယမိုးနတ်မင်းကို ဘယ်သူမှ မသုတ်သင်ပစ်နိုင်ပါဘူး ၊ သူပြန်လာမှာပါ ၊ ပြီးတော့ ဆရာဦးလေးက ကျင့်စဉ်လမ်းကို တစ်ယောက်တည်းဆက်လျှောက်ဖို့ဆုံးဖြတ်ထားတယ်ဆိုရင်တော့ ဘယ်တော့မှ လမ်းဆုံးကို ရောက်နိုင်မှာ မဟုတ်ဘူး ၊ တကယ်လို့ ဆရာဦးလေးစိတ်ဝင်စားတယ်ဆိုရင် ဒီကတူလေးက သိထားတာလေးတွေ နည်းနည်းပြောပြပေးပါ့မယ်…"
ချင်းရွှီးက ယန်ကျန်း၏စကားကို စိတ်ဝင်စားဟန်မရှိပေ။
"မင်း သွားတော့…"
သို့သော်… ယန်ကျန်းက ထွက်ခွာမသွားခဲ့ပေ။ သူက ချင်းရွှီးစိတ်ပြောင်းမလားဟု စောင့်နေလေသည်။
ချင်းရွှီးက…
"မင်းသာ တကယ်ပဲ မိုးကောင်းကင်တံခါးကို တွေ့ခဲ့တယ်ဆိုရင်တောင်မှကောင်းတဲ့လမ်းစဉ်တွေထက် မကောင်းတဲ့လမ်းစဉ်တွေကို သိသွားမှာကိုတောင် ကျုပ်စိတ်ပူမိပါရဲ့ ၊ ဒီကိစ္စလောက်လေးနဲ့များ မင်းက ကျုပ်နဲ့ အပေးအယူလုပ်လို့ရမယ် ထင်နေသလား…"
စကားဆုံးသွားသည်နှင့် နဂါးငွေ့တန်းမြစ်ရေများ ချက်ချင်းပင် (၃)ပေခန့်အထိ မြင့်တက်လာလေသည်။
မြင့်တက်လာသည့် မြစ်ရေများထက်တွင် ချင်းရွှီးက ခမ်းနားစွာ မတ်တပ်ရပ်နေလေ၏။
ပိုပြီး အံ့သြစရာကောင်းသည်မှာ ချင်းရွှီးထံမှ အသံရှူသံတစ်ချက်ကိုပင် မကြားရခြင်း ဖြစ်လေသည်။ ချင်းရွှီးသည် စကြာဝဠာ၏ တစ်စိတ်တစ်ပိုင်းဖြစ်နေခဲ့ပြီး လေ ၊ အသက်ဓာတ်စွမ်းအား ၊ ရေခိုးရေငွေ့ ၊ အလင်းရောင်များနှင့် တစ်သားတည်းပေါင်းစပ်နေလေသည်။
ထိုသို့ဖြစ်ရခြင်းမှာ စကြာဝဠာနှင့်လူသားတစ်သားတည်းကျသွားသည့် ဖြစ်ရပ်မျိုး မဟုတ်ပေ။ လူသားသည် စကြာဝဠာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပေါင်းစပ်သွားသည့် ဖြစ်ရပ် ဖြစ်လေသည်။
ယန်ကျန်း အခက်တွေ့သွားတော့သည်။
ထိုသို့သာဆိုလျှင် သူ့အနေဖြင့် ချင်းရွှီးကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
ထို့ပြင် ချင်းရွှီးတွင် ရွှမ်ဟွမ်စေတီလည်း ရှိနေလေသည်။
သူက မိုးကောင်းကင်တံခါးမှ လျှို့ဝှက်ချက်များကို သိရှိထားသည်ဆိုဦးတော့ ချင်းရွှီးကို ရင်ဆိုင်ရန်မှာ မဖြစ်နိုင်ပေ။
လက်ရှိအချိန်တွင် ချင်းရွှီး၏ တန်ခိုးစွမ်းအားများက အလွန်ခန့်မှန်းရ ခက်နေလေသည်။
ထို့ပြင် ယန်ကျန်း ချင်းရွှီးနှင့် လာရောက်တွေ့ဆုံရသည့် အကြောင်းရင်းကလည်း တိုက်ခိုက်ရန် မဟုတ်ပေ။ တတိယမြောက် ဘေးအန္တရယ်ကပ်ဆိုးကြီး မကျရောက်ခင် ချင်းရွှီးကို ကျောက်စိမ်းဝိညာဉ်နန်းတော်သို့ ပြန်ခေါ်ရန် ရောက်ရှိလာခြင်း ဖြစ်လေသည်။
ယန်ကျန်းတိတ်ဆိတ်ငြိမ်သက်နေလေသည်။
သူ၏တတိယမျက်လုံးမှ ငွေရောင်တန်ခိုးစွမ်းအားအလင်းတန်းများက ရေတံခွန်တစ်ခုအလား စီးဆင်းထွက်ပေါ်နေလေ၏။
