အခန်း (၇၁-၇၂)
Vol. 8 Ch. 71-72
အခန်း (၇၁) မူလဓားဆန္ဒ
“ဝီ'’
ချန်လော့သည် သူ၏လက်ထဲတွင် ပိတ်လှောင်ခြင်း ဝင်္ကပါတစ်ခုကို ဖန်တီးလိုက်၏။ထိုပိတ်လှောင်ခြင်း ဝင်္ကပါ အစစ်အမှန် ဖြစ်တည်သွားသည့် တစ်ခဏချင်းမှာပင် ချန်လော့သည် သူ၏ခန္ဓာကိုယ် အတွင်းမှ တိုင်းတာ၍မရသော စွမ်းအားများ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
ထို့အပြင် ဒုတိယအဆင့် အစောပိုင်း ဝင်္ကပါဆရာနှင့် ပတ်သက်သည့် အသိအမြင် များစွာသည်လည်း သူ၏ စိတ်ထဲတွင် စတင် ပေါ်ပေါက်လာ၏။
“သင်သည် ပိတ်လှောင်ခြင်း ဝင်္ကပါတစ်ခုကို ခင်းကျင်းပြီးသွားပါပြီ... အဆတစ်ရာ တိုးပွားသွားပြီးနောက် မှာ ပိတ်လှောင်ခြင်း ဝင်္ကပါ အခုတစ်ရာ ခင်းကျင်းပြီးသွားပြီ..."
"ဝင်္ကပါ မန္တာန်အပေါ် သင်၏ နားလည်သဘောပေါက်နိုင်စွမ်းသည် အဆင့်တစ်တစ်ခုကို ရောက်ရှိသွားပါပြီ..."
"သင်သည် ဒုတိယအဆင့် အစောပိုင်း ဝင်္ကပါဆရာအဆင့်ကို ရောက်ရှိသွားပါပြီ..."
ချန်လော့၏ မျက်လုံးများသည် ပြောင်းလဲသွားပြီး ထက်မြက်သည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ သူ၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ထပ်မံ ပေါ်လာသည်။
"နောက်ဆုံးတော့ ငါ အဆင့်တက်သွားပြီပဲ..."
ထိုသို့ ပြောရင်းနှင့် ချန်လော့သည် ဝင်္ကပါ အသုံးပြုထားသော သူ၏ လက်ကို အနည်းငယ် လှည့်လိုက်ရာ ခင်းကျင်းပြီးသား ဖြစ်သည့် ပထမအဆင့် ပိတ်လှောင်ခြင်း ဝင်္ကပါမှာ ရုတ်တရက် တုန်ခါသွား၏။ထို့နောက် လူတိုင်း၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် အရာအားလုံးသည် စတင် ပြောင်းလဲလာသည်။ သုံးစက္ကန့်ပင် မပြည့်မီ အချိန်အတွင်း လုံးဝ အသစ်စက်စက် ပိတ်လှောင်ခြင်း ဝင်္ကပါတစ်ခုအဖြစ် ပြောင်းလဲသွား၏။
ထိုပိတ်လှောင်ခြင်း ဝင်္ကပါပေါ်ရှိ မှော်စာလုံးများသည် ယခင် ပိတ်လှောင်ခြင်း ဝင်္ကပါထက် ပို၍ ရှုပ်ထွေး နက်နဲပုံ ရသည်။ဤအရာသည် ဒုတိယအဆင့် ပိတ်လှောင်ခြင်း ဝင်္ကပါ ဖြစ်၏။
မြူခိုးလူသားသည် ချန်လော့၏ ဝင်္ကပါကို ဖျက်ဆီးလိုသော်လည်း သူသည် ချန်လော့၏ ပထမအဆင့် အထွတ်အထိပ် ဝင်္ကပါဆရာ စွမ်းရည်ကိုသာ အတုယူထားနိုင်ခြင်း ဖြစ်သည်။ ဒုတိယအဆင့် ဝင်္ကပါကို ဖြေရှင်းရန် သူ လုံးဝ အကူအညီမဲ့နေခြင်း မဟုတ်သော်လည်းပဲ ဖျက်ဆီးရန် အချိန် များစွာ ပိုယူရမည် ဖြစ်၏။
ချောက်…
တိုးညင်းသော အသံတစ်ခုနှင့်အတူ ပိတ်လှောင်ခြင်း ဝင်္ကပါသည် မြူခိုးလူသားကို အလွယ်တကူ ချောင်ပိတ်လိုက်သည်။ထိုအချိန်တွင်အဖြူရောင် မြအိုင် အပြင်ဖက်ရှိ ချန်ရှင်းဂိုဏ်းသားများမှာ လုံးဝ ဆွံ့အသွားကြ၏။
"အဲဒါ... အဲဒါက ဒုတိယအဆင့် ဝင်္ကပါပဲ... သူ အဆင့်တက်သွားပြီ..."
ဝင်္ကပါတောင်ထွတ်မှ အတွင်းဂိုဏ်းသား တစ်ယောက်သည် ချန်လော့၏ ဝင်္ကပါ အပြောင်းအလဲကို သတိပြုမိသွားပြီး ချက်ချင်း အော်ဟစ်လိုက်သည်။လူတိုင်း၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အမူအရာများ ပေါ်ထွက်လာကြ၏။
"မင်းပြောချင်တာ... ဂိုဏ်းတူအစ်ကိုကြီးချန်က တိုက်ပွဲဝင်နေရင်းနဲ့ အဆင့်တက်သွားတာလား..."
