← Chapters

အရှင်အိန္ဒြ

Vol. 9 Ch. 850

အရှင်အိန္ဒြ

Vol. 9 Ch. 850

မဟာမြို့တော်ကြီးတွင် လူအများစု ကျင့်ကြံကြသည့် တရားဓမ္မများမှာလည်း ထိုရှေးဟောင်းဘုန်းတော်ကြီးများ၏ ကျင့်စဉ်များနှင့် အတွေးအခေါ်အယူအဆများပင် ဖြစ်လေသည်။

အချို့သူများက ထိုရှေးဟောင်းဘုန်းတော်ကြီးများ၏ ကျင့်စဉ်များသည် ကွန်ဖြူးရှပ်ဝါဒဖြစ်သည့် "သဘာဝဓမ္မနှင့်ဖြစ်ခြင်းပျက်ခြင်း" နှင့် ဆင်တူသည်ဟု ဆိုကြလေသည်။ သို့သော်… တကယ်တမ်းတွင်တော့ ထိုသို့ မဟုတ်ပေ။

ထိုဝါဒ (၂)ခုကြားတွင် ကွဲပြားမှု တစ်ခု ရှိလေသည်။ "သဘာဝဓမ္မနှင့်ဖြစ်ခြင်းပျက်ခြင်း" ဆိုသည်က စိတ်ကိုအခြေခံပြီး စင်ကြယ်အောင်ကျင့်ကြံရသည့်ကျင့်စဉ်ဖြစ်လေသည်။ သို့သော်… ရှေးဟောင်းဘုန်းတော်ကြီးများကတော့ စင်ကြယ်အောင်အရင်ဖြည့်ကျင့်ပြီးမှ စိတ်ကိုလေ့ကျင့်ရသည့်ကျင့်စဉ်ကို ကျင့်သုံးကြခြင်း ဖြစ်လေ၏။

မဟာမြို့တော်မှ ထိုရှေးဟောင်းဘုန်းတော်ကြီးများသည် စစ်မှန်သည့်တာအိုကျောင်းတော်များမှ နတ်ဘုရားများကဲ့သို့ ၊ အခြားသောကွန်ဖြူးရှပ်ဝါဒကျင့်ကြံသူများကဲ့သို့ မဟာမြို့တော်တွင် ကျင့်စဉ်ပညာများကို သင်ကြားပြသပေးနေသူများ ဖြစ်ကြလေသည်။

မဟာမြို့တော်သည် ရှေးဟောင်းဘုန်းတော်ကြီးများ၏ တရားဓမ္မများကို လက်ခံကြပြီး မိစ္ဆာကျင့်စဉ်ကျင့်ကြံသူများကိုတော့ အဝင်မခံဘဲ တားမြစ်ထားကြလေသည်။

မိစ္ဆာကျင့်စဉ်ဆိုရာတွင် လူသိအများဆုံး မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ်နှင့် အသူရာမျိုးနွယ်များကျင့်ကြံကြသည့် မစ္ဆိာကျင့်စဉ်များကို ပြောခြင်း ဖြစ်လေသည်။

မဟာမြို့တော်မှလူအများက ထိုသို့သော ကျင့်စဉ်များကို ကျင့်ကြံထားကြသည့် မိစ္ဆာကျင့်ကြံသူများကို အဘယ့်ကြောင့် လက်မခံရပါသနည်းဆိုသော် သူတို့သည် ဗုဒ္ဓဘာသာကို အလွန်ကိုင်းရှိုင်းကြသောကြောင့် ဖြစ်လေသည်။

ထို့ပြင် သူတို့သည် ဗုဒ္ဓကိုစောင့်ရှောက်သူဆိုသည့် အရှင်အိန္ဒြကို နာကျည်းကြသည့်အတွက် မိစ္ဆာကျင့်ကြံသူများကို သဘောမကျကြခြင်း ဖြစ်လေ၏။

သို့သော် အရှင်အိန္ဒြဆိုသည့်အမည်ကို လူအများစုက သိပ်ပြီးမပြောကြပေ။ "တိစစ်ထျန်း" ဟုဆိုမှသာ ပြောကြလေသည်။

တိစစ်ထျန်းသည် လူသားများမှ မွေးဖွားလာသူ မဟုတ်ပေ။ မိုးကောင်းကင်မှ မိုးကြိုး (၉)ကြိမ်တိတိ ပစ်ခတ်ပြီးသည့်နောက် မွေးဖွားလာသူတစ်ယောက်ဖြစ်လေသည်။ ထို့ကြောင့် မွေးရာပါ မိုးကြိုးတန်ခိုးစွမ်းအားကို ပိုင်ဆိုင်သူဖြစ်လေသည်။