ငွေရောင်အလင်းတန်းများသည် စကြာဝဠာကို ရိုက်ခတ်နေပြီး ကြယ်စင်များဆီမှ တန်ခိုးစွမ်းအားများက မိုးကောင်းကင်တံခါးနှင့်ချိတ်ဆက်သွားကာ ယန်ကျန်း၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားလေသည်။
ထိုအချိန်အတွင်းမှာပင် ယန်ကျန်းသည် ကောင်းကင်ဘုံတံခါးနှင့် စကြာဝဠာတစ်ခုလုံးကို ချိတ်ဆက်ပေးသူ ဖြစ်လာလေသည်။ နောက်ဆုံးတော့ မည်သူမှ မယှဉ်နိုင်လောက်အောင် တန်ခိုးစွမ်းအားများ မြင့်တက်လာလေတော့သည်။
ချင်းရွှီးက တစ်ချက်ပြုံးလိုက်ပြီး ဧကရာဇ်ပေတံကို ဆွဲထုတ်လိုက်လေသည်။
ဧကရာဇ်ပေတံမှ ကြီးမားလွန်းသည့် တန်ခိုးစွမ်းအားလှိုင်းလုံးကြီးက ယန်ကျန်းထံသို့ ဝင်ရောက်သွားလေသည်။
ဧကရာဇ်ပေတံမှ တန်ခိုးစွမ်းအားများနှင့် ယန်ကျန်း၏ ငွေရောင်တန်ခိုးစွမ်းအားများ ရိုက်ခတ်မိသွားပြီး စကြာဝဠာထဲတွင် ကြီးမားသည့်ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာလေ၏။
ကြီးမားသည့်ပေါက်ကွဲမှုကြီးကြောင့် စကြာဝဠာတစ်ခုလုံး လှိုင်းဂယက်များထသွားလေသည်။
ဒြပ်စင်စွမ်းအား (၅)မျိုး ၊ ယင် နှင့် ယန်တို့ပင် တုန်လှုပ်သွားပြီး မရှိမှုတရားက မူလသဘာဝအတိုင်း ထွက်ပေါ်လာသည်အထိ ပြင်းထန်လွန်းလှသည်။
ချင်းရွှီး၏ဦးခေါင်းထက်မှ ရွှမ်ဟွမ်စေတီက အဝါရောင်နှင့် အနက်ရောင်တန်ခိုးစွမ်းအားများထုတ်လွှတ်ကာ ချင်းရွှီးကို ကာကွယ်ပေးထားလေသည်။
ငွေရောင်အလင်းတန်းတစ်ခု ရုတ်တရက်လင်းလက်သွားပြီး ယန်ကျန်းကလည်း သူ့ကိုယ်သူ ကာကွယ်ထားလိုက်သည်။
လင်းလက်သွားသည့်ငွေရောင်အလင်းတန်းမှာ ဓားတစ်လက်ဖြစ်လေသည်။
ယန်ကျန်း၏ လက်ထဲတွင် နှစ်ဖက်သွားသုံးမြှောင့်ဓားကို ကိုင်ထားလေသည်။ ဓားက ခမ်းနားထည်ဝါလွန်းပြီး ယန်ကျန်း၏ တတိယမျက်လုံးမှ ထွက်ပေါ်နေသည့် ငွေရောင်အလင်းတန်းများအောက်တွင် ဓားရောင်က တစ်လက်လက် တောက်ပနေလေသည်။
ယန်ကျန်း၏ ပုံစံမှာ စစ်နတ်ဘုရားတစ်ပါးအလား ခမ်းနားဝင့်ထည်လွန်းလှသည်။
ချင်းရွှီးက ပြုံးလိုက်ရင်း…
"တူလေးရဲ့ တန်ခိုးစွမ်းအားတွေက အပြစ်ဆိုစရာမရှိအောင် ပြည့်စုံတာပဲ…"
ယန်ကျန်းက…
"ချီးကျူးလို့ ကျေးဇူးတင်ပါတယ် ဆရာဦးလေး ၊ အခု ဆရာဦးလေးလည်း သဘောပေါက်သင့်ပါပြီ ၊ ဒီတူလေးက ဆရာဦးလေးလောက်မတော်ပေမယ့် ဆရာဦးလေးကို ဒုက္ခတော့ ကောင်းကောင်းပေးနိုင်ပါတယ် ၊ ပြီးတော့ ဆရာကလည်း တန်ခိုးစွမ်းအားမြင့်မားတဲ့လူတစ်ယောက်ပါ ၊ ပြီးတော့ ဆရာ့မှာ ဖန်ကူအလံလည်းရှိတယ် ၊ ဒီလောကကြီးမှာ ယွမ်စီထျန်းကျွင်းရဲ့ အနွယ်တော်တွေကို မလေးမစားလုပ်ရဲတဲ့သူ မရှိပါဘူး…"