ထိုဝင်္ကပါတောင်ထွတ် ဂိုဏ်းသားသည် ခေါင်းညိတ်လိုက်ပြီး သူ၏ နဖူးပေါ်တွင် ချွေးစေးအချို့ ပြန်လာသည်။ တိုက်ပွဲအတွင်း ပထမအဆင့် အထွတ်အထိပ် ဝင်္ကပါဆရာအဖြစ်မှ ဒုတိယအဆင့်သို့ ထိုးဖောက် ကျော်လွန်ရန်မှာ ထူးကဲသော ပါရမီနှင့် စွမ်းရည် လိုအပ်ပြီး ဝင်္ကပါတောင်ထွတ်၏ အမှတ်အသားပင် ဖြစ်ကောင်း ဖြစ်နိုင်၏။ ထိုနေရာ၌ အကြီးအကဲပင်ရှိနေပါက အတော်လေး အံ့အားသင့်သွားလောက်သည်။
"ကိုယ့်ကိုယ်ကိုယ် အောင်နိုင်ဖို့ နည်းလမ်းက မိမိကိုယ်တိုင်ကို ကျော်လွန်သွားဖို့ပဲ... ဂိုဏ်းတူအစ်ကိုကြီးချန်က အဆင့်တက်သွားတဲ့နောက်မှာ မိမိကိုယ်ကိုယ် စမ်းသပ်မှုကို ကျော်ဖြတ်ပြီး ဒုတိယအဆင့် ဝင်္ကပါကို သုံးချင်နေတာပဲ..."
"ဪ... ဒါကြောင့်ကိုး... ဂိုဏ်းတူအစ်ကိုကြီးချန်က အစောကတည်းက သူ့ဓားကို ချထားခဲ့တာ မဆန်းတော့ပါဘူး... သူ အဲဒီလို တွေးနေခဲ့တာကိုး..."
"တိုက်ပွဲအတွင်းမှာ အဆင့်တက်သွားတယ်...
ဂိုဏ်းတူအစ်ကိုကြီးချန်ရဲ့ ပါရမီကိုက တကယ်ကို အံ့မခန်းပဲ... နှစ်ထောင်ချီကြာအောင် ဘယ်သူမှ မရဖူးတဲ့ ဒီအခွင့်အရေးက နောက်ဆုံးတော့ အဆုံးသတ်တော့မယ့်ပုံပဲ..."
လူအများသည် စကားပြောနေကြရင်း ချန်လော့အပေါ် သူတို့၏ လေးစားအားကျမှုများကို ချီးကျူးစကားများဖြင့် ဖော်ပြနေကြသည်။ အစောပိုင်းက ချန်လော့ကို လှောင်ပြောင် သရော်ခဲ့ကြသည့် အုပ်စုနှင့် အလုံးစုံ ကွဲပြားခြားနားသော အုပ်စုတစ်စုအလားပင် ဖြစ်နေသည်။ ဤအခိုက်အတန့်၌ ယန်ချင်းလင်၏ မျက်နှာသည် အလွန်အမင်း ရှုံ့မဲ့နေ၏။
"အဲဒီခွေးကောင်က ဘယ်လိုလုပ်ပြီး အဆင့်တက်သွားရတာလဲ..."
"ဘာလို့ ငါ မဟုတ်ဘဲ သူ ဖြစ်နေရတာလဲ... ဘာလို့လဲ..."
"မဖြစ်ဘူး... ဒီအခွင့်အရေးကို သူ့လက်ထဲ အကျခံလို့ လုံးဝ မဖြစ်ဘူး..."
ယန်ချင်းလင်သည် လေသံတိုးတိုးဖြင့် ပြောလိုက်ပြီးသည့်နောက်တွင် ချန်လော့ကို မော့ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင် လက်ခနဲလင်းသွားသည်။ အကယ်၍ ချန်လော့သာ ဤအခွင့်အရေးကို အမှန်တကယ် ရရှိသွားပါက သူသည် ချန်လော့ကို သတ်ပြီး လုယူမည်ဟု ကျိန်ဆိုလိုက်၏။တစ်ချိန်တည်းမှာပင် မြူခိုးလူသားနှင့် ချန်လော့တို့၏ တိုက်ပွဲမှာလည်း အဆုံးသတ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
ကုသခြင်းဆေးလုံး တစ်လုံးကို စားသုံးပြီးနောက် စွမ်းအင်တိုးပွားစေသော အာနိသင်ကြောင့် ချန်လော့၏ ဝိညာဉ်စွမ်းအင်သည် အနည်းဆုံး ခြောက်ဆယ်ရာခိုင်နှုန်းအထိ ပြန်လည် ပြည့်ဝလာ၏။ သူ၏ ဝင်္ကပါ မန္တာန်သည် ဒုတိယအဆင့်သို့ ထိုးဖောက်ကျော်လွန်သွားခြင်းနှင့်အတူ အောင်ပွဲ ချိန်ခွင်လျှာသည် သူ၏ဘက်သို့ စတင် ယိမ်းယိုင်လာပြီဖြစ်သည်။
"မိုးကြိုး ဝင်္ကပါ..."
