အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
အခန်း (၇၃) ရူးသွပ်လောက်စရာ အတွေ့အကြုံ
“အစ်ကိုကြီးယန်… ကျွန်တော် မသေချင်သေးဘူး… ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ…”
“အဲဒီ မူလဓားဆန္ဒကို လိုချင်ရင် ယူလိုက်ပါ… ကျွန်တော့်ကိုတော့ မသတ်ပါနဲ့…”
“ကျွန်တော့်ကို ခိုင်းဖတ်အဖြစ် ထားပါ… အလိမ်မာဆုံးနဲ့ စကားအနားထောင်ဆုံး ညီငယ်လေး ဖြစ်စေရမယ်လို့ ကတိပေးပါတယ်…”
ချန်လော့ ပြောလိုက်သော စကားလုံးများသည် ယန်ချင်းလင်၏ ရင်ထဲတွင် အချည်းနှီး ဂုဏ်မောက်မှုများ ပြည့်နှက်သွားစေ၏။တစ်ချိန်တည်းမှာပင် မလှမ်းမကမ်းရှိ ချန်ရှင်းဂိုဏ်းသားများသည် ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် မျက်မှောင်ကြုတ်မိလေသည်။
“ချန်လော့က ဘယ်လိုလုပ် ဒီလောက်တောင် သတ္တိကြောင်ရတာလဲ…”
“ကျွတ် ကျွတ် ကျွတ်… ဒီလိုသတ္တိကြောင်တဲ့ကောင်က အခွင့်အရေး ရသွားတယ်ဆိုတာ မယုံနိုင်စရာပဲ… ကောင်းကင်က မျက်စိကန်းနေတာပဲ ဖြစ်ရမယ်…”
“ဒါပေမဲ့ ငါတို့လည်း ဘာမှ မတတ်နိုင်ဘူးလေ… ဘာပဲဖြစ်ဖြစ် အစ်ကိုကြီးယန်က ချန်လော့ထက် အများကြီး ပိုသန်မာတာကိုး…”
လူတိုင်းသည် စကားပြောနေကြရင်း ချန်လော့ကို ကြည့်လိုက်သော သူတို့၏ မျက်လုံးများထဲတွင် အထင်အမြင်သေးမှုများ ပြည့်နှက်နေ၏။
သို့သော်လည်း ထိုအချိန်၌ ယန်ချင်းလင်၏ ဓားက ချိန်ရွယ်ထားသူမှာ ချန်လော့ မဟုတ်တော့ဘဲ သူတို့ကိုယ်တိုင် ဖြစ်နေသည့်အခါ မည်သို့ ဖြစ်နိုင်ပါမည်နည်း။ ဆိုလိုသည်မှာ အနည်းဆုံး လူတစ်ဝက်ခန့်က ချန်လော့ကဲ့သို့ တူညီသော ရွေးချယ်မှုကို ပြုလုပ်ကြလိမ့်မည် ဟူ၍ဖြစ်သည်။
လူတိုင်းက ချန်လော့၏ အားနည်းချက်ကို ဝေဖန် အပြစ်တင်နေကြချိန်တွင် လူတစ်ယောက်တည်းကသာ မျက်မှောင်ကြုတ်နေခဲ့၏။ယန်ချင်းလင်၏ ခြေရင်းတွင် ဒူးထောက်၍ အသက်ချမ်းသာပေးရန် တောင်းပန်နေသော ချန်လော့ကို မြင်လိုက်ရချိန်တွင် ကျောက်မန်၏ ခေါင်းထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားပြီး လုံးဝ ဆွံ့အသွားသည်။
အဘယ်ကြောင့်ဆိုသော် ချန်လော့သည် ထိုသို့ လုပ်လိမ့်မည်ဟု သူ မထင်ထားသောကြောင့် ဖြစ်၏။ချန်လော့သည် သူ မတိုက်ခိုက်နိုင်သလို ရှောင်လွှဲ၍လည်း မရသော ရန်သူနှင့် ကြုံတွေ့ရပါက ဤသို့ လုပ်ဆောင်ရန် အလားအလာ အလွန်များသော်လည်း ယန်ချင်းလင်နှင့် ရင်ဆိုင်ရချိန်တွင် ချန်လော့သည် ထိုသို့ လုံးဝ လုပ်မည် မဟုတ်ပေ။
ကျောက်မန်သည် ဤသို့ တွေးရခြင်း အကြောင်းရင်းမှာ ချန်လော့၏ ခွန်အားအစစ်အမှန်ကို သူမ ကိုယ်တိုင် မျက်မြင်တွေ့ရှိထားသောကြောင့် ဖြစ်၏။ရွှေအမြုတေအဆင့် တစ်ဝက်ရှိသော သားရဲကိုပင် သူ ရင်ဆိုင်နိုင်ခဲ့လျှင် အခြေခံတည်ဆောက်ခြင်း အဆင့်ကိုး အထွတ်အထိပ်သာ ရှိသေးသော ယန်ချင်းလင်ကိုလည်း သူ ရင်ဆိုင်နိုင်မည်သာ ဖြစ်သည်။
ယန်ချင်းလင်သည် တိုက်ရိုက်တပည့် တစ်ယောက် ဖြစ်သည့်အတွက် သူ့တွင် လျှို့ဝှက် ဖဲချပ်အချို့ ရှိနေနိုင်သည်။သို့သော်လည်း ချန်လော့၏ လက်ရှိ ခွန်အားသည် ရွှေမြုတေအဆင့် တစ်ဝက်ရှိသော သားရဲကို အနိုင်ယူနိုင်စွမ်း ရှိသည့်အပြင် သူ၏ စွမ်းရည်များသည်လည်း သိသိသာသာ တိုးတက်လာခဲ့ပြီ ဖြစ်၏။
