ထန်ထျန်းအပေါ် လောင်းခြင်း
Vol. 60 Ch. 634
"ငါ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်က ဒီမှာ မရှိဘူး"
လုံကျိုကျိုးက ဆက်ပြောသည်။ "တချို့သော အကြောင်းပြချက်တွေကြောင့် ဒီတစ်ကြိမ် လင်းယွင် တောင်တန်း ပွင့်တဲ့အခါ ငါကိုယ်တိုင် သွားနိုင်မှာ မဟုတ်ဘူး"
"ဒါပေမဲ့ ထိုက်ယိမြင့်မြတ်နယ်မြေက ပွင့်တိုင်း လူလွှတ်လေ့ရှိတယ်၊ တာဝန်ခံကတော့ ချန်ဝူဟွေ့ပဲ"
"အဲဒီအချိန်ကျရင် မင်း ထိုက်ယိမြင့်မြတ်နယ်မြေက လူတွေနဲ့အတူ လိုက်သွားလို့ရတယ်၊ ချန်ဝူဟွေ့ကို တစ်ချက်ပြောလိုက်ရုံပဲ"
"သူက အရမ်းထက်မြက်တဲ့သူဆိုတော့ မင်းအတွက် အားလုံး စီစဉ်ပေးလိမ့်မယ်"
ထန်ထျန်းက အင်းဟု အသံပြုကာ လုံကျိုကျိုးကို နှုတ်ကတိပေးလိုက်သည်။
ထိုအချိန်ကျမှသာ မည်သို့လုပ်လျှင် အသင့်တော်ဆုံးဖြစ်မည်ကို သူ ပြန်လည်စဉ်းစားမည်ဖြစ်သည်။
လုံကျိုကျိုးနှင့် အတန်ကြာ စကားပြောပြီးနောက် ယခင်က လျှို့ဝှက်ချက် ဆယ်ပုံမှာ ခုနစ်ပုံ၊ ရှစ်ပုံခန့်ကို ထန်ထျန်း နားလည်သွားခဲ့ပြီ ဖြစ်သည်။
ကြောင်လေးနှင့် ကုရှောင်းရွှယ်တို့၏ အစစ်အမှန် သရုပ်မှန်ကို သိသွားသည့်အပြင် ကမ္ဘာ့အရှင်နှင့် မဟာကောင်းကင်အရှင်တို့၏ အတိတ်က အကြောင်းအရာများကိုလည်း သိခွင့်ရခဲ့သည်။
အတော်ပင် အကျိုးရှိလှသည်ဟု ဆိုရမည်။
တစ်ဖက်တွင်လည်း မဟာကောင်းကင်အရှင် ပြန်လည်ရှင်သန်လာသည့် ကိစ္စကို လုံကျိုကျိုး၊ နေနတ်ဘုရားနှင့် လနတ်သမီးတို့ သိထားကြသည်ကို အတည်ပြုနိုင်ခဲ့သည်။ မဟာကောင်းကင်အရှင် ပြန်ရှင်လာပြီးနောက် အကြီးအကျယ် လှုပ်ရှားမှု မရှိသေးခြင်းမှာ နေနတ်ဘုရားနှင့် လနတ်သမီးတို့ကဲ့သို့ ပြိုင်ဘက်ကင်း အင်အားကြီးသူများ ရှိနေခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
အသစ်တဖန် ပြန်လည်မွေးဖွားလာကာစ သူသည်လည်း ထင်တိုင်းကြဲရန် ဝံ့ရဲဦးမည်မဟုတ်ပေ။