ချန်လော့၏ အမိန့်ပေးသံနှင့်အတူ ဝင်္ကပါတစ်ခုသည် မြူခိုးလူသား၏ ခြေထောက်အောက်တွင် တစ်မုဟုတ်ချင်း ဖြစ်တည်လာ၏။ နောက်တစ်စက္ကန့်တွင် ခရမ်းရောင် မိုးကြိုးသွားတစ်စင်းသည် ကောင်းကင်ယံမှ ကျဆင်းလာပြီး မြူခိုးလူသားကို ပြင်းထန်စွာ ပစ်ခတ်သွားသည်။ဤတိုက်ခိုက်မှုနှင့် မိုးကြိုးသွားကြောင့် မြူခိုးလူသား၏ တိုက်ခိုက်ရေးစွမ်းအင်မှာ များစွာ လျော့ကျသွားရ၏။
ချန်လော့သည် သူ၏ ဓားရှည်ကို ဆွဲထုတ်၍ တစ်ဟုန်ထိုး တိုးဝင်သွားသည်။မြူခိုးလူသားတွင် ချန်လော့၏ ဓားသိုင်းများနှင့် အမျိုးမျိုးသော သိုင်းကွက်များကို အတုယူထားမှုများ ရှိနေသေးသော်လည်း မြူခိုးလူသားမှာ ပြင်းထန်စွာ ဒဏ်ရာရနေပြီ ဖြစ်၍ သူ၏ ခွန်အားမှာလည်း အတော်လေး လျော့ကျနေပြီ ဖြစ်၏။
အခြားတစ်ဘက်တွင်လည်း ချန်လော့သည် ဝိညာဉ်စွမ်းအင် ထက်ဝက်ခန့်သာ ကျန်ရှိတော့ပြီး ခန္ဓာကိုယ် ခွန်အား များစွာ ကုန်ဆုံးသွားသော်လည်း ပြင်းထန်သည့် ဒဏ်ရာများ မရရှိထားဘဲ အထွတ်အထိပ် အခြေအနေတွင် ရှိနေဆဲ ဖြစ်သည်။ဓားသွား ကျရောက်မည့် နေရာကို မြူခိုးလူသားသည် ကြိုတင် သိရှိနေပြီး ဓားကို မြှောက်၍ ကာကွယ်ရန် ကြိုးစားခဲ့သော်လည်း ဓားသည် သူ၏ ရှေ့သို့ ထိုးစိုက်လာချိန်တွင် နောက်ကျသွားခဲ့ပြီ ဖြစ်၏။
ဇွက်…
ဓားသွားသည် မြူခိုးလူသား၏ ပခုံးကို ဖောက်ဝင်သွားပြီး နောက်ကျောမှ ပြန်လည်ထွက်ပေါ်လာသည်။ ယင်းနောက် ရုတ်တရက် ခါယမ်းလိုက်ခြင်းနှင့်အတူ ဓားသွားသည် မြူခိုးလူသား၏ ပခုံးကို ဖြတ်တောက်သွား၏။
"မင်းနဲ့ ဆက်မကစားတော့ဘူး... ငါ့ရဲ့ အခွင့်အရေးကို သွားယူတော့မယ်..."
ချန်လော့ ပြောလိုက်ချိန်တွင် သူ၏ နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ပေါ်လာသည်။ သူ၏ လက်ထဲရှိ ဓားရှည်၏ ဓားသွားပေါ်တွင် ဝင်္ကပါ ဟူသော ရလဒ်သည် တဖြည်းဖြည်း ပေါ်လာ၏။
နောက်တစ်စက္ကန့်တွင် ချန်လော့သည် သူ၏ ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး ဓားသွားသည် မြူခိုးလူသား၏ နှလုံးသားဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။ မြူခိုးလူသားမှာ ခုခံရန် စွမ်းအား မရှိတော့သဖြင့် ချန်လော့၏ ဓားသွားသည် သူ၏ နှလုံးသားအား ထိုးစိုက်လိုက်သည်ကို အကူအညီမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်တော့၏။
နောက်တစ်စက္ကန့်တွင် မြူခိုးလူသားသည် ဘုန်း ခနဲ အသံနှင့်အတူ အဖြူရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး အဖြူရောင် မြအိုင်ထဲသို့ ပြန်လည် ဝင်ရောက်သွားသည်။ ချန်လော့ကို ဝန်းရံထားသော မြူတံတိုင်းများသည်လည်း လွင့်စင် ပျောက်ကွယ်သွား၏။မြူတံတိုင်းပျောက်ကွယ်သွားချိန်၌ နောက်ထပ် အဖြူရောင် မြူခိုးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး စတင် စုစည်းလာသည်။
"စမ်းသပ်မှုတွေ ရှိနေသေးတာလား..."
ချန်လော့ မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။ မည်သို့ပင်ဆိုစေကာမူ သူ၏ တတိယမြောက် တာအိုစမ်းသပ်မှုကို ပြီးမြောက်ခြင်းသည် သမိုင်းတွင် မကြုံစဖူးဖြစ်သော အောင်မြင်မှု တစ်ခု ဖြစ်သည်။ သို့သော်လည်းပဲ တတိယမြောက် တာအိုစမ်းသပ်မှုသည် နောက်ဆုံး စမ်းသပ်မှု ဖြစ်သည်ဟု မည်သူကမျှ မပြောခဲ့ဖူးချေ။
ဤသည်က ရေတွက်၍ပင် မရနိုင်သော လူအများကို အခက်တွေ့စေခဲ့သည့် တာအိုစမ်းသပ်မှု တစ်ခုမျှသာ ဖြစ်၏။ မကြာမီ အဖြူရောင် မြူခိုးများသည် အဘိုးအို တစ်ဦး၏ ပုံသဏ္ဌာန်အဖြစ် စုစည်းသွားရာ ထို ပုဂ္ဂိုလ် မှာ ချန်ရှင်းဂိုဏ်း၏ ဘိုးဘေးမှလွဲ၍ အခြားလူတစ်ဦး ဖြစ်နိုင်ဖွယ်မရှိချေ။
ဘိုးဘေးသည် ပေါ်လာသည့် တစ်ခဏချင်းမှာပင် ချန်လော့၏ ဘေးပတ်လည်တွင် ကြီးမားသော မြူခိုးဝင်္ကပါတစ်ခု ဖြစ်တည်လာပြီး သူ့ကို ပြင်ပကမ္ဘာနှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက်လိုက်သည်။ အဖြူရောင် မြအိုင် အပြင်ဘက်ရှိ ဂိုဏ်းသားများကို အတွင်းဘက်၌ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မမြင်နိုင်စေရန် ကာဆီးထားခြင်း ဖြစ်၏။
"စမ်းသပ်မှုကို နောက်ဆုံးမှာ ပြီးမြောက်နိုင်မယ့် လူက မင်းဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."