အကယ်၍ ချန်လော့သာ ဆန္ဒရှိပါက ယန်ချင်းလင်ကို အနိုင်မယူနိုင်လျှင်ပင် အနည်းဆုံး သရေကျအောင် တိုက်ခိုက်နိုင်စွမ်း ရှိသည်။
“ကျစ်… သူ ဘာတွေ ကြံစည်နေတာလဲ…”
ကျောက်မန် ရုတ်တရက် သဘောပေါက်သွား၏။
ဤသည်က သူမ တွေးတောနိုင်သော တစ်ခုတည်းသော ယုတ္တိရှိသည့် ရှင်းပြချက် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ချန်လော့သည် ယန်ချင်းလင်၏ ခြေထောက်ကို ဖက်တွယ်ထားဆဲပင် ဖြစ်၏။
“အစ်ကိုကြီးယန်… ဒီတစ်ခေါက် စမ်းသပ်လေ့ကျင့်ရေးကွင်းကနေ ကျွန်တော် ပစ္စည်းကောင်းတွေ အများကြီး ရခဲ့တယ်… အားလုံးကို အစ်ကိုကြီးကို ပေးပါ့မယ်…”
ထိုသို့ ပြောရင်းနှင့် သူသည် သိုလှောင်အိတ်ဆီသို့ လက်လှမ်းလိုက်သည်။သို့သော်လည်း ယန်ချင်းလင်သည် အလွန်အမင်း သတိထားနေ၏။ ချန်လော့၏ လက်သည် သိုလှောင်အိတ်ဆီသို့ လှမ်းသွားသည်ကို မြင်လိုက်ရချိန်တွင် သူသည် ချက်ချင်း မျက်မှောင်ကြုတ်လိုက်ပြီး ဓားသွားကို ချန်လော့၏ လည်ပင်းပေါ်သို့ တိုက်ရိုက် ဖိကပ်လိုက်သည်။
အရေပြား ပေါက်ပြဲသွားပြီး သွေးစီးကြောင်းလေး တစ်ခု ချက်ချင်း စီးကျလာ၏။
“မင်း တစ်ချက်လေး လှုပ်ရဲတာနဲ့ နောက်တစ်စက္ကန့် အသက်မရှင်စေရဘူးလို့ ငါ အာမခံတယ်…”
ချန်လော့သည် ကမန်းကတန်း ခေါင်းညိတ်လိုက်၏။
“စိတ်မပူပါနဲ့ အစ်ကိုကြီးယန်… ကျွန်တော် အရူးထမယ့် လုပ်ရပ်မျိုးသေချာပေါက် လုပ်မှာ မဟုတ်ပါဘူး…”
ထိုသို့ ပြောရင်းနှင့် သူသည် ကျောက်တုံး တစ်တုံးကို ထုတ်ယူလိုက်သည်။
“အစ်ကိုကြီးယန်… ဒါက မြေအောက် ရေပူစမ်းကနေ ကျွန်တော် ရလာတဲ့ ကျောက်တုံးပါ… တော်တော်လေး ကောင်းတဲ့ပုံပဲ… တစ်ချက်လောက် ကြည့်ကြည့်ပါဦး…”
ယန်ချင်းလင်သည် ၎င်းကို တစ်ချက် ကြည့်လိုက်ပြီး မည်သည့် မသာမာမူမှ မရှိကြောင်း အတည်ပြုပြီးနောက်တွင် လှမ်းယူလိုက်၏။
သူ၏ ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်ကြည့်ပြီးနောက် ထိုကျောက်တုံးသည် သူ၏ ခန္ဓာကိုယ်ကို အမှန်တကယ် သန့်စင်ပေးနိုင်ကြောင်း တွေ့ရှိသွားရာ သူ၏ မျက်နှာပေါ်တွင် ဝမ်းသာသည့် အမူအရာ တစ်ခု ချက်ချင်း ဖြစ်ပေါ်လာသည်။ သူက ထိုကျောက်တုံးကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။
ချန်လော့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာသည်။
“ပြီးတော့ ဒါလေးပါ အစ်ကိုကြီးယန်… ဒါက အဆင့်မြင့် မှော်လက်နက်ပါ… သိပ်တော့ မထူးခြားပေမဲ့ ကျေးဇူးပြုပြီး လက်ခံပေးပါဦး…”
ယန်ချင်းလင်သည် ထိုဓားရှည်ကို ယူ၍ တစ်ချက် ကြည့်လိုက်၏။အဆင့်မြင့် မှော်လက်နက် ဆိုသည်မှာ အထူးတလည် ရှားပါးလှသည် မဟုတ်သော်လည်း အတော်လေး ကောင်းမွန်သော ပစ္စည်း တစ်ခု ဖြစ်နေဆဲပင် ဖြစ်သည်။
“ပြီးတော့ ဒါက ကျွန်တော် ယွင်ထျန်းဂိုဏ်းသားဆီကနေ ခိုးလာတဲ့ ခန္ဓာကျင့်ကြံခြင်း ကျင့်စဉ်ပါ…”
“အဲဒီ ကျောက်တုံးနဲ့သာ ပေါင်းစပ်လိုက်ရင် အစ်ကိုကြီးရဲ့ ခွန်အားက သေချာပေါက် ထပ်ပြီး တိုးတက်လာမှာပါ…”