သို့သော် လုံကျိုကျိုး ပြောသည်မှာ မှန်ပါသည်။ လင်းယွင် တောင်တန်း ပွင့်လာချိန်တွင် မဟာကောင်းကင်အရှင်က လောကထဲသို့ တရားဝင် ခြေချလာနိုင်ခြေ ရှိသည်။
ထိုအချိန်ကျလျှင် ဤကမ္ဘာကြီးမှာ တစ်ဖန် ရက်စက်ကြမ်းကြုတ်သော သွေးချောင်းစီးပွဲကြီးများနှင့် ထပ်မံ ကြုံတွေ့ရပေဦးမည်။
အမှန်အတိုင်း ပြောရလျှင် ထန်ထျန်းက ဤကမ္ဘာကြီး၏ အဆုံးသတ်ကို ထိုမျှလောက် ဂရုမစိုက်လှပေ။
ကယ်တင်နိုင်လျှင် ကယ်တင်မည်၊ တကယ်လို့ မတတ်နိုင်တော့ဘူးဆိုလျှင်လည်း သူ အတင်း မကြိုးစားပေ။
သူ အလုပ်ချင်ဆုံး မှာ ဤကမ္ဘာ၏ ကစားပွဲထဲမှ ရုန်းထွက်ပြီး သူ့ ကံကြမ္မာကို သူ့လက်ထဲတွင် အစစ်အမှန် ဆုပ်ကိုင်ထားနိုင်ရန်သာ ဖြစ်သည်။
ကမ္ဘာ့အရှင်ပဲဖြစ်ဖြစ်၊ မဟာကောင်းကင်အရှင်ပဲဖြစ်ဖြစ် သူတို့ဘာသာ သူတို့ ကစားနေကြပါစေ၊ သူနှင့် မဆိုင်ပါ။
တကယ်လို့ အခြေအနေ မဟန်တော့ဘူးဆိုလျှင် တိမ်တိုက်ထျန်းဖူ နှင့် ထိုက်ယိမြင့်မြတ်နယ်မြေက လူတွေကိုပါ ဆန်းကြယ် ဥကမ္ဘာ ထဲသို့ အကုန်ပြောင်းရွှေ့ပစ်မည်။ သူ့အတွက် အရေးပါသူအားလုံးက ထိုနေရာ နှစ်ခုလုံးတွင် ရှိနေကြသည် မဟုတ်ပါလား။
ထိုသို့ တွေးမိရင်း ထန်ထျန်းက အရေးကြီးကိစ္စတစ်ခုကို သတိရသွားကာ ပြောလိုက်သည်။ "ဒါနဲ့ မင်းနဲ့ ဆွေးနွေးစရာ တစ်ခုရှိသေးတယ်"
လုံကျိုကျိုးက ခေါင်းညိတ်ပြသည်။ "ပြောပါ"
ထန်ထျန်းက တိုက်ရိုက်ပင် ပြောလိုက်သည်။ "ငါ့မှာ သေမျိုးကမ္ဘာ ထဲမှာ လုပ်ငန်းနှစ်ခု ရှိတယ်။ တစ်ခုက ကုန်သည်အသင်း၊ နောက်တစ်ခုက ပုံရိပ်ယောင် ကမ္ဘာ ပဲ"
"အဲဒါတွေကို ထိုက်ယိမြင့်မြတ်နယ်မြေထဲမှာ ဖြန့်ကြက်ချင်လို့ မင်းကို အသိပေးတာ"
"ဖြန့်ကြက်မှု အရှိန်အဝါက တော်တော်လေး ကြီးမားနိုင်သလို မြင့်မြတ်နယ်မြေရဲ့ တည်ငြိမ်မှုပိုင်းကိုလည်း ထိခိုက်ကောင်း ထိခိုက်နိုင်လို့ပါ"
သူက အတော်လေး အလိုက်သင့်လျော်အောင် ပြောလိုက်ခြင်း ဖြစ်သည်။