ချန်လော့သည် ဖြည်းငြင်းစွာ သက်ပြင်းချလိုက်၏။
အနည်းဆုံးတော့ စမ်းသပ်မှုက နောက်ဆုံးမှာ အဆုံးသတ်သွားပြီပဲ…
"ဒါဆို ဘိုးဘေး... ကျွန်တော့်ကို အခွင့်အရေး ပေးသင့်ပြီ မဟုတ်ဘူးလား..."
ချန်လော့သည် ကောင်းမွန်သည့် အရာများကို အမြန်ဆုံး ရယူလိုနေခြင်း ဖြစ်၏။ နှစ်ထောင်ပေါင်းများစွာ သိမ်းဆည်းထားပြီး ရေတွက်၍ မရနိုင်သော ပါရမီရှင်များကို သေဆုံးစေခဲ့သည့် ဤရတနာသည် အမှန်တကယ် မည်သည့်အရာ ဖြစ်မည်ကို သူ သိချင်နေမိသည်။ဘိုးဘေးသည်ကူကယ်ရာမဲ့စွာ ပြုံးလိုက်သော်လည်း ချန်လော့ကို ချက်ချင်း ပြန်လည်ဖြေကြားမရှိပေ။ သည့်အစား သူသည် တာအိုနှင့် ပတ်သက်၍ ဆက်လက် ပြောဆိုလာ၏။
"ငါ့အမြင်အရဆိုရင် မင်းရဲ့ ပါရမီက မထူးချွန်တဲ့အပြင် နည်းနည်းတောင် ချို့ယွင်းနေသေးတယ်..."
" မြူခိုးလူသားနဲ့ သရေကျအောင် တိုက်နိုင်မလား ဒါမှမဟုတ် ရှုံးနိမ့်သွားမလားလို့ ငါ ထင်ခဲ့တာ... ဒါပေမဲ့ ငါ မင်းကို အထင်သေးမိသွားတဲ့ပုံပဲ..."
"တိုက်ရိုက်တပည့်... ငါ့ချန်ရှင်းဂိုဏ်းရဲ့ အကြီးအကဲက အမြင်တော်တော်စူးရှတာပဲ..."
ထိုသို့ပြောပြီးနောက် အဘိုးအိုသည် အနည်းငယ် ပြုံးလိုက်ပြီး ချန်လော့ကို အတော်လေး ကျေနပ်ဟန်ဖြင့် လှည့်ကြည့်လေသည်။
"အခု အဖြူရောင် မြအိုင် စမ်းသပ်မှု ပြီးသွားပြီ ဆိုတော့ ငါ့ရဲ့ တာအို အပိုင်းအစက ပျောက်ကွယ်သွားတော့မယ်..."
"ဒီတာအို အခွင့်အရေးကို ယူပြီး ကောင်းကောင်း ကျင့်ကြံပါ... ချန်ရှင်းဂိုဏ်းအတွက် နာမည်ကောင်း ရအောင် လုပ်ပေးပါ..."
"ငါတို့ အခွင့်အရေး ရှိရင် ပြန်တွေ့ကြတာပေါ့..."
ထိုစကားကို ကြားလိုက်ရသောအခါ ချန်လော့မှာ အံ့အားသင့်သွား၏။
"ကျွန်တော်တို့ ပြန်တွေ့ကြမယ်ဟုတ်လား... ဘိုးဘေး... ခင်ဗျား အသက်ရှင်နေသေးတာလား..."
သို့သော်လည်း ဘိုးဘေးသည် ချန်လော့ကို အဖြေမပေးပေ။ သူသည် အနည်းငယ် ပြုံးလိုက်ပြီး နောက်တစ်စက္ကန့်တွင် အဖြူရောင် မြူခိုးများအဖြစ် ပြောင်းလဲကာ အဖြူရောင် မြအိုင်ထဲသို့ ဝင်ရောက်သွားသည်။
ဘိုးဘေးသည် အဖြူရောင် မြအိုင်ထဲသို့ ဝင်ရောက်သွားပြီးနောက် ချန်လော့သည် သူ၏ ခြေထောက်များ မြေကြီးထဲသို့ နစ်ဝင်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။ သူ့ကို ထောက်ပံ့ထားသော အဖြူရောင် မြူခိုးများက ပျောက်ကွယ်သွားပြီး သူ၏ ဘေးပတ်လည်ရှိ အဖြူရောင် မြူခိုးများ အားလုံးကလည်း လွင့်စင် ပျောက်ကွယ်သွားသည်။
အဖြူရောင် မြူခိုးများ အားလုံးသည် စုစည်းသွားပြီး အဖြူရောင် မြအိုင်၏ အောက်ခြေသို့ ဝင်ရောက်သွား၏။ မည်သည့်အရာ ဖြစ်ပျက်သွားသည်ကို မည်သူမျှ တုံ့ပြန်နိုင်ခြင်း မရှိခင်မှာပင် အဖြူရောင် မြအိုင်၏ ဗဟိုချက်တွင် ရေပန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။
၎င်းရေတိုင်၏ အလယ်မှ ရွှေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရွှေရောင် အလင်းဓား တစ်လက်ကဲ့သို့ စူးရှစွာ တောက်ပနေ၏။ ရွှေရောင် ဓားအလင်းတန်းကို အဖြူရောင် မြူခိုးများဖြင့် ပြုလုပ်ထားသော ဓားအိမ်တစ်ခုက ဝန်းရံထားသည်။
"မူလဓားဆန္ဒ..."