သူသည် ဗုဒ္ဓကိုအလွန်ယုံကြည်ကိုးကွယ်ဆည်းကပ်သူဖြစ်ပြီး ဗုဒ္ဓလမ်းစဉ်ကို စောင့်ရှောက်သူလည်း ဖြစ်လေသည်။

သို့သော်… ဗုဒ္ဓ စကကြာဝဠာကို ကျော်လွန်သွားပြီးသည့်နောက်ပိုင်း တိစစ်ထျန်းက သာသနာကိုပုန်ကန်ခဲ့ပြီး အသူရာလမ်းစဉ်သို့ လိုက်ခဲ့လေသည်။

လောကတွင်ပျံ့နှံ့နေသည့် ကြောက်မက်ဖွယ်ရာ "သွေးဓား" ကျင့်စဉ်၏ မူလပထမ တီထွင်သူမှာ တိစစ်ထျန်းပင် ဖြစ်လေ၏။

ဗုဒ္ဓ စကြာဝဠာကိုကျော်လွန်သွားပြီးသည့်နောက်ပိုင်း လင်စန်းတောင်ကို ပထမအကြိမ် ဒုက္ခအကြီးအကျယ်ပေးခဲ့သူမှာ တိစစ်ထျန်းဖြစ်လေသည်။

မဟာကျားရဲ့ကိုယ်တော်ကြီးနှင့် အလွန်တရာရင်းနှီးသည့်ဆက်ဆံရေးရှိသည့် အာနန်ကိုယ်တော်သည်တိစစ်ထျန်း၏ အသူရာဓားချက်ကြောင့် ပျံလွန်တော်မူခဲ့ရလေသည်။

လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်က မဟာကျားရဲ့ကိုယ်တော်ကြီး မဟာမြိုကတော်တွင် လာရောက်တရားဟောပြောသည့်အချိန်တွင်လည်း တိစစ်ထျန်းရောက်လာခဲ့ပြီး ဓားချက် (၃)ချက်ဖြင့် တိုက်ခိုက်ခဲ့လေသည်။

လင်စန်းတောင် ဒုတိယအကြိမ် ဘေးအန္တရယ်နှင့်ရင်ဆိုင်ရသည့်အခါ မဟာကျားရဲ့ကိုယ်တော်ကြီးမှာ ယခင် တိစစ်ထျန်းထိုးနှက်ခဲ့သည့် ဓားဒဏ်ရာအဟောင်းကြောင့် နောက်ထပ်တိုက်ခိုက်သည့်ဒဏ်များကို မခံနိုင်ဘဲ ပျံလွန်တော်မူခဲ့ရခြင်းဖြစ်သည်ဟု ဆိုကြလေသည်။

သို့သော်… ထိုအချက်က ကောလဟလသာဖြစ်ပြီး အတည်ပြုရန်တော့ မဖြစ်နိုင်ပေ။ မဟာမြို့တော်မှ လူအများကတော့ ထိုအချက်ကို ယုံကြည်ကြလေသည်။

လင်ကျိုးနယ်သည် ဗုဒ္ဓဘာသာကိုးကွယ်သည့် တိုက်ကြီးတစ်တိုက်ဖြစ်လေသည်။သို့သော်… ဗုဒ္ဓဘာသာကို လုံး၀ မကိုးကွယ်သည့် တိုင်းပြည်တစ်ခုရှိလေ၏။

ထိုတိုင်းပြည်သည်ကား "မာဂဓတိုင်း" ဟု ခေါ်တွင်လေသည်။

မာဂဓတိုင်းတွင် အုပ်ချုပ်မင်းလုပ်သည့်သူကား အခြားသူမဟုတ်။ တိစစ်ထျန်းပင် ဖြစ်လေ၏။ ထိုတိုင်းပြည်သို့ ကျူဖူကိုယ်တော်များ ၊ လော်ဟန်ကိုယ်တော်များနှင့် ဗောဓိသကျများ ခြေချခြင်းကို လုံးဝလက်မခံပေ။

ဆန်းလျန်နှင့် ကျောက်ရှောင်ယွီမှာ တိစစ်ထျန်း၏အကြောင်းကို ကြားသိပြီးသည့်နောက် ကိုယ်စီအတွေးများဖြင့် ရှိနေကြတော့သည်။