သို့သော် သူက ကျိကျွင်းတစ်ယောက်၏ စိတ်နေစိတ်ထားကို လျှော့တွက်ခဲ့မိသည်။
လုံကျိုကျိုးက လက်ကာပြကာ အေးဆေးစွာပင် ပြော၏ယ "သေမျိုးကမ္ဘာ က ကိစ္စတွေကို ငါ မစွက်ဖက်တာ ကြာပါပြီ"
"ဒါ့အပြင်... ကျိကျွင်းတစ်ယောက်အနေနဲ့ မင်းက မင်းရဲ့ အဆင့်အတန်းက ဘယ်လောက်အထိ စွမ်းအားရှိလဲဆိုတာ သေချာ နားမလည်သေးဘူး ထင်တယ်"
" ဒီကိစ္စတွေကို ချန်ဝူဟွေ့ကို တိုက်ရိုက်ပြောပြီး လုပ်ခိုင်းလိုက်ရုံပဲ။ ငါ့ရဲ့ ခွင့်ပြုချက် မပါရင်တောင် သူက ကျိကျွင်းတစ်ယောက်ရဲ့ စကားကို ဆန့်ကျင်ဖို့ ဝံ့ရဲမှာ မဟုတ်ဘူး"
"ကမ္ဘာကြီးကနေ ကျော် လွန် သွားတယ်ဆိုတာ ဘာလဲ"
"ဒါပဲပေါ့"
"ဒီနေ့ကစပြီး မင်း တခြား ကျိကျွင်းတွေရဲ့ နယ်မြေကို သွားရင်တောင် မင်းရဲ့ အဆင့်အတန်းက ဒီအတိုင်းပဲ ဖြစ်နေမှာ"
" သေမျိုးကမ္ဘာ ကိစ္စတွေကို မင်း စိတ်ကြိုက်လုပ်လို့ရတယ်"
" အဲဒီ နယ်မြေပိုင်ရှင်ရဲ့ လျှို့ဝှက်နက်နဲတဲ့ နေရာတွေကို ခွင့်ပြုချက်မပါဘဲ ဇွတ်မဝင်သရွေ့ပေါ့"
ထန်ထျန်း စိတ်ထဲမှာ အံ့အားသင့်သွားရသည်။
သူ ကျိကျွင်းအဆင့်ကို တက်လှမ်းလာကာစ ဖြစ်သဖြင့် ဤအဆင့်၏ စွမ်းအားနှင့် လုပ်ပိုင်ခွင့်ကို အပြည့်အဝ နားမလည်သေးသည်မှာ အမှန်ပင်။
လုံကျိုကျိုး ပြောပြမှသာ ပိုပြီး ရှင်းလင်းသွားတော့သည်။
"ဒါနဲ့ ငါ မင်းကို ပစ္စည်းတစ်ခု ပေးဦးမယ်"
ပြောပြောဆိုဆိုနှင့် လုံကျိုကျိုးက ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူကာ ထန်ထျန်းကို ကမ်းပေးလိုက်သည်။
၎င်းမှာ လုံကျိုကျိုး၏ သရုပ်မှန်ကို ဖော်ပြနိုင်သည့် တိုကင် တံဆိပ်ပြား ဖြစ်သည်။
"ဒါရှိရင် ထိုက်ယိမြင့်မြတ်နယ်မြေထဲမှာ မင်းရဲ့ အဆင့်အတန်းက ငါနဲ့ တန်းတူပဲ။ ဘာလုပ်လုပ် ရတယ်"
"လင်းယွင် တောင်တန်း ပွင့်ဖို့ အချိန်နည်းနည်း လိုသေးတော့ ဒါက မင်းအတွက် အသုံးဝင်နိုင်လိမ့်မယ်"
လုံကျိုကျိုးက ပြော၏။