ဂိုဏ်းထဲမှ တစ်စုံတစ်ယောက်သည် မှတ်မိသွားပုံ ရပြီး ချက်ချင်း အော်ဟစ်လိုက်၏။
ယန်ချင်းလင်နှင့် အခြားသော ဓားတောင်ထွတ် ဂိုဏ်းသားများ ချက်ချင်း စိတ်လှုပ်ရှားသွားကြပြီး သူ၏ မျက်လုံးများထဲတွင် လောဘများ ပြည့်နှက်နေသည်။ ဓားတောင်ထွတ် ဂိုဏ်းသားများ ဖြစ်သည့်အလျောက် သူတို့ထက် မည်သူကမျှ မူလဓားဆန္ဒ၏ စွမ်းအားနှင့် တန်ဖိုးကို ပို၍ နားလည်
နိုင်စွမ်းမရှိကြပေ။
ယန်ချင်းလင်သည် သူ၏ သိုလှောင်အိတ်ထဲမှ မှော်လက်နက် ဓားရှည် အသစ်တစ်လက်ကို တိတ်ဆိတ်စွာ ထုတ်ယူလိုက်ပြီး ချန်လော့ကို ကြည့်လိုက်သည့် သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ပြည့်နှက်နေ၏။
အခန်း( ၇၂) သေချာပေါက် သေရတော့မည်
မူလဓားဆန္ဒသည် ချန်လော့၏ ခန္ဓာကိုယ်ထဲသို့ ရုတ်တရက် တိုးဝင်သွားသည်။ ထိုတစ်ခဏတာအတွင်းမှာပင် ချန်လော့သည် သူနှင့် မသက်ဆိုင်သော စွမ်းအားတစ်ခု သူ၏ ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာသည်ကို ခံစားလိုက်ရ၏။
တစ်ချိန်တည်းမှာပင် ချန်လော့၏ ခန္ဓာကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်များသည် ဤစွမ်းအားကို အဆက်မပြတ် တွန်းလှန်ရန် စတင်လာသည်။ သို့သော်လည်း မူလဓားဆန္ဒက ဤအရာကို ဂရုမစိုက်ဘဲ ဝိညာဉ်စွမ်းအင်များကို သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်ခွင့်ပြုထားလိုက်၏။
ဝိညာဉ်စွမ်းအင်များ ချန်လော့၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်နှင့်အမျှ မူလဓားဆန္ဒသည်လည်း ချန်လော့၏ ချီစွမ်းအင် အရိပ်အယောင် အနည်းငယ်ဖြင့် စွန်းထင်းသွားသည်။ စက္ကန့်အနည်းငယ် အတွင်းမှာပင် ဝိညာဉ်စွမ်းအင်များသည် သူတို့၏ တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး မူလဓားဆန္ဒသည် သူ၏ အစိတ်အပိုင်း တစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ ချန်လော့၏ ခန္ဓာကိုယ်ထဲတွင် ကျန်ရစ်နေခဲ့၏။
ထို့အပြင် အဖြူရောင် မြူခိုး လည်း ရှိနေသည်။ ယခင်က အဖြူရောင် မြအိုင်အပေါ်တွင် ပေါလောပေါ်နေခဲ့သော မြူခိုးများနှင့် အတူတူပင် ဖြစ်ပုံရ၏။ချန်လော့သည် ဤစွမ်းအား နှစ်ခုကို အာရုံခံလိုက်မိပြီး သူ၏ ခန္ဓာကိုယ်တွင်းရှိ မူလဓားဆန္ဒကို အသက်သွင်းရန် ကြိုးစားလိုက်သော်လည်း သူ လုံးဝ အသက်မသွင်းနိုင်ကြောင်း တွေ့လိုက်ရသည်။
“ဘာသောက်ချိုးလဲဟာ… ဒါက ငါ့ခန္ဓာကိုယ်ထဲမှာလေ… ငါ ခေါ်နေတာတောင် ဘာတုံ့ပြန်မှုမှ မရှိဘူးလား…”
ထိုသို့ ပြောရင်းနှင့် ချန်လော့သည် အဖြူရောင် မြူခိုးကို ထပ်မံ အသက်သွင်းရန် ကြိုးစားလိုက်၏။
မူလဓားဆန္ဒနှင့် မတူဘဲ ဤမြူ၏ချီစွမ်းအင်သည် အားကောင်းသော ဇွဲလုံ့လ မရှိချေ။ ချန်လော့သည် ဝိညာဉ်စွမ်းအင်ကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် စတင် လှုပ်ရှားလာသည်။ သို့သော်လည်း ချန်လော့၏ ခန္ဓာကိုယ်ထဲတွင် ဆက်လက် လည်ပတ်နေသည့် တာအို အဖြူရောင် မြူခိုးကို မည်သို့ အသုံးပြုရမည်ကို ချန်လော့ မသိရှိပေ။ ဤအခိုက်ကြောင့် သူ အလွန်အမင်း စိတ်ရှုပ်ထွေးသွားရသည်။