ကျောက်ရှောင်ယွီက…

"ကျွန်မက သွေးဓားရဲ့မူလဇာစ်မြစ်က မာရ်နတ်ဆီကလို့ ထင်နေတာ ၊ အခုတော့ အရှင်အိန္ဒြက မူလတီထွင်တဲ့သူ ဖြစ်နေတာကိုး…"

ဆန်းလျန်က…

"ဒီ မဟာမြို့တော်ကလူတွေပြောပုံအရဆိုရင်တော့ အရှင်အိန္ဒြရဲ့သွေးဓားက ဗုဒ္ဓရဲ့ဓမ္မကို တိုက်ခိုက်ခဲ့တာပဲ ၊ ဒီတော့ အရှင်အိန္ဒြအကြောင်းက ခန့်မှန်းရတော်တော်ခက်တယ်…"

ကျောက်ရှောင်ယွီက…

"ရှင်က အော်မီတော်ဖူဘုရားရဲ့ သုခဘုံကို သွားချင်တာမလား ၊ ကျွန်မတို့ အရှင်အိန္ဒြဆီက စပြီးစုံစမ်းကြည့်ကြမလား…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"အဲဒီလိုပဲလုပ်ရမှာပေါ့ ၊ သူက အရင်တုန်းက ဗုဒ္ဓကို ကိုးကွယ်တဲ့သူလေ ၊ သူက သုခဘုံနဲ့ လင်စန်းတောင်အကြောင်းကောင်းကောင်းသိမှာပဲ ၊ ပြီးတော့ ကျုပ်ရဲ့ ယိလမ်းစဉ်က ဘယ်လောက်ပဲ စွမ်းအားမြင့်မားတယ်ပြောပြော သုခဘုံနဲ့ လင်စန်းတောင်ကိုတော့ ခန့်မှန်းကြည့်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး…"

ကျောက်ရှောင်ယွီက….

"အရှင်အိန္ဒြက မာဂဓတိုင်းကိုတည်ထောင်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ အဲဒီတိုင်းပြည်မှာတည်ဆောက်ထားတဲ့ သံမဏိတံတိုင်းတွေက သာမန်တော့ မဟုတ်လောက်ဘူးနော် ၊ အရံအတားတွေတော့ စီရင်ထားမှာပဲ ၊ ပြီးတော့ အခုချိန်မှာ ကျွန်မတို့ သိပ်ပြီး လှုပ်ရှားမှုတွေလုပ်လို့ မကောင်းသေးဘူးလို့ ထင်တာပဲ…"

ဆန်းလျန်က…

"အရှင်အိန္ဒြက ဘယ်လောက်တန်ခိုးစွမ်းအားမြင့်မားသလဲဆိုတာ ကျုပ်လည်းမသိဘူး ၊ ဒဏ္ဍာရီအရဆိုရင်တော့ သူ့ကြောင့် မဟာကျားရဲ့ကိုယ်တော်ကြီး ဓားဒဏ်ရာသုံးချက်ရခဲ့တယ်လို့ ဆိုကြတယ် ၊ အဲဒီ ဓားချက်သုံးချက်ကို ကျုပ်မျက်စိနဲ့ မြင်ခွင့်ရမယ်ဆိုရင်တော့ သူ့အစွမ်းဘယ်လောက်ရှိလဲ ခန့်မှန်းကြည့်နိုင်မှာပဲ…"

ကျောက်ရှောင်ယွီက သံသယဝင်သည့်လေသံဖြင့်…

"ဒါပေမဲ့ အဲဒီအဖြစ်အပျက်က လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်က အဖြစ်အပျက်ပဲ ၊ ကျွန်မတို့ မျက်လုံးနဲ့ မြင်ဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…"

ဆန်းလျန်က ပေါ့ပေါ့ပါးပါးလေသံဖြင့်…

"အခုတလော ကျုပ်လည်း နည်းနည်းပါးပါးထူးဆန်းတာတွေကို ကျင့်ကြံထားတာရှိတယ် ၊ အချိန်ကို နောက်ပြန်လှည့်နိုင်ဖို့ ကြိုးစားကြည့်ကြတာပေါ့…"