ယန်ချင်းလင်သည် ၎င်းကို ထပ်မံ ယူဆောင်လိုက်ပြီး တစ်ချက် ကြည့်ကာ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။သူသည် ချန်လော့ကို လောဘများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ဪ ဟုတ်သားပဲ… ဒါလေးလည်း ရှိသေးတယ်… စမ်းသပ်လေ့ကျင့်ရေးကွင်းထဲမှာ ကျွန်တော် တွေ့ခဲ့တာ… တော်တော်လေး ကောင်းတယ်…”
ဤအချိန်၌ ချန်လော့၏ လက်ထဲတွင် ဓားမြှောင် တစ်လက် ပေါ်လာ၏။သို့သော် တိတိကျကျ ပြောရလျှင် ဤဓားမြှောင်ကို ချန်လော့ ကောက်ရခဲ့ခြင်း မဟုတ်ဘဲ ကျောက်မန်ထံမှ လုယူလာခဲ့ခြင်း ဖြစ်သည်။ယန်ချင်းလင်သည် ဓားမြှောင်ကို တစ်ချက် ကြည့်လိုက်ပြီး ၎င်း၏ ထူးကဲသော သဘာဝကို ချက်ချင်း သတိပြုမိသွား၏။
သူ လှမ်းယူရန် ပြင်လိုက်စဉ်မှာပင် ဓားမြှောင်သည် ရုတ်တရက် တုန်ခါသွားသည်။
ရွှစ်…
ချွင်…
ဓားမြှောင်သည် ရုတ်တရက် အသက်ဝင်လာခဲ့ပြီး အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ ယန်ချင်းလင်၏ ခေါင်းကို တိုက်ရိုက် ဖောက်ထွင်း ပျံသန်းသွား၏။ယန်ချင်းလင်၏ ခေါင်းရှိ အပေါက်ထဲမှ ဦးနှောက် အနှစ်များ အနည်းငယ် ရောနှောနေသော အနီနှင့် အဖြူရောင် သွေးများက ပန်းထွက်လာသည်။ယန်ချင်းလင်၏ ခန္ဓာကိုယ်သည်လည်း ဓားမြှောင်၏ အဟုန်ကြောင့် နောက်သို့ လွင့်ထွက်သွား၏။
သူ၏ မျက်လုံးများသည် ပြူးကျယ်နေပြီး ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ကျန်ရစ်နေဆဲ ဖြစ်သည်။သူ မသေဆုံးမီ နောက်ဆုံး စက္ကန့်တွင် ချန်လော့သည် ဓားမြှောင်ကို ကိုင်ဆောင်ထားသည်ကို သူ မြင်လိုက်ရ၏။ဤအရာအားလုံးသည် သူ့ကို သတိလက်လွတ် ဖြစ်သွားစေပြီး သူ၏ လက်ထဲရှိ ဓားရှည်ကို ချက်ချင်း ထိုးသွင်းလိုက်သည်။
သူသည် သူ၏ ဓားရှည်ဖြင့် ချန်လော့၏ လည်ပင်းကို ထိုးစိုက်ကာ သတ်ပစ်ချင်ခဲ့၏။သို့သော် သူ ထိုးသွင်းလိုက်သည့် အခိုက်အတန့်တွင် ဓားရှည်သည် အတားအဆီး တစ်ခုခုနှင့် ကြုံတွေ့သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ လက်ထဲတွင် ရပ်တန့်သွားသည်။ သံတုံးကို ရိုက်ခတ်လိုက်သည့် အသံကဲ့သို့ ချွင် ခနဲ အသံကို သူ ဝိုးတဝါး ကြားလိုက်ရ၏။
နောက်တစ်စက္ကန့်တွင် ဓားမြှောင်သည် သူ၏ ဦးခေါင်းခွံကို ဖောက်ထွင်းသွားသည်။
ဘုန်း…
ယန်ချင်းလင်၏ ခန္ဓာကိုယ်သည် ပြုတ်ကျသွားပြီး သူ၏ ခြေထောက်များသည်လည်း ကြာပန်းထိုင်ခုံမှ ကွာကျကာ သူ၏ ခန္ဓာကိုယ်သည် အဖြူရောင် မြအိုင်ထဲတွင် ပေါလောပေါ်သွား၏။သူ၏ ခေါင်းရှိ အပေါက်ထဲမှ သွေးများ စီးကျလာပြီး ဘေးပတ်လည်ရှိ ရေအိုင်ကို ချက်ချင်း သွေးရောင် လွှမ်းသွားစေသည်။
အဟွတ်… အဟွတ်…
ချန်လော့သည် နှစ်ချက်ခန့် ချောင်းဆိုးလိုက်ပြီး သွေးတစ်ပွက် အန်ထုတ်လိုက်၏။
“ကျစ်… ဒီကောင်ရဲ့ တုံ့ပြန်မှုက တော်တော် မြန်တာပဲ…”
“ကံကောင်းလို့ ငါ့ရဲ့ ခန္ဓာကျင့်ကြံခြင်း စွမ်းရည်က လုံလောက်အောင် မြင့်မားနေလို့ အဲဒီ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိခဲ့တာ…”