“ဆုလာဘ် နှစ်ခု… တစ်ခုကမူလဓားဆန္ဒ…ငါ့အမိန့်ကို နားမထောင်ဘူး… နောက်တစ်ခုကအဖြူရောင် မြူခိုး…လမ်းညွှန်စာအုပ်တောင် မပေးဘူး…”
“ပြီးတော့ အဲဒီ မူလဓားဆန္ဒက… မပြည့်စုံတဲ့ပုံ ပေါက်နေတယ်… ငါ အလိမ်ခံလိုက်ရတာများလား…”
မူလဓားဆန္ဒ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့် အချိန်မှစ၍ ဤဓားဆန္ဒ၏ မပြည့်စုံသော သဘာဝကို ချန်လော့သည် ဝိုးတဝါးတား အာရုံခံမိနေပြီ ဖြစ်သည်။ သူသည် အာရုံခံနိုင်သော်လည်း မည်မျှအထိ ပျောက်ဆုံးနေသည်ကို သေချာ မသိပေ။ချန်လော့ မျက်မှောင်ကြုတ်လိုက်သော်လည်း ဆက်လက်၍ အာရုံစိုက်မနေတော့ချေ။ စမ်းသပ်လေ့ကျင့်ရေးကွင်း၏ အကြီးမားဆုံးသော အခွင့်အရေး ဖြစ်သည့်အလျောက် ပေးအပ်သော ဆုလာဘ်များသည် သဘာဝကျစွာပင် အကောင်းဆုံး ဖြစ်၏။
ထိုရတနာ နှစ်ခုစလုံးကို ယခုလောလောဆယ် အသုံးမပြုနိုင်သေးသော်လည်း အနည်းဆုံးတော့ သူ၏ လက်ထဲတွင် ရှိနေပြီ ဖြစ်သည်။ ပြန်ရောက်သောအခါ ၎င်းကိုမည်သို့ အသုံးပြုရမည်ကို လောချင်းယွီအား သူ မေးမြန်းနိုင်သည်။ လောချင်းယွီသည် မည်သို့ အသုံးပြုရမည်ကို သိရှိကောင်းသိရှိသင့်၏။လောချင်းယွီအကြောင်းကို တွေးမိသောအခါ ချန်လော့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာသည်။
“နှစ်ထောင်ပေါင်းများစွာ အတွင်း အဖြူရောင် မြအိုင် စမ်းသပ်မှုကို ပထမဆုံး ပြီးမြောက်ခဲ့သူက ငါ ဖြစ်လိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး…”
“ဆရာတော့ ဒီအကြောင်းကို ကြားပြီးရင် သူ့မျက်နှာပေါ်မှာ ဘယ်လို အမူအရာမျိုး ဖြစ်လာမလဲ မသိဘူး…”
ထိုသို့ ပြောနေရင်း ချန်လော့၏ အပြုံးသည် ပို၍ ကျယ်ပြန့်လာ၏။
နှစ်တစ်ထောင် ကာလတစ်လျှောက် ရေတွက်၍ မရနိုင်သော ပါရမီရှင်များသည် ဤနေရာသို့ ရောက်ရှိလာခဲ့ကြသည်။ ပါရမီရှင်များဟု ခေါ်ဆိုခံရသူများသည် ယေဘုယျအားဖြင့် နားလည်သဘောပေါက်နိုင်စွမ်း ကောင်းမွန်ကြ၏။ ယန်ချင်းလင် ကဲ့သို့သော အချို့လူများသည် တာအိုနှလုံးသား ပျက်စီးသွားပြီးနောက် မြူခိုးလူသားနှင့် သေချာ မတိုက်ခိုက်နိုင်လျှင်ပင် ချန်လော့ကဲ့သို့ ပြဿနာများကို တည်ငြိမ်စွာ စဉ်းစားနိုင်သော လူအနည်းငယ် အမြဲတမ်း ရှိနေတတ်သည်။
သူတို့သည် မိမိကိုယ်ကိုယ် စမ်းသပ်မှုနှင့် ပတ်သက်သည့် ပြဿနာ အမျိုးမျိုးကိုလည်း မျက်မြင်တွေ့ခဲ့ရပြီး ဖြေရှင်းရန် နည်းလမ်း ရှာတွေ့ခဲ့ကြမည်မှာ အသေအချာဖြစ်သည်။ ပြဿနာမှာကား တစ်ခါတစ်ရံတွင် အကြံဉာဏ်များ ရှိရုံဖြင့် မလုံလောက်ဘဲ လုံလောက်သော အရင်းအမြစ်များနှင့် ခွန်အားများလည်း လိုအပ်ခြင်း ဖြစ်သည်။
သူတို့သည် အဖြေကို ရှာတွေ့ခဲ့နိုင်သော်လည်း အချိန်တိုအတွင်း အဆင့်တက်ရန် မစွမ်းဆောင်နိုင်ခဲ့ကြပေ။ အချိန်တိုအတွင်း အဆင့်တက်နိုင်သူများသည် ဤအဆင့်အထိ ရောက်ရှိနိုင်မည် မဟုတ်ချေ။ ဤအရာကို တွေးမိသောအခါ ချန်လော့မှာ သက်ပြင်းရှည်ကြီး မချဘဲ မနေနိုင်တော့ပေ။
“ဟူး… နှမြောစရာပဲ…”
“ကမ္ဘာပေါ်မှာ ရှိတဲ့ ပါရမီရှင်တွေ အားလုံးထဲမှာ ချန်လော့ရဲ့ နာမည်ကိုပဲ မှတ်မိနေကြတော့မှာပေါ့…”