ဆန်းလျန်စကားကြောင့် ကျောက်ရှောင်ယွီမှာ အလွန်ပျော်ရွှင်သွားပုံရလေသည်။

သူမက အရှင်အိန္ဒြ၏ဓားချက်သုံးချက်ကို တွေ့မြင်ရတော့မည့်အတွက် ပျော်ရွှင်သွားခြင်းမဟုတ်ပေ။ ဆန်းလျန်က အချိန်ကို နောက်ပြန်လှည့်နိုင်သည့်စွမ်းအားကို ရရှိသွားသည့်အတွက် ပျော်ရွှင်သွားမိခြင်းဖြစ်လေသည်။ အချိန်ကို ထိတွေ့နိုင်ပြီကို ကြည့်ခြင်းအားဖြင့် ဆန်းလျန်သည် ခန့်မှန်းရခက်သည့်အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သူမ ရိပ်မိလိုက်သည်။

အမှန်တော့ ဆန်းလျန်အနေဖြင့် အချိန်ကိုနောက်ပြန်လှည့်နိုင်ရန်မှာ (၁၀၀) ရာခိုင်နှုန်း မသေချာပေ။ သို့သော်… ကြိုးစားကြည့်ခြင်းက အရှုံးမရှိနိုင်ပေ။

ထို့ပြင် အချိန်ကို နောက်ပြန်လှည့်ရန်အတွက် ပြင်ဆင်မှုများပြုလုပ်ရန် လိုအပ်သေးသည်။

မဟာမြို့တော်ကြီးတွင် ရှေးဟောင်းပစ္စည်းရောင်းသည့် လမ်းမတစ်ခု ရှိလေသည်။

ထိုနေရာသည် ရှေးဟောင်းစာပေများ ၊ ပန်းချီကားချပ်များ ရောင်းချရာတွင် အလွန်နာမည်ကြီးသည့် နေရာတစ်ခု ဖြစ်လေ၏။

မဟာမြို့တော်ကြီးသည် ဇင်ဗုဒ္ဓဘာသာထွန်းကားသည့်မြို့တော်ကြီးဖြစ်လေရာ ရှေးဟောင်းသူတော်စင်များ ချန်ထားခဲ့သည့် စာဟောင်းပေဟောင်းများနှင့် ပန်းချီကားချပ်အဟောင်းများသည် ကျင့်ကြံသူများအတွက် များစွာ အထောက်အကူ ဖြစ်လေသည်။

ထို့ကြောင့် ရှေးဟောင်းပစ္စည်းများရောင်းသည့်လမ်းမသို့ ကျင့်ကြံသူများ လာရောက်လေ့လာလေ့ ရှိကြလေသည်။

ထို့ကြောင့် အချို့သော ကုန်သည်များက ပန်းချီကားအတုများ ၊ ကျမ်းစာအတုများပြုလုပ်ကာ လိမ်လည်ကြသည်များလည်းရှိသလို ရှေးဟောင်းကျမ်းစာအစစ်များကိုပင် မတန်တဆဈေးခေါ်ကာ ရောင်းချကြသည်များလည်း ရှိလေ၏။

ထို့ကြောင့် ပါးပါးနပ်နပ်မရှိလျှင် ဈေးကြီးလည်းမိနိုင်သလို ပစ္စည်းအတုဖြင့်လည်း ခံလိုက်ရနိုင်လေသည်။

သို့သော်… ကိုယ်အသုံးမကျသောကြောင့် ကိုယ်အလိမ်ခံရသည်ဖြစ်လေရာ အခြားသူများကို အပြစ်တင်၍လည်း မရနိုင်ပေ။

ထို့ပြင် အလိမ်မိသွားပါက ငွေသာဆုံးပြီး အကျိုးမရှိဖြစ်ရပေလိမ့်မည်။

သို့သော်… နှစ်ပေါင်းများစွာ နာမည်ကောင်းဖြစ်ရပ်တည်နေကြသည့် ရှေးဟောင်းပစ္စည်းဆိုင်များလည်း များစွာ ရှိလေသည်။

ထူးဆန်းသည်မှာ လမ်းမအလယ်ပိုင်းတွင်ရှိနေသည့် ရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင် ဖြစ်လေသည်။

ထိုဆိုင်နာမည်မှာ "ကျီးကျီကျိုက်" ဖြစ်လေ၏။

ကျီးကျီကျိုက်ရှေးဟောင်းပစ္စည်းဆိုင်မှာ မဟာမြို့တော်ကြီး စတင်တည်ထောင်ကတည်းက တည်ရှိခဲ့သည့် ဆိုင်တစ်ဆိုင်ဖြစ်ပြီး ဆိုင်ပိုင်ရှင်မှာ ဝမ်မျိုးရိုးဖြစ်လေသည်။ နာမည်အပြည့်အစုံမှာတော့ ဝမ်ရှီတောက် ဟူ၍ဖြစ်လေ၏။