“မဟုတ်ရင် သေတဲ့သူက ငါ ဖြစ်နေတော့မှာ…”
ထိုသို့ ပြောပြီးနောက် ချန်လော့သည် ရေအိုင်ထဲတွင် ပေါလောပေါ်နေဆဲ ဖြစ်သော ယန်ချင်းလင်ကို ကြည့်လိုက်သည်။သူ၏ ခေါင်းရှိ အပေါက်ကြီးကို မြင်လိုက်ရချိန်တွင် ချန်လော့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာ၏။သူသည် အလောင်းကို ဖမ်းဆွဲ ယူ၍ သူ၏ ကြာပန်းပုံသဏ္ဌာန် ထိုင်ခုံဆီသို့ ဆွဲယူလာပြီးနောက် သိုလှောင်အိတ်ကို ဖြုတ်ယူလိုက်သည်။
“တချို့အရာတွေက မင်းရဲ့ သိုလှောင်အိတ်ထဲ ထည့်ထားရုံနဲ့ မင်းဟာ ဖြစ်မလာဘူး…”
ချန်လော့သည် ပြောရင်းနှင့် ယန်ချင်းလင်၏ မျက်နှာကို တက်နင်းလိုက်ရာ သူတို့၏ တူညီသော ဂိုဏ်းသားများကို လုံးဝ ဂရုမစိုက်ကြောင်း ပြသနေ၏။မည်သို့ပင်ဆိုစေ ဤလူသည် သူ့ကို သတ်ပြီး သူ၏ ရတနာများကို လုယူရန် ကြံစည်ခဲ့သည် ဖြစ်ရာ သူ စိုးရိမ်စရာ အကြောင်း ဘာမျှ မရှိပေ။
ယန်ချင်းလင်၏ ပစ္စည်းများကို အတန်ကြာအောင် လုယူပြီးနောက် ချန်လော့သည် အဖြူရောင် မြအိုင် အပြင်ဘက်ရှိ ဂိုဏ်းသားများကို မော့ကြည့်လိုက်သည်။ဤအချိန်၌ သူတို့၏ မျက်နှာများတွင် အံ့အားသင့်မှုများ ပြည့်နှက်နေ၏။ယခုလေးတင် ဖြစ်ပျက်သွားခဲ့သမျှ အရာအားလုံးက အလွန် ရုတ်တရက် ဆန်လွန်းလှသည်။ သူတို့ တုံ့ပြန်ရန် အချိန်ပင် မရလိုက်လောက်အောင် မြန်ဆန်လွန်းလှ၏။
အကယ်၍ သူတို့သည် ယန်ချင်းလင်၏ အလောင်းနှင့် ခေါင်းရှိ အပေါက်ကြီးကို မမြင်တွေ့ခဲ့ရပါက ယန်ချင်းလင် သေဆုံးသွားပြီ ဆိုသည်ကိုပင် သူတို့ ယုံကြည်ကြမည် မဟုတ်ကြချေ။ချန်လော့သည် သူတို့ကို ပြုံးရွှင်သော မျက်နှာဖြင့် ကြည့်လိုက်သည်။
“ဒီနေ့ မင်းတို့ကို စကားပုံတစ်ခု သင်ပေးမယ်…”
ချန်လော့ ပြောရင်းနှင့် ယန်ချင်းလင်၏ ဆံပင်ကို ဆွဲကာ အလောင်းကို အပေါ်သို့ ဆွဲမလိုက်ပြီးနောက် ယန်ချင်းလင်၏ ခေါင်းရှိ အပေါက်ကြီးဆီသို့ လက်ညှိုးထိုးပြလိုက်၏။
“ငါ ချန်လော့ရဲ့ ပစ္စည်းကို လုယူချင်တဲ့သူတွေက… တကယ်ကို မိုက်ရူးရဲဆန်လွန်းတဲ့ အတွေးတွေ ရှိနေတာပဲ…”
ချန်လော့၏ စကားကို ကြားပြီးနောက် လူတိုင်း ဆွံ့အသွားကြသည်။ထို့နောက် ယန်ချင်းလင်၏ ခေါင်းရှိ အပေါက်ကြီးကို ချန်လော့ လက်ညှိုးထိုးပြနေသည်ကို မြင်လိုက်ရချိန်တွင် သူတို့ လုံးဝ မခံစားနိုင်တော့ပေ။။သို့သော်လည်း ချန်လော့သည် ရပ်တန့်ခြင်းမရှိ ယန်ချင်းလင်ကို ဆက်လက် အရှက်ခွဲလိုက်သည်။
သူသည် ယန်ချင်းလင်၏ အဝတ်အစားများကို စတင် ဆွဲဖြဲလိုက်ရာ ကမ်းစပ်ရှိ ကျောက်မန်နှင့် မိန်းကလေး ဂိုဏ်းသား အချို့မှာ မျက်နှာများ နီရဲသွားကြသည်။တစ်မိနစ်ပင် မပြည့်မီ အချိန်အတွင်း ယန်ချင်းလင်မှာ အတွင်းခံသာ ကျန်တော့သည်အထိ အဝတ်အစားများ ချွတ်ခံလိုက်ရ၏။ချန်လော့သည် သူ၏ အတွင်းခံဆီသို့ လှမ်းလိုက်သော်လည်း တစ်စုံတစ်ခုကို သတိရသွားပုံ ရကာ ရပ်တန့်သွားသည်။
“ထားလိုက်ပါတော့… မျက်စိစွန်သွားရင် မကောင်းဘူး…”
ထို့နောက် သူသည် ယန်ချင်းလင်၏ ခန္ဓာကိုယ်ကို အဖြူရောင် မြအိုင်ထဲသို့ ကန်ချလိုက်၏။