ချင်းရွှီးက လှောင်ပြောင်သလို တစ်ချက်ပြုံးလိုက်ရင်း…
"တူလေးက လောနေတာကိုး ၊ ကြည့်ရတာ ရွှမ်တုတောက်ကျွင်းကို မင်းအတော်ကြောက်နေတယ်ထင်တယ် ၊ ဟုတ်သလား…"
ချင်းရွှီး၏မှတ်ချက်စကားကို ယန်ကျန်းက အံ့သြသွားခြင်း မရှိပေ။
ယန်ကျန်းက…
"ရွှမ်တုတောက်ကျွင်းက ဟွင့်ယွမ်ဝူကျီအဆင့်ကနေ ဆက်ပြီး ကျင့်ကြံနေတယ် ၊ ဒါပေမဲ့ သူ့ရဲ့တာအိုနှလုံးသား မငြိမ်သက်ဖြစ်နေလို့ ကျင့်ကြံခြင်းအဆင့်တက်လို့ မရနိုင်ဘူးဖြစ်နေတယ် ၊ ဒါပေမဲ့ တတိယဘေးအန္တရယ်ကပ်ဆိုးကြီးကို ရင်ဆိုင်ရဖို့ အရမ်းကို နီးကပ်နေပါပြီ ၊ ဒါကြောင့် တူလေးက ဆရာဦးလေးကို ကျောက်စိမ်းဝိညာဉ်နန်းတော်ကို ပြန်လာစေချင်တာပါ…"
ချင်းရွှီးက…
"မင်းရဲ့စွမ်းရည်နဲ့ဆိုရင် တတိယမြောက် ဘေးအန္တရယ်ကပ်ဆိုးကြီးကို ရင်ဆိုင်နိုင်မှာပါ ၊ ဒါပေမဲ့ ကျုပ်သာ မင်းနဲ့ ပူးပေါင်းလိုက်မယ်ဆိုရင်တော့ ကျောက်စိမ်းဝိညာဉ်နန်းတော်တစ်ခုလုံးက ဒီကပ်ဆိုးကြီးကို ကျော်လွှားနိုင်သွားမှာပေါ့ကွာ ၊ ဒါ ကောင်းတဲ့ကိစ္စပါပဲ ၊ ဒါပေမဲ့ ကျုပ် အခု ဘယ်သူ့ကိုမှ မယုံတော့ဘူး ၊ ကျုပ်ကံကြမ္မာကို ကျုပ်ကိုယ်တိုင်ပဲ ဖန်တီးတော့မယ်…"
ထို့နောက် ချင်းရွှီးက တစ်ချက်ပြုံးလိုက်ရင်း အင်္ကျီလက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်လေသည်။
ထိုအခါ ထူးဆန်းသည့် တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ယန်ကျန်းမှာ စကြာဝဠာအဝေးတစ်နေရာသို့ လွင်စင်ထွက်သွားရလေတော့သည်။
သူ့ပတ်ဝန်းကျင်တွင် ကြီးမားသည့် ကြယ်စင်ကြီးများဝန်းရံနေလေသည်။ မယုံကြည်နိုင်စရာကောင်းလောက်အောင် ဝေးကွာသည့်အရပ်တစ်ခုဆီသို့ ယန်ကျန်းရောက်ရှိသွားခြင်း ဖြစ်လေ၏။
ယန်ကျန်းက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်မိလေသည်။
ချင်းရွှီး အသုံးပြုလိုက်သည့် ပညာသည် ကျန့်ယွမ်ကျီနတ်မင်းကြီး၏ ဝိဇ္ဇာအင်္ကျီလက်ပညာနှင့် အခြေခံတန်ခိုးစွမ်းအားချင်း သွားပြီး ဆင်တူနေလေသည်။ သူတို့နှစ်ယောက် တွေ့ဆုံပြီး ပညာချင်း ဖလှယ်ခဲ့ကြလေသလား မဆိုသာပေ။
သူ့ဆရာသာ ယွမ်စီတာအိုခန္ဓာရရှိအောင် အမြန်ဆုံးကျင့်ကြံနိုင်စေရန် ယန်ကျန်း မျှော်လင့်လိုက်မိသည်။ မဟုတ်ပါက သူတို့အတွက် ရှေ့ဆက်လျှောက်လှမ်းရမည့်လမ်းက အလွန်ကျဉ်းမြောင်းခက်ခဲသွားပေလိမ့်မည်။
…………
လင်ကျိုးနယ်…
လင်ကျိုးနယ်၏ ခမ်းနားသည့်မြို့တော်ကြီးတစ်ခု၏ လမ်းမများထက်တွင် ဆန်းလျန်နှင့် ကျောက်ရှောင်ယွီ လမ်းလျှောက်နေကြလေသည်။ သူတို့က သာမန်ယောကျ်ားလေးတစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်အဖြစ် ရုပ်ဖျက်ဟန်ဆောင်ထားကြသည်။