ဝမ်ရှီတောက်မှာ အသက် (၃၀)ခန့် လူရွယ်တစ်ယောက်ဖြစ်လေသည်။ သို့သော် ဆံပင်များက မီးခိုးရောင်သမ်းနေသည့်အတွက် သူ့အသက်မှာ မသိလျှင် (၅၀)ကျော်ခန့်အရွယ်ထင်မှတ်ရသည်။

သူက စာပေပညာအလွန်နှံ့စပ်သူတစ်ယောက်ဖြစ်လေသည်။ မဟာမြို့တော်မှ အကျော်ကြားဆုံးစာပေပညာရှင် အားထီမော့မှာ ဝမ်ရှီတောက်၏ တပည့်ဖြစ်လေ၏။ သို့သော်… အားထီမော့ကို ဝမ်ရှီတောက်၏ တပည့်ဟု သိကြသူက ခပ်ရှားရှားပင် ဖြစ်သည်။

ဝမ်ရှီတောက်ကလည်း အားထီမော့မှာ သူ့တပည့်ဖြစ်သည်ကို လူအများ သိစေလိုခြင်းမရှိပေ။ ထို့ပြင် သူက အားထီမော့ကို သူ့တပည့်ဟုပင် သတ်မှတ်မထားခဲ့ပေ။

သို့သော် နှစ်စဉ်နှစ်တိုင်း အားထီမော့က နေ့ကောင်းရက်မြတ်ကိုရွေးကာ သူ့ကို အရက်ကောင်းနှင့် အစားအသောက်များနှင့် လာရောက်ကန်တော့လေ့ရှိလေသည်။

ယနေ့ ရာသီဥတုက အလွန်သာယာလေ၏။

ကောင်းကင်တွင် တိမ်ကင်းစင်နေပြီး လေပြေကလည်း ခပ်အေးအေးတိုက်ခတ်နေသည့်အတွက် လမ်းမထက်ရှိ သစ်ပင်များမှာ ယိမ်းနွဲ့လှုပ်ရှားနေကြလေသည်။ ထိုမြင်ကွင်းမှ ယိမ်းသမလေးများ က ပြ ဖျော်ဖြေသည်ထက်ပင် လှပသည်ဟု ထင်မှတ်ရသည်။

အားထီမော့သည် ခေါင်းကို အဝတ်ဖြူတစ်စဖြင့်ပေါင်းထားပြီး မျက်နှာထက်တွင်လည်း မုတ်ဆိတ်မွှေးများရှိလေသည်။ မျက်နှာထားကလည်း အလွန်တည်ကြည်လေ၏။

သို့သော်… အားထီမော့က အလွန်သဘောကောင်းသူ ဖြစ်လေသည်။ မြင့်မြတ်သည့်ဘုရင့်သားတော်မှအစ ဆင်းရဲလွန်းသည့်သူတောင်းစားအဆုံး ရင်းနှီးခင်မင်အောင် ပေါင်းသင်းနိုင်စွမ်း ရှိသူလည်းဖြစ်သည်။

ထို့ပြင် သူက အောက်ခြေလူတန်းများနှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်ပြီး မတရားခံရသည့် ဆင်းရဲသားလူတန်းစားအတွက် အမြဲတမ်း တရားမျှတမှုကို ရှာဖွေပေးတတ်သည်။

မဟာမြို့တော်တွင် သူ့ကို ဗောဓိသကျကဲ့သို့ ကရုဏာတရားရှိသူဟု လူအများက တင်စားကြသည်။

အားထီမော့က ကျီးကျီကျိုက်ရှေးဟောင်းပစ္စည်းဆိုင်ရှေ့သို့ရောက်လာပြီး ဆိုင်တံခါးကို ခေါက်လိုက်လေသည်။

ခဏအကြာတွင် ဆိုင်တံခါးပွင့်လာပြီး လူငယ်လေးတစ်ယောက် ထွက်လာလေသည်။

"ဆရာအားထီမော့ ၊ အစ်ကိုကြီးဝမ်က ဧည့်သည်တွေနဲ့ စကားပြောနေတယ် ၊ သူက ဆရာ့မှာ နှင်းကြာပန်းသေရည်ပါလာတယ်လို့ပြောတယ် ၊ အဲဒါ ဧည့်သည်တွေကို ဧည့်ခံဖို့ သေရည်ယူခိုင်းလိုက်လို့ပါ…"

***

All Chapters