“မင်း ကံကောင်းသွားတယ် ကောင်လေး… ဒီတစ်ဝိုက်မှာ သားရဲတွေ သိပ်မရှိလို့သာပေါ့… မဟုတ်ရင် မင်းကို သားရဲတွေဆီ သရေစာအဖြစ် ပစ်ကျွေးလိုက်ပြီ…”
အခန်း (၇၄) ကောက်ကျစ်စဉ်းလဲခြင်း
ချန်လော့သည် ယန်ချင်းလင်ထံမှ လုယူလာခဲ့သော သိုလှောင်အိတ်ကို ကောက်ယူလိုက်ပြီး သူ၏ နတ်ဝိညာဉ်အာရုံ အနည်းငယ်ကို ထည့်သွင်းလိုက်သည်။နတ်ဝိညာဉ်အာရုံသည် အတွင်းဘက်သို့ တစ်ပတ် လှည့်လည်သွားသည်နှင့် ချန်လော့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာ၏။
“တိုက်ရိုက်တပည့် ပီသပါပေတယ်… သူ့မှာ ပစ္စည်းကောင်းတွေ အများကြီး ရှိနေတာပဲ…”
ဤသိုလှောင်အိတ်ထဲတွင် လျှို့ဝှက်နက်နဲ သောအဆင့် ရှိသည့် ပစ္စည်းတစ်ခု ရှိသည်။ ထိုအလယ်အလတ်အဆင့် မှော်ရတနာမှာ ဒိုင်းငယ်တစ်ခု ဖြစ်၏။ဒိုင်းငယ်မှာ မြူခိုးလူသားနှင့် တိုက်ပွဲအတွင်း ယန်ချင်းလင် အသုံးပြုခဲ့သော ဒိုင်းပင် ဖြစ်သည်။ထို့အပြင် အရည်အသွေးကောင်းမွန်သော ဆေးလုံးများ၊ အဆောင်များ၊ မြေပုံဟောင်း တစ်ချပ်နှင့်အတူ ဓားသိုင်းစာအုပ် တစ်အုပ်လည်း ရှိနေ၏။
ထို့အပြင် ဝိညာဉ်ကျောက်တုံး ၅၀၀ ကျော်နှင့် အလင်းဖောက်ထွင်းမြင်ရသော အပြာရောင် သစ်သီး သုံးလုံးလည်း ရှိနေသေးသည်။ထိုသစ်သီးများကို မြင်လိုက်ရချိန်တွင် ချန်လော့ စိတ်လှုပ်ရှားသွား၏။
“ကျောက်စိမ်းရောင် သစ်သီး…”
ချန်လော့သည် ထိုသစ်သီးကို မြင်သည်နှင့် တစ်ပြိုင်နက် မှတ်မိသွားသည်။သူသည် အစစ်အမှန်ကို တစ်ခါမျှ မမြင်ဖူးခဲ့သော်လည်း လောချင်းယွီသည် မထွက်ခွာမီ ချန်လော့အတွက် အထူး ရေးဆွဲပြခဲ့ဖူး၏။ထို့အပြင် သစ်သီးမှ ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်နေသဖြင့် ကျောက်စိမ်းရောင် သစ်သီးသာ ဖြစ်ရမည်။
“ဒီတစ်ကြိမ် ကျောက်စိမ်းရောင် သစ်သီးနဲ့ ငါ ကံမစပ်တော့ဘူးလို့ ထင်ထားခဲ့တာ… ဒါပေမဲ့ ဒီလို နည်းနဲ့ ရလာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး…”
ချန်လော့ ပြုံးလိုက်ပြီး ယန်ချင်းလင်၏ သိုလှောင်အိတ်ကို သိမ်းဆည်းလိုက်၏။ဤနေရာတွင် ပစ္စည်းကောင်းများစွာ ရှိသော်လည်း ချန်လော့၏ နှလုံးသားကို အမှန်တကယ် လှုပ်ခတ်စေနိုင်သည်မှာ အနည်းငယ်သာ ရှိသည်။၎င်းတို့မှာ လျှို့ဝှက်နက်နဲသောအဆင့် အလယ်အလတ် မှော်ရတနာ ဒိုင်း၊ ကျောက်စိမ်းရောင် သစ်သီး သုံးလုံး၊ ဓားသိုင်းစာအုပ်နှင့် မြေပုံဟောင်းတို့ ဖြစ်၏။
သေချာပေါက် ဝိညာဉ်ကျောက်တုံး ၅၀၀ ကျော်လည်း ရှိနေသေးသည်။ကျန်ရှိသော ပစ္စည်းများသည် ချန်လော့အတွက် အသုံးဝင်မှု သိပ်မရှိလှပေ။ဆေးလုံးများနှင့် အဆောင်များသည် ချန်လော့အတွက် သိပ်အသုံးမဝင်သောကြောင့် အားလုံးကို ရောင်းချရန် သူ စီစဉ်ထား၏။
“အဲဒီအခါကျရင် ဝိညာဉ်ကျောက်တုံး ၃၀၀ ဒါမှမဟုတ် ၄၀၀ လောက် ထပ်ရနိုင်လောက်တယ်…”
“အကြမ်းဖျင်း တွက်ကြည့်ရင် ဝိညာဉ်ကျောက်တုံး ၁၀၀၀ လောက် ရှိတာပဲ…”
ထို့အပြင် ကျောက်မန်က သူ့ကို ဝိညာဉ်ကျောက်တုံး ၁၇၀၀ အကြွေးတင်နေသေး၏။
“ဒီစမ်းသပ်မှုကနေ ငါ ဝိညာဉ်ကျောက်တုံး ၃၀၀၀ လောက်တောင် ရလိုက်တာပဲ…”
“တကယ်ကို တန်တဲ့ ခရီးပဲ…”