ထိုသို့ ပြောပြီးနောက် သူ လှည့်ပြီး ထွက်ခွာရန် ပြင်လိုက်၏။ သို့သော် သူ လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် ချန်လော့သည် အနည်းငယ် ရင်းနှီးနေသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။
ယန်ချင်းလင်…
တဖက်လူသည် ဓားရိုးကို ဆုပ်ကိုင်လျက် ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် ရှိနေသည်ကို မြင်လိုက်ရပြီးနောက် မည်သည့်အရာဖြစ်ပျက်နေသည်ကို ချန်လော့ သဘောပေါက်သွားသည်။
“ လူသတ်ပြီး ရတနာ လုဖို့ စီစဉ်နေတဲ့ပုံပဲ…”
ချန်လော့ သရော်ပြုံး ပြုံးလိုက်ပြီး တစ်ဖက်လူကို ခြောက်လှန့်ရန် လောချင်းယွီ၏ အမည်ကို ထုတ်သုံးရန် ရည်ရွယ်ခဲ့သည်။သို့သော် သူ မပြောရသေးမီမှာပင် စိတ်ပြောင်းသွားပြီး ထိုအကြံကို စွန့်လွှတ်လိုက်၏။
အကယ်၍ တစ်ဖက်လူသာ လောချင်းယွီကို အမှန်တကယ် ကြောက်ရွံ့ပါက ထိုသူသည် ပထမဆုံးအနေဖြင့် သူ့ကို တိုက်ခိုက်ရန် စွန့်စားမည် မဟုတ်ပေ။ တစ်နည်းအားဖြင့် သူ၏ရှေ့တွင် ရပ်နေသည့် အချိန်မှစ၍ ယန်ချင်းလင်သည် လောချင်းယွီကို တိုက်ရိုက် ရင်ဆိုင်ရန် ပြင်ဆင်ထားပြီး ဖြစ်သည်။
ရွှေအမြုတေအဆင့်အောက်ရှိ မည်သည့်ကိစ္စရပ်ကိုမျှ ဝင်ရောက်စွက်ဖက်မည်မဟုတ်ဘဲ ချန်လော့အနေဖြင့် မိမိကိုယ်ကိုယ်သာ အားကိုးရမည်ဟု လောချင်းယွီ တစ်ခါက ပြောဖူးခဲ့သည်။ ချန်လော့အား စမ်းသပ်လေ့ကျင့်ရေးကွင်းသို့ စေလွှတ်လိုက်ခြင်းသည်ပင် သူ၏ကံကြမ္မာမှာ သူ့ လက်ထဲ၌သာ လုံးလုံးလျားလျား တည်ရှိနေတော့သည်ဟူသော အဓိပ္ပာယ်ပင် ။
လောချင်းယွီကို အသုံးပြု၍ တစ်ဖက်လူအား ခြိမ်းခြောက်ခြင်းသည် ကောင်းစွာ ထိရောက်မှု မရှိသည့်ပုံ ရ၏။
“မူလဓားဆန္ဒကို ပေးစမ်း… ဒါဆို မင်းကို မြန်မြန် သေခွင့်ပေးမယ်…”
ယန်ချင်းလင်သည် အေးစက်စက် ပြောလိုက်သည်။
ချန်လော့မှာ ဤစကားကိုကြားပြီး ဆွံ့အသွား၏။
“ဘာတွေလာပြောနေတာလဲကွာ… မင်းကို မြန်မြန် သေခွင့်ပေးရမလား…”
“ကျစ်… မူလဓားဆန္ဒကို ပေးရင် မင်းအသက်ကို ချမ်းသာပေးပါလို့ ပြောသင့်တာ မဟုတ်ဘူးလား…”
“ဒါဆို မင်းက ငါ့ကို လွှတ်ပေးဖို့ အစီအစဉ် မရှိဘူးပေါ့လေ…”
ချန်လော့သည် ယန်ချင်းလင်ကို အထက်အောက် ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။
အခြေခံတည်ဆောက်ခြင်း နယ်ပယ် အဆင့်ကိုး အထွတ်အထိပ်ရှိ တိုက်ရိုက်တပည့် တစ်ယောက်။
ယခင်က တာအိုနှလုံးသား တုန်လှုပ်သွားခဲ့သော်လည်း ယခုအခါ ဘိုးဘေး၏ ဝိညာဉ်ခွဲကြောင့် တည်ငြိမ်သွားခဲ့ပြီ ဖြစ်၏။ မကြာမီ အချိန်အတွင်း သူ၏ တာအိုနှလုံးသား တုန်လှုပ်မှုကို ကြုံတွေ့ရရန် မဖြစ်နိုင်တော့ချေ။
“ကျစ်… ဘိုးဘေး… ခင်ဗျားက လုံးဝကို အရည်အချင်း မရှိတာပဲ…”
“ဘာလို့ သူ့ကို တာအိုနှလုံးသားတုန်လှုပ်ပြီး ချီသွေးဖယ် သေခွင့်မပေးလိုက်ရတာလဲ…”
“ခင်ဗျားက ဘာလို့ သူ့ကို အတင်း ကယ်တင်ခဲ့ရတာလဲ… ခင်ဗျားက ကျွန်တော့်ကို အခက်တွေ့အောင် လုပ်နေတာပဲ…”