ထန်ထျန်းက ကျေးဇူးတင်စကား ပြောကာ တိုကင် ပြားကို သိမ်းလိုက်သည်။
အသုံးဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ ဤသည်မှာ လုံကျိုကျိုး၏ စေတနာပင် ဖြစ်သည်။
အရာအားလုံး ပြောပြီးနောက် လုံကျိုကျိုးက သက်ပြင်းရှည်ကြီး ချလိုက်ကာ "မဟာကောင်းကင်အရှင်ကတော့ ပြန်ရှင်လာပြီ၊ ဒါပေမဲ့ ကမ္ဘာ့အရှင် ပြန်လာနိုင်မလားဆိုတာကတော့ မရေရာသေးဘူး"
"ဒီကမ္ဘာကြီးရဲ့ အနာဂတ်က ဘယ်ကို ဦးတည်သွားမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"
"ဒါပေမဲ့ ကြိုတင် ခန့်မှန်းလို့ ရတာကတော့ မကြာခင်မှာ ကြီးမားတဲ့ အမှောင်ထု ကပ်ဘေးကြီး ရောက်လာတော့မယ်"
" ဒီကပ်ဘေးထဲမှာ ဘယ်သူမှ အပြင်လူအဖြစ် မနေနိုင်သလို ငါတို့အားလုံးလည်း သေဆုံးပြီး မြေမှုန့် ဖြစ်သွားနိုင်တယ်"
"အခု လူအများစုက စောင့်ကြည့်နေကြတယ်၊ အလောင်းအစား လုပ်နေကြတယ်။ အနာဂတ်မှာ ရှင်သန်နိုင်မယ့် အခွင့်အရေးကို ရှာနေကြတာပေါ့"
ထို့နောက် လုံကျိုကျိုးက ထန်ထျန်းကို ကြည့်ကာ ပြော၏။ "မင်းက အရမ်းကို ထူးခြားတဲ့ တည်ရှိမှုပဲ ထန်ထျန်း"
"မင်းက ဒီကစားပွဲမှာ ဘယ်လို ဇာတ်ကောင်နေရာက ပါဝင်နေလဲဆိုတာ ငါ မမြင်နိုင်ပေမဲ့ မင်းက အလွန်အရေးကြီးတဲ့သူ ဖြစ်ရမယ်ဆိုတာတော့ သေချာတယ်"
" ဒါကြောင့်..."
"ငါတို့ကြားမှာ အမြဲတမ်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေဖို့ ငါ မျှော်လင့်တယ်"
ထန်ထျန်း မေးစေ့ကို ပွတ်ကာ ပြုံးလိုက်သည်။ "ဒါဆို မင်းက ငါ့အပေါ်မှာ အလောင်းအစား လုပ်လိုက်တာပေါ့ ဟုတ်လား"
" မင်းမှာ နေနတ်ဘုရား ရှိနေတာပဲ၊ ဘာလို့ လှေနှစ်စင်း စီးဖို့ ပြင်နေရတာလဲ"
လုံကျိုကျိုးက ခေါင်းခါပြသည်။ "နေနတ်ဘုရားက မြင့်မြတ်လွန်းတယ်။ ငါ ဝူရှန့်ကျိကျွင်း ဖြစ်လာရင်တောင် သူက ငါ့ကို အထူးတလည် ဂရုစိုက်မှာ မဟုတ်ဘူး"
"ပြီးတော့..."