ချန်လော့ ပြောလိုက်ချိန်တွင် သူ၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာသည်။
သိုလှောင်အိတ်ကို သိမ်းဆည်းပြီးနောက် ချန်လော့သည် အဖြူရောင် မြအိုင်၏ ကမ်းစပ်ဆီသို့ ပျံသန်းသွား၏။ချန်လော့ ပြန်လာသည်ကို မြင်လိုက်ရချိန်တွင် လူတိုင်းက ရှေ့သို့ တိုးလာကြပြီး စတင် ချီးကျူးဂုဏ်ပြုကြသည်။
“အဖြူရောင် မြအိုင်ရဲ့ အခွင့်အရေးကို ရရှိသွားတဲ့အတွက် အစ်ကိုကြီးချန်ကို ဂုဏ်ပြုပါတယ်…”
“အစ်ကိုကြီးချန်က ချန်ရှင်းဂိုဏ်းရဲ့ သမိုင်းတစ်လျှောက်မှာ တကယ်ကို ကြီးမြတ်ဆုံး လူသားပါပဲ…”
“အစ်ကိုကြီးချန်သာ ရှိနေရင် နတ်ဆိုးလမ်းစဉ်ကို နှိမ်နင်းဖို့ဆိုတာ လက်တစ်ကမ်းမှာတင် ရှိတာပါ…”
လူတိုင်းထံမှ ချီးကျူးစကားများကို ကြားပြီးနောက် ချန်လော့သည် ကမန်းကတန်း နှိမ့်ချစွာဖြင့် လက်ခါပြလိုက်၏။
“ကျေးဇူးပြုပြီး ကျွန်တော့်ကို ချီးကျူးတာ ရပ်ကြပါတော့… ဆက်ပြီး မြှောက်နေရင် ကျွန်တော် ကောင်းကင်ပေါ် ရောက်သွားတော့မယ်…”
“ကျွန်တော့်ရဲ့ မောက်မာမှုကို ငြိမ်ကျသွားအောင် ဂုဏ်ပြုလက်ဆောင်လေးတွေ ဘာလို့ မထုတ်ပေးကြတာလဲ…”
လူတိုင်းက သူတို့၏ ခေါင်းများကို တစ်ဘက်သို့ လှည့်သွားကြပြီး ဘာမှ မကြားလိုက်ရသကဲ့သို့ ဟန်ဆောင်နေကြ၏။
“ကျွတ် ကျွတ် ကျွတ်… ဝိညာဉ်ကျောက်တုံး နည်းနည်းလေးတောင် မသုံးရက်ကြဘူး…”
“ဒီအတိုင်း ဆက်သွားနေရင် ဘယ်လိုလုပ် ကြီးပွားနိုင်တော့မှာလဲ…”
“ဒီနှစ် ချန်ရှင်းဂိုဏ်းရဲ့ ဂိုဏ်းသားတွေက ငါ မြင်ဖူးသမျှထဲမှာ အဆိုးရွားဆုံးပဲ…”
ထိုသို့ ပြောပြီးနောက် သူသည် တိုက်ရိုက် ထွက်ခွာသွားသည်။
ချန်လော့ ထွက်ခွာသွားပြီး အဖြူရောင် မြအိုင်မှ အခွင့်အရေးလည်း ပါသွားပြီ ဖြစ်ကြောင်း မြင်လိုက်ရချိန်တွင် လူတိုင်းသည်လည်း နောက်မှ လိုက်၍ ထွက်ခွာသွားကြ၏။ဓားတောင်ထွတ် ဂိုဏ်းသားများသာ ယန်ချင်းလင်၏ အလောင်းကို ပြန်လည် ဆယ်ယူရန် ရည်ရွယ်၍ ကျန်ရစ်ခဲ့ကြသည်။မည်သို့ပင်ဆိုစေ သူသည် ဓားတောင်ထွတ်၏ တိုက်ရိုက်တပည့် ဖြစ်၏။ အခြားသူများက လျစ်လျူရှုနိုင်သော်လည်း သူတို့ လျစ်လျူမရှုနိုင်ကြချေ။
ဂိုဏ်းသား နှစ်ယောက်သည် ယန်ချင်းလင်၏ အလောင်းကို ပူးပေါင်း၍ ဆယ်ယူလိုက်ကြသည်။ဤအချိန်တွင် ယန်ချင်းလင်မှာ ရေထဲတွင် အထူးတလည် အချိန်ကြာမြင့်စွာ ရှိမနေခဲ့သေးသဖြင့် သူ၏ ခန္ဓာကိုယ် ဖောရောင်မှုမှာ အထူးတလည် မဆိုးရွားလှပေ။
“အစ်ကိုကြီးယန် သေသွားပြီ… အကြီးအကဲကို ဘယ်လို ရှင်းပြကြမလဲ…”
ဂိုဏ်းသား တစ်ယောက်သည် စိုးရိမ်ပူပန်မှု အပြည့်ရှိသော မျက်နှာဖြင့် ပြောလိုက်၏။အခြား ဂိုဏ်းသားသည် ချက်ချင်း နှာခေါင်းရှုံ့လိုက်သည်။
“ဘယ်လို ရှင်းပြရမလဲ… ဘာကို ထပ်ရှင်းပြစရာ ရှိသေးလို့လဲ… ငါတို့ အမှန်တိုင်းပဲ ဖြေရမှာပေါ့…”
“ဘာပဲဖြစ်ဖြစ် ဒါက ငါတို့နဲ့ ဘာမှမဆိုင်ဘူး… အစ်ကိုကြီးယန်ကသာ အဲဒီလို လုပ်ချင်ခဲ့တာလေ…”
“ပြီးတော့ သူ့ကို သတ်တာ ချန်လော့လေ… ငါတို့မှ မဟုတ်တာ… အဲဒါက ငါတို့နဲ့ ဘာဆိုင်လို့လဲ…”
သို့သော် အခြားဂိုဏ်းသားသည် သက်ပြင်းရှည်ကြီး ချလိုက်၏။