ချန်လော့သည် ဘိုးဘေး၏ မိသားစု တစ်ခုလုံးကို အပေါ်မှ အောက်အထိ မျိုးဆက် ဆယ့်ရှစ်ဆက်တိုင်အောင် စိတ်ထဲမှ ကျိန်ဆဲနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ယခုလောလောဆယ်တွင် ထိုအချင်းအရာများအကြောင်း တွေးရန် သူ့၌ အချိန်မရှိတော့ချေ။ ယန်ချင်းလင်ကို မည်သို့ ရင်ဆိုင်ရမည်ကိုသာ သူ စဉ်းစားရမည် ဖြစ်၏။
ယခင်က ချန်လော့နှင့် ခန္ဓာတောင်ထွတ် ဂိုဏ်းသားတို့ ပူးပေါင်း၍ ရွှေအမြုတေအဆင့် တစ်ဝက်ရှိသော သားရဲကို ရင်ဆိုင်ခဲ့ကြသည်။ မြေအောက် ရေပူစမ်းတွင် ကျင့်ကြံပြီးနောက် ချန်လော့၏ ခွန်အားသည် ပို၍ပင် တိုးတက်လာခဲ့၏။ စမ်းသပ်မှုများ အတွင်း၌ သူသည် အုပ်စိုးသူလက်သီးကို ပြီးပြည့်စုံအဆင့်ထိ ကျင့်ကြံနိုင်ခဲ့ပြီး ဒုတိယအဆင့် ဝင်္ကပါဆရာ နယ်ပယ်သို့ပင် ဝင်ရောက်နိုင်ခဲ့သည်။
သူ၏ လက်ရှိ ခွန်အားဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် ၉ အထွတ်အထိပ်ရှိ ကျင့်ကြံသူ တစ်ဦးကို ရင်ဆိုင်ရန်မှာ ပြဿနာ မဖြစ်သင့်ဟု ချန်လော့ ခံစားမိ၏။ပြဿနာမှာ ဤအခြေခံတည်ဆောက်ခြင်းအဆင့် ၉ ကျင့်ကြံသူသည် သာမန် ကျင့်ကြံသူ တစ်ဦး မဟုတ်ဘဲ ဓားတောင်ထွတ် တိုက်ရိုက်တပည့် တစ်ဦး ဖြစ်နေခြင်း ဖြစ်သည်။
ချန်လော့ စိုးရိမ်နေသည်မှာ သူ့ကို သတ်ဖြတ်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ မဟုတ်ဘဲ ဓားတောင်ထွတ် အကြီးအကဲ၏ တာဝန်ယူ လက်စားချေခြင်းကိုသာ ဖြစ်၏။တစ်ဖက်လူတွင် မှော်လက်နက် အမြောက်အမြား ပိုင်ဆိုင်ထားနိုင်ပြီး လျှို့ဝှက်ကျင့်စဉ် အချို့ကို ကျင့်ကြံထားကာ သူ့ကို သတ်ရန် ခက်ခဲစေမည်ကို သူ စိုးရိမ်မိနေခြင်း ဖြစ်သည်။
“သူ့ကို သေချာပေါက် သတ်ရမယ်… ဒါပေမဲ့ ပျက်စီးဆုံးရှုံးမှုကို အနည်းဆုံး ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ…”
ထိုအချိန်၌ ချန်လော့သည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားပြီး သူ၏ နှလုံးသားထဲတွင် ဝမ်းသာမှုများ ပြည့်နှက်သွားသော်လည်း သူ၏ မျက်နှာပေါ်တွင် ရုတ်တရက် ထိတ်လန့်သွားသည့် အမူအရာ ပေါ်လာသည်။
“မလုပ်ပါနဲ့… အစ်ကိုကြီးယန်…”
ချန်လော့ အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ ယန်ချင်းလင်၏ ခြေထောက်ကို ဆွဲဖက်လိုက်သည်။
ဤရုတ်တရက် ဖြစ်ရပ်ကြောင့် ယန်ချင်းလင်မှာ ဆွံ့အသွား၏။ သူသည် ဓားရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ချန်လော့ကို အချိန်မရွေး သတ်ဖြတ်ရန် အသင့်ဖြစ်နေသည်။ သို့သော်လည်း သူ၏ ခြေထောက်ကို တွယ်ဖက်ထားသည့် ချန်လော့နှင့် ရင်ဆိုင်ရသောအခါ သူ တုံ့ဆိုင်းသွား၏။
သတ်ဖြတ်ရန်အတွက်် သူသည် အလွန်အမင်း စိတ်ထားပျော့ညံ့နေခြင်းကြောင့် မဟုတ်ဘဲ သူ သဘောကျနေသောကြောင့် ဖြစ်သည်။ သူ အလွန်အမင်း မနာလိုဖြစ်ခဲ့ရသော လူသည် သူ၏ ခြေထောက်ကို ဖက်တွယ်၍ ဒူးထောက်ကာ အသက်ချမ်းသာပေးရန် တောင်းပန်နေသည်ကို မြင်ရသောအခါ သူ မှင်သက်သွား၏။
ဤသည်က သူ၏ အချည်းနှီးဖြစ်သော ဂုဏ်မောက်မှုကို များစွာ ကျေနပ်စေသည်။သူသည် ချန်လော့ထက် သာလွန်နေသေးသည်ဟု တွေးကာ အနည်းငယ် ကျေနပ်နေပြီး အရာအားလုံးကို သဘောကျနေ၏။ သို့သော်လည်း သူ မသိရှိသည်မှာ သူ သေချာပေါက် သေရတော့မည် ဆိုသည်ကိုပင် ….။