"အကယ်၍ ကမ္ဘာကြီးသာ မဟာကောင်းကင်အရှင်ကြောင့် ပျက်စီးသွားမယ်ဆိုရင် မူလတည်ရှိမှု ငါးဦးလည်း လုံးဝ ရှင်သန်နိုင်မှာ မဟုတ်ဘူး"
သူ၏ လေသံမှာ အဝေးသို့ လွင့်ပျံ့နေသည်။
ထန်ထျန်းလည်း သူ၏ ဆိုလိုရင်းကို နားလည်သွားသည်။
သူ့အတွက်လည်း ဝူရှန့်ကျိကျွင်း ဖြစ်လာတော့မည့် အင်အားကြီးသူတစ်ဦးနှင့် ကြိုတင်ပြီး ဆက်ဆံရေး တည်ဆောက်ထားခြင်းက မဆိုးသည့် ရွေးချယ်မှုပင် ဖြစ်သည်။
"ကောင်းပြီ၊ ဒါဆို အဲဒီအတိုင်းပဲ သဘောတူတယ်"
ထန်ထျန်းက သူ့ကို လက်ခံလိုက်သည်။
ရိုးရှင်းသော နှုတ်ကတိ မဟာမိတ်အဖွဲ့မှာ ဤသို့ဖြင့် ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက်တွင် နှစ်ဦးသား တခြားသော ကိစ္စများကို ဆက် ပြောကြသည်။ လုံကျိုကျိုးက ထန်ထျန်းအား နတ်ဘုရားမျက်နှာသာပေးခံရသူနှင့် သဘာဝမျိုးစေ့ သတင်းများ ပေါက်ကြားသွားပါက အဆုံးမရှိသော ပြဿနာများ ရောက်လာလိမ့်မည်ဖြစ်ကြောင်း အကြိမ်ကြိမ် သတိပေးခဲ့သည်။
ထို့ကြောင့် အပြည့်အဝ ပြင်ဆင်မှု မရှိဘဲ လွယ်လွယ်နှင့် မဖော်ထုတ်ရန် ဆိုသည်။
ထန်ထျန်းကလည်း အလေးအနက် ခေါင်းညိတ်ပြသည်။ သူ့၏ အသက်ဘေးနှင့် ပတ်သက်လျှင် သူက အမြဲတမ်း သတိကြီးစွာ ထားတတ်သူ ဖြစ်သည်။
မည်မျှ ကြာသွားသည် မသိ၊ လုံကျိုကျိုး၏ ပုံရိပ်မှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး အဖြူရောင် ဟင်းလင်းပြင်ကြီးမှာလည်း လျင်မြန်စွာ ကျုံ့ဝင်လာတော့သည်။
ဤဟင်းလင်းပြင်နှင့် လုံကျိုကျိုး၏ ပုံရိပ်မှာ ထန်ထျန်း ရောက်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
ယခု ပြောစရာရှိသည်များ ပြောပြီးပြီ ဖြစ်သဖြင့် ပျက်ပြယ်သွားခြင်း ဖြစ်သည်။
ထန်ထျန်းက ထိုနေရာတွင် ခေတ္တမျှ တစ်ယောက်တည်း ရပ်နေပြီးမှ အပြင်သို့ ထွက်လာခဲ့သည်။
သူ ကောင်းကင်တာအိုမျှော်စင် ၏ အပေါ်ဆုံးထပ် အခန်းသို့ ရောက်လာချိန်တွင် ဟင်းလင်းပြင် တံခါးမှာ ပိတ်သွားပြီး ဖောက်ထွင်းမြင်ရ သော ခရစ်စတယ် မှာလည်း အပိုင်းပိုင်း ကွဲကြေကာ နောက်ဆုံးတွင် မြေမှုန့်အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။
အဖြူရောင် ဟင်းလင်းပြင်အတွင်းမှ သူတို့နှစ်ဦး၏ စကားဝိုင်းကို မည်သူမျှ မသိနိုင်တော့ပေ။
အမှန်စင်စစ် ယခုအချိန်အထိ ထန်ထျန်းက လုံကျိုကျိုး၏ အစစ်အမှန် ရပ်တည်ချက်ကို အပြည့်အဝ မသေချာသေးပါ။ သို့သော် ထိုအရာများက အရေးမကြီးတော့ပေ။
မကြာမီ ရောက်ရှိလာတော့မည့် ကပ်ဘေးကြီးထဲတွင် မည်သူမျှ တစ်ကိုယ်တည်း ကင်းလွတ်နေနိုင်မည် မဟုတ်ဘဲ လူတိုင်းက ရှင်သန်နိုင်ရန် အစွမ်းကုန် ကြိုးစားကြရမည်သာ ဖြစ်သည်။
မဟာကောင်းကင်အရှင် တရားဝင် ထွက်ပေါ်လာချိန်တွင်...
ဤသည်မှာ ကမ္ဘာပျက်ကပ် မတိုင်မီ နောက်ဆုံးသော ပျော်ပွဲရွှင်ပွဲကြီး ဖြစ်လာနိုင်ပေတော့သည်။