“အကြီးအကဲက ကိစ္စမရှိဘူး… အကြီးအကဲရဲ့ စိတ်နေသဘောထားအရဆိုရင် သူ ငါတို့ကို အပြစ်တင်မှာ မဟုတ်ဘူး…”
“ပြဿနာက အစ်ကိုကြီး ယန်ချင်းချွမ်ပဲ… သူက ငါတို့ကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး…”
ယန်ချင်းချွမ် ဟူသော အမည်ကို ကြားလိုက်ရသည်နှင့် လူတိုင်း၏ ခန္ဓာကိုယ်တွင် ကြက်သီးမွေးညင်းများ ထသွားသည်ကို ခံစားလိုက်ရပြီး သူတို့၏ မျက်လုံးများထဲတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုတစ်ခု ဖြစ်ပေါ်လာ၏။
ဓားတောင်ထွတ် အကြီးအကဲတွင် တိုက်ရိုက်တပည့် ငါးယောက် ရှိသည်။ပထမနှင့် ဒုတိယ တပည့်တို့မှာ လွန်ခဲ့သော ဆယ်စုနှစ်ကျော်က ပုဂ္ဂိုလ်များ ဖြစ်ကြပြီး ယခုအခါ ချန်ရှင်းဂိုဏ်းတွင် အရေးကြီးသော ရာထူးများကို ကိုင်စွဲထားကြရ၏။ ဓားတောင်ထွတ်တွင် လေ့ကျင့်ရန်လိုသေးသည့် တိုက်ရိုက်တပည့် သုံးယောက်သာ ကျန်ရှိတော့သည်။
ချန်လော့ သတ်ဖြတ်လိုက်သော ယန်ချင်းလင်မှာ ပဉ္စမမြောက် တပည့် ဖြစ်ပြီး ယန်ချင်းချွမ်မှာ ယန်ချင်းလင်၏ အစ်ကို ဖြစ်ကာ အကြီးအကဲ၏ တတိယမြောက် တပည့်လည်း ဖြစ်၏။
ယန်ချင်းချွမ်သည် သူ၏ လုပ်ရပ်များတွင် ရက်စက် ကြမ်းကြုတ်ပြီး အကြင်နာ တရား ကင်းမဲ့သည်။ ဓားတောင်ထွတ်ရှိ သူ၏ လုပ်ဖော်ကိုင်ဖက် ဂိုဏ်းသားများ အပေါ်တွင် သူ မည်သည့် သံယောဇဉ်မှ မရှိပေ။ သူ ဂရုစိုက်သော တစ်ဦးတည်းသော သူမှာ သူ၏ ညီသာ ဖြစ်၏။
ထိုစဉ်က ယန်ချင်းလင်မှာ ပါရမီနှင့် စိတ်နေသဘောထား နှစ်ခုစလုံးအရ တိုက်ရိုက်တပည့် တစ်ယောက် ဖြစ်လာရန် အရည်အချင်း မပြည့်မီခဲ့ချေ။ သူ တိုက်ရိုက်တပည့် တစ်ယောက် ဖြစ်လာနိုင်ခဲ့ရခြင်း၏ အကြီးမားဆုံးသော အကြောင်းရင်းမှာ သူ့တွင် ယန်ချင်းချွမ် ကဲ့သို့သော အစ်ကိုကောင်း တစ်ယောက် ရှိနေသောကြောင့် ဖြစ်သည်။
ယန်ချင်းချွမ်၏ ခွန်အားက ရွှေမြုတေ အဆင့် ခုနစ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ဆယ်နှစ်အတွင်း နတ်ဝိညာဉ်အဆင့်သို့ ဝင်ရောက်နိုင်မည်ဟု မျှော်လင့်ရကြောင်း အကြီးအကဲက ပြောခဲ့ဖူးသည်။ သူသည်အလွန် ပါရမီထူးချွန်သူအဖြစ် သတ်မှတ်ခံရပြီး အကြီးအကဲ၏ တန်ဖိုးထားမှုကို အလွန်အမင်း ရရှိထား၏။
ယန်ချင်းချွမ်သည် ဤအရာကို အားကိုး၍ ယန်ချင်းလင်ကို တိုက်ရိုက်တပည့် အဖြစ် လက်ခံပေးရန် အကြီးအကဲကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ယခု ယန်ချင်းလင် သေဆုံးသွားသောအခါ အကြီးအကဲမှာ အထူးတလည် ဝမ်းနည်းခြင်း သို့မဟုတ် ဒေါသထွက်ခြင်းမျိုး ခံစားရမည်မဟုတ်ချေ။
မည်သို့ပင်ဆိုစေ သူသည် အစကတည်းက ဤတပည့်အပေါ် အထူးတလည် အကောင်းမြင်နေခဲ့ခြင်း မဟုတ်ဘဲ ယန်ချင်းချွမ်၏ ဇွဲမလျှော့သော တောင်းဆိုမှုများကြောင့်သာ လက်ခံခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ယန်ချင်းချွမ်သည် သူ၏ ညီကို အလွန် တန်ဖိုးထားသည်။ အမှန်အားဖြင့် သူ့ရင်ထဲက ညီဖြစ်သူ၏ နေရာသည် သူ၏ ဆရာဖြစ်သော အကြီးအကဲထက်ပင် ပို၍ မြင့်မားသည်ဟု ဆိုနိုင်၏။