သူတို့ရောက်ရှိနေသည့် မြို့တော်ကြီး၏အမည်မှာ "မဟာမြို့တော်" ဖြစ်လေသည်။
လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းကျော်ခန့်က ဤမြို့တော်ကြီးတွင် မဟာကျားရဲ့ကိုယ်တော်ကြီး တရားဟောပြောခဲ့သည်ဟု အဆိုရှိလေသည်။
မဟာကျားရဲ့ကိုယ်တော်ကြီးသည် ဗုဒ္ဓဘာသာတွင် ထိပ်တန်းအဆင့်ကိုယ်တော်ကြီးတစ်ပါးဖြစ်လေသည်။ အလွန်လည်း ဓမ္မဉာဏ်ပညာဖြင့် ပြည့်စုံသူဖြစ်သည်။
ထို့ပြင် ဗုဒ္ဓ၏အကြီးဆုံးတပည့်ကြီးဖြစ်သည့်အတွက် ဗုဒ္ဓဟောကြားသည့် ဓမ္မအားလုံးကိုလည်း သိရှိသူ ဖြစ်လေသည်။
စိတ်မကောင်းစရာမှာ မဟာကျားရဲ့ကိုယ်တော်ကြီးသည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်က ပျံလွန်တော်မူသွားခဲ့လေသည်။
လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းကျော်ခန့်က မဟာကျားရဲ့ကိုယ်တော်ကြီးသာမက များပြားလှစွာသည့် လော်ဟန်ကိုယ်တော်များ ၊ ကျူဖူကိုယ်တော်များ ၊ ဗောဓိသကျများလည်း ပျံလွန်တော်မူခဲ့ကြရလေသည်။
နာမည်ကျော်ကြားသူများဖြစ်သည့် နတ်ဆေးကိုယ်တော်လျိုလီ ၊ ဟွမ်ရှီကိုယ်တော် စသည့် ကိုယ်တော်များပင်လျှင် ပျံလွန်တော်မူခဲ့ကြရသည်။
ဗုဒ္ဓဘာသာစတင်တည်ထောင်စဉ်ကတည်းက ထိုသို့သော ဘေးဆိုးကြီးမျိုးကို တစ်ခါမှ ကြုံတွေ့ခဲ့ရခြင်း မရှိပေ။
မြင့်မြတ်သည့် ဗောဓိသကျ (၄)ပါး ၊ မီလဲ့ကိုယ်တော် ၊ နေစကြာတထာဂတသတို့ အသက်ရှင်ကျန်ရစ်ခဲ့သည့်တိုင် ဗုဒ္ဓဘာသာသည် အနည်းငယ်မှေးမှိန်သွားခဲ့ရလေသည်။
လင်စန်းတောင်တွင် အချို့သော ကျူဖူကိုယ်တော် ၊ လော်ဟန်ကိုယ်တော် ၊ ဗောဓိသကျများ ကျန်ရှိခဲ့ကြသေးသည့်အတွက် လင်စန်းတောင် ဆက်လက်ရပ်တည်နေနိုင်ခဲ့ခြင်း ဖြစ်လေသည်။
မဟာမြို့တော်ကြီးသည် အလွန်စည်ကားသိုက်မြိုက်သည့်မြို့တော်ကြီးတစ်ခု ဖြစ်လေသည်။ မဟာကျားရဲ့ကိုယ်တော်ကြီး၏ တရားဓမ္မများနှင့် ဂုဏ်သရေများ ကျန်ရစ်နေသေးသည့်အတွက် ဖြစ်ဟန်တူသည်။ ထို့ပြင် မြို့တော်တစ်ခုလုံးတွင် နေထိုင်ကြသူများမှာလည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြလေသည်။
ဘာသာရေးကိုင်းရှိုင်းသူများလည်းရှိသလို ရှေးယခင်က ကျင့်ကြံအားထုတ်ခဲ့ကြသည့် ဘုန်းတော်ကြီးများလည်း ရှိကြလေသည်။
ထိုဘုန်းတော်ကြီးများထဲတွင် သည် ဗုဒ္ဓလက်ထက်ကတည်းက ကျင့်ကြံနေခဲ့သည့် ဘုန်းတော်ကြီးများလည်း ပါဝင်လေသည်။
ထိုဘုန်းတော်ကြီးများသည် စကြာဝဠာကြီးအကြောင်း အစမှအဆုံးတိုင် သိရှိနားလည်သည်ဟု အဆိုရှိကြလေသည်။
***