ယခု ယန်ချင်းလင်ကို ချန်လော့ သတ်ဖြတ်လိုက်ပြီ ဖြစ်ရာ ဤသတင်းကိုသာ ယန်ချင်းချွမ် သိသွားပါက အကြီးအကျယ် ဒေါသထွက်မည်မှာ သေချာသည်။အကြီးအကဲလောသည် ချန်လော့ကို ကာကွယ်ပေးထားသဖြင့် ယန်ချင်းချွမ်သည် သူ ဆန္ဒရှိလျှင်တောင် လှုပ်ရှားနိုင်မည် မဟုတ်ပေ။
ထိုအချိန်ရောက်လျှင် သူ၏ ဒေါသများသည် သူတို့အပေါ်သို့ ပေါက်ကွဲလာဖွယ် ရှိ၏။ဤအရာကို တွေးမိသောအခါ ဂိုဏ်းသားတိုင်းမှာ သူတို့၏ ကျောရိုးတစ်လျှောက် ကြက်သီးများ ထသွားသည်ကို ခံစားလိုက်ရသည်။ဂိုဏ်းသား တစ်ယောက်သည် ပို၍ပင် ဆိုးရွားစွာဖြင့် သေဆုံးနေပြီ ဖြစ်သော ယန်ချင်းလင်ကို တက်နင်းလိုက်၏။
“ခွေးကောင်… သူက ဘာလို့ ချန်လော့ဆီက လုယူဖို့ ကြိုးစားခဲ့ရတာလဲ…”
“သူ သေတာက ကိစ္စမရှိဘူး… ဒါပေမဲ့ ငါတို့ကိုပါ သူနဲ့အတူ ဆွဲချသွားရသေးတယ်…”
…
အဖြူရောင် မြအိုင်မှ မိုင်အနည်းငယ် အကွာတွင်။
ကျောက်မန်သည် ချန်လော့ကို သူတို့၏ နောက်ဆုံး ခရီးပန်းတိုင် ဖြစ်သော သင်္ချိုင်းမြေဆီသို့ ဦးဆောင် ခေါ်သွားနေသည်။ကျောက်မန်သည် လမ်းကို ငုံ့ကြည့်နေသော်လည်း သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်နေသော အမူအရာတစ်ခု ပေါ်နေ၏။
“မင်း ဘာတွေ စဉ်းစားနေတာလဲ…”
သစ်သီး စားနေရင်း ချန်လော့သည် ကျောက်မန်ကို စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ကျောက်မန်မှာ တစ်ခဏမျှ မှင်သက်သွားပြီးနောက်မှ သတိပြန်ဝင်လာ၏။
“ဘာ… ဘာမှ မဟုတ်ပါဘူး…”
သူ၏ ကျောပေါ်တွင် ကပ်ပါးကောင် တစ်ကောင်ကဲ့သို့ တွယ်ကပ်နေသော ချန်လော့ကို ခိုးကြောင်ခိုးဝှက် ကြည့်လိုက်ပြီး သူမ၏ စိတ်ထဲတွင် အတွေးပေါင်း သောင်းခြောက်ထောင် ပြည့်နှက်နေသည်။ သူမ တွေးနိုင်သမျှ အရာအားလုံးမှာ ယန်ချင်းလင်ကို ချန်လော့ သတ်ဖြတ်လိုက်သည့် ပုံရိပ်သာ ဖြစ်၏။အကြောင်းရင်း တစ်ခုခုကြောင့် ကျောက်မန်သည် ချန်လော့ကို ကြည့်လိုက်ရာ သူမ၏ ရင်ထဲတွင် ကြောက်ရွံ့မှု တစ်ခု ရုတ်တရက် မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။
ယခုလေးတင် တစ်ဖက်လူ၏ ခြေထောက်ကို ဖက်တွယ်ကာ အသက်ချမ်းသာပေးရန် တောင်းပန်တိုးလျှိုးနေခဲ့သော်လည်း၊ နောက်တစ်စက္ကန့်တွင်မူ သူသည် လက်ကို မြှောက်၍ ထိုသူအား ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။
ယခု သူမနှင့်အတူ မိတ်ဆွေဖြစ်နေပုံရသော ချန်လော့သည် ရုတ်တရက် ဓားကို ဆွဲထုတ်၍ မိမိ၏ လည်ပင်းကို လှီးဖြတ်သွားမည်ကို စိုးရိမ်မိသည်။ ယခင်က ချန်လော့ကို အရှက်မရှိသူတစ်ယောက်ဟု ထင်မြင်ခဲ့မိသော်လည်း၊ ထိုစဉ်ကမူ အရှက်မရှိရုံသက်သက်သာဟု မှတ်ယူခဲ့ခြင်းဖြစ်သည်။ သို့သော် ယနေ့ ချန်လော့ လုပ်ဆောင်ခဲ့သမျှကို မြင်တွေ့လိုက်ရချိန်တွင် ချန်လော့သည် အရှက်မရှိရုံသာမက အလွန်ပင် ကောက်ကျစ်စဉ်းလဲသူဖြစ်ကြောင်း သူမ ကောင်းကောင်းကြီး သဘောပေါက်သွားသည်။
မင်းရဲ့ အသက်ကို ချမ်းသာပေးဖို့ အခုလေးတင် တောင်းပန်နေတဲ့သူက ဘယ်အချိန်မှာ ရုတ်တရက် ဓားဆွဲထုတ်ပြီး မင်းကို ထိုးမလဲဆိုတာ မင်း ဘယ်တော့မှ သိနိုင်မှာ မဟုတ်ဘူး…